🐹အခန်း ၁၀၆ (အချပ်ပို ၁)
ကာကွယ်ဆေး ပေါ်ထွက်လာခြင်း
ဆာ့သ်၏ သေဆုံးမှုကြောင့် ကမ္ဘာကြီး၏ အကြီးမားဆုံး ခြိမ်းခြောက်မှုသည် မရှိတော့ပေ။ မဟာမိတ်၏ စစ်ကူများနှင့် လူသားများ၏ ကြိုးစားအားထုတ်မှုများကြောင့် ဇွန်ဘီများမှာ ဖြေးဖြေးချင်း ရှင်းလင်းခံရပြီး ကမ္ဘာကြီးသည် စတင်၍ ပြန်လည်ထူထောင်လာနိုင်ခဲ့သည်။
ရှောင်ဝူယိထံတွင် ဆာ့သ်၏ သုတေသန ပစ္စည်းအားလုံး လက်ဝယ်ရှိထားသည်။ တင်းကြပ်စွာ စစ်ဆေးပြီးနောက် တန်ဖိုးရှိပြီး အန္တရာယ်မရှိသော အရာများအား ခွဲခြားလိုက်နိုင်သည်။
ဆာ့သ် ကျန်ရစ်ခဲ့သည့် ဖိုင်အပိုင်းအစများမှ သတင်းအချက်အလက် နေရာပေါ်မူတည်ကာ ရှောင်ဝူယိ၊ နျဲ့ရှောင်နှင့် အခြားသူများသည် နေရာလွတ်အတွင်းသို့ ခေါက်တုံ့ခေါက်ပြန် သွားလာခဲ့ပြီး တစ်ခါက ဆာ့သ်၏ လျှို့ဝှက်သုတေသနများ လုပ်ဆောင်ခဲ့သော ဂြိုလ်သို့သွားကာ ခိုးကြောင်ခိုးဝှက်ဖြင့် ဆာ့သ်၏ သုတေသနအခန်းထဲမှ အချက်အလက်များအား အန္တရာယ်မရှိသည့် နေရာသို့ ပြောင်းရွှေ့ခဲ့သည်။
တစ်ချိန်တည်းမှာပင် နျဲ့ရှောင်၊ မော့ယန်နှင့် အန်းယိ၏ အကူအညီဖြင့် အခြေစိုက်သုတေသနစခန်းအား အတုပြုလုပ်ကြပြီး အခြားသူများသည် သူတို့၏ လှုပ်ရှားမှုများမှ မည်သည့်သဲလွန်စကိုမှ မရခဲ့ပေ။
ထို့နောက် သူတို့ ဖန်တီးပြုလုပ်ထားသော အစီအစဥ်များအောက်တွင် ဆာ့သ်၏ သုတေသနအခြေစိုက်စခန်းအား မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး အချက်အလက်များသည် ဒေါက်တာဝေ့နှင့် သုတေသနပညာရှင်များထံ ရောက်ရှိသွားသည်။ ထိုအချက်အလက်များဖြင့် ဇွန်ဘီဗိုင်းရပ်အပေါ် သုတေသနလုပ်ခြင်းသည် ပိုမိုမြန်ဆန်သော စနစ်အား ဖွင့်လိုက်ပုံပေါ်ကာ လုပ်ငန်းစဥ်မှာလည်း လျင်မြန်လာသည်။
ဒေါက်တာဝေ့နှင့် အခြားသူများသည် သုတေသနအချက်အလက်များအား ကြည့်သောအခါ အချို့ပျောက်ဆုံးနေသော အပိုင်းများရှိသည်ဟု ရှာတွေ့ခဲ့သော်လည်း ဆာ့သ်၏ ဓါတ်ခွဲခန်းထဲတွင် မည်သည့်တစ်စုံတစ်ယောက်၏ သဲလွန်စကိုမှ မရှာနိုင်ခဲ့ပေ။ ၎င်းသည် ဆာ့သ်မှ ကျန်နေသည့် အချက်အလက်များအား သူနှင့်အတူ ယူဆောင်သွားပြီး ကြီးမားသောပေါက်ကွဲမှုဖြင့် သူ၏သေဆုံးမှုမှ အချက်အလက်အား ဖျက်ဆီးပစ်ခဲ့သည်ဟုသာ ယူဆခဲ့ကြသည်။
ယခုအချိန်မှစ၍ ကမ္ဘာပျက်ကပ် ဖြစ်ပွားစေသော အဓိကအကြောင်းအရင်းဖြစ်သည့် "ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်စ်" သည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်စွာရှိနေလိမ့်မည်။ ဤကမ္ဘာပေါ်တွင် ၎င်းအား ပြန်လည်ဖန်တီးနိုင်မည့် ဒုတိယလူတစ်ဦး မရှိတော့ဘဲ အခြားမည်သူမျှ ဆာ့သ်၏ အစစ်အမှန် ရူးသွပ်မှုနှင့် ဖျက်ဆီးနိုင်စွမ်းရှိသော ဖန်တီးမှုသုတေသနအား သိနိုင်မည်မဟုတ်ပေ။
ထပ်လဲလဲ ပြန်ဖြစ်နိုင်သည့် ဘေးအန္တရာယ်အား ရှောင်ဝူယိ၊ နျဲ့ရှောင်နှင့် ဦးလေးများမှ အစပျိုးရာအရပ်တွင်ပင် အပြီးတိုင် သတ်ပစ်ခဲ့သည်။
နောက်ဆုံးတွင် ဒေါက်တာဝေ့၊ ပိုင်ယွဲ့နှင့် မဟာမိတ်မှ သုတေသနပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု အကျိုးဆက်ဖြင့် ဇွန်ဘီဗိုင်းရပ်စ်အား ဆန့်ကျင်နိုင်သော ကာကွယ်ဆေးသည် နှစ်နှစ်ကြာပြီးနောက် ပေါ်ထွက်လာခဲ့သည်။ မူလရောဂါကာကွယ်နိုင်သည့်အရာမှာ ဇွန်ဘီဘုရင်ပိုင်မေ့၏ ခန္ဓာကိုယ်မှဖြစ်ပြီး ထိုအရာအား ပုံတူပွားခဲ့ကြသည်။
ကာကွယ်ဆေးထုတ်လုပ်မှု အောင်မြင်သည့်သတင်း ထွက်ပေါ်လာသောအခါ ကမ္ဘာတစ်ဝန်းမှလူများ စိတ်လှုပ်ရှား၍ အားပေးခဲ့ကြသည်။ ထိုညတွင် ဘေးအန္တရာယ်ကျရောက်နေသော ဂြိုလ်များနှင့် မဟာမိတ်တစ်ခုလုံးမှ လူများသည်လည်း ထိုသတင်းကြောင့် အောင်ပွဲခံ၍ အော်ဟစ်ခဲ့ကြသည်။
အောင်မြင်တိုးတက်သော ရောဂါကာကွယ်ဆေး စုပေါင်းထုတ်လုပ်ခြင်းသည် ဘေးအန္တရာယ်ကျရောက်နေသော အခြေအနေမှ သက်ရှိသတ္တဝါများရှိသည့် ဂြိုလ်များအား ကယ်တင်နိုင်လိမ့်မည်။ သက်ရောက်မှုခံခဲ့ရသော ဂြိုလ်များမှ ကျန်းမာသော သက်ရှိတည်ရှိမှု အားလုံးသည် ရောဂါကူးစက်ခံရပြီးနောက်ထပ် ဇွန်ဘီအသစ် ဖြစ်မလာနိုင်တော့ပေ။
ကာကွယ်ဆေးထိုးပြီး ရောဂါကာကွယ်နိုင်သည့် ခန္ဓာကိုယ်များ ရရှိပြီးနောက် ဇွန်ဘီဗိုင်းရပ်စ်မှ ခြိမ်းခြောက်ခံခဲ့ရသော သက်ရှိများသည် ပြန်လည်အသက်ဝင်လာသည်။
ဆာ့သ် သေဆုံးပြီး နှစ်နှစ်ကြာပြီးနောက် လူတိုင်းသည် ဇွန်ဘီများအား ဖယ်ရှားရန် အတူတကွ လုပ်ကိုင်ကြပြီး မဟာမိတ်မှလည်း ကောင်းမွန်သော ပမာဏရှိသည့် နည်းပညာဆိုင်ရာပစ္စည်းများကိုပေးခဲ့ပြီး လူအားဖြင့်လည်း ကူညီထောက်ပံ့ပေးခဲ့သည်။ သူတို့သည် များစွာသော ဂြိုလ်များမှ ဇွန်ဘီများအား အမြစ်ဖြတ်ချေမှုန်းရန်မှာ ကျရှုံးနေဆဲဖြစ်သည်။
ဇွန်ဘီအဖြစ်သို့ ပြောင်းသွားသည့် ဇီဝမျိုးစိတ်များမှာ အလွန်များပြားကာ ပျားများနှင့် ပုရွတ်ဆိတ်များ မှ ဝေလငါးများနှင့် ဆင်များအထိ အဆင့်ဆင့်ရှိပြီး ၎င်းတို့၏ အရေအတွက်သည် တစ်ဆယ်မီလီယံ ဝန်းကျင်ခန့် ရှိနေသည်။ ၎င်းတို့အားရှင်းလင်းခြင်းမှာ အလွန်ခက်ခဲပေသည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ဇွန်ဘီခန္ဓာကိုယ်ထဲမှ ဇွန်ဘီဗိုင်းရပ်စ်ပျံ့နှံကာ ပတ်ဝန်းကျင်အား ညစ်ညမ်းစေသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ဇွန်ဘီများ၏ ကိုက်ခြင်း ကုတ်ခြင်း မခံရလျှင်ပင် ကျန်းမာသော သက်ရှိများသည် ပတ်ဝန်းကျင်ကြောင့် ကူးစက်ခံရနိုင်သည်။
ထို့ကြောင့် ကာကွယ်ဆေး ပေါ်ထွက်လာခြင်းမှာ အလွန်အဖိုးတန်လှသည်။ ၎င်းသည် မီလီယံရာချီသော သက်ရှိများ၏ အသက်များနှင့် ကျန်းမာရေးအား အမှန်တကယ် ကယ်ဆယ်နိုင်လိမ့်မည်။ ကာကွယ်ဆေးထိုးပြီးသွားသော လူများသည် ဇွန်ဘီဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုအား ထပ်မံကြောက်လန့်တော့မည် မဟုတ်ပေ။
***
ပိုင်မေ့သည် ဤအကြောင်းကြောင့် အလွန်ပျော်ရွှင်ခဲ့ရပြီး သူ၏စစ်မှန်သော ကျန်းမာသည့် လူသားအသွင်သို့ ပြောင်းချင်လျှင် ဒေါက်တာဝေ့နှင့် အခြားသူများသည် သုတေသန ဆက်လက်လုပ်ရန် လိုအပ်နေသေးသည်။ လက်ရှိတွင်သူသည် သာမန်ကာကွယ်ဆေးများနှင့် ပြန်လည်ထူထောင်နိုင်သောဆေးများဖြင့် ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသော်လည်း အနည်းဆုံး လူများနှင့်နီးနီးကပ်ကပ် ဆက်သွယ်ခြင်းနှင့် သူ၏ခန္ဓာကိုယ်မှ ရောဂါပိုး မတော်တဆဖြန့်မိမည်ကို စိုးရိမ်ရခြင်းများ မရှိတော့ပေ။
ကာကွယ်ဆေးထိုးပြီးနောက် လူတိုင်းတွင် ရောဂါပိုးအား ခုခံနိုင်သည့် ခန္ဓာကိုယ်များ ရရှိသွားကြလိမ့်မည်။ ထို့ကြောင့်သူသည် ချစ်ရသူများ၊ မိသားစုနှင့် သူငယ်ချင်းများ၊ အခြားသာမန်လူများနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီး သူ၏အပြုအမူနှင့် ခံစားချက်များအား ထိန်းချုပ်ထားရန် မလိုအပ်တော့ပေ။
မကြာမီတွင် ကာကွယ်ဆေးပထမအသုတ်သည့် ကြီးမားသည့်အချိုးအစားဖြင့် ထုတ်လုပ်မည်။ စိတ်လှုပ်ရှားမှုများ၊ စိတ်မရှည်မှုများဖြင့် ဝူယိအခြေစိုက်စခန်းမှ လူများသည် ကာကွယ်ဆေးထိုးရသော ပထမဆုံးအဖွဲ့မှ လူများ ဖြစ်လာလိမ့်မည်။
ယနေ့ အခြေစိုက်စခန်း၏ ဗဟိုရှိ စမ်းသပ်ခန်းထဲ၌။
နျဲ့ရှောင်နှင့် အခြားသူများသည် အတူတကွစုဝေးကာ ဒေါက်တာဝေ့နှင့် အခြားသုတေသန ပညာရှင်များထံမှ ကာကွယ်ဆေးထိုးခြင်း ခံခဲ့ကြသည်။ ယခုကိစ္စနှင့် ပတ်သက်၍ လူတိုင်းသည် တညီတညွတ်ထဲ လောယွင်ဟိုင်အား ရှေ့သို့တွန်းကာ ပထမဆုံးကာကွယ်ဆေးထိုးသူ ဖြစ်စေခဲ့သည်။
ယခုအချိန်တွင် စမ်းသပ်ခန်းထဲ၌ အပြင်လူများ မရှိပေ။ သူတို့အားလုံးသည် ကမ္ဘာပျက်ကပ်စသည့် အချိန်မှစ၍ အခက်အခဲများအား အတူဖြတ်သန်းခဲ့ကြသော ရဲဘော်ရဲဘက်များ ဖြစ်သည်။ ထို့ကြောင့် ဦးစားပေးမှု အစီအစဥ်အတွက် တိုက်ခိုက်ရန် မလိုအပ်ပေ။
လွန်ခဲ့သည့် အတိတ်နှစ်နှစ်အတွင်းတွင် ပိုင်မေ့နှင့် လောယွင်ဟိုင်သည် ဤနေ့အား စောင့်မျှော်ခဲ့ရသည်မှာ အလွန်ကြာလှပြီ ဖြစ်သည်။ ထို့အပြင် ရောဂါကာကွယ်နိုင်သည့်အချက်အား ပိုင်မေ့၏ ခန္ဓာကိုယ်မှ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ ပိုင်ယွဲ့နှင့် ဒေါက်တာဝေ့မှအပ လောယွင်ဟိုင်သည် ပထမဆုံးဆေးထိုးသည့်သူဖြစ်ရန် အရည်အချင်း အပြည့်မီဆုံး ဖြစ်သည်။
"မြန်မြန် ဆေးထိုးခံလိုက်.."
ဝူချင်ဖုန်း ပြုံး၍ လောယွင်ဟိုင်၏ နောက်ကျောအား တွန်းလိုက်သည်။
လောယွင်ဟိုင်သည် တခဏမျှ ယိမ်းထိုးသွားပြီး မျက်လုံးပင့်ကာ ပိုင်မေ့၏ အနည်းငယ်နီရဲနေသော မျက်လုံးများအား နက်ရှိုင်းစွာကြည့်ခဲ့သည်။ လူတိုင်း၏ အားပေးမှုအောက်တွင် ဟန်များမနေတော့ဘဲ အကျီလက် ခေါက်တင်ကာ ဒေါက်တာဝေ့အား ကာကွယ်ဆေးထိုးပေးရန် ပြောလိုက်သည်။
ထို့နောက် ပထမဆုံး လုပ်သည့်အရာမှာ ပိုင်မေ့အားပွေ့ဖက်၍ သူ၏နှုတ်ခမ်းများအား ပြင်းပြင်းထန်ထန်နှင့် ယုယစွာ နမ်းခြင်းဖြစ်သည်။ နှစ်နှစ်ကြာ ဖိနှိပ်ထားရသော ခံစားချက်သည် နောက်ဆုံးတွင် ထွက်ပေါက်တွေ့ကာ ချက်ချင်းပွင့်ထွက်သွားသည်။ လူနှစ်ယောက်၏ မျက်လုံးများ နီမြန်းနေကြသည်။
ဤနွေးထွေးကြင်နာသော ခံစားချက်သည် ပတ်ဝန်းကျင်မှ လူများထံ ကူးစက်သွားသည်။ မနှိုင်းယှဥ်နိုင်အောင် ကြမ်းတမ်းသော လမ်းပေါ်မှ စုံတွဲအားကြည့်ကာ လူတိုင်းသည် ရိုးသားစွာဖြင့် စိတ်ချမ်းမြေ့ခဲ့ကြပြီး နွေးထွေးသော ဂုဏ်ပြုစကားများနှင့် လက်ခုပ်သံများ ချီးမြှင့်ခဲ့သည်။
ကာကွယ်ဆေး ထွက်ပေါ်လာပြီဖြစ်ပြီး ပိုင်မေ့၏ အလုံးစုံပြန်လည်ကောင်းမွန်ခြင်းသည်လည်း သေချာပေါက် သိပ်မဝေးနိုင်တော့ပေ။
၎င်းသည် သက်ဝင်လှုပ်ရှားသော မြင်ကွင်းဖြစ်ခဲ့သည်။ ယောက်ဖလေးဖြစ်သော ပိုင်ယွဲ့သာလျှင် ခါးသီးသော မျက်နှာထားဖြင့် ရှိနေသည်။ ကာကွယ်ဆေး သုတေသနနှင့် ဖွံဖြိုးတိုးတက်မှု လုပ်ငန်းစဥ်တွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း သုတေသနရလဒ်သည် သူ၏အကိုအား ဤအရိုင်းအစိုင်းထံတွင် အဆင်ပြေစွာ ကလိမ်ကျနိုင်ရန် ခွင့်ပြုလိုက်ရခြင်း ဖြစ်သည်။ သူ၏ခံစားချက်များမှာ ရှုပ်ထွေးနေသလား မကျေမနပ်ဖြစ်ဖြစ်နေသလား မခွဲခြားနိုင်တော့ပေ။
ထို့ကြောင့်လူတိုင်း ခေါင်းလှည့်ကြည့်လိုက်သောအခါ သူတို့၏ ဥာဏ်ကြီးရှင်ကျောင်းသားလေး ပိုင်ယွဲ့သည် တစ်ခြားတစ်ဖက်မှ ထိုင်ခုံပေါ်တွင် စိတ်ဓါတ်ကျစွာဖြင့် ထိုင်နေခဲ့ပြီး ထပ်ခါထပ်ခါ သက်ပြင်းချနေသည်။
သူ၏ "အစ်ကိုပါသွားပြီ" ဟူသော သနားစရာအမူအရာသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး လူတိုင်းအား ကျယ်လောင်စွာ ရယ်မိစေသည်။
ပိုင်မေ့သည်လည်း သူ၏ ညီငယ်လေးအား ကြည့်ကာ ပြုံးလိုက်သည်။
သို့သော်ပိုင်ယွဲ့၏ စိတ်ဓါတ်ကျမှုမှာ ခဏတာသာဖြစ်ပြီး အစ်ကိုဖြစ်သူအတွက် ပို၍ပျော်ရွှင်ခဲ့သည်။ ပိုင်မေ့၏ ပျော်ရွှင်နေသော အပြုံး၏ လွှမ်းမိုးခံရမှုအောက်တွင် သူ၏နှလုံးသားအောက်ခြေမှလာသော ရူးကြောင်ကြောင်အပြုံးသည် မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
ဒေါက်တာဝေ့မင်ဟန်သည် ခေါင်းညိတ်အသိအမှတ်ပြုခဲ့ပြီး ပိုင်ယွဲ့၏ ဝမ်းသာအားရ အမူအရာ မြင်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခုဖြင့် လက်မြှောက်ကာ တစ်ဖက်၏ခေါင်းလေးအား ပွတ်ပေးခဲ့သည်။
"ရှောင်ယွဲ့..မင်းရဲ့မွေးနေ့က နောက်လ ၅ရက်နေ့ မဟုတ်လား.."
ရုတ်တရက် အမေးခံလိုက်ရသောအခါ ပိုင်ယွဲ့ ခေါင်းမော့၍ ဝေ့မင်ဟန်အားကြည့်လိုက်မိကာ အံ့သြမှုအချို့ဖြင့် ပြောခဲ့သည်။
"ဒေါက်တာ.. မင်း.. ကျွန်တော်ရဲ့ မွေးနေ့ကို တကယ်မှတ်မိတယ်ပေါ့.."
"ပုံမှန်အတိုင်းပါဘဲ.."
ဒေါက်တာဝေ့ ခေါင်းညိတ်ပြခဲ့ပြီး သူ၏ခံစားချက်များနှင့် စိတ်ဝင်စားမှုများအား ထုတ်ဖော်မပြခဲ့ဘဲ အပြုံးတစ်ခုပေးခဲ့သည်။
"ငါသတိရသလောက်ဆို နောက်လက မင်းရဲ့ ၁၈နှစ်ပြည့်မွေးနေ့.."
"အမှန်ပဲ.."
ချောမောသောလူငယ်လေးသည် ချက်ချင်း ပျော်ရွှင်သွားပြီး သူ၏အဖြူရောင်ကုတ်အကျီသည် သက်ဝင်တက်ကြွမှုအား ပေါ်လွင်စေသည်။
"ငါရဲ့မွေးနေ့လေး.. တကယ့် လူကြီးတစ်ယောက် ဖြစ်လာတော့မယ်.."
ဝေ့မင်ဟန်၏ ချောမောသောမျက်နှာသည် ခံစားချက်အား ပြသလျက်သည်။ သူသည် နူးညံ့သောအပြုံးဖြင့် ပြောသည်။
"အသက်ပြည့်ပြီးရင် အရာရာတိုင်းက တရားဝင်ဖြစ်သွားပြီ.. အဲဒါ တကယ်ကောင်းတယ်.."
ထိုသို့ကြားရသည့်အပေါ်တွင် ပိုင်ယွဲ့၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် မထိန်းချုပ်နိုင်စွာ သူ၏အမျိုးသားနတ်ဘုရားအပေါ် မှီချပြီးနောက် အလျင်စလို ရှောင်ဖယ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အနည်းငယ်နီမြန်းနေပြီး ချောင်းဟန့်ကာပြောခဲ့သည်။
"မင်း ကျွန်တော့်ကို ကလေးတစ်ယောက်လို ဆက်ပြီး ဆက်ဆံလို့ မရတော့ဘူး.."
"ဒါပေါ့ မလုပ်ပါဘူး.."
ဒေါက်တာဝေ့သည် အပြုံးမျက်လုံးများဖြင့် ပြောသည်။
သူကအဲဒါကိုမျှော်လင့်နေတာ..
လူနှစ်ယောက်သည် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာဖြင့် စကားပြောနေခဲ့ကြသည်။ သူတို့၏ပတ်ဝန်းကျင်ရှိ ဒွိဟဖြစ်စေသော ခံစားချက်များအား မည်သူမျှ သတိမပြုမိခဲ့ပေ။ အားလုံးနီးပါး၏ အာရုံသည် ပိုင်မေ့နှင့် လောယွင်ဟိုင်ထံ ရောက်နေခဲ့ကြသည်။
နှစ်နှစ်ဆိုသည့်အချိန်ကို မျက်စိတစ်မှိတ်အတွင်းတွင် ကျော်ဖြတ်သွားပြီး ပိုင်ယွဲ့ပင် လူကြီးဘဝသို့ ဝင်ရောက်တော့မည်ဖြစ်သလို ဤသည်မှာ ပိုင်မေ့နှင့် လောယွင်ဟိုင်၏ ပထမဆုံးအနမ်း ဖြစ်ခဲ့သည်။ လူတိုင်းသည် ဒီနှစ်များတွင် သူတို့ကြားရှိ ကန့်သတ်ချက်များနှင့် အခက်အခဲများအား တွေ့ရှိခဲ့ပြီးဖြစ်သည်။
နင်ဖုန်းသည် သူ၏လက်ဖဝါးများ နီရဲလာသည်အထိ လက်ခုပ်တီးခဲ့ပြီး သူတို့အားကျယ်လောင်စွာ ဆုတောင်းပေးခဲ့သည်။
"ဂုဏ်ယူပါတယ်.. မင်းတို့နှစ်ယောက်က နောက်ဆုံးတော့ “ကျောင်းသားအရွယ် တဏှာကင်းတဲ့အချစ်ကနေ ရစ်ပတ်နှောင်တွယ်တဲ့ အချစ်"အထိ အောင်မြင်စွာ အဆင့်တက်နိုင်သွားပါတယ်.."
ရှောင်ဝူယိ ရှေ့သို့ခုန်တက်သွားပြီး ပိုင်မေ့နှင့် လောယွင်ဟိုင်အား လှည့်ပတ်ကာ သူ၏ဖော်ရွေသော ဂုဏ်ပြုစကားများနှင့် နှုတ်ဆက်စကားများကို ပြောလေသည်။
"အင်တာဗျူးရမယ့်အချိန်ပါ.. မစ္စတာ လော.. မစ္စတာပိုင်.. နမ်းရတဲ့ခံစားချက်က အရမ်းထူးခြားပြီး လှပပါသလား.."
ယခုလေးတင် လူတိုင်းရှေ့တွင် နမ်းခဲ့ကြသော်လည်း မေးခံလိုက်ရသောအခါ ပိုင်မေ့နှင့် လောယွင်ဟိုင်၏ အသားအရည်များသည် ရုတ်တရက် နီမြန်းသွားသည်။
"ဟဟဟဟ!!"
ရုတ်တရက် လူတိုင်း ကျယ်လောင်စွာရယ်ခဲ့ကြပြီး မကြင်နာသော ကြက်ဥပုပ်လေးနှစ်ယောက်ဖြစ်သည့် ရှောင်ဝူယိနှင့် နင်ဖုန်းသည် "တဏှာကင်းသောကျောင်းမှ" လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် ပုဇွန်နှင့် ဆင်သည့် ဖြူစင်သောလူနှစ်ယောက်အား ပတ်ချာလှည့်နေကြသည်။
အဆုံးတွင် နှစ်ဖက်မိသားစုဝင်များဖြစ်သည့် နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီတို့မှ မရှက်ရွံဘဲ ပို၍ရဲတင်းလာသော ဆယ်ကျော်သက်လေး နှစ်ယောက်အား ဆွဲခေါ်ခဲ့ပြီး အသားအရည်ပါးသည့် ပိုင်မေ့နှင့် လောယွင်ဟိုင်၏ လောင်ကျွမ်းလုနီးပါး အခြေအနေမှ ကယ်ဆယ်ခဲ့သည်။
ကျန်းချိုးသည် ဤမြင်ကွင်းကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူသည် အမှတ်တရများမှ စိတ်ခံစားနေသည့်အသံဖြင့် ပြောခဲ့သည်။
"နှစ်နှစ်က မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားခဲ့ပြီ.. ဒီနှစ်တွေကတော့ တကယ် ဝက်သတ်ဓါးလိုဘဲ.. အရင်ရက်တွေတုန်းက ဒီကလေးနှစ်ယောက်က ဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်.. အခုတော့ သနားစရာပဲ.. အချို့မကောင်းတဲ့လူတွေကြောင့် သူတို့အားလုံး အဝါရောင်သန်းကုန်ပြီ.."
အချို့မကောင်းတဲ့
လူတွေ : “…”
ရုတ်တရက် 'မကောင်းတဲ့သူ' နှစ်ယောက်ဖြစ်သည့် နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီသည် လိပ်ပြာမလုံစွာဖြင့် ပြောစရာစရာ မဲ့ခဲ့ရသည်။