🐹အခန်း ၉၁
ဝူယိလေး ကမ္ဘာမြေပေါ်သို့ ပြန်ရောက်လာပါပြီ
ဆာ့သ်၏ စူးရဲသောအကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ပိုင်မေ့မနေနိုင်ဘဲ တံတွေးမြိုချမိခဲ့သည်။ သူလိမ်ညာရဲခြင်းမရှိပေ။ အခြေစိုက်စခန်းအတွင်း ရှောင်ဝူယိအား မြင်တွေ့ဖူးသူများစွာရှိလေရာ သူ့အနေနှင့် ကွယ်ဝှက်ထားရန် မဖြစ်နိုင်ပါချေ။
“ကျွန်တော်သူ့ကိုအရင်ကမြင်ဖူးတယ်…”
ပိုင်မေ့ အောက်သို့ငုံ့ကာ စိတ်ထဲတွင် မည်ကဲ့သို့ တုံ့ပြန်ရမည်အပေါ် အရူးအမူး တွက်ချက်နေမိသည်။ ဤလူ၏ပစ်မှတ်မှာ ရှောင်ဝူယိ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည့်အချက်မှာ သူမျှော်လင့်မထားမိသော အရာပင်ဖြစ်သည်။
သူ၏နှလုံးသားအောက်ခြေမှပင် ရှောင်ဝူယိ ယခုအချိန်တွင် သူ၏ဂြိုလ်ပေါ်သို့ ပြန်ရောက်နေခြင်းအား ပိုင်မေ့ အလွန်ပင် ကျေးဇူးတင်နေမိသည်။
ပိုင်မေ့ထံမှ ခိုင်မာသောအဖြေကိုရရှိသွားချိန်တွင် ဆာ့သ် ကြက်သွေးအထိုးခံလိုက်ရသကဲ့သို့ အားတက်သွားပြီး စိတ်မရှည်စွာမေးလိုက်မိသည်။
“ဒါဆိုရင် သူကအခုဘယ်မှာလဲ… မြန်မြန်လေး ငါ့ကိုသူ့ဆီခေါ်သွားပေး…”
သေချာပေါက် ပိုင်မေ့ အမှန်ကိုမပြောရဲချေ။ ထို့ကြောင့် အမှန်တဝက်ဖြင့် ကျွမ်းကျင်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။
“ငယ်သားက သူ့ကိုသိပေမယ့် အခြေစိုက်စခန်းထဲမှာ သူနဲ့က အရမ်းမရင်းနှီးတော့ အဆက်အဆံမရှိကြဘူး… သည်ရက်ပိုင်းအတွင်း အဲ့သည့်လူက စခန်းထဲမှာ မရှိဘူးလို့တော့ ကြားထားတယ်… ကြည့်ရတာ တခြားသူတွေနဲ့ မစ်ရှင်သွားလုပ်တဲ့ပုံပဲ… သူပြန်ရောက်လာဖို့ကတော့ အချိန်နည်းနည်း ကြာဦးမယ်ထင်တယ်… မနက်ဖြန်မနက်ကျရင် သူဘယ်မှာလဲဆိုတာ စခန်းကလူတွေကို မေးစမ်းကြည့်လိုက်မယ်လေ… သူဘယ်မှာရှိလဲဆိုတာ အခုချိန်မှာ မသိရသေးတော့ သည်နေ့ည ငယ်သားက အရှင့်ကို လိုက်ပို့ပေးရင်တောင် သူရှိတဲ့နေရာကို ချက်ချင်းမတွေ့နိုင်မှာ စိုးရွံ့မိပါတယ်…”
ထိုစကားကိုကြားလိုက်ရချိန်တွင် ဆာ့သ်မဟာမိတ်အဖွဲ့မှလူများ ကမ္ဘာမြေပေါ်သို့ နှစ်ရက်အတွင်း ရောက်လာကြမည်ကို ပြန်တွေးမိသွားပြီး မသိလိုက်ခင်မှာပင် မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါ ဘယ်လိုတောင် ကံမကောင်းရတာလဲ…”
ဆာ့သ်၏ အရုပ်ဆိုးနေသော မျက်နှာကိုကြည့်ကာ ပိုင်မေ့၏ နှလုံးသား ရပ်တန့်သွားပြီး သူ၏လက်ဖဝါးနှင့် နောက်ကျောမှ ချွေးအေးများပင် ထွက်လာခဲ့သည်။ သူ၏အသက်ရှုသံကို တည်ငြိမ်စေရန် ကြိုးစားထိန်းချုပ်လိုက်ပြီး သတ္တိမွေး၍ ပြောလိုက်သည်။
“အရှင် တကယ်လို့ အလျင်မလိုဘူးဆိုရင် သူမစ်ရှင်ပြီးလို့ ပြန်လာတဲ့အချိန်ကို စောင့်လိုက်တာက ပိုမကောင်းနိုင်ဘူးလား… အပြင်ထွက်ပြီး သူ့ကိုလိုက်ရှာဖို့က လွယ်ပေမယ့် ငယ်သားက သူနဲ့ မရင်းနှီးတော့ ရုတ်တရက်ကြီး ကျန်တဲ့သူတွေကို သူ့အကြောင်းလိုက်မေးပြီး ရည်ရွက်ချက်ရှိရှိ အပြင်ထွက်ရှာလိုက်ရင် အခြေစိုက်စခန်းထဲက အကြီးပိုင်းတချို့ရဲ့ သံသယနဲ့ သိချင်စိတ်ကို နှိုးဆွမိသွားမှာ ကြောက်မိပါတယ်…”
“ သူတို့ သံသယဝင်ချင်သလို ဝင်ကြပါစေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အားနည်းတဲ့ ပမွှားလေးတွေပဲဟာ..”
ဆာ့သ် ထီမထင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ သူ့ထံ၌ အချိန်လုံလောက်နေပါက ယခင်အချိန်ထဲကပင် စွမ်းရည်အမြုတေများကို ကိုယ်တိုင်ကိုယ်ကျ တူးထုတ်နေမိလိမ့်မည်။
ပိုင်မေ့ မျက်လုံးများကို အောက်သို့ငုံ့ကြည့်နေပြီး မည်သည့်စကားကိုမှ ပြန်မပြောရဲချေ။ သို့သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန်စိုးရိမ်ပူပန်နေမိသည်။
ဆာ့သ် ညအမှောင်ထဲမှ တိတ်ဆိတ်နေသော အခြေစိုက်စခန်းကို တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူအနေဖြင့် နတ်ဆိုးတစ်ယောက် မလုပ်ချင်သေးပါ။ အကယ်၍ အစီအစဉ်များမှာ လမ်းတဝက်တွင် ပြောင်းလဲသွားရပါက အခြေအနေကောင်းမည် မဟုတ်တော့ပေ။ ဆာ့သ် ပိုင်မေ့၏ ချောမောသောမျက်နှာကို တစ်ချက်ကြည့်ကာ ညွှန်ကြားလိုက်သည်။
“မနက်ဖြန် မနက်စောစောကျရင် မင်းသားလေး ဘယ်မှာရှိနေမလဲဆိုတာ မင်းလိုက်မေးလိုက်… ပြီးကြမှ မြို့ထဲက ထွက်လာပြီး မင်းကြားခဲ့တာကို ပြောချည်.. ငါ မင်းကို အခြေစိုက်စခန်းရဲ့ အပြင်မှာ စောင့်နေမယ်…”
ထောင်ချောက်အတွင်းသို့ ထိုသူကို လမ်းလျှောက်ဝင်လာစေခြင်းမှာ အကြံကောင်းတစ်ခု ဖြစ်သော်လည်း အချိန်မှာ လူကိုမစောင့်ချေ။ အကယ်၍သာ ဆာ့သ်ကိုယ်တိုင်ကိုယ်ကျ အပြင်ထွက်ကာ သွားရှာပါက ပိုပြီးသင့်တော်ပေလိမ့်မည်။ ရှာဖွေရန် အကြမ်းဖျင်းနေရာကို သိထားနေသရွေ့ အချိန်နှင့် အကွာအဝေးမှာ ပြဿနာမဟုတ်ပေ။ အကယ်၍သာ ပစ်မှတ်ကို ထောင်ချောက်အတွင်း သက်ဆင်းလာသည်အထိ စောင့်ဆိုင်းနေရပါက သူအချိန်မည်မျှစောင့်ဆိုင်းရမည်ကို မည်သူသိနိုင်ပါမည်နည်း။
အမိန့်ပေးလာချိန်၌ ပိုင်မေ့ ငြင်းပယ်ရဲခြင်း မရှိချေ။ သူကျည်ဆန်ကိုကိုက်ကာ သဘောတူလိုက်နိုင်ပြီး ရိုသေစွာ ပြောလိုက်ရသည်။
“ပိုင်မေ့ သေချာပေါက်တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပါ့မယ်…”
ဆာ့သ် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ လက်ကိုလှန်၍ အစိမ်းရောင် ပြန်လည်ထူထောင်ဆေးသုံးပုလင်းအား လေထဲမှ ထုတ်ယူလိုက်ပြီး ပိုင်မေ့၏ လက်ထဲသို့ ကိုယ်တိုင်ထည့်ပေးလိုက်သည်။ ခဏအကြာတွင် တစ်စုံတစ်ရာကို သတိရသွားသောကြောင့် ရုတ်တရက်ဆိုသလို ပိုင်မေ့အနီးသို့ ငုံ့ကိုင်းကာ ပိုင်မေ့၏မေးစေ့ကို မသိမသာပင့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မေ့တော့မလို့ အခုချိန်ကစပြီး မင်း ငါ့ကို အရှင်မင်းမြတ် ဆာ့သ် လို့ပဲ ခေါ်ပါ… မင်းက ငါ့ရဲ့ ကမ္ဘာသစ်မွေးဖွားလာတာကို မြင်ရတဲ့ ပထမဆုံးအခွင့်အရေး ရလာလိမ့်မယ်…”
ပိုင်မေ့မှာ ဆာ့သ်၏ ရုတ်တရက် အနားသို့ ကပ်လာမှုနှင့် အလေးအနက် မရှိပုံတို့ကို စိတ်ထဲတွင်သာ ခံနိုင်ရည်ရှိစေရန် ကြိုးစားနေရသည်။ သို့သော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့်မကျေမနပ်ဖြစ်မှုကိုမှ ထုတ်မပြနိုင်ဘဲ ထိုအစား နာနာခံခံဖြင့် အရှင်မင်းမြတ် ဆာ့သ် ဟုသာ လေးလေးစားစား ခေါ်လိုက်သောကြောင့် ဆာ့သ်ကို အသံတိုးတိုးဖြင့် ရယ်မောသွားစေသည်။
“ငါ့အပေါ် သစ္စာရှိမယ်ဆိုရင် ငါလည်း မင်းကို မမျှမတ မဆက်ဆံပါဘူး…”
အင်္ကျီလက်ကိုခါကာ ထွက်မသွားခင်တွင် ဆာ့သ်၏ လက်ချောင်းများမှာ ပိုင်မေ့၏ ချောမောသော ပါးပြင်ပေါ်တွင် အသာအယာ ပွတ်သပ်နေခဲ့သည်။ ၎င်းကိုကြားရပြီးနောက် ပိုင်မေ့ အလျင်အမြန် ထရပ်ကာ အရှေ့သို့တိုး၍ သတ္တိရှိရှိမေးလိုက်မိသည်။
“အရှင့်မင်းမြတ် အဲ့သည့်မင်းသားလေးကို ဘယ့်အတွက်ကြောင့် ဖမ်းချင်နေတယ်ဆိုတာကို ငယ်သားက ရဲတင်းစွာ မေးကြည့်လို့ရနိုင်ပါမလား…”
“ ငါ့ရဲ့ ကမ္ဘာသစ်ကို ဖန်တီးဖို့အတွက် သဘာဝတရားဆိုတာ လိုအပ်တယ်လေ…”
ဆာ့သ်၏အသံမှာ သူ၏ပုံရိပ်နှင့်အတူ ပျောက်ကွယ်သွားခဲ့ကာ ပြန်လည်ထူထောင်ရေးဆေး သုံးပုလင်းအား ကိုင်လျက်နေရာတွင် တိတ်ဆိတ်စွာရပ်နေသော ပိုင်မေ့ကို ချန်ထားခဲ့လိုက်သည်။ ပိုင်မေ့လက်ထဲတွင် ဆေးသုံးပုလင်းကို ကိုင်ကာ အချိန်အတော်ကြာအထိ အသိဝင်မလာနိုင်သေးပေ။
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ပိုင်မေ့ ဆာ့သ်အား မင်းကသေရတာထက် ဆိုးတဲ့ကံကြမ္မာနဲ့ ထိုက်သည်ဟုပင် ဆဲဆိုပစ်ချင်မိသည်။ အဆိုပါ ထူးဆန်းသော လျှို့ဝှက်ဆန်းကြယ် အချက်အလက်မှာ သူ၏စိတ်ထဲတွင် မွှေနှောက်နေခဲ့သည်။ ကမ္ဘာဆိုသည်မှာ မည်သည့်အရာနည်း။ အဘယ့်ကြောင့် ၎င်းမှာ ရှောင်ဝူယိနှင့် ပတ်သက်နေရသည်နည်း။
သူ မည်သို့ လုပ်သင့်သည်နည်း။
တစ်ဖက်လူ၏ ဖိအားမှာ မလှမ်းမကမ်း နေရာတွင် ရှိနေသေးသည်ကို ခံစားမိသောကြောင့် အခြားသူများကို ချက်ချင်းမဆက်သွယ်ရဲသေးပေ။ အခန်းထဲသို့ ပြန်လျှောက်လာကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီး မျက်လုံးများကို ပိတ်ချလိုက်သည်။ သူ၏နှလုံးသားထဲတွင် ထိန်းချုပ်မရနိုင်အောင် ပူပင်နေမိကာ သူ့စိတ်ထဲတွင် ဤဖြစ်ရပ်၏ နောက်ဆက်တွဲကိစ္စများကို မည်သို့ ထိန်းချုပ်ရမည်နည်းဟူ၍ အရူးအမူး တွေးတောနေမိသည်။ ဝူယိ၏ကိစ္စအပေါ် သူတို့မည်ကဲ့သို့ဖုံးကွယ်နိုင်မည်နည်း…
ထိုအချိန်၌ အခြားသောအခန်းများထဲတွင်…
နျဲ့ရှောင်နှင့် ကျန်သူများမှာ အိပ်ရာပေါ်တွင် အိပ်ချင်ယောင်ဆောင်နေကြသော်လည်း သူတို့အနည်းငယ်လေးမျှပင် မဖြေလျော့နိုင်သကဲ့သို့ သူတို့၏အာရုံကြောများမှာ တောင့်တင်းနေခဲ့သည်။
အကယ်၍သာ သူတို့အတွင်းထဲမှ ဇာတ်ကြောင်းကို မသိခဲ့ကြပါက ယနေ့ညမှာ ယခင်အချိန်များကဲ့သို့ပင် စိတ်လွတ်ကိုယ်လွတ် အိပ်မိသော ညများဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လက်သည်တရားခံမှာ သူတို့၏အခန်းမှ မနီးမဝေးတွင် ရှိနေသည်ကို သူတို့ကြိုတင်သိရှိနေခဲ့သည်။ လူတိုင်းမှာ ထိုနေရာသို့သွားရောက် တိုက်ခိုက်ချင်နေသည့်စိတ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေကြရသည်။
အကယ်၍သာ အခြေစိုက်စခန်းအတွင်းမှ ကျန်အဖွဲ့ဝင်များ၏ လုံခြုံမှုကြောင့် မဟုတ်ခဲ့ပါ၊ အကယ်၍သာ ရန်သူ၏အကြောင်းကို လုံးလုံးလျားလျား မသိနေရသည့် အချက်ကြောင့် မဟုတ်ခဲ့ပါက၊ အကယ်၍သာ သူတို့၏ စွမ်းရည်မှာ တိုးတက်ရန် လိုအပ်နေသေးသောကြောင့်သာ မဟုတ်ခဲ့ပါက သူတို့ အင်္ကျီလက်များကို ခေါက်တင်ကာ အမှောင်ထဲဝင်ရောက်ပြီး သွားရောက်တိုက်ခိုက်မိကြမည်ပင်။
လက်ရှိတွင် ပိုင်မေ့ထံမှ အချက်ပေးမှုအသစ်ကို မရရှိသေးပေ။ နျဲ့ရှောင်နှင့် ကျန်သူများမှာ အလျင်စလို မလုပ်ရဲသော်လည်း သူတို့၏ နှလုံးသားထဲမှ ပူပန်မှုမှာမူ ပို၍ တိုးပွားလာခဲ့သည်။
ဆာ့သ်၏ ဖိအားကို အာရုံခံနေသောပိုင်မေ့မှ အဆုံးတွင် ၎င်းဖိအားမှာ အခြေစိုက်စခန်းအတွင်းမှ ထွက်ခွာသွားသည်ကို ခံစားမိခဲ့သည်။ ထိုအချိန်မှသာ သူ၏တင်းကြပ်နေသော အာရုံကြောများကို ဖြေလျော့လိုက်ပြီး ခေါင်းအုံးအောက်မှ ဖုန်းကိုထုတ်ကာ စာပို့လိုက်သည်။
သူသိလာရသည့် အချက်များကို ပိုင်မေ့တစ်ခါတည်းဖြင့် အားလုံးပေးပို့လိုက်လေသည်။
ပိုင်မေ့ : သူအဝေးကြီးမသွားဘူး စခန်းနဲ့ အပြင်ဘက်မှာ ရှိနေသေးတယ်…
ပိုင်မေ့ : သူ့နာမည်က ဆာ့သ် ပဲ၊ သည်တစ်ကြိမ်တော့ သူငါ့ကို စွမ်းရည်အမြုတွေ မတောင်းသွားဘူး.. အဲ့သည့်အစား သူ့ရဲ့ရည်ရွယ်ချက်က ရှောင်ဝူယိကိုပဲ… မင်းသားလေးကို အသုံးပြုပြီး ငါနားမလည်တဲ့ ကမ္ဘာသစ် ဖန်တီးမယ်လို့ပဲ ဆက်တိုက်ပြောနေတာ…
ပိုင်မေ့ : ဝူယိ မစ်ရှင်သွားလုပ်တယ်လို့ ငါသူ့ကိုညာခဲ့တယ်… ဒါပေမယ့် မနက်ဖြန်မနက်ကြရင် သူငါ့ကို အမိန့်ပေးခဲ့….
ပိုင်မေ့ စခန်းအပြင်ဘက်မှ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သော ဖိနှိပ်မှုကိုအာရုံခံလျက် လက်နှစ်ဖက်ဖြင့် စာကို အသည်းအသန်ရိုက်နေခဲ့သည်။ သူ ဆာ့သ်ပြောခဲ့သည့် အရာများကို အသေးစိတ် စေ့စပ်စွာ ပြန်လည်ပြောပြခဲ့သည်။
သူမေ့ကျန်ခဲ့သည့် အရာများ ရှိသွားမည်အား စိုးရိမ်နေသောကြောင့် သူနှင့် ဆာ့သ်တို့၏ စကားဝိုင်းကိုပင် တစ်လုံးမှမလွဲဘဲ ပြန်ပြောင်းပြောလိုက်သည်။
ဗီလာထဲတွင် ကွန်ယက်တည်ဆောက်ထားမှုမှာ သေးငယ်သောကြောင့် အပေါ်ထပ်နှင့် အောက်ထပ်မှ အခန်းများအကြား ဆက်သွယ်မှုမှာ အကန့်အသတ်ရှိလေရာ လူတိုင်းမှာ ဤတစ်ကြိမ်တွင် ကြားဖြတ်မပြောရဲကြဘဲ ပိုင်မေ့ပို့လာသည့် အချက်အလက်များကိုသာ မွန်းကြပ်နေသောစိတ်များဖြင့် အာရုံစိုက်၍ ဖတ်ရှုနေကြသည်။
ဆာ့သ်၏ ရှောင်ဝူယိနှင့် ကမ္ဘာသစ်အပေါ်သို့ ရုတ်တရက်ပြောင်းလဲသွားသော ပန်းတိုင်မှာ လူတိုင်းကို မသက်မသာဖြစ်စေကာ ရှုပ်ထွေးသွားစေခဲ့သည်။
ဆာ့သ်မှာ ကမ္ဘာမြေကို ဇွန်ဘီပျက်ကပ်အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအချိန်တွင်မူ ကမ္ဘာအသစ် တည်ဆောက်မည့်အကြောင်းကို ပြောဆိုနေပြန်သည်။ ၎င်းတွင် ရှောင်ဝူယိလေးသည်ပင် ပါဝင်နေပေရာ ထိုသူမှာ အမှန်တကယ် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင် ဖြစ်နိုင်ပေလိမ့်မည်။
မျက်နှာတစ်ခုလုံး မဲမှောင်ကာ အလွန်အရုပ်ဆိုးနေသော နျဲ့ရှောင်မှလွဲ၍ လူတိုင်းမှာ ထိုအကြောင်းကို အဓိပ္ပါယ်မဖော်နိုင်ဖြစ်နေကြရသည်။ သူ၏မျက်လုံးများမှ နားမလည်နိုင်သည့် ကမ္ဘာသစ်ဟူသော စကားလုံးကို ကြည့်နေစဉ်အချိန်၌ နျဲ့ရှောင်၏မျက်လုံးများမှာ နက်ရှိုင်းပြီး အန္တရာယ်များဟန် ပေါ်နေခဲ့သည်။
ထိုစကားနှစ်လုံးကို မြင်လိုက်ရချိန်တွင် နျဲ့ရှောင် ရှောင်ဝူယိ သူ့ကိုပြောပြထားခဲ့ဖူးသော တောင်တန်းနှင့်ရေပြင်များဖြင့် အသက်ဝင်နေသည့် နေရာလွတ်ပါသည့် အာကာသ-အချိန် စွမ်းရည်နှင့် အသက်ဓာတ်စွမ်းရည်တို့အကြောင်းကို ပြန်လည်သတိရသွားခဲ့သည်။
သူ့မိသားစုမှ ဟမ်းစတားလေး၏ အဖိုးတန်ရတနာမှာ သူခိုးများ၏ လောဘကို အမှန်တကယ် နှိုးဆွနိုင်ခဲ့သည်။
နျဲ့ရှောင် အသက်တစ်ချက်ပြင်းပြင်းရှုရှိုက်ပြီး သူ၏ရင်ဘတ်ထဲမှ ထိုးတက်လာသောဒေါသကို ဖိနှိပ်လိုက်ရသည်။ ထိုအချိန်၌ သူ၏အတွေးများမှာ ပိုင်မေ့နှင့် တူညီနေခဲ့သည်။ ယခုအချိန်တွင် ရှောင်ဝူယိ အခြေစိုက်စခန်းနှင့် ကမ္ဘာမြေပေါ်တွင် မရှိခြင်းအပေါ် အလွန်ပင်ကျေးဇူးတင်နေမိပြီး မဟုတ်ပါက လက်ရှိတွင် သူတို့ခေါင်းခြင်းဆိုင် တိုက်ပွဲဝင်နေရလောက်ပြီဖြစ်သည်။
ပိုင်မေ့၏ ဖော်ပြချက်အရဆိုလျှင် တစ်ဖက်လူ၏ စကားများမှာ သူ၏ယုံကြည်ချက်ရှိမှုကို ဖော်ဆောင်နေခဲ့သည်။ သိသိသာသာပင် ဤသည်မှာ ထိုသူ၏အင်္ကျီလက်ထဲ၌ ရှောင်ဝူယိကို ဖမ်းချုပ်နိုင်မည့် ဝှက်ဖဲရှိနေသည်ဟု ပြောဆိုနေခြင်းပင်။ ရှောင်ဝူယိ၏ လေဟာနယ်ကူးပြောင်းနိုင်ခြင်းအစွမ်းကို ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုရှာတွေ့လာကာ ကြိုတင်ပြင်ဆင်လာခဲ့ခြင်း ဖြစ်ရပေမည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် နျဲ့ရှောင် သူ၏အကောင်ပေါက်ကလေးကို ကမ္ဘာမြေပေါ်တွင် မည်သို့သောကိစ္စနှင့်မျှ မနေစေချင်တော့ပါ။ သူကလေး၏ ဆံပင်တစ်မွှေးကိုပင် ထိခိုက်မသွားစေလိုပေ။
နီမိုတော်ဝင်ဂြိုလ်ပေါ်မှ ဝူယိ၏လုံခြုံမှုမှာ ကမ္ဘာမြေထက်စာလျှင် ပို၍မြင့်မားပေမည်။ ထို့ထက်ပိုသည်မှာ ရှောင်ဝူယိ ကမ္ဘာမြေမှ ထွက်ခွာသွားသည့်အကြောင်းကို ဆာ့သ် လုံးဝမသိသေးသည့်ပုံပင်။
လက်ရှိတွင် ရန်သူမှာ အမှောင်ထဲတွင် ရှိနေသော်လည်း သူတို့အနေဖြင့် ကြိုတင်သိရှိပြီးပြီ ဖြစ်သောကြောင့် အရာတိုင်းမှာ သူတို့ဘက်တွင် အလေးသာနေပြီးဖြစ်သည်။ ထိုအကြောင်းကို တွေးမိလိုက်ချိန်မှသာ နျဲ့ရှောင် အသက်တစ်ချက်ရှူသွင်းလိုက်ပြီး လက်ချောင်းများကိုလှုပ်ရှားကာ စာတစ်စောင် အမြန်ရိုက်လိုက်သည်။
နျဲ့ရှောင် : ဘယ်လိုပဲဖြစ်ဖြစ် သူက ရှောင်ဝူယိနဲ့ ထိပ်တိုက်တွေ့မှာဆိုတော့ ငါတို့က သူ့ကို အရင်ဆုံး ကိုင်တွယ်ထားရလိမ့်မယ်… ဖုန်းတောက် ပြောပုံအရဆိုရင် ကယ်ဆယ်ရေးတွေက နှစ်ရက်အတွင်း လာမယ်ဆိုတော့ ငါတို့ သူ့ကို ရက်နည်းနည်းလောက်တော့ ချုပ်ထားနိုင်ဖို့ ကြိုးစားကြတာပေါ့… ပိုင်မေ့ ပြောတဲ့အတိုင်း သူ့ကို စခန်းအပြင်မှာပဲ အရင်ထားထားလိုက်ချည်… တကယ်လို့ တိုက်မယ်ဆိုလည်း တိုက်ကြတာပေါ့…
သွမ့်ဝမ်ယွီ : ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲကို ရှောင်မှမရှောင်နိုင်တာ… သူ့ကို အပြင်ထွက်သွားအောင် သွေးဆောင်နိုင်ရင် အနည်းဆုံး စခန်းထဲက သာမန်လူတွေတော့ မထိခိုက်တော့ဘူးပေါ့… ကံကောင်းလို့ ဝူယိက ဒီမှာ မရှိနေလို့ပေါ့ မဟုတ်ရင် အဲ့သည့်လူက ဝူယိကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ငါတို့ စိတ်ကူးကြည့်ရုံပဲ တတ်နိုင်မယ်…
နင်ဖုန်း : ကျွန်တ်ေထင်တာတော့ သည်အရူးသိပ္ပံပညာရှင်က ဟမ်းစတားလေးကို စတေးခံအဖြစ် သုံးမယ်ထင်တယ်… မနက်ဖြန် သူသာ အခြေစိုက်စခန်းထဲက ထွက်သွားလို့ကတော့ အဲသည့်ကောင်ကို သေအောင် ဖာ့ခ်ပစ်ဦးမယ်… ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေက သည်အခြေအနေ ရောက်လာမှတော့ ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး တခြားလုပ်နိုင်တာမရှိတော့ဘူး…
ပိုင်မေ့ : မင်းတို့နဲ့အတူတူ သူ့ကိုတိုက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး… ဒါပေမယ့် သူ့ရဲ့ ထိန်းချုပ်မှုကြောင့် ငါစိတ်လွတ်သွားရင်တော့ လူတိုင်း ငါ့ကိုမညှာကြဖို့ ငါမျှော်လင့်မိပါတယ်…
နျဲ့ရှောင်နှင့် ကျန်သူများမှာ ပိုင်မေ့၏စာကို မြင်လိုက်ရချိန်တွင် ရုတ်တရက် စာရိုက်နေခြင်းများ ရပ်တန့်သွားကြကာ မသက်မသာမှုကို ခံစားနေကြရသည်။ သဘာဝအားဖြင့် သူတို့အချိန်ဆွဲနိုင်လျှင် အကောင်းဆုံး ဖြစ်ပေမည်။ သူတို့ရန်သူနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရရှိနိုင်ရုံသာမက ပိုင်မေ့အတွက်လည်း သူ၏ခွန်အားကို တိုးတက်လာစေရန် အချိန်လုံလုံလောက်လောက် ရရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ကိစ္စများမှာ သူတို့မျှော်လင့်ထားသည့်အတိုင်း မဖြစ်လာမည်ဟု မည်သူကမျှ ထင်ထားမိမည်နည်း။ ထိုမျှသာမက တစ်ဖက်လူမှာ ရှောင်ဝူယိအပေါ်တွင် ချိန်ရွယ်လာလေရာ သူတို့ယခုအချိန်တွင် မည်သည့်နည်းလမ်းကိုအသုံးပြု၍ ဆာ့သ်ကို လှည့်စားနိုင်မည်နည်း…။
မနက်ဖြန်မနက် အခြေစိုက်စခန်း၏ အပြင်ဘက်တွင် အများဆုံးအနေဖြင့် သူတို့ဆာ့သ်ကို တစ်ရက်မျှသာ လှည့်စားထားနိုင်မည်။ တစ်ဖက်လူ၏ ခွန်အားအရဆိုလျှင် ပိုင်မေ့၏ လှည့်စားမှုကို မလွဲမသွေ သိရှိသွားနိုင်ပြီး ထိုအခြေအနေ ရောက်သည်နှင့် တိုက်ပွဲကို ရှောင်လွှဲ၍ရတော့မည် မဟုတ်ပေ။
ထိုအခြေအနေ ရောက်ပါက တစ်ဖက်လူ၏ စူပါဇွန်ဘီဘုရင်တိုက်ခိုက်မှုကို သူတို့ကြည့်နေရုံမျှသာ တတ်နိုင်ပေမည်။ သို့မဟုတ် ရှောင်ဝူယိ၏ တပ်ဖွဲ့များ ရောက်လာသည်အထိသာ အသက်ရှင်ကျန်စေရန် ကြိုးပမ်းသွားနိုင်မည်။ မည်သို့ပင်ဆိုစေကာမူ အခြေစိုက်စခန်းမှာ အထိအခိုက်တော့ ရှိလာမည်ပင်။ အဆုံး၌ တစ်ဖက်လူမှာ အလွန်သန်မာရုံသာမက သာမန်ဇွန်ဘီများကိုပင် ထိန်းချုပ်ပြီး ဇွန်ဘီလှိုင်းအဖြစ် အဆင့်မြှင့်တင်နိုင်စွမ်းရှိနေခဲ့သည်။
လူတိုင်း သက်ပြင်းတစ်ချက်ချလိုက်ကြကာ မနက်ဖြန်နှင့် ထိုနေ့ပြီးနောက်တွင် လာရောက်မည့် အနက်ရောင်မုန်တိုင်းမှ ဖိအားအတွက် အိပ်ပျော်သွားရန် ခက်ခဲနေပြီး အိပ်ရာပေါ်တွင် ဟိုဘက်သည်ဘက် လူးလိမ့်နေကြသည်။
နျဲ့ရှောင် အပြင်ဘက်ရှိ အနက်ရောင်ကောင်းကင်ကြီးကိုကြည့်ကာ သူ၏လက်ချောင်းများ အနည်းငယ်လှုပ်ရှားသွားပြီး စာတစ်စောင်ထပ်ပို့လိုက်သည်။
နျဲ့ရှောင် : ကံကောင်းလို့ ရှောင်ဝူယိက သည်မှာမရှိလို့ပေါ့… ဆာ့သ်ရဲ့ ပန်းတိုင်က ဝူယိဆိုကတည်းက ငါတို့ သူရဲ့အကြံအစည်ကို ယိုင်နဲ့သွားအောင်လုပ်ဖို့ တွေးထားရမယ်… ဒါဆိုရင် သေချာပေါက် သူ့အပေါ်သက်ရောက်မှုတော့ ရှိနိုင်မှာပဲ…ငါတို့ ကမ္ဘာအပြင်ဘက်က လူတွေနဲ့ ဆက်သွယ်ပြီးပြီဆိုတာကို သူထင်ထားဦးမှာမဟုတ်ဘူး…
ပိုင်မေ့၊ သွမ့်ဝမ်ယွီနှင့် ကျန်သူများမှာ ထိုစာကိုမြင်ရချိန်တွင် မနေနိုင်ဘဲ သဘောတူမိလိုက်ကြသည်။ ယခုအချိန်တွင် သူတို့တညီတညွတ်တည်း တွေးမိကြသည်မှာ ရှောင်ဝူယိ ဤနေရာတွင် မရှိသည်က ကံကောင်းသည်ဟူ၍ပင်။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းဆွေးနွေးနေကြသည့် စကားဝိုင်း၏ ဇာတ်ကောင် ရှောင်ဝူယိမှာမူ ရေသူဂြိုလ်ပေါ်တွင် ညစာစားပြီးပြီ ဖြစ်သောကြောင့် မော့ယန်နှင့် ကျန်သူများကို နှုတ်ဆက်ကာ အချိန်နှင့်အာကာသကို ခုန်ကူး၍ ကမ္ဘာမြေသို့ပြန်လာရန် ပြင်ဆင်နေလေပြီ။
ရှောင်ဝူယိ ဟမ်းစတားလေးအသွင်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး သူ၏သေးငယ်သော လက်သည်းလေးများဖြင့် လေဟာနယ်ကို အပေါက်သေးသေးလေးဖောက်ကာ ဝှစ်ခနဲ ပြေးဝင်သွားခဲ့သည်။
သည်လိုချုံ့လိုက်တာက စွမ်းအင်နဲ့ ခွန်အားကုန်ဆုံးမှုကို သက်သာစေတယ်….
ဤသို့ဖြင့် ဖတ်ခနဲအသံနှင့်အတူ ဖက်ထုပ်လုံးလေးတစ်လုံးမှာ နျဲ့ရှောင်၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။
နျဲ့ရှောင် : “....”
ကျန်သူများမှာမူ နျဲ့ရှောင် လက်ကြွက်တက်သွားသကဲ့သို့ တောင်စဉ်ရေမရရိုက်လာသည့် စာလုံးများကိုသာ မြင်လိုက်ကြရသည်။
လူတိုင်းခေါင်းကိုစောင်း၍ : “ ? “
သူတို့အကောင့်များဟက်ခံလိုက်ရပြီလား…
ဟမ်းစတားလေး : “ ချိ ”
ဒယ်ဒီ ပေါင်ပေါင်း နောက်ဆုံးတော့ ပြန်ရောက်လာပါပြီ…