Ch-53
Viewers 14k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၅၃)


လီချန်ဖုန်း နောက်ဆုံးတစ်ခေါက်က ရွှီချင်းအသုံးပြုခဲ့တဲ့ လေးနှင့်မြှားကို သူ့အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ရွှီချင်းအရှေ့မှာတင် သူရဲ့ ကိုယ်ဟန်အနေအထားကို ပြင်ဆင်၍ ပစ်မှတ်ကို ချိန်ရွယ်လိုက်၏။  


"ရွှစ်!" ခုနက ခုန်ဆွခုန်ဆွလုပ်နေတဲ့ ယုန်ကို မြှားထိသွားကာ သားကောင်မှာ အကြိမ်အနည်းငယ် တွန့်သွားပြီးမှ အသံတိတ်သွားလေသည်။ 


ရွှီချင်းလည်း လီချန်ဖုန်းပြန်ယူလာသော ယုန်ကို အံ့အားသင့်လျက် ကြည့်နေမိပြီး "ခင်ဗျား အမဲလိုက်နိုင်တယ်လား?" လီချန်ဖုန်းက ယုန်ထဲက မြှားကို ဆွဲထုတ်လိုက်ကာ အိတ်ထဲထည့်လိုက်၏။ "ကိုယ်စစ်မှုထမ်းတုန်းက လေ့ကျင့်ရေးတစ်ချို့ရှိခဲ့တာ။ အကောင်သေးသေးလေးတွေပဲ ပစ်နိုင်တာပါ။ အကောင်ကြီးတွေဆို ထောင်ချောက်သုံးဖို့လိုတယ်" 


"ကျစ် ကျစ် ခင်ဗျားမှာ ဒီလိုစကေးတွေရှိနေမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူးဗျာ" ရွှီချင်းက လီချန်ဖုန်းရဲ့ ပုခုံးအား နောက်ပြောင်စွာ ပုတ်လိုက်၏။ 


လီချန်ဖုန်းက ရွှီချင်းကို ဦးဆောင်လျက် ရှေ့ဆက်သွားလိုက်သည်။ သူကိုယ်၌က လေးအတတ်သင်ယူခဲ့သည်မှာ သူအိမ်ပြန်လာတဲ့အခါ အမဲလိုက်ပြီး စားဝတ်နေရေးအတွက် အားထားလို့ရစေရန်ဖြစ်​ကြောင်း တွေးထားတာဖြစ်၏။ ထို့ကြောင့် ကာလတိုလေ့ကျင့်ရေးပြီးနောက် တရားဝင်စစ်ရေးလေ့ကျင့်ရေးကို လေ့လာရန် လျို့ဝှက်စွာ သွားခဲ့ခြင်းပင်။ 


သိပ်မကြာခင်မှာပင် လီချန်ဖုန်းရဲ့ အိတ်ထဲတွင် ကီလိုတစ်ဝက်အရွယ်ရှိတဲ့ ရစ်ငှက်တစ်ကောင်ပါ ထပ်ထည့်လိုက်၏။ 


ဒါဟာ မမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုပါပဲ! 


ရွှီချင်း ကြက်သားစားချင်နေသည်မှာ အချိန်အကြာကြီးကတည်းကပင်။ သို့ရာတွင် သူ့ကို ပိုလို့တောင် အံ့အားသင့်စေသည့်အရာမှာ သူက ebonyသစ်တစ်ပိုင်းကို မတော်တဆ ခလုတ်တိုက်မိသွားခဲ့ခြင်းပင်! 


သစ်သားရဲ့ တင့်တယ်မှုနှင့် ကျောက်တုံးရဲ့ မာကျောမှု အရည်အသွေးနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတဲ့ Ebonyသစ်ကို "Eastern Divine Wood" နှင့် "Plant Mummy"လို့ လူသိများကြ၏။ 


မြေငလျင်​လှုပ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် ရှေးတုန်းက မြစ်ကြမ်းပြင်များနှင့် အခြားသောမြေနိမ့်ပိုင်းနေရာများတွင် နစ်မြုပ်သွားခဲ့ရတဲ့ မြေကြီးပေါ်ရှိ အပင်များနှင့် အခြားသက်ရှိများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။ 


အောက်ဆီဂျင်ချို့တဲ့ပြီး ဖိအားမြင့်မားလှသည့် အခြေအနေများအောက်၌ နစ်မြုပ်သွားခဲ့ရတဲ့အပင်များမှာ ဘက်တီးရီးယားနှင့် အခြားသော အဏုဇီဝသက်ရှိများ​ရဲ့ လုပ်ဆောင်မှုကြောင့် နှစ်ထောင်ပေါင်းများစွာ ကာဗွန်ဓာတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရာ "ကာဗွန်ဓာတ်ပါဝင်တဲ့သစ်သား"လို့ သိကြတဲ့ Ebonyသစ်ဖြစ်လာခဲ့လေသည်။ 


သမိုင်းကြောင်းအရ Ebonyသစ်ကို နတ်ဆိုးဝိဥာဥ်များကို နှိမ်နင်းတားဆီးရန် အဆောင်လက်ဖွဲ့အဖြစ် အသုံးပြုခဲ့ကြသလို လက်မှုပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် အဆောင်လက်ဖွဲ့များ ဖန်တီးရန်လည်း သုံးခဲ့ကြသည်။ ရှေးခေတ်အဆိုအရပြောရသော် "အိမ်မှာ ebonyတစ်ခြမ်းရှိရင် ရတနာတစ်သေတ္တာထက် ပို၍အဖိုးထိုက်တန်ပါတယ်"တဲ့။ 


"ချန်ဖုန်းရေ! ကျွန်တော်တို့ တခြားဟာတွေရှာစရာမလိုတော့ဘူး။ ဒီဟာဆိုရပြီဗျ!" ရွှီချင်းမှာ အပျော်လွန်နေလျက်။ ဒါက အထိအခိုက်လုံးဝမရှိတဲ့ ebonyသစ်သားအစစ်ပဲဟ! 


လီချန်ဖုန်းက လျှောက်လာကာ တစ်ချက်ကြည့်လိုက်၏။ ဤမည်းနက်နေတဲ့ သစ်သားတစ်ပိုင်းကြောင့်နဲ့ ရွှီချင်းက ဘာလို့ဒီလောက်တောင် စိတ်လှုပ်ရှားနေရလဲဆိုတာကို သူနားမလည်နိုင်ချေ။ 


သို့သော်ငြားလည်း သူက နာခံစွာဖြင့် သူ့အိတ်ထဲမှ ကြိုးကိုထုတ်ကာ Ebonyသစ်သားကို ချည်လိုက်ပြီး ရွှီချင်းက အိတ်ကိုယူ၍ သူ့ကျောပေါ်တင်ကာ နှစ်ယောက်သား တောင်အောက်ပြန်ဆင်းကြတော့သည်။ အချိန်စောနေသေးသဖြင့် မမှောင်သေးပေမယ့် ပတ်ဝန်းကျင်မှာ နွေးနွေးထွေးထွေးရှိနေလျက်။ 


ညနေခင်းအချိန်၌ ရွှီချင်းက ယုန်နဲ့ ရစ်ငှက်နှစ်မျိုးအကြားတွင် ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီးနောက် ယုန်ရဲ့ မူလအခြေအနေကို ထိန်းသိမ်းထားစေရန်အလို့ငှာ ရေတွင်းထဲ ထည့်လိုက်ကာ ရစ်ငှက်ကို အရင်စားရန် ဆုံးဖြတ်လိုက်၏။ 


သူက ရေပူကို အမြန်ခပ်လိုက်ပြီး လီချန်ဖုန်းအား ရစ်ငှက်ကို ကိုင်တွယ်ပေးဖို့ပြောလိုက်ရင်း သူကိုယ်၌ကတော့ ဂျင်းကို ပါးပါးလှီး၍ စီချွမ်ငရုတ်ကောင်းနည်းနည်းကို ပြင်ဆင်နေခဲ့သည်။ 


လီချန်ဖုန်းက ရစ်ငှက်ကို ကိုင်တွယ်ပြီးသည့်နောက် ရှောင်ပေါင်အတွက် ညစာအဖြစ် အတွင်းကလီစာတွေကို ပေးလိုက်ကာ မီးဖိုဆောင်ထဲသို့ မယူသွားခင် အပြင်ဘက်မှာပဲ ရစ်ငှက်ကို သန့်စင်အောင် ဆေးကြောလိုက်၏။ 


"ခင်ဗျားမှာ သန်မာတဲ့လက်တွေရှိတော့ ဒါကို သေးသေးလေးဖြတ်ပေးဦး၊ အတုံးညီညီလေးတွေနော်။ အကြမ်းဖျင်းတော့ အတုံးတွေ အရွယ်တူတူဖြစ်ရမှာ၊ မဟုတ်ရင် ဟင်းချက်တဲ့အချိန်ကျ အရသာမတူတော့ဘဲနေမှာ" ရွှီချင်းက လီချန်ဖုန်းကို ညွှန်ကြားပြသလိုက်သည်။ 


လီချန်ဖုန်းလည်း ဓားယူကာ ရစ်ငှက်ကို လက်မအရွယ်ထက် နည်းနည်းပိုကြီးတဲ့ အတုံးလေးတွေဖြစ်အောင် အမြန်လှီးဖြတ်လိုက်ပြီးမှ မီးမွှေးလိုက်၏။ ရွှီချင်းက အိုးထဲက ရေပူလာသည်နှင့် လှီးဖြတ်ထားတဲ့ အသားတုံးတွေကို အိုးထဲသို့ထည့်ကာ မိနစ်အနည်းငယ်ကြာအောင် ပြုတ်လိုက်ပြီးမှ အသားတွေကို ပြန်ဆယ်ထုတ်လိုက်ကာ ရေစစ်လိုက်ပြီး အိုးထဲသို့ ဆီပူအောင် တည်ထားလိုက်သည်။ 


ထို့နောက် ပြုတ်ထားတဲ့ အသားတုံးတွေကို ထည့်ကာ အသားတွေ နူးညံလာပြီး ရွှေရောင်သန်းလာသည်အထိ ကြော်လိုက်ပြီးမှ ရေအနည်းငယ်ထည့်၍ ဂျင်း၊ ကြက်သွန်ဖြူနှင့် စီချွမ်ငရုတ်ကောင်းတို့ကိုပါ ထည့်လိုက်ကာ ဆက်မွှေကြော်နေလျက်။ 


နောက်ဆုံးမှ အိုးအဖုံးကို အုပ်ထားလိုက်ပြီး ဆားထည့်ကာ မိနစ်အနည်းငယ်ခန့် မီးအေးအေးနဲ့ နှပ်ထားလိုက်သည်။ အားလုံးပြီးသွားသည့်နောက် အနံ့မွှေးမွှေး ပူပူနွေးနွေး ကြက်သားနှပ်ဟင်း အဆင်သင့်ဖြစ်ပါပြီ! 


ရွှီချင်းနှင့် လီချန်ဖုန်းတို့နှစ်ယောက်လုံး သူတို့ပါးစပ်တစ်ဝိုက်တွင် ဆီပေကျန်သည်အထိ ညစာကို ကျေနပ်စွာ စားနေခဲ့ကြလျက်။ အထူးသဖြင့် ရွှီချင်းပင်၊ သူ့ဗိုက်လေးမှာ ပြည့်တင်းဖောင်းကားသွားရ၏။ သူက မီးဖိုဆောင်တံခါးကို မှီ၍ လီချန်ဖုန်း ပန်းကန်တွေဆေးနေတာကို ကြည့်နေခဲ့ပြီး သူ့စိတ်ရော ကိုယ်ပါ ကျေနပ်မှုအပြည့် ခံစားရလေသည်။ 


လီချန်ဖုန်း ပန်းကန်တွေ ဆေးကြောပြီးနောက် ရွှီချင်းအတွက် ခြေဆေးရေ ပြင်ပေးကာ ဆောင့်ကြောင့်ထိုင်လျက် ခြေထောက်ဆေးပေးလာခဲ့သည်။ လီချန်ဖုန်းရဲ့ အသားမာတက်နေတဲ့ လက်တွေကြောင့် ရွှီချင်းလည်း ခြေထောက်ယားလာသဖြင့် ရံဖန်ရံခါ ခြေထောက်ကို မပြီး နောက်ဆုတ်လိုက်ပေမယ့် လီချန်ဖုန်းဆီမှာ ပြန်အဖမ်းခံလိုက်ရ၏။ 


"အား ဒီရက်တွေထဲမှာ ကျွန်တော် ဝိတ်တက်လာသလိုပဲရော၊ အစားလည်း ပိုပိုစားလာမိတယ်ဗျာ" 


ရွှီချင်းရဲ့ လက်တစ်ဖက်က သူ့ဝမ်းဗိုက်လေးကို ပွတ်နေပြီး တခြားတစ်ဖက်ကတော့ အနည်းငယ်ဝလာတဲ့ မေးစေ့လေးကို ထိကာ စိတ်မသက်မသာဖြစ်သွားရ၏။ ကြည့်ရတာ သူဝလာတဲ့ပုံပဲဟ! 


လီချန်ဖုန်းက ရွှီချင်းရဲ့ ခြေဖဝါးလေးကို ဂရုတစိုက်ဆေးကြောပေးနေရင်း သူ့စကားတွေကို ကြားလိုက်ရသည်နှင့် သူ့နှလုံးတစ်ချက် ခုန်သွားရလျက်။ သူက ရွှီချင်းရဲ့ လုံးဝိုင်းနေတဲ့ ဝမ်းဗိုက်လေးကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို မှတ်မိသွားသလိုမျိုး သူ့မျက်လုံးတွေက အရောင်တောက်သွားပေသည်။ 


အခုဆို သူတို့လက်ထပ်ပြီးကြတာ တစ်လကျော်သွားပြီလေ၊ ဒီတော့ သတင်းကောင်းသာဆိုရင် ဒီအချိန်အခါလောက်မှာပေါ့! 


ရွှီချင်းရဲ့ ဝမ်းဗိုက်ထဲတွင် သူတို့အချစ်တွေရဲ့ အသီးအပွင့်လေး ကြီးထွားလာနေပြီ ဆိုတဲ့အတွေးက သူ့ကို ပိုမိုစိတ်လှုပ်ရှားလာစေ၏။ သူအရမ်းကြမ်းကြမ်းတမ်းတမ်း လုပ်မိမည်စိုး၍ ရွှီချင်းရဲ့ ခြေဖဝါးကို ပိုသတိထားပြီး ဆေးနေမိသည်။ သို့ပေတည့် သူ့အားက ပိုပျော့လာလေလေ ရွှီချင်းက ပိုယားယံလာသလို ခံစားရလေလေဖြစ်ကာ ရယ်မောလျက် ပြောလာခဲ့၏။ "အရမ်းယားတာပဲဗျာ! အရမ်းယားတာပဲ! တော်တော့! ဟားဟား!" 


လီချန်ဖုန်းလည်း ရွှီချင်းက အရယ်လွန်နေပြီး သူ့ကိုယ်က ပြုတ်ကျလုနီးပါးဖြစ်သွားတာကို မြင်တော့မှ ချက်ချင်းပင် ခြေထောက်က ရေတွေကို သေချာသုတ်ပေးလိုက်ပြီး ဖိနပ်ပင် မဝတ်ပေးတော့ဘဲ သူက ဖိနပ်ကို ဒီတိုင်းကောက်ယူလိုက်ပြီး ရွှီချင်းကို အခန်းထဲ ပွေ့ချီသယ်သွားလိုက်ကာ အိပ်ရာပေါ်တင်ပေးလိုက်၏။ 


သူက ဂရုတစိုက်ဖြင့် စောင်သေချာခြုံပေးလိုက်ကာ ရွှီချင်းပါးလေးကို ချစ်မြတ်နိုးစွာ နမ်းလိုက်လေသည်။ "မင်း ဒီမှာနေဦးနော်၊ ကိုယ် ခြေလက်ဆေးလိုက်ဦးမယ်" 


လီချန်ဖုန်းက သမားတော်ဆီသွားမပြသေးခင် ရွှီချင်းမှာ ကိုယ်ဝန်လက္ခဏာပြမပြ အရင်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ မဟုတ်ပါက အကုန်လုံး အချည်းနှီးဖြစ်သွားမှာလေ။ လီချန်ဖုန်းက ရွှီချင်း စိတ်ပျက်သွားမှာကို မလိုချင်ဘူး။ (ရွှီချင်း:..............) 


ရွှီချင်းက လီချန်ဖုန်း ထွက်သွားသည့်နောက် သူ့ဗိုက်သူ ပွတ်ကာ စိတ်ရှုပ်ထွေးနေလျက်။ ဒီလူက ဘာဖြစ်နေတာလဲဟ? သူက တစ်ချိန်လုံး ထူးဆန်းနေသလို ခံစားရ... ဖြစ်နိုင်တာက... ရွှီချင်းလည်း သူ့မေးစေ့ကို ထပ်မံ ထိကိုင်နေရင်း သူတကယ်ပဲ ဝိတ်တက်လာတာများလား?! 


နောက်​ရက်​အနည်းငယ်​တွင်​ လီချန်ဖုန်းသည်​ ရွှီချင်းပြောပြသည့်အတိုင်း သစ်သားအရုပ်သေးသေးလေးတွေကို အရင်လေ့ကျင့်ရန် တခြားသစ်သားအပိုင်းကိုသာ အသုံးပြုလိုက်၏။ နှစ်ရက်ကြာလေ့ကျင့်ပြီးနောက် ebonyသစ်နှင့် တဖြည်းဖြည်း စတင်ပြုလုပ်တော့သည်။ 


လူရုပ်ပုံစံလေးပေါ်လာသည်နှင့် ရွှီချင်းသည် လီချန်ဖုန်းအား အရုပ်လေးတွေပေါ်မှာ ကောက်ကြောင်းတွေ ထွင်းထုရန် တောင်းဆိုလိုက်လေသည်။ အရုပ်သေးသေးလေးနှစ်ရုပ်ကို ဗြောင်ကြီးမဟုတ်ဘဲ မင်္ဂလာဝတ်စုံဝတ်ဆင်ထားလျက် လက်ချင်းတွဲကာ ပြုံးနေကြတဲ့ပုံစံလေးပေါ့။ 


*** 


ရှဲ့ကောအာ မင်္ဂလာဆောင်တဲ့နေ့တွင် ရွာ၌ ပျော်ရွှင်မှုတွေနှင့် ပျားပန်းခပ်လှုပ်ရှားနေကြလျက်။ ဤပွဲအခမ်းအနားမှာ ရှဲ့ကောအာနဲ့ မာဖူကွေ့တို့ လက်ထပ်တုန်းကထက်တောင် ပို၍ ရွှင်ပျပျရှိနေလေ၏။ ဦးလေးရှဲ့တို့စုံတွဲသည်လည်း လင်းဖန်းလျန် ယူလာခဲ့သော ဝေါယာဥ်ပေါ်သို့ သူတို့ရဲ့ ချစ်လှစွာသော သားလေးကို အပြုံးမျက်ရည်တို့ဖြင့် ပို့ဆောင်ပေးလိုက်ပေသည်။ 


ရွှီချင်းလည်း ဘေးမှာရပ်နေခဲ့ကာ ပျော်ရွှင်စရာလေထုအငွေ့အသက်​ကို ခံစားမိလျက်။ သူအရင်တုန်းက မမြင်ခဲ့ရတာတွေ အများကြီးရှိနေသဖြင့် ဟိုဟိုဒီဒီလျှောက်ကြည့်နေခဲ့သည်။ လီချန်ဖုန်းက သူ့ဘေးမှာ တစ်ချိန်လုံးရှိနေကာ လူအုပ်ကြီးကြောင့် ရွှီချင်းလဲကျမှာစိုး၍ ကာပေးနေခဲ့သည်ပင်။ 


ရှယွီမှာ အဒေါ်ရှနောက်တွင် မျက်လုံးရဲရဲဖြင့် မတ်တပ်ရပ်နေပြီး မင်္ဂလာအခမ်းအနားကို ကြည့်နေခဲ့သည်။ သူ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်းလောက် တွေးကြည့်တာတောင်မှ လင်းဖန်းလျန်က ရှဲ့ယွီကို ဘာကြောင့်လက်ထပ်ချင်တာလဲဆိုတာ သူနားမလည်သေး။ ပြီးတော့ သူကရော၊ သူရဲ့တစ်ဖက်သတ်အချစ်ကရော? 


"ဘာလို့ မင်းမျက်လုံးတွေ နီနေတာလဲ?" ရှဖုန်းက အနားကပ်လာကာ ရှယွီရဲ့ မျက်လုံးရဲရဲလေးကို ကြည့်၍ စနောက်လာရာ "အခြားသူကတော့ နှစ်ကြိမ်တောင်လက်ထပ်နေပြီဖြစ်ပေမယ့်လို့ မင်းက လက်မထပ်ရသေးလို့လား? မင်း စိတ်စောနေပြီလား?" 


ရှဖုန်းသည် အရင်ကလိုမျိုး သူစလိုက်လျှင် ရှယွီက ပြန်​​ခံပက်လာမယ်လို့ ထင်လိုက်၍ ရှယွီအား တမင်မခံချင်အောင်စလိုက်တာဖြစ်သည်။ သို့သော်လည်း သူအံအားသင့်သွားရသည်မှာ ရှယွီရဲ့ မျက်လုံးတွေက ပိုနီရဲလာကာ မျက်ရည်တွေက တိတ်တဆိတ်ကျလာသဖြင့် ရှဖုန်းမှာ တုန်လှုပ်သွားရလျက်။ 


အဒေါ်ရှမှာ သူ့ဘေးနားရှိ တခြားသူနှင့် စကားပြောနေသဖြင့် သူတို့အခြေအနေကို သတိမပြုမိ၍ ရှဖုန်းလည်း ငိုနေတဲ့ ရှယွီကို ခြံဝင်းအပြင်ဘက် ဆွဲခေါ်သွားကာ လူနည်းတဲ့နေရာဆီသွားလိုက်ရ၏။ "မင်းဘာလုပ်နေတာတုန်း? ဒီနေ့က သူများတွေရဲ့ ပျော်စရာအခမ်းအနားလေကွာ!" 


ရှယွီမှာ "ပျော်စရာပွဲအခမ်းအနား"ဆိုတဲ့စကားကိုကြားသောအခါ မျက်ရည်တွေက ရပ်တန့်သွားရမည့်အစား ပိုလို့တောင် ငိုလာသဖြင့် ရှဖုန်းမှာ လမ်းပျောက်သွားရသလိုလို။ 


"မင်းဘာဖြစ်နေတာလဲ?" သူတို့က မကြာခဏရန်ဖြစ်ကြသော်လည်း ညီအစ်ကိုတွေဖြစ်နေကြသေးသဖြင့် ရှဖုန်းမှာ ရှယွီအခုလို ငိုနေတာကို မြင်ရ၍ စိတ်မသက်မသာခံစားရလေ၏။ 


"ကျွန်တော်က လက်တွဲဖော်မရှာနိုင်ဘူးလို့ ခင်ဗျားကို ဘယ်သူပြောခိုင်းလို့လဲ! ခင်ဗျားကိုပြဖို့ ကျွန်တော်ငိုပြမယ်!" ရှယွီမှာ နှာတရှုံ့ရှုံ့လုပ်ကာ အကြောင်းပြချက်ပေးလာ၏။ 


ရှဖုန်းလည်း စိတ်သက်သာရာရသွားလျက်၊ သူက တခြားကိစ္စကြောင့်လို့ ထင်လိုက်တာကွာ။ "ဟူတ်ပါပြီ၊ ဟုတ်ပါပြီကွာ။ အစ်ကို့အမှားပါ။ နောက်တစ်ခေါက် မြို့ကပြန်လာတဲ့အခါ မင်းကြိုက်တဲ့ မုန့်တွေဝယ်ခဲ့မယ်နော်!" 


ရှယွီက လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး ဖြစ်ကတတ်ဆန်း မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး "ကျွန်တော်အိမ်ပြန်တော့မယ်" ရှဖုန်းလည်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။ 


ဒီလိုပုံစံမျိုးနဲ့ အိမ်ပြန်လိုက်ရင် တခြားသူတွေမြင်ရင် ဘယ်လိုပြောကြမလဲ? သူ့ညီလေး ငိုတာကို မြင်ရတာက သူ့အတွက် စိတ်မချမ်းမြေ့စရာပင်၊ သူစိမ်းတွေဆို ပြောမနေပါနဲ့တော့။ ဒါဟာ ဘယ်လိုအခြေအနေကြီးလဲကွာ? 


*** 


ရှဲ့ယွီ အနီရောင်မင်္ဂလာဝတ်စုံဆင်မြန်းထားလျက် အလှဆင်ထားတဲ့ အသစ်စက်စက်မင်္ဂလာအခန်းထဲ၌ ထိုင်နေကာ လင်းဖန်းလျန်အား စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ သိပ်မကြာခင်မှာပင် အရက်နံ့ပြင်းပြင်းနှင့် လင်းဖန်းလျန်က အသစ်စက်စက်အိပ်ခန်းတံခါးကို ဖွင့်ကာ ဝင်လာခဲ့၏။ သူက ကုတင်ပေါ်ထိုင်၍ သူ့ကိုစောင့်နေတဲ့ ရှဲ့ယွီကို ကြည့်လိုက်ကာ ခံစားချက်တွေ တစ်ဟုန်ထိုး မြင့်တက်လာသလို ခံစားလိုက်ရသည်။ 


၅နှစ်ကြာ ဝေးကွာနေခဲ့ရသော်ငြားလည်း သူတို့နှစ်ယောက်ဟာ လင်နဲ့မယားအတိသုခကို ဆက်လက်အခွင့်အရေးရမယ်လို့ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေဘူး။ 


ရှဲ့ယွီက သတို့သားဝတ်စုံဖြင့် ပိုမိုခန့်ညားနေပုံရတဲ့ လင်းဖန်းလျန်ဟာ မလှုပ်ရှားဘဲ သူ့အား စိုက်ကြည့်နေသည်ကို စောင့်ကြည့်နေလျက်။ သို့သော်လည်း အခန်းထဲ၌ အရက်နံ့ပြင်းပြင်းကို အနံ့ရနေ၍ သက်တောင့်သက်သာမဖြစ်စွာ မျက်မှောင်ကြုံ့သွားရသည်။ လင်းဖန်းလျန်မှာ သူ့ရဲ့တုံ့ပြန်မှုကို မြင်လိုက်သည်နှင့် သူ့အင်္ကျီလက်ကို မြှောက်၍ အနံ့ခံကြည့်လိုက်ရာ အရက်နံ့ပြင်းပြင်းထွက်နေမှန်း သဘောပေါက်သွားရ၏။ 


"ကိုယ်အရင်ရေချိုးလိုက်ဦးမယ်! ကိုယ့်ကိုစောင့်နေနော်!" သူ အလျင်စလို ပြေးထွက်သွားရာ တံခါးပင် ပိတ်မသွားခဲ့ချေ။ ရှဲ့ယွီလည်း မတ်တပ်ထရပ်ကာ လေကောင်းလေသန့်ရစေရန် ပြတင်းပေါက်တွေ ဖွင့်လိုက်ပြီး ခဏကြာမှ ပြန်ပိတ်လိုက်၏။ ထို့နောက်မှ သူ့ရဲ့ မင်္ဂလာဝတ်စုံကို ချွတ်၍ သူ့အတွက် အဒေါ်ရှဲ့ အထူးလုပ်ပေးထားတဲ့ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို လဲဝတ်လိုက်သည်။ 


လင်းဖန်းလျန် ရေချိုးပြီးနောက် ရှဲ့ယွီက တစ်နေ့လုံး ဘာမှမစားရသေးတာကို သတိရသွား၏။ သူ့ရဲ့ အလျင်လိုနေမှုကို ဖိနှိပ်လိုက်ကာ မီးဖိုချောင်ထဲသို့သွား၍ စားစရာတွေကို အပူပြန်ပေးလိုက်ပြီး အခန်းထဲသို့ ယူသွားလိုက်သည်။ 


ထိုအချိန်တွင် ရှဲ့ယွီက သူတို့ချွတ်ထားတဲ့ မင်္ဂလာဝတ်စုံကို သပ်သပ်ရပ်ရပ် ခေါက်ကာ ဘေးမှာထားနေလျက်။ ပေါ့ပေါ့ပါးပါး ချောင်ကျိနေတဲ့ နှင်းဖြူရောင်ဝတ်စုံမှာ ရှဲ့ယွီရဲ့ သွယ်လျလျ ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးကို ပေါ်လွင်စေသဖြင့် လင်းဖန်းလျန်ရဲ့မျက်လုံးတွေက ပို၍ပင် လောင်မြိုက်လာလေ၏။ 


ရှဲ့ယွီ အဝတ်အစားတွေကို စီစဥ်လို့ပြီးသွားချိန်၌ လင်းဖန်းလျန်က အခန်းထဲ ဝင်လာပြီး ဘာကြောင့်အသံမထွက်လဲဆိုတာကို သိချင်မိသွားကာ သူလှည့်ကြည့်လိုက်တော့မှ လင်းဖန်းလျန်က စားစရာတွေကို ကိုင်ထားလျက် သူ့ကို ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ 


ရှဲ့ယွီလည်း ရှက်ရွံ့သွားရလျက်။ သူတို့က မင်္ဂလာအခမ်းအနားပြီးသွားပြီဖြစ်သော်လည်း ဤကဲ့သို့ဆက်နွယ်ပုံမျိုးမှာ သူတို့နှစ်ယောက်အတွက် ပထမဆုံးပင်။ 


လင်းဖန်းလျန် သတိပြန်ဝင်လာသည့်အခါ သူက ပေါကြောင်ကြောင်အမူအရာလုပ်နေမိမှန်း သိသွားရာ စားစရာတွေကို စားပွဲပေါ် အလျင်အမြန် တင်လိုက်ပြီး "တစ်ခုခုစားလိုက်ဦးနော်။ မင်းတစ်နေ့လုံးဘာမှမစားထားရသေးဘူးလေ" 


ရှဲ့ယွီမှာ တကယ်ပဲ ဗိုက်ဆာနေခဲ့သဖြင့် ခေါင်းညိတ်ကာ တူကိုင်လိုက်ပြီး စတင်စားသောက်တော့သည်။ ရှဲ့ယွီပျော်ပျော်ကြီး စားသောက်နေတာကို တွေ့လိုက်ရသဖြင့် လင်းဖန်းလျန်လည်း ဗိုက်ဆာသလို ခံစားလိုက်ရ၏။ သူမီးဖိုဆောင်ဆီ ပြန်သွား၍ နောက်ပန်းကန်တစ်လုံးသွားယူကာ ရှဲ့ယွီနဲ့အတူတူ စားသောက်လိုက်လေသည်။ 


ဒါဟာ သူတို့နှစ်ယောက်အတွက် လင်မယားအနေနဲ့ ပထမဆုံးထမင်းဝိုင်းပဲ! 


XH note: Finally ရှဲ့ယွီတို့အတွဲ မင်္ဂလာဆောင်ပြီးသွားပါပြီ။ ရွှီချင်းမှာ ကလေးလေးရှိနေလား မရှိဘူးလားဆိုတာ ခန့်မှန်းကြပါဦး... 😁😁