🐹အခန်း ၁၀၁
ဝူယိလေးက လှည့်စားတတ်တဲ့ ကောင်ကလေး
ရှောင်ဝူယိ လုံခြုံဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည့်သတင်း ပျံ့နှံ့သွားပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ အခြေစိုက်စခန်းများမှ လူတိုင်း ပျော်ရွှင်စွာ အောင်ပွဲခံကြသည်။ တစ်ချိန်တည်းမှာပင် မဟာမိတ်၏ အကူအညီ ရောက်ရှိလာမှုသည် ရှင်သန်ကျန်ရစ်သူများအား စိတ်ဓာတ်မြှင့်တင်ပေးသလိုပင်။
အခြေစိုက်စခန်းအတွင်းရှိ ဗီလာထဲ၌။
လူတိုင်း ဧည့်ခန်းအတွင်း စုဝေးလိုက်ကြသည်။ ရှောင်ဝူယိသည် သက်ရှိများ နေထိုင်နိုင်သည့် နေရာလွတ်အကြောင်းအားကျော်ကာ နျဲ့ရှောင် ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များအား အကျဉ်းချုံး၍ အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြင့် ပြန်ပြောပြသည်။ ကံကောင်းစွာဖြင့် နျဲ့ရှောင် ပြန်လည်ရောက်ရှိလာစဉ် မည်သည့်စကားမျှ မဆိုထားခဲ့ပေ။
“အခု ဆာ့သ် သေသွားပြီ.. တကယ်တော့ ပေါင်ပေါင်းရယ်.. ဒယ်ဒီရယ်.. ဆာ့သ်ရယ် အဲသည်နေ့က ပေါင်ပေါင်းရဲ့ အာကာသစွမ်းရည်ကို သုံးလိုက်လို့ အတူတူပျောက်သွားခဲ့ကြတာ.. သေခြင်းရှင်ခြင်း အခိုက်အတန့်ဆိုတော့ ပေါင်ပေါင်းလည်း နှစ်ယောက်လုံးကို တခြားဂြိုလ် ခေါ်သွားပစ်လိုက်တာပဲ..”
ရှောင်ဝူယိသည် *လက်နှစ်ချောင်း ကြက်ခြေခတ်ကာ ဂုဏ်ယူမှုအပြည့်ဖြင့် ပုံကြီးချဲ့ စကားဆိုလေသည်။ ထို့နောက် ချစ်စဖွယ်ကောင်းစွာ ပါးစပ်လေးအား ဖောက်ခနဲ အသံပြုပြီးနောက် ဆက်ပြောလေသည်။
“ကံကောင်းပြီးတော့ ပေါင်ပေါင်းက အရင်ကကျက်ထားတဲ့ ကြယ်မြေပုံကို မမေ့သေးဘူးလေ.. အဲသည်မှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ မမွေးဖွားလာသေးတဲ့ ရှေးဂြိုလ်တစ်ချို့ကို သတိရတာနဲ့ အဲသည်ထဲက တစ်ခုကို ခေါ်သွားလိုက်တာ..”
“အဲသည့် အရူး ဆာ့သ်က သူဖန်တီးနိုင်ခဲ့တဲ့ ကမ္ဘာအသစ်လို့ ထင်နေသေးတာ.. ပေါင်ပေါင်းနဲ့ ဒယ်ဒီပါ အတူတူရှိနေတာကို သတိတောင်မထားမိဘူးလေ.. ဒါပေမဲ့ ကံဆိုးပြီး ပေါင်ပေါင်းတို့ကို ရှာတွေ့သွားတယ်.. သူ့ရဲ့ စွမ်းရည်ကို သုံးကြည့်ပေမဲ့ သုံးမရဘူးလေ.. သူက အလှည့်စားခံလိုက်ရတယ် ဆိုတာလည်း သိသွားရော အရမ်းတွေ ဒေါသထွက်ပြီး ပေါင်ပေါင်းတို့ကို တွေ့တာနဲ့ တိုက်ခိုက်တော့တာပဲ..”
“မှန်တယ်..”
နျဲ့ရှောင်သည် အလွန်ပူးပေါင်းဆောင်ရွက်မှုရှိစွာ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ရှောင်ဝူယိ လုပ်ကြံပြောနိုင်စွမ်း ကုန်ဆုံးသွားသည်ကို သိသဖြင့် ကူညီ၍ ဇာတ်ကြောင်းဆက်လေသည်။
“ဆာ့သ်သာ ကမ္ဘာပေါ်က ထွက်သွားမယ်ဆိုရင် ငါတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး.. ဒါကြောင့် ငါက ပေါင်ပေါင်းကို အိတ်ကပ်ထဲမှာထည့်ပြီး သူနဲ့ တိုက်ခိုက်ခဲ့တယ်.. ငါတို့ တိုက်ခိုက်နေတုန်း ပေါင်ပေါင်းရဲ့ စွမ်းရည်ပြန်ဖြည့်နိုင်အောင် အနားယူခိုင်းထားတာ.. ဒါမှ သူ့ကို ဂြိုလ်ပေါ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး ကျန်တဲ့ကိစ္စတွေအတွက် ညှိနှိုင်းနိုင်မှာ.. ဒါပေမဲ့ သူက အဲအချိန်မှာ လုံးဝကို ရူးသွပ်သွားတော့တာ.. ပေါင်ပေါင်းရဲ့ စွမ်းရည် ပြည့်ပြည့်ဝဝ ပြန်မကောင်းခင်မှာပဲ ဆာ့သ်က စွမ်းရည်အမြုတေကို ဖောက်ခွဲပြီး ငါတို့နဲ့အတူသေဖို့ ရွေးချယ်လိုက်တယ်လေ..”
“ပေါင်ပေါင်းက ပေါက်ကွဲမှု မစခင် ပြန်ကောင်းလာတဲ့ စွမ်းရည်နည်းနည်းလေးကို သုံးပြီး ငါ့ကို တစ်ယောက်တည်း ပြန်လွှတ်လိုက်တာ..”
နျဲ့ရှောင် အမှန်တစ်ဝက်သာ ပြောလိုက်သော်လည်း မျက်လုံးများ နီရဲလာလေသည်။ ရှောင်ဝူယိ၏ ပါးလေးအား လက်ဖြင့်ပွတ်ကာ ခံစားချက်အပြည့်ဖြင့် ပြောလေသည်။
“နောက်တစ်ခါ ဒါမျိုး မလုပ်ရဘူးနော် ပေါင်ပေါင်း.. အရမ်း အန္တရာယ်များရင်တောင် ဒယ်ဒီက ပေါင်ပေါင်းနဲ့အတူ ရင်ဆိုင်ချင်တယ်..”
ရှောင်ဝူယိသည် နျဲ့ရှောင်အားကြည့်လိုက်ပြီး နှုတ်ခမ်းနှင့် ပါးများအား ထပ်ကာထပ်ကာ အနမ်းပေးလိုက်သည်။ မျက်ရည်များဝဲလျက်နှင့် ရိုးသားစွာ ပြောလေသည်။
“ဒယ်ဒီ့ကို စိတ်ပူစေတာ ပေါင်ပေါင်း မှားပါတယ်.. ဒါပေမဲ့ ပေါင်ပေါင်းက ဒယ်ဒီ့ကို အချစ်ဆုံးမို့လို့ ဒယ်ဒီ သေလုနီးပါး ဖြစ်မှာကို လက်မခံနိုင်ဘူး..”
လူတိုင်း :"..."
စိတ်လှုပ်ရှား၍ ပီတိဖြစ်ရသော ဟမ်းစတားစာများကြောင့် နင်သွားရသည်။
တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်အား သိရှိထားသော အန်းယိနှင့် မော့ယန်တို့သည် ကိစ္စမှာ ဤမျှလောက် မရိုးရှင်းကြောင်း ခံစားမိသော်လည်း မျက်မှောင်ကြုတ်မိကြသည်။
“...” မင်းတို့ဘာသာ ဇာတ်လမ်းရိုက်မယ်ဆိုလည်း ဒီတိုင်းလုပ်လေ.. ဘာကိစ္စနဲ့ နမ်းကြတာတုန်း.. မျက်စိရှက်စရာ..
ချစ်ခင်မြတ်နိုးမှုများ ပက်ဖြန်းပြီးနောက် ရှောင်ဝူယိသည် နျဲ့ရှောင်၏ ဇာတ်အတိုင်း နောက်မှဆက်ကရသည်။ ဦးနှောက်ပတ်လည်အား လျင်မြန်စွာ လည်ပတ်လိုက်ပြီးနောက် ဆက်ပြောလေသည်။
“ဒယ်ဒီ့ကို ပြန်ပို့ပြီးတဲ့ စက္ကန့်ပိုင်းမှာပဲ ပေါက်ကွဲသွားတာ.. ဒါပေမဲ့ ပေါက်ကွဲမှုပြင်းအားက ဆာ့သ် ပြောသလောက်တော့ မဟုတ်ဘူး..”
ရှောင်ဝူယိမှာ မနှစ်မြို့မှုများ ပြည့်နေသည့် မျက်နှာလေးဖြင့် ချစ်စဖွယ်ကောင်းစွာ ပြောလေသည်။
“ပေါက်ကွဲမှုက ဂြိုလ်ကို ဖျက်ဆီးဖို့တော့ မလုံလောက်ဘူး.. ပေါင်ပေါင်းက ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မရသွားပေမဲ့ သတိမေ့သွားခဲ့တာ.. ဆာ့သ်က သူ့ဘာသာ ဖောက်ခွဲပြီး သတ်သေသွားတယ်.. ပေါင်ပေါင်း နိုးလာလာချင်း ပြန်လာခဲ့ပေမဲ့ နှစ်ရက်လောက် ကြာသွားမယ်လို့ မထင်ထားဘူး.. အားလုံး စိတ်ပူအောင် လုပ်ခဲ့မိတယ်..”
“ဆာ့သ်ရဲ့ ကမ္ဘာအသစ် ဖန်တီးတာကျ မအောင်မြင်ခဲ့ဘူး.. နတ်သမီးပုံပြင်ထဲကလိုပဲ အောင်မြင်ဖို့လည်း ခက်ခဲတယ်လေ.. အဲဒါကြောင့် ပေါက်ကွဲမှုက သူပြောသလောက် မပြင်းထန်တာ..”
ရှောင်ဝူယိသည် မျက်လုံးနက်နက်လေးများအား ပြူးကာ ရောက်တက်ရာရာ လျှောက်ပြောလေသည်။
နျဲ့ရှောင်၊ မော့ယန်နှင့် အန်းယိ : "..."
မင်းရဲ့ ပေါက်ကွဲမှုအကြောင်း ပြောတာ အရမ်းကို ဝတ်ကျေတန်းကျေ ဆန်လွန်းနေတယ်ကွ.. ဆာ့သ်က အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ယောက်လို့ သတ်မှတ်ခံထားရတာ.. အခုလို လွယ်လွယ်လေး ကျရှုံးသွားတယ်ပေါ့ ဟုတ်လား..
သို့သော်လည်း နင်ဖုန်းနှင့် အခြားသူများမှာ ကောင်ငယ်လေး၏ မျက်နှာပေါ်ရှိ အလွန်အမင်း စက်ဆုပ်ရွံရှာမှုအား မြင်တွေ့သည့်အခါ ရှောင်ဝူယိ ပြောသမျှသည် အမှန်တရားဖြစ်သည်ဟု ယုံကြည်သွားကြသည်။ အရာအားလုံး အဆင်ပြေသွားသည်ကြောင့် ဝမ်းသာပျော်ရွှင်မိကြသော်လည်း ဆာ့သ်၏ အကြမ်းဖက်ခြိမ်းခြောက်မှုနှင့် လိမ်ညာလှည့်ဖျားခံရသည့်အတွက် အလွန်ဒေါသထွက်ကြရသည်။
“ဒါဆို အဲသည်လို ဖြစ်သွားတာပေါ့.. ဆာ့သ်က တကယ်ကို ရက်စက်ယုတ်မာတဲ့ကောင်ပဲ.. ငါတို့ကို ခြိမ်းခြောက်တော့ ငါတို့မှာ အရမ်းကို ကြောက်သွားရတာ.. ကမ္ဘာကြီးတော့ သွားပါပြီ ဆိုပြီး တွေးနေခဲ့ကြတာ.. မင်းပျောက်သွားတော့လည်း ငါတို့မှာ ငိုလိုက်ရတာ ဆိုတာလေ..”
နင်ဖုန်း မခံမရပ်နိုင်မှုနှင့် စိတ်ဓာတ်ကျမှုများ ရောစွက်လျက် ပြောသည်ကြောင့် သွမ့်ဝမ်ယွီနှင့် အခြားသူများသည်လည်း ခေါင်းညိတ်ထောက်ခံကြသည်။
နျဲ့ရှောင်၊ မော့ယန်နှင့် အန်းယိ :"..."
သူတို့ တကယ်ယုံကြတာပဲ..
ရှောင်ဝူယိသည်လည်း အမူအရာပြောင်းလဲခြင်း မရှိဘဲနှင့် လိမ်ညာပြီးနောက် ဆာ့သ်၏ ဇွန်ဘီအမြုတေအား ထုတ်ပြလိုက်သည်။
“ဒါက ဆာ့သ် သေသွားပြီးတော့ ကျန်ခဲ့တဲ့ ဇွန်ဘီအမြုတေ.. ပေါင်ပေါင်း ရှာတွေ့တာ.. သူ့ရဲ့ အမြုတေက သည်မှာမို့လို့ ပြန်ရှင်လာမှာ မဟုတ်တော့ဘူး..”
ခရမ်းရင့်ရောင် အမြုတေမှာ အလွန်လှပပြီး ပင်လယ်ထဲမှ ဇွန်ဘီဘုရင် ဝေလငါးကြီး၏ အမြုတေနှင့် လုံးလုံးလျားလျား ကွဲပြားလေသည်။
“ဒါက တကယ်ပဲ ဇွန်ဘီအမြုတေလား..”
သွမ့်ဝမ်ယွီ အနည်းငယ် အံ့အားသင့်စွာ ပြောသည်။ ဖောက်ထွင်းမြင်နိုင်သော ဇွန်ဘီအမြုတေအား မြင်တွေ့ဖူးခြင်း မရှိပေ။
ရှောင်ဝူယိ ခေါင်းညိတ်၍ ရိုးသားစွာ ပြန်ဖြေသည်။
“ဒါ သူ့ဆီက ပြုတ်ကျလာတာ.. ကိုကိုယွီယွီ စုပ်ယူကြည့်လေ..”
ထိုသို့ပြောပြီးနောက် ဆာ့သ်၏ အမြုတေအား စားပွဲပေါ် တင်လိုက်သည်။ သို့သော်လည်း နင်ဖုန်းနှင့် အခြားသူများသည် အမြုတေအား ကောက်ယူရန် ရှက်ရွံ့လျက်ရှိသည်။ ဤအမြုတေအား ရှောင်ဝူယိ အသက်စွန့်ပြီးမှ ရလာခဲ့ခြင်းပင်။ အဆုံးတွင် နျဲ့ရှောင်မှ ဦးဆောင်ကာ စမ်းသပ်လေသည်။
နျဲ့ရှောင်သည် ခရမ်းရင့်ရောင် အမြုတေအား ကောက်ယူလိုက်သည့်အခါ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သည့် စွမ်းရည်များ တိုးဝင်လာသည်။ ဤစွမ်းရည်၏ သဘောသဘာဝမှာ သာမန်ဇွန်ဘီအမြုတေနှင့် တူညီသော်လည်း ပိုမိုသန့်စင်လေသည်။
“တခြားအမြုတေတွေနဲ့တော့ ဘာမှ မကွာခြားဘူး.. ဒါပေမဲ့ ဘာဖြစ်လို့ ခရမ်းရောင် ဖြစ်နေတာလဲ မသိဘူး.. ပိုင်မေ့ စမ်းကြည့်ကြည့်.. တစ်ခုခု ခံစားမိမလားလို့..”
နျဲ့ရှောင် ထိုသို့ပြောပြီးနောက် အမြုတေအား ပိုင်မေ့ထံသို့ ပစ်ပေးလိုက်သည်။
ပိုင်မေ့သည် အမြုတေအား ဖမ်းယူလိုက်ပြီးနောက် မျက်လုံးများ တလက်လက်တောက်ပလာသည်။
“ဒီထဲမှာ ထိန်းချုပ်စွမ်းရည်ပါတယ်.. ဒါကို စုပ်ယူပြီး ကျွန်တော့်အပိုင် ပြောင်းလိုက်လို့ရတယ်..”
အမြင်မှားခြင်း ဖြစ်နိုင်သော်လည်း ပိုင်မေ့ထံသို့ ရောက်ရှိပြီးနောက် အမြုတေ၏ ခရမ်းရင့်ရောင်မှာ အနည်းငယ် မှိန်ဖျော့သွားပုံပင်။
"တကယ်လား.."
လူတိုင်း အလွန်ပျော်ရွှင်သွားမိသည်။
ရှောင်ဝူယိသည် ထိုအဖြစ်အပျက်အား အနည်းငယ်မျှပင် တွန့်တိုခြင်း မရှိချေ။ ကောင်းမွန်သော ပစ္စည်းများအား အကျိုးရှိစွာ အသုံးချနိုင်သူသာ ပိုင်ဆိုင်သင့်သည်ဟု ယူဆထားသောကြောင့် အမြုတေအား ပိုင်မေ့ထံပေးရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆို ပေါင်ပေါင်း ပိုင်မေ့မေ့ကိုပဲ ပေးလိုက်မယ်နော်.. ကျန်တဲ့သူတွေကတော့ တခြားဇွန်ဘီအမြုတေတွေ ရမှာပေါ့..”
ပိုင်မေ့ ငြင်းပယ်ခြင်း မပြုဘဲ အပြုံးတစ်ခုဖြင့် လက်ခံလိုက်သည်။
“သည်ဟာကို သေချာပေါက် ကောင်းကောင်း အသုံးချပါမယ်.. ထိန်းချုပ်စွမ်းရည်ကို အဆင့်မြှင့်တင်ပြီးရင် အပြင်ဘက်က ဇွန်ဘီတွေကို သေချာထိန်းချုပ်နိုင်သွားမှာ.. အဲဒါဆို ကမ္ဘာပျက်ကပ်လည်း မကြာခင် အဆုံးသတ်သွားလိမ့်မယ်..”
ထိုသို့ပြောပြီး လူတိုင်း၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပကာ စိတ်လှုပ်ရှားလာသည်။ အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည့် ဆာ့သ် သေဆုံးသွားမှုကြောင့် ကမ္ဘာကြီးမှာ ပိုမိုကောင်းမွန်သာယာလာတော့မည်။
ရှောင်ဝူယိ ခေါင်းညိတ်ထောက်ခံပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
“ဆာ့သ်ရဲ့ အချက်အလက်တွေအရ ချီတုမျိုးနွယ် ထပ်မရှိတာ့ဘူး.. ဆိုလိုတာ ဒါတွေအားလုံးကို သူတစ်ယောက်တည်း လုပ်ခဲ့တာပဲ.. ဒါပေမဲ့ သတိလျှော့လို့တော့ မရဘူး.. သူ့ရဲ့ သုတေသနစခန်းကို ရှာပြီး အချက်အလက်တွေ ပြန့်မသွားအောင် ကာကွယ်ရမယ်.. အဲသည့်အချက်အလက်တွေကို မသမာသူတွေသာ ရှာတွေ့သွားမယ်ဆိုရင် ကမ္ဘာပေါ် အန္တရာယ်တွေ တစ်ကျော့ပြန်လာမှာ ကြောက်ရတယ်..”
"ဒါကသေချာပေါက်ဘဲ.."
မော့ယန် သုန်မှုန်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ လက်ရှိအန္တရာယ်မှာ ချီတုမျိုးနွယ်အား အပြီးသတ် ရှင်းလင်းချိန်တွင် သတိမမူမိသောကြောင့် ဖြစ်ပွားခဲ့ရခြင်းပင်။ ယခုအခါ တူညီသောအမှားအား ထပ်မံဖြစ်ခွင့် မပေးနိုင်ပေ။
"ငါတို့အားလုံး သည်ကိစ္စကို ဂရုစိုက်ရမယ်.. ဒါက မဟာမိတ်ကိုတောင် ထိခိုက်သွားနိုင်တယ်.. အဲသည့် အချက်အလက်တွေကို ရှာပြီးတော့ ဖျက်ဆီးပစ်ရမယ်.."
ဆာ့သ် ပိုင်ဆိုင်သည့် ပစ္စည်းများ အပြင်ဘက်တွင် ကျန်နေသေးကြောင်း တွေးမိသည့်အခါ လူတိုင်း စိုးရိမ်ပူပန်ကာ အလေးအနက် ဖြစ်လာသည်။
နင်ဖုန်း ရှူးရှူးရှားရှား ဖြစ်လာပြီး ဒေါသတကြီး ဆိုလေသည်။
“မကောင်းဆိုးဝါးကောင် ဆာ့သ်.. သေသွားတာတောင် လူတွေကို အေးအေးဆေးဆေး နေခွင့်မပေးဘူး..”
လူတိုင်း၏ ဒေါသများအား မြင်ရသောအခါ ရှောင်ဝူယိသည်လည်း ဆာ့သ်အပေါ် ပြစ်တင်ရှုပ်ချမှုတွင် ခေါင်းညိတ်ထောက်ခံလေသည်။ အပြစ်ရှိစိတ်ကြောင့် မတည်မငြိမ်ဖြစ်နေသော အကြည့်လေးများမှာ နျဲ့ရှောင်နှင့် အန်းယိ၏ မျက်လုံးများမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ရှောင်ဝူယိ၏ သရုပ်ဆောင်ကျွမ်းကျင်မှုကြောင့် အခန်းအတွင်းရှိလူတိုင်း အရူးလုပ်ခံခဲ့ရသည်။
ရှောင်ဝူယိအား စောင့်ကြည့်နေသော နျဲ့ရှောင်သည် ဆာ့သ်၏ အချက်အလက်များမှာ သူ၏လက်ထဲတွင် ရှိနေပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်သော်လည်း မည်သည်ကြောင့် အခြားသူများအား ဖုံးကွယ်ထားသည်ကို မသိရပေ။ သို့သော် ထိုအရာများအား ယခုအချိန်တွင် မေးရန် မသင့်လျော်သည်ကို သဘောပေါက်သည့်အတွက် နျဲ့ရှောင်နှင့် အန်းယိသည် ရှောင်ဝူယိ တစ်ဦးတည်းဖြစ်မည့် အချိန်အားစောင့်ကာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များအား မေးမြန်းမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ကံမကောင်းစွာဖြင့် ရှောင်ဝူယိ တစ်ဦးတည်းရှိမည့် အခွင့်အရေးအား ရှာမတွေ့နိုင်သေးပေ။ ဆာ့သ်အားဖြေရှင်းပြီးသွားပြီ ဖြစ်သောကြောင့် အဓိကအရေးကြီးသည့် အရာမှာ အပြင်ဘက်ကမ္ဘာအား ရှင်းလင်းရန်နှင့် ထိန်းချုပ်ရန် ဖြစ်သည်။ နျဲ့ရှောင်တို့အဖွဲ့သည် တိုက်ပွဲပြီးနောက် ကောင်းစွာ အနားမယူခဲ့ရသော်လည်း သူတို့၏ စွမ်းအင်များကို စုစည်း၍ ကြီးမားလေးလံသော စီမံခန့်ခွဲမှုအလုပ်များအား ကိုင်တွယ်ဖြေရှင်းကြရသည်။ စွမ်းရည်ဟုခေါ်ခြင်းမှာ တာဝန်ယူမှုလည်းကြီးမားသည်။ ဤအခန်းထဲရှိလူတိုင်းသည် ရှင်သန်ကျန်ရစ်သူများ အကြားတွင် အလွန်မြင့်မားသောဂုဏ်သတင်းရှိသည်။ ယုံကြည်အားထားရသော ခေါင်းဆောင်များဖြစ်သည့်အလျောက် သူတို့မှာ လွန်စွာအရေးပါသည်။ ထို့ကြောင့် မည်သည့်နေရာတွင်မျှ လျစ်လျူရှုရန် အချိန်ပိုလည်းမရှိခဲ့ပေ။
ရှောင်ဝူယိသည် အရာအားလုံးအား သူရှင်းပြင်းနိုင်သလောက် ရှင်းပြပြီး လက်ရှိတွင် လူတိုင်းသည် ကမ္ဘာအား အုပ်ချုပ်မှုလုပ်ငန်းများအတွက် ဆွေးနွေးမှု စတင်လေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မြို့တော်အခြေစိုက်စခန်း၊ လန်ချန်အခြေစိုက်စခန်နှင့် အခြားအရေးကြီးသော အခြေစိုက်စခန်းများအား ဆက်သွယ်ကာ အတူတကွ ဆွေးနွေးကြသည်။ ထိုအချိန်တွင် ကမ္ဘာအပြင်ဘက်ရှိ အကာအကွယ်ကိရိယာအား အန်းယိနှင့်အဖွဲ့မှ ဖျက်ဆီးခဲ့ကြသည်။ မဟာမိတ်သင်္ဘောပေါ်မှ အမျိုးမျိုးသော အနက်ရောင်နည်းပညာ အထောက်အပံ့များဖြင့် ကမ္ဘာတစ်ဝှမ်းမှ ဆက်သွယ်ရေးကိရိယာများသည် အတားအဆီးမရှိဘဲ လည်ပတ်နိုင်ခဲ့ကြသည်။
များမကြာမီတွင် လူတိုင်း အရေးကြီးသည့် လုပ်ဆောင်ချက် စည်းမျဥ်းများအား သဘောတူ လက်ခံခဲ့သည်။ ယခု အရေးကြီးသည့် လုပ်ဆောင်ချက်မှာ အပြင်ဘက်ရှိ ဇွန်ဘီများအား ရှင်းလင်းခြင်းဖြစ်ပြီး အပြင်ဘက်မှ ရှင်သန်သူများအား စုစည်းခြင်းနှင့် အထောက်အပံ့ပစ္စည်းများအား စုဆောင်းသိမ်းဆည်းခြင်းဖြစ်သည်။ အန်းယိသည် လူ၊ နည်းပညာနှင့် ဆေးဝါး စသဖြင့် လိုအပ်သည်များအား ကူညီထောက်ပံ့ပေးသည်။
*လိမ်ပြောတဲ့အခါ လက်ညိုးနဲ့လက်ခလယ်ကိုလိမ်ထားတာကို ပြောချင်တာပါ။