အပိုင်း ၉၆
Viewers 22k


🐹အခန်း ၉၆

 ဝူယိလေး ပျောက်ဆုံးသွားခြင်း




ဆစ်စလိုက ထုန်ရှုမျှော်စင် ထံသို့ ဒေါက်တာဝေ့နှင့် ပိုင်ယွဲ့အား ခေါ်လာခဲ့သည်။ ဆစ်စလိုအား တုပဖန်တီးထားသည့် အထူးအသံလှိုင်းကိရိယာမှာ ကောင်းစွာမဖွံ့ဖြိုးသေးသော်လည်း ပျံ့နှံခြင်းအား အရေးကြီးစွာ ထုတ်လုပ်ခဲ့ကြသည်။ အချိန်ကိုက်ပင် ဆစ်စလို၏အသံလှိုင်းသည် အခြေစိုက်စခန်းတစ်လျှောက်တွင် ပြန့်လွင့်လာခဲ့ပြီး မရေတွက်နိုင်သော ဇွန်ဘီအင်းဆက် ဒီရေလှိုင်းများအား မောင်းထုတ်နိုင်ခဲ့သည်။


ဝူဝမ်ချီနှင့် အပေါင်းအပါတစ်စု၏ အရှိန်အဟုန်ဖြင့် ပါဝင်လာမှုကြောင့် ဝူဝမ်ယွီသည် အကာအကွယ်ဒိုင်းပေါ်မှ တိုက်ခိုက်မှုဖိအား လျော့ပါးသွားသည်ကို ခံစားမိသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။


"ငါတို့ သေချာပေါက်နိုင်မှာ.."


ထိုအချိန်တွင်ဝူဝမ်ချီသည် မမျှော်လင့်ဘဲ သူ၏ စွမ်းရည် အဆင့်တက်သွားခဲ့သည်။ စွမ်းရည်အမြုတေသည် ရုတ်တရက် ပြိုကွဲသွားကာ အောင်မြင်မှု၏ငိုကြွေးသံထံတုံ့ပြန်သကဲ့သို့ပင်။


တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်းမှလူများသည် သူတို့၏ခန္ဓာကိုယ်ထဲမှ နွေးထွေးသောစွမ်းအင်အား ရုတ်တရက် ခံစားခဲ့ကြရသည်။


ဟမ်းစတားလေးသည် ခိုးကြောင်ခိုးဝှက်ဖြင့် အသက်ဓါတ်စွမ်းရည်နှင့် အချိန်စွမ်းရည်အား အခြေစိုက်စခန်းရှိ လူတိုင်းအပေါ်တွင် အသုံးပြုကာ သူ၏အရည်အချင်းနှင့်ကျော်ကြားမှုအား နက်ရှိုင်းစွာဖုံးကွယ်ထားပြီး မထွက်ခွာခင် သူတို့၏စွမ်းရည်များအား လျင်မြန်စွာ အဆင့်မြှင့်ပေးခဲ့သည်။ နျဲ့ရှောင်မှလွဲ၍ ဤနေရာတွင် သူရှိခဲ့ကြောင်း မည်သူမျှသိလိမ့်မည် မဟုတ်ချေ။


*******

_မြို့တော်အခြေစိုက်စခန်း_


အသံစွမ်းရည်အား ပိုင်ဆိုင်ထားသည့် ခေါင်းဆောင် ရှ သည် ဆက်သွယ်ရေးမျှော်စင်မှ ထွက်လာသည့် အသံလှိုင်းကြောင့် အံ့သြထိတ်လန့်သွားရသည်။ ရုတ်တရက် ဇွန်ဘီပိုးကောင်များနှင့် ငှက်များ အုပ်စုခွဲသွားခဲ့ပြီး စခန်းမှ အသက်ရှင်သန်သူအားလုံး အံ့အားသင့်စေခဲ့သည်။


"ဒါ ဝူယိအခြေစိုက်စခန်းက အကူအညီဘဲ.. လူတိုင်းတိုက်ခိုက်ကြ..ငါတို့အသက်ရှင်ရမယ်.."


ခေါင်းဆောင် ရှ ၏ အသံသည် လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး စိတ်ဓါတ်တက်ကြွကာ လူတိုင်း ၏ စိတ်ဝိညာဥ်များအား မြင့်တက်လာစေသည်။ ကျယ်လောင်သောအသံသည် တစ်ယောက်ပြီး တစ်ယောက်ထံရောက်သွားကာ လူတိုင်း၏မျက်နှာများတွင် ခိုင်မာသော စိတ်ဓါတ်ကြံ့ခိုင်မှုများအား ပြသခဲ့သည်။


******


_ဟိုင်ချန်အခြေစိုက်စခန်း_


ပရော်ဖက်ဆာ မုန့် သည် ဟိုင်ချန်တွင် စွမ်းရည်အသုံးပြုသူများအား ဦးဆောင်၍ မိုးရေထဲတွင် တိုက်ခိုက်နေခဲ့သည်။ ရုတ်တရက်သည်းထန်သော မိုးနှင့်အတူ ကောင်းကင်မှ ကျလာသော ဇွန်ဘီငါးများက သူတို့၏အဓိက ပစ်မှတ်ဖြစ်သည်။


သူတို့နှင့်အတူ ဟာပင်းအခြေစိုက်စခန်း၊ လန်ချန်အခြေစိုက်စခန်းနှင့် အခြားနိုင်ငံအသီးသီးရှိ အခြေစိုက်စခန်းများမှ အသက်ရှင်သန်သူများသည်လည်း အလျှော့မပေးဘဲတိုက်ခိုက်ခဲ့ကြသည်။


ဤတိုက်ပွဲသည်မလွန်ဧကန် လူသားတို့၏ သမိုင်းလမ်းကြောင်းတွင် ထာဝရအမှတ်တရဖြစ်နေလိမ့်မည်ဖြစ်ပြီး သမိုင်းစာအုပ်များတွင်လည်း အောင်မြင်မှု ကမ္ဗည်းထိုးထားရမည်။


ဟမ်းစတားလေးသည် ထုန်ရှုမျှော်စင်တွင် တိတ်တဆိတ် တာဝန်ပြီးဆုံးသွားပြီးနောက် နျဲ့ရှောင်ထံသို့ လျှို့ဝှက်စွာ ပြန်လာခဲ့သည်။

……


 မိုးရွာသွန်းနေသည့်အချိန်မှာပင် စန်းချန်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။


နျဲ့ရှောင်တို့အုပ်စုသည်လည်း အနည်းနှင့်အများ ဒဏ်ရာရနေခဲ့ကြသော်လည်း ကံကောင်းစွာပင် ကျန်းချိုးနှင့် သွမ့်ဝမ်ယွီတို့၏ စွမ်းရည်များသည် ယခုပင် အဆင့်တက်ချိုးဖောက်နိုင်သွားခဲ့သည်။ သူတို့၏ခွန်အားများသည် ကောင်းကင်ထိ ထောင်တက်သွားပြီး ကြီးမားသော အကျိုးရှိသည့် တိုက်ပွဲဝင်နိုင်စွမ်းများ ရှိလာကြသည်။ ရှောင်ယန်၏ခွန်အားသည်လည်း အဆက်မပြတ် တိုးတက်လာပြီး သူမ၏စွမ်းရည်သည် ချိုးဖောက်မှုနယ်နိမိတ်နားသို့ ရောက်ရှိနေပြီဖြစ်သည်။


ထိုကဲ့သို့အခြေအနေတွင် ဆာ့သ်အနေဖြင့် မရှုံးနိုင်သော်လည်း သူသည်အသာစီးမရနိုင်ခဲ့ပေ။ ထိုအချိန်အတောအတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှ အဖြစ်အပျက်များသည် သူ့အားဒေါသထွက်စေသည်။ လူသားအားလုံး အလျှော့မပေးဘဲ ခုခံနေကြပြီး မသေနိုင်သည့် အင်းဆက်ပိုးကောင်များကဲ့သို့ မျှော်လင့်ချက်အပြည့်ဖြင့် စိတ်အားထက်သန်စွာ တိုက်ခိုက်ရန် စိတ်ပျက်ဖွယ်ကောင်းစွာ ရဲရင့်နေခဲ့ကြသည်။


ဆာ့သ်သည် ယခင် ချီတုမျိုးနွယ်များကဲ့သို့မဟုတ်ဘဲ ဤသို့ခိုင်မာပြီး အလွန်စည်းလုံးသော မျိုးနွယ်စုအား မုန်းတီးမိသည်။ မနာလိုဖြစ်ကာ ရူးသွပ်စွာဖြင့်အော်ဟစ်လိုက်သည်။


"ဘာလို့လဲ! ဘာလို့ မင်းတို့က ဘာလို့ တောင့်ခံထားကြသေးတာလဲ.."


နျဲ့ရှောင်၊ ကျန်းချိုးနှင့် အခြားသူများသည် ဆာ့သ်အား အေးစက်စွာ မိုက်ကြည့်ကြည့်ခဲ့သည်။ သူတို့၏ပါးပေါ်မှ မိုးရေများနှင့် သွေးများအားသုတ်ပြီး သူတို့၏လက်ထဲရှိ စွမ်းရည်၊ လက်နက်များနှင့် ရှေ့သို့တည့်တည့်တိုက်ခိုက်ခဲ့သည်။


"ဘာလို့လဲဆိုတော့ မင်းကသေဖို့ထိုက်တန်လို့!!.."


ထိုအချိန်တွင် ဟမ်းစတားလေး တိတ်တဆိတ် ပြန်ရောက်လာခဲ့ပြီးနောက် နျဲ့ရှောင်၏အိတ်ကပ်ထဲသို့ ပြန်မဝင်ဘဲ ခိုးကြောင်ခိုးဝှက်ဖြင့် ပိုင်မေ့အား ဖမ်းချုပ်ထားသည့်နေရာသို့ သွားလိုက်သည်။ သူ၏ခန္ဓာကိုယ်သေးသေးလေးသည် လူတိုင်း၏အာရုံကို မဖမ်းဆုပ်နိုင်ခဲ့ပေ။


ကြီးမားသော သတ္တုသေတ္တာကြီးသည် အေးမြသော လေတိုက်ခတ်နေသည်။ ပိုင်မေ့သည် ထိုရေခဲထဲတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးများတစိမ့်စိမ့်ထွက်နေစဥ်တွင် သူ၏မျက်လုံးများအား တင်းတင်းကြပ်ကြပ်ပိတ်ထားခဲ့သည်။ သူ၏သွေးစွန်းနေသော နှုတ်ခမ်းထောင့်သည် ရေခဲပုံစံပြောင်းလာခဲ့သည်။ သူ၏ ရဲဘော်ရဲဘက်များ အပြင်တွင်တိုက်ခိုက်နေသည့် အသံအားနားထောင်ကာ သူ၏စိတ်ထဲမှ အသိစိတ်ကို ထိန်းချုပ်နေသော ပြင်းထန်သည့် တိုက်ပွဲတွင်လည်း သူသည်အရှုံးမပေးခဲ့ပေ။


သက်ရှိတစ်ယောက် အနားရောက်လာသည်အား ရှင်းလင်းစွာခံစားရပြီး သူ၏စိတ်ထဲမှ သတ်ရန်အမိန့်ပေးနေမှုအား အကောင်းဆုံးခုခံနေခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းရည်အမြုတေကိုလည်း ထိန်းချုပ်မှုလွတ်သွားခွင့် မပေးခဲ့ပေ။


ဟမ်းစတားလေးသည် ပိုင်မေ့ထံ လုံခြုံစွာနှင့် ချောချောမွေ့မွေ့ရောက်သွားရန် စီမံခဲ့သည်။ သူ၏ လက်ဖဝါးလေးနှင့် ရေခဲသတ္တုသေတ္တာအားကပ်ကာ ပိုင်မေ့၏ အသိစိတ်ကို ကာကွယ်ရန်နှင့် သူ၏ခွန်အား တိုးတက်လာစေရန် အချိန်နှင့် အသက်ဓါတ်စွမ်းရည်အား ပို့ပေးခဲ့သည်။


နွေးထွေးသော ခံစားချက်တစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်အား ခံစားလိုက်ရပြီး ပိုင်မေ့သည် နူးညံ့၍ ချစ်စဖွယ်ကောင်းသော အသံလေးအား ကြားလိုက်ရပုံပေါ်သည်။


"ပိုင်မေ့မေ့ အားတင်းထားနော်.. "


မှောင်မိုက်မှုနှင့် အေးခဲမှုကြားတွင် မျက်ရည်စီးကြောင်းတစ်ကြောင်းသည် ပိုင်မေ့၏ပိတ်ထားသော မျက်လုံးများမှ စီးကျလာသည်။


သူ၏တာဝန်များအားလုံး ပြီးဆုံးပြီးနောက် ဟမ်းစတားလေး မောပန်းလာခဲ့သည်။ နောက်ဆုံးတွင် လေထဲ၌စက်ဝိုင်းဆွဲကာ နျဲ့ရှောင်၏ အိတ်ကပ်ထဲသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။ လုံခြုံသည့် ခံစားချက် အများအပြားသည် သူ့အား ချက်ချင်းစိတ်ချက်လက်ချဖြစ်စေကာ နူးညံ့သောဆန်ကိတ်လုံးလေး ဖြစ်သွားစေသည်။ နျဲ့ရှောင်၏ ရင်ဘတ်အားကပ်ကာ နှလုံးခုန်သံအား နားစွင့်ရင်း သူ၏မျက်လုံးများကိုပိတ်၍ အေးချမ်းစွာ အနားယူလိုက်သည်။


— ဒယ်ဒီရေ ပေါင်ပေါင်းပြန်ရောက်ပါပြီ la!!!


သူ၏အိတ်ကပ်ထဲမှ နူးညံနွေးထွေးသော ဘောလုံးလေးအား ခံစားမိလိုက်သော နျဲ့ရှောင်သည် ရုတ်တရက် စိတ်သက်သာရာရသွားသည်။ ဆာ့သ်အား အေးစက်သောအကြည့်ဖြင့် ကြည့်ကာ သူ၏လက်ထဲမှ လျှပ်စီးမိုးကြိုးများဖြင့် တူအားဆုပ်ကိုင်လိုက်သည်။


ကမ္ဘာတစ်ဝှမ်းလုံးသည် စည်းလုံးညီညွတ်ခဲ့ကြပြီး သူတို့တိုက်ခိုက်လေ ပို၍သန်မာလေဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ဆာ့သ်လည်း မထိုးဖောက်နိုင်တော့ပေ။ နျဲ့ရှောင်နှင့်အခြားသူများသည် သူ့အားမသတ်နိုင်သော်လည်း မဟာမိတ်မှ စစ်ကူများရောက်လာသည့် အချိန်ထိအောင်သာ စောင့်နေနိုင်သည်။


ဆာ့သ်၏မျက်လုံးများမှာ ဖိအားများကြောင့် သွေးလွှမ်းနေခဲ့သည်။ သူ၏ခွန်အား ပြန်လည်ကောင်းမွန်စေရန် အမြုတေများအား မျိုချ၍ စုပ်ယူနေပြီး တိုက်ခိုက်ရန်စွမ်းရည်များအား ထုတ်လွှတ်နေခဲ့သည်။


လျှပ်စီးလက်သံများ၏ကြားတွင် လူတိုင်းပို၍သန်မာလာသည်ဟု ထင်မိသည်။ သူ၏မျက်လုံးများ အပေါ်သို့လှန်ကာ ရုတ်တရက်ကြမ်းတမ်းစွာဖြင့် ကမ္ဘာအသစ်ဖြစ်မြောက်ခြင်းအတွက် မျှော်လင့်ချက်ရောင်ခြည်အား ဖမ်းဆုပ်မိလိုက်သည်။


"ဟုတ်ပြီ မင်းသားလေးက ဒုက္ခပေးနေတာ ဖြစ်ရမယ်.. သူတစ်ယောက်ကပဲ ဒါမျိုးလုပ်နိုင်တာ.. သူပဲ.. သူ ကမ္ဘာပေါ်မှာ ရှိနေတုန်းပဲ!.. ငါ့ကိုပြော သူဘယ်မှာလဲ..."


ဆာ့သ် အရာအားလုံးအား သဘောပေါက်သွားသည်။ စိတ်လှုပ်ရှားလာပြီး သူ၏မျက်နှာမှာ ပုံမှန်မဟုတ်စွာ နီရဲလာခဲ့သည်။ သူ၏မေးခွန်းထုတ်နေသည့်အလျောက် သူ၏စွမ်းအားကိုဖော်ထုတ်ခဲ့သည်။ သူ၏စွမ်းရည် ဖြတ်သွားကာ နျဲ့ရှောင်တို့အဖွဲ့အား မီတာရာချီ၍ လွင့်ထွက်သွားစေသည်။


နျဲ့ရှောင်နှင့် အခြားသူများအား ပါးစပ်အပြည့်သွေးများ အန်ထုတ်စေခဲ့သည်။ သူတို့သည် ဆာ့သ်မှာ သူ့ကိုယ်သူ ထပ်မံလှုံ့ဆော်၍ ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် သူတို့သည် အမှန်တရားကို ထုတ်မပြောခဲ့ကြပေ။ ကျန်းချိုးသည် တိုက်ရိုက်ပင် ကျိန်ဆဲလေသည်။ 


"အရူး အိပ်မက်မက်နေလိုက်.. မင်းသားလေးက နီမိုဂြိုလ်ကို ပြန်သွားပြီ.. သူက မင်းကိုဖမ်းဖို့ မဟာမိတ်စစ်တပ်တွေကို အတူခေါ်လာမှာ.."


"မင်းတို့ လူလိမ်တွေ!!!"


ဆာ့သ် သူ့တို့အား မယုံကြည်ပေ။


သူ၏ခေါင်းကိုလှည့်ကာ တောင်တန်းများ၏ နောက်ရှိ ဖုန်းချန်ရှိရာသို့ ကြည့်လိုက်သည်။ သေချာတွေးတောပြီးနောက် သူ၏နှုတ်ခမ်းထောင့်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုပေါ်လာသည်။


"ဝူယိအခြေစိုက်စခန်း တဲ့လား.. နာမည်က တော်တော်ကောင်းတာဘဲ.. မင်းသားလေးက အဲသည်နေရာကို အရမ်းစိတ်ပူနေလိမ့်မယ်.. သူမထွက်လာဘူးဆိုရင် ငါ ဖျက်ဆီးပစ်မယ်.."


ထိုသို့ပြောပြီးနောက် ဆာ့သ်သည် ဝူယိအခြေစိုက်စခန်းထံသို့ ဦးတည်ကာ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။


ထိုမြင်ကွင်းကို ကြည့်ပြီး နျဲ့ရှောင်နှင့် အခြားသူများသည် တစ်ပြိုင်နည်း "မကောင်းတော့ဘူး" ဟု အော်လိုက်မိကာ လျင်မြန်စွာ လိုက်ဖမ်းခဲ့သည်။


ဟမ်းစတားလေးသည်လည်း စိုးရိမ်ပူပန်လာခဲ့သည်။ အိတ်ကပ်ထဲမှ ထွက်ချင်သော်လည်း နျဲ့ရှောင်၏ ပြန်တွန်းခြင်းကို ခံလိုက်ရသည်။


"ပေါင်ပေါင်း လိမ္မာနော်..ထွက်မလာနဲ့ဦး.."


"ချိ.." ဒါပေမယ့် စခန်းမှာရှိတဲ့သူတိုင်းက အန္တရာယ်ရှိနေပြီလေ..


သူ၏ဘေးရှိ သွမ့်ဝမ်ယွီမှ တည်ငြိမ်စွာ ပြောလာသည်။


"အခု ငါတို့ရဲ့ ဟန်ချက်ကို သူရှုပ်လို့မရဘူး.. ဒါပေမယ့် မင်းကို ရှာတွေ့သွားရင် အဲဒါက သူ့အစီအစဥ်ကိုအောင်မြင်ခွင့် ပေးလိုက်သလိုပဲ.."


လူတိုင်း ဆာ့သ်အား လိုက်ဖမ်းရန် ကြိုးစားခဲ့ကြသည်။ နျဲ့ရှောင်သည်လည်း သတိပေးလာသည်။


"ဒယ်ဒီတို့က သူပြောနေတဲ့ ကမ္ဘာအသစ်အကြောင်းကိုလည်း မသိရသေးဘူး.. သူ့အင်္ကျီလက်အောက်မှာ လှည့်ကွက်တွေ ရှိနေနိုင်သေးတယ်.."


ထိုသို့ဖျောင်းဖျခံရပြီးနောက် ဟမ်းစတားလေးသည် သူ၏နှလုံးသားအောက်ခြေမှ စိုးရိမ်ပူပန်သောကရောက်စွာဖြင့် အိတ်ကပ်ထဲတွင်သာ နာနာခံခံနေခဲ့ရသည်။ ၎င်းသည် "မီးရောင်အောက်မှအမှောင်"နှင့် တူပေသည်။ ဆာ့သ်ပင် မင်းသားလေးသည် သူ၏နှာခေါင်းအောက်၌ အစပိုင်းကတည်းက ရှိနေသည်ကို ခန့်မှန်းမိမည် မဟုတ်ချေ။


မကြာမီတွင် ဆာ့သ်သည် ဝူယိအခြေစိုက်စခန်းထံ ရောက်ရှိသွားခဲ့သည်။


ဝူဝမ်ချီနှင့် အခြားသူများသည်လည်း လေထုထဲတွင် ရောက်ရှိလာသော ဝတ်ရုံနက်နှင့်လူအား မြင်တွေ့သည့်အခါ ရုတ်တရက် တုန်လှုပ်လာကြသည်။ ခေါင်းလှည့်လိုက်သည့်အခါ အမဲရောင်အစက်ကလေးများသည်လည်း နောက်မှနီးကပ်စွာ ပါလာကြောင်း သတိထားမိကာ စိတ်သက်သာရာရသွားခဲ့သည်။ သူတို့သည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး ဆာ့သ်၏ လမ်းကြောင်းအား တားဆီးခဲ့သည်။ စွမ်းရည်များ တိုက်မိသံသည် ကျယ်လောင်သောအသံကြီးအား ဖြစ်စေခဲ့သည်။


ထိုမြင်ကွင်းအားမြင်သောအခါ အခြေစိုက်စခန်းမှလူတိုင်း ကြက်သေသေသွားပြီး အထိတ်တလန့်ဖြင့် အံ့အားသင့်စွာပြောခဲ့သည်။


"အဲဒါက ဇွန်ဘီဘုရင်ကြီးး.. ဘောစ့်နျဲ့ရှောင်တို့အဖွဲ့ ပြန်လာပြီ.."


နင်ဖုန်း၊ ဝူဝမ်ချီနှင့် အခြားသူများသည်လည်း နျဲ့ရှောင်၊ ကျန်းချိုးတို့အဖွဲ့နှင့် ပူးပေါင်းကာ ဆာသ့်အားကောင်းကင်ပေါ်တွင် ဝိုင်းထားခဲ့သည်။ ကြောက်မက်ဖွယ်၊ ခမ်းနားကြီးကျယ်သော တိုက်ပွဲသည် စောင့်ကြည့်နေသူများ၏ သွေးများအား လှိုင်းထစေသည်။ သန်မာသည့်သူများကြားရှိ တိုက်ပွဲသည် မျှော်လင့်ထားသည်ထက်ပိုသောကြောင့် သူတို့အနေဖြင့် ရပ်ကြည့်၍ လေးစားအားကျနေရုံသာ တတ်နိုင်ပေသည်။


"ဆာ့သ် မင်းမကြာခင်အဖမ်းခံရတော့မှာ!.."


နျဲ့ရှောင် ပြောလေသည်။


ဆာ့သ် ပြန်၍ဟိန်းဟောက်ခဲ့သည်။


"ဝူယိကို ထုတ်ပေး! မင်းသားလေးကို ထုတ်ပေးလိုက်!."


မှော်ဆန်၍ အားကောင်းသော အမျိုးမျိုးသော စွမ်းရည်များသည် ကောင်းကင်ပေါ်တွင် တိုက်မိကြပြီး အခြေစိုက်စခန်းရှိရာသို့ အလင်းပြန်လာသည်။ ထို့အပြင် ဝူဝမ်ချီနှင့် နင်ဖုန်းတို့အဖွဲ့၊ နျဲ့ရှောင်တို့အဖွဲ့တို့သည် အဘက်ဘက်မှ ဝိုင်းရံတိုက်ခိုက်ရင်းဖြင့် ဆာ့သ်၏ လမ်းကြောင်းအား ကျဉ်းမြောင်းလာစေသည်။ သို့သော်လည်း ဆာ့သ်သည် သူတို့နှင့် မရှုပ်ထွေးလိုဘဲ ရှောင်ဝူယိ ထွက်လာရန်သာ တွန်းအားပေးနေသည်။


သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ဝူဝမ်ယွီနှင့်တူသည့် အကာအကွယ်ဒိုင်းကာအား ဖွင့်ခဲ့သည်။ သူ၏လက်ထဲတွင် ကြီးမားသောစွမ်းရည်ဘောလုံးအား အကျဥ်းချုံ့ကာ အခြေစိုက်စခန်းဆီသို့ တိုက်ရိုက်ဦးတည်ခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်တွင် ယုတ်ညံ့သောအပြုံးတစ်ခုဖြင့် လူအုပ်စုအား ခြိမ်းခြောက်ခဲ့သည်။


"မင်းသားလေးကို ထုတ်ပေးလိုက် မဟုတ်ရင် မင်းတို့အားလုံး သေရမယ်.."


အခြေစိုက်စခန်းအား ကာကွယ်နေသည့် ဝူဝမ်ယွီသည် ဆာ့သ်၏လက်ထဲမှ ကြောက်မက်ဖွယ် စွမ်းရည်ဘောလုံးအားမြင်လိုက်သည်နှင့် သူ၏မျက်နှာပေါ် ချွေးအေးများ စီးကျလာပြီး သူမ၏နှုတ်ခမ်းများသည်လည်း မထိန်းချုပ်နိုင်စွာ ဖြူဖျော့သွားခဲ့သည်။ 


တစ်ချိန်တည်းမှာပင် အနီးအနားရှိ ဇွန်ဘီများသည်လည်း ပို၍ကြမ်းကြုတ်လာခဲ့သည်။ ဆာ့သ်၏ လှုံ့ဆော်ပေးမှုအောက်တွင် ဇွန်ဘီအများစု အဆင့်တက်သွားပြီး အခြေစိုက်စခန်းထဲရှိ အချို့စွမ်းရည်ပိုင်ရှင်များထက် ကျော်လွန်သွားခဲ့သည်။


နျဲ့ရှောင်နှင့် ဝူဝမ်ချီတို့သည် မနေနိုင်ဘဲ အခြေစိုက်စခန်း၏ တိုက်ပွဲနေရာအား ရှင်းလင်းကူညီရန်သာ အာရုံစိုက်နိုင်ခဲ့သည်။ ဆာသ့်သည် ဤမြင်ကွင်းအားကြည့်၍ အောင်ပွဲခံစွာ ပြုံးလေသည်။


သေချာတယ်.. သူတို့ ဒီနေရာကို ဂရုစိုက်တယ်..


"မင်းသားလေးကို လက်လွှဲပေးလိုက်! ဒါဆိုရင် ငါ မင်းတို့အသက်တွေကို ချမ်းသာပေးမယ်.."


ဆာ့သ်၏ အသံသည် ကောင်းကင်ပေါ်တွင် မြည်ဟီးနေခဲ့သည်။ ကြီးမားသော ဇွန်ဘီလှိုင်းကြီးအား အခြေစိုက်စခန်းထံပို့ကာ တိုက်ခိုက်စေခဲ့ပြီး လူတိုင်းအား ဖြူဖျော့သွားစေခဲ့သည်။


အတင်းအကြပ် အခြေအနေများကြောင့် ရှောင်ယန်၊ နင်ဖုန်းနှင့် အခြားသူများစွာသည် အဆင့်တက်သွားကြသော်လည်း မလုံလောက်ခဲ့ပေ။ ဆာ့သ်၏ ရူးသွပ်၍ စည်းမရှိသော အပြုအမူသည် လူတိုင်းအား အကူအညီမဲ့စေခဲ့သည်။


"စဥ်းတောင်မစဥ်းစားနဲ့!!.."


နျဲ့ရှောင် အံတင်းတင်းကြိတ်ကာ သူ၏ရှိသမျှ စွမ်းအင်အားလုံး အသုံးပြုလိုက်သည်။ ကောင်းကင်ထက်၌ မိုးကြိုးလျှပ်စီးသံများ ပြည့်နေပြီး မုန်တိုင်းထန်လာသည်။ ကမ္ဘာမြေပြင်အား အက်ကွဲစေနိုင်လောက်သည့် အင်အားမှာ ဆာ့သ်ထံသို့ တည့်တည့်ဦးတည်သွားသည်။ ကုန်းမြေနှင့် ကောင်းကင်တစ်ခုလုံး မဲမှောင်သွားလေသည်။


ထိခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်သဖြင့် ဆာ့သ် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။ အလွန်အမင်း ဒေါသတကြီး ဖြစ်နေပြီး လက်လွှဲကာ ကြောက်မက်ဖွယ် စွမ်းရည်ဘောလုံးအား ဝူယိအခြေစိုက်စခန်းရှိရာသို့ ပစ်လိုက်သည်။ 


"သေလိုက်ကြ.."


အခြေစိုက်စခန်းမှ လူတိုင်း၏အသားအရည်မှာ သွေးဆုတ်ဖြူဖျော့သွားကြသည်။ ဝူဝမ်ယွီ၏ အကာအကွယ်မှာ ပို၍ပါးလာပြီး သူမ၏မျက်လုံးများအား မှိတ်လိုက်သည်။ သူမသည် ထွက်မပြေးနိုင်ဘဲ အကာအကွယ်ဒိုင်းကာကိုသာ တတ်နိုင်သမျှ ထောက်ပံ့ထားရသည်။


ထိုအန္တရာယ်ကျရောက်လုဆဲ အခြေအနေတွင် မြေပြင်မှကျောက်ခဲများသည် မတ်စောက်စွာ မြင့်တက်သွားပြီး ကောင်းကင်ပေါ်တွင် မြေကြီးအစိုင်အခဲအား ဖြစ်ပေါ်စေသည်။ သတ္တုများ အတူတကွစုစည်း၍ တောက်လောင်နေသောမီးတောက်များနှင့် ရေခဲရေများ ရောယှက်ကာ ဒိုင်းကာတစ်ခုဖြစ်ပေါ်လာပြီး စွမ်းရည်အလွှာများစွာသည် အခြေစိုက်စခန်းတစ်ခုလုံးအား ကာ၍စောင့်ကြပ်ထားသည်။ အလွန်သန်မာသော စွမ်းရည်လှိုင်းနှစ်ခု တိုက်မိပြီးနောက် အခြေစိုက်စခန်းမှ လူအားလုံး တိုက်ခိုက်မှုအဟုန်ကြောင့် မြေပြင်ပေါ်သို့ လဲကျကုန်သည်။


ဝူဝမ်ချီ၊ ကျန်းချိုးနှင့်အဖွဲ့သည် တိုက်ခိုက်မှုလှိုင်းအား အတူတကွ ခုခံခဲ့သည်။ သူတို့၏နှုတ်ခမ်းထောင့်များမှ သွေးစီးကြောင်းများဖြင့် ဆာ့သ်အား ကျိန်ပြောခဲ့သည်။


"ငါတို့ရှိနေသရွေ့ ဘယ်သူမှ အခြေစိုက်စခန်းက လူတစ်ယောက်ရဲ့ ဆံပင်တစ်ချောင်းကိုတောင် ထိခိုက်လို့မရစေရဘူး!!.."


“.. ကောင်းတယ်.. အရမ်းမိုက်တယ်ဟေ့..” 


အခြေစိုက်စခန်းမှ လူတိုင်း မြေပြင်ပေါ်တွင် ထိုင်နေခဲ့ကြသည်။ သူတို့သည် စခန်းမှ အဓိကပုဂ္ဂိုလ်များ၏ မှင်သက်လောက်ဖွယ် ခွန်အားကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ အသိစိတ်ပြန်ကပ်လာပြီးနောက် ပျော်ရွှင်စွာဖြင့် ပဲ့တင်ခတ် အားပေးခဲ့ကြသည်။


"အားးး ခေါင်းဆောင်တွေ ကြိုးစားထား!! အဲသည် ကောင်ကိုသတ်ပစ်.."


"ရွံ့စရာကောင်းတယ်.."


ဆာ့သ်သည် ဆူညံ့နေသော လူအုပ်အားကြည့်ကာ ဒေါသတကြီး ကျိန်ဆဲလေသည်။ နျဲ့ရှောင်တို့အဖွဲ့သည် ဆာ့သ်နှင့် ရင်ဆိုင်တွေ့ပြီး သူအားစိတ်အနှောင့်အယှက်ဖြစ်ခွင့်ပင် မပေးခဲ့ပေ။


ဆာ့သ်သည် နျဲ့ရှောင်နှင့် အခြားသူများ၏ ပြင်းထန်သော တိုက်ခိုက်မှုအား ထိပ်တိုက်တွေ့ခဲ့သည်။ ထို့ကြောင့် သူတွင် စွမ်းရည်ဘောလုံးအသစ်တစ်ခု ပြင်ဆင်ရန် အချိန်မရှိခဲ့၍ သူ၏ဦးနှောက်ဖြင့် ထိန်းချုပ်စွမ်းရည်ကို ဇွန်ဘီများအား ထိန်းချုပ်၍ ဇွန်ဘီလှိုင်းအား ကြမ်းတမ်းစွာ တိုက်ခိုက်စေခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ၏မျက်လုံးများသည် မထိန်းချုပ်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။ သူသည် ထောင်ချောက်ထဲသို့ တစ်စက္ကန့်မျှဝင်သွားပြီး နျဲ့ရှောင်၏ လျှပ်စစ်မိုးကြိုးသည် သူ့အား မြေပြင်ပေါ်သို့ ပစ်ကျသွားစေခဲ့သည်။


ဆာ့သ်ကဲ့သို ထိန်းချုပ်စွမ်းရည်အဆင့်တူရှိသောလှိုင်းသည် တောင်များကိုဖြတ်၍ ရောက်လာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ဇွန်ဘီများအားလုံး ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားစေသည်။


ထိုရုတ်တရက်ပြောင်းလဲမှုသည် လူတိုင်းအား ကြောင်အသွားစေခဲ့ပြီး နျဲ့ရှောင်သည် ဆာ့သ်အားသေလုနီးပါး တိုက်ခိုက်နိုင်လိုက်သည်ဟု ထင်မိသွားစေသည်။ သို့သော် နစ်မြုပ်နေသော ကျွင်းထဲသို့ကျသွားသည့် ဆာ့သ် မတ်တပ်ရပ်လာပြီး စန်ချန်းဆီသို့ကြည့်၍ သူ၏မျက်လုံးအိမ်များမှာလည်း ပြူးကျယ်နေသည်။


နျဲ့ရှောင်နှင့် အခြားသူများသည်လည်း သူ၏အကြည့်နောက်လိုက်ကာ တစ်စုံတစ်ခုအား ချက်ချင်းနားလည်သွားခဲ့သည်။


"ဝါးးးး အဲဒါပိုင်မေ့ အားးး!!.."