အပိုင်း ၉၉
Viewers 22k


🐹အခန်း ၉၉

 ဝူယိလေးက ဆာ့သ်ကို ဖယ်ရှားပစ်လိုက်ပြီ



ဆာ့သ်၏ အလွန်ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာအား တွေ့ရသောအခါ ရှောင်ဝူယိ စိတ်ရှုပ်ထွေးဟန်ဆောင်ကာ ရိုးသားစွာဖြင့် နျဲ့ရှောင်၏ အင်္ကျီထောင့်အားဆွဲ၍ မေးလိုက်သည်။


"ဒယ်ဒီ ပေါင်ပေါင်းက ကြောက်စရာကောင်းလို့လား ဟင်.."


"ပေါင်ပေါင်းက လုံးဝ ကြောက်စရာမကောင်းဘူး.."


နျဲ့ရှောင် ခေါင်းငုံ့၍ သူ၏မိသားစုဝင်လေးအား ကြည့်ကာ ခေါင်းကလေးအားပုတ်ပေးပြီး နူးညံ့စွာပြုံး၍ ပြောလေသည်။


"ပေါင်ပေါင်းက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ဟမ်းစတားလေး.. သူ့လို အမှိုက်ကောင်ရဲ့ ခံစားချက်တွေကို ပေါင်ပေါင်း ဂရုစိုက်စရာ မလိုဘူး.. သူ့ဘာသာ တစ်ယောက်တည်း ခံစားပါစေ.."


နျဲ့ရှောင်၏ ချီးမွမ်းစကားအား ကြားသောအခါ ရှောင်ဝူယိ ပျော်ရွှင်သွားပြီး နာခံစွာဖြင့် ခေါင်းညိတ်သည်။


"အွန်း.. ပေါင်ပေါင်းက ချစ်ဖို့အကောင်းဆုံးဘဲ.."


ဆာ့သ် မောပန်းသွားသည့်တိုင် အော်ဟစ်နေလေသည်။ မျက်လုံးထဲတွင် သွေးလွှမ်းနေပြီး စိတ်အခြေအနေမှာလည်း ပြိုလဲကာ အသံများလည်း အက်ရှနေသည်။


"မင်းတို့ မကောင်းဆိုးဝါးတွေ.. အန္တရာယ် ပြုချင်တဲ့အတွက် ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့တယ်.. ငါ့ကို သည်နေရာ ခေါ်လာနိုင်တယ်ဆိုရင် ငါနဲ့ ပတ်ချာလည်ပြီး ဘာလို့ ကစားနေခဲ့သေးလဲ.. ငါ့ရဲ့ အိပ်မက်တွေ ဖျက်ဆီးခံလိုက်ရတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းလား..."


ထိုသို့ကြားရသောအခါ နျဲ့ရှောင် ဒေါသထွက်လွန်း၍ ‌အော်ဟစ်ရယ်မိလုနီးပါးပင်။ ခေါင်းလှည့်၍ ဆာ့သ်အား အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


ဘယ်လိုတောင် ကောက်ကျစ်တဲ့သူက သူတို့ကို လူမဆန်ဘူးလို့ စွပ်စွဲပိုင်ခွင့်ရှိတာလဲ...


ရှောင်ဝူယိအတွက် ဤကမ္ဘာမှာ သိုလှောင်ရုံအသေးစားလေး ဖြစ်ပြီး အစားအစာများနှင့်ပျော်ရွှင်ဖွယ်ကောင်းသော လျှို့ဝှက်ပန်းခြံလေးတစ်ခု ဖြစ်သည်။ အစမှအဆုံးထိ သူ့ထံတွင် နေရာလွတ်အားသုံး၍ အခြားသူများအား ထိခိုက်စေရန်နှင့် သူ၏ အခွင့်အာဏာကို ပြသရန် အတွေးမရှိခဲ့ဖူးပေ။ ရှောင်ဝူယိသည် ထိုညစ်ပတ်သော စိတ်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ပတ်သက်၍ ပြုလုပ်ရန်အကြောင်း မရှိပေ။


ဆာ့သ်သာ ကမ္ဘာတစ်ခုလုံးနှင့် ခြိမ်းခြောက်၍ သူတို့အား တွန်းအားမပေးခဲ့လျှင် ရှောင်ဝူယိသည် နေရာလွတ်အား အသုံးပြု၍ ပြသာနာကို ဖြေရှင်းနိုင်ကြောင်း သဘောပေါက်လိမ့်မည် မဟုတ်ချေ။


"မင်းရဲ့ ညစ်ပတ်တဲ့ အတွေးတွေနဲ့ သူများကို မနှိုင်းနဲ့.."


နျဲ့ရှောင် လှောင်ပြောင်၍ အော်လိုက်သည်။


"မင်းက ငါတို့မင်းကိုလိမ်စေချင်တာလား.. ဒါပေမယ့် မင်းမှာတန်ဖိုးမရှိဘူး.. ဒီကမ္ဘာထဲ မင်းကိုထည့်ရတာတောင် ညစ်ညမ်းစေတယ်.."


"မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေက ခွင့်လွှတ်လို့မရဘူး.. ကမ္ဘာအသစ်တစ်ခု ဖန်တီးဖို့အတွက်နဲ့ မရေတွက်နိုင်တဲ့ ဂြိုလ်တွေနဲ့ သန်းရာချီတဲ့ သက်ရှိတွေက မင်းရဲ့လက်အောက်မှာ ရှုပ်ထွေးခဲ့ရတယ်.. မင်းက ဘယ်ကမ္ဘာကိုမှ ဖန်တီးနေတာ မဟုတ်ဘူး.. ကမ္ဘာတွေကို လိုက်ဖျက်ဆီးနေတာ.. အဲသည်တော့ မင်းနှစ်ကြိမ် လှည့်စားခံရတော့လည်း ဘာဖြစ်လဲ.. မင်းကို ချက်ချင်းသေခိုင်းလိုက်ရမှာက စျေးပေါလွန်းတယ်.."


"အားးး..."


ဆာ့သ် ရူးသွပ်စွာ အော်ဟစ်ပြီး သူ၏လက်ထဲတွင် ဓါးတစ်ချောင်းကိုင်ကာ နျဲ့ရှောင်အား ထိုးရန်ရွယ်သည်။


"သေစမ်း သေစမ်း.. ငါမင်းကို သတ်ပစ်မယ်.. မင်းတို့အားလုံး သေကြစမ်းကွာ.."


ရှောင်ဝူယိသည် ဆာ့သ်၏ ရုတ်တရက်လှုပ်ရှားမှုအား အချိန်မှီထိန်းချုပ်ခဲ့ပြီး နျဲ့ရှောင် လှုပ်ရှားရန်ပင် အချိန်မပေးခဲ့ပေ။


သူ၏စိတ်ထဲတွင် သူကိုယ်တိုင်သာ နျဲ့ရှောင်အား ကာကွယ်ပေးချင်သည်။ ရလဒ်အနေဖြင့် ဖောက်ထွင်းမြင်နိုင်သည့် အကာအရံတစ်ခု ရုတ်တရက်ပေါ်လာပြီး ဆာ့သ်အား အပြင်မထွက်နိုင်အောင် တားဆီးပိတ်ဆို့လိုက်သည်။ ဆာ့သ်သည် တတ်စွမ်းသမျှ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။


ယင်းမှာ နတ်ဘုရားတမျှ စွမ်းရည်အစစ်အမှန်ပင်..


စိတ်ကူးရုံနှင့်ပင် စိတ်ကူးဆန္ဒများအား ဖြည့်ဆည်းနိုင်စွမ်း ရှိသည်။


ဆာ့သ်မှာ ကျဉ်းထဲကြပ်ထဲ ရောက်လို့နေသည်။ စိတ်ဓာတ်ကျစွာဖြင့် ထွင်းဖောက်မြင်နိုင်သည့် အကာအရံအတွင်း စိတ်ဓာတ်ကျစွာ ထိုင်နေပြီး မျက်နှာမှာလည်း ဖြူဖျော့ကာ မျက်လုံးများ အသက်မပါပေ။ လှုပ်ရှားနိုင်စွမ်းလည်း မရှိတော့ပေ။ အမျိုးမျိုးသော အခြေအနေများသည် ဆာ့သ်အား "သင်္ချိုင်းကုန်း ခြေချနေသည့် သေဆုံးခါနီး လူအိုကြီး" အဖြစ် ခံစားရစေသည်။


ဆာ့သ်၏ အပြီးပြတ် နင်းခြေခံလိုက်ရဟန် အခြေအနေအားကြည့်ပြီးနောက် ရှောင်ဝူယိသည် နျဲ့ရှောင်အား လှည့်ကြည့်ကာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ နှလုံးသားထဲတွင် ဒေါသနှင့် အမုန်းတရားများ ရှိနေသည့်တိုင် ဆာ့သ်အား လွယ်လင့်တကူ သေခိုင်းရန် မဖြစ်နိုင်ပေ။ ဂြိုလ်များပေါ်မှ ဇွန်ဘီဗိုင်းရပ်နှင့် ပတ်သက်၍ အသုံးဝင်နိုင်မည့် သတင်းများ မေးမြန်းရန် ရှိနေသေးသည်။


“ဆာ့သ်.. မင်း သုတေသနလုပ်တဲ့ ဓာတ်ခွဲခန်းက ဘယ်မှာလဲ.. မဟာမိတ်ရှင်းလင်းရေး စစ်ဆင်ရေးက လွတ်မြောက်သွားပြီး ဒီနှစ်တွေ ဘယ်မှာ ပုန်းနေခဲ့တာလဲ..”


နျဲ့ရှောင် အေးစက်စွာ စစ်ဆေးမေးမြန်းသည်။


ဆာ့သ်သည် နျဲ့ရှောင်၏ အမေးအား ကြားသည့်အခါ နျဲ့ရှောင်နှင့် ရှောင်ဝူယိထံ အကြည့်ရွေ့သွားသည်။ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသည့် လှောင်ပြုံးတစ်ခု ပေါ်လာပြီး မည်သည့်အရာကိုမျှ ပြန်ဖြေခြင်း မရှိချေ။


ရှောင်ဝူယိနှင့် နျဲ့ရှောင်သည် ဆာ့သ်၏ ခန္ဓာကိုယ်အနှံ့ ပစ္စည်းများ ရှာဖွေရန်မှလွဲ၍ ရွေးချယ်ရန် မရှိတော့ပေ။ သို့သော် အရေးကြီးသော ကွင်းဆက်များအား ဆာ့သ်၏ ခန္ဓာကိုယ်ထဲမှ နေရာလွတ်စွမ်းရည်အတွင်း သိမ်းဆည်းထားခဲ့သည်။


"လုံလောက်ပြီ.. သတ်လိုက်တာမှ ပိုအကျိုးရှိဦးမယ်.."


နျဲ့ရှောင်သည် ခေါင်းမာနေသော ဆာ့သ်အားကြည့်ကာ လက်ထဲတွင် မုန်တိုင်းတစ်ခု စုစည်း၍ ရှေ့သို့တိုးသွားခဲ့ပြီး ဆာ့သ်၏ခန္ဓာကိုယ်ထဲမှ စွမ်းရည်အမြုတေများအား တစ်ချက်တည်းဖြင့် ဆွဲထုတ်ရန်ပြင်ခဲ့သည်။


"ဒယ်ဒီ.. ပေါင်ပေါင်းကို လုပ်ခွင့်ပေး.."


ရှောင်ဝူယိသည် နျဲ့ရှောင်၏ အင်္ကျီစအားဆွဲကာ သူ၏စိတ်ထဲမှ နေရာလွတ်၏ စွမ်းအားကို အသုံးပြု၍ ဆာ့သ်၏ ခန္ဓာကိုယ်ထဲမှ အမြုတေအား ဆွဲထုတ်ရန် ရည်ရွယ်ခဲ့သည်။ ဤအရာသည် ပိုအဆင်ပြေပြီး လျင်မြန်ကာ ထိုအမြုတေအား ပိုင်မေ့ထံပေး၍ စစ်ဆေးကြည့်ရန် ပြောနိုင်သည်။


"ကောင်းပြီ" 


နျဲ့ရှောင် မကန့်ကွက်ပေ။ သူတို့သည် ဖောက်ထွင်းမြင်နိုင်သည့် အကာအရံအတွင်းသို့ လျှောက်သွားခဲ့ပြီး ဆာ့သ်အားဆန့်ကျင်ရန် အဆင်သင့် ဖြစ်နေသည်။


မမြင်နိုင်သော တွန်းအားတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အမြုတေများအား ဆွဲထုတ်နေသည်ကို ခံစားမိသောကြောင့် ဆာ့သ် စိတ်လှုပ်ရှားဖို့ပင် မဝံ့တော့ချေ။ နျဲ့ရှောင်နှင့် ရှောင်ဝူယိအား လက်တစ်ကမ်း အကွာတွင် မြင်လိုက်ရသည့်အခါ မျက်လုံးထဲတွင် အစီအစဉ် အောင်မြင်ရေးနှင့် မုန်းတီးမှု အရိပ်အယောင်များ လက်လာသည်။


သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းရည်အမြုတေ မထွက်ခွာမီမှာပင် လက်ပေါ်တွင် အနက်ရောင်လေဝဲတစ်ခု ပေါ်လာပြီး သေးငယ်သော ဆံပင်မွေးအား အလျင်အမြန် ထည့်လိုက်သည်။ လက်မြှောက်ကာ ရှောင်ဝူယိနှင့် နျဲ့ရှောင်၏ လက်မောင်းအား ဆွဲထားပြီးနောက် ရူးသွပ်စွာ ရယ်မောလေသည်။


"အတူပေါက်ကွဲလိုက်ကြရအောင် ဟားဟားဟား.."


"မင်းမကောင်းတဲ့အကောင်!!.."


နျဲ့ရှောင် ကျိန်ဆဲ၍ သူတို့အား တင်းကြပ်စွာဆုပ်ထားသည့် ဆာ့သ်၏ လက်မောင်အား ဖယ်ရှားကာရှောင်ဝူယိအားဆွဲ၍ အပြင်ဘက်မြက်ခင်းပေါ်သို့ လှဲချလိုက်သည်။


ဆာ့သ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများ ကြောက်မက်ဖွယ် ပြန့်ကားလာသည်အား မြင်လိုက်ရသည်။ မျက်နှာမှာလည်း အရုပ်ဆိုးစွာ ဖောင်းပွလာသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ အလွန်ကြီးမားသော အနက်ရောင်အမြုတေ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပုံပင်။ နာနာကျင်ကျင် ညည်းတွားသံတစ်ခု ထွက်ပေါ်လာသည့်တိုင် ရူးသွပ်စွာ ပြုံးနေဆဲဖြစ်သည်။


“ဘယ်သူကမှ ငါ့အချက်အလက်တွေကို မရနိုင်ဘူး.. ဟားဟားဟား.. မင်း စွမ်းရည်ပေါက်ကွဲတာကို ခံနိုင်ရည်ရှိမလား သိချင်မိတယ် မင်းသားလေးရေ.. ဟားဟားဟား.. မင်းသာ ခံနိုင်ရည် မရှိဘူးဆိုရင် ငါ့ရဲ့ သေဆုံးမှုက အကျိုးမယုတ်ပါဘူး.. ဟားဟားဟား..”


နျဲ့ရှောင်သည် အကာအရံအတွင်းရှိ မမှတ်မိနိုင်လောက်အောင် ပုံပျက်နေသော ဆာ့သ်အား မြင်ရသည်မှာ အန်ချင်စိတ်ဖြစ်လာသည်။ အလျင်အမြန် ခေါင်းငုံ့လိုက်ပြီးနောက် အလွန်စိုးရိမ်ပူပန်စွာဖြင့် ရှောင်ဝူယိအား ကြည့်လိုက်သည်။


"ပေါင်ပေါင်း အဆင်ပြေရဲ့လား.."


ဖြူဖျော့နေသော ရှောင်ဝူယိ ခေါင်းခါလိုက်ပြီးနောက် စကားပင် မဆိုနိုင်ချေ။ ဆာ့သ်၏ ဘေးပတ်လည်ရှိ အကာအရံအား ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် စွမ်းအင်များ လျှံထွက်မလာစေရန် စိတ်ဖြင့် မရပ်မနား ထိန်းချုပ်နေရသည်။


နျဲ့ရှောင်သည် ကောင်ငယ်လေး၏ အကျည်းတန်စွာ ဖြူဖျော့နေသည့် မျက်နှာလေးအားကြည့်ကာ နှလုံးသားတစ်ခုလုံး စူးအောင့်လာသည်။ နေရာလွတ်နှင့် ရှောင်ဝူယိမှာ ခွဲထုတ်၍မရနိုင်သော ပြီးပြည့်စုံသည့် ပေါင်းစပ်မှုဖြစ်သည်။ နေရာလွတ်အပေါ် ပြင်းထန်သည့် သက်ရောက်မှုရှိလျှင် ရှောင်ဝူယိသည်လည်း သေချာပေါက် နာကျင်ပေလိမ့်မည်။


"ပေါင်ပေါင်း!.."


နျဲ့ရှောင် စိုးရိမ်ပူပန်မှုကြောင့် မျက်လုံးများ နီမြန်းလာသည်။


ထိုအချိန်တွင် ရှောင်ဝူယိသည် သူ၏လက်အား ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ကြည်လင်တောက်ပနေသော မျက်လုံးနက်နက်လေးများဖြင့် ကြည့်လာသည်။ တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် နေရာလွတ်အပြင်ဘက်သို့ တန်းတန်းမတ်မတ် ပို့ခံလိုက်ရသည်။


"ဒယ်ဒီ အရင်ထွက်နှင့်နော်.. စိတ်မပူပါနဲ့ ပေါင်ပေါင်း အဆင်ပြေသွားမှာပါ.."


"အားးး ပေါင်ပေါင်း!!..."


နျဲ့ရှောင်၏မျက်လုံးများ အလွန်အမင်း ပြူးကျယ်သွားသည်။ များမကြာမီမှာပင် နေရာလွတ်အပြင်သို့ မရောက်မီ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံကျယ်ကြီးအား ကြားလိုက်ရသည်။


ကြီးမားသော ပေါက်ကွဲမှုကြီးသည် နေရာလွတ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

***


အပြင်ဘက်၌။


ဝူယိအခြေစိုက်စခန်း တစ်ခုလုံး ညို့မှိုင်းနေပြီး ပူပင်သောကများ ပြည့်နှက်နေသည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်းလုံခြုံမှုအတွက် အလဲအလှယ်ဖြစ်သည့်တိုင် နျဲ့ရှောင်နှင့် ရှောင်ဝူယိ၏ စွန့်လွှတ်အနစ်နာခံမှုကြောင့် ပျော်ရွှင်သူမရှိချေ။


နင်ဖုန်းသည် အခြေစိုက်စခန်း၏ မြို့ရိုးထိပ်၌ထိုင်ကာ တိတ်တဆိတ် ငိုကြွေးလျက်ရှိသည်။ ရင်ဘတ်တစ်ခုလုံး တစ်ဆို့နေပြီး နံဘေးရှိ သွမ့်ဝမ်ယွီနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။


“ကော.. ဘော့စ်နဲ့ အလုပ်သမားလေး အဆင်ပြေမှာပါနော်..”


သွမ့်ဝမ်ယွီ၏ မျက်လုံးများ ချက်ချင်းနီရဲလာသည်။


ထိုအချိန်တွင် ပိုင်မေ့ အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ဆာ့သ် ထွက်သွားပြီးနောက်တွင် ဇွန်ဘီအားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာပြီး တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခြင်း မရှိတော့ချေ။ သို့သော်လည်း ဤအချိန်တွင် ဇွန်ဘီများအား ရှင်းလင်းရန် မည်သူမျှ အာရုံမရှိဘဲ ရှောင်ဝူယိနှင့် နျဲ့ရှောင်၏ ပျောက်ကွယ်သွားမှုအတွက်သာ နာကျင်ခံစားနေကြရသည်။


နင်ဖုန်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲနှင့် သွမ့်ဝမ်ယွီ၏ လက်မောင်းထဲ ပစ်ဝင်ကာ ကျယ်လောင်စွာ ငိုကြွေးလေသည်။ ပိုင်မေ့၏ မျက်လုံးများ နီရဲလာပြီး သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ သူသာ ယခုထက်ပို သန်မာခဲ့မည်ဆိုလျှင် ဆာ့သ်အား တိုက်ရိုက်ထိန်းချုပ်နိုင်ပေမည်။


တိတ်ဆိတ်နေသည့် အခြေစိုက်စခန်းတစ်ခုလုံးတွင် ငိုရှိုက်သံများ ပျံ့နှံ့သွားသည်။


ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အနက်ရောင် အစက်ပျောက်လေးသည် နှလုံးကြေကွဲဖွယ် အော်ဟစ်သံနှင့်အတူ အခြေစိုက်စခန်းရှိ လူတိုင်း၏ မြင်ကွင်းထဲ ပေါ်လာသည်ကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။


“ဘောစ့်!!”


“နျဲ့ရှောင်!!!”