အပိုင်း ၉၃
Viewers 22k


🐹အခန်း ၉၃

 ဝူယိလေးနှင့် ဆာ့သ်တို့၏တိုက်ပွဲ




ဆာ့သ် အိပ်ရာပေါ်တွင် လှဲနေသည့်နျဲ့ရှောင်အား စောင့်ကြည့်နေသေးသည်။ သူ၏နှလုံးသားထဲမှ မနာလိုမှု အနည်းငယ်အပြင် သုတေသနလုပ်ချင်သည့် စိတ်ဆန္ဒမှာလည်း အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။


သူ၏အရှေ့မှ အပြည့်အဝ ဆင့်ကဲပြောင်းလဲပြီးဖြစ်သော ထိုသူနှင့် အာကာသမဟာမိတ်အဖွဲ့များမှ သူမုန်းတီးရသော မျိုးနွယ်စုများအကြား မည်သည့်အရာများ ကွာခြားမည်ကို ဆာ့သ်သိချင်နေမိသည်။


မည်သို့ပင်ဆိုစေကာမူ ဆာ့သ် သူ၏ သုတေသနလုပ်ချင်နေသော စိတ်ဆန္ဒကို ချိုးနှိမ်ထားဆဲပင်ဖြစ်သည်။ သူ၏ရှေ့မှ အပြည့်အဝ ဆင့်ကဲပြောင်းလဲပြီးသူမှာ မင်းသားလေးနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိနိုင်ပေရာ ယခုအချိန် လုပ်ရန်မှာ ဉာဏ်ရှိသောအရာ မဟုတ်ပေ။


ဆာ့သ် နျဲ့ရှောင်ကို နက်ရှိုင်းစွာစိုက်ကြည့်နေမိသည်။ ထို့နောက် သူ၏အင်္ကျီလက်များကိုခါ၍ အခြေစိုက်စခန်းအတွင်း ဆက်လက်လေ့လာရန် ထွက်သွားလိုက်သည်။ ဗီလာအတွင်းရှိ အချို့သောအခန်းများကို ဖြတ်သွားရင်းဖြင့် သွမ့်ဝမ်ယွီ၊ ဝူဝမ်ချီနှင့် ကျန်စွမ်းရည်ပိုင်ရှင်များမှာလည်း အပြည့်အဝ ဆင့်ကဲပြောင်းလဲပြီး ဖြစ်သည်ကို မြင်လိုက်ရသောကြောင့် ဆာ့သ် မနေနိုင်ဘဲ မင်းသားလေး၏ အသက်ဓာတ်စွမ်းရည်အပေါ် ပို၍ပင် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာရသည်။


ဆာ့သ် ဗီလာအတွင်းမှ ထွက်ခွာသွားသည်နှင့် နျဲ့ရှောင်နှင့် အခြားသော အိပ်ချင်ယောင်ဆောင်နေသူများ၏ မျက်လုံးများမှာ ထပ်မံပွင့်လာကြသည်။


ဟမ်းစတားလေးမှာမူ သူ၏နေရာလွတ်အတွင်းမှထွက်ကာ နျဲ့ရှောင်၏နဖူးပေါ်တွင်လဲနေပြီး အလွန်သေးငယ်နူးညံ့၍ ချစ်စဖွယ်အသံတစ်ခုကို ထုတ်ဖော်လိုက်သည်။


“ ချိ…”


ပေါင်ပေါင်းတော့ သေလောက်အောင် လန့်သွားရတာပဲ…


ဆာ့သ်ထွက်သွားသည်ကို အာရုံခံလိုက်မိပြီးနောက် နျဲ့ရှောင် သက်ပြင်းရှည်တစ်ခုချကာ သူ၏ကြွက်သားများအား ဖြေလျှော့လိုက်သည်။ မဖြစ်မနေ အခြေအနေမျိူး မဟုတ်လျှင် သူတို့အနေနှင့် အခြေစိုက်စခန်းအတွင်း၌ စစ်ပွဲမစတင်လိုပေ။


အခြေစိုက်စခန်းအတွင်း၌ ပုံမှန်လူများစွာရှိသဖြင့် အကယ်၍ စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုလျှင် အသေအပျောက်များနှင့် ဒဏ်ရာရရှိသူ အလွန်များပြားမည် ဖြစ်သည်။ ယခုလက်ရှိတွင် လူသားများအနေနှင့် နောက်ထပ် သေဆုံးမှုများ ဖြစ်ပေါ်ရန်အတွက် ခံနိုင်ရည်မရှိတော့ချေ။


ဆာ့သ်သည် ဗီလာမှအဝေးသို့ လျှောက်သွားလိုက်ပြီး စုံစမ်းရှာဖွေရန်အတွက် အခြေစိုက်စခန်း၏ သုသေသနခန်းဆီသို့ ဦးတည်လိုက်သည်။


ပိုင်မေ့သည် သူ၏ ဦးတည်ရာအား သိလိုက်ရချိန်တွင် ချွေးအေးများ ထွက်လာသည်။ ပိုင်ယွဲ့နှင့် အခြားသူများသည် သုသေသနပစ္စည်းများအား နေ့အချိန်အတွင်း အပြီးဝှက်ခဲ့ပေးသည့်အပေါ် လွန်စွာကျေးဇူးတင်မိလေသည်။ ထိုသို့မဟုတ်လျှင် သုသေသနစမ်းသပ်မှုများအတွင်း သူ၏ ပါဝင်ပတ်သက်မှုမှာ ဆာသ့်၏ မျက်လုံးထဲတွင် ထင်းထွက်နေပေလိမ့်မည်။


ပိုင်မေ့: သူကလူ့အမှိုက်ကောင်ပဲ


ပိုင်မေ့သည်လူတိုင်းကိုသတိပေးရန်အတွက် ဂရုချထ်ထဲသို့ မက်ဆေ့ချ်ထပ်ပို့လိုက်သည်။


အစောပိုင်း ဆာသ့် သူတို့အခန်းထဲဝင်လာချိန်တွင် နျဲ့ရှောင်သာမက အခြားသူများမှာလည်း ခံစားမိခဲ့ကြသည်။ ကံကောင်းထောက်မစွာနှင့်ပင် သူတို့အားလုံး အိပ်ပျော်ဟန်ဆောင်ခဲ့ကြပြီး ဆာသ့်မှာလည်း တစ်စုံတစ်ရာ သတိပြုမိခြင်း မရှိခဲ့ပေ။ ပိုဆီယာ၊ ဆစ်စလိုနှင့် အခြားသူများမှာလည်း သာမာန် ကမ္ဘာသားများကဲ့သို့ အသွင်ယူထားခဲ့ကြသည်။


နင်ဖုန်း : မထင်မှတ်ဘဲ ရုတ်တရက်ကြီး ပေါ်လာတာဟ.. တစ္ဆေကျနေတာပဲ.. ကျွန်တော်တော့ ဒီဘိုးအေကြီးကို အသေကြောက်နေပြီ 


သို့သော် ယခုလိုမျိုး ရုတ်တရက်ရောက်လာပြီး ထွက်သွားခဲ့သည့်အတွက် ဆာသ့်အနေနှင့် ဤနေရာသို့ နောက်တစ်ကြိမ်ပြန်ရောက်လာပြီး သူတို့ကိုလာဖမ်းဖို့ရန်မှာ ဖြစ်နိုင်ချေ သိပ်မရှိတော့ချေ။ လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မနက်ဖြန် အစီအစဥ်များအား ဆွေးနွေးခဲ့ကြသည်။

သူ၏ နေရာလွတ်ထဲမှ ထွက်လာပြီး နျဲ့ရှောင်၏ နှဖူးပေါ်မှာ ဆက်လက်လှဲလျောင်းနေသော ဟမ်းစတားလေးသည် လူတိုင်းပေးပို့သော မက်ဆေ့ချ်များအား လိုက်ကြည့်နေသည်။ သူသည်မနေနိုင်ဘဲ နျဲ့ရှောင်အား "ချိ" ဟု အသံပြုလိုက်သည်။ 


"ဒယ်ဒီ.. ခုန ပေါင်ပေါင်း နေရာလွတ်ထဲမှာ ပုန်းနေတုန်းက ဆာသ့်က ပေါင်ပေါင်းရဲ့အနံ့ကို လုံးဝမခံမိပုံပဲ အို့"


"ကိစ္စတွေက အဲ့လိုပဲဆိုရင်တောင် ပြင်းပြင်းထန်ထန် သတိထားဖို့ လိုနေသေးတုန်းပဲ"


နျဲ့ရှောင် တစ်ဖက်သို့လှည့်လိုက်ရာ အကောင်ပေါက်လေးမှာပဲ ထိုဦးတည်ရာအတိုင်း လှိမ့်လျောသွားပြီး သူ၏ နှဖူးမှ ခေါင်းဦးပေါ်သို့ လျောကျသွားလေသည်။


အလင်းဖျော့ဖျော့လေး သာလင်းနေသော အခန်းအတွင်းဝယ် နျဲ့ရှောင်သည် သူ့ရှေ့ရှိ အမွေးပွပွနှင့် ချစ်စဖွယ်အကောင်လေးအား လေးလေးနက်နက်ကြည့်ရင်း သူ၏ လုံးဝန်းနူးညံ့ပြီး ဝဖိုင်းဖိုင်းလေးဖြစ်နေသော ခန္ဓာကိုယ်လေးအားထိရန် လက်မြှောက်ကာ ပြောလိုက်သည်။


"ဒယ်ဒီက ပေါင်ပေါင်းကို အန္တရာယ်ဖြစ်စေမဲ့ ဘယ်လိုအခြေအနေမျိုးကိုမှ မလိုချင်ဘူး.. တကယ်လို့ အခုလိုမျိုး ပုန်းဖို့ အခြေအနေ မပေးရင်ရော.. ပေါင်ပေါင်းမှာ နေရာလွတ်စွမ်းရည် ရှိနေရင်တောင် သူ့မှာအဲ့တာအတွက် ဖြေရှင်းဖို့ နည်းလမ်းရှိနေရင် ဘယ်လိုလုပ်မလဲ"


"သူက ပေါင်ပေါင်းကို ရှာဖို့အတွက် ကမ္ဘာပေါ်ကို လာခဲ့တာ.. အဲ့တော့ ပေါင်ပေါင်းနဲ့ ပတ်သက်တဲ့ အရာတွေအားလုံးကို သေချာစုံစမ်းခဲ့မှာပဲ.. ပေါင်ပေါင်းရဲ့ ဂြိုလ်ပေါ်ကို အရင်ပြန်သွားလိုက်ရင်ရော ဘယ်လိုလဲ" 


အချိန်အတော်ကြာအောင် တွေးတောပြီးနောက်မှာ နျဲ့ရှောင် လေးနက်စွာပဲ အကြံပြုလိုက်လေသည်။


ဟမ်းစတားငယ်လေးသည် သူ၏ခေါင်းအားပြင်းထန်စွာ ခါယမ်းလိုက်ပြီး ရိုးရှင်းစွာပဲ ကောင်ငယ်လေးအသွင် ပြောင်းလိုက်လေသည်။ ထို့နောက် နျဲ့ရှောင်၏ စောင်အတွင်းတိုးဝင်လိုက်သည်။ 


"မရဘူး.. ပေါင်ပေါင်းက ဒယ်ဒီတို့ အားလုံးနဲ့အတူ ဒီမှာပဲနေမှာ.. သူအခု ဒီကိုရောက် လာတာလဲ ပေါင်ပေါင်းကြောင့်ပဲလေ.. ဒယ်ဒီတို့ချည်းပဲ သူ့ကိုရင်ဆိုင်ဖို့ ခွင့်မပြုနိုင်ပါဘူးနော်.."

 

ကောင်ငယ်လေး၏ ခေါင်းမာသော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် နျဲ့ရှောင် သက်ပြင်းဖွဖွချလိုက်မိပြီး လက်ခံလိုက်ရလေသည်။


"ဒါဆိုရင် မနက်ဖြန် ဒယ်ဒီတို့ ဟန်ဆောင်နေတဲ့အချိန်ကျရင် ဟမ်းစတားအသွင်နဲ့ပဲနေပြီး ဒယ်ဒီ့ရဲ့ အိတ်ကပ်ထဲမှာပဲ နာနာခံခံ နေရမယ်နော်.. ပြီးတော့ အန္တရယ် တစ်ခုခုကြုံလာရင် ပေါင်ပေါင်းရဲ့ နေရာလွတ်လေးထဲမှာ သွားပုန်းနေရမယ်နော်.. နားလည်လား"


"ပေါင်ပေါင်းသိပါတယ်.. ဒယ်ဒီ မစိုးရိမ်နဲ့နော်.."

***


ဂရုထဲရှိလူတိုင်း ခုခံရန်အတွက် နည်းလမ်းများစွာ ဆွေးနွေးခဲ့ကြပြီး တစ်ညလုံး အချိန်ကုန်ခဲ့ကြလေသည်။


နေလုံး တဖြည်းဖြည်းမြင့်တက်လာပြီး အခြေစိုက်စခန်းမှာလည်း လှုပ်ရှားမှုများနှင့် တဖြည်းဖြည်း အသက်ဝင်လာလေသည်။ သို့သော် နျဲ့ရှောင်နှင့် သူ၏ အဖွဲ့မှလွဲလျင် အခြားသူများမှာ ဤအေးချမ်းသော မြေထက်၌ ဆိုးဝါးသော အရာတစ်ခု ဖြစ်လာတော့မည်အား သတိမပြုမိကြပေ။


နျဲ့ရှောင်နှင့် အခြားလူများသည် အိပ်ယာမှ စောစောထကြပြီး ပုံမှန်အတိုင်းပင် မနက်စာစားရန်အတွက် ဗီလာအောက်ထက်ရှိ ဧည့်ခန်းအတွင်း စုဝေးခဲ့ကြသည်။ လူတိုင်း၏ မျက်နှာမသာမယာဖြစ်နေပြီး ယခုလို သာယာသည့် အခိုက်အတန့်လေးအား အသွေးထဲထိ မှတ်သားချင်နေကြပုံပင်။


ပိုင်မေ့သည် ဆာသ့်၏ အခြေစိုက်စခန်း အပြင်ဘက်တွင် ရောက်ရှိနေမှုအား ခြေရာခံလိုက်မိပြီး သူ၏စားသောက်ခြင်းအား အမြန်လက်စသတ်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး ရှိနေသည့် လူအားလုံးအားကြည့်လိုက်သည်။ 


"ဒါဆိုရင် ကျွန်တော် အရင်သွားနှင့်မယ်"


"မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်နော်.. ငါတို့ နောက်ကနေ လိုက်လာခဲ့မယ်"


နျဲ့ရှောင်နှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ပိုင်မေ့အား ပွေ့ဖက်အားပေးရန် ထလာကြလေသည်။


ပိုင်မေ့ ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ပါပြီ"


တစ်ဖက်မှာရှိနေသည့် ပိုင်ယွဲ့နှင့် လော့ယွင်ဟိုင်မှာ ပိုင်မေ့အား ထိုသို့လုပ်သည့်အပေါ် မလိုလားမှုများနှင့်အတူ စိုးရိမ်မှုများ ကပ်ငြိနေလေသည်။ ပိုင်မေ့သည် အဦးဆုံး ဦးဆောင်သွားမည်ဖြစ်သည်။ အကယ်၍ သူတို့၏အစီအစဥ်သာ ပေါ်သွားခဲ့လျှင် သူသည် ဆာသ့်၏ ဒေါသအား ဦးဆုံးခံရမည့်သူ ဖြစ်လာလိမ့်ပေမည်။


"စိတ်မပူပါနဲ့ ကော အဆင်ပြေပါတယ်"


ပိုင်မေ့သည် သူ့ညီငယ်လေး၏ ခေါင်းအားညင်သာစွာပွတ်လိုက်ပြီး မနေ့ညကသူရထားသည့် ပြည်လည်ထူထောင်ဆေး သုံးပုလင်းအား လက်လွှဲပေးလိုက်သည်။ ထို့နောက်တွင် လော့ယွင်ဟိုင်အား နက်နက်နဲနဲ ငေးစိုက်ကြည့်လိုက်ပြီး နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။


ပိုင်မေ့၏ကျောပြင် တစ်ဖြည်းဖြည်း ဝေးသွားသည်ကို ကြည့်နေရင်း နျဲ့ရှောင်နှင့် အဖွဲ့မှာ သူတို့အစီအစဥ်အတိုင်း သရုပ်ဆောင်ဖို့ရာအတွက် စတင်ခဲ့ကြလေသည်။ ယခုနှစ်ရက်သည် အရေးအကြီးဆုံးနှစ်ရက် ဖြစ်သည့်အတွက် မဟာမိတ်ထံမှ တပ်ကူမရောက်မချင်း သူတို့အနေနှင့် အခြေအနေအား တတ်နိုင်သလောက် ဆွဲဆန့်ထားရမည်ဖြစ်သည်။

***


ပိုင်မေ့ပြုံးလိုက်ပြီး မြို့တံခါးဂိတ်ဝရှိ ဝန်ထမ်းအား စကားအနည်းငယ်ပြောကာ အခြေစိုက်စခန်းမှ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။ ပိုင်မေ့ကဲ့သို့ စွမ်းအားကြီး စွမ်းရည်ပိုင်ရှင်များသည် ရံဖန်ရံခါ အပြင်ထွက်လေ့ရှိကြပြီး သူတို့အား မည်သူမျှ သံသယမဝင်ကြချေ။


အခြေစိုက်စခန်းမှထွက်ခွာပြီးနောက် ပိုင်မေ့သည် မလှမ်းမကမ်းရှိ သစ်ပင်အောက်၌ ဝတ်ရုံနက်ခြုံထားသော ဆာသ့်အား တွေ့လိုက်ရသည်။ နေ့အလင်းရောင်အောက်တွင် ပိုင်မေ့သည် သူ၏ မျက်နှာသွင်ပြင်အား ပထမဆုံးအနေနှင့် ရှင်းလင်းစွာတွေ့ဖူးခြင်းဖြစ်သည်။


ချောမောသော်လည်း မျက်နှာအရောင်မှာ ကျန်မာရေးချို့တဲ့နေသည်ကို ဖော်ပြနေပုံဖြင့် ဖျော့တော့နေလေသည်။


ပိုင်မေ့ ခေါင်းငုံ့လိုက်ပြီး ထပ်ကြည့်ဖို့ရာ မဝံ့ရဲတော့ချေ။ သူသည် ရိုကျိုးစွာနှင့် ရှေ့ကိုလှမ်းလိုက်ပြီး ပြုံးရင်းပြောလိုက်သည်။


"အရှင်မင်းမြတ် ဆာသ့်.. ငယ်သား အခုပဲ မင်းသားလေး ဘယ်ကိုသွားသလဲဆိုတာ စုံစမ်းမေးမြန်းခဲ့ပါတယ်.. သူကအခုအချိန်မှာ စန်းချန်ကို မစ်ရှင်အတွက် သွားနေပါတယ်.. အဲဒါက ငယ်သားတို့ အခုရှိနေတဲ့ မြို့ရဲ့ ဘေးကမြို့ပါ.. ငယ်သား အရှင့်ကို အခုပဲ ခေါ်သွားပေးလို့ ရပါတယ်"


ဆာသ့်သည် ပိုင်မေ့၏ နာခံမှုရှိရှိ ပြုံးထားသော ချောမောလှသည့် မျက်နှာလေးအား ကြည့်လိုက်သည်။ သူ၏ လက်ချောင်းထိပ်လေးများအား တိတ်တဆိတ်ပွတ်သပ်လိုက်ပြီး သူ၏အကြည့်များအား မလှမ်းမကမ်းရှိ အခြေစိုက်စခန်းရှိရာသိူ့ ပို့လိုက်သည်။ သူ၏ အသံမှာ ဝမ်းသာမှုရော ဒေါသထွက်မှုများရော ကင်းမဲ့နေသည်။ 


"အစောပိုင်းတုန်းက မင်းတို့ရဲ့ အခြေစိုက်စခန်းက ဝူယိအခြေစိုက်စခန်းလို့ ခေါ်တယ်ဆိုတာ မတော်တဆ ကြားလိုက်တယ်.. ကြည့်ရတာ မင်းသားလေးက မင်းတို့ရဲ့ အခြေစိုက်စခန်းမှာ တော်တော်လေး နာမည်ကြီးပုံပဲ"


"ဟုတ်ပါတယ် အရှင်မင်းမြတ်"


ပိုင်မေ့ ရိုးသားစွာနှင့် ခေါင်းညိတ်လိုက်ပြီး သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။


"ဒီအခြေစိုက်စခန်းက ဝူယိကို အခြေခံပြီး နာမည်ပေးထားတာ.. ပြီးတော့ အခြေစိုက်စခန်းထဲမှာ ရှိတဲ့သူတိုင်း သူ့ကိုသိကြတယ်.. ဒါပေမဲ့ အရှင်မင်းမြတ်သာ ငယ်သားကို ဓာတ်ပုံမပြခဲ့ဘူးဆိုရင် သူက အရှင်မင်းမြတ် လိုက်ရှာနေတဲ့ အခြားဂြိုလ်က မင်းသားလေးဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိရမှာ မဟုတ်ဘူး.. သူရဲ့ အသွင်အပြင်နဲ့ အပြုအမူတွေက အရှင်မင်းမြတ်ပြောတဲ့ မင်းသားလေးနဲ့ လုံးဝမတူဘူး"


"အဲ့လိုသာဆိုရင် သူအခုထိ ပြန်မကောင်းသေးတာ ဖြစ်ရမယ်"


ဆာသ့်၏ နှုတ်ခမ်းများမှာ ပျော်ရွှင်မှုဖြင့် အထိန်းအကွပ်မဲ့စွာ တွန့်ကွေးသွားသည်။ သူသည် တစ်ဖက်ကို လှည့်လိုက်ပြီး ပိုင်မေ့၏မျက်နှာအား စူးစိုက်ကြည့်နေပြီး သူ့မျက်နှာပေါ်က အမူအရာ တစ်ခုချင်းစီအား ပြောင်းလဲသွားခြင်း ရှိ၊ မရှိ စစ်ဆေးနေလေသည်။


"ဒါပေမဲ့ သူက အခု တကယ်ပဲ စန်းချန်မှာ ရှိနေတာလား"


"သေချာပေါက်ပါပဲ" 


ပိုင်မေ့ မျက်နှာတစ်ချက်မပြောင်းဘဲ ပြောလိုက်သည်။


ဆာသ့်သည် တိတ်တဆိတ်ပင် ပိုင်မေ့၏ လေးစားသောအကြည့်နှင့် သစ္စာရှိမှုတို့အား သူ့မျက်လုံးများထဲတွင် တွေ့မြင်လိုက်ရသည်။ နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင်တော့ သူ၏ခေါင်းအားလှည့်ကာ ပိုင်မေ့၏ စကားများအား အလုံးစုံယုံလိုက်လေသည်။ ယမန်နေ့ည အခြေစိုက်စခန်းအား လှည့်ပတ်စစ်ဆေးခဲ့ချိန်တွင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာမှ မတွေ့ခဲ့ရပေ။ ပိုင်မေ့သည်လည်း သူ့အား မလှည့်စားဝံ့ဟု ထင်လေသည်။


ဆာ့သ်သည် သူ၏စိတ်ထဲရှိ နောက်ဆုံးသော သံသယအား လွှတ်ချလိုက်တော့သည်။ သူ၏ခြေဖဝါးအောက်မှ လေပွေတစ်ခု ထွက်ပေါ်လာပြီး ပိုင်မေ့ကိုပါ ဆွဲခေါ်လိုက်သည်။ 


"ဒါဆို ငါ့ရဲ့ယုံကြည်ရတဲ့ငယ်သားလေး လမ်းပြပေတော့"


ပိုင်မေ့သည် လေထုအတွင်း သူ၏ ပုံရိပ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး ဆာ့သ်အတွက် စန်းချန်၏ ဦးတည်ရာကို ဖော်ပြရန် လက်မြှောက်လိုက်သည်။


လေပြင်း၏ တွန်းအားဖြင့် သူတို့နှစ်ဦးသည် အခြေစိုက်စခန်းအစပ်မှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ ဆာသ့်၏ လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လေသည်။ စွမ်းရည်အမျိုးမျိုး၏ အကူအညီဖြင့် မြို့တစ်မြို့မှ တစ်မြို့သို့ သွားရန် မိနစ်အနည်းငယ်သာ ကြာလေသည်။


ပိုင်မေ့သည် ဆာသ့်၏ ဘေးတိုက်မျက်နှာအနေအထားအား ကြည့်လိုက်ပြီး သူ၏ နှလုံးသားအောက်ခြေမှ ချွေးစေးများ ထွက်လာသလိုပင်။ အခုအခြေအနေအရ လူတစ်ယောက်အား အခြေစိုက်စခန်းမှ လမ်းလွှဲခေါ်ဆောင်သွားခြင်း ဖြစ်ပေသည်။ ကံကောင်းစွာနှင့်ပင် အခုအချိန်တွင် ရှောင်ဝူယိမှာ အခြေစိုက်စခန်းမှ မစ်ရှင်အတွက် အပြင်ထွက်သွားသည် ဟူသော ကောလဟာလမှာ အခြေစိုက်စခန်းအတွင်း ပြန့်နှံ့နေလေသည်။ တစ်နည်းပြောရလျှင် ယခုအခြေအနေမှာ ကြောင်ကို အိတ်ထဲက ထုတ်လိုက်သလိုပင်။


ရှောင်ဝူယိအကြောင်း မသိချင်ယောင်ဆောင်ကာ ရှောင်ဝူယိအကြောင်း ဖုံးကွယ်မထားလိုက်မိသည်မှာ တကယ်ကို မှန်ကန်ပြီး ဥာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်။ အခြေစိုက်စခန်းတွင် လူများစွာရှိသည်ဖြစ်ရာ အနည်းငယ် အာရုံစိုက်လိုက်ရုံနှင့်ပင် ရှောင်ဝူယိအကြောင်း သိရှိနိုင်လေသည်။ ယခုကဲ့သို့ တွေးကြည့်မည်ဆိုလျှင် အမှားတစ်ခု လုပ်လိုက်မိလျှင်ပင် အခြေစိုက်စခန်းမှာ ချက်ချင်း အဆုံးမရှိသော တွင်းနက်ထဲသို့ ကျရောက်သွားမည် ဖြစ်သည်။


ထိုအချိန်တွင် နျဲ့ရှောင်နှင့် အခြားသူများမှာ စန်းချန်၌ မစ်ရှင်ထမ်းဆောင်နေသလို ဟန်ဆောင်ရန်အတွက် ပိုင်မေ့နှင့် ဆာသ့်နောက်မှ လိုက်သွားကြလေသည်။ နျဲ့ရှောင်၏ လေစွမ်းရည်ကြောင့် စန်းချန်သို့သွားသည့် အမြန်နှုန်းမှာလဲ နိမ့်ကျခြင်းမရှိပေ။


စန်းချန်ကိုရောက်သည့်အချိန်တွင် ပိုင်မေ့သည် ဆာ့သ်အား မြို့တစ်ပတ်ပတ်ပြီး လှည့်လည်စေခဲ့သည်။ နျဲ့ရှောင်တို့အဖွဲ့နှင့် အချိတ်အဆက်မိမိ လုပ်ဆောင်ကာ ဆာသ့်အား အချိန်ဆွဲထားခဲ့ကြသည်။


သို့သော် မကြာခင်မှာပင် ဆာ့သ်မှာ သဲလွန်စတစ်ခုအား ရှာတွေ့သွားလေသည်။


သူ့အတွက်မူ ပတ်ဝန်းကျင်မှ အဆင့်နိမ့်ဖုတ်ကောင်များမှတစ်ဆင့် အချက်အလက်များကို အသုံးပြု၍ ရသောကြောင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေခြင်းမှာ ရှုပ်ထွေးသော အလုပ်တစ်ခု မဟုတ်ပေ။ ဤနည်းလမ်းကို အသုံးပြု၍ပင် ယခင်က ဂြိုလ်များစွာမှ သက်ရှိတို့၏ အသက်ရှင်သန်မှု နည်းလမ်းများအား စူးစမ်းလေ့လာနိုင်ခဲ့သည်။


အခုအချိန်တွင်သူသည် တိကျသော လူတစ်ဦးအားရှာဖွေနေခြင်းဖြစ်သည်။ အဆင့်နိမ့်ဖုတ်ကောင်များမှ ပေးပို့သော အချက်အလက်များမှာ ယခုအချိန်တွင် ပြည့်စုံလုံလောက်မှုမရှိပေ။ များစွာသော အသက်ရှင်ကျန်ရစ်သူများထဲမှ တိတိကျကျ တစ်စုံတစ်ဦးကို ရှာဖွေခြင်းမှာ အလွန်ကြီးမားသော အလုပ်တာဝန်တစ်ခု ဖြစ်လေသည်။ ထိုသို့မဟုတ်လျှင် သူ့အနေနှင့် ပိုင်မေ့အား လမ်းပြအဖြစ် လုပ်ဆောင်ခိုင်းမည် မဟုတ်ပေ။


ယခုအချိန်တွင် သူလှည့်စားခံလိုက်ရပြီး အရူးသဖွယ် ဆက်ဆံခံနေရသည်ဟု ခံစားလိုက်ရလေသည်။


"အရှင်မင်းမြတ် ဟိုဘက်ကို တစ်ချက်သွားကြည့်ကြည့်ရအောင်.. အဲ့နားမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အသက်ရှုသံတွေ ခံစားလို့ရတယ်"


ပိုင်မေ့သည် လူသူကင်းမဲ့သောလမ်းမပေါ်တွင် မတ်တတ်ရပ်နေပြီး ဆာသ့်အားပြန်ကြည့်နေရင်း အရှေ့ဘက်သို့ဦးတည် ညွှန်ပြနေလေကာ သူ့မျက်နှာထက် သိမ်မွေ့ပြီး လေးစားသော အပြုံးတစ်ပွင့်အား ဖော်ပြထားလေသည်။


ဆာသ့်သည်ပိုင်မေ့၏ ချောမောသော မျက်နှာအား ငေးစိုက်ကြည့်နေသော်လည်း သူ၏ ခြေထောက်များမှာ မလှုပ်မယှက် ရပ်နေဆဲပင် ဖြစ်သည်။ သူ၏ မျက်နှာအမူအယာမှာလည်း အလွန်တရာ အေးစက်နေလေသည်။ ပိုင်မေ့အား အန္တရာယ် ရှိစွာ မျက်လုံး မှေးစင်းကြည့်လိုက်ပြီး အေးစက်သည့်အသံဖြင့် မေးလိုက်သည်။ 


"ပိုင်မေ့ မင်းသားလေးက ဒီမြို့မှာတကယ်ရှိတာလား မရှိဘူးလား"


ပိုင်မေ့သည် ကြင်နာမှုအပြည့်နှင့် စိတ်အေးစွာပြုံးထားဆဲ ဖြစ်ပြီး ပြန်ဖြေလိုက်လေသည်။


"သတင်းအရဆိုရင်တော့ သူဒီမှာရှိရမှာ.. ငယ်သား အခြေစိုက်စခန်းက ရထားတဲ့ သတင်းက မှားစရာအကြောင်း မရှိဘူး.. သူတို့က ချောင်ကြိုချောင်ကြားတွေမှာ ရိက္ခာတွေ စုဆောင်းနေတာ ဖြစ်ပါလိမ့်မယ်.. အရှင်မင်းမြတ်ရော အဲ့တာကို အဆင့်နိမ့်ဇွန်ဘီတွေက တစ်ဆင့်သတင်းရထားတာမျိုး မရှိဘူးလား.. ဒီမြို့က အရမ်းကြီးပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အသက်ရှုသံတွေကလဲ တောက်လျှောက်ပြောင်းနေတာ"


"အရှင့်အနေနဲ့ စိတ်ရှည်ဖို့လိုမယ် မဟုတ်ရင် မင်းသားလေးကိုထိတ်လန့်စေပြီး ထွက်ပြေးသွားလိမ့်မယ်.

. အခုလေးတင် ဘေးကဖြတ်သွားတဲ့ အဖွဲ့သေးသေးလေးတစ်ခု ရှိသလိုပဲ"


ပိုင်မေ့သည် သူ့ဘေးရှိ ဦးတည်ရာအားကြည့်ရင်း အလွန်သစ္စာရှိသော လက်အောက်ငယ်သားအသွင်ဖြင့် သတိပေးနေလေသည်။