🐹အခန်း ၉၇
ဝူယိလေး ပျောက်ဆုံးသွားခြင်း
နင်ဖုန်း မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။ လော့ယွင်ဟိုင်နှင့် ပိုင်ယွဲ့သည်လည်း သူတို့၏မျက်နှာများတွင် ပီတိဖြစ်ခြင်းအား မဖော်ပြမီ နှစ်စက္ကန့်မျှ ကြက်သေသေသွားခဲ့သည်။
နျဲ့ရှောင်နှင့် အခြားသူများသည်လည်း ကြီးမားသော ပျော်ရွှင်မှုအား ခံစားခဲ့ရသည်။ သူတို့သည် အခွင့်အရေးအား အမိအရယူကာ ဆာ့သ်အား တိုက်ခိုက်လိုက်ကြသည်။ အခြေစိုက်စခန်းမှ လူအားလုံးသည်သာမက ကမ္ဘာတစ်ဝှမ်းလုံးမှ အသက်ရှင်သန်သူများသည်လည်း စိတ်အားထက်သန်စွာ ပျော်ရွှင်မှုများ ပေါက်ကွဲလာခဲ့သည်။ မည်သည့်အကြောင်းကိစ္စကြောင့်ဖြစ်စေ သူတို့သည် ဇွန်ဘီများ၏ မလှုပ်ရှားနိုင်သော အချိန်ခဏအား အခွင့်ကောင်းယူကာ ရူးသွပ်စွာ သတ်ဖြတ်ခဲ့ကြသည်။
ထိုအချိန်တွင် စန်ချန်းတွင် မေ့လျော့ခံထားခဲ့ရသော ပိုင်မေ့သည် သတ္တုရေခဲသေတ္တာထဲမှ တွားသွားထွက်လာခဲ့သည်။ အနည်းငယ်မောပန်းစွာဖြင့် ဝူယိအခြေစိုက်စခန်းရှိရာသို့ ကြည့်နေစဥ်တွင် နွမ်းနယ်သောအပြုံးတစ်ခု သူ၏နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။ ဤအသိစိတ်တိုက်ပွဲတွင်း သူသည် ထိန်းချုပ်ခြင်း အမိန့်အာဏာအား ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
ဆာ့သ်သည် ယခုအချိန်တွင် အလွန်ထိတ်လန့်သွားခဲ့သည်။ ဇွန်ဘီတပ်သားများအပေါ် ထိန်းချုပ်နိုင်စွမ်းအား လုံးဝဆုံးရှုံးသွားပြီး ၎င်းသည် လက်မောင်းနှစ်ဖက် ဆုံးရှုံးသွားသကဲ့သို့ပင်။ ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးခဲ့သော်လည်း သူ၏အရှုံးမှာ ကြိုတင်သတ်မှတ်ပြီးပြီဖြစ်သည်။
"သေစမ်း သေစမ်း သေစမ်း.."
ဆာ့သ် စူးရှအက်ကွဲသောအသံဖြင့် ဟိန်းဟောက်ခဲ့သည်။ နျဲ့ရှောင်နှင့် အခြားသူများထံမှ တွန်းအားပေးခံရကာ တောင်တန်းများ၏ထောင့်သို့ ရောက်သွားပြီး ပြေးစရာနေရာမရှိတော့ပေ။
ဆာ့သ်သည် အလွန်ဆိုးဝါးသော အမူအရာဖြင့် သူ့အား ပြင်းထန်စွာ တွန်းအားပေးနေသော နျဲ့ရှောင်၏အဖွဲ့အား ကြည့်လိုက်သည်။ မျက်လုံးများတွင် အလွန်အမင်း ရူးသွပ်မှုများဖြင့် အရောင်လက်လာသည်။ သူ၏လက်ဖြင့် လှန်လှောရှာဖွေပြီးနောက် သန့်စင်သော အနက်ရောင်ရှိသည့် အမြုတေအားထုတ်ယူပြီး ထူးဆန်းသော အလင်းရောင်များ ပျံ့နှံ့စေခဲ့သည်။
"ဒါက မင်းတို့အားလုံး ငါ့ကိုတွန်းအားပေးခဲ့ကြတာ မင်းတို့လည်း သေရမယ်.. ငါမင်းသားလေးကို မရနိုင်ဘူးဆိုရင် မင်းတို့အားလုံးကိုလည်း အတူမြေမြုပ်ပစ်မယ်.."
ထိုအတိတ်နိမိတ်မကောင်းသော ရောင်ဝါများ ထုတ်လွှတ်နေသည့် စွမ်းရည်အမြုတေအားကြည့်ကာ တောရိုင်းတိရစ္ဆာန်များကဲ့သို့ အာရုံခံစားမှုစူးရှသော နျဲ့ရှောင်နှင့်အခြားသူများ၏ အလိုလိုသိစိတ်သည် သူတို့၏ ဦးခေါင်းခွံများအား တဆစ်ဆစ်ဖြစ်စေသည်။ သတိထား၍ နောက်သို့ နှစ်လှမ်းခန့် ဆုတ်ပြီး အလွန်အေးစက်သော အမူအရာဖြင့် မေးခွန်းထုတ်လေသည်။
"မင်းဘာလုပ်ချင်နေတာလဲ.."
"ဟားဟားဟား....အဟွတ်အဟွတ်..."
ဆာ့သ်သည် ရူးသွပ်နေသော အမူအရာဖြင့် နျဲ့ရှောင်တို့အဖွဲ့အား ကြည့်လိုက်သည်။ အံကြိတ်ကာ ချောင်းဆိုးလိုက်ပြီး မျက်လုံးများမှာလည်း သွေးရောင်လွှမ်းနေသည်။ အနက်ရောင်စွမ်းရည်အမြုတေအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လူတိုင်းအား ကြည့်လိုက်ပြီးနောက် မလျော်ကန်စွာ ခြိမ်းခြောက်လေသည်။
“ဒါက ငါဂရုတစိုက် တည်ဆောက်ထားတဲ့ မင်းသားလေးရဲ့ နန်းတော်ပဲ.. မင်းသားလေးအတွက် သီးသန့်ပဲ.. ဒါပေမဲ့ မင်းတို့က သူ့ကို လက်လွှဲမပေးချင်ဘူးဆိုရင်တော့ မင်းတို့အားလုံးကို အထဲမှာ မြှုပ်နှံပေးရမှာပေါ့..”
"ကမ္ဘာအသစ်တစ်ခု တည်ထောင်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေအားလုံးက ဒီမှာပဲ.. အသေးစိတ် လိုက်လျောညီထွေဖြစ်အောင် ငါကိုယ်တိုင် ထိန်းညှိထားတာ.. အစပိုင်းတုန်းကတော့ မင်းသားလေးသာ အထဲကိုဝင်သွားမယ်ဆိုရင် ကမ္ဘာအသစ်တစ်ခုက မွေးဖွားလာလိမ့်မယ်.. အခုတော့ မင်းတို့ကပေကတ်ကတ်နဲ့ သူ့ကိုထုတ်မပေးဘဲ ဖွက်ထားကြတယ်!! အခု ငါ့ရဲ့အိပ်မက်ဖြစ်တဲ့ ကမ္ဘာအသစ်တည်ထောင်ခြင်း အစီအစဥ်က ဖျက်ဆီးခံရတော့မယ်.."
ထိုသို့ပြောရင်း ဆာ့သ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေသည်။
“သည်လိုဆိုတော့လည်း မင်းသားလေးအစား မင်းတို့ ဝင်လာလိုက်ပေါ့.. စွမ်းရည်အမျိုးမျိုးကို ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ ခက်ပေမဲ့ ဖျက်ဆီးဖို့ဆိုတာ အလွယ်လေးပဲ..”
“မင်းသားလေးကလွဲလို့ တခြားအရာဆို ဆံပင်တစ်မျှင် ဝင်သွားမယ် ဆိုရင်တောင် စွမ်းရည်တွေကို ထိန်းသိမ်းဖို့ ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်..”
“အဲသည်အချိန်ကျရင်တော့ “ဘမ်း” ခနဲ မြည်သံနဲ့အတူ ကမ္ဘာကြီးကလည်း ငါနဲ့အတူ အဆုံးသတ်သွားမှာပေါ့.. ဟားဟားဟား..”
ဆာ့သ်သည် ကိုယ်ကိုရှေ့ကိုင်းကာ ရိုင်းစိုင်းရူးသွပ်စွာ ရယ်မောနေလေသည်။ ထို့နောက် နျဲ့ရှောင်နှင့် အခြားသူများ၏ စိုးရိမ်ပူပန်မှုကြောင့် အကျည်းတန်နေသည့် မျက်နှာများအား ကြည့်လိုက်သည်။ သူ၏ဒေါသများ လျော့ပါးသွားပြီးနောက် အလွန်ဝမ်းသာအားရ ဖြစ်လာသည်။
“အစကတော့ မင်းတို့ မင်းသားလေးကို ထုတ်ပေးမယ်ဆိုရင် ငါတို့တွေက သင့်သင့်မြတ်မြတ်နဲ့ အတူနေနိုင်ကြမှာ.. ငါက ငါ့ကမ္ဘာကိုသွားမယ်.. မင်းတို့က မင်းတို့ကမ္ဘာမှာ နေခဲ့ကြပေါ့.. ငါက တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်ထွက်သွားမလို့ပါ.. အခုတော့ မင်းတို့က ဒီအခြေအနေရောက်အောင် တွန်းအားပေးခဲ့ကြတယ်..”
ထိုသို့ပြောပြီးနောက် ဆာ့သ်သည် အနက်ရောင်အမြုတေအား သူ၏ခန္ဓာကိုယ်အတွင်းသို့ ပစ်ထည့်လိုက်သည်။ ဆာ့သ်အားတိုက်ခိုက်မည့် နျဲ့ရှောင်နှင့် အခြားသူများသည်လည်း အရှိန်လျော့သွားကြသည်။
“မင်း.. စောက်ရူး..”
လူတိုင်း၏ ကျိန်ဆဲသံများ ထွက်ပေါ်လာပြီး ဆာ့သ်၏ ခန္ဓာကိုယ်ထဲ၌ အမြုတေ ပျော်ဝင်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
“မင်းတို့ တစ်ယောက်တစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ မင်းသားလေး ဝူယိကိုပဲ လိပ်လို ခေါင်းလျှိုနေတဲ့အတွက် အပြစ်တင်လိုက်..”
ဆာ့သ်၏ အကြည့်များမှာ ဖော်ပြရန်ခက်ခဲလောက်အောင်ပင် ကြမ်းကြုတ်ရက်စက်လာသည်။ ထို့နောက် သူ၏လက်ပေါ်တွင် အနက်ရောင်လေဝဲတစ်ခု ဖြစ်ပေါ်လာပြီး နျဲ့ရှောင်နှင့် အခြားသူများ ရှေ့သို့ တစ်လှမ်းချင်း တိုးလာသည့်အခါ ဆာ့သ်သည် ဆံပင်တစ်ချောင်း ဆွဲနှုတ်ကာ လေဝဲပေါ်တွင် ကိုင်ထားလိုက်သည်။
နျဲ့ရှောင်တို့ မလှုပ်ရှားဝံ့တော့ချေ။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကမ္ဘာတစ်ခုလုံးအပေါ် အရဲမစွန့်ဝံ့ချေ။ အဆုံးတွင် ဆာ့သ်သည် သူတို့၏ဘေးမှဖြတ်ကာ အမြင့်သို့ ပျံတက်သွားသည်။ နျဲ့ရှောင်တို့ အနောက်မှ နီးကပ်စွာ လိုက်သွားခဲ့သော်လည်း ဆာ့သ် ဒေါသထွက်သည်အထိ နီးကပ်သွားရဲခြင်း မရှိချေ။
ထိုတစ်ခဏတွင် နှစ်ဖွဲ့လုံး နောက်ဆုတ်ခဲ့ကြသည်။
ဆာ့သ်သည် ဝူယိအခြေစိုက်စခန်းတစ်ခုလုံးအား ခြုံကြည့်၍ ပတ်ဝန်းကျင်မှ ပရမ်းပတာဖြစ်နေသည့် တောင်များ၊ မြစ်များနှင့် ကုန်းမြေများအားကြည့်ကာ နေရာအနှံ့ လွှမ်းခြုံအောင် အော်ဟစ်လိုက်သည်။ သူ၏စကားလုံးများမှာ အလွန်ဝေးကွာသည့် အကွာအဝေးသို့ ပျံ့နှံသွားကာ ကမ္ဘာပေါ်ရှိ လူတိုင်းထံသို့ရောက်သွားပုံပင်။
လူတိုင်း ကောင်းကင်ပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်ကြသည်။
“ငါ့ရဲ့ မင်းသားလေး.. မင်း ကမ္ဘာပေါ်မှာ ရှိနေတာ ငါသိတယ်.. မင်းထွက်မလာဘူးဆိုရင် ကမ္ဘာတစ်ခုလုံးကို ငါနဲ့အတူ မြှုပ်နှံပစ်လိုက်မယ်.. သုံး အထိ ရေတွက်မယ်..”
“သုံး..”
“နှစ်..”
ဆာ့သ် နံပါတ် ရေတွက်သည်နှင့် သူ၏လက်ထဲရှိ ဆံပင်အား လေဝဲအနီးသို့ တိုးကပ်လာသည်။ ရေတွက်သံ တစ်ခုချင်းစီတိုင်းမှာ လူတိုင်း၏ နားစည်အတွင်း၌ အမဲလိုက်ဗုံသံကဲ့သို့ပင်။ စိုးရိမ်ထိတ်လန့်မှုကြောင့် လည်ချောင်းမှ နှလုံးခုန်ထွက်မတတ် ဖြစ်လာကြသည်။
နျဲ့ရှောင်သည် သူ၏ရင်ဘက်ပေါ်ရှိ ယက်ကန်ယက်ကန်ဖြစ်နေသော အိတ်ကပ်လေးအား တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားသော်လည်း ဖက်ထုပ်ကလေးသည် အတင်းရုန်းကန်ကာ ထွက်သွားခဲ့သည်။ လက်ဆန့်၍ ဖမ်းခဲ့သော်လည်း မဖမ်းနိုင်ခဲ့ပေ။ လူတိုင်း၏ အကြည့်အောက်တွင် သူ၏လက်မောင်းပေါ်သို့ တိုက်ရိုက်ခုန်တက်ခွင့် ပြုခဲ့ရသည်။
ဟမ်းစတားလေးသည် နျဲ့ရှောင်၏လက်ပေါ်တွင်ရပ်၍ ချစ်စဖွယ်အသံလေးဖြင့် အော်ခဲ့သည်။
"ချိ!.." ငါဒီမှာ!
အထူးသဖြင့် အလွန်တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် အသံသေးသေးလေးမှာ စီခနဲ ထွက်လာသည်။ နျဲ့ရှောင်သည် အလျင်အမြန်ဖမ်း၍ ဟမ်းစတားလေးအား သူ၏လက်ဖဝါးပေါ်တင်၍ ရင်ဘက်ပေါ်တွင် ကာကွယ်ထားခဲ့သည်။ သို့သော် ၎င်းသည် ဆာ့သ်၏အာရုံအား ဆွဲဆောင်မိသွားသည်။
ဆာ့သ်သည် အသံထွက်ပေါ်ရာအား ကြည့်ကာ ပစ်မှတ်ကို ရှာဖွေလေသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ချစ်စဖွယ် ဟမ်းစတားလေးအား မြင်လိုက်ရသည်။ မျက်ခုံး ပင့်လိုက်ပြီး ရန်လိုခက်ထန်သော မျက်လုံးများဖြင့် သူ့အားကြည့်နေသည့် သားရဲသေးသေးလေးကြောင့် ဝမ်းသာပီတိဖြစ်လာသည်။ ရှေ့သို့တိုးသွားလိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် နူးနူးညံ့ညံ့ လေသံဖြင့် ပြောလေသည်။
"အဲသည်တော့ မင်းကဒီမှာပေါ့.. ငါ့ရဲ့ချစ်လှစွာသော မင်းသားလေး.. မင်းကအဆိုးလေးပဲ.. မင်းကိုရှာဖို့အတွက် ငါ့ကို ဒုက္ခတွေ အများကြီး ပေးခဲ့တယ်!!..”
နျဲ့ရှောင်သည် အရေးကြီးသောရန်သူနှင့် မျက်နှာချင်းဆိုင်ရသောအခါ ဟမ်းစတားလေးအား သူ့၏လက်ဖဝါးထဲတွင် ဖမ်းဆုပ်ထားပြီး ချက်ချင်း နောက်ဆုတ်ခဲ့သည်။ ဝူဝမ်ချီ၊ ကျန်းချိုးနှင့် အခြားသူများသည် ဆာ့သ်၏လမ်းအား ပိတ်ဆို့ခဲ့သည်။ ဆာ့သ်သည် ဤအလုပ်ရှုပ်စေသော လူသားများကို ကြည့်ပြီး မုန်းတီးမှုအပြည့်ဖြင့် အံကြိတ်လိုက်သည်။ ဒေါသအရှိန်ကြောင့် ဆံပင်များပင် လှုပ်ခါသွားသည်။
"ရှေ့ကဖယ်ကြစမ်း.."
"စဥ်းတောင်မစဥ်းစားနဲ့!!!.."
နှစ်ဖက်လုံး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ သူလိုချင်သည့် တစ်စုံတစ်ခုမှာ အနီးတွင်ရှိနေသော အချက်သည် ဆာ့သ့်အားပို၍ ဒေါသထွက်စေသည်။ သို့သော် ယခုအချိန်တွင် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ မလိုအပ်သည့် ပြဿနာများအား ဖယ်ထုတ်လိုစိတ်သာ ရှိလေသည်။ မတ်တတ်ရပ်ကာ အဝေးမှ ဟမ်းစတားလေးအား ပြောလိုက်သည်။
"ငါရဲ့မင်းသားလေး မင်းဒီဘက်ကို နာနာခံခံနဲ့ လာသရွေ့.. မင်း ချစ်ခင်မြတ်နိုးရတဲ့ ကမ္ဘာကိုလွှတ်ပေးမယ်.. မဟုတ်ရင်တော့ လူတိုင်း ပျက်စီးစေရမယ်.."
ထိုသို့ပြောပြီး ဆာ့သ်သည် သူ၏လက်ထဲမှ အနက်ရောင်လေဝဲအား တစ်ဖန်မြှောက်ခဲ့ပြီး သူ၏ တစ်ခြားလက်တစ်ဖက်ဖြင့် ဆံပင်အား ဝဲပေါ်တွင် ရစ်ဝဲနေစေသည်။
ဤကဲ့သို့ မျက်နှာပြောင်တိုက် ခြိမ်းခြောက်မှုသည် ဝူဝမ်ချီ၊ နင်ဖုန်းနှင့် အခြားသူများအား မထိန်းချုပ်နိုင်စွာ ကျိန်ဆဲမိစေသည်။ အခြေစိုက်စခန်းထဲမှ လူတိုင်းသည် အပြင်ဘက်ရှိ အခြေအနေအား စွမ်းရည်ပိုင်ရှင်များ၏ စွမ်းရည်ပေါ်မှီခို၍ ချောင်းနားထောင်နေကြသည်။ အပေါ်တွင် ဖြစ်ပျက်နေသည့် အရာများအား သိသွားသောအခါ မနေနိုင်ဘဲ အော်မိတော့သည်။
"စက်ဆုပ်စရာကောင်းတယ် အရှက်မရှိလိုက်တာ.."
"ငါတို့က မင်းသားလေးဝူယိကို လက်လွှတ်မှာမဟုတ်ဘူး.. ဆာ့သ် သွားသေလိုက်!!.."
"မင်းအောင်မြင်မှာမဟုတ်ဘူး ..လုံးဝဘဲ.."
"ဒါဆို ငါတို့အတူသေလိုက်မယ်.. ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ.."
……
အခြေစိုက်စခန်းမှလူတိုင်း မကျေနပ်ချက်များအား ထုတ်ဖော် ဆဲဆို၍ ရန်စခဲ့ကြသည်။ သူတို့၏ အသံများသည် ကောင်းကင်သို့လျှံတက်ကာ ဆာ့သ်အား ဒေါသထွက်စေသည်။
ဆန့်ကျင်ဘက်ပင် အောက်မှထိုအသံများအား ကြားရသောအခါ ဟမ်းစတားလေး၏ နှလုံးသားကို နွေးထွေးစေသည်။ သူ၏ခေါင်းလေးအားမော့ကာ ဆာ့သ်၏နေရာသို့ ကြည့်လိုက်ပြီး အခြားသူများအား ခြိမ်းခြောက်မှုကို 'ချိ' ဟု တုန့်ပြန်ခဲ့သည်။
ဆာသ့်သည် ချက်ချင်းဆိုသလို အလွန်ပျော်ရွှင်သွားခဲ့သည်။
"ပေါင်ပေါင်း.."
နျဲ့ရှောင် ခေါင်းငုံ့ကြည့်လိုက်သည်။ သူ၏လက်ဖဝါးပေါ်ရှိ အကောင်ပေါက်လေးအား လက်မခံနိုင်သော မျက်လုံးများဖြင့် စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။
"ပေါင်ပေါင်း သူနဲ့ သဘောတူလို့ မရဘူး!.."
ဝူဝမ်ချီနှင့် အခြားသူများသည် နျဲ့ရှောင်၏ စကားများအား ကြားသောအခါ ဆာ့သ်၏ အမူအရာအား ကြည့်ခဲ့သည်။ ချက်ချင်းပင် ရှောင်ဝူယိ လက်ခံလိုက်ကြောင်း သိလိုက်ရသည့်အခါ မျက်နှာများ ပြောင်းလဲသွားပြီး စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ဝူယိလေးအား မသွားရန် ဝိုင်းဝန်းတိုက်တွန်းကြသည်။
ဟမ်းစတားလေးသည် နျဲ့ရှောင်၏လက်ထဲတွင် အဖမ်းခံထားရပြီး နျဲ့ရှောင်အားကြည့်ရန် ခေါင်းလေးသာမော့နိုင်သည်။ နူးညံ့သော လက်ကလေးဖြင့် ဒယ်ဒီဖြစ်သူ၏ လက်ချောင်းလေးအား ဖွဖွပုတ်ကာ တောက်ပနေသော အနက်ရောင်မျက်လုံးလေးများဖြင့် စိတ်ချရန် ဖော်ပြခဲ့သည်။
—ဒယ်ဒီ..ပေါင်ပေါင်းအဆင်ပြေမှာပါ...
နျဲ့ရှောင်သည် ဟမ်းစတားလေး၏ အစီအစဥ်အား ပြည့်စုံစွာ ခန့်မှန်းမိသော်လည်း မစွန့်စားရဲပေ။ တစ်ခဏမျှ အဆုံးမရှိသည့် ရုန်းကန်လှုပ်ရှားမှုထဲ နစ်မြုပ်သွားကာ ခေါင်းခါ၍ ခါးခါးသီးသီးပြောခဲ့သည်။
"မရဘူး.. မဖြစ်နိုင်ဘူး.."
ဆာ့သ်သည် ဤချစ်ခင်မြတ်နိုးနေသော ပုံရိပ်အား ကြည့်ပြီး မနေနိုင်ဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် တိုက်တွန်းခဲ့သည်။
"မင်းတို့ပြီးပြီလား.. မင်းသားလေး ကိုယ်တိုင်ကတောင် သဘောတူပြီးပြီ.. ဒါတောင် မင်းတို့က သူ့ကို သွားခွင့်မပေးသေးဘူးလား.."
"ချိ!.." ဒယ်ဒီ.. ပေါင်ပေါင်းကို သွားခွင့်ပေးလို့!..
ဟမ်းစတားလေးသည် နျဲ့ရှောင်၏လက်ထဲမှ လွတ်မြောက်နိုင်သည်အထိ ရုန်းကန်လေသည်။ နျဲ့ရှောင်၏ ပခုံးပေါ်တက်၍ သူ၏လည်ပင်းအားဖက်ကာ နောက်ဆုံးအနေဖြင့် သူ၏နားသယ်စပ်အား နမ်းလိုက်သည်။
"ချိ.." ဒယ်ဒီ.. ပေါင်ပေါင်းက အားလုံးကို ဒုက္ခမရောက်စေချင်ဘူး..
နျဲ့ရှောင်၏ စိတ်ထဲ၌ တိုက်ခိုက်နေရသည်။ ထို့နောက် သူ၏ပခုံးပေါ်မှ ဖက်ထုပ်လေးအားယူလိုက်ပြီး ခိုင်မာသော အကြည့်များအား မြင်သည့်အခါ ခွင့်ပြုပေးလိုက်သည်။ ခေါင်းငုံ့ကာ ခပ်ဖွဖွနမ်းလိုက်ပြီး မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်မှု အပြည့်ပင်။
"ဒါဆို ပေါင်ပေါင်းကို လိုက်ပို့ပေးမယ်.. အတူတူပေါ့.."
ဟမ်းစတားလေးသည် နျဲ့ရှောင်အားကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
နှစ်ယောက်ကြားရှိ စကားဝိုင်းအား နားထောင်နေခဲ့သော ဆာ့သ်သည် သူတို့ မည်သို့ကစားနေကြောင်း နားမလည်နိုင်ဘဲ ရှိနေသည်။ ထို့ကြောင့် နျဲ့ရှောင်သည် ဟမ်းစတားလေးအား လက်ဖဝါးထဲထည့်၍ ရှေ့တိုးလာသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလို နိုးနိုးကြားကြား ဖြစ်လာခဲ့သည်။
နင်ဖုန်းနှင့် အခြားသူများသည် သူတို့နှစ်ဦး မည်သည့်အကြောင်းပြောခဲ့သည်အား မသိကြပေ။ သို့သော် နျဲ့ရှောင်သည် ဝူယိအား လက်လွှဲပေးမည့်ပုံကို မြင်သည့်အခါ ရုတ်တရက်ဆိုသလို အံ့အားသင့်စွာဖြင့် တားဆီးရန်ကြိုးစားကြလေသည်။
သို့သော် နျဲ့ရှောင်သည် သူတို့အား တားဆီးလိုက်သည်။ သူတို့၏ ခွန်အားများမှာ နျဲ့ရှောင်အား မယှဥ်နိုင်ပေ။ လျှပ်စီးနှင့်မိုးကြိုးများ ကောင်းကင်တွင်ပေါ်လာပြီး လျှပ်စစ်မြွေများသည် အပြင်ဘက်အား ပိတ်ဆို့တားဆီးခဲ့သည်။ နာကျင်မှုနှင့်ဝမ်းနည်းမှုများ အထွတ်အထိပ်သို့ရောက်သောအခါ သူတို့အားလုံး စိတ်ပူပင်သောကရောက်စွာ အော်ဟစ်ခဲ့သည်။
"မဖြစ်ဘူး ဘောစ့်!!.."
"မင်း သူနဲ့ သဘောတူလို့ မဖြစ်ဘူး!!.."
"နျဲ့ရှောင်.. မင်းမကောင်းတဲ့အကောင်.. မင်း ဝူယိကို ပေးလိုက်လို့ မဖြစ်ဘူး!.."
……
နျဲ့ရှောင်သည် ဆာ့သ်၏ရှေ့တွင် မတ်တတ်ရပ်၍ လက်ဖဝါးဖြန့်ပေးလိုက်သည်။ ဟမ်းစတားလေးသည် အလယ်တွင် ငြိမ်သက်စွာရပ်နေသည်။ သို့သော် မင်းသားလေးမှာ သူ၏လက်နှင့် အလွန်နီးကပ်နေသဖြင့် ဆာ့သ်သည် တစ်ခဏမျှ မလှုပ်ရှားဝံ့ဘဲ နျဲ့ရှောင်အား သံသယဖြစ်စွာ ကြည့်လိုက်သည်။
ဤမျှလျင်မြန်စွာ သဘောတူလိုက်သည်အား မယုံကြည်နိုင်ပေ။
“မင်းက မင်းသားလေးကို လိုချင်တာလား မလိုချင်တော့ဘူးလား..”
နျဲ့ရှောင်၏ အမူအရာမှာ အလွန်နာကျင်နေခဲ့ပြီး မလိုလားဟန်ဖြင့် ရှိလေသည်။ ဆာ့သ်အားနီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ယောကျာ်းတစ်ယောက်သည် သူ၏ချစ်သူအား တရားမျှတမှုအတွက် စွန့်ပစ်ရသည့်ပုံနှင့် ဆင်တူနေသည်။
ထိုအချိန်တွင် မိုးကြိုးလျှပ်စီးသံများမှအပ နျဲ့ရှောင်၏ဘက်နှင့် အခြေစိုက်စခန်း၏ လူများထံမှ တစ်ဆို့ငိုကြွေးသံများနှင့် သူတို့၏ထင်မြင်ချက်များအား ထုတ်ဖော်ကျိန်ဆဲသည်ကိုသာ ကြားနိုင်သည်။ ထိုအသံများသည် ဆာသ့်အား တစ်နည်းနည်းဖြင့် စိတ်မတည်ငြိမ်အောင် လုပ်နေလေသည်။
"နျဲ့ရှောင်.. မကောင်းတဲ့အကောင်.. ငါတို့က ဒီလိုမျိုး အသက်မရှင်နိုင်ဘူး.. ရှောင်ဝူယိကို ငါတို့ဆီပြန်ပေးလို့!!.."
"သူက မင်းရဲ့ မိသားစုဝင်လေ.. ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ!.."
"ငါတို့ ဒီလိုနည်းနဲ့ အသက်မရှင်နိုင်ဘူး.. ဒီတိုင်း အတူတူ သေကြရအောင်!!..."
……
လူတိုင်း၏ ခံစားချက်များမှာ အလွန်စစ်မှန်၍ သန်မာသည်။ ကမ္ဘာကြီးသည် အဆုံးမရှိစွာ ဝမ်းနည်းဖွယ်ကောင်းပြီး ဆာ့သ်သည် မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။
အောင်မြင်လုဆဲဆဲတွင် ဆာ့သ် သက်ပြင်းတစ်ချက်ရှူလိုက်သည်။ နျဲ့ရှောင်၏မျက်နှာအား နှစ်စက္ကန့်မျှလေ့လာခဲ့ပြီး နျဲ့ရှောင်၏ လက်ဖဝါးပေါ်တွင် လဲလျောင်းနေသော ဟမ်းစတားလေးအား ငုံ့ကြည့်လိုက်သည်။ ၎င်းသည်လည်း တူညီသော တွန့်ဆုတ်မှုအား ဖော်ပြနေဆဲဖြစ်ပြီး ပူပင်သောကများကြောင့် မျက်ရည်များ စီးကျနေလေသည်။ ဟမ်းစတားလေးသည် ပုံစံပျက်ယွင်းနေသော နူးညံ့သည့်ပူတင်း ဟမ်းစတားကိတ်လေးအဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။ ထိုမြင်ကွင်းအားကြည့်ပြီး ဆာသ့်သည် စိတ်လှုပ်ရှားမှုများအား မထိန်းချုပ်နိုင်တော့ပေ။
“ဘာလှည့်ကွက်မှ သုံးမယ်မကြံနဲ့..”
ဆာ့သ် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး လက်ဆန့်ကာ ဟမ်းစတားလေးအား သူ၏လက်ဖဝါးပေါ်သို့ ခေါ်ယူရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူ၏ပတ်ဝန်းကျင်ရှိ အော်ဟစ်ငိုကြွေးသံများမှာ ပိုမိုကျယ်လောင်လာလေသည်။
ထိုအသံများအား နားထောင်ပြီးနောက် ဆာ့သ် သတိလျှော့ချလိုက်သည်။ အနက်ရောင်လေဝဲအား လက်ဖဝါးတစ်ဖက်တွင် ဖန်တီးကာ ဟမ်းစတားလေးအားစုပ်ယူပြီး သူနှင့်ပေါင်းစပ်သန့်စင်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။
သူ၏လက်ချောင်းဖြင့် ဟမ်းစတားလေး၏ လည်ပင်းရှိ အနက်ရောင်လေးအား ထိမိသည်နှင့် တစ်ပြိုင်နက် ဆာ့သ်၏ ကမ္ဘာကြီးမှာ အဖြူရောင် ကောင်းကင်နှင့် မြေကြီးများအဖြစ် ချက်ချင်းပြောင်းလဲသွားကြောင်း ခံစားခဲ့ရသည်။
***
အပြင်ဘက်၌။
လျှပ်စီးမိုးကြိုးများဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးမှာ ရပ်တန့်သွားပြီး နျဲ့ရှောင်နှင့် ဟမ်းစတားလေးအား တားဆီးနေကြသောအဖွဲ့ ရုတ်တရက် ကြောင်အသွားကြသည်။ အစောပိုင်း နျဲ့ရှောင်နှင့် ဆာ့သ် ရပ်နေခဲ့သည့် နေရာမှာ ဗလာကျင်းနေသည်။
လူတိုင်း ကြက်သေသေသွားပြီး အသိစိတ် ပြန်မကပ်နိုင်ပေ။
လူနှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့ကြသည်။
.........