ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၁.၁)
ကျန်းမင် တံခါးကိုဖွင့်လိုက်သည့်အခါ သူ့အိမ်ရှေ့၌ မတ်တပ်ရပ်နေတဲ့ အရပ်မြင့်မြင့် ခပ်ချောချော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရ၍ မေးလိုက်၏ "မင်းက ဘယ်သူလဲ?"
"ကျွန်တော်က တောင်အနောက်ဘက်က ရွှီမိသားစုကပါ။ ဒါက ခင်ဗျားရဲ့ ဇနီးမှာထားတဲ့ ပစ္စည်းပါ။ စရန်ကတော့ပေးပြီးသားပဲ၊ ပစ္စည်းကလဲ အဆင်သင့်ရပါပြီ။ တစ်ချက်ကြည့်လိုက်ပါဦး။ ပြဿနာမရှိရင် ကျန်ငွေကို ပေးချေလို့ရပါတယ်" လီချန်ဖုန်းက လေးနက်တဲ့ အမူအရာဖြင့် ကျန်းမင်ဆီသို့ ပစ္စည်းကို ကမ်းပေးလိုက်သည်။
ကျန်းမင်က ပစ္စည်းကိုယူ၍ ကြည့်လိုက်ပြီးနောက် အတော်လေး အံ့အားသင့်သွားရ၏။ ပထမတော့ အနှီလူမှာ ရွှီမိသားစုက "ရုပ်ဆိုးဆိုးကော"ရဲ့ ခင်ပွန်းဖြစ်ပေမဲ့ အလွန်တရာချောမောနေသဖြင့် အံ့အားသင့်ခဲ့ရသည်။ ဒုတိယအချက်ကတော့ ဒီလူကလည်း လက်သမားအတတ်ကို ကောင်းစွာ လုပ်နိုင်၍ပင်! သူ့လက်ရာမှာ ရွာရဲ့လက်သမားဆရာ ဉီးလေးကျန်းနဲ့တောင် ယှဉ်နိုင်လေ၏။
"ကျောင်းကျောင်းရေ မင်းက အချိန်ကိုက်ပြန်လာတာပဲ! ရွှီမိသားစုဆီမှာ မင်းမှာထားခဲ့တဲ့ မှန်တင်ခုံကို လာပို့နေပြီ" ကျန်းမင်က အခုလေးတင် ပြန်ရောက်လာတဲ့ လော့ကျောင်းကို တွေ့လိုက်ရ၍ ချက်ချင်းပင် ပစ္စည်းယူကာ သူ့အနားကပ်သွားလိုက်၏။ သူက အိပ်ရာထဲမှာ ကောင်းပြီး ချစ်စိတ်ပြင်းပြတဲ့ သူ့ဇနီးကို ရှားပါးရတနာလေးကဲ့သို့ ဆက်ဆံလေသည်။ သူက လော့ကျောင်းကို အရမ်းချစ်မြတ်နိုးသည်မို့ သူ့အပေါ်မှာ စိတ်ပျက်သွားမှာ၊ သူ့ကို မကျေမနပ်ဖြစ်သွားမှာကို ကြောက်နေခဲ့ရသည်ပင်။
သူ စစ်မှုထမ်းနေရသည့် ၅နှစ်တာကာလအတွင်း၌ သူက လော့ကျောင်းအကြောင်းကိုသာ နေ့နေ့ညည တွေးနေခဲ့ပြီး ယခု သူပြန်ရောက်လာချိန်မှာတော့ လော့ကျောင်းဟာ ပိုလို့တောင် တက်ကြွလာတယ်လို့ သူခံစားလိုက်ရ၏။
လော့ကျောင်းရဲ့ အသားအရေမှာ သိပ်မကောင်းပေမယ့် ထိုနေရာ၌ လီချန်ဖုန်းရပ်နေသည်ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေက တဖျပ်ဖျပ်တောက်ပလာလျက်။ သူက ကျန်းမင်လက်ထဲမှ ပစ္စည်းကို ချက်ချင်းယူ၍ ကြည့်လိုက်ပြီးမှ လီချန်ဖုန်းကို ပြုံးကာရယ်ကာဖြင့် ပြောလာ၏။ "ဒါက တကယ်ကောင်းတာပဲဗျာ။ ကျွန်တော်ကြိုက်တယ်" ထို့နောက် သူက ကျန်းမင်အား စိန်းစိန်းဝါးဝါးကြည့်၍ ပြောလိုက်သည်။ "ခင်ဗျား ဘာရပ်ကြည့်နေတာတုန်း? မြန်မြန်ငွေချေလိုက်တော့လေ!"
ကျန်းမင်လည်း ရယ်မောကာ လီချန်ဖုန်းဆီ ဟိတ်ဟန်ထုတ်၍ လျှောက်သွားလိုက်၏။ သူတို့နှစ်ယောက် အတူတူရပ်နေသည့်အခါ လီချန်ဖုန်းဟာဖြစ်ထွန်းမြေဆိုပါက ကျန်းမင်ကတော့ ကျက်တီးမြေဖြစ်နေသည်မှာ ထင်ရှားပေါ်လွင်လျက်! "ဘယ်လောက်ကျလဲ?"
သူတို့ရဲ့အိမ်သည်လည်း ရွာထဲရှိ အနည်းငယ်သော အပြာရောင်အုတ်အိမ်တွေထဲက တစ်လုံးပင်။ ကျန်းမင်သည် လီချန်ဖုန်းနှင့် သူတို့အိမ်အကြောင်း တွေးကြည့်လိုက်ရင်း သူ့ကိုယ်သူ အနည်းငယ် ကျေနပ်မိသလို ခံစားလိုက်ရ၏။
လီချန်ဖုန်းမှာ စိတ်ခံစားချက် အလျင်းမရှိသည့်နှယ်။ "စရန်ငွေကတော့ ကြေးပြား၄၀ ပေးပြီးသားဆိုတော့ ကျန်ငွေက ကြေးပြား၈၀ပါ" ကျန်းမင်က အိမ်ထဲ၌ ငွေသွားယူနေသည့်အခါ လော့ကျောင်းမှာ တဖြေးဖြေး လီချန်ဖုန်းအနားတိုးကပ်လာကာ ဖြားယောင်းစွာဖြင့် "ခင်ဗျားမှာ အချိန်ရှိရင် ကျွန်တော်နဲ့ မကြာမကြာ လာပြီး စကားပြောလေနော်~"
လီချန်ဖုန်းက ခြေလှမ်းကျဲကျဲဖြင့် အနောက်ပြန်ဆုတ်လိုက်ကာ သူ့မျက်နှာအမူအရာမှာတော့ ပြောင်းလဲခြင်းမရှိ၍ လော့ကျောင်းက အနည်းငယ် မကျေမနပ်ဖြစ်သွားလေသည်။ ဒီလူကတော့! သူက ရို့မန့်ကို တကယ်ပဲ နားမလည်ဘူး!
ကျန်းမင်ပြန်ထွက်လာသည့်အခါ လော့ကျောင်းက သူ့ကိုကျော်ပြီး အခန်းထဲ တန်းဝင်သွားလေသည်။ ကျန်းမင်သည် လော့ကျောင်းက ထပ်မံစိတ်ကောက်နေပြန်ပြီလို့ ထင်လိုက်ကာ သိပ်အရေးစိုက်မနေခဲ့ပေ။ သူ့ကို ကျေနပ်စေသရွေ့ နည်းနည်းအလိုလိုက်တာက ပြဿနာမဖြစ်တော့ဘူးပေါ့။ "ဒီမှာပါ။ မင်းနဲ့ ရွှီကောအာတို့နှစ်ယောက် ဘဝထက်ဆုံး ပျော်ရွှင်ပါစေလို့ ငါဆုတောင်းပေးပါတယ်ကွာ!"
သိသာထင်ရှားစွာပင် ဤစကားမှာ စနောက်လှောင်ပြောင်သည့်နှယ်။ သို့သော်လည်း လီချန်ဖုန်းက အလေးအနက်ယူကာ ခေါင်းညိတ်လိုက်ပြီး "ကျေးဇူးအများကြီးတင်ပါတယ်!"
ကျန်းမင်: "......ရပါတယ်" ဒီလူက သူ့လေသံထဲက လှောင်ပြောင်သံကို မကြားလိုက်ဘူးလားဟ?
ဟုတ်တာပေါ့၊ လီချန်ဖုန်းက နားမလည်ခဲ့ချေ။ လီချန်ဖုန်းရဲ့ နှလုံးသားထဲ၌ ရွှီချင်းနဲ့ တစ်သက်လုံး ပျော်ရွှင်စွာနေသွားရပါစေ ဆိုတဲ့ ကောင်းချီးစကားလောက် မည်သည့်အရာကမျှ ပို၍နှစ်သက်ဖွယ်ကောင်းနေမည်မဟုတ်။
လော့ကျောင်းသည် ပင်မခန်းတံခါးကို သာသာလေးဖွင့်၍ လီချန်ဖုန်းထွက်သွားသည်ကို မကျေမနပ်ဖြင့် စောင့်ကြည့်နေလိုက်၏။ သူတပ်မက်ရတဲ့လူကို သူအခုထိ ဖမ်းစားလို့မရသေးဘူးပဲ!
***
"ဒါက ကျန်းမိသားစုက ပေးလိုက်တဲ့ ကြေးပြား၈၀" လီချန်ဖုန်းက ပိုက်ဆံတွေကို ရွှီချင်းလက်ထဲ အပ်လိုက်ရာ ရွှီချင်းကလည်း ပိုက်ဆံတွေကို ဗီရိုထဲမှာ သေချာထည့်သိမ်းလိုက်၏။ ဒါတွေက လီချန်ဖုန်းရဲ့ ပထမဆုံးဝင်ငွေပဲကွ!
"ကိုယ့်ကိုယုံနော်၊ မင်းကို ကောင်းကောင်းထားဖို့ ကိုယ်ကြိုးစားမှာပါ" လော့ကျောင်းကို ပြောလိုက်တဲ့ ကျန်းမင်ရဲ့ ကြွားဝါတဲ့စကားလုံးတွေက လီချန်ဖုန်းရဲ့ နှလုံးသားမှ သဘောထားနဲ့ အတူတူပင် - သူအလုပ်ပိုကြိုးစားဖို့လိုပြီး အိမ်ကို ပြန်ဆောက်ရမယ်၊ ပြီးတော့ ရွှီချင်းအတွက် ပိုနေလို့ကောင်းတဲ့ ပတ်ဝန်းကျင်လေး ပေးရမယ်။
လီချန်ဖုန်းရဲ့ အလွန်အလေးအနက်ဖြစ်နေတဲ့ အမူအရာကို ကြည့်လိုက်ကာ ရွှီချင်းရဲ့ မျက်လုံးထဲမှာလည်း လေးနက်မှုအပြည့်ဖြင့် "ဒါပေါ့၊ ခင်ဗျားက ကျွန်တော့်လူလေ ဟုတ်တယ်မဟုတ်လား? ဒါပေမဲ့ အခုချိန်မှာ အရေးကြီးဆုံးက ကုတင်အသစ်ရဖို့ပဲ။ ဒီကုတင်က..." ရွှီချင်းသည် လီချန်ဖုန်း အထူးပြုပြင်ထားတဲ့ ကုတင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ "ဒီကုတင်က သိပ်ကြာကြာမခံနိုင်ဘူးလို့ ကျွန်တော် ခံစားရလို့"
လီချန်ဖုန်းလည်း အခိုင်အမာ ခေါင်းညိတ်ပြလျက်၊ ဒါက လုပ်သင့်တာပေါ့၊ ယင်းမှာ သူ့ရဲ့ "အတွင်းကျကျရင်းနှီးတဲ့"ဘဝကျေနပ်မှုနှင့် သက်ဆိုင်နေတယ်လေ!
ထိုညတွင် ရွှီချင်းအိပ်ရာဝင်သည့်အခါ အတတ်နိုင်ဆုံး သတိထားနေခဲ့သည်။ သူ့ကိုယ်သူ ညင်သာစွာ စောင်ခြုံပြီးမှသာ လီချန်ဖုန်းက တံခါးကိုဖွင့်၍ အခန်းထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်လာလေသည်။
ရွှီချင်း ဘာမှမပြောရသေးခင်မှာပဲ လီချန်ဖုန်းက ကုတင်ပေါ် ထိုင်ချလိုက်ရာ ကုတင်ခါယမ်းသွားသည်ကို ချက်ချင်းပင် ခံစားလိုက်ရ၏။ "ဖြေးဖြေး!" သူ့နှလုံးသားသည်လည်း ကုတင်ရဲ့ စည်းချက်အတိုင်း ယိမ်းနွဲ့နေလျက် ထပ်မံပြိုကျ၍ ယနေ့ည အိပ်စရာဘုံပျောက်မည်ကို စိုးရိမ်နေမိသည်။
လီချန်ဖုန်းက လှည့်လိုက်ပြီး ရွှီချင်းရဲ့ ရင်ထိတ်နေတဲ့ အမူအရာလေးကို ကြည့်ကာ သူ့နှလုံးသားထဲမှာ စနောက်ချင်စိတ်ပေါ်လာခဲ့ရာ သူ တမင်တကာ ကုတင်ကို အကြမ်းပတမ်း လှုပ်ခါလိုက်၍ ရွှီချင်းက စိုးရိမ်စွာ အော်ဟစ်လာလျက် "လီချန်ဖုန်း! ခင်ဗျား ကျွန်တော့်အိပ်ရာပေါ်တက်ချင်နေသေးရင် ကောင်းကောင်းပြုမူနော်!"
လီချန်ဖုန်းလည်း "အိပ်ရာပေါ်တက်"ဆိုတဲ့ စကားနောက်ကွယ်က ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်သဖြင့် ရုတ်ချည်း ရပ်လိုက်ပြီး ရွှီချင်းရဲ့ စောင့်ကြည့်နေတဲ့မျက်လုံးအောက်၌ နာနာခံခံလေး အိပ်ရာပေါ်တက်ကာ ရွှီချင်းအား သူ့လက်မောင်းထဲ ထည့်ဖက်၍ အိပ်လိုက်တော့သည်။
***
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၁.၂)
တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာပြီးနောက် ရာသီဥတုလည်း ပူသထက် ပူလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကုန်သွားခဲ့လေပြီ။ လမ်းပေါ်ရှိ လမ်းသွားလမ်းလာအများစုက နွေရာသီအ၀တ်အစားများ ဝတ်ဆင်ထားကြလျက်။
လင်းဖန်းလျန်ရဲ့ အစိုးရ ပြဌာန်းထားသည့် မဖြစ်မနေ အိမ်ထောင်ပြုရမည့်ရက်မှာ နီးသထက် နီးကပ်လာပေမယ့် ဒီကလေးက ရှဲ့မိသားစုရဲ့သားကို လိုက်ပိုးပန်းတာ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ အခုထိပြောမလာသေး၍ သမားတော်ကြီးလင်းမှာ စောင့်ကြည့်နေရသည်။
အစိုးရတွဲဖက်မည့်နေ့က မကြာခင်ရောက်လာတော့မှာကို သူအောင်မြင်ခဲ့ပြီးဆိုရင် ဘာလို့အခုထိ သူတို့ဆီမှာ လက်ထပ်ခွင့်မတောင်းရသေးတာလဲ? သူမအောင်မြင်ဘူးဆိုရင်လည်း ရှဲ့မိသားစုရွာကို ဆက်တိုက်သွားနေသေးတာလဲ? ခန့်မှန်းလို့ကိုမရဘူး! မခန့်မှန်းနိုင်တော့ဘူးကွာ!
လင်းဖန်းလျန်သည် လွန်ခဲ့တဲ့တစ်လက အဒေါ်ရှဲ့တို့ရှေ့တွင် ရှဲ့ယွီအပေါ် သူခံစားချက်တွေရှိကြောင်း ထုတ်ပြခဲ့ပြီးနောက် ဉီးလေးရှဲ့နှင့် ဆွေးနွေးခဲ့လေသည်။ ထိုအချိန်မှစ၍ သူက ရှဲ့မိသားစုထံ အကြောင်းပြချက်မျိုးစုံဖြင့် ရောက်လာတတ်ပြီး ရှဲ့ယွီမှာ သူ့ဆီမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ရှဲ့ယွီသည်လည်းထိတ်လန့်ပြီး ရှုပ်ထွေးနေခဲ့ရာမှ အကူအညီမဲ့သည့်အဖြစ်သို့ရောက်ရကာ ယခုဆို သူ့နှလုံးသားလေးမှာလည်း အနည်းငယ်လှုပ်ခတ်လာရာ တဖြေးဖြေးနှင့် လင်းဖန်းလျန်ကို စတင်လက်ခံလာခဲ့လေပြီ။
အဒေါ်ရှဲ့မှာ ဤကိစ္စနှင့်ပတ်သက်ပြီး လုံးဝ ဝင်မပါခဲ့ဘဲ ရှဲ့ယွီ သဘောထားအတိုင်းသာ လိုက်နာကြလျက်။ တစ်ဖက်မှာတော့ ရွာသားတွေက အချိန်တော်တော်ကြာ ဆွေးနွေးနေကြလေပြီ။
ရှဲ့ယွီမှာ အရည်အချင်းတစ်ခုခုရှိရမယ်လို့ ယုံကြည်နေကြပြီဖြစ်သည်။ နှစ်ကြိမ်တိုင်တိုင် မြို့ပေါ်က အမျိုးသားတွေက သူ့ကို လိုက်ခဲ့ကြဆိုတော့ အကယ်၍များ ရှဲ့ယွီလက်ထပ်သွားခဲ့ရင် မြို့က မာမိသားစုကဲ့သို့ ထပ်မံအဆုံးသတ်သွားမည်ကို မလိုတမာစိတ်ရှိသူတစ်ချို့က တိတ်တဆိတ် စောင့်စားနေကြလေသည်။
အထူးသဖြင့် ရွာသူကြီးမိသားစုမှ အငယ်ဆုံးသား ရှယွီပင်။ သူက ရှဲ့ယွီကို တွေ့သည့်အချိန်တိုင်း ဝေဖန်လိုတဲ့အကြည့်ဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုခဲ့၏။ လင်းဖန်းလျန်လို အိမ်ထောင်တစ်ခါမှမပြုရသေးတဲ့လူက တစ်ခါကွာရှင်းပြီးသားဖြစ်တဲ့ ရှဲ့ယွီကို ဘာကြောင့်ကြိုက်ရသလဲဆိုတာ သူနားမလည်နိုင်ပေ။
ယခုပင် ရှဲ့ယွီက ရွှီချင်းအိမ်မှ ပြန်လာသည့်အခါ ရှယွီနှင့် ဆုံလိုက်ရသဖြင့် ရှဲ့ယွီက နှုတ်ဆက်တော့မည့်အပြု ရှယွီက ချက်ချင်းပင် သူ့ခေါင်းကို လှည့်ကာ ဒေါသတကြီးထွက်သွား၍ တော်တော်လေး ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရ၏။ အဆုံးမှာတော့ သူက ရှယွီထက် နှစ်အနည်းငယ်ပိုကြီးသဖြင့် လင်းဖန်းလျန်အပေါ် ရှယွီရဲ့ စွဲလမ်းမှုကို တွေ့နိုင်သည်မှာ သဘာဝကျကျပင်။
ရှဲ့ယွီသည် ရှယွီရဲ့ အပြုအမူကို ဂရုမစိုက်ချေ။ သူ့မျက်လုံးထဲ၌ ရှယွီရဲ့ အပြုအမူမှာ လူကြီးတစ်ယောက်ဆီမှ သရေစာမုန့်မရနိုင်၍ စိတ်ကောက်နေတဲ့ ကလေးနှင့် ပိုတူနေလေသည်။
ရှဲ့ယွီလည်း သူ့အကြည့်တွေကို ရွှေ့လိုက်ပြီး လှည့်လိုက်သည့်အခါ လော့ကျောင်းကို တွေ့လိုက်ရသဖြင့် သူ့လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်သည်။ သူလော့ကျောင်းကို မြင်သည့်အခါတိုင်း ထိုနေ့က အဖြစ်အပျက်ကို ပြန်သတိရမိလျက်။
လော့ကျောင်းက အနည်းငယ် စိတ်မသက်မသာဖြစ်နေသော ရှဲ့ယွီကို ကြည့်လိုက်ပြီး မျက်ခုံးတစ်ချက်ပင့်သွားကာ "ငါ့ကို မင်းရဲ့ကယ်တင်ရှင်လို့ မသတ်မှတ်ဘူးလား? မင်းက နှုတ်ဆက်စကားတောင် မပြောချင်တော့ဘူးပေါ့?"
ရှဲ့ယွီသည် လော့ကျောင်းကို တုံ့ပြန်ရန် သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာအသံမှထွက်မလာခဲ့။ ကူကယ်ရာမဲ့စွာပင် သူက နှုတ်ဆက်သည့်နှယ် လော့ကျောင်းအား ခေါင်းသာညိတ်ပြလိုက်ရသည်။
လော့ကျောင်းသည် သူ့မှာဘာမှပြောစရာမရှိသည်ကို မြင်လိုက်၍ ရယ်မောလိုက်ပြီး ထွက်မသွားခင် ရှဲ့ယွီကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်လေသည်။ ရှဲ့ယွီလည်း ထွက်ခွာသွားတဲ့ လော့ကျောင်းရဲ့ ပုံရိပ်ကို စောင့်ကြည့်နေရင်း ဝူမိသားစုဆီ ပစ္စည်းသွားပို့၍ ပြန်လာချိန်တွင် အိမ်တစ်အိမ်ထဲသို့ အဓမ္မခေါ်ဆောင်သွားခံရသည့် လွန်ခဲ့တဲ့တစ်လက မြင်ကွင်းကို ပြန်သတိရသွားရ၏။
***
"မလှုပ်နဲ့!"
ရှဲ့ယွီမှာ ဟန့်တားနိုင်လိုက်သည့် အခိုက်အတန့်၌ သူ့ကို ထိန်းထားတဲ့လူကို ချက်ချင်းသိလိုက်ရ၏! သူက ရွာထဲက ချိုးသာ့ပဲ! မကြာခဏ ပမာဏနည်းနည်းခိုးယူခြင်းတွေကြောင့် သူရဲ့ မသန့်ရှင်းတဲ့ လုပ်ရပ်တွေနဲ့ လူသိများလေသည်။
သူ့ရဲ့ဇနီးသည်လည်း လွန်ခဲ့တဲ့ရက်အနည်းငယ်က ချိုးသာ့နဲ့ အကြီးအကျယ်ရန်ဖြစ်ကာ စိတ်တိုသွားပြီး အိမ်ပြန်သွားခဲ့သည်။ သူက အခုထိပြန်မလာသေး၊ ရွာမှာ ဤကိစ္စကို ရက်အတော်ကြာအောင် ပြောနေကြပြီးဖြစ်၏။
ချိုးသာ့သည် ရှဲ့ယွီရဲ့လည်ပင်းတွင် သူ့ခေါင်းကို မြှုပ်ထားလျက် အသက်ပြင်းပြင်းရှူပြီးမှ ပျော်ရွှင်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်၏။ "အနံ့လေးက မွှေးနေလိုက်တာကွာ! မင်းက ရွာရဲ့ အလှလေးဖြစ်တာ အံ့သြစရာမဟုတ်ဘူးပဲ!"
ရှဲ့ယွီသည် အလွန်အမင်း စက်ဆုပ်သွားသလို ခံစားလိုက်ရကာ ချိုးသာ့လက်တွေကို ဟန့်တားရန်အတွက် အပြင်းအထန် ဆွဲခဲ့သော်လည်း ချိုးသာ့မှာ မတုန်မလှုပ်ဖြစ်နေဆဲပင်။
သူက ရှဲ့ယွီ ရုန်းကန်နေသည်ကို ခွင့်ပြုပေးထားကာ စိတ်ဝင်စားသလိုတောင် ကြည့်ရှုနေလျက် "ကောင်းတယ်။ ပိုပြီး တက်ကြွစမ်းပါကွာ! လူသေလိုမျိုး အသက်မဲ့နေရင် ငါမာနိုင်မှာမဟုတ်ဘူး!"
ဤစကားကြောင့် ရှဲ့ယွီရဲ့ မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်ချောက်ချားသွားရ၏။ တွေဝေနေရင်းဖြင့် ပို၍ပင်ရုန်းကန်နေခဲ့ပြီး သူ့စိတ်ထဲ၌ အတွေးတစ်ခုပဲရှိတော့လေသည် - ထွက်ပြေးလွတ်မြောက်ဖို့ပဲ! ဤအတွေးမှာ သူ့စိတ်ထဲတွင် အရူးအမူး တဝဲလည်လည်ဖြင့်သာ။ ရုတ်တရက် သူတစ်ခုခုကို တွေးမိသွားပြီး သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတစ်ခု ပေါ်လာခဲ့လေသည်။
"အား! ဟစ်! အရူးကောင်!"
ချိုးသာ့မှာ နာနာကျင်ကျင်အော်ဟစ်သံ ထွက်လာပြီး ရှဲ့ယွီကိုက်လိုက်တဲ့ သူ့လက်ကို အုပ်ကိုင်ကာ ကျိန်ဆဲနေလျက် "မင်း သောက်ရူးကောင်!"
ရှဲ့ယွီလည်း လွန်မြောက်သွား၍ ချက်ချင်း ခြံတံခါးဝဆီပြေးတော့သည်။ ချိုးသာ့က သူ့ကို လွတ်မြောက်ခွင့် ဘယ်ပေးပါ့မလဲ! သူတို့ရဲ့အိမ်နားတစ်ဝိုက်မှာ အိမ်နီးချင်းတွေမရှိသော်လည်း ရှဲ့ယွီသာ အပြင်ထွက်ပြီး အော်လိုက်ရင် ကြမ်းပြင်ကို လှည်းကျင်းလို့မရနိုင်တဲ့ ပြဿနာအကြီးအကျယ် တက်သွားမှာပေါ့!
ချိုးသာ့က သူ့လက်ပေါ်က သွေးထွက်နေတဲ့ဒဏ်ရာကို ဂရုမစိုက်တော့ဘဲ ရှေ့ကိုခြေလှမ်းကျဲကြီးလှမ်းကာ ရှဲ့ယွီရဲ့ ပါးစပ်ကို ဖုံးကာ၍ ကောက်မလိုက်၏။ မကြာသေးခင်ကမှ သူ့ရောဂါဟောင်းပြန်ကောင်းလာရုံရှိသေးတဲ့ ရှဲ့ယွီမှာ ဤကဲ့သို့လှုပ်ရှားမှုကြောင့် တောင်ခံနိုင်စွမ်းမရှိတော့! သူတို့နှစ်ယောက်လုံးထွေးနေချိန်မှာပင် ရှဲ့ယွီက ခြံတံခါးဖွင့်လိုက်သံကို ကြားလိုက်ရလျက်!
ရှဲ့ယွီရဲ့ မျက်လုံးရဲရဲတွေက တစ်စုံတစ်ယောက်က လှုပ်ရှားသံတွေကြား၍ လာစစ်ဆေးမည်ကို မျှော်လင့်လျက် ခြံတံခါးဆီ စူးစိုက်ကြည့်နေခဲ့သည်။ သို့ရာတွင် သူမြင်လိုက်ရတဲ့ သူက သူ့ရဲ့ အသနားခံမျက်ဝန်းတွေကို ဂရုမစိုက်ဘဲ၊ ထိုအစား အိမ်ထဲရှိ အခြေအနေကို တွေ့ပြီးနောက် ရုတ်ချည်းပင် ခြံတံခါးကို ပိတ်ပစ်လိုက်လေ၏။
"ခင်ဗျားဘာလုပ်နေတာလဲ!" လော့ကျောင်းက ရှေ့တိုးလာပြီး သူရောက်လာတာကို သတိမထားမိသေးတဲ့ ချိုးသာ့ကို အတင်းဆွဲလိုက်ကာ "ခင်ဗျား ရူးနေပြီလား?!"
ချိုးသာ့က အသည်းအသန်အသက်လုရှူနေတဲ့ မြေပြင်ပေါ်မှ ရှဲ့ယွီအား ကြည့်ကာ လော့ကျောင်းကို တောင်းပန်သည့်အပြုံးဖြင့် "မင်း ဘာလို့ ဒီကိုရောက်လာတာလဲ?"
လော့ကျောင်းက ချိုးသာ့ရဲ့လက်တွေကို ရိုက်ထုတ်လိုက်ကာ "ကျုပ်က ဘာလို့မလာရမှာလဲ? ခင်ဗျားမိန်းမက အိမ်မှာမရှိဘူးဆိုတော့ ခင်ဗျား ကျုပ်ကို လွမ်းနေမယ်လို့ ထင်လိုက်တာလေ။ ဒါပေမဲ့ ကျုပ်ဝင်လာလာချင်း ခင်ဗျား ဒီလိုလူယုတ်မာအလုပ်ကို လုပ်နေတာ မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!"
ထိုစကားတွေကို ကြားလိုက်သည့်အခါ ရှဲ့ယွီရဲ့ မျက်ဆံတွေက နက်ရှိုင်းစွာ ကျုံ့သွားရလျက်။ ဒီတော့ လော့ကျောင်းနဲ့ ချိုးသာ့က ဒီလိုမျိုးဆက်ဆံရေးရှိနေတာပေါ့! လော့ကျောင်းက သူ့ကိုကယ်ဖို့ အော်ဟစ်မနေဘဲ ခြံတံခါးကို ချက်ချင်း ပိတ်ပစ်လိုက်တာ အံ့သြစရာမရှိတော့ပါဘူး!
Me: တော်သေးတာပေါ့ ရှဲ့ယွီလေး ဘာမှမဖြစ်လို့၊ ကိုယ့်မှာ ဘာသာပြန်ရင်းတန်းလန်း တအားလန့်သွားရတာ ☹️☹️
ကဲ... spoilမိမှာစိုးလို့ မပြောပြခဲ့တာနော်... ရင်ထဲကလိကလိမဖြစ်ရအောင်လို့ တင်ပေးလိုက်ပြီ။
HAPPY NEW YEAR !!
LOVE YOU ALL !!
xxx