အပိုင်း ၁၀၂
Viewers 22k


🐹အခန်း ၁၀၂ 

ဝူယိလေးက လှည့်စားတတ်တဲ့ ကောင်ကလေး




ဆွေးနွေးမှု ပြီးသည့်နောက် အန်းယိသည် ဧည့်ခန်းအတွင်းရှိ လူတိုင်းအားကြည့်ကာ ပြောလေသည်။


“မင်းတို့စခန်းက ဆာ့သ်ကို အဓိက တိုက်ခိုက်ခဲ့ရတာဆိုတော့ ဒီရက်တွေမှာ ပင်ပန်းနေကြမှာပဲ.. အခု အရေးကြီးတဲ့ စည်းမျဉ်းတွေ ချမှတ်ပြီးပြီဆိုတော့ မင်းတို့အားလုံး အနားယူကြတော့.. ကျန်တာ ငါတို့ဆက်ပြီး ကိုင်တွယ်လိုက်မယ်..”


အန်းယိသည် ယခုထိတိုင် အနားယူရခြင်း မရှိသေးသော သူတို့မိသားစုမှ မင်းသားလေးအားကြည့်ကာ စိတ်ထိခိုက်ရသည်။


“မပင်ပန်းပါဘူး.. အခု ပေါင်ပေါင်းတို့ရဲ့ ခွန်းအားတွေက မကုန်ခမ်းနိုင်ဘူးလို့ ခံစားရတယ်..”


ရှောင်ဝူယိ ခေါင်းကလေးခါယမ်း၍ ငြင်းဆန်သည်။ နျဲ့ရှောင်နှင့် အခြားသူများသည်လည်း ခေါင်းညိတ်ထောက်ခံကြသည်။


“အားလုံး အတူတူ အလုပ်လုပ်ပါမယ်.. ကမ္ဘာက ကျွန်တော်တို့အိမ်ဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး မင်းတို့ကို မျက်နှာလွှဲခဲပစ် ထားနိုင်ပါ့မလဲ..”


နျဲ့ရှောင် ခေါင်းညိတ်ပြီးနောက် လေးနက်စွာ ပြောလေသည်။


“ဟုတ်တယ်.. တစ်ချို့ကိစ္စတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်လုပ်တာ ပိုကောင်းလိမ့်မယ်.. တစ်ချို့ မသမာသူတွေကျ ကျွန်တော်တို့ပဲ ကိုင်တွယ်နိုင်မှာ.. တဖြည်းဖြည်းချင်း ပြုပြင်ကြတာပေ့ါ.. စိုးရိမ်ရမှာက လူတစ်ချို့က အခြေအနေတွေ ရုတ်ရုတ်သဲသဲဖြစ်အောင် နှောင့်ယှက်ချင်ပြီး ဘုရင်ဖြစ်ချင်ကြတယ်..”


အခြေစိုက်စခန်းတွင် အုပ်ချုပ်ရေး ရှိသော်လည်း ယင်းမှာ ယာယီသာဖြစ်သည်။ ကမ္ဘာ၏ အခြေအနေသည် အတိတ်နှင့်မတူ ပြောင်းလဲလာပြီ ဖြစ်သည်။ ဆာ့သ် သေဆုံးသွားပြီဖြစ်၍ အပြင်ဘက်ရှိ ဇွန်ဘီများသည်လည်း မကြာမီ သေဆုံးသွားကြလိမ့်မည်။ စည်းမျဉ်းစည်းကမ်းများနှင့် လူသားများ၏ လူမှုရေးနှင့် ပတ်သက်သော အမိန့်ဥပဒေများအား ပြန်လည်သတ်မှတ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ် မတိုင်မီမှ စနစ်များအား ပြန်လည်အသုံးပြုရန် မဖြစ်နိုင်ပေ။ ကမ္ဘာပျက်ကပ်အား ကြုံတွေ့ခဲ့ရသော လူသားများအတွက် ဥပဒေနှင့် စည်းမျဉ်းအသစ်များဖြင့် ချည်နှောင်ရန် လိုအပ်သည်။


ဤစည်းမျဥ်းအသစ်များ မပေါ်ပေါက်မှီ နျဲ့ရှောင်နှင့် အခြားသူများသာလျှင် လူထုအား ယုံကြည်လက်ခံအောင် စည်းရုံးသိမ်းသွင်းနိုင်ပြီး အချို့ ရည်မှန်းချက်ကြီးသော၊ အငြိမ်မနေနိုင်သော၊ စိတ်ထားထက်သော လူများအား ထိန်းချုပ်နိုင်လိမ့်မည်။ ရှင်သန်သူအများစုသည် ကောင်းမွန်ကြသော်လည်း သူတို့ကြားတွင် အကြံသမားများ ရောနှောနေနိုင်သည်။ ကမ္ဘာပျက်ကပ်မှာ ရပ်တန့်သွားပြီ ဖြစ်သည်။ ပြည်သူလူထုကြားတွင် ခိုက်ရန်ဖြစ်ပွားလျှင် ၎င်းသည် ပို၍ဆုံးရှုံးနိုင်ချေများသည်။


အန်းယိသည် နျဲ့ရှောင်၏ ထင်မြင်ချက်အား နားထောင်ခဲ့သည်။ ထိုစိုးရိန်ပူပန်မှုများမှာ အကြောင်းမဲ့ မဟုတ်ပေ။ လူတိုင်း အားမာန်တက်ကြွမှုများဖြင့် ပေါက်ကွဲထွက်နေပြီး အနည်းငယ်ပင် ပင်ပန်းသည့်ပုံ မပေါ်ကြောင်း မြင်ရသောအခါ သူတို့အား တိုက်တွန်းခြင်းကို ရပ်တန့်လိုက်ပြီး သူ၏နှလုံးသားအောက်ခြေမှ စိတ်ရင်းဖြင့် ပြောလေသည်။


"ဒီမှာရှိတဲ့ မင်းတို့အားလုံးနဲ့ အနာဂတ်လူမှုအဖွဲ့အစည်း ပြန်လည်ထူထောင်မှာကို ငါစောင့်မျှော်နေမိပြီ.."


"မင်းတို့ မျှော်လင့်ထားတဲ့အတိုင်း သေချာပေါက် ဖြစ်လာလိမ့်မယ်.."


ထိုအချိန်တွင် မဟာမိတ်အကြီးပိုင်းများသို့ ဆက်သွယ်နေခဲ့သော နယ်စားကြီးဆိုင်ဒန်နှင့် အခြားသူများသည် သူတို့လုံခြုံကြောင်း သတင်းပို့ခဲ့သည်။ တိကျခိုင်မာ၍ ပြတ်သားသော အဖြေများအား ကြားရသောအခါ သူတို့၏နှုတ်ခမ်းများ မြင့်တက်လာသည်။ ကမ္ဘာ၏ လက်ရှိအခြေအနေနှင့် ဆာ့သ်၏သေဆုံးမှုအား အချိန်အစစ်အမှန်ဖြင့် မဟာမိတ်ထံ တင်ပြခဲ့သည်။


အရှင်မင်းမြတ် ဆိုင်ဒန်နှင့် အခြားသူများသည် အခြေအနေများအား သိရှိပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့ပြီး သူတို့၏ကောင်းချီးများနှင့် စိုးရိမ်ပူပန်မှုများအား ကမ္ဘာထံပို့ခဲ့သည်။


……


ထို့နောက် လူတိုင်း အလုပ်ရှုပ်ခဲ့ကြသည်။ မော့ယန်၊ အန်းယိနှင့် သူတို့အဖွဲ့၏ ကယ်ဆယ်ရေးယာဥ်များအား ဝူယိအခြေစိုက်စခန်းအနီးတွင် ရပ်နားထားခဲ့သည်။ မဟာမိတ်၏ မျိုးနွယ်အသီးသီးမှ စစ်သားများနှင့် ဆေးဝါးကုသသူများသည် ကမ္ဘာတစ်ဝှမ်း နေရာအနှံသို့သွားကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ အခြေစိုက်စခန်းရှိ လူတိုင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ အသက်ရှင်သူများသည် ‌သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ကမ္ဘာပျက်ကပ်အတွင်း မယုံကြည်နိုင်သော အရာအမျိုးမျိုးနှင့် ကြုံတွေ့ပြီးနောက် ဤဖော်ရွေကြင်နာသော ဂြိုလ်များမျိုးနွယ်များနှင့် ကြုံတွေ့ရသောအခါ တည်ငြိမ်နေခဲ့သည်။ သူတို့၏ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လှသည်။


လွန်ခဲ့သော အစောပိုင်းနေ့များ၌ ကမ္ဘာပျက်ကပ်တွင် ရှောင်ဝူယိနှင့် အဖွဲ့၏ ဘဝအတွေ့အကြုံမှာ လူသိရှင်ကြားဖြစ်သည်။ လူတိုင်းသည် ပြင်ပမှ သံတမန်များအား လက်ခံနိုင်ခဲ့သည်။ ကမ္ဘာပျက်ကပ်သည် မကောင်းဆိုးဝါး ဂြိုလ်သားတစ်ကောင်ကြောင့် ဖြစ်ခဲ့ရသော်လည်း အဘယ်ကြောင့် အခြားသော ဖော်ရွေသည့် ဂြိုလ်သားများပေါ်တွင် ဇာချဲ့ရမည်နည်း။


ထုတ်ပြောစရာပင်မလိုအောင် ဤသံတမန်မျိုးနွယ်များသည် သူတို့အား ကူညီရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး သူတို့ သဘောအကျဆုံး မင်းသားလေး ဝူယိသည်ပင် ထိုမျိုးနွယ်များထဲမှ ဖြစ်သည်။ ထိုအချက်များပေါ်မူတည်၍ နေရာတိုင်းမှ အသက်ရှင်သူများသည် မဟာမိတ်များ၏ ကူညီထောက်ပံ့မှုများအား မငြင်းဆန်ခဲ့ပေ။ ရှောင်ဝူယိသည် နီမိုမှ တော်ဝင်မင်းသားလေး ဖြစ်သော်လည်း ကမ္ဘာအားကယ်တင်ရန် ဆာ့သ်၏ ခြိမ်းခြောက်မှုအား အသက်ဖြင့်ပင် လောင်းကြေးထပ်နိုင်ခဲ့သည်။ သူတို့သည် ချီတုမှ လူများကဲ့သို့ မဟုတ်ပေ။ အဘယ်ကြောင့် ဤအနစ်နာခံမှုများအား မေ့နိုင်မည်နည်း။ မဟာမိတ်အကူအညီများသည် ရှောင်ဝူယိမှ ခေါ်လာခြင်းဖြစ်၍ သူတို့သည် "အိမ်ကိုချစ်ရင် နွားကိုလည်းချစ်ရမယ်" ဆိုသည့်အတိုင်း ကျေးဇူးသိတတ်၍ဖော်ရွေခဲ့ကြသည်။


ဤကြိုဆို၍ လက်ခံသည့် အပြုအမူများကြောင့် ကမ္ဘာပေါ်မှ လူတိုင်းနှင့် မဟာမိတ်မှ အကူအညီများပေါင်းစည်းသွားကြသည်။ မဟာမိတ်မှ ကူညီရန် စေလွှတ်ခံရသည့် အဖွဲ့များသည် အစပိုင်းတွင် ကမ္ဘာသားများနှင့် နေထိုင်ရန် ခက်ခဲမည်အား စိုးရိမ်ခဲ့ကြသော်လည်း ကမ္ဘာသားများသည် သူတို့တွေးထားသည်ထက်ပင် ဖော်ရွေ၍ ချစ်ဖို့ကောင်းကြသည်။ အတူနေထိုင်ကြသောအခါ မဖော်ပြနိုင်သော ဖော်ရွေမှုများသည် သူတို့၏နှလုံးသားများထဲတွင် ပျံတက်နေခဲ့သည်။ မည်သည့် အတားအဆီးမှ မရှိခဲ့ပေ။


အထူးသဖြင့် စွမ်းရည်ပိုင်ရှင်များနှင့် မဟာမိတ်မှ တူညီသည့် စွမ်းရည်အသုံးပြုသူများ၌ အချင်းချင်း ပထမဆုံး တွေ့ဆုံမှုမှာပင် နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ဆွေမျိုးများကဲ့သို့ပင်။


အရာရာတိုင်းသည် ထူးဆန်းစွာ ချည်နှောင်လျက်ရှိကြသည်။ ရှဲ့ကျွင်းနှင့် လျိုတာ့ရှန်ကဲ့သို့ပင် သူတို့၏ နိုးထလာသော စွမ်းရည်များ၏ လက်နက်သည် ချီကျန်းမျိုးနွယ်နှင့် ဆင်တူရုံသာမက စရိုက်သည်လည်း အလွန်ဆင်တူသည်။ ချီကျန်းမျိုးနွယ်သည် အလွန်ကူညီတတ်ပြီး စိတ်လှုပ်ရှားလွယ်သည်။ ဟိုင်ချန်တွင် ဖုန်းတောက်နှင့် ဖုန်းကျိုး ကယ်တင်ခဲ့သည့် ညီငယ်လေးများမှာ သက်သေပင်ဖြစ်သည်။


 ရှဲ့ကျွင်းနှင့် လျိုတာ့ရှန်သည်လည်း ထူးမခြားနားပင်။ အစပိုင်းတွင် ရှောင်ဝူယိအား ကယ်တင်ခဲ့ပြီး သူတို့နှင့် မရင်းနှီးသော နျဲ့ရှောင်အားရှာဖွေရန် ခရီးဆက်ကြသည်။ သူတို့၏ နွေးထွေးသော နှလုံးသားများသည် ချီကျန်းမျိုးနွယ်မှ အမူအကျင့်များနှင့် တူပေသည်။ အကယ်၍ သူတို့အား ကြာရှည်ကွဲကွာနေခဲ့သောဆွေမျိုးများဟုပြောလျှင် မည်သူမှ သံသယရှိလိမ့်မည် မဟုတ်ချေ။ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသော်လည်း ဘေးချင်းကပ်ရပ်သည့်အခါ မည်သူက ကမ္ဘာသား မည်သူက ချီကျန်းမျိုးနွယ် ဟု မပြောနိုင်ပေ။


အတိုချုံးရလျှင် အလုပ်များအား အဆင်ပြေစွာ လုပ်ဆောင်ခဲ့ကြသည်။ ကမ္ဘာသားများနှင့် မဟာမိတ်မှ လူများသည် အလွန်သဟဇာတဖြစ်ကြသည်။ အကျပ်အတည်းအား ဖြေရှင်းရန် လူတိုင်း အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ လုံးလုံးလျားလျား ပင်ပန်းနွမ်းနွယ်သွားသည့်တိုင်အောင် အလုပ်ရှုပ်လျက်ရှိကြပြီး လူတိုင်း စွမ်းအားအပြည့်၊ စိတ်ဆန္ဒအပြည့်ဖြင့် လှပသော အနာဂတ်အား မျှော်လင့်လျက် ရှိကြသည်။


အပြင်ဘက်ရှိဇွန်ဘီများမှာ ပိုင်မေ့၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး သာမန်လူများပင် လွယ်ကူစွာ သတ်နိုင်သည်။ မြို့ထဲရှိ ဇွန်ဘီများအား ဖြည်းဖြည်းချင်း ရှင်းထုတ်ခဲ့ကြသည်။ ပိုင်ယွဲ့နှင့် ဒေါက်တာဝေ့၏ ဇွန်ဘီဗိုင်းရပ် သုတေသနလုပ်ငန်းသည်လည်း မဟာမိတ်၏ ဆေးဝါးအကူအညီ၊ သိပ္ပံသုတေသန အထောက်အပံ့များဖြင့် ပို၍လျင်မြန်လာခဲ့သည်။ နျဲ့ရှောင်တို့အဖွဲ့၏ အခြေစိုက်စခန်း၏ ပြည်သူလုထုနှင့် သက်ဆိုင်သည့် ထိန်းသိမ်းမှု အမိန့်များသည်လည်း အကောင်းဘက်သို့ ဦးတည်နေသည်။


အချုပ်ဆိုရသော် အရာအားလုံးသည် နဂိုအတိုင်းပြန်ဖြစ်ပြီး ပို၍ကောင်းမွန်လာခဲ့သည်။


***


ညနေခင်း၌။


နေ့အချိန်တွင် အလုပ်များခဲ့သည့် လူတိုင်းမှာ နောက်ဆုံးတွင် အနားယူရန် အချိန်ရခဲ့ကြသည်။ရှောင်ဝူယိနှင့် နျဲ့ရှောင်သည်လည်း နှစ်ကိုယ်ကြား စကားပြောရန် အခွင့်အရေးရရှိခဲ့သည်။


ညမှာ တိတ်ဆိတ်လျက်ရှိသည်။ အိပ်ခန်းထဲတွင် ဆေးကြောပြီးနောက် နူးညံ့သောအိပ်ယာပေါ်တွင် လူနှစ်ယောက်သည် ပျင်းရိစွာ လှဲနေခဲ့ပြီး သူတို့၏ ခြေလက်များအား '大' ပုံစံ ဆန့်ထုတ်ထားသည်။ သူတို့၏ ခန္ဓာကိုယ်ရှိ အကြောများအားလုံး ပြေလျော့သွားပြီး သက်သောင့်သက်သာရှိစွာဖြင့် ပါးစပ်မှ ညည်းညူသံများ ထွက်လာခဲ့သည်။


တစ်ခဏမျှ အပန်းဖြေပြီးနောက် နျဲ့ရှောင် ခေါင်းလှည့်ကာ ဘေးရှိရှောင်ဝူယိအား ကြည့်လိုက်သည်။ လက်ဆန့်၍ တစ်ဖက်လူ၏ ပါးဖောင်းဖောင်းလေး အားဖျစ်ညှစ်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


"ပေါင်ပေါင်း.. နောက်ပိုင်း ဘာတွေဖြစ်သွားလဲဆိုတာ ဒယ်ဒီ့ကို အမှန်အတိုင်း ပြောပြမလား.."


"ဒါပေါ့ ပေါင်ပေါင်းထပ်ပြီး ထိန်းမထားနိုင်တော့ဘူး.."


ရှောင်ဝူယိ တုံ့ဆိုင်းခြင်းမရှိ သဘောတူလေသည်။ ချက်ချင်းပင် နျဲ့ရှောင်အား ကြည့်လိုက်ပြီး စတင်ပြောသည်နှင့် မျက်လုံးများ တောက်ပလာသည်။


"ဒယ်ဒီထွက်သွားပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒယ်ဒီ စိတ်ကူးကြည့်မိမှာတောင် မဟုတ်ဘူး.. သေချာလေး ဂရုတစိုက် နားထောင်ရမယ်နော်.. ဒါက ဒယ်ဒီ့အတွက် ကြောက်လန့်စရာအကြီးကြီး.. ဟီးဟီးဟီး...."


ရှောင်ဝူယိသည် နောက်ပိုင်းဖြစ်ပျက်ခဲ့သည့် အမှန်တရားအား ပြောပြတော့မည့် အချိန်တွင် လှပသော နှင်းဖြူရောင် ချိုးငှက်နှင့် အနက်အဝါစင်းများရှိသော ကျားကြီးသည် လေသာဆောင်တွင် ရုတ်တရက်ပေါ်လာသောကြောင့် နှစ်ယောက်၏ စကားဝိုင်းအား ပြတ်တောက်သွားသည်။


တောက်ပသော လရောင်အောက်၌ ကျားကြီးနှင့် ချိုးငှက်၏ တိတ်ဆိတ်ငြိမ်သက်သော အလည်အပတ်သည် မည်သူတစ်ဦးတစ်ယောက်၏ အာရုံကိုမျှ မဆွဲဆောင်ခဲ့ပေ။


ပါးလွှာသော မျက်နှာကျက်မှ ကြမ်းပြင်အထိရှိသည့် မှန်ပြတင်းပေါက်အား ကျားကြီးသည် သူ၏ရှေ့လက်ဖဝါးဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။ ရွှေရောင်တောက်ပနေသော မျက်လုံးတစ်စုံမှာ အမှောင်ထဲတွင် တောက်ပနေသည်။ ကန့်လန့်ကာများ ချမထားသဖြင့် အိပ်ရာပေါ်ရှိ ပုံရိပ်နှစ်ခုအား သားကောင်ချောင်းသကဲ့သို့ ကြည့်နေလေသည်။ လှပသော နှင်းဖြူရောင်ချိုးငှက်သည် ကျားကြီး၏ ဦးခေါင်းပေါ်တွင် ရှိနေပြီး မျက်လုံးများဖြင့် စေ့စေ့စပ်စပ် စစ်ဆေးလျက်ရှိသည်။


နျဲ့ရှောင်:"..." လန့်လွန်းလို့ နှလုံးရောဂါတောင် ရတော့မယ်နော်..


အနာဂတ်တွင် ထိုကန့်လန့်ကာများအား သေသေချာချာ ပိတ်ထားရမည်။


"ဦးဦးနဲ့ ကူးမူ.."


ရှောင်ဝူယိသည် အပြင်ဘက်ရှိ ရင်းနှီးသော တိရစ္ဆာန်အသွင်အပြင်များအားကြည့်၍ အံ့အားသင့်သွားသည်။ အိပ်ယာပေါ်မှထကာ ခြေဗလာဖြင့် ပြတင်းပေါက်အားဖွင့်လိုက်ပြီးနောက် နှစ်ယောက်အား အခန်းတွင်း ဝင်ခွင့်ပြုလိုက်ပြီး ပျော်ရွှင်စွာဖြင့် မေးလေသည်။


"ဦးဦး.. ဒီကိုဘာလာလုပ်ကြတာလဲ..."


လှပသော အဖြူရောင်ချိုးငှက်သည် ရှောင်ဝူယိ၏ ပခုံးပေါ်သို့ ပျံသန်းသွားပြီး သူ၏လည်ချောင်းထဲမှ နူးညံ့သော "ကူး.." ဟူသည့် အသံအားပြုလိုက်သည်။


"ဒါက မင်း ငါတို့ကို မနက်တုန်းက အမှန်အတိုင်း မပြောခဲ့လို့ မဟုတ်ဘူးလား.."


"အာ.. ဒီလိုပေါ့.."


ရှောင်ဝူယိ ရုတ်တရက် နားလည်သွားသည်။


"ဒါဆို ဦးဦးတို့က အချိန်မှန် ရောက်လာခဲ့တာဘဲ.. ပေါင်ပေါင်းက အခုပဲ ဒယ်ဒီ့ကို ပြောပြတော့မလို့.. ပေါင်ပေါင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဘယ်လိုမြင်လဲ!.. မနက်တုန်းက လူတိုင်း တကယ်ကြီး ယုံသွားကြတာ.."


"မင်းကို ငါထိန်းကျောင်းလာတာပါ.. ဘယ်လိုလုပ် မသိဘဲ နေမလဲ.."


အဖြူရောင်ချိုးငှက်သည် ယုံကြည်မှုရှိရှိ ပြန်ပြောလေသည်။


ဘေးမှကျားကြီးသည် သူ၏ဇနီးနှင့် တူလေးကြားရှိ စကားဝိုင်းအား နားထောင်ရင်း တိတ်ဆိတ်စွာပင် လက်ဖဝါးအား လျှာဖြင့်လျက်နေသည်။ မျက်လုံးနှစ်လုံးသည် အနောက်မှ နျဲ့ရှောင်အား လှုပ်ရှားမှုမရှိဘဲ ကြည့်နေပြီး နျဲ့ရှောင်၏ ဦးရေပြားများအား ထုံကျဥ်လာသကဲ့သို့ ခံစားရစေသည်။


ညလယ်တွင် လျှပ်တစ်ပြက်တိုက်ခိုက်လာသော ယောက္ခမနှစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ နျဲ့ရှောင်သည် ရှောင်ဝူယိနှင့် မသင့်လျော်သောအရာများ မလုပ်မိခြင်းကို ကျေးဇူးတင်မိသည်။


စူးစမ်းသော အကြည့်များအောက်တွင် နျဲ့ရှောင် အားတင်းကာ အိပ်ရာပေါ်မှ ထလိုက်ရသည်။ မျက်နှာအမူအရာမှာ ဖြောင့်မတ်ကာ သဘောထားကြီးဟန် ရှိသော်လည်း စိတ်ထဲရှိ ခံစားချက်များအား သူသာလျှင် သိပေသည်။


နျဲ့ရှောင်:"..." အာ... ငါ့အတွက်အရမ်းခက်ခဲတာပဲ..