အပိုင်း ၂၈
Viewers 10k

Chapter 28

------------


အခု ည၁၂နာရီထိုးနေပြီဖြစ်ပေမယ့် ချီချန်အန်း လှမ်းကြည့်လိုက်တော့ ကိုးလွှာကသူ့အခန်းမီးလင်းနေသေးသည်။ရွှီလော့ယန် မအိပ်ခင် သူ့ကိုကောင်းသောညပါဟုပြောပြီးမှ သူ့အခန်းထဲပြန်ဖို့ စောင့်နေတာ အသေအချာပင်၊


သူ၏စိတ်ခံစားချက်တွေဟာ မြေကြီးထဲကနေထွက်လာတဲ့အပင်တွေလိုမျိုး ထိန်းချုပ်ရခက်‌နေသည်။


ချီချန်အန်းက ခဏလောက်စဉ်းစားနေပြီးတော့မှ ချီချန်ယင်း၏ဖုန်းနံပါတ်အားနှိပ်လိုက်သည်။


" ချန်အန်း " ချီချန်ယင်း၏အသံဟာ အစတည်းကအမြဲတည်ငြိမ်ပြီးခပ်တိုးတိုးဖြစ်သည်။


သို့ပေမယ့် သေချာနားထောင်ပါက အံအားသင့်နေဟန်ကို ဖုံးကွယ်ထားလေသည်။


ချီချန်အန်းက သူ့စိတ်ခံစားချက်တွေအားထိန်းထားရန်ကြိုးစားပေမယ့် သူအသံထဲ၌စိတ်လှုပ်ရှားနေတဲ့အရိပ်အယောင်အား မဖုံးထားနိုင်ပေ။ 


"ကော ကျွန်တော် တစ်ယောက်ယောက်ကို သဘောကျမိသွားပြီထင်တယ်"


ယခုလိုပြောလိုက်တော့ သူမျက်လုံးရှေ့က မြူခိုးများကင်းစင်သွားကာ သူမထိန်းနိုင်ဘဲ ပြုံးမိလိုက်လေသည်။


ဟုတ်တယ် သူ့ကိုချစ်မိသွားလေပြီ...။


ဖုန်း၏တခြားတဖက်ကချီချန်ယင်းကတော့ ခဏလောက်တိတ်သွားကာ "သူက ဘယ်လိုလူမျိုးလဲဆိုတာပြောပြလို့ရလား"


ချီချန်အန်းက အေးအေးလူလူ ထိုင်ခုံပေါ်မီလိုက်ကာ သူ့မျက်လုံးတွေက ရွှီလော့ယန်ရှိနေတဲ့အခန်းပြတင်းပေါက်ကိုသာစိုက်ကြည့်နေလျက် စကားလုံးတွေတောင်မှမစီနိုင်တော့။


"သူကအရမ်းနွေးထွေးတယ် သူနဲ့ရှိနေရရင်ပျော်တယ်၊သူကကျွန်တော်ကိုဆိုဂရုစိုက်တယ်၊ကျွန်တော်ကလည်း သူ့ကိုပြန်ပြီးဂရုစိုက်ပေးချင်တယ်၊သူ၀မ်းနည်းနေတာမျိုးမဖြစ်စေချင်ဘူး၊ဘယ်လိုပဲဖြစ်ဖြစ် သူခံစားနေရတာကိုမကြည့်ရက်ဘူး"


ချီချန်အန်းက မျက်လုံးကိုဖြည်းဖြည်းချင်းမှိတ်လိုက်ကာ


"သူပြုံးနေတာကိုမြင်ရတာသဘောကျတယ်၊သူပြုံးနေရင် ကျွန်တော်လည်းပျော်တယ်"


ချီချန်ယင်းက အရှေ့၌လက်မှတ်ထိုးရမည့်စာရွက်အထပ်လိုက်ဖြင့် ရုံးခန်းထဲထိုင်နေသည်။Montrealမှာနေ့ခင်းဖြစ်တာကြောင့် ပြတင်းပေါက်ကနေ မျက်စိကျိန်းလှသည့်နေရောင်အားလှမ်းကြည့်လိုက်ရင်း ရုတ်တရတ် နှလုံးသားထဲချဉ်စူးစူးဖြစ်သွားရသည်။


တစ်နေ့မှာ သူ့ညီလေးက စိုးရိမ်ပူပင်နေပြီး စိတ်လှုပ်ရှားတဲ့လေသံဖြင့်"ကော ကျွန်တော်တယောက်ယောက်ကိုသဘောကျမိသွားပြီထင်တယ်"လို့ပြောလာလိမ့်မည်ဟုမထင်ထားခဲ့ပေ။


သူမှတ်မိသလောက် ချီချန်အန်း ငယ်စဉ်တည်းကသူ့အမေကအတော်လေးနေမကောင်းဖြစ်နေတယ်လို့အမြဲပြောလေ့ရှိကာ အလစ်ဂျစ်လည်းရှိ၊ပန်းနာရင်ကျပ်ရောဂါကလည်းအတော်ဆိုးဆိုးရှိတာကြောင့်အိမ်၌မရှိတာများသည်။


ထို့ကြောင့် သူနေတဲ့နေရာကိုတင်းကျပ်ထားပြီး ပိုးသတ်ထားကာ မည်သူမျှ၀င်ခွင့်မပြုခဲ့ပေ။အသက်၅နှစ်အရွယ်၌ နေမကောင်းတာဖြစ်တာပိုမိုဆိုးဝါးလာကာ နေ့တိုင်းအောက်ဆီဂျင်လိုအပ်လာပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုတောင်မှမလုပ်နိုင်တော့ဘဲ တစ်ခါတစ်လေအောက်ဆင်းလာရင်တောင်မှweelchairဖြင့်ဖြစ်သည်။


သူက သူ့ညီလေးထက်၆နှစ်ကြီးကာ သူ၇နှစ်တောင်မပြည့်သေးခင်အချိန်မှာဘဲနိုင်ငံခြား၌ ဘော်ဒါကျောင်းသွားတတ်ရန်စေလွှတ်ခံလိုက်ရသည်။သူမှတ်မိနေတာတစ်ခုတည်းက သူညီလေးက အိပ်ရာထဲလှဲနေရပြီး ထမင်းတောင်ကျွေးလို့မရသဖြင့် နှာခေါင်းပိုက်တပ်ထားရကာ အောက်ဆီဂျင်တပ်ထားရပြီး သူနားအလွယ်တကူကပ်လို့မရပေ။


သူ့အမေရဲ့ ဥယျာဉ်ထဲမှာပွင့်နေတဲ့နှင်းဆီပန်းတစ်ပွင့်ကို ခူးပြီး ချီချန်းအန်းကိုသွားပြတော့တောင်မှ သူအမေကနေအော်ဟစ်ငိုယိုပြီး ညီလေးကိုသတ်နေတာလားဟုပြောခဲ့တာကို သူအသေအချာကြီးမှတ်မိနေသေးသည်။


ထိုအချိန်ကစပြီး သူဒီလိုမျိုးထပ်ပြီးမလုပ်ရဲတော့ပေ။သူကအစ်ကိုကြီးဖြစ်တာကြောင့် ညီလေးကိုကာကွယ်စောင့်ရှောက်ပေးရမယ့်တာ၀န်ရှိလေသည်။


သူဘာဆိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဆိုတာကို နောက်တော့မှသိလာရသည်။


"ကော" 


ချီချန်အန်းရဲ့အသံကဖုန်းထဲကနေထွက်လာကာ "နားထောင်နေရဲ့လား"


ချီချန်ယင်းက သူမမြင်ရဘူးဆိုတာကိုသိပေမယ့်လည်းခေါင်းညိတ်လိုက်ကာ "ကော နားထောင်‌နေတယ်၊သူက.....ရွှီလော့ယန်မှတ်လား "


သူက ချီချန်အန်းသတင်းတွေကိုအချိန်ပြည့်နားစွင့်ထားတာကြောင့် 'ချီချန်အန်း' နဲ့ 'ရွှီလော့ယန် အမည်နာမနှစ်ခုက အမြဲတပူးပူးတတွဲတွဲဖြစ်နေတာကိုသိထားသည်။


" ကော သိတယ်ပေါ့" ချီချန်အန်းပြုံးနေကြောင်းအသံကိုနားထောင်ရုံဖြင့်သိနိုင်၏။ 


" သူပဲလေ "


" ချန်အန်း မင်းသူနဲ့ရင်းရင်းနှီးနှီးနေတာကိုလက်ခံနိုင်လား "


"အင်း လော့ယန်ဖြစ်နေသ၍ အဆင်ပြေတယ် "


ချီချန်အန်းက ခဏလောက်ရပ်‌လိုက်ပြီးတော့မှ " သူနဲ့ပူးကပ်နေရတာကိုသဘောကျတယ်၊ သူရဲ့အနွေးဓာတ်က အရမ်းသက်တောင့်သက်သာဖြစ်စေတယ် "


ချီချန်ယင်းရဲ့မျက်လုံးတွေ နည်းနည်းတောင်ကျိန်းစပ်လာရပြီး ထိုင်ခုံကနေထလိုက်ကာ မှန်အပြည်ဖြင့်ပြတင်းပေါက်နား၌ရပ်လိုက်ကာ စိတ်ရှည်လက်ရှည်ထပ်မေးသည်။


"ပြီးတော့ သူကကောမင်းကိုသဘောကျရဲ့လား၊မင်းရဲ့ခံစားချက်တွေကိုကော သူ့ကိုပြောပြချင်လား "


"ကျွန်တော် သူ့ကိုပြောမှာမဟုတ်ဘူး " 


ယခုတစ်ကြိမ် ပြန်ဖြေတာမြန်လှပြီး ချီချန်အန်း၏အသံကသိသိသာသာကိုတည်ငြိမ်သွားကာ "သူက ကျွန်တော်ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ပဲမြင်တာ "


" မင်းအတွက်ခက်ခဲမနေဘူးလား "


" မဟုတ်ဘူး "ချီချန်အန်းက ခဏလောက်စဉ်းစားလိုက်ပြီး "ကော ဒီလိုခံစားချက်မျိုးခံစားဖူးလား၊မင်းရဲ့နှလုံးသားထဲမှာပေါက်နေတဲ့ ပျိုးပင်လေးတစ်ပင်လိုပဲ မင်းဂရုစိုက်တယ်၊ရေလောင်းပေးတယ်၊ကြီးထွားလာတာကိုကြည့်ပြီး စိတ်ကျေနပ်တယ် ဒါပေမယ့် မထိရဲဘူး"


ချီချန်ယင်းက ခဲရာခဲစစ်မေးလိုက်သည်။ 


"ဘာလို့မပြောရဲတာလဲ"


"ဘာလိုလဲဆိုတော့ သူနာကျင်ရမှာစိုးလို့" 


ခါးသက်သက်အပြုံးတစ်ခုက ချီချန်အန်း ပါးစပ်ထောင့်၌ဖြစ်ပေါ်လာကာ " သူကြောက်သွားလိမ့်မယ် "


လွန်ခဲ့တဲ့၁၄နှစ်တာကာလပတ်လုံးရဲ့ ရန်သူကသူကိုယ်တိုင်သာဖြစ်လေသည်။သူက တင်းတင်းဆွဲထားတဲ့ကြိုးတန်းပေါ်လမ်းလျှောက်နေရကာ သူပုံမှန်အပေါ်ယံအသွင်အပြင်ကိုထိန်းထားရန်အတွက် အခရာကိုအတော်ရှာခဲ့ရသည်။


သို့သော် အတွင်း၌လောဘကအတောမသတ်နိုင်ကာ၊တဖြည်းဖြည်း ရစ်ပတ်လာတဲ့တောင့်တမှုတွေ၊ဖျောက်ဖျက်လို့မရတဲ့ မုန်းတီးမှုတွေကြောက်ရွံမှုတွေဖြင့် သိမ်ငယ်လာရသည်။


ပြီးတော့ ရွှီလော့ယန်က လှပလွန်းတာကြောင့် ပိုင်ဆိုင်ရဖို့အတွက် မဖြစ်ဖြစ်တဲ့နည်းအားလုံးသုံးပြီး လုယူပစ်လိုက်ချင်၏။


ဒါပေမယ့်...သူဒီလိုမျိုး မလုပ်နိုင်ဘူး။


ချီချန်အန်းရဲ့စကားတွေကိုနားထောင်နေရတာက ချီချန်ယင်းအတွက် နှိက်စက်ခံ‌နေရသလိုပင်၊လွန်ခဲ့တဲ့၁၄နှစ်က ချီချန်အန်းကိုတစ်ဖန်ပြန်လည်မြင်ယောင်သွားရသည်။


သူ့အရှေ့မှာခြေဖလာဖြင့်ရပ်နေကာ ဖျော့တော့နေတဲ့မျက်နှာ စိုးရိမ်‌တကြီးဖြစ်နေသည့်မျက်လုံးများဖြင့်


"ကော ကျွန်တော်ကိုယုံ၊ ကျွန်တော်နေမကောင်းဖြစ်မနေပါဘူး တကယ့်ကို နေမကောင်းဖြစ်မနေပါဘူး"


မျက်လုံးတွေကိုမှိတ်လိုက်ကာ ချီချန်ယင်းက အလေးအနက်ထားပြောလိုက်သည်။ 


"မင်းဘယ်လိုပဲဆုံးဖြတ်ချက်ချချ ကောက မင်းဘက်ကနေအမြဲရပ်တည်ပေးမယ်"


ချီချန်အန်း အခန်းထဲပြန်ရောက်တော့ တစ်နာရီထိုးနေပြီဖြစ်သည်။ သူက ဂျာကင်ရဲ့ကြယ်သီးကိုဖြုတ်ဖို့ပြင်နေတုန်း တံခါးခေါက်သံကိုကြားလိုက်ရသည်။ သူကအသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။


" လော့ခ်မချထားဘူး "


သူပြောပြီးတာနှင့်တပြိုင်နက် သစ်သားတံခါးက ပွင့်လာရပြီး အမွှေးပွ၀က်ရုပ်တစ်ခုပေါ်လာကာ ရွှီလော့ယန်ကအသံတုဖြင့် " ကောင်းသောညပါလို့ ပြောဖို့ရောက်လာတာပါ"


ထို့သို့ပြောပြီးနောက် ၀က်အော်သံနှစ်သံ အတုခိုးလုပ်လိုက်ပေမယ့် တကယ်တမ်း အသံကမတူပေ။


ချီချန်အန်းက ရယ်ချင်သွားရပြီး "မင်းကဒီရောက်နေတော့ မင်းရဲ့သခင်ကဘယ်မှာလဲ"


" ဒီမှာ " ရွှီလော့ယန်က သူကိုယ့်သူတံခါးကြားထဲအမြန်တိုး၀င်လိုက်ကာ သူရှိနေကြောင်းပြလိုက်သည်။


သူကညအိပ်၀တ်စုံလဲထားပြီးပြီဖြစ်ကာ ကုတင်အစွန်း၌အေးဆေးထိုင်လိုက်ကာ ချီချန်အန်းအားမော့ကြည့်လိုက်သည်။ 


"မင်း အပြင်သွားတာကြာလှပြီ မအေးဘူးလား'


ပြောပြီးတာနဲ့ ချီချန်အန်းရဲ့လက်ဖမိုးအားကိုင်လိုက်တော့ ချက်ချင်းမျက်လုံးပြူးသွားရသည်။ 


" အေးလိုက်တာ "


ချီချန်အန်းကလှုပ်ပင်မလှုပ်ဘဲ "အင်း နည်းနည်းအေးတယ် ကိိုယ်တို့ဘယ်လိုလုပ်ရမလဲ"


ရွှီလော့ယန်က ထောင်ချောက်ကိုသတိမထားမိဘဲ အမွေးပွ၀က်ရုံအားဘေးပို့လိုက်သည်။


ချီချန်အန်းလက်ကိုကိုင်လိုက်ကာ သူလည်ပင်းပေါ်တိုက်ရိုက်တင်လိုက်ပြီးပြုံးလိုက်ကာ " မင်းကိုနွေးအောင်လုပ်ပေးမယ် "


သူလက်ဖဝါးကနေတဆင့် ခံစားနေရတဲ့ အနွေးဓာတ်ကြောင့် ချီချန်အန်းကနောင်တရသွားရသည်။


ဘယ်လိုလုပ်ရမလဲ သူစွဲလမ်းနေပြီ....။


ရွှီလော့ယန်က တစ်ခုခုဖြစ်နေတာကိုသတိမထားမိဘဲ သူ့ကိုယ်နေဟန်ထားကိုထိန်းလိုက်ကာ ပြောလိုက်သည်။


" မှန်တယ် မင်းမရှိတုန်း ဒါရိုက်တာကျန်းကလာပြောသွးတယ်၊ရက်အနည်းအတွင်း ရင်းနှီမြှပ်နှံသူတွေလာလိမ့်မယ်၊ရိုက်ကူးရေးတဖွဲ့လုံး ညစာကျွေးဖို့ဖိတ်ထားတယ် "


" ရင်းနှီးမြှပ်နှံသူတွေလား "


 ချီချန်အန်းက ပြန်တွေးလိုက်ပြီး မသေချာမရေရာဖြင့် " Spireကလူနှစ်ယောက်လား၊သူတို့က... "


" ၀မ်လင်းရှန်းနဲ့ဟယ့်ဝေဖုန်းလား "


သူတို့ရဲ့နာမည်တွေကိုမှတ်မိသွားတော့ ရွှီလော့ယန်က ချီချန်အန်းကိုသတိပေးလိုက်ကာ ပြောလိုက်မိလေသည်။


"အဲ့ဒီက ဗုဒ္ဓနံရံကျော်တက်ဟင်း Buddha Jumping over the wallက တကယ်စားကောင်းတယ် "


ချီချန်အန်းက ရီလိုက်ကာ "ဒါဆို နောက်တစ်ခေါက်Bမြို့ကိုသွားရင် ကိုယ်တို့အဲ့ဒီကိုပြန်သွားကြအောင်"


"ဟုတ်တယ်" ရွှီလော့ယန်ရဲ့ မျက်လုံးတွေကလက်ခနဲဖြစ်သွားပြီး အတော်လေးပျော်သွားပုံရသည်။


"ကိုယ် မင်းကို၀ယ်ကျွေးမယ်၊မင်းလည်း ကိုယ်ကိုပြန်၀ယ်ကျွေး၊အဲ့ဒါဆို ကိုယ်တို့ နှစ်ခါဆက်တိုက်တောင်စားလို့ရပြီ"


"ဟုတ်ပြီ အဲ့ဒါဆိုလည်းဒိတ်တာပေါ့"


ပထမဆုံးရက်အနည်းငယ်လောက်ရင်းနှီးမှုယူပြီးတဲ့နောက်မှာတော့ ရိုက်ကူးရေးအဖွဲ့ကအရှိန်အဟုန်ပြင်းပြင်းဖြင့် စတင်အလုပ်လုပ်တော့သည်။


ဒါရိုက်တာကျန်းက မိုက်ခရိုဖုန်းနဲ့ ဒီနေရိုက်ကူးရေးစောစောသိမ်းကာ 5နာရီခွဲGrand Hotelမှာလူစုကြမယ်ကြေညာလိုက်တော့ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး ပျော်ရွင်စွာ အော်ဟစ်လိုက်ပြီး အလင်းအမှောင်ချိန်ရတဲ့အဖွဲ့က "ဒါရိုက်တာကျန်း ကိုအချစ်ဆုံးပဲ"ဟုအော်လိုက်လေသည်။


ဒါရိုက်တာကျန်းကမကြားချင်ယောင်ဆောင်လိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး "ငါတို့ရဲ့ ဆောင်ပုဒ်ကဘာလဲ"


အလင်းအမှောင်ချိန်ရတဲ့အဖွဲ့ကအကျယ်ဆုံးဖြစ်ကာ ချက်ချင်းပြန်ဖြေလေသည်။ 


"ရင်းနှီးမြှပ်နှံသူတွေ ညစာကျွေးဖို့လာတော့ အခွင့်ကောင်းယူရမယ်"


ပတ်၀န်းကျင်လေထုက ရီသံများကြောင့်ပေါ့ပါးသွားရသည်။


လွန်ခဲ့တဲ့၁၀ရက်အတွင်း သွားတဲ့အရှိန်ကအတော်လေးမြန်လေသည်။အရင်ဆုံး အမျိုးသားဇာတ်ဆောင်နှစ်ယောက်ဖြစ်သည့် ချီချန်အန်းနဲ့ရွှီလော့ယန်က မနက်၈နာရီမှညနေ၆နာရီအထိရိုက်ကူးရပြီး ညဖက်ရိုက်ရမည့်အခန်းများပါ ပါက အချိန်ပိုအလုပ်လုပ်ရသည်။ရိုက်ကူ‌ရေးအဖွဲ့ရဲ့အချိန်ဇယားကပုံမှန်မဟုတ်၊ရိုက်ကွင်းက ရှုပ်ပွနေပြီး လက်ထောက်ဒါရိုက်တာကတခြားအခန်းကိုရိုက်ကူးနေတတ်တာကြောင့် နှစ်ယောက်သား သွားလိုက်ပြန်လိုက်ဖြစ်နေသည်။


ထို့ကြောင့် လူအုပ်ကြီးကGrandဟိုတယ်ကိုရောက်သွားတော့ ဆာလောင်နေတဲ့ဝံပုလွေများကဲ့သို့ ဆတ်ဆတ်ထိမခံဖြစ်နေကြ၏။


သူတို့ထိုင်ပြီးမိနစ်ပိုင်းလောက်ကြာတော့ ၀မ်လင်းရှန်း၊ဟယ့်ဝေဖုန်းနှင့်မျက်မှန်တပ်ထားတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦး အတူ၀င်လာကြသည်။


ဒါရိုက်တာကျန်းက ယခုလိုမျိုးပွဲတွေနှင့်ရင်းနှီးပြီးသားလူဖြစ်တာကြောင့် ထပြီးနှုတ်ဆက်လိုက်သည်။


"၀မ်လူကြီးမင်း၊ဟယ့်လူကြီးမင်း၊ကျောက်လူကြီးမင်း မတွေ့တာကြာပြီ"


အာလာပသလာပ ပြောပြီးနောက် သူတို့နှစ်ယောက်ဖြင့် ဒါရိုက်တာကျန်းကမိတ်ဆက်ပေးပြီး နှစ်ဦးသားလက်ဆွဲနှုတ်ဆက်ရမယ့်အချိန်ကိုရောက်တော့ ၀မ်လင်းရှန်းနှင့်ဟယ့်ဝေဖုန်းက ရွှီလော့ယန်နှင့်သာလက်ဆွဲနှုတ်ဆက်လိုက်ကာ ချီချန်အန်းကိုမူခေါင်းသာညိတ်ပြလေသည်။ကြည့်ရတာSpire Clubမှာနောက်ဆုံးအကြိမ်ကဖြစ်ပျက်သွားတာတွေကိုသတိရသွားလို့ဖြစ်မည်။ကျောက်ရှန်းဇီက ယင်းကိုမြင်ပြီး နည်းနည်းစိတ်ပျက်သွားပေမယ့် လက်မကမ်းရဲပေ။


ချီချန်အန်းက ရွှီလော့ယန်ကြောင့်သာ ညစာစားပွဲကိုလာတာဖြစ်ပြီး လူ၃ယောက်ကို နှုတ်ဆက်သည့်အနေဖြင့် အေးတိအေးစက်ခေါင်းသာညိတ်ပြလိုက်၏။


ဒါရိုက်တာကျန်းနှင့်ထုတ်လုပ်သူတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဘာမှထူးထူးဆန်းဆန်းသတိမထားမိသလို ဟန်ဆောင်နေကြသည်။


သီးသန့်ခန်းကကျယ်ပြီး လူဆယ်ယောက်လောက်ဆန့်တဲ့စားပွဲဝိုင်းကြီးရှိကာ ဇာတ်ညွှန်းရေးဆရာ၊လက်ထောက်ဒါရိုက်တာနဲ့ထုတ်လုပ်သူများထိုင်‌နေကြသည်။သူတို့တူတွေကိုစပြီးလှုပ်ရှားလိုက်တာနှင့်တပြိုင်နက် ဒါရိုက်တာကျန်းအချက်ပြစရာတောင်မလိုဘဲ ရွှီလော့ယန်ထပြီး အရင်ဆုံးသူပြောလိုက်တာက


"ကျွန်တော့် လုပ်ဖော်ကိုင်ဖက်ရဲ့အစာအိမ်ကသိပ်မကောင်းဘူး၊ဒါကြောင့် သူ့အစားကျွန်တော်သောက်ပေးမယ်"လို့ပြောပြီး ဝိုင်ဖြူတစ်ခွက်ကိုသောက်လိုက်သည်။


နောက်ပြီး ရွှီလော့ယန်က တစ်ယောက်ပြီးတစ်ယောက်နှင့် စူးရှရှဝိုင်ဖြူတစ်ခွက်စီ လိုက်လံသောက်ပေးနေသည်။သူ့မျက်နှာပေါ်ကအပြုံးကတစ်ချက်လေးတောင်မပျက်သွားခဲ့၊ နောက်ဆုံး ဒါရိုက်တာကျန်းနှင့်အတူသောက်ချိန်မှာတော့ ဒါရိုက်တာကျန်းကတိုးတိုးလေးမေးလေသည်။


 "တောင့်ခံနိုင်သေးလား၊ကျန်းသုန့်ကမလာနိုင်လို့ မင်းကိုကြည့်ပေးဖို့အကူညီတောင်းထားတယ်"


ရွှီလော့ယန်ကမျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး နောက်ထပ်ဝိုင်ဖြူအပြည့်ပါတဲ့ခွက်အားသောက်လိုက်ပြီး ပြောင်သလင်းခါနေတဲ့ခွက်ကိုပြလိုက်သည်။


သူမင်းသားစဖြစ်ခါစတုန်းက သူရဲ့ကြော်ညာတွေနဲ့ဇာတ်ကောင်တွေကို အရက်သောက်ပြီးညှိနှိုင်းခဲ့ရတာဖြစ်သည်။အခုသူ့မှာ ထင်ရှားကျော်ကြားတဲ့ဇာတ်ကားတွေအပြင် နာမည်လည်းကြီးလာပြီဖြစ်တာကြောင့် စစချင်းတုန်းကလို မခက်ခဲတော့၊သို့သော် သူတို့အားလုံးပဲသိသည့်စည်းမျည်းများလည်းရှိသေးသည်။သူက ဤအသိုင်းအဝိုင်းထဲကဖြစ်တာကြောင့် အပေးအယူတော့ရှိရမည်။


တစ်ချီလောက်သောက်ပြီးနောက် ရွှီလော့ယန်ရဲ့ မျက်နှာကနည်းနည်းနီမြန်းလာပေမယ့် မျက်လုံးတွေကကြည်လင်နေဆဲဖြစ်သည်။သူပြန်ပြီးခုံမှာထိုင်လိုက်တော့ ချီချန်အန်းက စိုးရိမ်တကြီးဖြင့် သူကိုကြည့်နေတာသတိထားမိပြီး တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေဖြင့် ပြုံးသာပြနိုင်လေသည်။


စိတ်ပူနေမှာကိုတွေးမိပြီး စားပွဲအောက်ကနေသူမမူးသေးဖူးဆိုတဲ့အကြောင်း လက်ဟန်ပြလိုက်၏။


ချီချန်အန်းက စိတ်အေးသွားရသည်။သူက ရွှီလော့ယန်ခွင့်ပြုချက်မရှိဘဲနှင့် သူ့ကိစ္စတွေကိုကိုင်တွယ်တဲ့နေရာမှာ၀င်ပြီးစွတ်ဖက်မှာမဟုတ်ပေ။မဟုတ်ရန် ရွှီလော့ယန်ကိုအရက်သောက်တာကိုရှောင်ရှားရန် ချီမိသားစုရဲ့မိသားစု၀င်ဖြစ်တဲ့ သူရဲ့အဆင့်အတန်းကို အသုံးပြုခွင့်ပေးလို့ရသည်။ 


ပြီးတော့ ရွှီလော့ယန်က ဤအသိုင်းအဝိုင်းထဲ၌ ဘယ်လိုရှင်သန်ရမလဲပိုပြီးသိနေမည်မှာ အသိအသာကြီးဖြစ်သည်။


ချီချန်အန်းက သူ့ပန်းကန်ထဲထည့်ထားတဲ့ဟင်းတွေအကုန်စားပြီးတာနှင့် ဒါရိုက်တာကျန်းကအာရုံလွှဲအောင်ပြောနေတဲ့စကားဝိုင်းထဲနားထောင်ပြီး တစ်ခါတစ်လေ ပြန်ဖြေနေသည်။


စားပွဲပေါ်မှာတည်ခင်းထားတဲ့ဟင်းပွဲတွေကိုသေချာလေးကြည့်ပြီးနောက် ချီချန်အန်းနားကိုကပ်ပြီး မေးလိုက်သည်။


 "မင်း ဒီဟင်းတွေကိုမကြိုက်ဖူးမလား၊ဒါပြီးရင် တခြားစားကောင်းတာတစ်ခုခု သွားစားရအောင်"


"အင်း ကောင်းပြီလေ"


 ရွှီလော့ယန်စကားကိုနားထောင်ပြီးနောက် ချီချန်အန်းက သူ ဒါကိုစောင့်မျှော်နေတာဖြစ်ကြောင်း သူ့ကိုယ်သူသိသွားရသည်။


နောက်ပိုင်း လက်ထောက်ဒါရိုက်တာနှင့်ပရိုဂျူဆာက ခွက်ချင်းတိုက်ဖို့ထရပ်လိုက်တာကြောင့် ရွှီလော့ယန်ကဆက်ထိုင်နေလို့မရတော့ပေ။သူလည်းအရက်ခွက်ဖြင့် လိုက်တိုက်ရတော့သည်။


ည6နာရီလည်းခွဲတွင် ၀မ်လင်းရှန်းနဲ့တခြားနှစ်ယောက်ကအစောကြီးပြန်သွားတာကြောင့် ဒါရိုက်တာကျန်းနဲ့ပရိုဂျူဆာကလိုက်ပြီးပို့လေသည်။လက်ထောက်ဒါရိုက်တာကချန်ကျန်းကို တခြားstaffတွေရှိတဲ့သီးသန့်ခန်းသို့စကားပြောရန်ခေါ်သွားလေသည်။မသွားခင်ဒါရိုက်တာကျန်းက ရွှီလော့ယန်အရက်သောက်ပြီးလို့နေမကောင်းရင် သူတို့အိမ်ကိုအရင်ပြန်ပြီးနားနှင့်ဖို့ မှာခဲ့လေသည်။မနက်ဖြန်ရိုက်ကူးရေးအဖွဲ့ရဲ့နားရက်ဖြစ်တာကြောင့် သူတို့ရဲ့ကိုယ်ပိုင်အချိန်ကို လွတ်လွတ်လပ်လပ် စီစဉ်နိုင်သည်။


ချီချန်အန်းနှင့်ရွှီလော့ယန် နှစ်ယောက်ထဲ သီးသန့်ခန်းထဲ၌ကျန်ခဲ့လေသည်။


"လော့ယန် "


စက္ကန့်ပိုင်းလောက်ကြာတော့ ရွှီလော့ယန်က မူးနေတဲ့ပုံစံဖြင့်ထထိုင်လိုက်ကာ ဘာမှပြန်မပြောတာကြောင့် ရွှီလော့ယန်မူးနေပြီဖြစ်ကြောင်း ချီချန်အန်းသိလိုက်သည်။သူထပြီး တံခါးနားကိုသွားကာ စားပွဲထိုးကိုအမူးပြေအောင် လက်ဖက်ရည်ယူလာခိုင်းလိုက်သည်။


သီးသန့်ခန်းရဲ့တံခါးပိတ်ပြီး ပြန်လာတော့ ရွှီလော့ယန်က သူ့ဖုန်းဖြင့်ဖုန်းခေါ်နေတာကိုတွေ့လိုက်ရသည်။တစက္ကန့်လောက်အကြာတွင် သူ့ဖုန်းကတုန်ခါလာသည်။


ဖုန်းဖြေတဲ့ခလုတ်ကိုနှိပ်လိုက်ကာ တံခါးနား၌မလှုပ်မယှက်ရပ်နေပြီး သူမျက်လုံးတွေကရွှီလော့ယန်ကိုသာစိုက်ကြည့်နေခဲ့သည်။ထိုအချိန်၌ ရွှီလော့ယန်က သားရေကုလားထိုင်ကိုခေါင်းမှီထားပြီး မျက်လုံးတွေကရီဝေဝေဖြစ်နေသည်။ဖုန်းထဲကနေဗလုံးဗထွေးအသံထွက်လာကာ သူကြည့်ရတာစိတ်တိုနေပုံရသည်။


"ချန်အန်းကော ကျွန်တော်မူးနေတယ် "


"ဟင်း...မင်းနေလို့မကောင်းဘူးလား "


ချီချန်အန်းက ရွှီလော့ယန်ကိုသာစိုက်ကြည့်နေပြီး သူ့အသံကိုထိန်းလိုက်သည်။


"ကျွန်တော် နေ့လို့မကောင်းဘူး၊အန်ချင်တယ် မူးနေပြီ "


ပြီးနောက် ရွှီလော့ယန် လက်ဖြင့်သူ့နဖူးကိုပွတ်သပ်နေတာကို ချီချန်အန်းတွေ့လိုက်သည်။သူနဲ့နီးနေ‌တာကြောင့် နားထဲအသံကနှစ်ထပ်ဖြစ်နေသည်။


"မင်း ကျွန်တော်ကိုလာကြိုပေးလို့ရမလား၊မူးနေပြီး မင်းမလာရင် ကျွန်တော်လုပ်နိုင်တာ"ဟုရေရွတ်လိုက်ပြီးမှ


 "ကျွန်တော်လုပ်နိုင်တာက ဘာပါလိမ့်၊အော်...ဟုတ်ပြီး ကျွန်တော်ပန်းခြံထဲမှာပဲအိပ်စရာရှိတော့တယ်" 


ထိုသို့ပြောရင်း သူ့ကိုယ်သူ ကျေနပ်ပြိး ရယ်နေသေးသည်။


ချီချန်အန်းက လက်ထဲ၌ဖုန်းကိုင်ထားဆဲဖြစ်ပြီး မချလိုက်ဘဲစားပွဲဝိုင်းဆီလျှောက်သွားလိုက်ကာရွှီလော့အရှေ့မှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး " လော့ယန် ကိုယ် မင်းကိုလာခေါ်တာလေ "


ရွှီလော့ယန်က တုန့်ပြန်တာနှေးကွေးလှသည်။သူမော့ပြီးချီချန်အန်းကို အကြာကြီးကြည့်နေသည်။ပြီးမှရုတ်တရတ်အံအားသင့်သွားသည်ပုံဖြင့်မေးလေသည်။ 


"ဒီကိုပျံပြီးလာတာလား၊မဟုတ်သေးပါဘူး၊ဟိုတယ်ကနေပျံလာရင်လည်းဒီလောက်မမြန်ပါဘူး "


ခက်ခက်ခဲခဲစဉ်းစားပြီးတော့မှ "မင်း ငါ့ကိုteleportနည်းနဲ့လာခေါ်တာလား"


ပြောပြီးနောက် သူ့ဘာသူ သေချာနေသည့်ပုံဖြင့် ခေါင်းတညိမ့်ညိမ့်ကလုပ်နေသေးသည်။


"အင်း ကိုယ် teleportနည်းလာခဲ့တာ"


 ရွှီလော့ယန်က ရုတ်တရပ်ထရပ်လိုက်တော့ ချီချန်အန်းကကူထိန်းပေးမလို့လုပ်လိုက်ပေမယ့် သူခြေထောက်တွေယိုင်ပြီး ရှေ့ကိုဆတ်ခနဲလှမ်းလိုက်ရသည်။


သူကိုလှမ်းဆွဲဖို့လုပ်နေတုန်း ရွှီလော့ယန်ကသူနားအနားကပ်ကာတိုးတိုးလေးလာပြောတာကို ချီချန်အန်းခံစားလိုက်ရသည်။


"ချီချီ မင်းကအရမ်းကြည့်ကောင်းတာပဲ"


"ချီချီ ဟုတ်လား"


"အင်း ချီချီ "


ရွှီလော့ယန်က မျက်ခုံးတွေကွေးသွားသည်အထိ တောက်ပစွာပြုံးပြကာ "မင်းကအတော်လေးကြည့်ကောင်းတယ်၊ ကျွန်တော်ထက်နည်းနည်းလေးပဲကြည့်ရဆိုးတယ်" 


သူကပြောနေရင်း 'နည်းနည်း'ဆိုတာအား လက်ကိုမြှောက်ပြီး လက်သည်းခွံတစ်၀က်လောက်ဟုလုပ်ပြလေသည်။


ချီချန်အန်းက ဘာမှမတတ်နိုင်တာကြောင့် "ဟုတ်တယ် မင်းကပိုပြီး ကြည့်ကောင်းတယ်"


_


Translated By IQ-Team.