🐹အခန်း ၉၄
ဝူယိလေး၏ ဖုံးကွယ်ထားသော အရည်အချင်းနှင့် ကျော်ကြားမှု
ဆာ့သ်သည် ပိုင်မေ့၏ မျက်နှာဖုံးခွာမချသေးသော အသွင်အပြင်အား မြင်သည့်အချိန်တွင် ဟားတိုက်မိလုနီးနီးပင်။ အရူးလုပ်ခံရခြင်းနှင့် သစ္စာဖောက်ခံလိုက်ရခြင်းကြောင့် ဒေါသနှင့်အတူ သူ့နှလုံးသားတစ်ခုလုံး လောင်ကျွမ်းနေသလိုပင်။
သူ၏ခြေထောက်ကို ကြွကာ ပိုင်မေ့ထံသို့ အလင်းအလျင်နှင့် လှမ်းသွားလေသည်။ သူ၏ ဖျော့တော့ပြီး အရိုးဖြိုင်းဖြိုင်းထနေသော လက်အားမြှောက်ကာ ပိုင်မေ့၏ သေးသွယ်သော လည်ပင်းအား ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။
ရေခဲတမျှအေးစက်နေသော အသံသည် ငရဲမှထွက်လာသော တစ်စုံတစ်ရာနှင့်ပင် တူလေသည်။
"ပိုင်မေ့ မင်းအပေါ် ငါ့ရဲ့ယုံကြည်မှုတော့ ပျက်ပြားသွားပြီ.. ငါ့အပေါ် သစ္စာဖောက်ရင် ဘယ်လိုခံစားရမယ်ဆိုတာ မင်းသိပါတယ်"
ဆာ့သ်သည် သူ၏လက်များကို ဒေါသတကြီး ပိုတင်းကျပ်လိုက်ပြီး ပိုင်မေ့အား အသက်ရှုကျပ်ပြီး ချောင်းဆိုးစေလေသည်။ ပိုင်မေ့သည် လည်ပင်းညှစ်ခံထားရ၍ အသံမထွက်နိုင်သော်လည်း သူ၏မျက်နှာထက်၌ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး သူ၏မျက်လုံးအတွင်းရှိ စိတ်ခံစားမှုနှင့် အပြုံးတို့မှာ အေးစက်နေလေသည်။ သူ၏ နှုတ်ခမ်းပါးများ အနည်းငယ်ပွင့်လာပြီး အရှေ့ရှိလူအား မထီမဲ့မြင်ပုံဖြင့် ကဲ့ရဲ့လိုက်လေသည်။
အရူး။
"မင်း ဘယ်လိုတောင် သတ္တိရှိနေတာလဲ"
ရိုးရှင်းလှသော ပြောင်ပြောင်းတင်းတင်း ဆဲဆိုစကားတို့မှာ အတုအယောင် ခံစားချက်များအား ကွယ်ဝှက်မထားနိုင်တော့ချေ။ အရာအားလုံးကို အလုံးစုံ ဝန်ခံပြီးနောက်တွင် လှောင်ပြောင်သရော်သော အပြုအမူများမှာ ပို၍ထင်ရှားလာလေသည်။
ဆာ့သ်သည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာလေသည်။ သူသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လည်နှစ်ဖက်မှာ ပိုင်မေ့၏ လည်ပင်းအား ပိုင်းဖြတ်တော့မတက် တင်းကျပ်လာလေသည်။
"ငါ မင်းကို အသေသတ်ပစ်တော့မှာကွ"
ဆာ့သ်၏ မျက်လုံးများအတွင်း ဒေါသများ တောက်လောင်လာသည်နှင့်အမျှ ပိုင်မေ့၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေသည်။ ဆာ့သ်သည် ပိုင်မေ့၏ အမြုတေအား ထုတ်ယူရန်အတွက် လက်မြှောက်လိုက်ပြီး ပိုင်မေ့၏ ဦးခေါင်းအတွင်းမှ တူးယူရန်ရွယ်ထားလေသည်။
ထိုအချိန်တွင်ပင် လျှပ်စီးကြောင်းတစ်ခု ထိမှန်လာပြီး ပြင်းထန်ပြီး ထက်မြသော လေဓားတစ်ချက်မှာ ဆာ့သ်ထံသို့ ဦးတည်လာပြီး ပိုင်မေ့အား နာကျင်အောင် လုပ်လိုသော လက်ကို ရိုက်ခက်လိုက်လေသည်။
ရလဒ်အနေနှင့် ပိုင်မေ့မှာ ချောမွေ့စွာ လွတ်မြောက်သွားသည်။ ခရမ်းရောင်သမ်းလာသည့် လည်ပင်းအား ကိုင်ထားပြီး သူ့လက်မောင်းသူ ကိုင်ထားသည့် လော့ယွင်ဟိုင်ဆီ ပြေးသွားလိုက်သည်။
နျဲ့ရှောင်နှင့် အခြားသူများမှာ မြို့၏ ဘက်ပေါင်းစုံမှ ထွက်လာကြပြီး ဆာ့သ်အား အလယ်မှထားကာ ပတ်ပတ်လည် ဝိုင်းထားကြလေသည်။
သူ့အားလှည့်စားထားသော ကမ္ဘာသားများ၏ ဝိုင်းထားခြင်းကို ခံရသောအချိန်တွင် ဆာ့သ် ဒေါသထွက်လွန်း၍ ခေါင်းမှခြေဖျားထိ သွေးများဆူပွက်လာသလိုပင်။
သူ၏အေးစက်သော အကြည့်များသည် သူတို့တစ်ဦးချင်းစီသို့ ကျရောက်လာသည်။ ဆာသ့်သည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။
"ကောင်းတယ်.. အရမ်းကောင်းတယ်.. ငါမင်းတို့ကို လျှော့တွက်ခဲ့မိတာပဲ"
တကယ်တမ်းတွင် နျဲ့ရှောင်နှင့် ဆာ့သ် လက်ရှိရောက်ရှိနေသော စန်းချန်မှာ ဇွန်ဘီများသာရှိသော မြို့ပျက်တစ်ခု ဖြစ်သည်။ ဆာ့သ်သည် အဆင့်နိမ့်ဇွန်ဘီများထံမှ သက်ရှိလူများအပေါ် တုံ့ပြန်မှု ရရှိစဉ်တွင် နျဲ့ရှောင်နှင့် အခြားသူများသည် စိတ်တည်ငြိမ်စွာဖြင့် အချိန်ကြန့်ကြာစေရန် မြို့ထဲ၌ တစ်နေရာမှ တစ်နေရာသို့ အဆက်မပြတ် ရွေ့ပြောင်းလျက်ရှိကြသည်။
စန်းချန်သည် ဖုန်းချန်၏ဘေးတွင် တည်ရှိပြီး မြို့နှစ်မြို့ကြားတွင် တောင်တန်းများမှ အကာအရံအဖြစ် တည်ရှိသည်။ ဝူယိအခြေစိုက်စခန်း စတင်တည်ထောင်ချိန်မှစကာ ဖုန်းချန်သည် ဝူယိအခြေစိုက်စခန်း၏ ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ရာတွင် ဦးဆုံးပစ်မှတ် ဖြစ်လာသည်။ စာတိုဆက်သွယ်ရေး တိုးတက်လာပြီးနောက်တွင် နိုင်ငံတစ်ဝှမ်းမှ ရှင်သန်ကျန်ရစ်သူများသည် ဝူယိအခြေစိုက်စခန်း၏ တည်ရှိမှုအား သိရှိလာကြသည်။ အနီးဆုံးဖြစ်သော စန်းချန်တွင် ရှင်သန်ကျန်ရစ်သူ အရေအတွက် များသဖြင့် ဝူယိစခန်းရှိရာသို့ အလျင်စလို ရှာဖွေကာ ရောက်ရှိလာကြသည်။ အဆုံးတွင် ကျန်ရှိနေသည့် ရိက္ခာအချို့၊ အဆောက်အဦများနှင့် ဇွန်ဘီများမှအပ စန်းချန်တွင် ရှင်သန်ကျန်ရစ်သူများ မရှိတော့ချေ။
ထိုသို့မဟုတ်နှင့် နျဲ့ရှောင်တို့အနေဖြင့် ဆာ့သ်အား ဤနေရာသို့ ခေါ်ဆောင်လာရန် မဖြစ်နိုင်ချေ။ အပြစ်မဲ့သည့် သာမန်လူများအား ထိခိုက်စေနိုင်မည့် မည်သည့်အစီအစဉ်မဆို ဖယ်ထုတ်ခဲ့ပြီး ဖြစ်သည်။
ထိုအချိန်တွင် ပျက်စီးယိုယွင်း၍ လူသူကင်းမဲ့နေသောမြို့၌ နွေလေပူများ တိုက်ခတ်လာပြီး လူတိုင်း၏ အဝတ်များ လေထဲ တလွင့်လွင့် ဝဲကာ အပေါ်သို့ လန်တက်သွားသည်။ အမျိုးမျိုးသော စွမ်းရည်များသည် လေထုထဲ၌ ကခုန်နေသကဲ့သို့ ရွေ့လျားလျက်ရှိသည်။
သူတို့အရှေ့မှ အလွန်အမင်း ဒေါသထွက်နေသော အနက်ရောင်ဝတ်ရုံနှင့်လူအားကြည့်ကာ နျဲ့ရှောင်တို့အဖွဲ့၏ မျက်လုံးများ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သွားကြသည်။ ဤလူသည် သူတို့၏ အမိမြေအား ကြောက်မက်ဖွယ်အခြေအနေများ ဖြစ်စေခဲ့သည်။ သူတို့၏ ရင်ထဲမှ ခါးသီးမှုများ လျှံထွက်လာပြီး ဆာ့သ်အား အပြင်းအထန် တိုက်ခိုက်ရန် မစောင့်နိုင်တော့ချေ။
လိမ်ညာလှည့်စားခံခဲ့ရသော ဆာ့သ်သည် မခံချိမခံသာ ဖြစ်လာသည်။ ဘဝင်မြင့်နေသော ကမ္ဘာသားများအား အေးစက်စွာကြည့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်သည်။
“ငါ့တံခါးရှေ့ထိ စွမ်းရည်အမြုတေတွေ လာပို့ပေးတာဆိုတော့လည်း လက်ခံလိုက်ပါ့မယ်လေ..”
"ဆာ့သ် သွားသေလိုက်.."
နှစ်ဖက်သည် အဓိပ္ပါယ်မရှိသည့်အရာများ မပြောတော့ဘဲ ရုတ်တရက် တိုက်ပွဲစတင်လိုက်ကြသည်။
အမျိုးမျိုးသော စွမ်းရည်များ၏ တိုက်မိသံသည် အပြာရောင်ကောင်းကင်အား ဆွဲဖြဲလုနီးပါး ကျယ်လောင်လှသည်။ ဝူယိအခြေစိုက်စခန်းရှိ အသက်ရှင်သူများသည် စန်းချန်ရှိရာသို့ ကြည့်မိလိုက်သည်။ ပိုင်ယွဲ့၊ ဒေါက်တာဝေ့၊ ဝူဝမ်ယွီနှင့် အခြားအခြေစိုက်စခန်းတွင် ကျန်ရစ်ခဲ့သူများ၏ နှလုံးများ ဆွဲဆုပ်ထားသလို ခံစားရသော်လည်း သူတို့၏လက်များအား ဆုပ်ကိုင်လျက် ဆုတောင်းပေးရုံသာ တတ်နိုင်ပေသည်။
စန်းချန်ရှိတိုက်ပွဲတွင် လေ၊ မိုးကြိုး၊ ရေ၊ မီး၊ သတ္တု၊ ရေခဲ၊ သဲ.. စသည့် အမျိုးမျိုးသော စွမ်းရည်များသည် ခမ်းနားသောအရောင်များဖြင့် အောင်မြင်သောရုပ်ရှင်တစ်ခု၏ အံ့ချီးဖွယ်အခန်းကဲ့သို့ပင် လူတိုင်းအား မျက်စိကျိန်းစေသည်။ ပိုင်မေ့ ယခင်က ပြောခဲ့သည် အရာများမှာ မမှားဟုဆိုနိုင်သည်။ ဆာ့သ်၏ စွမ်းအားကြီးသော အင်အားနှင့် အမျိုးမျိုးသော စွမ်းရည်အမြူတေများမှ အားဖြည့်ခြင်းသည် သူတို့အား အမှန်တကယ် ရင်ဆိုင်ရခက်ခဲစေသည်။
ဆာ့သ်သည် အုပ်စုလိုက်တိုက်ခိုက်မှုအား လွယ်ကူစွာ ပြန်လည်ခုခံနိုင်ခဲ့သည်။ သူ၏နှလုံးသားထဲတွင် ပို၍အထင်အမြင်သေးလာခဲ့ပြီး ဤကမ္ဘာသားအုပ်စုအား အမြန်ဖြေရှင်းချင်ခဲ့သည်။ သို့မှသာ မင်းသားလေး၏ တည်နေရာအား ဆက်လက်ရှာဖွေနိုင်လိမ့်မည်။
"စိတ်ကြီးဝင်နေတဲ့အရူးတစ်အုပ်.."
မနှစ်မြို့ဖွယ် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ ပိုဆီယာ၊ ဆစ်စလို၊ ဖုန်းတောက်နှင့် ဖုန်းချန် တို့သည် သူတို့၏ စွမ်းရည်နှင့် အထောက်အထားများအား ဖုံးကွယ်ခြင်း မပြုတော့ဘဲ အစွမ်းကုန်အသုံးပြု တိုက်ခိုက်ကြသည်။
မဟာမိတ်၏ ကျော်ကြားသော ရေသူမျိုးနွယ်၊ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်၊ ချီကျန်းမျိုးနွယ်၏ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များအား ထုတ်ဖော်ပြသခဲ့သည်။
ဆာ့သ်သည် ရေသူမျိုးနွယ်၏ သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံအား ရုတ်တရက် ကြားလိုက်ရပြီး သွေးစုပ်ဖုတ်ကောင်မျိုးနွယ်၏ အသံလှိုင်းဖြင့်လည်း တိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် ချီကျန်းမျိုးနွယ်၏ ဖုန်းမိသားစု ပိုင်ဆိုင်သောပြိုင်ဘက်ကင်း တိုက်ပွဲကျွမ်းကျင်မှုများသည်လည်း သူ့ထံတိုက်ခိုက်လာခဲ့သည်။ ထို့ကြောင့် ကြက်သေသေသွားကာ ခဏမျှ မိန်းမောတွေဝေသွားသည်။
နျဲ့ရှောင်တို့အဖွဲ့သည် ဤအခွင့်အရေးအား ချက်ချင်းအသုံးချခဲ့သည်။ အမျိုးမျိုးသော စွမ်းရည်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကာ ဆာ့သ်၏ပျံသန်းမှု မြေကြီးပေါ်ရိုက်ချခံလိုက်ရသည်အထိ တိုက်ခိုက်ခဲ့သည်။ လမ်းမအလယ်ရှိ ပြန့်ပြူးသောလမ်းသည်ချက်ချင်း ပင့်ကူအိမ်ကဲ့သို့ ကွဲကြေသွားပြီး ကြီးမားသော အပေါက်ထဲသို့ နစ်ဝင်သွားသည်။
ဆာ့သ်သည် သွေးအားများအား ထွေးထုတ်လိုက်ပြီး အသိစိတ်ပြန်ဝင်လာသည်။ သွေးရောင်ကဲ့သို့ နီရဲနေသော မျက်လုံးများက ပိုဆီယာ၊ ဆစ်စလိုနှင့်အဖွဲ့အား ခတ်ထန်စွာကြည့်၍ သူ၏မျက်လုံးများတွင် ကြီးမားသော အမျက်ဒေါသများ အရောင်ပြန်လာခဲ့သည်။ သူတို့၏သွေးကိုသောက်၍ အသားကိုမစားနိုင်သည့်အတွက် မုန်းတီးမိသည်။
ထိုအချိန်တွင် သူနားမလည်နိုင်သေးသည့် အရာကဘာလဲ။ လုံးဝလှည့်စားခံခဲ့ရသည်။ ပိုင်မေ့မှ သူ့အားသတ်ရန် လူသားများနှင့် ပူပေါင်းခဲ့ရုံသာမက ကမ္ဘာမြေသားများနှင့် မဟာမိတ်မှ လူများသည် လျှို့ဝှက်ဆောင်ရွက်ခဲ့ကြသည်။
“အားးးးးးး!—”
ဆာ့သ် ဒေါသမထိန်းနိုင်တော့ပေ။ သူ၏မျက်လုံးများ နီရဲခြောက်သွေ့ကာ ရူးသွပ်သွားပုံပေါ်ပြီး အမျိုးမျိုးသော စွမ်းရည်များသည် သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ တိုက်ခိုက်ခဲ့ပြီး နျဲ့ရှောင်နဲ့အခြားသူများအား သုံးပေခန့် နောက်ဆုတ်သွားစေခဲ့သည်။
"မင်းတို့အားလုံး သေရမယ်.."
သူ၏အစီအစဥ်သည် မင်းသားလေးထံ ဖော်ထုတ်ခံလိုက်ရပြီဟု တွေးလိုက်မိသည် မင်းသားလေးသည်ပြန်လည်ကောင်းမွန်လာ၍ နီမိုဂြိုလ်သို့ ပြန်သွားနိုင်သည်။ ဆာ့သ်၏နှလုံးသားသည် ဒေါသနှင့်လက်မခံနိုင်မှုတို့ကြောင့် ကြေကွဲသွားသည်။ ဆိုလိုသည်မှာ သူ၏ ကမ္ဘာအသစ်အတွက် ယခင်ကြိုးစားအားထုတ်မှုများ ဆုံးရှုံးသွားနိုင်သည်။
နောက်တစ်စက္ကန့်တွင် အသိစိတ်ဆုံးရှုံးသွားသူ ဆာ့သ်မှာ တစ်ဖက်စွန်းရောက်သွားသည်။ သူ၏ကြမ်းကြုတ်မှုနှင့် စိတ်ကြွမှုအခြေအနေသည် ကမ္ဘာအား ပျက်စီးစေသည်။ သူ၏ အစွန်းဆုံးသော အမျက်ဒေါသကြောင့် အရာအားလုံးအား ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ သူ၏လက်ထဲတွင် သွေးလွှမ်းနေသော ဓါးရှည်အားကိုင်ကာ ခုတ်ထစ်ရန် နျဲ့ရှောင်ထံသို့ ဦးတည်ခဲ့သည်။
"မင်းသားလေးကို လက်လွှဲပေးလိုက်.."
ဆာ့သ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
နျဲ့ရှောင်သည် လေဒိုင်းတစ်ခုဖြင့် တိုက်ခိုက်မှုအား ကာလိုက်သည်။ ကြီးမားသောအားသည် သူ့အားအနောက်ရှိ အဆောက်အဦနှင့် ပြင်းထန်စွာ တိုက်မိသည်အထိ တွန်းထုတ်လိုက်သည်။ မြင့်မားသောနံရံ ပြိုကျသွားပြီး အုတ်ခဲများ ပြိုကျကာ စတီးတိုင်များပေါ်၍ ဖုန်အထူကြီး ထလာခဲ့ပြီး နျဲ့ရှောင်၏ နှုတ်ခမ်းထောင့်တွင် ရုတ်တရက်သွေးထွက်လာသည်။
နျဲ့ရှောင်သည် အုပ်စုထဲတွင် အသန်မာဆုံးသော တိုက်ပွဲခွန်အားရှိသူဖြစ်၍ သူ၏မကျေမချမ်းမှုနှင့် ရူးသွပ်မှုများ၏ ထွက်ပေါက်အဖြစ် သူ့အပေါ်တွင်သာ မဆင်မခြင်ဦးတည်ခဲ့သည်။ သူ့အားသစ္စာဖောက်သွားသည့် ပိုင်မေ့သည်ပင် သူ့လောက်ကောင်းသော ပစ်မှတ်မဟုတ်ခဲ့ပေ။ နျဲ့ရှောင်သာလျှင် တစ်ဦးတည်းသော ပြည့်စုံစွာ စွမ်းအင်ပြောင်းလဲနိုင်သည့်သူ ဖြစ်သောကြောင့် သူ့တွင်မင်းသားလေး နှင့် နီးကပ်သော ဆက်ဆံရေးရှိနိုင်ပေသည်။
“ဘောစ့်!!!—”
“နျဲ့ရှောင်!!—”
လူတိုင်း စိတ်ပူ၍ အော်ဟစ်ခဲ့ကြသည်။ နျဲ့ရှောင်သည် ဖုန်များဖြင့် ဖုံးကွယ်လုနီးပါးမှ မတ်တတ်ထရပ်ခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်ရှိ သွေးများအား လျစ်လျူရှုကာ အဆောက်အဦ၏ အပေါက်ကြီးမှ တိုက်ရိုက်ခုန်ထွက်လာခဲ့သည်။ သူ၏လက်ကိုမြှောက်၍ ရင်ဘတ်ပေါ်ရှိ အိတ်ကပ်လေးအား ပွတ်သပ်ပေးခဲ့သည်။ လှုပ်ရှားနေသော ဖက်ထုပ်လေးကြောင့် စိုးရိမ်ပူပန်မှု လျော့ကျသွားပြီး ဆာ့သ်၏တိုက်ခိုက်မှုအား ခိုင်မာသောမျက်နာထားနှင့် အေးစက်သောအကြည့်ဖြင့် ဆက်၍ရင်ဆိုင်ခဲ့သည်။
"မင်းသားလေးကို ထုတ်ပေးလိုက်!.."
ဆာ့သ်သည် နျဲ့ရှောင်ထံ ဟိန်းဟောက်၍ အမျိုးမျိုးသော စွမ်းရည်များအား နျဲ့ရှောင်၏ လေဒိုင်းကာထံသို့ အရူးတစ်ယောက်သဖွယ် ပစ်နေခဲ့သည်။
"သူဘယ်မှာလဲ ငါ့ကိုပြော.."
"ဆုတောင်းလေ!"
နျဲ့ရှောင်သည် အေးစက်သော မျက်လုံးများဖြင့် သရော်ပြုံးပြုံးကာ နှုတ်ခမ်းထောင့်မှသွေးများအား သုတ်လိုက်ပြီး ဆာ့သ်အား ပြန်လည်တိုက်ခိုက်သည်။ လက်တစ်ဖက်မှ တိုက်ခိုက်မှုအား ခုခံက တစ်ဖက်မှ အပြာရောင်မိုးကြိုးနှင့် မုန်တိုင်းအား ဆင့်ခေါ်ခဲ့သည်။
သွမ့်ဝမ်ယွီနှင့် အခြားသူများသည်လည်း တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ နှစ်ဖက်လုံးသည် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး ဘေးမှ အဆောက်အဦများအား ရှုပ်ထွေးပျက်စီးစေကာ ပတ်ပတ်လည်တွင် ဖုန်များထစေခဲ့သည်။
နျဲ့ရှောင်၏ အိတ်ကပ်ထဲမှ ဟမ်းစတားလေးအား ကျုံ့သွားစေသည်။ ထိုအချိန်တွင် သူသည် အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အနည်းငယ်သော လှုပ်ရှားမှုလေးပင် မလုပ်ဝံ့ပေ။ သူ၏ လက်ဖဝါးသေးသေးလေးသည် နျဲ့ရှောင်၏ အင်္ကျီကိုဖြတ်၍ ရင်ဘက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပြင်းထန်သော တိုက်ပွဲသံကို နားထောင်၍ သူ၏နှလုံးသားထဲတွင် အားပေးကာ အသက်ဓါတ်စွမ်းရည်အား ဆက်တိုက်လွှဲပြောင်းပေးနေခဲ့သည်။
—ဒယ်ဒီ ကြိုးစားထား ! ကျားယို့ ရားးး!
ဆာ့သ်၏ ပြင်းထန်သောရိုက်ချက်ကြောင့် အသက်ရှုသံ အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့သော နျဲ့ရှောင်သည် ချက်ချင်းအိတ်ကပ်ထဲမှ နွေးထွေးသော ခံစားချက်တစ်ခု သူခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားပြီး အခုလေးတင်ရရှိခဲ့သည့် ဒဏ်ရာများအား ပြန်လည်ကောင်းမွန်စေကာ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းရည်အား သန်မာလာစေပုံပေါ်သည်။
ကောင်ငယ်လေး၏ အတွေးများအား ကြားလိုက်ရသကဲ့သို့ နျဲ့ရှောင်၏ မျက်လုံးများ တိတ်တဆိတ် နွေးထွေးသွားသည်။ ထို့နောက် ခေါင်းမော့ကာ ဆာ့သ်အား အေးစက်သော မျက်လုံးများဖြင့် ကြည့်၍ ဆက်လက်တိုက်ခိုက်ခဲ့သည်။
နျဲ့ရှောင်၏ တိုက်ခိုက်မှုအား ခံလိုက်ရသော ဆာ့သ်သည် ရုတ်တရက်နျဲ့ရှောင်၏ ခွန်အား ပို၍သန်မာလာကြောင်း ထိတ်လန့်ဖွယ်ရာ ရှာဖွေ့တွေ့ရှိခဲ့သည်။ မကြာသေးမီက ရရှိခဲ့သည် ဒဏ်ရာများမှာလည်း မရှိတော့ပေ။
သူ သတိမထားမိခဲ့သော သူတို့၏ဘေးရှိ ဝူဝမ်ချီ၊ သွမ့်ဝမ်ယွီနှင့် ကျန်းချိုးတို့ သုံးယောက်တွဲအား ကြည့်လိုက်သောအခါ သူတို့သည်လည်း မသိသာစွာ ဖြည်းဖြည်းချင်း ပြောင်းလဲလာကြောင်း နားလည်သွားခဲ့သည်။ သူတို့၏ စွမ်းရည်အမြုတေများသည်လည်း အနည်းငယ်ပြေလျော့ကာ လုံးဝအရည်ပျော်၍ ကွဲအက်လုနီးပါး ဖြစ်နေခဲ့သည်။ ရှောင်ယန်၊ နင်ဖုန်းနှင့် အခြားသူများသည်လည်း သူတို့သုံးဦးကဲ့သို့ ပြည့်စုံစွာ မပြောင်းလဲသော်လည်း သူတို့၏ခွန်အားများသည် တိုက်ပွဲအတွင်း၌ တစ်ဆင့်တိုးလာပုံပေါ်သည်။
အချိန်အချို့ တိုက်ခိုက်ပြီးနောက် သူတို့ထဲက တစ်ယောက်မှ မရှုံးနိမ့်သည့်အပြင် ပို၍သန်မာလာခဲ့ကြသည်။
ကြီးမားသောဒေါသနှင့် အမျက်များသည် ဆာ့သ် ၏ နှလုံးသားထဲတွင် ပြည့်လျှံလာခဲ့သည်။ အံတင်းတင်းကြိတ်ကာ အရှေ့မှ ကမ္ဘာသားများအား ကြည့်ခဲ့သည်။ မခံချိမခံသာဖြစ်သော စူးရှရှဟိန်းဟောက်သံအား မထုတ်ဘဲ မနေနိုင်တော့ပေ။ ဇွန်ဘီဘုရင်၏ ကြောက်မက်ဖွယ် အကျပ်ကိုင်မှုစွမ်းအားသည် ကမ္ဘာအားချက်ချင်း လွှမ်းခြုံသွားသည်။
“စက်ဆုပ်ဖို့ကောင်းတယ်!!!—”
ပိုင်မေ့၏ခေါင်းထဲရှိ အမြုတေသည် အံ့သြတုန်လှုပ်ဖွယ်ဖိအားကြောင့် တုန်ခါလာခဲ့သည်။ လေပေါ်တွင်ပျံသန်းရင်း မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားခဲ့ပြီး ပါးစပ်အပြည့်သွေးများအန်ထုတ်စေသည်။ လောယွင်ဟိုင် ကျယ်လောင်စွာအော်၍ ထိတ်လန့်စွာအပြေးအလွှားသွားလိုက်သည်။
"ပိုင်မေ့.."
မျက်စိတစ်မှိတ်အတွင်းတွင် ကမ္ဘာတစ်ဝှမ်းလုံးမှ ဇွန်ဘီများသည် ဤနေရာအားကြည့်ကာ စတင်၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ဤအခြေအနေအားကြည့်ကာ နျဲ့ရှောင်နှင့် အခြားသူများ၏ နှလုံးများပြင်းထန်စွာခုန်၍ "မကောင်းတော့ဘူး.." ဟု တိုးတိုးရေရွတ်မိကြသည်။
ဆာ့သ်သည် မြေပြင်ပေါ်တွင် ဒူးထောက်ရုန်းကန်နေသော ပိုင်မေ့အားကြည့်ပြီး သူ၏အစီအစဥ်အားဖျက်ခဲ့သည့် နျဲ့ရှောင်တို့အဖွဲ့အား ကြည့်လိုက်သည်။ သွေးများစီးကျနေသော သူ၏နှုတ်ခမ်းထောင့်ကို အပေါ်သို့တွန့်လိုက်ပြီး သူ၏မျက်လုံးများတွင် အကြင်နာကင်းမဲ့မှုများ သွေးဆာမှုအရောင်များဖြင့် ပျံ့နှံ့နေသည် သူ၏လည်ချောင်းထဲမှ ပြင်းထန်သော စိတ်ရူးပေါက်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။
အကယ်၍ ၎င်းသည် အခြားစကြဝဠာမှ ပတ်ဝန်းကျင်တွင်ဆိုလျှင် ခွန်အားများအဆက်မပြတ်တိုးနေသော နျဲ့ရှောင်၊ ကျန်ချိုးနှင့်အဖွဲ့အား သူတစ်ယောက်တည်း အနိုင်မယူနိုင်ပေ။ သို့သော် သူတို့သည် လက်ရှိတွင် ကမ္ဘာပေါ်တွင်ရှိနေပြီး သူ့တွင်ပြိုင်ဘက်ကင်းသော အကျိုးဆက်အား ပိုင်ဆိုင်ထားသည်။
ဤနေရာတွင် ရောဂါပိုးကူးစက်ခံရပြီးဖြစ်၍ ဇွန်ဘီများသည် သူ၏အကူအညီဖြစ်လာပေသည်။ သူ့အပေါ်တွင်သာ နာခံမှုရှိသော သဘာဝ ဇွန်ဘီစစ်တပ် ရှိလာခဲ့သည်။
ဤနေရာတွင် အန်းယိ၊ နယ်စားကြီးဆိုင်ဒန်နှင့် သူတို့အဖွဲ့နှင့် ဖြစ်ခဲ့သကဲ့သို့ အင်အားကွာခြားချက်ကြောင့် ရှူံးလိမ့်မည် မဟုတ်ချေ။ ယခုသူ့တွင် တပ်သားအများကြီးရှိပြီး ဤမြင်ကွင်းအား ယခင်က မခံစားခဲ့ဖူးပေ။ နျဲ့ရှောင်မှလွဲ၍ အခြားသူများသည် ပြည့်စုံစွာ မပြောင်းလဲနိုင်သေးပေ။ သူတို့သည် အန်းယိ၊ နယ်စားကြီးဆိုင်ဒန်နှင့်အဖွဲ့၏ အဆင့်ထိလည်း မရောက်သေးသည့်အပြင် မဟာမိတ်၏ အဆင်မြင့်အင်အားကောင်းသော လက်နက်များသည် ကမ္ဘာပေါ်တွင်မရှိကြောင်းမှာ ထုတ်ပြောစရာပင်မလိုချေ။
ဤတိုက်ပွဲတွင် အောင်မြင်မှုမှာ သူ၏လက်တွင်းမှာပင်ရှိသည်ဟု သေချာပေသည်။
ဆာ့သ်၏မျက်လုံးများက အဆိပ်ရေထဲသို့ နစ်မြုပ်သွားသကဲ့သို့ နက်မှောင်သွားပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ငါ့ရဲ့အစီအစဥ်ကို ဖျက်ဆီးရဲတယ်ပေါ့.. ငါက မင်းတို့အားလုံးကို ဂြိုလ်တစ်ခုလုံးနဲ့အတူ မြှုပ်နှံပစ်မယ်.."
"မင်းကအန္တရာယ်ကိုဖိတ်ခေါ်နေတာဘဲ!!!"
နျဲ့ရှောင်၏မျက်လုံးများ ရန်လိုမှုဖြင့် ပိတ်ပိတ်မှောင်နေခဲ့ပြီး သူ၏အသံသည် အလွန်အေးခဲနေခဲ့သည်။
သူ ဦးဆောင်၍ ဆာသ့်၏ရှေ့သို့ တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ သူ၏ဘယ်ဘက်လက်တွင် ကျယ်လောင်သောမိုးကြိုးများ ညာဘက်လက်တွင်ကြမ်းကြုတ်သော လေများဖြင့် ကောင်းကင်နှင့်ကမ္ဘာလှိုင်းများကြား တိမ်တိုက်များကိုဖြစ်ပေါ်စေပြီး ကမ္ဘာတစ်ခုလုံးအား မဲမှောင်သွားစေသည်။
အမဲရောင်တိမ်များသည် မိုးရေများအဖြစ်ပြောင်းကာ လူတိုင်းအပေါ် တပေါက်ပေါက် ကျလာခဲ့သည်။ မိုးရေပေါက်များသည် သွမ့်ဝမ်ယွီ၊ ရှောင်ယန်နှင့် ပိုဆီယာအတွက် အကောင်းဆုံးလက်နက်များ ဖြစ်ကြသည်။
ဆာ့သ်သည် ဝူဝမ်ယွီကဲ့သို့ အကာအကွယ်ဒိုင်းကာအား သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ချက်ချင်းဖွင့်လိုက်ပြီး နျဲ့ရှောင်၏ တိုက်ခိုက်မှုများအား ကာလိုက်သည်။ သူ၏နှုတ်ခမ်းများသည် မကောင်းဆိုးဝါးကဲ့သို့ ပြုံးကာ မိုးရေအောက်တွင် လက်များကိုဖြန့်၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ ဇွန်ဘီများအား အမိန့်ပေးခဲ့သည်။
"ငါရဲ့ချစ်လှစွာသော ဇွန်ဘီစစ်သားတွေရေ ရှေ့ဆက်သွား.. အခုကနေစပြီး မင်းတို့ဘေးမှာရှိတဲ့ လူသားတိုင်းကိုတိုက်.. လူသားအခြေစိုက်စခန်းအားလုံးကို တိုက်ပစ် ဟားဟားဟား.."
"အားးးး မင်းမကောင်းဆိုးဝါးကောင်!!.."
လူတိုင်းသည် ပြည့်လျှံနေသော ခါးသီးမှု၊ မုန်းတီးမှုများကို သယ်ဆောင်၍ တိုက်ခိုက်လိုက်ကြသည်။