Chapter 87
ကပွဲဘုရင်မ
ကျန့်ယောင် သူ့လက်ချောင်းများကို ခပ်တင်းတင်းဆုပ်ထားလိုက်ပြီး ရုတ်တရက် အလွန်ပင် မသက်မသာဖြစ်လာသည်။ ဝေ့ရှီမင်းက ထိုကိစ္စများအားလုံးကို ဖြစ်ပေါ်စေသည့် သူတစ်ယောက်ဖြစ်ပြီး သူမကိုပင် ထိုကိစ္စထဲတွင် ပါသွားစေခဲ့သည် ။ ဝေ့ရှီမင်းက သူမအစား ပထမဆုံး စကားဝင်ပြောပေးခဲ့သူ မဟုတ်ပေ။ သူက အခြားသူများ၏ ခြိမ်းခြောက်မှုကို ခံရပြီးမှသာ နောက်ဆုံးတွင် ပြစ်ဒဏ်ခံယူရန် သဘောတူခဲ့သည်။ထို့အပြင် သူက ကျန့်ယောင်အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံနေသည့် ပုံစံပင် လုပ်ခဲ့သေးသည်။
အခြားလူများက သူ သူမအတွက် အများကြီး စတေးခဲ့ရသည်ဟုပင် ပြောကြသေးသည်။
သို့သော်လည်း သူ့ကြောင့်သာမဟုတ်လျှင် သူမ မည်သည့်ပြစ်ဒဏ်ကိုမှ ခံရမည်မဟုတ်ပေ။
ကျန့်ယောင် စိတ်ထဲတွင် အလွန်ခံရခက်သလို ဖြစ်မိသော်လည်း မည်သည့် စကားမှ မပြောနိုင်ပေ။
သူမ မူလတည်းက တစ်ခုခုမှားနေသည်ဟု ဝိုးတဝါးခံစားခဲ့ရသော်လည်း ဝေရှီမင်း ယခင်က သူမအပေါ် မည်မျှ ကောင်းခဲ့သည်ကို တွေးပြီး သူမ စိတ်ထဲရှိ အဆင်မပြေမှုများ အားလုံးကို တွန်းထုတ်ပစ်လိုက်သည်။ သူမ မျက်နှာတွင် ခပ်တောင့်တောင့် အပြုံးတစ်ခုပြုံးကာ ဖုံးကွယ်လိုက်ပြီး လူတိုင်း၏ မနာလိုသော အကြည့်များကို လက်ခံလိုက်သည်။
ဝေ့ရှီမင်းက ကျန့်ယောင်ကိုယ်စား အပြစ်ပေးခံရန် ရွေးချယ်လိုက်သောကြောင့် သူက သူ့အပေါ် အချိုရည်ပမာဏ နှစ်ဆကို လောင်းချခံရမည်ဖြစ်သည်။
အစီအစဉ်တင်ဆက်သူလည်း အနည်းငယ် အဆင်မပြေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အသံက ယခင်ကကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး မရှိတော့ပေ။
"ဒါဆိုရင်လည်း ပြစ်ဒဏ်စပေးလိုက်ကြရအောင်…”
ပွဲခန်းမထဲတွင် သစ်သီးဝိုင် အများကြီးရှိသည်။ လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ထို့နောက် သူတို့က ဖန်ခွက်များကို ကောက်ကိုင်ကာ ကပွဲကြမ်းပြင်ဆီသို့ လျှောက်သွားကြသည်။
ဝေ့ရှီမင်းက ကပွဲကြမ်းပြင်အလယ်တွင် ရပ်နေသည်။ သူက တည်ငြိမ်သော အမူအယာကို ထိန်းသိမ်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပြီး သူ့လက်ကို ဖြန့်လိုက်သည်။
"ငါ မဲပေါက်သွားတဲ့အတွက် ဒါကို လက်ခံနိုင်ပါတယ်…လာကြပါ..’”
ရှုနဉ်က သူ၏ ကြောင်သူတော်ပုံသဏ္ဍာန်ကို သည်းမခံနိုင်သောကြောင့် သူ့ဖန်ခွက်ကို ပြည့်လျှံနေအောင် ထည့်လိုက်သည်။ သူ့လက်ထဲရှိ ဖန်ခွက်က ဝိုင်ဖန်ခွက်ကြီးတစ်ခုဖြစ်ပြီး ထိုခွက်က ရေသန့်ပုလင်းတစ်ဝက်လောက်ကို ထည့်ထားနိုင်သည်အထိ ကြီးမားသည်။
ဝေ့မင်ကျန်းကလည်း သူ့ခွက်ထဲကို အသီးအနှံဝိုင် တစ်ခွက်အပြည့် လောင်းထည့်လိုက်သည်။ ထို့နောက် သူက လူတိုင်း၏ တုန်လှုပ်ခြောက်ခြားသော မျက်နှာများရှေ့တွင် ဝေ့ရှီမင်းထံသို့ လျှောက်သွားသည်။
အားလုံးက သူ့လက်ထဲရှိ ဝိုင်ခွက်ကြီးကို အာရုံစိုက်နေကြသည်။
ဘယ်လိုမှ မဖြစ်နိုင်ဘူး….သူက ဒီလောက်ကြီးတဲ့ ဖန်ခွက်ကြီးနဲ့ လောင်းမလို့လား….
သူတို့နှစ်ယောက်က အချင်းချင်း သဘောထားကွဲလွဲနေကြသည်ဟူသော ကောလဟာလများ ထွက်နေသည်။ ထိုကောလဟာလများက အမှန်ဖြစ်ပုံရသည်။
သူတို့ပတ်ဝန်းကျင်ရှိ လူများက သူတို့ဖန်ခွက်ထဲတွင် အနည်းငယ်သာ ဖြည့်ထားကြပြီး သူတို့က ဝေ့ရှီမင်းကို လောင်းရန် အနည်းငယ် ကြောက်နေကြသည်။ ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ကသာ သူတို့၏ ဖန်ခွက်ကို အပြည့် ဖြည့်ထားသူများဖြစ်ကြသည်။
သို့သော်လည်း သူတို့နှစ်ဦးကြားရှိ ရန်ငြိုးကို တွေးကြည့်လျှင် ထိုအရာက လုံးဝ ယုတ္တိမရှိသည် မဟုတ်ပေ။
လူအုပ်ကြီးက ဝေ့ရှီမင်းကို သူတို့၏ ဖျော်ရည်များလောင်းချရန် အနည်းငယ် ကြောက်နေခဲ့ကြသော်လည်း ထိုအရာက သူတို့ အပျော်ကြည့်ခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။
ဝေ့ရှီမင်း၏နောက်လိုက်လေးများက ဝေ့မင်ကျန်းကို ဒေါသတကြီးစိုက်ကြည့်နေကြပြီး မယုံနိုင်လောက်အောင် စိုးရိမ်နေကြသည်။ အခြားသူများ၏ ကံမကောင်းမှုကို ပျော်ပျော်ပါးပါး ကြည့်ရန် နှစ်သက်ကြသူများလည်း ရှိသည်။ ထိုသူများက ပွဲကောင်းတစ်ပွဲကို စောင့်နေကြသည်။
သူတို့က လူတိုင်း၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။ ဝေ့မင်ကျန်းက မျက်နှာတစ်ခုလုံးမည်းမှောင်နေသည့် ဝေ့ရှီမင်းဆီသို့ လျှောက်လာသည်။
ပရိသတ်အားလုံး အသက်ရှုအောင့်ထားမိကြသည်။ သူတို့က ဝေ့မင်ကျန်းက ဝေ့ရှီမင်း၏ခေါင်းပေါ်၌ သူ့အရက်ကို လောင်းချမည့်အချိန်ကို စောင့်နေကြသည်။ ယခုက ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်း၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်များမှ တစ်ခုအဖြစ် သမိုင်းတွင်သွားမည်မှာ သေချာသည်။
လိမ္မာပါးနပ်သူအချို့က သူတို့၏ ဖုန်းများကို ထုတ်ယူကာ ဗီဒီယိုပြန်ရိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။
သို့သော်လည်း လူတိုင်း အံ့အားသင့်သွားကြသည်။ ဝေ့မင်ကျန်းက သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ဝေ့ရှီမင်းကို ပြောလိုက်သည်။
"ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်….ဒီဝိုင်တစ်ခွက် ကို မင်း သောက်လို့ရတယ် ဒါမှမဟုတ် မင်းခေါင်းပေါ် လောင်းချချင်လည်း ရတယ်….
ရှုနဉ် အံ့သြသွားသည်။
ဗီလိန်လေးက ဝေ့ရှီမင်းကို ဘာလို့ ဒီလိုမျိုး လွှတ်ပေးလိုက်ရတာလဲ….
လူအုပ်ကြီးက စိတ်ပျက်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့က စိတ်လှုပ်ရှားစရာ တစ်ခုခု ဖြစ်လာတာကို စောင့်မျှော်နေခဲ့ကြပေမယ့် ဒီလောက်ပဲလား…. ဒါက လုံးဝ စိတ်လှုပ်ရှားစရာ မကောင်းဘူးလေ….
သခင်လေးအစစ်နှင့် သခင်လေးအတုတို့၏ ရန်ပွဲကို သူတို့ မြင်ချင်ကြသည်။ သူတို့ နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် မည်သည်ကို လုပ်သည်ဖြစ်စေ သူတို့ ဂရုမစိုက်ပေ။
ဝေ့ရှီမင်း ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူက မျက်ခုံးပင့်ကာ ရယ်လိုက်သည်။
"ဟုတ်ပြီလေ…ငါသောက်ဖို့ကို ရွေးတယ်…”
ဝေ့မင်ကျန်း ကစားနေသည့်အရာကို သူချက်ချင်းနားလည်သွားသည်။ ဝေ့မင်ကျန်းက သူ့အပေါ်ကို ဖျော်ရည်များ အမှန်တကယ်လောင်းချခဲ့မည်ဆိုလျှင် ဝေ့မင်ကျန်းက သူ၏အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဝေ့ရှီမင်းကို အနိုင်ကျင့်သည်ဟူသည့် ကောလဟာလများ ရှိလာမည်မှာ သေချာသည်။
ဝေ့ရှီမင်းက ထိုကဲ့သို့ ကောလာဟာလများကို ဖြန့်ရန် အစီအစဉ်ရှိသည်။
သို့သော်လည်း ဝေ့မင်ကျန်းက ထိုသို့ပြုလုပ်ခြင်းက နောင်တွင် ပြဿနာပိုရှိလာမည်ကို နားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ဝေ့ရှီမင်းကို သူ့ဝိုင်နှင့်မလောင်းရန် ရွေးချယ်ခဲ့သည်။
ကြည့်ရတာ သူက ငတုံးတော့ မဟုတ်ဘူးပဲ….
ဝေ့ရှီမင်းက သူ့လက်ထဲရှိ ဝိုင်ဖန်ခွက်ကို ယူလိုက်ပြီး တစ်ချက်တည်း သောက်လိုက်သည်။ သစ်သီးဝိုင်၏ အရသာက မပြင်းဘဲ ဖျော်ရည်သောက်နေရသကဲ့သို့ ဖြစ်သည်။
ရှုနဉ်လည်း ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူ့ဖန်ခွက်ကို ဝေ့ရှီမင်အား ပေးလိုက်သည်။
"မင်း သောက်ချင်လား လောင်းချင်လား…”
ဝေ့ရှီမင်းက သောက်ရန်ကိုသာ ရွေးချယ်ခဲ့သည်။ သူ အကုန်သောက်ပြီးနောက် ရှုနဉ် ဒေါသတကြီးဖြင့် သူ့နေရာသို့ ပြန်သွားခဲ့ပြီး သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားနေခဲ့သည်။ သူ အမှန်တကယ် ဖျော်ရည်ကို ဝေ့ရှီမင်းကိုယ်ပေါ်သို့ လောင်းချခဲ့ပြီး တစ်ယောက်ယောက်က ဗွီဒီယိုရိုက်ထားပါက နောင်တွင် ဗီလိန်လေးအတွက် ခက်ခဲလာနိုင်သည်။
ဗီလိန်လေးက ရှုနဉ် အနားသို့ ချဉ်းကပ်လာပြီး တိတ်တိတ်လေး မေးလိုက်သည်။
"မင်း စိတ်မချမ်းသာဘူးလား..."
ရှုနဉ်က မဟုတ်ဟု ပြောချင်သော်လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခပ်မြန်မြန်ပင် ခေါင်းညိတ်လိုက်သည်။
"ငါတို့ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရတယ်ပေါ့…”
ဝေ့မင်ကျန်းက ရုတ်တရက် နူးညံ့စွာ ရယ်မောလိုက်သည် ။ သူ့အသံက နိမ့်ပြီးဆွဲဆောင်မှုရှိကာ နားထဲတွင် ကြည်နူးစရာလေး ဖြစ်သည်။
ရှုနဉ်ကမေးလိုက်သည်။
"မင်းကဘာတွေရယ်တာလဲ…”
ဒီလိုအချိန်မျိုးမှာတောင် မင်းဘယ်လိုလုပ် ရယ်နေနိုင်သေးတာလဲ….
"ငါ မင်းကို တစ်ခုခုပြမယ်…”
ဝေ့မင်ကျန်းက သူ့ဘေးတွင် တင်ထားသည့် ဝိုင်ကိုယူပြီး ရှုနဉ်ကို ပေးလိုက်သည်။ ရှုနဉ်လည်း ထို ပုလင်းကို သံသယဖြင့် ယူကြည့်လိုက်သည်။
"ဟမ်…”
ဝေ့မင်ကျန်းက သူ့နား၏ အနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဒီပုလင်းထဲမှာ တကယ့်အရက်ပါတယ်…တကယ်ပြင်းတဲ့ အမျိုးအစား….”
ရှုနဉ် ရုတ်တရက် မျက်လုံးပြူးသွားပြီး ဗီလိန်လေးကို အံ့ဩစွာ ကြည့်လိုက်သည်။ ထို့နောက် သူက တခစ်ခစ်ရယ်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ချိီးပဲ…မင်း ဘယ်တုန်းက သောက်စရာလဲလိုက်တာလဲ…”
"မနေ့က လဲလိုက်တာ.. ငါ နည်းနည်းလောက်ပဲ လဲထားတာ..နောက်ပြီး ငါပဲ မှတ်မိနိုင်တဲ့ အမှတ်အသားလုပ်ထားခဲ့တာ…”
ဝေ့မင်ကျန်းက သူ့ခေါင်းကို ပွတ်သပ်ရင်းအသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
"ငါတို့ ရောက်ကတည်းထဲက အရက်တွေပဲ စားပွဲပေါ်တင်ထားလိုက်တာ စိတ်မဆိုးပါနဲ့…”
ရှုနဉ် ယခုအချိန်တွင် အရမ်းကို ပျော်ရွှင်နေပြီး လုံးဝစိတ်မဆိုးပေ။ သူက ဗီလိန်လေးကို စောင်းကြည့်ပြီး ပြောလိုက်သည်။
"ငါတို့ ကြည့်ဖို့ စိတ်လှုပ်ရှားစရ ရှိုးတစ်ခု ရှိလာတော့မှာပေါ့…”
ဗီလိန်လေးက သူ့ကို သစ်သီးဝိုင် မသောက်ခိုင်းသည်မှာ အံ့ဩစရာမရှိပေ။ ထိုဝိုင်များက အရက်အစစ်များ ဖြစ်နေသည်။
သူတို့ အနီးတွင် ထိုင်နေသည့် မိန်းကလေး နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောပြီး သူတို့၏ ဖုန်းများဖြင့် စိတ်လှုပ်ရှားစွာ ဓာတ်ပုံရိုက်နေကြသည်။
အချိုရည် လောင်းရန် တုံ့ဆိုင်းနေကြသည့် ကျောင်းသားများက သက်ပြင်းချလိုက်ကြသည်။ ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့၏ နမူနာအတိုင်း သူတို့က သူတို့၏ ဖန်ခွက်ကို မြှောက်ကာ ဝေ့ရှီမင်းကို ရွေးချယ်ခွင့်ပေးခဲ့သည်။
ဖန်ခွက်အနည်းငယ်သောက်ပြီးနောက် ဝေ့ရှီမင်း ဆက်သောက်ရန် တဖြည်းဖြည်း ပိုခက်လာသည်။ သစ်သီးဝိုင်များတွင် အယ်လ်ကိုဟောပါဝင်မှု နည်းသော်လည်း တစ်ကြိမ်တည်းနှင့် အများကြီးသောက်နေရခြင်းဖြစ်သည်။ သူ့အစာအိမ်က မဆန့်ပေတော့ပေ။
နောက်ဆုံးတွင် အခြားသူများက စိတ်မသက်မသာဖြစ်လာသောကြောင့် သူတို့၏ ဖန်ခွက်ထဲရှိ သစ်သီးဝိုင် ပမာဏကို တဖြည်းဖြည်း လျှော့ချလာကြသည်။
ဝေ့ရှီမင်းက ဤနည်းဖြင့် ပြစ်ဒဏ်ကို အပြီးသတ်နိုင်ခဲ့သည်။
သူ့သူငယ်ချင်းများက ပြစ်ဒဏ်ကို ဖြတ်ကျော်ရန် အခြားနည်းလမ်းရှိသည်ကို သိသွားပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့ကကျောင်းသားများကို ၎င်းတို့၏ဖန်ခွက်ထဲတွင် ဝိုင်ကို တစ်ငုံစာထက် ပိုမထည့်ရန် ညွှန်ကြားခဲ့သည်။
ဝေ့ရှီမင်းက ဖန်ခွက်နှစ်ရာသောက်ရမည်ဆိုလျှင်ပင် သောက်နိုင်သွားသည်။
ထို့နောက် ဝေ့ရှီမင်းနှင့် သူ့သူငယ်ချင်းများက အားလုံးကို အတူတူသောက်ရန် တောင်းဆိုသည်။ အစီအစဉ်တင်ဆက်သူက ထိုအရာကိုမြင်သည်နှင့် သူက ပေါ့ပ်သီချင်းတစ်ပုဒ်ကို အလျင်အမြန်ဖွင့်လိုက်သည်။ ကပွဲရှိ လူတိုင်းက သူတို့လက်ထဲတွင် ဖန်ခွက်ကို ကိုင်ထားပြီး တေးသွားနှင့် အတူ ယိမ်းနွဲ့နေကြသည်။ တဖြည်းဖြည်းနှင့် အစောပိုင်းက အဆင်မပြေသော လေထုက အရည်ပျော်သွားပြီး အလွန်လိုက်ဖက်သည့် မြင်ကွင်းတစ်ခုက ထိုနေရာတွင် အစားဝင်လာသည်။
ဝေ့ရှီမင်းလည်း သူက ဉာဏ်ကြီးရှင်တစ်ယောက်ဟု ခံစားလိုက်ရသည်။ သူက ဆိုးရွားသော အခြေအနေမှ လွတ်မြောက်ရန် လမ်းကြောင်းကို ရှာဖွေနိုင်ရုံသာမက ယခင်က အဆင်မပြေဟန်ရှိသည့် အငွေ့အသက်များကိုပါ ရှင်းပစ်နိုင်ခဲ့သည်။
ငါက တကယ့်ကို ဉာဏ်ကောင်းတာပဲ….
သူ့သူငယ်ချင်းများကလည်း သူ့ကို ချီးကျူးနေကြသည်။ ဝေ့ရှီမင်း၏နေရာတွင် သူတို့ကိုယ်သူတို့ ထည့်ပြီးစဉ်းစားကြည့်သောအခါ ဝေ့ရှီမင်းကဲ့သို့ ခံနိုင်ရည်ရှိမည် မဟုတ် ဟု သူတို့ ခံစားလိုက်ရသည်။
ဝေ့ရှီမင်းက အခြေအနေများကို ကိုင်တွယ်သွားနိုင်ပုံကို မြင်သောအခါ ကျန့်ယောင် အံ့သြသွားမိသည်။
ငါက ဘာလို့များ အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို မကြိုက်ရမှာလဲ…..
ဝေ့ရှီမင်းကို ရွေးချယ်ခွင့်ပေးခဲ့သူက ဝေ့မင်ကျန်း ဖြစ်သည်ကို အားလုံး မေ့သွားကြသည်။ ထိုအချက်ကြောင့်သာဝေ့ရှီမင်းက အဖြစ်အပျက်ကို ကိုင်တွယ်ရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဝေ့ရှီမင်းက အလွန်ထက်မြက်သောကြောင့် ဖြစ်သည်ဟု သူတို့အားလုံး ခံစားခဲ့ရသည်။
ဝေ့ရှီမင်း၏ စိတ်ခံစားမှုများက တဖြည်းဖြည်း မြင့်သထက်မြင့်လာသည်။ တဖြည်းဖြည်းနှင့် ဝေ့ရှီမင်း ပိုမို မူးဝေလာသည်။ သူက စိတ်တည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ့တွင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
အချိန်ခဏ ကြာသွားပြီးနောက် အရာအားလုံး ပြန်လည်အသက်ဝင်လာသည်နှင့်အမျှ ဝေ့ရှီမင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။ သူက သူ့လက်ထဲမှ ဖန်ခွက်ကို ချလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများကို တွန်းထုတ်လိုက်သည်။
"သေစမ်း…အားလုံး ငါ့ရှေ့က ထွက်သွားကြ…”
လူတိုင်း အလွန်ပင် ထိတ်လန့်သွားကြသည်။
တွန်းခံရသည့် လူနှစ်ယောက်က သူလာနေသည်ကို လုံးဝကို မတွေ့ခဲ့ကြပေ။ သူတို့က ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။ ထိုနှစ်ယောက်လုံးက သနားစရာကောင်းသည့် ပုံစံလေးများ လုပ်ပြနေကြသည်။
သီချင်းသံလည်း ရုတ်တရက် ရပ်သွားသည်။ မည်သည့်ကိစ္စများဖြစ်နေသည်ကို ဘယ်သူမှမသိကြပေ။
ဝေ့ရှီမင်း ဝေဝေဝါးဝါးဖြင့် လှည့်ပတ်ကြည့်ကာ လူအုပ်ကို သေချာကြည့်ပြီးရှာလိုက်သည်။ ထို့နောက် ရှုနဉ်နှင့် စကားပြောနေသည့် ဝေ့မင်ကျန်းကို စွပ်စွဲလိုက်သည်။ ဝေ့ရှီမင်းက သူ့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်သည်။
"ဒီနေ့ မင်းကံကောင်းသွားတယ်…ငါ မဲဖောက်ဖို့ စီစဉ်ရတဲ့ အကြောင်းရင်းက မင်းကို အနိုင်ကျင့်ဖို့ပဲ ဒါပေမယ့် မင်းက လွတ်သွားအောင် စီစဉ်နိုင်ခဲ့တယ်…”
"ဒါပေမယ့် ငါက သောက်ရမ်း ဉာဏ်ကောင်းတယ်လေ…ဒုတိယဆုကို ရသွားတယ်ဆိုပေမယ့် ငါက အဲ့ဒီအခြေအနေကို ကိုင်တွယ်နိုင်စွမ်းရှိတယ်လေ…ဝေ့မင်ကျန်း မင်း ငါ့ကို အထင်မသေးနဲ့..မင်းစောင့်ကြည့်နေလိုက် …ငါ ဒီတိုင်းထားလိုက်မှာ မဟုတ်ဘူး…”
သူ ထိုစကားများကို ပြောပြီးသည်နှင့် လျန်ဖုန့်ဆီသို့ လျှောက်သွားပြီး သူ့ကော်လာကို ဆွဲကိုင်ကာ တံတွေးထွေးလိုက်သည်။
"မင်းက ကိစ္စလေးတစ်ခုကိုတောင် မှန်အောင် မလုပ်နိုင်ဘူး…ဟမ်…”
လျန်ဖုန့် အံ့အားသင့်သွားသည်။
"ဥက္ကဌ မင်းမူးနေပြီလား…”
"ငါ မမူးဘူး….”
ဝေ့ရှီမင်းက သူ့ကော်လာကို ထပ်ဆွဲလိုက်သည်။
"ပြောစမ်းပါ မင်း မဲနှိုက်ပေးတဲ့ စနစ်ကို သွားရှုပ်လိုက်သေးလား မရှုပ်ဘူးလား…မင်းနာမည်ကို ပထမဆုအတွက် နေရာချလိုက်တာ မဟုတ်လား…”
"မင်း ပထမဆုကို ဒီလောက်တောင် လိုချင်နေတယ်ဆိုရင် မင်းငါ့ကို ပြောလိုက်ရုံပဲလေ…ငါက မရဘူးလို့ ပြောမှာမဟုတ်ဘူး၊ ဘာလို့မင်းက ငါ့နာမည်ကို ဒုတိယနေရာမှာ ငါ့နာမည်ကို ချန်ထားခဲ့ရတာလဲ…မင်းငါ့ကိုလက်စားချေဖို့ကြိုးစားနေတာလား ဟင်…ဝေ့မင်ကျန်းကို ဒုတိယနေရာမှာ ထားဖို့ မင်းကို ငါပြောခဲ့တယ်လေ…မင်းက ဘာလို့ခုလို အရှုပ်တွေလုပ်ရတာလဲ…ငါမင်းကိုပြောနေတာ..ဒါ မပြီးသေးဘူး…”
လျန်ဖုန့်၏ မျက်နှာက ဖြူဖျော့သွားသည်။
"ဥက္ကဌ ၊ အဲ့လို မဟုတ်ဘူး…ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားတာလဲဆိုတာ ငါ မသိဘူး…”
ဝေ့ရှီမင်းက လက်လွှတ်မပေးပေ။ လျန်ဖုန့်က ပထမဆုရရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သည်ဟု သူက ဆုံးဖြတ်ထားပြီးဖြစ်သည်။
နှစ်ယောက်သား ကပွဲကြမ်းပြင်ပေါ်တွင် အနည်းငယ် တွန်းထိုးနေကြသည်။
သူတို့ပတ်ဝန်းကျင်ရှိ လူများက အံ့ဩသွားကြသည်။
ထိုအရာက ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုပင်။
ကံစမ်းမဲဆုရှင်များကို သတ်မှတ်ထားပြီးဖြစ်ကြောင်း သူတို့ သိသွားကြသည်။ ဒုတိယဆုဟု ခေါ်သည့်ဆုက ဝေ့မင်ကျန်းအတွက် ထောင်ချောက်သာဖြစ်သည်။
သေစမ်း…အဲဒါက အရမ်းရက်စက်ပြီး ရွံစရာကောင်းတယ်….
ဝေ့ရှီမင်းက သစ်သီးဝိုင် အလွန်အကျွံသောက်လိုက်မိသောကြောင့် မူးနေခြင်းဖြစ်မည်။
သစ်သီးဝိုင်များတွင်လည်း အယ်လ်ကိုဟောပမာဏ အနည်းငယ် ပါဝင်သည်။ သူက များစွာသောက်လိုက်သောကြောင့် မူးသွားသည်မှာ မဆန်းပေ။ ထို့အပြင် အရက်မူးနေသူက အမှန်ကိုသာ ထုတ်ပြောတတ်ကြသည်။
ရှုနဉ် အံသြသွားသည်။ သူက လှည့်ကြည့်လိုက်ပြီး ဗီလိန်လေးကို လက်မထောင်ပြလိုက်သည်။
ဗီလိန်လေးမျှော်လင့်ထားသည့်အတိုင်းပင်။ ထို လုပ်ရပ်က အလွန်ရက်စက်သည်မှာ သေချာသည်။
ဝေ့ရှီမင်းက သူ့ကိုယ်သူ ထုတ်ဖော်ပြီး သေတွင်းထဲ ပို့ခဲ့သည်။
ဝေ့ရှီမင်း၏ သူငယ်ချင်းများက အခြေအနေ မကောင်းကြောင်း မြင်သည်နှင့် ရန်ပွဲရပ်တန့်ရန် လျင်မြန်စွာ လျှောက်လာခဲ့ကြသော်လည်း ဝေ့ရှီမင်းက အလွန်အကျွံမူးနေခဲ့ပြီး သူ့သူငယ်ချင်းများကိုပါ စတင်ကြိမ်းမောင်းလာသည်။
အခြေအနေများက ပိုမိုကြီးမားလာသည်ကို တွေ့သည်နှင့် ဝေ့ရှီမင်း၏ သူငယ်ချင်းများက ဝေ့ရှီမင်းကို ဆွဲထုတ်ပြီးခေါ်သွားရန် ဆုံးဖြတ်ချက် ချလိုက်သည်။
"ဥက္ကဌက အရမ်းမူးနေပြီ…ငါတို့ အရင်ပြန်နှင့်မယ်…”
"ခုနက သူပြောခဲ့သမျှက အမှားတွေချည်းပဲ၊အရက်မူးနေတဲ့သူရဲ့ စကားကို မင်းတို့ မယုံကြပါနဲ့…”
ထို့နောက် သူတို့ ဧည့်ခန်းမဆောင်မှ ဝမ်းနည်းစွာ ထွက်ခွာသွားကြသည်။
ကျန့်ယောင်၏ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။ ဝေ့ရှီမင်းက ကံစမ်းမဲကို စီစဉ်ပေးသူဖြစ်ကြောင်း သိလိုက်ရစဉ်ကပင် သူမ အတော်လေး စိတ်ဆိုးနေပြီဖြစ်သည်။ သို့သော်လည်း ဝေ့ရှီမင်းက ဝေ့မင်ကျန်းအတွက် အမှန်တကယ် ထောင်ချောက်ဆင်ထားရုံသာမ သူမကို ညစ်ပတ်သော အရှုပ်ထုပ်ထဲသို့ပင် ဆွဲထည့်ခဲ့သေးသည်။
ဝေ့ရှီမင်းက သူမကို လုံးဝအရှက်ရစေခဲ့သည်။
ကျန့်ယောင် မနေနိုင်တော့ဘဲ ဝေ့ရှီမင်းကို သွားကြည့်ပေးရန် လိုအပ်ကြောင်းပြောပြီး ထွက်သွားခဲ့သည်။
အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့ ထွက်သွားကြပြီဖြစ်ပြိီး ကျန်ခဲ့သည့် ဧည့်သည်များက အချင်းချင်း ကြည့်နေကြသည်။ အခြေအနေများက အေးစက်လာသည်ကို မြင်သည်နှင့် အတွေ့အကြုံရှိသည့် အစီအစဉ်တင်ဆက်သူက အခမ်းအနားကို အမြန်ထိန်းချုပ်လိုက်ပြီး လေထုကို အနည်းငယ် လန်းဆန်းသွားစေသည်။