ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၂.၁)
ရှဲ့ယွီလည်း သူ့ကိုယ်သူ ထရပ်ရန် ကြိုးစားလိုက်ပြီး သူ့ခါးမှာ ချိုးသာ့ဆီမှ အတင်းအကြပ် ပင့်မခံထားခဲ့ရသည်မို့ နာကျင်မှုဖြင့် ကိုက်ခဲနေလေသည်။ ရှဲ့ယွီက သူ့ရှေ့မှ လော့ကျောင်းနှင့် ချိုးသာ့ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ၌ မကျေမချမ်းမှုများပြည့်နှက်နေကာ သူ့အမူအရာမှာ ဗလာနိတ္ထိဖြစ်နေလျက်။
လော့ကျောင်းက ချိုးသာ့ကို စကားအနည်းငယ် ဆူပူပစ်ပြီးနောက်မှ ရှဲ့ယွီဘက်လှည့်လာကာ သူ့မျက်လုံးထဲမှ ခံစားချက်တွေကို သတိထားမိလိုက်သည်။ "အာ ချိုးသာ့ကလေ စနောက်ရတာကြိုက်ရုံလေးပါပဲနော်။ ရှဲ့ယွီရေ အတည်ကြီးမမှတ်ပါနဲ့ဗျာ။ နောက်ကျနေပြီဆိုတော့ ခင်ဗျားပြန်သင့်ပြီနော်"
ရှဲ့ယွီ နားထောင်လိုက်ပေမယ့် လှုပ်ရှားမှုမရှိသေးပေ။ ထိုအစား သူက လော့ကျောင်းနားကို တဖြေးဖြေးကပ်သွားကာ "ဒီကိစ္စကို ဒီလိုပဲပြီးလိုက်မယ်ပေါ့?" သူက အတင်းအကြပ်အဓမ္မခေါ်ဆောင်ခံရကာ သူ့ရဲ့သန့်ရှင်းမှုကို ဆုံးရှုံးလုနီးနီးဖြစ်သွားတော့မလို့လေ... အခုတော့ သူတို့ ရိုးရိုးလေးပြောလာတာက "ဒီတိုင်းပြန်သွားနိုင်ပြီ"တဲ့လား!
ချိုးသာ့က ထိုစကားကိုကြားတော့ ပြုံးဖြဲဖြဲလုပ်လာကာ "ရှဲ့ကောအာက ထွက်သွားဖို့ ဝန်လေးနေတာလား ဟင်? ငါက စိတ်မရှိပေမယ့် ဒီမှာရှိနေတဲ့ ငါ့ရဲ့အချစ်လေးက သဝန်တိုနေပြီလေ။ ငါတို့ နောက်တစ်ကြိမ် တွေ့လို့ရပါသေးတယ်ကွာ မဟုတ်ဘူးလား?"
ရှဲ့ယွီမှာ ထိုစကားတွေကို ကြားလိုက်ရသဖြင့် အလွန်အမင်း ရွံ့ရှာစက်ဆုပ်မိသွားရလျက်! လော့ကျောင်းက ချိုးသာ့ရဲ့အကျင့်တွေကို ကျင့်သားရနေပြီဖြစ်ရာ သူတို့အတွက်ကတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိသည်ပင်။ သို့ရာတွင် ရှဲ့ယွီလိုလူမျိုးကတော့ ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ?
"ပါးစပ်ပိတ်ထားစမ်း!" လော့ကျောင်းက ရှဲ့ယွီမျက်နှာပေါ်က အမူအရာကို တွေ့လိုက်ရသည့်အခါ ချိုးသာ့က ဒီလိုပြဿနာတွေဆက်တိုက်ရှာနေခဲ့ရင် ကိစ္စတွေက ရှုပ်ထွေးလာမှာဖြစ်ပြီး သူတို့ရဲ့ လျှို့ဝှက်ချက်မှာလည်း ပေါ်သွားနိုင်တယ်ဆိုတာကို သိလိုက်ရ၏!
လော့ကျောင်းလည်း ဤအရာတွေကို စဥ်းစားကြည့်ပြီးနောက် ဖျန်ဖြေရန် အလျင်စလို အရှေ့ထွက်လာလျက် "ခင်ဗျားဘာတွေပြောနေတာလဲ! ခင်ဗျား ရှဲ့ယွီကို တောင်းပန်သင့်တယ်နော်! အစကတည်းက ခင်ဗျားရဲ့အမှားတွေပဲကို! မြန်မြန်တောင်းပန်လိုက်!" ချိုးသာ့က လော့ကျောင်းဘက် ပြန်လှည့်ကြည့်လာသည့်အခါ သူရပ်တန့်သင့်ပြီဖြစ်ကြောင်း မျက်လုံးမှတစ်ဆင့် အချက်ပြနေခဲ့သည်ကို တွေ့လိုက်ရ၏။
သူက ရှဲ့ယွီအား အင်တင်တင်ဖြင့် စိတ်မပါ့တပါ တောင်းပန်လာခဲ့သည်မှာ - သူ့ဇနီးနှင့် ရက်အတော်ကြာဝေးကွာနေခဲ့ရသဖြင့် သူအတွေးလွန်သွားတာဖြစ်ကြောင်း၊ ဒီလိုမဆင်မခြင်လုပ်မိခဲ့တာဖြစ်ကြောင်း ဆင်ခြေပေးလာခဲ့သည်။
ရှဲ့ယွီက သူတို့နှစ်ယောက်ဘာလုပ်ချင်နေလဲဆိုတာကို အတိအကျသိလေသည်။ အကယ်၍ သူ့အပေါ် ချိုးသာ့ရဲ့ အပြုအမူနှင့် လောကျောင်းနဲ့ ချိုးသာ့ရဲ့ ဆက်ဆံရေးကို သူဖော်ထုတ်လိုက်ပါက သူတို့နှစ်ယောက်က ဒုက္ခရောက်သွားပေမည်။
သို့ရာတွင် သူကိုယ်၌လည်း အခြေအနေဟန်မည်မဟုတ်။ သူ့ကို ချစ်မြတ်နိုးသလို ဂရုစိုက်ပေးကြတဲ့ သူ့မိဘတွေရဲ့ မျက်နှာကို ပြန်တွေးကြည့်လိုက်သည့်အခါ ရှဲ့ယွီလည်း အံတင်းတင်းကြိတ်ကာ သူ့ဒေါသတွေကို မျိုချလိုက်ရတော့သည်။
လော့ကျောင်းက ရှဲ့ယွီရဲ့ ထွက်ခွါသွားတဲ့ နောက်ကျောကို စောင့်ကြည့်ရင်း ချိုးသာ့အား အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်၏။ ချိုးသာ့က လော့ကျောင်းကို ပွေ့ဖက်ကာ တောင်းပန်သည့်အပြုံးဖြင့် "ဘာဖြစ်လို့လဲ? သဝန်တိုနေတာလား?" လော့ကျောင်းက ချိုးသာ့ရဲ့ ပမာမခန့်မျက်နှာကို ကြည့်နေရင်းမှ ရုတ်တရက် ပါးရိုက်ပစ်လိုက်လေ၏။
"မင်းဘာလုပ်တာတုန်းကွ?!" ချိုးသာ့ သူ့မျက်နှာကို ထိလိုက်ပြီး လော့ကျောင်းအား စိမ်းစိမ်းဝါးဝါးကြည့်၍ အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်သည်။ ဒီလောက်အားပါတဲ့ရိုက်ချက်ဟာ သူ့မျက်နှာမှာ သေချာပေါက် အရာကြီးကျန်နေမှာပဲ! ဒီည ဟိုဘက်ရွာက မုဆိုးမဆီကို ဘယ်လိုလုပ် သွားရှာနိုင်တော့မှာလဲ!
"ကျုပ် ခင်ဗျားကို နိုးထအောင်လို့ ရိုက်လိုက်တာလေ! ခင်ဗျားမထိသင့်တဲ့လူတွေနဲ့ ဝေးဝေးနေစမ်းပါ! ခင်ဗျားအသက်ရှင်ရတာလုံလောက်လို့ သေချင်နေပြီဆိုလည်း ကျွန်တော်ကတော့ နှစ်တွေအကြာကြီး အသက်ရှင်ချင်သေးတယ်!" လော့ကျောင်းလည်း ထိုသို့ပြောပြီးနောက် ဒေါနဲ့မောနဲ့ ထွက်သွားတော့သည်။ ချိုးသာ့က သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ သူသိပေ၏။ အနှီလူဟာ ကောက်ကျစ်စဥ်းလဲသဖြင့် သူ့ကိုမကျေမနပ်ဖြစ်အောင်လုပ်မိရင် နောက်ဆက်တွဲတွေရှိလာမှာပင်။
သို့ပေတည့် ချိုးသာ့က သူ့မျက်နှာကို အကြမ်းပတမ်း ပွတ်သပ်လိုက်ကာ ယနေ့အခြေအနေကို ကောင်းကောင်းမစဥ်းစားနိုင်သေး။ သူဘာလို့ ရှဲ့ယွီအပေါ် လက်တင်လို့မရရမှာတုန်း!
***
လင်းဖန်းလျန် ရွာထဲကို ဝင်လာသည်နှင့် လမ်းပေါ်မှာ ရှဲ့ယွီတစ်ယောက်တည်း ရပ်နေတာကို တွေ့လိုက်ရ၍ မေးလာခဲ့သည်။ "ဘာဖြစ်လို့လဲ?" ရှဲ့ယွီက လင်းဖန်းလျန်ရဲ့အသံကို ကြားလိုက်သည့်အခါ လှည့်ကြည့်လိုက်ရာ ရုတ်တရက် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရလျက်။ "ဘာမှမဖြစ်ပါဘူးဗျာ"
လင်းဖန်းလျန်က ရှဲ့ယွီအနားသို့ တဖြေးဖြေး ချဥ်းကပ်လာပြီးနောက် သူ့အိတ်ကပ်ထဲမှ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်ကာ ရှဲ့ယွီလက်ကို ဆွဲ၍ ထည့်ပေးလိုက်၏။ ရှဲ့ယွီလည်း သူ့လက်ထဲမှ သေတ္တာလေးကိုကြည့်ပြီး စိတ်လှုပ်ရှားသွားရလျက်။ ဒီလောက်သိသာနေတဲ့အမူအရာကို သူဘယ်လိုလုပ်ပြီး နားမလည်ပဲ နေမှာတုန်း?
"ရက်အနည်းငယ်ကြာရင် ကိုယ် လက်ထပ်ခွင့်တောင်းဖို့ လူကိုယ်တိုင်လာခဲ့မယ်နော်"
လင်းဖန်းလျန်မှာ ရှဲ့ယွီထက် ပို၍ပင် စိတ်လှုပ်ရှားနေလျက်။ ရှဲ့ယွီက သူ့ကို လက်မခံမှာ ကြောက်နေမိ၏။ သူပြောနေရင်း သူလိုချင်တောင့်တနေမိတဲ့သတင်းကို လွဲချော်သွားမည်ကို ကြောက်လန့်နေမိသဖြင့် သူ့မျက်လုံးတွေက ရှဲ့ယွီရဲ့ အမူအရာကို သေချာအကဲခတ်စောင့်ကြည်နေခဲ့လေသည်။
ရှဲ့ယွီ သစ်သားသေတ္တာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးတွေ အနည်းငယ် စိုစွတ်လာခဲ့၏။ ကံကြမ္မာက သူ့ကို မအောင်မြင်တဲ့ အိမ်ထောင်ရေးဘဝတစ်ခုကို ပေးခဲ့ပေမယ့်လည်း သူ့အတွက် ပျော်ရွှင်မှု တံခါးနောက်တစ်ချပ်ကို ဖွင့်ပေးလာခဲ့ပြီ။
"ကျွန်တော် ခင်ဗျားပြောတာကို နားထောင်ပါမယ်"
လင်းဖန်းလျန် သူ့နားကိုတောင် သူမယုံနိုင်။ ရှဲ့ယွီနှုတ်ခမ်းထောင့်က အပြုံးဖျော့ဖျော့လေးကို ကြည့်လိုက်မိတော့မှ သူ့နှလုံးသားထဲမှာ လောင်မြိုက်လာသလို ခံစားလိုက်ရ၏။
သူသဘောတူလိုက်တယ်! သူသဘောတူလိုက်တယ်ကွ!
"ကိုယ်... ဒါဆို ကိုယ် ချက်ချင်း သွားပြင်ဆင်လိုက်တော့မယ်နော်!" ထိုသို့ပြောပြီးနောက် သူခလုတ်တိုက်မိမတတ် အလျင်စလို ပြေးထွက်သွားလေသည်။ ရှဲ့ယွီမှာ လင်းဖန်းလျန်ရဲ့ လုပ်ရပ်ကြောင့် ရယ်ချင်မိသော်လည်း ရယ်ဖို့ရာ ဝန်လေးနေမိလျက်။ ဒီလူဟာ တကယ့်ကိုပဲ သူ့အား သူ့ရဲ့ အနက်ရှိုင်းဆုံးနှလုံးသားထဲမှ ကောင်းကောင်းဆက်ဆံသည်ပင်!
***
ရွှီချင်းသည် သူတို့မင်္ဂလာပွဲအကြောင်းကို အဒေါ်ရှဲ့ဆီမှ သတင်းကြားသည့်အခါ ရှဲ့ယွီအတွက် ပျော်ရွှင်မိလေသည်။
"စိတ်မပူပါနဲ့၊ ချန်ဖုန်းရော ကျွန်တော်ပါ လာမှာပါဗျာ!" အဒေါ်ရှဲ့လည်း ဝမ်းသားအားရဖြင့် ရွှီချင်းအား နှုတ်ဆက်လိုက်ပြီး အိမ်အမြန်ပြန်သွား၏။ မင်္ဂလာပွဲရက်မှာ နောက်ငါးရက်အကြာတွင် သတ်မှတ်ထား၍ သူတို့ ကောင်းကောင်းပြင်ဆင်ထားဖို့လိုနေပြီ!
"အဲ့ဒီကလေးက တော်သားပဲကွာ" လီချန်ဖုန်းက လင်းဖန်းလျန်ရဲ့ အရှိန်အဟုန်ကို လေးစားနေစဥ် ရွှီချင်းကတော့ မည်သို့သောလက်ဆောင်ပေးရမလဲဆိုတာကို စဉ်းစားနေခဲ့၏။
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၂.၂)
"ကိုယ် သူတို့အတွက် သစ်သားအရုပ်လေး လုပ်ပေးလိုက်မယ်!" လီချန်ဖုန်းသည် သူ့အစွမ်းအစတွေကို ထုတ်ဖော်ပြရန် အချိန်တန်ပြီလို့ ခံစားလိုက်ရသည်ကြောင့် ချက်ချင်းပင် သူ့ရည်ရွယ်ချက်တွေကို ပြောပြလိုက်သည်။
ကောတစ်ယောက် ဒုတိယအကြိမ်လက်ထပ်ခြင်းတွင် ခန်းဝင်ပစ္စည်းအဖြစ် ပရိဘောဂပေးစရာမလိုသောကြောင့် ရှဲ့မိသားစုက ခန်းဝင်ပစ္စည်းပြင်ဆင်ရန် မည်သူ့ကိုမျှ မငှားရမ်းထားခဲ့ပေ။ ထိုအစား သူတို့သားရဲ့အိမ်ထောင်ရေးကို အတင်းအဖျင်းပြောဆိုခြင်းမှ ရှောင်ရှားစေရန် အလို့ငှာ သူတို့က ငွေချောင်းတွေနှင့် တခြားကဏ္ဍတွေကိုသာ ပို၍ ထည့်ဝင်ကြမည်ဖြစ်ပေသည်။
ရွှီချင်းက လီချန်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ဆီမှာ မောင်နှံစုံတွဲအသစ်စက်စက်အတွက် သစ်သားစုံတွဲအရုပ်လုပ်ပေးနိုင်တယ်ဆိုတာကို ရုတ်ချည်း မှတ်မိသွားကာ "ခင်ဗျားက သစ်သားထဲက ရုပ်တုငယ်လေးတွေ လုပ်နိုင်လား?"
အကယ်၍ သူတို့လုပ်နိုင်ခဲ့ပါက ရှဲ့ယွီတို့အတွက် လက်ဆောင်ကိစ္စကို ဖြေရှင်းပြီးသားဖြစ်ရုံသာမက ၄င်းမှာ စီးပွားရေးအခွင့်လမ်းအကြီးကြီးလည်း ဖြစ်မှာလေ!
ဝေ့လောင်အာ့နှင့် လော့ကျောင်းတို့ရဲ့ ပရိဘောဂတွေကို လီချန်ဖုန်း ပြုလုပ်ထားသည်ကို တစ်ရွာလုံး သိရှိသွားကြပြီးနောက် ထိုလထဲတွင် မိသားစုနှစ်စုဆီမှ ခန်းဝင်ပစ္စည်းအတွက် အော်ဒါရခဲ့ရာ ငွေတော်တော်လေးရှာနိုင်ခဲ့သလို ဖောက်သည်တွေကလည်း ကျေနပ်ခဲ့ကြ၏။
ရလဒ်အနေဖြင့် လူများစွာက သူတို့ရဲ့လုပ်ငန်းအကြောင်းကို စုံစမ်းမေးမြန်ရန် သူတို့အိမ်ကို ရောက်လာကြလေသည်။ အခုဆို သူတို့မှာ နာမည်ကောင်းရလာခဲ့ပြီ!
လီချန်ဖုန်းက "အရုပ်"လုပ်ခြင်းအဆင့်ဆင့်ကို ရွှီချင်းအား သေချာစွာမေးမြန်းကာ တစ်ခဏမျှ တွေး၍ "ကိုယ်ကြိုးစားကြည့်မယ်!"
"ကောင်းတယ်! ဒါဆို ဒီနေ့မွန်းလွဲပိုင်းမှာ တောင်ပေါ်သွားပြီး သစ်သွားရှာကြမယ်လေ!" မျှော်လင့်ချက်ရှိနေသရွေ့တော့ သူတို့ကြိုးစားကြည့်ရမှာပေါ့။ ရွှီချင်းကတော့ နက်နက်ရှိုင်းရှိုင်းကို ယုံကြည်မှုရှိလျက်။
နေ့လည်ပိုင်းတွင် လီချန်ဖုန်းနှင့် ရွှီချင်းတို့က တောင်ပေါ်သို့တက်သွားသည့်အခါ အဒေါ်ကျန်းနှင့် သူ့ခင်ပွန်းတို့နဲ့ တွေ့ဆုံကြပြန်၏။ နောက်ဆုံးတွေ့ဆုံမှုနဲ့ယှဉ်လျှင် ဤတစ်ကြိမ်တော့ လေထုမှာ အနည်းငယ် ကသိကအောင့်ဖြစ်နေလျက်။
လီချန်ဖုန်းက ရွာထဲမှ အလုပ်နှစ်ခုကို ရသွားပြီးကတည်းက အဒေါ်ကျန်းမှာ ရွှီမိသားစုနှင့်ပတ်သက်ပြီး မပျော်မရွှင်ဖြစ်လာခဲ့၏! ထို့ကြောင့် သူက ရွှီချင်းအိမ်ရှေ့မှ ဖြတ်သွားသည့်အခါတိုင်း မကြည်မသာစကားတွေကို မရပ်မနားရေရွတ်သဖြင့် ရှောင်ပေါင်ကတောင် သူ့ကို "အန္တရာယ်ရှိသူ"စာရင်းတွင် ထည့်ထားလိုက်ပြီး အဒေါ်ကျန်းကိုမြင်တိုင်း သူနှင့် ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ ဂရုမစိုက်ဘဲ မရပ်မနား ထိုးဟောင်တော့သည်။
အကယ်၍ ရွှီချင်းသာ သူ့ကို လူတွေမကိုက်ရဘူးလို့ သတိမပေးထားပါက ဟိုးအရင်ကတည်းက "အသား"အရသာကို အပြေးအလွှား မြည်းစမ်းကြည့်ပြီးလောက်ပြီနော်!
"မင်းတို့နှစ်ယောက်က တောင်ပေါ်မှာ လျှောက်လည်ကြပြန်ပြီပေါ့လေ" ဦးလေးကျန်းသည် လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို တွေ့လိုက်သည်နှင့် နှုတ်ဆက်ရန် အစပြုခဲ့၏။ သူက အပြုံးလေးနှင့် နှုတ်ဆက်နေသေးသော်လည်း အဒေါ်ကျန်းက သူ့စကားတွေကိုကြားကြားချင်း ခေါင်းလှည့်လိုက်ရာ ရွှီချင်းရဲ့ မျက်ဝန်းနက်နက်လေးတွေနှင့် ဆုံလိုက်သဖြင့် သူ့ခေါင်းကို ချက်ချင်းငိုက်စိုက်ပစ်လိုက်ကာ သူ့အသားအရောင်မှာလည်း ဆိုးရွားလာခဲ့ပေသည်။
ရွှီချင်းက ဦးလေးကျန်းကို အပြုံးလေးနှင့် ပြန်နှုတ်ဆက်လိုက်၏။ သူတို့ကို ဖော်ရွေပုံမရှိတဲ့ အဒေါ်ကျန်းအတွက်ကတော့ ရွှီချင်းလည်း ပုံမှန်အမူအရာဖြင့်သာ။ "ဦးလေးကျန်းက အလုပ်များနေတာပဲ" လီချန်ဖုန်းလည်း စကားတစ်ခွန်းမှမဆိုဘဲ သဘောတူစွာ ခေါင်းညိတ်လျက်။
သူတို့ရှေ့မှာ တိတ်ဆိတ်နေဆဲ အဒေါ်ကျန်းကတော့ လီချန်ဖုန်းက ပရိဘောဂတွေလုပ်နိုင်ကြောင်းသိသွားသည့်အချိန်မှစ၍ သူတို့အပေါ် အာဃာတထားလာခဲ့၏။
မူလက ထိုစီးပွားရေးကို ရွာ၌ သူတို့မိသားစု တစ်စုတည်းသာ လုပ်နိုင်သည်ဖြစ်၍ အရာအားလုံးက အဆင်ပြေနေခဲ့ခြင်းပင်။ သို့ရာတွင် ယခုတော့ လီချန်ဖုန်းက ပရိဘောဂအတွက် Redwoodကို သုံးထားသည်ကြောင့် ရွာသားတွေရဲ့ စူးစမ်းလိုစိတ်ကို ဆွဲဆောင်သွားခဲ့လေသည်။
သူတို့က အရင်က တစ်ခါမှ အသုံးမပြုဖူးတဲ့ သစ်သားဟာ အန္တရာယ်ဖြစ်စေနိုင်လား ဘာလားဆိုတာကိုတောင် မကြောက်ကြဘူး! အဒေါ်ကျန်းကို ပို၍စိတ်တိုစေသည်မှာ လီချန်ဖုန်းရလိုက်တဲ့ အော်ဒါ၂ခုမှာ သူတို့နဲ့ ဆွေးနွေးပြီးထားရုံရှိသေးတဲ့ ဖောက်သည်တွေဖြစ်နေကြသည်ပင်။ ဒီလိုနဲ့ လီချန်ဖုန်းက သူတို့ရဲ့စီးပွားရေးကို ယူသွားတာပဲ။ ထို့အတွက် အဒေါ်ကျန်းမှာ ဒေါသမီးတောက်နေခဲ့ရတာပေါ့!
"ဟုတ်တယ်၊ အိမ်မှာ သစ်အလုံအလောက်မရှိတော့လို့ ဒီမှာလာခုတ်တာလေ"
ရွှီချင်း အဒေါ်ကျန်းကိုင်ထားတဲ့ ထင်းရှူးသစ်သားကို ဖျတ်ခနဲကြည့်လိုက်ကာ ပရိဘောဂအတွက် တခြားသစ်သားအမျိုးအစားတွေပါ ပြောင်းသုံးလို့ရကြောင်းကို လူအများလက်ခံယုံကြည်လာစေရန် အချိန်ယူရဦးမည်ကို နားလည်သွား၏။
"ဒါဆို ဦးလေးတို့ ဆက်လုပ်ကြနော်။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်ဗျ" အဒေါ်ကျန်းမှာ သဘောမကောင်းသော်လည်း ဦးလေးကျန်းကတော့ အပြုံးလေးနှင့်ရှိနေလေသည်။ ဆိုရိုးစကားတောင်ရှိသေးတယ်လေနော်၊ ပြုံးပြနေတဲ့သူကို လက်ရွယ်လို့မကောင်းဘူးလို့။
"အင်း သွားကြ၊ သွားကြ" ဦးလေးကျန်းက ရွှီချင်းနှင့် လီချန်ဖုန်းတို့နှစ်ယောက်အား လက်ဝှေ့ယမ်းနှုတ်ဆက်ပြီးနောက် သူ့အလုပ်တွေနဲ့သူ ပြန်ရှုပ်နေတော့သည်။
ရွှီချင်းတို့ ထွက်သွားကြပြီးနောက် အဒေါ်ကျန်းက ဦးလေးကျန်းအား အသံတိုးတိုးဖြင့် ညည်းညူလေရာ "ခင်ဗျား ဘာလို့ ကျုပ်ကို စကားပေးမပြောတာတုန်း?!" သူက ကြိမ်ဖန်များစွာ စကားပြောရန် ကြိုးစားခဲ့သော်လည်း သူ့ခင်ပွန်းရဲ့ သတိပေးတဲ့ အကြည့်ကြောင့် ရပ်တန့်လိုက်ရတာဖြစ်သည်။
ဦးလေးကျန်းမှာ သူ့မိန်းမရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်းသိလေသည်။ သူ့ဇနီးသည်ဟာ စကားများပေမဲ့ သူ့သဘောထားမှာ သိပ်မဆိုးပေ၊ သူက သူ့မိသားစုအပေါ် အစွမ်းကုန်ချစ်မြတ်နိုးတာဖြစ်၏။
ရွှီမိသားစုက သူတို့နဲ့ လုပ်ငန်းတူသည့် ပရိဘောဂအလုပ်ကို စတင်လုပ်ကိုင်ခဲ့ခြင်းဟာ သူတို့မိသားစုအပေါ် တကယ့်ကို သက်ရောက်မှုရှိ၍ အဒေါ်ကျန်းကို စိုးရိမ်ပူပန်စေပြီး အနည်းငယ် စိတ်လိုက်မာန်ပါလုပ်မိစေခြင်းပင်။
"ခင်ဗျားဘာပြောနိုင်လို့လဲ? ခင်ဗျားက အသုံးမဝင်တဲ့စကားတွေပဲ လျှောက်ပြောနေတာကိုများ" အဒေါ်ကျန်း သစ်ကို ခက်ခက်ခဲခဲဆွဲနေရင်း ငြီးတွားလေ၏။ ဦးလေးကျန်းက သူ့အခက်အခဲကို မြင်လိုက်ရသဖြင့် သူဆွဲနေတာကို လွှတ်ချလိုက်ပြီး အဒေါ်ကျန်းဆီမှ သစ်ကို အမြန်ယူလိုက်သည့်အခါ အဒေါ်ကျန်းလည်း နှုတ်ခမ်းကို စုဝိုင်းလျက် "အရင်တုန်းက ရွာမှာ ပရိဘောဂလုပ်တတ်တာ ကျုပ်တို့မိသားစုတစ်စုပဲရှိတယ်၊ ဒါပေမဲ့ အခုတော့! ကျုပ် သူတို့ကို ပြုံးပြနိုင်မယ်လို့ ခင်ဗျားထင်နေတာလား?"
"ငါတို့ဟာ ငါတို့လည်း လုပ်နိုင်နေသေးတာပဲကို ဘာလို့မပျော်ရမှာလဲကွာ?" ဦးလေးကျန်းက အဒေါ်ကျန်းကို အပျော်အပြက် စကားရိပ်သန်းလျက် "ဒါဟာ ဆက်ခံခြင်းတစ်မျိုးပဲလေကွာ။ ငါမရှိတော့တဲ့အခါ ရွာထဲမှာ ပရိဘောဂတွေလုပ်ပေးဖို့အတွက် တစ်ယောက်ယောက်ရှိသေးတာပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ဒါကကောင်းတဲ့ကိစ္စပဲလေ။ အမြဲတမ်း အဆိုးဘက်ချည်းပဲ တွေးမနေပါနဲ့ကွာ"
အဒေါ်ကျန်းမှာ သား(ကော)နှစ်ယောက်ရှိကာ သူတို့နှစ်ယောက်လုံး အိမ်ထောင်ကျသွားကြလေပြီ။ ဦးလေးကျန်းရဲ့ လက်သမားအတတ်ပညာကို မည်သူကမျှ မဆက်ခံနိုင်ကြသဖြင့် လီချန်ဖုန်းက ဤအလုပ်မှာ အရည်အချင်းရှိသည်မို့ ဦးလေးကျန်းလည်း စိတ်သက်သာရာရသွားခဲ့သည်။ သူစိုးရိမ်မိသည်မှာ - သူမရှိတော့သည့်အခါ ရွာသားတွေက တစ်ခြားရွာမှ လူတစ်ယောက်ဆီမှာ သွားလုပ်ခိုင်းရမယ်ဆိုရင် ခရီးလည်းဝေးသလို စျေးလည်းကြီးမယ်လေ။
အဒေါ်ကျန်းလည်း တိတ်ဆိတ်သွားရလျက်။ သူ့ဘဝရဲ့ အကြီးမားဆုံးနောင်တမှာ သူတို့ရဲ့မိသားစုနာမည်ကို နောက်မျိုးဆက်တွေထိ မသယ်ဆောင်သွားနိုင်ခြင်းပင်။ ဦးလေးကျန်းကကလည်း အလုပ်သင်လက်မခံလိုသောကြောင့် အရာအားလုံးဟာ အချည်းနှီးဖြစ်ရလျက်။
ယခုတစ်ခေါက်၌ ရွှီချင်းနှင့် လီချန်ဖုန်းတို့က ယခင်တစ်ခေါက်သွားသည်ထက် နည်းနည်းပိုပြီး တောနက်ထဲသို့ သွားခဲ့ကြသော်လည်း သားရဲတိရစ္ဆာန်အများကြီးရှိတဲ့နေရာကိုတော့ မသွားခဲ့ကြချေ။
ဟိုတုန်းကတော့ ရွှီချင်းဟာ သူ့ရဲ့ နေရာလွတ်စွမ်းရည်ကို သုံး၍ လွတ်လွတ်လပ်လပ်လျှောက်သွားခဲ့တာဖြစ်၏။ သို့ရာတွင် ယခုအချိန်မှာတော့ သူက လီချန်ဖုန်းနှင့် အတူတူလာတာဖြစ်၍ သူ "ပျောက်ကွယ်"သွားလို့မရသောကြောင့် တောင်ထူထပ်တဲ့နေရာကိုသာ စွန့်စားသွားလာရလေသည်။
"ကျွန်တော် ယုန်သားစားချင်တယ်"
ရွှီချင်းနှင့် လီချန်ဖုန်းတို့နှစ်ယောက်သား ခါးလောက်ရှည်တဲ့ မြက်ပင်ကြားမှာ ထိုင်နေကြပြီး ဟိုဘက်ခြမ်း၌ ဝတုတ်တုတ်ယုန်သေးသေးလေး ခုန်ပေါက်နေသည်ကို စောင့်ကြည့်နေရင်း ရွှီချင်းက လီချန်ဖုန်းအား တိုးတိုးလေး ပြောလိုက်ပေသည်။
xxx