🐹အခန်း ၁၀၃
ဝူယိလေး၏ နေရာလွတ်ကမ္ဘာ
ယောက္ခမထံမှ စေ့စေ့စစ်စပ် စစ်ဆေးလေ့လာခြင်းအား တည်ငြိမ်စွာ လက်ခံပြီးနောက် နျဲ့ရှောင်သည် ယနေ့ည၏ "ဟမ်းစတားလေးအား ပွဲတော်တည်ခြင်း" ကို တရားဝင် ဖျက်သိမ်းလိုက်ရသည်။
"လူတစ်ယောက်နှင့် တိရစ္ဆာန်သုံးကောင်" သည် ကော်ဇောပေါ်ရှိ ကော်ဖီစားပွဲတွင် အတူတကွ ဝိုင်းထိုင်နေကြသည်။ မော့ယန်နှင့် အန်းယိသည် လူအသွင်သို့ ပြောင်းလဲခြင်း မရှိကြသည့်အပြင် ရှောင်ဝူယိအား ဟမ်းစတားလေးအသွင်သို့ ပြောင်းလဲရန်ပင် ချော့မော့ခဲ့ကြသည်။ အမွေးပွ သားရဲသုံးကောင်အကြားမှ အသားညှပ်ပေါင်မုန့်သဖွယ် ဖြစ်နေသော နျဲ့ရှောင်မှာ သူကိုယ်သူ သတိထားမိသွားသည်။
နျဲ့ရှောင် :"..." ဒါက ရှင်းရှင်းလင်းလင်းကို ဖယ်ထုတ်လိုက်တာပဲ..
ကံကောင်းထောက်မစွာဖြင့် နျဲ့ရှောင်၏ ဘာသာစကား စွမ်းရည်မှာ အံ့ဩဖွယ်ရာပင်။ ဟမ်းစတားလေး၏ “ချိ ချိ” အသံတိုင်းအား သေချာစွာ ကြားနေရဆဲ ဖြစ်သည်။ အန်းယိနှင့် မော့ယန် ပေးသိရန် ကြိုးစားနေသည့်အရာအား နျဲ့ရှောင် မသိချင်ဟန်ဆောင်ရန် ရွေးချယ်ခဲ့သည်။ ဟမ်းစတားလေးအား ဘာသာပြန်အဖြစ် ထားခြင်းမှာ အမှန်တကယ် မေးခွန်းထုတ်စရာပင်။
အတိုချုံးရလျှင် ယနေ့ည၌ အဖေများနှင့် သားမက်သည် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ဆက်သွယ်ရန် ငြင်းဆန်နေကြသည်။
ဟမ်းစတားလေးမှာ လှိုင်းထန်နေသည့် အတွင်းပိုင်းအခြေအနေအား သတိမပြုမိခဲ့ပေ။ ကော်ဖီစားပွဲအလယ်တွင် ချစ်စဖွယ်ကောင်းစွာ မတ်တတ်ရပ်၍ စကားပြောခြင်း ဖြစ်သည်။ မည်သည်ကိုမျှ ဖုံးကွယ်မထားဘဲ ဇာတ်ကြောင်းပြန်ပြောခဲ့ပြီး အစကတည်းက အန်းယိနှင့်မော့ယန်၏ တည်ရှိမှုကို ထည့်သွင်းစဥ်းစားကာ အထူးစတင်ခဲ့သည်။
ဦးလေးနှစ်ယောက်၏ တိရစ္ဆာန်အသွင်အပြင်အား ကြည့်၍ ဟမ်းစတားလေးသည် သေချာစဥ်းစားပြီးပြောခဲ့သည်။
"ဦးဦး..ကူးမူ.. တကယ်တော့ ပေါင်ပေါင်း မနက်တုန်းက ပြောခဲ့တာ အကုန် အမှန်တွေပါ.. အစပိုင်းမှာ ပေါင်ပေါင်းက ဆာ့သ်ကို အခြားဂြိုလ်တွေဆီ ခေါ်သွားရမဲ့အစား ပေါင်ပေါင်းရဲ့ နေရာလွတ်ထဲကို တိုက်ရိုက်ထည့်လိုက်တာ.."
အန်းယိသည် သူ၏ 'ချိုးငှက်'ခေါင်းအား ညိတ်ပြလိုက်သည်။
"ငါတို့လည်း သည်လိုဖြစ်မယ်လို့ ထင်ပါတယ်.. ဆက်ပြောပါဦး ပထမဆုံး ပေါက်ကွဲမှုအပြီး ဘာဖြစ်သွားတာလဲ.. မင်းရဲ့နေရာလွတ်ကို ထိခိုက်ခဲ့သေးလား.. ဆာ့သ်ရဲ့ အချက်အလက်တွေရော ရခဲ့လား.."
"ဟုတ်တယ်..အချက်အလက်တွေက တကယ်ကို ပေါင်ပေါင်းဆီမှာ.. ကူးမူက အံ့သြဖို့ကောင်းလိုက်တာ..
ခန့်မှန်းတာမှန်တယ်.."
ဟမ်းစတားလေးသည် အန်းယိ၏ခန့်မှန်းချက်ကြောင့် အံ့အားသင့်သွားခဲ့ရပြီး ပျော်ရွှင်စွာဖြင့် နှင်းကဲ့သို့ ဖြူဖွေးသော ချိုးငှက်မွှေးများပေါ် မှီလိုက်သည်။
နျဲ့ရှောင် ချောင်းဟန့်လိုက်ပြီး အန်းယိထက်သာအောင် မလုပ်ဝံ့သော်လည်း ပြောလာသည်။
"တကယ်တော့.. ကိုယ်လည်း သည်ကိစ္စကို ခန့်မှန်းမိတယ်"
ဟမ်းစတားလေးသည် သူ၏ခေါင်းအား ရုတ်တရက်လှည့်ကာ နျဲ့ရှောင်၏လက်ချောင်းအား ဖက်၍ပွတ်လိုက်သည်။ မျက်နှာလိုက်ခြင်း အလျင်းမရှိဘဲ မျက်လုံးများတွင် ပျော်ရွှင်မှုလေးစားမှု အပြည့်ဖြင့် ပြောလေသည်။
"အင်း..အင်း..ဒယ်ဒီကလည်း အရမ်းအံ့သြဖို့ကောင်းတယ်.."
မော့ယန်နှင့် အန်းယိ :"..." မင်းတို့ကောင်တွေလုံလောက်ပြီ!!!
အကြီးများရှေ့၌ ရှိနေသောကြောင့် ဟန်းစတားလေးမှာ ရှေ့ဆက်မသွားဘဲ ရပ်တန့်လိုက်သည်။ ချက်ချင်းပင် အရေးကြီးကိစ္စဘက်သို့ ပြန်လှည့်လိုက်ပြီး ချစ်စဖွယ်ကောင်းစွာ "ချိ..ချိ" ဟု ဇာတ်ကြောင်းဆက်လေသည်။
"အားလုံး သိပြီးသားပါ.. ပေါင်ပေါင်းရဲ့ နေရာလွတ်ကို ပေါင်ပေါင်းက အပြည့်အဝ ထိန်းချုပ်နိုင်တယ်ဆိုတာ.. ဒါပေမယ့် ပေါင်ပေါင်းနဲ့ ဒယ်ဒီ ထွက်မလာခင်မှာတောင် ဆာ့သ်ကလည်းသိနေခဲ့တယ်.."
ပြန်လည်စဥ်းစားနေစဥ်တွင် ဟမ်းစတားလေးသည် အကြောင်းအချို့ကြောင့် ရှုပ်ထွေးသော အမူအရာနှင့် ဆက်ပြောသည်။
"ဆာ့သ်က ပေါင်ပေါင်းရဲ့နေရာလွတ်ဆိုတာကို သိနေတော့ ဘာဘဲလုပ်လုပ် နောက်ဆုံး သေမယ်ဆိုတာလည်း သူသိနေတယ်လေ.. ဒါကြောင့် သူရဲ့စိတ်ထဲမှာ အစီအစဥ် ချလိုက်တာ.. သူ့ရဲ့သေဆုံးခြင်းကနေ အမြတ်များများ ရချင်လို့ပေါ့ သူက တကယ်ကို ဥာဏ်ကောင်းတယ်.."
နျဲ့ရှောင် လက်သီး ကျစ်ကျစ်ဆုပ်မိလိုက်သည်။ ထိုအချိန်တွင် သူတို့အမှန်တကယ် ရရှိခဲ့သည့် ဆာ့သ်မှဖော်ပြခဲ့သော ရူးသွပ်မှုနှင့် ယုတ်ညံ့မှုများသည် သူတို့အား တခဏမျှ အနည်းငယ် သတိလွတ်သွားစေခဲ့သည်။ ထိုအကြောင်းအား ယခု ပြန်တွေးကြည့်သောအခါ ထိုသူမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ပြခဲ့ခြင်း ဖြစ်ပေမည်။ နျဲ့ရှောင်သည် နှုတ်ခမ်းအား တင်းတင်းစေ့ကာ ပြောလေသည်။
"ကိုယ်တို့က သူရဲ့ရူးသွပ်မှု.. သေရဲတဲ့ သတ္တိ နဲ့ ထက်မြက်တဲ့စိတ်ကို လျှော့တွက်မိခဲ့တာ.."
"အင်း!"
ဟမ်းစတားလေး လေးလေးနက်နက် ခေါင်းညိတ်ကာ 'ချိ..ချိ'ဟု အလေးအနက်ထား ဆက်ပြောခဲ့သည်။
"ဆာ့သ်က အရာရာတိုင်းကို သေချာပြင်ဆင်ထားတာ.. သူက ဇွန်ဘီအမြုတေထဲမှာရှိတဲ့ စွမ်းအင်က ဘယ်လောက်တောင် ကြီးတယ်ဆိုတာလဲ သိနေခဲ့တယ်.. သူက အဲသည်အကြောင်း အသိဆုံးသူဘဲ.. ပေါင်ပေါင်းက ပြင်းထန်တဲ့ပေါက်ကွဲမှုကို ချက်ချင်း မကိုင်တွယ်နိုင်လောက်ဘူးလို့လည်း သူခန့်မှန်းမိလိမ့်မယ်.. ဒါပေမယ့် သေချာအောင်လို့ သူက ရုတ်တရက် ဖောက်ခွဲမှု မစတင်ခင်မှာ ပေါင်ပေါင်းတို့ကို သတိလက်လွတ်ဖြစ်အောင် လှည့်စားခဲ့တာ.. သူသတ်သေသွားခဲ့မယ် ဆိုရင်တောင် ပေါင်ပေါင်းတို့ကိုလည်း ဒဏ်ရာရစေချင်ခဲ့တာ.."
"သူရဲ့အကြံတွေက တကယ်အောင်မြင်တယ်လို့ အချက်အလက်တွေက သက်သေပြနေတယ်.. ပြင်ဆင်မထားမိတော့ ဒယ်ဒီနဲ့ပေါင်ပေါင်းမှာ ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိခဲ့ဘူး.. အဲသည်အချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကနေ အားကြီးတဲ့စွမ်းရည်တွေ ပေါက်ကွဲထွက်လာခဲ့တာ.. ပေါင်ပေါင်းက နေရာလွတ်ထဲက အရာတိုင်းကို ထိန်းချုပ်နိုင်ရင်တောင်မှ ပြင်းထန်တဲ့ ပေါက်ကွဲမှုရဲ့ စွမ်းရည်တစ်စိတ်တစ်ပိုင်းကို ချက်ချင်း မဖြေရှင်းနိုင်ဘူးလေ.. ပေါင်ပေါင်းက သူ့ကိုကန့်သတ်နေတဲ့ အလင်းစက်ဝိုင်းကို မထိန်းချုပ်နိုင်လုနီးပါးဘဲ.. ကြောက်စရာကောင်းတဲ့ အခြေအနေမှာ ပေါင်ပေါင်းသိတာက ဒယ်ဒီကိုအရင်ဆုံး အပြင်ထုတ်ပေးရမယ်.."
ဤသို့ကြားပြီးနောက် နျဲ့ရှောင် ထိတ်လန့်လာသည်။ သူ၏ အရှေ့ရှိ ဖက်ထုပ်လေးအား စိုးရိမ်စွာဖြင့် ငေးကြည့်ပြီး သောကရောက်စွာဖြင့် မေးလေသည်။
"ဒါပြီးတော့ ဘယ်လိုဆက်ဖြစ်လဲ.. ပေါင်ပေါင်း ထိခိုက်သွားသေးလား.. ကိုယ်ထွက်သွားပြီးတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရသလိုဘဲ.."
အန်းယိနှင့် မော့ယန်၏ နှလုံးများ တထိတ်ထိတ် ခုန်လာပြီး သူတို့၏ရှေ့ရှိ ဖက်ထုပ်လေးအား စိုးရိမ်စွာ ကြည့်လိုက်သည်။ အကယ်၍ ပြင်းထန်သည့် ပေါက်ကွဲမှုမှာ နေရာလွတ်၏ ခံနိုင်ရည်အား ကျော်လွန်နေမည်ဆိုလျှင် သူတို့ကလေးလေး၏ ခန္ဓာကိုယ်အား အများကြီး ထိခိုက်စေလိမ့်မည်။
ဟမ်းစတားလေးသည် ဤသို့သော အကြည့်များအား မခံနိုင်ပေ။ လက်ဖဝါးလေးဖြင့် သူ၏ကျန်းမာသော ပါးလေးအားပွတ်ကာ စကားလုံးအနည်းငယ်ဖြင့် အခြားသူများအား နှစ်သိမ့်လိုက်သည်။
"အဆင်ပြေပါတယ်.. စိတ်မပူပါနဲ.. ကြည့် ပေါင်ပေါင်းရဲ့ နေရာလွတ်လေးနှစ်ခုက ပေါက်ကွဲမသွားသေးဘူးလေ.. အရင်ကလို ကောင်းပြီး.. နူးညံ့ပျော့ပျောင်းနေတုန်းဘဲ.."
နျဲ့ရှောင်.. မော့ယန်.. အန်းယိ :"..."
တစ်ခုခုမှားသွားခဲ့ရင် မင်းရဲ့မျက်နှာတစ်ခြမ်းက ပေါက်ကွဲသွားနိုင်တာပေါ့.. ဘာလို့ အရမ်းကြောက်ဖို့ကောင်းရတာလဲ?
နျဲ့ရှောင် တိုက်ရိုက်စစ်ဆေးလိုက်သည်။ လက်နှစ်ချောင်းအားဆန့်ကာ ဟမ်းစတားလေး၏ ပါးစုံအိအိလေး နှစ်ဖက်အား ပွတ်ကြည့်လိုက်သည်။
..အင်း လက်ကတော့တကယ်ခံစားလို့ကောင်းတယ်..
သူ၏ ပါးဖောင်းဖောင်းလေး အပွတ်ခံရသောအခါ ဟမ်းစတားလေး အံ့အားသင့်သွားခဲ့သည်။
'ယင်ချိ' သည်လို အပွတ်ခံရမယ်ဆိုတာသိရင် နူးညံ့တယ်လို့ ပြောမှာမဟုတ်ဘူး!!
စောင့်ကြည့်နေခဲ့ကြသော အန်းယိနှင့်မော့ယန်၏ မျက်လုံးထောင့်များ တွန့်သွားသည်။ ပေါက်ကွဲမသွားမိစေရန် အကောင်းဆုံး ထိန်းချုပ်ထားရသည်။
နှစ်ယောက်က ဘယ်လိုတောင် လူရှေ့သူရှေ့ ချစ်ခင်မြတ်နိုးမှုကို အမှန်တကယ် ဖွင့်ချနိုင်ရတာလဲ..
ဟမ်းစတားလေးသည် ထပ်၍အပွတ်ခံရလျှင် မကောင်းတာတစ်ခုခု အမှန်တကယ် ဖြစ်လာတော့မည်ဟု ခံစားရကာ သူ၏နူးညံ့သော ပါးလေးအား အမြန်ကာကွယ်ရန် အန်းယိ၏ အမွေးများအောက်သို့ပြေးဝင်ကာ ဇိမ်ကျကျနေပြီး အန်းယိ၏ ဒေါသများအား အေးစေခဲ့သည်။ နျဲ့ရှောင်သည် ရုတ်တရက် 'ဟမ်းစတားလေးအား အနံ့ခံခြင်း' အခြေအနေမှ နိုးထလာခဲ့သည်။ မျက်လုံးအား လှန်ကြည့်လိုက်သောအခါ အဖြူရောင်ချိုးငှက်နှင့် ကျားကြီး၏ အကြင်နာမဲ့သော မျက်လုံးများနှင့် ဆုံသွားပြီး ချက်ချင်း တည့်တည့်မတ်မတ်နှင့် ပြန်ထိုင်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ စစ်ပွဲတစ်ခု အစမပျိုးခဲ့သည့်အတွက် ဟမ်းစတားလေး သက်ပြင်းတစ်ချက်ချကာ 'ချိ..ချိ' ဟု ဆက်ပြောလေသည်။
"အဲဒါပြီးတော့ ပေါင်ပေါင်းက ဆာ့သ်ရဲ့ ခန္ဓာကိုယ်ကနေ စွမ်းရည် ပေါက်ကွဲထွက်လာတာကို တကယ် မထိန်းချုပ်နိုင်ခဲ့ဘူး.. ဒယ်ဒီထွက်သွားပြီး စက္ကန့်ပိုင်းအကြာမှ သူက တကယ်ပေါက်ကွဲသွားတာ.. ပြင်းထန်တဲ့ ပေါက်ကွဲမှုရဲ့ ပေါက်ကွဲအားက နေရာလွတ်တစ်ခုလုံးကိုထိပြီး ပေါင်ပေါင်းသေတော့မလို့..နောက်ဆုံးအချိန်လေးမှာ အဲသည် အံ့သြတုန်လှုပ်ဖို့ကောင်းတဲ့ စွမ်းရည်က ပေါင်ပေါင်းရဲ့ နေရာလွတ်နဲ့ စတင်ပေါင်းစပ်သွားခဲ့တာ.."
နျဲ့ရှောင် အံ့အားသင့်သွားခဲ့ရသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
ဟမ်းစတားလေး ခေါင်းလေးအား ညိတ်ပြကာ ဆက်ပြောသည်။
"ပေါင်ပေါင်းလည်း တိတိကျကျတော့ မသိဘူး.. ဆာ့သ်က သူ့ကိုယ်သူ သည်လို အဖြစ်ခံလိမ့်မယ်လို့ ပေါင်ပေါင်း မမျှော်လင့်ခဲ့ဘူး.. သူက ပေါက်ကွဲပြီး သေသွားတော့ ပေါင်ပေါင်းရဲ့ နေရာလွတ်က ကမန်းကတန်းနဲ့ သူ့ရဲ့ပေါက်ကွဲလာတဲ့ စွမ်းရည်တွေကို စုပ်ယူလိုက်ရတယ်.. ကမ္ဘာတုန်လှုပ်သွားနိုင်တဲ့ ပြောင်းလဲမှုက စကြဝဠာအသစ်တစ်ခု ဖြစ်လာတာပဲ.. ပြီးတော့ ပေါင်ပေါင်းလည်း သေလုနီးပါး အခြေအနေကနေ ပြန်ကောင်းလာတာ.."
နျဲ့ရှောင်၊ အန်းယိနှင့် မော့ယန်တို့သည် ကြားလိုက်ရသော အချက်အလက်များကြောင့် အံ့သြလွန်း၍ ကြက်သေသေခဲ့ရသည်။ သူတို့၏ အသိစိတ်ပြန်မကပ်မှီတွင် ဟမ်းစတားလေး၏ နေရာလွတ်ထဲသို့ တိုက်ရိုက်ခေါ်သွားခြင်း ခံခဲ့ရပြီး အံ့သြဖွယ် ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။
အန်းယိသည် နေရာလွတ်ထဲသို့ ယခင်က မရောက်ဖူးပေ။ သို့သော် နျဲ့ရှောင်နှင့် မော့ယန်သည် ကံအားလျော်စွာ လုံလောက်သည်အထိ ဝင်ခဲ့ဖူးပြီး ယခင်မူလပုံစံအား သေချာသိကြသည်။
သို့သော် ယခုအခါတွင် လုံးဝပြောင်းလဲသွားခဲ့သည်။
သူတို့သုံးဦးသားသည် စိမ်းလန်းစိုပြည်၍ အသက်ဓါတ်များဖြင့်ပြည့်နေသော သဘာဝဂြိုလ်သို့ ခေါ်ဆောင်သွားခံရသည်။ သူတို့၏အောက်တွင် နင်းထားသော မြက်များမှာ မြေသြဇာကောင်းလှပြီး ခေါင်းမော့ကြည့်လိုက်သောအခါ ကျယ်ပြောသည့် ကောင်းကင်ကြီးမှာ တလက်လက်တောက်ပနေပြီး အံ့သြလွန်း၍ မိန်းမောတွေဝေသွားစေသည်။
ဟမ်းစတားလေးသည် လူတိုင်းအား ဤဂြိုလ်ထဲသို့ ညအချိန်၌ တမင်ခေါ်လာခဲ့ခြင်းဖြစ်ကာ လူတိုင်းသည် ကောင်းကင်ပေါ်ရှိကြယ်များအား ရှင်းရှင်းလင်းလင်း မြင်နိုင်စေသည်။ ၎င်းသည် အမှန်တကယ် စကြဝဠာအသေးစားလေး ဖြစ်သည်။ အတိတ်မှ လှပသောတောင်တန်းများ၊ တသွင်သွင်စီးဆင်းနေသော ရေများ၊ ကောင်းကင်ပြာနှင့် တိမ်ဖြူများရှိသော နေရာလွတ်အသေးလေး မဟုတ်တော့ပေ။
"ဒယ်ဒီလန့်သွားမယ်ဆိုတာ ပေါင်ပေါင်းသိသားပဲ.. ဟီးဟီး.."
ဟမ်းစတားလေးသည် နျဲ့ရှောင်၏ ပခုံးပေါ်တွင် 'ချိ ချိ' အသံထွက်ပြီး တခစ်ခစ်ရယ်နေခဲ့သည်။ သူ၏ နူးညံ့စေးကပ်သော အသံလေးသည် သေလောက်အောင်ချစ်ဖို့ကောင်းစွာ ပေါ်ထွက်လာခဲ့သည်။
အန်းယိသည် သူ၏တွေးတောငေးမောခြင်းမှ ပြန်လည်ကောင်းမွန်လာပြီး သူ၏အတောင်များအား ဖြန့်ကာ တုန်ယင်နေသော နှလုံးသားလေးအား ဖိလိုက်သည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ပြောလေသည်။
"ဒါက မယုံကြည်နိုင်စရာဘဲ!.."
တော်ဝင်မိသားစု ယခင်မင်းဆက် မှတ်တမ်းများတွင် ယခုကဲ့သို့ကြီးမားသော နေရာလွတ်တစ်ခု မရှိခဲ့ဖူးပေ။ ယခုနေရာလွတ်အား စကြဝဠာအသေးစား တစ်ခုဟုပင် ခေါ်သင့်ပေသည်။
နျဲ့ရှောင်နှင့် မော့ယန် တံတွေးမျိုချမိလိုက်သည်။ နူးညံ့၍ချစ်ဖို့ကောင်းသော ဟမ်းစတားလေးအား ငုံ့ကြည့်ပြီးနောက် သူတို့သည် "ဟမ်းစတားအရူးလေးမှာ အူကြောင်ကြောင် ကံကောင်းမှုရှိတယ်" ဟူသည့် အချက်အား ခံစားမိခဲ့သည်။ "ကျိကျိတက် ချမ်းသာပြီး" သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်တလက်လက် တောက်ပနေသည်။
ဆာ့သ်၏ ကမ္ဘာအသစ်တစ်ခု ဖန်တီးမည့် အစီအစဥ်မှာ အလွန်အောင်မြင်သင့်သော်လည်း မမျှော်လင့်ခဲ့သည်မှာ သူသည်ဟမ်းစတားလေးအတွက် "မင်္ဂလာဝတ်စုံအား"* အားကြိုးမာန်တက် လုပ်ပေးခဲ့မိသည်ကိုပင်။
ဇွန်ဘီအမြုတေအား ဖောက်ခွဲခဲ့သော်လည်း ထိုအချိန်တွင် ရှောင်ဝူယိ၏ နေရာလွတ်ထဲတွင် ရှိနေသောကြောင့် ဖြစ်နိုင်ပြီး ရလဒ်အနေဖြင့် အမြုတေအတွင်းရှိ စွမ်းအားသည် ရှောင်ဂူယိ၏ အချိန်-အာကာသ အသက်ဓါတ်စွမ်းရည်နှင့် အောင်မြင်စွာ ပေါင်းစပ်သွားခဲ့သည်။ မူလနေရာလွတ် အသေးလေးအား အချိန်-အာကာသ စကြဝဠာအသစ်အဖြစ် တိုက်ရိုက်ပြောင်းလဲစေခဲ့သည်။
သူ၏ မကောင်းဆိုးဝါးဆန်သော အပြုအမူများအား ဖယ်ထုတ်လိုက်လျှင် ဆာ့သ်သည်အလွန်ထူးကဲပြီး ခန့်မှန်း၍ပင်မရနိုင်သော ဥာဏ်ပညာနှင့် ဆက်ခံမည်သူမရှိဘဲ အလွန်တော်သည့် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်သည်။
နျဲ့ရှောင်သည် အံ့အားသင့်ဖွယ်ကောင်းသော အချက်အလက်များအား ချေဖျက်နိုင်ရန် ကြိုးစားခဲ့ရပြီး သူ၏ပခုံးပေါ်မှ ဟမ်းစတားလေးအား လက်ဖဝါးထဲသို့ ယူလိုက်သည်။ ထို့နောက် ငုံ့ကြည့်ကာ မေးလိုက်သည်။
"ဒါဆို ပေါင်ပေါင်း အရင်က ပြောခဲ့သလိုဘဲ ပေါင်ပေါင်းက သူ့ရဲ့စမ်းသပ်မှု အချက်အလက်တွေ အကုန်လုံး ရတယ်ဆိုတာ ဘယ်လိုဖြစ်သွားတာလဲ.. ဘယ်နေရာက ရှာတွေ့ခဲ့တာလဲ.."
ဤသို့မေးသောအခါ ဟမ်းစတားလေးသည် ပျော်ရွှင်စွာဖြင့် 'ချိ..ချိ' ဟု ပြန်သည်။ နျဲ့ရှောင်၏ လက်ဖဝါးပေါ်တွင်လှဲပြီး အဖြေမပေးမီ သူ၏တင်ပါးလေးနှင့် အမြီးလေးအား ပျော်ရွှင်စွာလှည့်နေခဲ့သည်။
"သူတို့အကုန်လုံးကို အားထုတ်စရာမလိုဘဲ ရောက်လာခဲ့တာ.. ဒယ်ဒီကြည့်ဖို့ ခေါ်သွားပေးမယ်.."
နျဲ့ရှောင်နှင့် အခြားသူများသည် ဟမ်းစတားလေး၏ ခေါ်သွားခြင်းခံရပြီး အခြားနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ရုတ်တရက် နေရောင်ကြောင့် မျက်လုံးများအား မဖွင့်နိုင်လုနီးပါးပင်။ အလင်းရောင်နှင့် အနည်းငယ်နေသားကျပြီးနောက် သူတို့ရှေ့ရှိ လွတ်နေသောနေရာတွင် အရာများစွာ ပုံထားကြောင်း တွေ့ခဲ့ရသည်။
သူတို့၏နားဘေးမှ ရှင်းပြနေသော ဟမ်းစတားလေး၏ 'ချိ..ချိ' အသံလေးအား ကြားနေရသည်။
"ဆာ့သ်က ဇွန်ဘီအမြုတေကို ဖောက်ခွဲလိုက်တဲ့ အချိန်မှာ အကျိုးဆက်အနေနဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အခြားဇွန်ဘီအမြုတေတွေကလည်း ကွဲထွက်သွားတယ်.. အဲသည်ထဲမှာ သူ့ရဲ့ ပစ္စည်းတွေကို သိမ်းတဲ့ နေရာလွတ်စွမ်းရည်လည်း ပါတယ်.. နေရာလွတ်စွမ်းရည်အမြုတေ ပြိုကွဲသွားတော့ သူသိမ်းထားတဲ့ အရာအားလုံး ထွက်ကျလာခဲ့တယ်.. နောက်မှ အဲတာတွေကို ပေါင်ပေါင်းရခဲ့တာ.. အဲသည်ထဲမှာ သုတေသန ပစ္စည်းတွေလည်း ပါတယ်.. စွမ်းရည်ပေါက်ကွဲမှုကြောင့် ပေါင်ပေါင်းရဲ့ နေရာလွတ်က အရူးအမူး စုပ်ယူပေါင်းစပ်ခဲ့တယ်.. ဒီပစ္စည်းတွေကလည်း အပိုပါလာတယ်.."