🐹အခန်း ၉၂
ဝူယိလေးက သူ့ရဲ့ နေရာလွတ်လေးထဲမှာ ပုန်းနေတယ်
ပထမဦးဆုံးသောအကြိမ်အဖြစ် နျဲ့ရှောင် ပါးစပ်ကိုဖွင့်ကာ နတ်ဆိုးလေးအကြောင်း ပြောနေချိန်တွင် နတ်ဆိုးရောက်လာသည်ဟူသော ဆိုရိုးကို ခံစားမိသွားသည်။ ရှောင်ဝူယိ ဤနေရာတွင် မရှိခြင်းအကြောင်းပြော၍ သူတို့အားလုံး ပျော်ရွှင်နေစဉ်မှာပင် တစ်ဖက်လူမှာ ဟမ်းစတားကိတ်ဖြင့် သူ၏မျက်နှာကို တည့်တည့်ဖြတ်ရိုက်လာခဲ့သည်။
ဤမျှအထိ တိုက်ဆိုင်ရန် မည်သည့်အရာများ လိုအပ်မည်နည်း…
မည်သို့ပင်ဆိုစေကာမူ လက်ရှိအခြေအနေအပေါ် လုံးလုံးပင် သတိမမူမိသေးသော ဟမ်းစတားလေးမှာ ရိုးရှင်းစွာပင် နျဲ့ရှောင်၏ နှာခေါင်းမြင့်မြင့်ကိုကိုင်လျက် ချိချိ ဟူ၍အသံပေးနေခဲ့သည်။ ရှောင်ဝူယိ ပျော်ရွှင်စွာ သူ့ဒယ်ဒီ၏မျက်နှာကို သူ၏အမွှေးပွပွလေးများဖြင့် ပွတ်တိုက်နေသောကြောင့် နျဲ့ရှောင် မျက်လုံးမဖွင့်နိုင်အောင်ပင် ဖြစ်နေရသည်။
“ ချိ” ဒယ်ဒီ ပေါင်ပေါင်းကို လွမ်းလားလို့..
လွမ်းတာပေါ့ ဒယ်ဒီကမင်းကိုလွမ်းနေတာ ဒါပေမယ့်…
နျဲ့ရှောင် ကုတင်ပေါ်မှထထိုင်လိုက်ပြီး သူ၏မျက်နှာပေါ်မှ ဟမ်းစတားလေးကို လည်ကုပ်မှကိုင်၍ ဆွဲခွာလိုက်ကာ လေထဲတွင် အသာအယာ လှုပ်ယမ်းလိုက်သည်။ နျဲ့ရှောင်၏မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုများအပြည့်နှင့် ပြောလိုက်လေသည်။
“ဒယ်ဒီ့ရဲ့ အကောင်ပေါက်လေး ဘယ်လိုဖြစ်ပြီး သည်လောက်တောင် တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာရတာလဲကွာ…”
မည်သည့်အရာကိုမှ သိမနေသော ဟမ်းစတားလေးမှာ ရှုပ်ထွေးသွားရသည်။
“ ချိ…”
ဘာတွေဖြစ်နေလို့လဲဟင်…
လည်ကုပ်မှ ဆွဲကိုင်ခံထားရသည့် ဟမ်းစတားလေးမှာ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိနေခဲ့ပါ။ ရှောင်ဝူယိ သိချင်စိတ်ဖြင့် ခေါင်းကိုငုံ့၍ မကြာသေးခင်ကမှ ပို့လာသည့် နျဲ့ရှောင်၏ ဖုန်းပေါ်ရှိစာများကို ကြည့်လိုက်သည်။ ယခုအချိန်တွင်မူ စောင်ပေါ်တွင်လဲကာ မဆုံးနိုင်သောစာများကို ဖတ်ရှုနေလေပြီ။
ရုတ်တရက်ထွက်ပေါ်လာသော ပေါက်ကရစာလုံးများမှာ ပိုင်မေ့နှင့်အခြားသူများကို စိုးရိမ်စိတ်နှင့် သံသယများ ဝင်သွားစေသည်။ အကယ်၍သာ လှုပ်ရှားမှုကြီးကြီးမားမားကို မကြားရခြင်းမဟုတ်ပါက ဘေးအခန်းမှ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့မှာ နျဲ့ရှောင်ရှိရာသို့ ချက်ချင်းပြေးလာ၍ တံခါးခေါက်လိမ့်မည်ပင်။
နျဲ့ရှောင်မှာမူ ဖုန်းထဲမှစာများကို ဂရုစိုက်နေခြင်းမရှိချေ။ သူ၏လက်ဖဝါးပေါ်ရှိ ဟမ်းစတားလေး သို့မဟုတ် နတ်ဆိုးလေးကို စိုက်ကြည့်နေပြီး မသာမယာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အနှီနတ်ဆိုးပေါက်လေးမှာ ပြန်ရောက်လာပြီးပြီဖြစ်လေရာ သူမည်သို့များ လုပ်နိုင်ပါတော့မည်နည်း။
အကြိမ်အနည်းငယ်မျှ ပွတ်သပ်နမ်းရှုံ့ပြီးနောက်တွင် နျဲ့ရှောင်၏ တောင့်တနေသော စိတ်ဆန္ဒများ လျော့ပါးသွားခဲ့သည်။ နျဲ့ရှောင် ပြန်လဲချလိုက်ကာ ဖက်ထုပ်လုံးလေးကို သူ၏နဖူးပေါ်တင်၍ ထိုင်လိုက်စေပြီး ပြောလိုက်သည်။
“သည်ဗီလိန်ကောင်လေးကတော့ ဒယ်ဒီ မင်းကို နောက်ကြမှ သေချာရှင်းပြမယ်…”
“ ချိ ” ပေါင်ပေါင်းက ဗီလိန်လေး ဟုတ်ပါဘူးနော်..
နျဲ့ရှောင်၏ နဖူးပေါ်တွင်ရှိနေသော ဟမ်းစတားလေးမှာ တချိချိအော်မြည်ရင်း ဒေါသတကြီးဖြင့် နျဲ့ရှောင်၏ မျက်ခုံးမွှေးများကို သူ၏လက်သည်းလေးများဖြင့် ကိုင်ဆုပ်နေခဲ့သည်။ ခဏအကြာတွင် နျဲ့ရှောင် စောင်ပေါ်မှ ဖုန်းကိုယူကာ သူ၏လက်ချောင်းများ အမြန်လှုပ်ရှားသွားပြီး စာတစ်စောင်ပို့လိုက်သည်ကို ရှောင်ဝူယိမြင်လိုက်ရသည်။
နျဲ့ရှောင် : အတိုချုပ်ရမယ်ဆိုရင် သည် စပရိုက်က ငါတစ်ယောက်တည်း အံ့ဩနေရုံနဲ့ မရဘူးဘဲ
နျဲ့ရှောင် : ငါအဆင်ပြေတယ်… ငါ့အကောင်ပေါက်လေး ပြန်ရောက်လာပြီ…
နင်ဖုန်းနှင့် ကျန်သူများ : Nani……
ထိုစာထွက်ပေါ်လာသည်နှင့် လူတိုင်း၏မျက်လုံးများမှာ ထိန်းချုပ်မရနိုင်အောင် ပြူးကျယ်သွားရသည်။ ဘေးအခန်းမှနင်ဖုန်းမှာမူ မျက်နှာပေါ်သို့ ဖုန်းပင်လွတ်ကျသွားကာ နာကျင်မှုကြောင့် မျက်ရည်များကျလုမတတ်ပင် ဖြစ်သွားရသည်။
လူတိုင်း လေထဲတွင် သောက်ကျိုးနည်းဟူသည့်စာလုံးများ လွင့်ပျံလာသည်ကို မြင်လိုက်ကြရသလိုပင်…
ဟမ်းစတားလေးမှာ ဖုန်းမျက်နှာပြင်ပေါ်မှ စကားပြောခန်းကို ကြည့်နေပြီးနောက် နျဲ့ရှောင်၏ တဖျပ်ဖျပ်ခတ်နေသော မျက်တောင်များဆီသို့ တစ်ဖန်လှည့်ကြည့်လိုက်သည်။ ရှောင်ဝူယိ သူ၏ဒယ်ဒီနှင့် အခြားသူများမှာ သူ့ကိုကြိုဆိုလာသည့်အပေါ် အလွန်ပင် မကျေမနပ်ဖြစ်နေမိသည်။
ရှောင်ဝူယိ နျဲ့ရှောင်၏နဖူးပေါ်တွင်ထိုင်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ဝမ်းနည်းနေခဲ့သည်။
“ ဝူးချိ ” အားလုံးက ပေါင်ပေါင်းကို မချစ်ကြတော့ဘူး အဟင့် အဟင့်…
ထိုအချိန် အခြေစိုက်စခန်း၏အပြင်ဘက်၌…
ဆာ့သ်မှာ အခြေစိုက်စခန်း၏ မြို့ရိုးပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။ အစွန်အဖျားနားရှိ ဇွန်ဘီများမှာမူ သူ၏ဖိနှိပ်ခြင်းအားဖြင့် မောင်းထုတ်ထားမှုကြောင့် လမ်းမများပေါ်တွင် တိတ်ဆိတ်နေသည်။
နှစ်ပေါင်းအတော်ကြာသည်အထိ သူ့အနေဖြင့် အကြံအစည်များနှင့် ကြိုတင်လုပ်ဆောင်ရခြင်းများကြောင့် အမြဲလိုလို အလုပ်ရှုပ်နေရလေရာ ဤသည်မှာ သူ၏အောင်မြင်မှု မတိုင်ခင်အချိန်လေးတွင် ရှားပါးလှသည့် တိတ်ဆိတ်ငြိမ်သက်စွာ အေးအေးချမ်းချမ်းနေရသော ညတစ်ညဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် ဆာ့သ် သူ၏နှလုံးသားတစ်ခုလုံးနှင့်ပင် ကြုံရခဲသော အေးချမ်းမှုကို ပျော်မွေ့နေမိသည်။
ဤသည်မှာ နန်းမတက်ခင် အကြိုည၌ ကောင်းချီးပေးခံရသလိုပင်။
ည၏အေးစက်စက်လေညင်းကို ကြိုဆိုရင်းဖြင့် ဆာ့သ် သူ၏ကွမ်တမ်ဦးနှောက်ကိုထုတ်ကာ မဟာမိတ်အဖွဲ့မှသတင်းရှိမရှိကို စစ်ဆေးလိုက်သည်။ မျက်နှာပြင်များပေါ်ရှိ ကွန်ယက်ကန့်သတ်ချက်များမှာ သူ့အတွက်ပြသနာတစ်ခုဖြစ်မနေခဲ့ပါချေ။
ဆာ့သ် အချိန်ခဏမျှ ဟိုဟိုဒီဒီကြည့်လိုက်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် မဟာမိတ်တပ်များကို ကြိုတင်စေလွှတ်ထားသည့်အကြောင်းနှင့် အမျိုးစုံသော ကြယ်စင်စုများရှိ အောက်ခြေလူတန်းစားများမှ ထိုအကြောင်းအပေါ် ဆွေးနွေးနေကြသည်များကို မြင်လိုက်ရသည်။
အစပိုင်းတွင် မဟာမိတ်ညီလာခံအား တိတ်တဆိတ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကနဦးအနေဖြင့် ကာကွယ်ခံထားရသော နေရာများရှိ ဗိုင်းရပ်ကူးစက်မှုများသတင်းကို နောက်ဆက်တွဲပြသနာများနှင့် စုံစမ်းစစ်ဆေးရေးများတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် သူတို့ပိတ်ဆို့ထားချင်ခဲ့သည်။ ထိုအခါမှသာ ရန်သူကို အမှတ်မထင် အသိမပေးမိမည်ဖြစ်သည်။ သို့သော်လည်း အန်းယိ၏အဖွဲ့နှင့် ဆာ့သ်တို့ တိုက်ခိုက်မှုအပြီးတွင် ၎င်းကို ဆက်လက်ဖုံးကွယ်နေရန် မလိုတော့ပေ။ နှစ်ဖက်စလုံး၏ အထောက်အထားများမှာ ထုတ်ဖော်ခံလိုက်ရပြီး တစ်ဖက်နှင့်တစ်ဖက် သတိထားရှိနေမှုကို နှိုးဆွလိုက်ပြီ ဖြစ်သောကြောင့် စစ်ပွဲကို ပြောင်ပြောင်တင်းတင်း ကြေငြာလိုက်ခြင်းမှာ ပို၍ကောင်းမွန်နေခဲ့သည်။
အချိန်အတော်ကြာအောင် မထုတ်ပြန်ထားသည့် မော့ယန်နှင့် ရှောင်ဝူယိတို့ အလျင်ကြိုတင်ရောက်ရှိလာပြီဟူသော သတင်းမှလွဲ၍ ဆွေးနွေးမှုအတွင်းရှိ အရာအားလုံးကို လူထုထံ ချပြထားခဲ့သောကြောင့် အနည်းဆုံးအနေဖြင့် သူတို့နောက်ကွယ်မှ ချီတုမျိုးနွယ်ကို မသက်မသာဖြစ်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထို့အတူ မဟာမိတ်အဖွဲ့၏ အနှီမသက်မသာဖြစ်စေရန် လုပ်ဆောင်ခဲ့သည့်အကြံမှာ အောင်မြင်ခဲ့လေသည်။
သတင်းရှင်းလင်းချက်များမှ အမျိုးစုံသော ရှုံ့ချမှုများကို ဖတ်ရှုနေရင်းဖြင့် ဆာ့သ်၏မျက်နှာမှာ အလိုအလျောက် ရှုံ့မဲ့လာခဲ့သည်။ သူ၏မူလကရှိခဲ့သော ကြည်လင်နေသည့်စိတ်လေးမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်ကာ နှလုံးသားထဲတွင် ဒေါသများ တဟုန်ထိုး ထောင်တက်လာခဲ့သည်။
#ချီတုမျိုးနွယ်စုရဲ့အကြွင်းအကျန်တွေကကာလအတော်ကြာပျောက်ဆုံးနေပြီးနောက်ပြန်ပေါ်လာပြီ၊
#ကာကွယ်ခံထားရသောနေရာအတွင်းဗိုင်းရပ်တစ်မျိုးပျံ့နှံနေ၊
#ဝါးရွက်တွေတောင်အများကြီးကုန်ဆုံးသွားနိုင်သောသမိုင်းထဲရှိချီတုမျိုးနွယ်၏ပြင်းထန်သောရာဇ၀တ်မှုများ၊
#ချီတုမျိုးနွယ်စု၏ဆံပင်မွှေးကိုပင်ထောင်ထသွားစေနိုင်မည့်ခန္ဓာကိုယ်စမ်းသပ်မှု၊
#မဟာမိတ်အဖွဲ့မှချီတုမျိုးနွယ်စုကိုတိုက်ခိုက်ဖို့စစ်သင်္ဘောတွေကြိုပို့ပေးလိုက်ပြီ၊
#ချီတုကျဆုံးရမည်…
အမျိုးစုံသော သတင်းခေါင်းစဉ်များ၊ အလွန်ချဲ့ကားထားသော သတင်းနှင့် ဆောင်းပါးများမှာ ချီတုမျိုးနွယ်နှင့် ဆာ့သ်အပေါ် ရက်ရက်စက်စက် ဆဲဆိုနေကြသည်။ ဂြိုလ်တိုင်းရှိ လူများမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး တက်ကြွနေသော လူအုပ်ကြီးတစ်ခုကို ဖန်တီးလာခဲ့သည်။
ဤကဲ့သို့ စော်ကားမှုနှင့် ကဲ့ရဲ့ဝေဖန်မှုများနှင့် ကြုံရချိန်တွင် ဆာ့သ်ကဲ့သို့သော လူသည်ပင် အလုံးစုံငြိမ်းချမ်းမှုကို မထိန်းသိမ်းနိုင်တော့ချေ။ အမျိုးမျိုးသော မျိုးနွယ်တိုင်းအပေါ် သူ၏နာကျည်းမှုသည်လည်း အရိုးထဲသို့ ပို၍နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လာခဲ့သည်။
ဆာ့သ် သူ၏ဒေါသကိုဖိနှိပ်ရန် အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်ရသည်။ ထိုကဲ့သို့ သတင်းများကို အာရုံစိုက်မှုရှာနေသည့်အရာများဟုသာ သတ်မှတ်လိုက်ပြီး ကယ်ဆယ်ရေးယာဉ်များ စေလွှတ်လိုက်သည့် အချိန်အပေါ်ကိုသာ အဓိကစစ်ကြည့်လိုက်သည်။ ဂရုတစိုက် တွက်ချက်လိုက်ပြီးနောက် ထိုအဖွဲ့များ ကမ္ဘာမြေပေါ်သို့ အစောဆုံးလာရောက်မည့်နေ့မှာ နှစ်ရက်ကြာဦးမည်ကို သိရှိသွားပြီးနောက်မှသာ ဆာ့သ်၏ခံစားချက်များ ရုတ်တရက်ပြန်လည်ကောင်းမွန်လာခဲ့သည်။
နှစ်ရက်ပြီးနောက်တွင် မည်သူက သူ့ကိုမည်သို့မျှလုပ်နိုင်မည်မဟုတ်တော့ပေ။
ကွမ်တမ်ဦးနှောက်ကိုပိတ်ကာ ရှုပ်ပွနေသော သတင်းများဖတ်ရှုခြင်းကို ရပ်တန့်လိုက်ပြီး ဆာ့သ် အခြေစိုက်စခန်းစီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ လက်ရှိအချိန်တွင် သူ့အနေဖြင့် အားလပ်နေသည်ဖြစ်ရာ အဆုံး၌ သူ၏အပြောင်မြောက်ဆုံးသော စမ်းသပ်မှုစိုက်ခင်းအပေါ် သွားရောက်လေ့လာခြင်းမှာ ပို၍ကောင်းမွန်ပေလိမ့်မည်။ အချို့သောအချက်အလက်များနှင့် ရလဒ်အသစ်များကိုပင် ရကောင်းရနိုင်လိမ့်မည်ပင်။
ဆာ့သ်၏နှုတ်ခမ်းပေါ်တွင် ရွှင်မြူးရိပ်အချို့ပေါ်လာပြီး သူ၏ပုံရိပ်မှာ လေနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ဗီလာတွင်းရှိအခန်းတစ်ခန်းချင်းစီတိုင်းတွင် နျဲ့ရှောင်နှင့်ကျန်သူများမှ မဟာမိတ်အဖွဲ့ထံမှ ဟမ်းစတားလေးယူလာပေးသော ချီတုမျိုးနွယ်စုအကြောင်းများကို ဆွေးနွေးဖလှယ်နေကြသည်။
ဤတစ်ကြိမ်တွင်မူ ဟမ်းစတားလေးမှာ အဘယ့်ကြောင့်သူပြန်လာစဉ်က လူတိုင်းမကြိုဆိုရခြင်းအကြောင်းကို နားလည်သွားပြီဖြစ်သည်။ ထို့ကြောင့် အစပိုင်းအချိန်များကဲ့သို့ နျဲ့ရှောင်ထံ တချီချီအော်မြည်၍ ဒေါသတကြီးဝမ်းနည်းနေခြင်းမျိုး မရှိတော့ချေ။
နျဲ့ရှောင် မနေနိုင်ဘဲ လက်ကိုဆန့်ကာ ဖက်ထုပ်လုံးလေးကို ပွတ်သပ်ပေးလိုက်မိသည်။
ထိုအချိန်၌ ပြင်းထန်သောဖိအားတစ်ခု ချဉ်းကပ်လာသည်ကို ပိုင်မေ့ခံစားလိုက်မိသည်။ ပိုင်မေ့ အလွန်ထိတ်လန့်သွားရပြီးနောက် ဖုန်းကြည့်နေသောလူတိုင်းကို အလျင်အမြန်သတိပေးလိုက်လေသည်။
“ အမြန်ပုန်း…”
နျဲ့ရှောင် ချက်ချင်းဆိုသလို ဟမ်းစတားလေးကို သူ၏အာကာသနေရာလွတ်လေးထဲတွင် ပုန်းနေရန် မှာကြားလိုက်ပြီးနောက် ဖုန်းကိုဖွက်ကာ မျက်လုံးများပိတ်၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆာ့သ် နျဲ့ရှောင်၏အခန်းတွင်းသို့ ပုန်းလျိုးကွယ်လျိုးဖြင့် ဝင်လာကာ ရပ်နေခဲ့သည်။
လေနှင့်မိုးကြိုးနှစ်ခုတွဲစွမ်းရည်အသုံးပြုတစ်ဦးအနေဖြင့် နျဲ့ရှောင် သူ၏အခန်းတွင်မှ လေတစ်ချက်တိုက်ခတ်သွားသည်ကိုပင် ခံစားမိနေခဲ့သည်။ ဆာ့သ် သူ့ကိုယ်သူ မည်မျှပင် ကိုယ်ယောင်ဖျောက်ထားသော်လည်း သူ၏အနီးအနားရှိ လေထုမှာတော့ လှုပ်ရှားမှုရှိနေဆဲပင်ဖြစ်သည်။
နျဲ့ရှောင် ရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်တွေ့နေရသကဲ့သို့ ညအမှောင်ထဲတွင် သူ၏ခန္ဓာကိုယ်ပေါ်မှာ အမွေးများ ထိန်းမရနိုင်အောင် ထောင်ထနေပြီး ပုံမှန်မဟုတ်သော တစ်စုံတစ်ရာ ဖြစ်လာသည်နှင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သည်။
ဆာ့သ် ကုတင်ဘေးတွင်ရပ်ကာ အရှေ့မှ အိပ်ပျော်နေသူကို ကြည့်နေရင်းဖြင့် သူ၏မျက်ခုံးများမှာ ထိန်းချုပ်မရနိုင်အောင် မြင့်တက်လာခဲ့သည်။ အနှီသူမှာ သူမြင်တွေ့ဖူးသမျှထဲတွင် သံသယဝင်ရန်ပင် မရှိအောင် အသန်မာဆုံး စွမ်းရည်အသုံးပြုသူတစ်ယောက် ဖြစ်ပေလိမ့်မည်။
ထိုသူမှာ စွမ်းရည်နှစ်မျိုး အသုံးပြုတစ်ယောက်ပင် မကသေးဘဲ သူစမ်းသပ်ခဲ့သမျှထဲတွင် ပထမဆုံးအကြိမ်အဖြစ် စွမ်းရည်အမြုတေမှာ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်သွားပြီး ပြန်လည်ခွဲထုတ်လို့ မရနိုင်သည်အထိ အောင်အောင်မြင်မြင် တိုးတက်လာနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်နေလေသည်။
အတိအကျပင် ဤနေရာမှာ သူ၏မင်းသားလေးနေထိုင်သော နေရာတစ်ခုအဖြစ် ထိုက်တန်လှသည်။ ဤနေရာရှိ အသက်ဓာတ်စွမ်းအင်မှာ စွမ်းရည်အသုံးပြုသူများကို ကျန်နေရာများမှ စွမ်းရည်အသုံးပြုသူများထက် ပို၍သန်မာလာစေရန် စွမ်းဆောင်နိုင်ခဲ့သည်။
အထူးသဖြင့် စွမ်းရည်အမြုတေ အရည်ပျော်သွားရခြင်းမှာ သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
အရှေ့မှအမျိုးသား၏ အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့ပုံကို ကြည့်ရင်းဖြင့် ဆာ့သ်၏ နှလုံးသားထဲတွင် အနည်းငယ်မျှသော မနာလိုမှုတစ်ခု ပေါက်ဖွားလာရသည်။
သူတို့ ချီတုမျိုးနွယ်၏ ကနဦးစမ်းသပ်မှု ခန့်မှန်းချက်များအရဆိုလျှင် ဤသည်မှာ ဝိုင်ဆင့်ကဲပြောင်းလဲဗိုင်းရပ်စ်၏ မည်ကဲ့သို့ အောင်အောင်မြင်မြင် အပြည့်အဝ အသွင်ပြောင်းလဲသွားသည်ဟူသော အရာပင်ဖြစ်သည်။
အမှန်တကယ်ကိုပင် ဝိုင်ဆင့်ကဲပြောင်းလဲဗိုင်းရပ်စ်မှာ ဂြိုလ်တိုင်းဂြိုလ်တိုင်းအပေါ်သို့ ဆာ့သ်ကြိုတင်ကြဲချထားခဲ့သည့် တစ်ခုတည်းသော ဗိုင်းရပ်စ်ဖြစ်ပြီး ဤအတွက်ကြောင့်ပင် ကမ္ဘာမြေပေါ်ရှိ သက်ရှိတိုင်းမှာ ကမ္ဘာပျက်ကပ်အစတွင် သုံးရက်ကြာ ကိုမာဝင်နေခဲ့ရသည်ဟူသော အဓိကအကြောင်းပြချက်တစ်ခု ဖြစ်သည်။ ဇွန်ဘီဗိုင်းရပ်ဟု အများခေါ်ကြသည့်အရာမှာမူ ရိုးရှင်းစွာပင် ဝိုင်ဆင့်ကဲပြောင်းလဲဗိုင်းရပ်၏ ကျရှုံးမှုမှ ဆင်းသက်လာသော ဇွန်ဘီခန္ဓာကိုယ်သာဖြစ်လေသည်။
ဆာ့သ်နှင့်ကျန်သူများမှာ ဝိုင်ဆင့်ကဲ့ပြောင်းလဲဗိုင်းရပ်ကို သူတို့မျိုးနွယ်စုတစ်ခုလုံး၏ ဉာဏ်စွမ်းဖြင့် ဖန်တီးခဲ့ရသည်။ ၎င်းမှာ မဟာမိတ်အဖွဲ့အတွင်းရှိ အခြားမျိုးနွယ် တစ်ခုစီတိုင်း၏ သွေးနှင့် တစ်ရှူးများပါဝင်သော စွမ်းရည်များမှ ဖြစ်တည်လာသော ဗီဇပြောင်းဗိုင်းရပ်တစ်ခုဖြစ်ပြီး ၎င်းမှာ သက်ရှိများ၏ မျိုးရိုးဗီဇကို လှုံ့ဆော်ပေးနိုင်ကာ ဗီဇပြောင်းလဲမှုကို ဖြစ်ပေါ်စေ၍ မတူညီသော စွမ်းရည်အမျိုးမျိုးကို ထုတ်ဖော်ပေးသည်။
အကယ်၍ အဆိုပါမျိုးရိုးဗီဇပြောင်းလဲမှု ကျရှုံးခဲ့ပါက ၎င်းအနောက်မှ လိုက်လာမည်မှာ လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည့် ဇွန်ဘီသာ ဖြစ်သွားပေမည်။ တပြိုက်နက်တည်းမှာပင် ဇွန်ဘီဗိုင်းရပ်၏ သွားနှင့်လက်သည်းများကိုမူ ၎င်းကျရှုံးမှုမှတဆင့် ဆက်ခံရရှိမည်ဖြစ်သည်။ ကျန်းမာသောသက်ရှိတစ်ခုမှာ အကိုက်ခံလိုက်ရသည်နှင့် ဗိုင်းရပ်ကြေညက်သွားပြီး ကူးစက်ခံရနိုင်သည်။ ဇွန်ဘီ၏အတွင်းထဲတွင် ဇွန်ဘီအမြုတေဟုခေါ်သော အရာသည်လည်း ရှိနေသေးသည်။ အဆိုပါ ဇွန်ဘီအမြုတေမှာ ဇွန်ဘီတစ်ကောင်၏ စွမ်းအင်စုစည်းထားမှုဖြစ်ပြီး ၎င်းမှာ စွမ်းရည်အသုံးပြုသူများကို အဆင့်တက်ရန် ကူညီပေးနိုင်သည်။
သာမန်လူများနှင့် ဇွန်ဘီဘုရင်များမှာမူ ၎င်းတို့သည်လည်း မျိုးရိုးဗီဇပြောင်းလဲမှု၏ မအောင်မြင်သော ထုတ်ကုန်များဖြစ်ကြပြီး ပုံမှန်ဇွန်ဘီများ၏ ကျရှုံးမှုနှင့် နှိုင်းယှဉ်လိုက်ပါက သူတို့မှာ အနည်းငယ်မျှ ကံပိုကောင်းသွားခြင်းသာဖြစ်သည်။
သာမန်လူများမှာ အသွင်ပြောင်းနိုင်ခြင်း သို့မဟုတ် စွမ်းရည်တစ်ခု ပိုင်ဆိုင်လာခြင်းကဲ့သို့သော ကိစ္စမျိုး ရှိလာမည်မဟုတ်ပေ။ သို့တိုင်အောင် သာမန်လူများမှာ သူတို့၏ မူလပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ပြီး ဇွန်ဘီများမှာမူ ယခင်ရှိခဲ့သော ဉာဏ်ရှိသည့်သက်ရှိအဖြစ်မှ အရာအားလုံးကို အမှန်တကယ် ဆုံးရှုံးလိုက်ရလေသည်။
ဇွန်ဘီဘုရင်များမှာ သာမန်လူများထက် အနည်းငယ်မျှပို၍ သန်မာကြသော်လည်း ၎င်းတို့သည် မျိုးရိုးဗီဇပြောင်းလဲမှု၏ ကျရှုံးခဲ့သော ထုတ်ကုန်များသာ ဖြစ်သည်။
၎င်းတို့မှာ ဆာ့သ်၏ မျက်လုံးထဲတွင် အအောင်မြင်ဆုံး ဗီဇပြောင်းလဲမှု၏ ထုတ်ကုန်တစ်ခု ဖြစ်နေသည့်တိုင် ပုံမှန်အခြေအနေများအောက်တွင်မူ ဇွန်ဘီဘုရင်များမှာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွင် မအောင်မြင်ဆုံးနှင့် အလွန်ဆိုးရွားသော ထုတ်ကုန်များသာ ဖြစ်နေလိမ့်မည်ပင်။
ဇွန်ဘီဘုရင်များမှာ အသိဉာဏ်ရှိနေသေးသော်လည် သူတို့၏မူလပုံစံမှာမူ ဇွန်ဘီများသာဖြစ်သည်။ သူတို့ထံတွင် မည်သို့မျှမမှတ်မိနိုင်မည့် ပုံပန်းသဏ္ဌာန်ရှိရုံသာမက ကူးစက်နိုင်သော ဗိုင်းရပ်စ်ကိုလည်း သယ်ဆောင်ထားကြလေရာ မူလလူမျိုးစုကြားထဲတွင် ပေါင်းစပ်မရသော ကွာဟမှုကို ဖြစ်ပေါ်စေသည်။ အကယ်၍သာ ဇွန်ဘီဘုရင်များအနေဖြင့် ပို၍အားကောင်းလာပြီး ပိုသန်မာသော စွမ်းရည်များကို ပိုင်ဆိုင်ချင်ပါက စွမ်းရည်အသုံးပြုသူများကို သတ်ဖြတ်ရခြင်းအပေါ်တွင်သာ မှီခိုသွားရမည်ဖြစ်သည်။
ဤသို့သောအခြေအနေမျိုးဖြင့် မူလလူမျိုးစုမှ သူတို့ကိုလက်သင့်ခံနိုင်မည်မဟုတ်ချေ။ အကယ်၍ လက်ခံခဲ့လျှင်ပင် သူတို့မှာ အမြဲလို သတိတကြီးနှင့် နိုးကြားနေပြီး ယုံကြည်မှုပေးနိုင်ရန် ခက်ခဲပေမည်။
လူသားများမှာ ဇွန်ဘီဘုရင်များကို မယုံကြည်ကြရုံသာမက ဇွန်ဘီဘုရင်များသည်လည်း အကယ်၍ လူသားများနှင့် အောင်အောင်မြင်မြင် ရောနှောနေနိုင်ပြီး အခြားသူများ၏ စွမ်းရည်အမြုတေများကို ခိုးယူကာ သူတို့ကိုယ်သူတို့ ပိုမိုသန်မာအောင် မလုပ်ခဲ့သည့်တိုင် သူတို့၏ အပေါင်းအဖော်များထံမှ ဇွန်ဘီအမြုတေ တူးဖော်ခံရမည့်အပေါ် အမြဲလို စိုးရွံ့ထိတ်လန့်နေရမည်ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေတစ်ခု၏အောက်တွင် သူတို့၏စိတ်နှလုံးမှာ အချိန်နှင့်အမျှ နာကျင်ခံစားနေရမည်ဖြစ်သည်။
အကယ်၍သာ သူတို့စိတ်မှာ လုံလုံလောက်လောက် မသန်မာခဲ့ပါက မကြာမီအချိန်အတွင်းမှာပင် ရူးသွပ်သွားကြမည်ဖြစ်ကာ တစ်ခါတစ်ရံတွင် သူတို့အတွက် မသိနားမလည်သော မကောင်းဆိုဝါးဇွန်ဘီများ ဖြစ်လာသည်ကပင် ပို၍ကောင်းမွန်နေပေးလိမ့်မည်။
အဆုံး၌ သူ၏မူလမျိုးနွယ်စု လူသားများဘက်တွင်ဖြစ်စေ ဇွန်ဘီများဘက်တွင်ဖြစ်စေ ဇွန်ဘီဘုရင်များမှာ အပြည့်အဝ ရောနှောမနေနိုင်ဘဲ အထီးကျန်ဆန်မှုမှာ သူတို့အား ထာဝရ အဖော်ပြုသွားမည်ဖြစ်သည်။
ဇွန်ဘီဘုရင်များမှာ ဆာ့သ်၏ မျက်လုံးထဲတွင် ဗီဇပြောင်းလဲခြင်း၏ အအောင်မြင်ဆုံးထုတ်ကုန်တစ်ခု ဖြစ်နေသည့်တိုင်အောင် ၎င်းအချက်မှာ ငြင်းပယ်၍မရသောအရာ ဖြစ်လေသည်။
ထိုကဲ့သို့ အတွင်းပိုင်းရုန်းကန်ရမှုများမှာ ပိုင်မေ့ထံတွင်လည်း ဖြစ်ပျက်ခဲ့သည်။ အကယ်၍သာ ပိုင်မေ့၏ မူလပုံသဏ္ဌာန်ကို ယာယီထိန်းထားပေးနိုင်သော ဆာ့သ်၏ ပြန်လည်ထူထောင်ရေးဆေး မရှိခဲ့ပါက၊ ရှုပ်ထွေးလှသည့် လူ့သဘာဝဖြစ်သော သူ၏ မူလလူသားမျိူးနွယ်ထဲသို့ လူတစ်ယောက်အဖြစ် ဟန်ဆောင်၍ ရောနှောနေနိုင်ရန် အခွင့်အရေး မရှိခဲ့ပါက၊ သူ၏ကံမှာ သူ့အပေါ်ယုံကြည်မှုပေးခဲ့သည့် ရှောင်ဝူယိ၊ နျဲ့ရှောင်နှင့် ကျန်သူများနှင့် ဆုံနိုင်လောက်သည်အထိ မကောင်းခဲ့ပါက ပိုင်မေ့ ယခုအချိန်တွင် အရူးတစ်ပိုင်းအခြေအနေအဖြစ်သို့ ရောက်နေလိမ့်မည်ပင်။
ပြောခဲ့သည့်အတိုင်းပင် စွမ်းရည်ပိုင်ရှင်များသည်သာ ဝိုင်ဆင့်ကဲ့ပြောင်းလဲဗိုင်းရပ်စ်၏ အစစ်အမှန် အောင်မြင်သော ရလဒ်တစ်ခုဖြစ်လေသည်။ ၎င်းတို့မှာ မူလလူသားပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ရုံသာမက အားကောင်းသော စွမ်းရည်အမြုတေများကိုလည်း ဖွဲ့စည်းနိုင်ကြသည်။ အဆုံး၌ စွမ်းရည်အသုံးပြုသူများမှာ ဇွန်ဘီအမြုတေများကို စုပ်ယူသည်ဖြစ်စေ သို့မဟုတ် အခြားပြင်ပကျင့်ကြံခြင်းနည်းလမ်းများဖြင့်ဖြစ်စေ သူတို့၏စွမ်းရည်အမြုတေကို လုံးလုံးလျားလျား အရည်ဖျော်ပြီး မိမိခန္ဓာကိုယ်ကို ပို၍မြင့်မားသောအဆင့်သို့ မြှင့်တင်ကြမည်ဖြစ်ကာ ဆင့်ကဲ့ဖြစ်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်အောင် လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။
စွမ်းရည်အမြုတေများတွင် အစိုင်အခဲအဆင့်၊ အခဲတစ်ပိုင်းနှင့် ရောနှောပြီးသောအဆင့်ဟူ၍ အဆင့်သုံးဆင့်ရှိလေသည်။ အစိုင်အခဲတစ်ဝက်နိုးထခြင်းအဆင့်သို့ ရောက်နေသူများမှာမူ ဆာ့သ်သည်ပင် ၎င်းတို့၏စွမ်းရည်အမြုတေကို နဂိုပုံစံအတိုင်း အပြည့်အဝတူးထုတ်လာနိုင်ရန် ခက်ခဲပေမည်။
အပြည့်အဝဆင့်ကဲပြောင်းလဲသော စွမ်းရည်ပိုင်ရှင်များအတွက်တော့ ၎င်းတို့၏စွမ်းရည်အမြုတေမှာ သူတို့၏ အသား၊ အ
ရိုးနှင့် သွေးများဖြင့် အပြည့်အဝပေါင်းစပ်သွားပြီဖြစ်သောကြောင့် အခြားသူများမှာ ထိုသူတို့သေဆုံးသွားလျှင်ပင် သူတို့၏စွမ်းရည်အမြုတေကို ထုတ်ယူနိုင်မည်မဟုတ်ချေ။