🐹အခန်း ၉၈
ဝူယိလေးက ဆာ့သ်ကို ဖယ်ရှားပစ်လိုက်ပြီ
ထိုအချိန်တွင် ရှောင်ဝူယိ၏ နေရာလွတ်ထဲ၌။
ဆာ့သ်သည် မြက်ခင်းစိမ်းပေါ်တွင် မတ်တရပ်လျက် စိမ်းလန်းစိုပြည်သော တောင်တန်းများနှင့် ကြည်လင်သော ရေများအား ဗလာမျက်လုံးများဖြင့် ကြည့်နေမိသည်။ အချိန်အတော်ကြာသည်အထိ အသိစိတ်မကပ်နိုင်ခဲ့ပေ။ နှာခေါင်းမှ ဖြတ်လာသောလေသည် သန့်ရှင်းလတ်ဆတ်ကာ နှလုံးသားအောက်ခြေထိတိုင် တိုးဝင်သွားစေသည်။ မြင်ကွင်းထဲတွင် မည်သည့်ဇွန်ဘီမျှ မရှိပေ။
၎င်းသည် ဇွန်ဘီပိုးများ ကူးစက်ခံထားရပြီးနောက် မသန့်ရှင်းသောလေများနှင့် ကမ္ဘာ မဟုတ်ပေ။
ဒါဆို သူအောင်မြင်သွားတာလား?...
ဒါက သူ့ရဲ့ ကမ္ဘာကြီးလား?..
ပတ်ဝန်းကျင်မှာ အလွန်အေးချမ်းသာယာ၍ အစိမ်းရောင်ဓာတ် ပေါကြွယ်ဝပြီး အသက်ဓါတ်များဖြင့် ပြည့်နေကာ အချိန်သည်လည်း ငြိမ်သက်စွာ သဘာဝအတိုင်း စီးဆင်းလျက်ရှိသည်။ ဆာ့သ်သည် နေရာတွင် ရပ်နေလျက် အသံရှူနှုန်းများသည် မြန်ဆန်ကာ အသားအရည်သည်လည်းပို၍ စိုပြည်လာသည်။ ၎င်းသည် သူဖန်တီးခဲ့သည့် အမှီအခိုကင်းသည့် ကမ္ဘာဖြစ်ကြောင်း နားလည်သဘောပေါက်သွားသောအခါ အဆုံးမရှိသော ပျော်ရွှင်မှုများ မျက်လုံးထဲတွင် မြင့်တက်လာသည်။
မြက်ခင်းပြင်ပေါ် လှဲချကာ အမှုမထားစွာရယ်မောလိုက်ပြီး ကောင်းကင်ပြာကြီးအား ကြည့်နေမိသည်။ ကြာရှည်စွာ မျှော်လင့်ခဲ့ရသည့် ဆန္ဒအိပ်မက် ပြည့်ဝသွားသည့်အတွက် မျက်လုံးထောင့်တွင် မျက်ရည်များ ရစ်ဝဲလာသည်အထိ ရယ်မောမိနေသည်။
နောက်ဆုံးတော့! နောက်ဆုံးတော့! သူတကယ်ကြီး အောင်မြင်သွားပြီ..
ဆာ့သ်သည် သူ၏ကိုယ်ပိုင်စိတ်ကူးများဖြင့် ပျော်မွေ့နေချိန် အဝေးရှိ တောင်တန်းများတွင် လှပသော လူငယ်လေးသည် သစ်ပင်ကြီးနောက်တွင်ကွယ်၍ သူ၏ဘေး၌ရပ်နေသော အမျိုးသားအား တီးတိုးပြောကာ အလျင်စလိုနိုင်စွာဖြင့် အဝတ်အစားများ ဝတ်ဆင်နေလေသည်။
"ဒယ်ဒီရေ.. ဒါက ပေါင်ပေါင်းရဲ့ နေရာလွတ်လေးဆိုတာ သူက သတိတောင်မထားမိဘူး.. နည်းနည်းလေးတောင် သံသယ မဝင်ဘူးဘဲ.. မြက်ခင်းပေါ်မှာ လူးလိုက်လှိမ့်လိုက်နဲ့ အပျော်လွန်ပြီး သေမှာတောင် စိုးရတယ်.. "
ရှောင်ဝူယိသည် အင်္ကျီလည်ပင်းပေါက်မှ ခေါင်းထွက်ကာ ပျော်ရွှင်ဂုဏ်ယူစွာပြောရင်း အင်္ကျီလက် ခေါက်တင်လျက်ရှိသည်။ နျဲ့ရှောင်၏ ကူညီမှုဖြင့် အဝတ်အစားများအား လျင်မြန်စွာ ဝတ်ဆင်နိုင်ခဲ့သည်။
“ပေါင်ပေါင်း ငိုတဲ့ပုံက အရမ်းပီပြင်လို့နေမှာ.. မဟုတ်ရင် အခုလောက် ယုံမှာ မဟုတ်ဘူးနော်..”
“အင်း.. ပေါင်ပေါင်းက အရမ်းတော်တယ်..”
နျဲ့ရှောင်သည် ရှောင်ဝူယိ ပါးဖောင်းဖောင်းလေးအား ချစ်ခင်မှုအပြည့်ဖြင့် အနမ်းပေးလိုက်သည်။ ကောင်ငယ်လေး၏ မျက်လုံးအောက်မှ ခြောက်သွေ့နေသည့် မျက်ရည်စီးကြောင်းလေးအား ကြည့်လိုက်ပြီး သူ၏ မျက်လုံးတွင်လည်း ထိုသို့သာပင်။ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကာ သေဆုံးရန် ဆုံးဖြတ်ခဲ့ကြပြီး လူတိုင်းအား နှုတ်ဆက်ခဲ့ကြသည်။ ထိုသရုပ်ဆောင်မှုအား အလွန်အကျူးဟု ယူဆ၍ မရချေ။
အကယ်၍ အစောပိုင်းတွင် နေရာလွတ်ထဲသို့ ဝင်သည့်အချိန်အား ကောင်းစွာဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့လျှင်..
တစ်စက္ကန့်စောခြင်း သို့မဟုတ် နောက်ကျခြင်း ရှိခဲ့လျှင်...
ယခုအချိန်တွင် သူတို့နှစ်ဦး တစ်နေရာစီ ကွဲနေနိုင်သည်။ ထိုကဲ့သို့ အန္တရာယ်များသော အခြေအနေတွင် ဖော်ပြခဲ့သည့် ခံစားချက်များမှာ အစစ်အမှန်ဖြစ်လေရာ ဆာ့သ်၏ မျက်လုံးများအား မည်သည်ကြောင့် အရူးမလုပ်နိုင်ဘဲ ရှိမည်နည်း။
"သူကို အခုပဲ အပြတ်ရှင်းလိုက်ရအောင်.."
နျဲ့ရှောင်သည် ရှောင်ဝူယိ၏ ခေါင်းလေးအားပွတ်ကာ တောင်တန်းများအား မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် ယခင်က မရှိခဲ့ဖူးသည့် သတ်ဖြတ်လိုမှုများ စွန်းထင်းနေသည်။ ဤအခြေအနေထိ တစ်ခါမျှ တွန်းအားခံရခြင်း မရှိခဲ့ဖူးရုံသာမက လူတစ်ယောက်အား ဤမျှလောက် မုန်းတီးဖူးခြင်း မရှိခဲ့ပေ။ ဆာ့သ်မှာ ပထမဆုံးပင်။
"အင်း!.."
ရှောင်ဝူယိသည် နှုတ်ခမ်းလေးအားဖိ၍ လေးလံစွာ ခေါင်းညိတ်ခဲ့သည်။ ဆာ့သ်ဘက်ခြမ်းမှ အခြေအနေအား စိတ်ဖြင့်လေ့လာပြီး မျက်လုံးများတွင် ရက်စက်ခြင်းနှင့် အမုန်းတရားများ ပြည့်လာခဲ့သည်။ ရှောင်ဝူယိ၏ ဆာ့သ်နှင့် ချီတုမျိုးနွယ် အပေါ်မုန်းတီးမှုသည် နျဲ့ရှောင်အောက် မနိမ့်ပေ။ သူ၏ မိဘမျိုးဆက်များမှ ယနေ့ထိတိုင် သူကြုံတွေ့ခဲ့ရသည့် အရာများအတွက် သွေးကြွေးများမှာ တိုင်းတာ၍ပင် မရချေ။
"ပေါင်ပေါင်းတို့ သူ့ကိုသတ်ရမယ်.."
လူနှစ်ဦးသည် ဆာ့သ် ရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်လာကြသည်။ အလွန်ဝေးကွာနေသည့်တိုင် ရှောင်ဝူယိသည် ဆာ့သ်၏ အခြေအနေအားလုံးကို သိနေခဲ့သည်။
ဤသည်မှာ သူ၏ ကိုယ်ပိုင်နေရာလွတ်လေး ဖြစ်သည်။ သူ့ထံတွင် ဤနေရာရှိ အရာအားလုံးအပေါ် စိတ်တိုင်းကျ ခြယ်လှယ်ပိုင်ခွင့်ရှိသည်။ တစ်ချိန်တည်းမှာပင် ဤနေရာ၌ နတ်ဘုရားသဖွယ် အကြွင်းမဲ့အာဏာ ပိုင်စိုးပြီး အရာအားလုံး မြင်တွေ့နိုင်သည်။ သူဆန္ဒရှိလျှင် နေရာလွတ်၏ ချောင်ကြိုချောင်ကြားနှင့် တွင်းပေါက်လေးများပါမကျန် အကုန်မြင်တွေ့နိုင်သည်။ ဤနေရာတွင် ဆာ့သ်အနေဖြင့် မည်သည့်လှည့်ကွက်မျှ ဖန်တီး၍ မရချေ။
ထို့ပြင် အစောပိုင်းအချိန်၌ နျဲ့ရှောင်၏ လက်ဖဝါးပေါ်တွင် ငိုနေခဲ့စဥ် ဤနေရာလွတ်ထဲမှ ဗီလာနှင့် အခြားအရာဝတ္ထု အားလုံးအား တစ်ခြားနေရာလွတ်ထဲသို့ ရွှေ့ပြောင်းခဲ့သည်။ စိုက်ပျိုးထားသည့်ကောက်ပဲသီးနှံ အားလုံးကိုလည်း ရိတ်သိမ်း၍ ကောင်းစွာရွှေ့ပြောင်းခဲ့သည်။ ဤနေရာအား နဂိုမူလ သဘာဝအသွင်အပြင်အတိုင်း ထားခဲ့သည်။
မြက်ခင်းပြင်ပေါ်တွင် လှဲနေခဲ့သော ဆာ့သ်သည် အရာအားလုံးအား သတိမမူမိပေ။ စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားသောအခါ သူသည်မတ်တတ်ရပ်၍ ကမ္ဘာအသစ်အား စူးစမ်းလေ့လာရန် ပြင်ဆင်လေသည်။
မျက်လုံးကိုမှိတ်၍ ပထမဆုံးလေ့လာမိသည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ အရာအားလုံးအား ထိန်းချုပ်နိုင်သည့် နတ်ဘုရားမဟုတ်ကြောင်း ရှာဖွေတွေ့ရှိသွားသည်။ စိတ်ဖြင့် စေခိုင်းလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ အပင်မား လှုပ်ရှားသွားခြင်း မရှိပေ။ ယင်းမာ ကနဦး မျှော်လင့်ထားသည်နှင့် ကွာခြားနေလေသည်။
ဆာ့သ် အနည်းငယ် ထိတ်လန့်သွားသည်။ ယင်းမှာ သူလိုချင်သည့်အရာ မဟုတ်ပေ။ ဤအရာမှာ အပယ်ခံနိုင်ငံရေးသမားဘဝနှင့် မည်သို့ကွာခြားတော့မည်နည်း။ အရာဝတ္ထုများအား ထိန်းချုပ်နိုင်သည့် စွမ်းရည်မှာ သာမန်နေရာလွတ်စွမ်းရည်ကဲ့သို့ ကောင်းမွန်သည်။
"သေစမ်း ဘာတွေဖြစ်နေတာလဲ!!? ဒါက ငါ့ ကမ္ဘာသစ် မဟုတ်ဘူး.. ဘယ်နေရာလဲ.."
ဆာ့သ်သည်စိတ်တည်ငြိမ်သွားခဲ့ပြီး နောက်ဆုံးတွင် တစ်စုံတစ်ခု မှားနေကြောင်း နားလည်သွားခဲ့သည်။ ပတ်ဝန်းကျင်အား နိုးကြားစွာဖြင့် ကြည့်လိုက်ပြီး လက်မြှောက်ကာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းရည်အမြုတေအားလုံးအား လှည့်ပတ်လိုက်သည်။ အနက်ရောင်စွမ်းရည်အမြုတေ အသက်ဝင်လာပြီး လက်ဖဝါးပေါ်တွင် အနက်ရောင်လေဝဲတစ်ခု စုစည်းလာခဲ့သည်။
မျက်စိတ်တစ်မှိတ်အတွင်း နတ်ပြည်မှ ငရဲသို့ ပြုတ်ကျသွားခဲ့ခြင်းပင်။
မင်းသားလေးအား ပေါင်းစပ်ရာတွင် အောင်မြင်မှု မရခဲ့ပေ။ ဤအရာမှာ သူ၏ကိုယ်ပိုင်ကမ္ဘာ လုံးလုံးလျားလျား မဟုတ်ပေ။
ထပ်မံ၍ လှည့်စားခံလိုက်ရပြန်သည်။
အရာအားလုံး နားလည်သွားပြီးနောက် ဆာ့သ် အော်ဟစ်လိုက်သည်။ ရှောင်ဝူယိ၏ အချိန်နှင့် အာကာသ စွမ်းရည်အား တွေးမိသည့်အခါ မျက်လုံးများ နီရဲလာ၏။
သူ လူသူကင်းမဲ့သည့် ဂြိုလ်တစ်ခုပေါ်သို့ ပစ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
"အားးး!!! သေစမ်း..သေစမ်း..အားး!!.."
အလွန်ဒေါသထွက်နေခဲ့သော ဆာ့သ်သည် သူ၏နစ်နာမှုအား လက်စားချေရန် ပတ်ဝန်းကျင်ရှိ အရာအားလုံးအား ဖျက်ဆီးချင်နေသည်။ လက်ထဲတွင် အလွန်ကြီးမားသည့် စွမ်းရည်ဘောလုံးတစ်ခု ဖန်တီးပြုလုပ်ကာ အခြားတစ်ဖက်မှ တောင်တန်းရှိရာသို့ ပစ်လိုက်သည်။
သို့သော် ပစ်ချလိုက်သော စွမ်းရည်အား လေထုထဲမှာပင် ထူးဆန်းသော အားတစ်ခုမှ ကြားဖြတ်ခံလိုက်ရသည်။ ၎င်းသည် ကောင်းကင်ပေါ်တွင် လွင့်ပါးသွားပြီး လေထဲတွင်ပျောက်ကွယ်သွားခဲ့သည်။
ဆာ့သ်သည် ဤကဲ့သို့ ထူးဆန်းသောမြင်ကွင်းအား မမြင်ဖူးခဲ့ပေ။ ထူးဆန်းပြီး အန္တရာယ်ရှိသည့် ခံစားချက်သည် သူ၏ခန္ဓာကိုယ်ရှိ အမွှေးအားလုံးအား ထောင်သွားစေသည်။ ခေါင်းအားလှည့်ကြည့်လိုက်သောအခါ ဘေးချင်းယှဉ်၍ တောင်တစ်လုံးပေါ်မှ ဖြေးညင်းစွာ လမ်းလျှောက်ဆင်းလာသည့် လူနှစ်ယောက်အား တွေ့လိုက်ရသည်။
"မင်းတို့က သည်မှာပဲ.. မင်းတို့ ငါ့ကိုတောင် လှည့်စားရဲတယ်.."
ဆာ့သ်သည် ရှောင်ဝူယိနှင့် နျဲ့ရှောင်၏ မျက်နှာများအားကြည့်ကာ သူ၏မျက်လုံးအိမ်များ ပြူးကျယ်လာခဲ့သည်။ နှစ်ယောက်အား တိုက်ခိုက်ရန် လက်မြှောက်၍ ခါလိုက်သော်လည်း သူ၏စွမ်းရည်မှာ အစောပိုင်းကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ဆာသ့် တစ်ခဏမျှ ထိတ်လန့်သွားခဲ့ပြီး သတိရှိရှိဖြင့် ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ.. ဘယ်လိုစေ-ာက်နေရာကြီးကို ငါ့ကို ခေါ်လာကြတာလဲ!.."
နျဲ့ရှောင်သည် ဆာ့သ်အားကြည့်၍ လှောင်ပြုံးပြုံးခဲ့သည်။ လေဓါးသွားများသည် သူ၏လက်ထဲတွင်ပေါ်လာခဲ့ပြီး ဆာ့သ်၏ခေါင်းထံသို့ ဦးတည်ခဲ့သည်။
"တကယ်တော့.. ဒီနေရာက ငါတို့ မင်းကို သတ်ပစ်မယ့် နေရာလေ.."
နျဲ့ရှောင်၏ စွမ်းရည်မှာလည်း သူ့ကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားမည်ဟု ထင်ခဲ့သည့်တိုင် ယင်းသည် သူ့ထံ တည့်တည့်မတ်မတ် ရောက်ရှိလာသောကြောင့် လက်မောင်းတွင် သွေးများပန်းထွက်လာသည်။ ဆာ့သ် နျဲ့ရှောင်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။
"ဘာလို့လဲ.. ဘာလို့ မင်းရဲ့ စွမ်းရည်ကျတော့ အဆင်ပြေတာလဲ.."
"ဘာလို့လဲဆိုတော့ ငါကခွင့်ပြုထားလို့လေ.."
ရှောင်ဝူယိ ချိုမြိန်စွာ ပြုံးသည်။ ဆာ့သ်၏ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာအားကြည့်ပြီး နှလုံးသားထဲတွင် အနည်းငယ်မျှ စာနာသနားမိခြင်း မရှိချေ။
"အို့ ဒါက ငါ့ရဲ့ ကမ္ဘာကြီးလေ.."
ထိုသို့ ကြားရသည့်အခါ ဆာ့သ် မိုးကြိုးပစ်ခံလိုက်ရသဲ့သို့ပင်။ ရှောင်ဝူယိ၏ ပြုံးနေသော မျက်နှာအား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ပြင်းပြင်းထန်ထန် ခေါင်းခါ၍ နောက်ဆုတ်သွားပြီး လက်နှစ်ဖက်ဖြင့် ခေါင်းအားအုပ်ကိုင်ကာ တုန်လှုပ်စွာ အော်ဟစ်လိုက်
လေသည်။
"မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. မင်းမှာ ဘယ်လိုလုပ်ပြီး မမှီခိုတဲ့ ကမ္ဘာတစ်ခု ရှိနေတာလဲ.. ဒါ မဖြစ်နိုင်ဘူး.."
"ဘာလို့ မဖြစ်နိုင်ရမှာလဲ.."
နျဲ့ရှောင်သည် သူ၏လက်ထဲတွင် ကြောက်မက်ဖွယ် လျှပ်စီးမိုးကြိုးနှင့် မုန်တိုင်းအား စုစည်း၍ ရှေ့သို့ တစ်လှမ်းချင်း တိုးလာခဲ့ပြီး ပြောလေသည်။
"မင်းတစ်ယောက်ပဲ မဖြစ်နိုင်ဘူးလို့ တွေးနေတာ.. ရှောင်ဝူယိကိုပေါင်းစပ်ပြီး ကမ္ဘာတစ်ခု ဖန်တီးနိုင်တယ်လို့ မင်းသိတယ်ဆိုရင်.. အချိန်-အာကာသနဲ့ အသက်ဓါတ် စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားလေးက ဘာလို့ ကမ္ဘာအသစ်.. အချိန်အသစ်နဲ့ နေရာလွတ်.. ကို မဖန်တီးနိုင်ရမှာလဲ.. အဲဒါက မင်းတစ်ဘဝလုံး လိုက်ရှာပြီး မရနိုင်ခဲ့တဲ့ အရာလေ.."
"အားး ပါးစပ်ပိတ်ထား.. မဖြစ်နိုင်ဘူး ဒါအမှန်မဟုတ်ဘူး.."
ဆာ့သ်သည် နျဲ့ရှောင်၏စကားများအား အော်ဟစ်၍ တုံ့ပြန်လိုက်သည်။ သူ၏စွမ်းရည်များကိုထုတ်၍ နျဲ့ရှောင်နှင့် ရှောင်ဝူယိအား အဆက်မပြတ် တိုက်ခဲ့သော်လည်း အရာမထင်ပေ။
ဤကမ္ဘာရှိ အရာတိုင်းမှာ ရှောင်ဝူယိ၏စိတ်ဖြင့် ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။
ကြောက်ရွံ့မှုသည် သူ၏နှလုံးသားအောက်ခြေမှ မြင့်တက်လာပြီး ချက်ချင်းဆိုသလို ဆာ့သ်၏ ရင်ဘတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ပြည့်သွားခဲ့ပြီး ဇကာချသကဲ့သို့ တုန်ခါနေခဲ့သည်။ သူ့ထက်ပိုပြီး မည်သူကမျှ ကမ္ဘာတစ်ခု၏ အရှင်သခင်ဖြစ်ရခြင်း အဓိပ္ပါယ်အား နားလည်လိမ့်မည် မဟုတ်ချေ။ သက်ရှိအားလုံး၏ သေခြင်း၊ ရှင်
ခြင်း၊ စည်းမျဥ်းများအပေါ်ထိန်းချုပ်နိုင်စွမ်းရှိသည်။
--ယင်းသည် သူ နေ့ရော ညပါ အိပ်မက်မက်ခဲ့ရသည့် နတ်ဘုရားဖြစ်တည်မှုပင်--