အပိုင်း ၁၀၀
Viewers 22k


🐹အခန်း ၁၀၀

ဝူယိလေးက ဆာ့သ်ကို ဖယ်ရှားပစ်လိုက်ပြီ



နင်ဖုန်းနှင့် အခြားသူများ ဝမ်းသာပျော်ရွှင်လာကြသည်။ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး နျဲ့ရှောင်ပြန်ရောက်လာခြင်းအား ကြိုဆိုကြသည်။ သို့သော်လည်း အနားနီးလာသည့်အခါ နျဲ့ရှောင်၏ မျက်နှာပေါ်ရှိ ပူဆွေးသောကအား မြင်လိုက်သည့်အခါ ကြက်သေသေသွားကြလေသည်။


နျဲ့ရှောင်၏ မျက်လုံးများ နီရဲလျက်နှင့် မျက်ရည်များ ထိန်းမရအောင် ကျဆင်းနေသည်ကို မြင်လိုက်ရသည့်အခါ လေထုအလယ်တွင် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်သွားကြသည်။ နျဲ့ရှောင် ခေါင်းမော့ကာ တိတ်တဆိတ် မျက်ရည်သုတ်လိုက်သည်။


"ပေါင်ပေါင်း...."


နျဲ့ရှောင် ဤမျှလောက် ဝမ်းနည်းနေခြင်းအား တစ်ခါမျှပင် မမြင်ဖူးကြချေ။


ထိုသို့ဖြစ်ရခြင်းနှင့် စပ်လျဉ်း၍ လူတိုင်း၏ စိတ်ထဲ၌ ကြောက်မက်ဖွယ် မှန်းဆချက်တစ်ခု ထွက်ပေါ်လာကြသည်။ 


ဆာ့သ်ရဲ့ ခွေးအကြံက အောင်မြင်သွားတာလား.. ရှောင်ဝူယိကို သတ်ပစ်လိုက်ပြီလား..


"ဘောစ့်.."


နင်ဖုန်းသည် နျဲ့ရှောင်၏ လက်မောင်းအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တုန်ယင်စွာဖြင့် ပြောလေသည်။ 


“ဝူယိ ဘယ်မှာလဲ.. ငါတို့ရဲ့ ဟမ်စတားလေး ဘယ်မှာလဲလို့..”


နျဲ့ရှောင်သည် နီရဲနေသော မျက်လုံးများဖြင့် နင်ဖုန်းအား အသက်မပါစွာ ကြည့်လိုက်ပြီးနောက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာလေသည်။ ဝိုးတဝါး ကြားလိုက်ရသည့် ပေါက်ကွဲသံအား ပြန်လည်ကြားယောင်မိသည့်အခါ နှလုံးသားတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရသလိုပင်။ ပါးစပ်ဖွင့်ကာ စကားပြောချင်သည့်တိုင် မည်သည့်အသံမျှ ထွက်မလာပေ။


အလွန်ဝမ်းနည်းလျက်ရှိပြီး နှလုံးသားတစ်ခုလုံး ဆုံးရှုံးသွားသကဲ့သို့ပင်။


ရှောင်ယန်တို့သည် နျဲ့ရှောင်၏ အခြေအနေအား မြင်သည့်အခါ မျက်ရည်များ ကျဆင်းလာပြီး နှုတ်ခမ်းများ တဆတ်ဆတ်တုန်ကာ ရှိုက်ငိုမိကြသည်။

……


ညကုန်လွန်သွားပြီးနောက် နံနက်မိုးသောက်အချိန်သို့ ရောက်ရှိလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ရက် ကုန်လွန်သွားပြီး မဟာမိတ်၏ စစ်ကူများလည်း ကမ္ဘာပေါ်သို့ ရောက်ရှိလာကြသည်။


ကျယ်လောင်သော ခပ်အုပ်အုပ်မြည်သံများ၊ တုန်ခါမှုများဖြင့် ကောင်းကင်တွင် အဖြူရောင်တိမ်များအားဖြတ်ကာ ကြီးမားသော သင်္ဘောကြီးများ ခုတ်မောင်းလာကြသည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။


သို့‌သော်လည်း ထိုအရာအားလုံးသည် နျဲ့ရှောင်၏ စိတ်အား အနည်းငယ်မျှပင် မလှုပ်ရှားစေပေ။ ကောင်းကင်ပေါ်၌ တူညီသည့် နေရာတွင်သာ ရပ်နေဆဲဖြစ်ပြီး မမောပန်းနိုင်စွာဖြင့် တစ်စုံတစ်ခု ထွက်ပေါ်လာမည်အား စောင့်ဆိုင်းနေပုံပင်။


နင်ဖုန်း၊ သွမ်းဝမ်ယွီနှင့် အခြားသူများမှာလည်း နျဲ့ရှောင်အား အလှည့်ကျ စောင့်ကြည့်နေကြသည်။ မိုးကုတ်စက်ဝိုင်းမှ လှုပ်ရှားသံများ ကြားသည့်အခါ သွေးလွှမ်းသော မျက်လုံးများဖြင့် နျဲ့ရှောင်အား အကြိမ်ပေါင်းများစွာ ခေါ်သည့်တိုင် တုံ့ပြန်မှု မရရှိခဲ့ပေ။


ထိုအချိန်တွင် သေးငယ်သော အနက်ရောင် အရိပ်များသည် ကြီးမားသော သင်္ဘောပေါ်မှ ခုန်ချကာ သူတို့ထံ အလျင်အမြန် ပျံသန်းလာကြသည်။


မော့ယန်နှင့် အန်းယိတို့သည် သူတို့၏ ကလေးလေးအား တွေ့ဖို့ရန် မစောင့်နိုင်တော့ချေ။ ကောင်းကင်ပေါ်ရှိ နျဲ့ရှောင်တို့အဖွဲ့အား သတိထားမိပြီးနောက် သူတို့အား ကြိုဆိုရန် ရှိနေခြင်းဖြစ်မည်ဟု တွေးမိကြသည်။


အန်းယိသည် သူ၏ပတ်ဝန်းကျင်ရှိ လေအား ထိန်းချုပ်ကာ အပြုံးတစ်ပွင့်ဖြင့် ပျံသန်းသွားလေသည်။ ရင်းနှီးဖော်ရွေစွာဖြင့် နူးညံ့ညင်သာစွာ ပြောလေသည်။


“မင်းတို့က ဝူယိ အခြေစိုက်စခန်းကလား.. ဟယ်လို.. ငါက နီမိုတော်ဝင်မျိုးနွယ်က ဝန်ကြီး အန်းယိ ပါ..”


များမကြာမီတွင် မော့ယန် အနောက်မှ ပျံသန်းရောက်ရှိလာသည်။ ပြုံးကာဖြင့် ပိုင်ဆိုင်မှုအား အတိအလင်း ကြေငြာသည်။


“အင်း.. သူက ငါ့ဇနီးလေး လေ..”


အန်းယိ မပျော်ရွှင်စွာဖြင့် မော့ယန်အား လက်သီးဖြင့်ထိုးလိုက်သည်။


ပိုဆီယာ၊ ဖုန်းချန်နှင့် ဖုန်းတောက်တို့သည်လည်း သူတို့၏ ဖခင်များအား နှုတ်ဆက်လိုက်ကြသည်။ ဆစ်စလို၏ မျက်လုံးများ နီရဲကာ အမြောက်ဆန်လေးသဖွယ် အရှင် ရန့်ထ်၏ လက်မောင်းအတွင်း ပြေးဝင်သွားသည်။ ဖခင်၏ ကော်လံအား လက်နှစ်ဖက်ဖြင့်ဆွဲကာ ကျယ်လောင်စွာ ငိုကြွေးလေသည်။


“ပါပါး အရမ်းနောက်ကျတာပဲ.. ဘာလို့ အခုမှ ရောက်လာတာလဲလို့.. အူးဝါးးးး”


“မင်းသားလေး ဝူယိက သူ့ကိုယ်သူ အနစ်နာခံသွားခဲ့ပြီ.. ဝါးးးးး”


အန်းယိနှင့် မော့ယန်သည် ဆစ်စလို၏ စကားလုံးများအား ကြားလိုက်ရပြီးနောက် ချက်ချင်း ခေါင်းလှည့်ကာ အကျည်းတန်သော မျက်နှာထားဖြင့် မေးလိုက်သည်။


“မင်း ဘာပြောတာလဲ..”


ထိုအချိန်တွင် သူတို့ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေကြောင်း သတိထားမိသွားကြသည်။ စိတ်ဓာတ်ကျ၍ တိတ်ဆိတ်နေသော လေထုမှာ သူတို့အား ကြိုဆိုသည့်ဟန် မရှိချေ။


ဆစ်စလို ငိုကြွေးရင်းဖြင့် လွန်ခဲ့သော နှစ်ရက်မှ အဖြစ်အပျက်များအား ရှင်းပြလိုက်သည်။


“အရင်နှစ်ရက်တုန်းက ချီတုမျိုးနွယ်က ဆာ့သ် ဆိုတာ ရောက်လာခဲ့တယ်.. သူက ကမ္ဘာအသစ်တစ်ခု ဖန်တီးဖို့ မင်းသားလေးကို လိုချင်တာ.. မင်းသားလေးက သူနဲ့အတူမလိုက်ဘူးဆိုရင် ကမ္ဘာတစ်ခုလုံးကို ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်တယ်.. ပြီးတော့ မင်းသာလေးရယ်.. နျဲ့ရှောင်ရယ်.. ဆာ့သ် ရယ် အတူတူပျောက်သွားကြတယ်.. နောက်ဆုံးကျ ဘော့စ်နျဲ့က ပြန်ရောက်လာပြီး မင်းသားလေး ပြန်ပါမလာဘူး..”


“အူးဝါးးးးး ကျွန်တော်တို့က အရမ်းအားနည်းလို့ မင်းသားလေးကို မကယ်နိုင်ခဲ့ဘူး... ဝါးးးးး”


သတင်းဆိုး တစ်ခုလုံးအား နားထောင်ပြီးနောက် အန်းယိ မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားသည်။ မော့ယန်သည်လည်း ဤအချက်အား လက်မခံနိုင်ပေ။ မျက်လုံးများ နီရဲလာပြီး အန်းယိ၏ လက်အား တွဲထားလိုက်သည်။ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံ မတည်ငြိမ်ဖြစ်လာသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


နယ်စားကြီးဆိုင်ဒန်နှင့် အရှင် ရန့်ထ်တို့၏ မျက်နှာများမှာလည်း အကျည်းတန်လာကြသည်။ နီမိုတော်ဝင်မျိုးနွယ်၏ နောက်ဆုံးသွေးသား ကျဆုံးသွားခဲ့သောကြောင့် မဟာမိတ်တစ်ခုလုံး လှုပ်ခတ်သွားပေမည်။


သွမ့်ဝမ်ယွီ၊ ဝူဝမ်ချီနှင့် အခြားသူများသည် မော့ယန်တို့အတွက် ရှောင်ဝူယိ၏ အရေးပါမှုအား စိတ်ကူးဖြင့်ပင် တွေးကြည့်နိုင်သည်။ သို့သော်လည်း တိတ်တဆိတ်သာ စိတ်သောကရောက်နိုင်ကြသည်။


မော့ယန် ယုံကြည်စိတ် မရှိပေ။ ဤအခြေအနေအား လက်မခံနိုင်။ အန်းယိအား သူ၏ဘေးရှိ ရှောင်ယန်ထံ ပို့ကာ သူမအား ဂရုစိုက်စေသည်။ သူကိုယ်တိုင်မှာမူ မနီးမဝေးတွင် ရှိနေသည့် နျဲ့ရှောင်အား ကြည့်လိုက်သည်။ ထို့နောက် အလျင်စလို ပျံသန်းသွားပြီး တစ်ဖက်လူ၏ ကော်လံစအား ဆွဲဆုတ်ကာ သွေးလွှမ်းသော မျက်လုံးများဖြင့် အော်ဟစ်မေးခွန်းထုတ်လေသည်။


“မင်းသားလေးနဲ့ နောက်ဆုံးအတူရှိခဲ့တာ မင်းမဟုတ်ဘူးလား.. ဘာဖြစ်လို့ သူ့ကို ကာကွယ်မပေးခဲ့တာလဲ.. ဘာလို့လဲ.. ဘာတွေဖြစ်ခဲ့လို့လဲ..”


တော်ဝင်မျိုးနွယ်၏ လျှို့ဝှက်ချက်အား သိရှိပြီးနောက် မော့ယန် ပို၍ပင် လက်မခံနိုင်ပေ။ သက်ရှိများ နေထိုင်နိုင်သည့် နေရာလွတ်နှင့် အာကာသအား ကူးသန်းနိုင်သော စွမ်းရည်များမှာ သူတို့မိသားစုမှ မင်းသားလေးအား မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိ ဟု ဆိုရန် မဖြစ်နိုင်ပေ။


“ကြားထဲမှာ ဘာဖြစ်သွားတာလဲ.. ပြော.. ငါ့ကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောစမ်း..”


မော့ယန်သည် နျဲ့ရှောင်၏ ကော်လံအားဆွဲကာ လှုပ်ခါရင်း ပါးတစ်ဖက်အား လက်သီးဖြင့် ထိုးလိုက်သည်။ ထိုမြင်ကွင်းအား မြင်ကြသူတိုင်း ဖျန်ဖြေပေးရန် ကြိုးစားကြသည်။


နျဲ့ရှောင်သည် ရဲရဲတောက်‌နေသော သွေးများစီးကျလာသည့် နှုတ်ခမ်းထောင့်အား လက်ဖြင့်သုတ်လိုက်သည်။ မျက်လုံးပင့်ကာ မော့ယန်အား ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလေသည်။


“ပေါင်ပေါင်းက ပြန်လာမှာ.. သူအဆင်ပြေမှာလို့ ပြောလိုက်တယ်.. သူ့ကို ဒီမှာပဲ စောင့်နေမှာ..”


ကြီးမားသော ဝမ်းနည်းမှုအား ကျော်ဖြတ်ပြီးနောက် နျဲ့ရှောင် စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ရှောင်ဝူယိပြောလိုက်သည့် နောက်ဆုံးစကားအား ပြန်လည်စဉ်းစားမိသည်။ အမှန်အတိုင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှောင်ဝူယိအား ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။ ရှောင်ဝူယိ ပြန်ရောက်လာမည့် အချိန်ထိ ဤနေရာတွင်သာ စောင့်ဆိုင်းနေမည် ဖြစ်သည်။


“မင်း အရိုင်းအစိုင်းကောင်..”


မော့ယန်သည် နျဲ့ရှောင်၏ ထူးမခြားနားဟန်ဖြင့် တည်ငြိမ်နေသော အမူအရာအားကြည့်ကာ မျက်လုံးများ ပိုမိုနီရဲခြောက်သွေ့လာသည်။ အလွန်အမင်း ဒေါသဖြစ်လာသောကြောင့် နျဲ့ရှောင်အား ကြမ်းတမ်းစွာ ရိုက်နှက်လိုသည်။ သို့သော်လည်း နျဲ့ရှောင်မှာ အနည်းငယ်မျှပင် ခုခံမည့်ဟန် မရှိချေ။


မော့ယန်သည် လူစုလူဝေးအား တွန်းဖယ်ကာ နျဲ့ရှောင်၏ လည်ပင်းအားဆွဲ၍ စတင်ထိုးနှက်လေသည်။ နျဲ့ရှောင် မည်သို့မျှ တုံ့ပြန်ခြင်း မပြုဘဲ မော့ယန်၏ ပခုံးအားကျော်ကာ ကောင်းကင်ပေါ်သို့ကြည့်နေသည်။ ထိုအချိန်မှာပင် သူ၏မျက်လုံးများ ပြူးကျယ်နီရဲလာသည်။


ကောင်းကင်ပြာ၏ ဖြူဖွေးသော တိမ်တိုက်များအကြားမှ လေထု ရုတ်တရက် တွန့်လိမ်သွားပြီးနောက် ချစ်စဖွယ် နူးနူးညံ့ညံ့အသံလေး ထွက်ပေါ်လာသည်။


“ဦးဦး အရမ်းများသွားပြီ.. ဘယ်လိုဖြစ်ပြီး ပေါင်ပေါင်း အဝေးကို ရောက်နေတုန်း ဒယ်ဒီ့ကို အနိုင်ကျင့်နိုင်ရတာလဲ..”


ရင်းနှီးနေသော အသံလေးသည် နေရာရှိလူတိုင်းအား အံ့အားသင့်ပြီး စကားမပြောနိုင်အောင် ဖြစ်စေသည်။ အသံလားရာအား ကြည့်လိုက်သည့်အခါ နူးညံ့သော တိမ်တိုက်များအကြားမှ ထိခိုက်မှု စိုးစိမျှမရှိဘဲ ထွက်ပေါ်လာသည့် ကောင်ငယ်လေးအား မြင်တွေ့လိုက်ရသည်။


ရှောင်ဝူယိသည် နျဲ့ရှောင်နှင့် မော့ယန်ကြားသို့ တိုးဝင်လိုက်သည်။ လက်ကလေးများဖြင့် ခါးထောက်ကာ ဦးဦးဖြစ်သူအား ဆူပုတ်ပုတ် မျက်နှာလေးဖြင့် ကြည့်လိုက်သည်။ သူမရှိစဉ် နျဲ့ရှောင်အား အနိုင်ကျင့်နှိပ်စက်နေသော ဦးဦးဖြစ်သူအား ပါးစပ်သေးသေးလေးဖြင့် တတွတ်တွတ်ပြောဆိုတာ အပြစ်တင်လေသည်။


ဒေါသထွက်နေသော အကောင်ပေါက်လေးသည် မည်သည့်ဒုက္ခမျှ ကြုံတွေ့ခဲ့ရဟန် မတူပေ။ ထိုသည်အား မြင်ရသည့်အခါ လူတိုင်းမျက်လုံးများ နီရဲလာကြသည်။


“ကောင်းလိုက်တာ.. နောက်ဆုံးတော့ ရှောင်ဝူယိ ပြန်ရောက်လာပြီ..”


"အားး ကံကောင်းလို့!!.."


"မင်းလုံခြုံတယ်.. အဲဒါ တကယ်ကောင်းတယ်!!.."

……


လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ရှောင်ဝူယိအား ဝန်းရံလာကြသဖြင့် ရှောင်ဝူယိအား အနည်းငယ် နောက်ဆုတ်သွားစေသည်။ ထိတ်လန့်စွာဖြင့် နျဲ့ရှောင်၏ လက်မောင်းအတွင်း ပစ်ဝင်လိုက်သည်။


"မင်းတို့... မင်းတို့ဘာတွေဖြစ်နေကြတာလဲ အာ.."


နျဲ့ရှောင်သည် ပျောက်ဆုံးသွားပြီးနောက် ပြန်တွေ့ခဲ့ရသည့် ကောင်ငယ်လေးအား တင်းကြပ်စွာဖက်၍ သူ၏ခေါင်းအား ကောင်ငယ်လေး၏ လည်ပင်းထဲတွင် မြှုပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများ နီရဲလာသည်။


"ပေါင်ပေါင်း.. လူတိုင်းက ပေါင်ပေါင်း လုံလုံခြုံခြုံ ပြန်လာတာကို ကြိုဆိုကြတာ.."


ရှောင်ဝူယိသည် အဆုံးတွင် ကောင်းကင်အရောင်အား သတိပြုမိလိုက်သည်။ ထို့နောက် နှစ်ရက်အကြာတွင် ရောက်လာမည်ဖြစ်သော မော့ယန်နှင့် အန်းယိအားကြည့်ကာ အချိန်ကွာခြားချက်အား နားလည်သွားပြီးနောက် ရှက်ရွံ့အားနာသွားသည်။


"တောင်းပန်ပါတယ်.. ပေါင်ပေါင်းက လူတိုင်းကို စိတ်ပူအောင် လုပ်မိပြီ.."


မော့ယန်သည် နီရဲနေသော မျက်လုံးများဖြင့် ခေါင်းခါကာ နျဲ့ရှောင်၏ လက်မောင်းထဲမှ သူတို့၏ မင်းသားလေးအား အားပါပါဖြင့် ဆွဲယူလိုက်ပြီးနောက် ခန္ဓာကိုယ်အနှံ့ စစ်ဆေးကြည့်ရှုလေသည်။


“အဆင်ပြေတယ်.. အဆင်ပြေတယ်.. ပေါင်ပေါင်း ပြန်လာနိုင်တာကိုက အဆင်ပြေနေပြီနော်..”


အန်းယိမှာ တစ်ချိန်လုံး ရှောင်ယန်အား မှီနေခဲ့ရသည်။ နီရဲနေသော မျက်လုံးများဖြင့် ရှောင်ဝူယိအား ပွေ့ဖက်လိုက်သည်။ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီး အဆုံးတွင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်ပြီ ဖြစ်သည်။


“မင်း.. လူတွေကို စိတ်ပူအောင်လုပ်တတ်တဲ့ ဗီလိန်လေး..”


ရှောင်ဝူယိသည် အလွန်လွမ်းနေခဲ့ရသော ဦးဦးအန်းယိအား ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို တစ်ဖက်လူ၏ ခါးအားပွေ့ဖက်လိုက်ပြီးနောက် မျက်ရည်များ ကျဆင်းလာသည်။ အလိုလိုက်ခံထားရသော ကျားတစ်ကောင်နှင့်တူသည့် အမူအရာလေးကြောင့် လူတိုင်း ရုတ်တရက် ရယ်မောမိကြသည်။


"ကူးမူ.. ပေါင်ပေါင်းက အရမ်းလွမ်းနေတာ.."


"ကျွတ် ဦးဦးငယ်လို့ ခေါ်စမ်း!.."


"ဟားဟားဟား..."

……


ပျော်ရွှင်ဖွယ်မြင်ကွင်းအားကြည့်ကာ နျဲ့ရှောင်၏နှုတ်ခမ်းများ ကွေးတက်သွားသည်။ သူ၏နှလုံးသားထဲတွင် ကျေးဇူးတင်ဝမ်းမြောက်ခြင်းတို့ ပဲ့တင်ထပ်နေသည်။ ကံကောင်းစွာဖြင့် သူ၏ ချစ်စဖွယ်အကောင်းဆုံးသော နေလုံးသေးသေးမှာ လုံခြုံဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။


“ဝါး.. ဟိုမှာကြည့်ကြဦး.. နေထွက်လာပြီ..”


နင်ဖုန်း၏ အသံအား ကြားသောအခါ လူတိုင်း အရှေ့အရပ်သို့ ကြည့်လိုက်ကြသည်။ မိုးသောက်ချိန်နေမင်းသည် တောင်တန်းများ၏အလယ်မှ ဖြည်းညင်းစွာ မြင့်တက်လာပြီး နွေးထွေးသော ရွှေရောင်အလင်းတန်းသည် ကောင်းမွန်သော ပြောင်းလဲမှုများနှင့် အခက်အခဲများအား ကြုံတွေ့ခဲ့ရသော ကုန်းမြေပေါ်သို့ ဖြာကျလာသည်။


ကမ္ဘာကြီးမှာ အသစ်တစ်ဖန် ပြန်လည်စတင်တော့မည်ပင်။