🐹အခန်း ၉၀
အဲသည့်လူက ဝူယိလေးကို ငမ်းငမ်းတက် လိုချင်နေတယ်
ဝေးလံသော ကမ္ဘာမြေပေါ်မှ နျဲ့ရှောင်နှင့် အခြားသူများ ရှောင်ဝူယိအကြောင်း ဆွေးနွေးနေစဉ်တွင် ရေသူဂြိုလ်ပေါ်မှ မဟာမိတ်ညီလာခံမှာလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။
ရှောင်ဝူယိ၏တာဝန်ဖြစ်သော သတင်းပေးရန်နှင့် စစ်သည်တော်များကို ကယ်ဆယ်ရာတွင် နေရာချထားပေးရန်ဟူသော တာဝန်မှာ ထိုအချိန်တွင် ပြီးဆုံးသွားပြီဖြစ်သည်။ အရာအားလုံးကို အသေးစိတ်ပြင်ဆင်ထားပြီးဖြစ်ကာ မျိုးနွယ်တစ်ခုချင်းစီ၏ စစ်သင်္ဘောတိုင်းနှင့် ကယ်ဆယ်ရေးယာဉ်များကိုလည်း စနစ်တကျ စေလွှတ်ခဲ့ပြီးဖြစ်သည်။
မဟာမိတ်အဖွဲ့တွင် သူတို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရန် အရည်အချင်းရှိ ပြောင်မြောက်သော ခေါင်းဆောင်များစွာရှိလေရာ ရှောင်ဝူယိသည်လည်း စိတ်လေးနေရန်မလိုဘဲ ရေဆန်ကိုလှန်တက်နိုင်ခဲ့သည်။
သူတို့၏ နီမိုတော်ဝင်မျိုးနွယ်မှ စစ်သင်္ဘောများ စေလွှတ်ခြင်းနှင့် အခြားသောမျိုးနွယ်စုတို့၏ ကိစ္စအထွေထွေတို့ကိုမူ သူစိတ်ပူနေရန်မလိုပေ။ မဟာစစ်သူကြီးမော့ယန်နှင့် မျိုးနွယ်၏ အကြီးအကဲများဖြင့်ပင် ထိုကိစ္စများကို ကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်နေပါစေ လွန်ခဲ့သောသုံးလေးနှစ်ခန့် သူပျောက်ဆုံးနေသည့်အချိန်မှာပင် နီမိုဂြိုလ်တစ်ခုလုံးတွင် မည်သည့်အနှောင့်အယှက်မျိုးမှမရှိခဲ့ဘဲ ကိစ္စတိုင်းကို အကြီးအကဲများသာ ဖြေရှင်းပေးခဲ့ကြသည်။ ထို့ထက်ပိုသည်မှာ သူမပျောက်ဆုံးခင်ကလည်း ရှောင်ဝူယိအနေဖြင့် သူတို့ဂြိုလ်၏ အရေးကိစ္စများကို များစွာမကိုင်တွယ်နိုင်ခဲ့ပေ။ သူပျောက်ဆုံးသွားစဉ်က ရှောင်ဝူယိမှာ အသက်တစ်ဆယ့်လေး တစ်ဆယ့်ငါးနှစ်မျှသာ ရှိနေသေးသည်။
သူ၏အသက်မှာ များစွာမကြီးသေးဘဲ ယခုအချိန်မှာပင် ရှောင်ဝူယိမှာ အသက်နှစ်ဆယ်ပင် မရှိသေးချေ။
အတိုချုပ်ရမည်ဆိုလျှင် ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းကြရန်မှာ လူကြီးများ၏ တာဝန်သည်သာ ဖြစ်သောကြောင့် ရှောင်ဝူယိအနေဖြင့် များစွာအရေးစိုက်နေရန် မလိုချေ။ ယခုအချိန်တွင် သူ ကမ္ဘာမြေပေါ်သို့သာ ဦးဆုံးပြန်ရန် နည်းနည်းလေးမျှ မစောင့်နိုင်အောင် ယားယံနေပြီဖြစ်သည်။
သူ၏အလုပ်ရှုပ်နေသော စစ်သူကြီးဦးဦးအား ကြည့်ပြီး ရှောင်ဝူယိ တောက်ပစွာ မှီလိုက်ပြီး ချစ်စရာကောင်းစွာဖြင့် မော့ယန်၏အင်္ကျီလက်ကို အသာအယာဆွဲယူကာ မေးလိုက်သည်။
“ ဦးဦး ပေါင်ပေါင်း ကမ္ဘာပေါ်ကို အရင်ဆုံးပြန်သွားလို့ရမလားဟင်…”
ပြင်းပြသော စိတ်အားထက်သန်မှုများ ပါဝင်နေသည့် ဘလင်းဘလင်း တောက်ပနေသော အရည်လဲ့လဲ့ မျက်လုံးဝိုင်းကြီးများမှာ မော့ယန်ထံသို့သာ စိုက်ကြည့်နေသည်။
ရှောင်ဝူယိ၏ ကြောင်ပေါက်လေးကဲ့သို့ အမူအယာကြောင့် မော့ယန် သဘောတူမိလုမတတ်ပင် ဖြစ်သွားရသည်။ အန္တရာယ်အတွင်းမှ သီသီလေး လွတ်မြောက်ပြီးနောက် မော့ယန် နှလုံးသားကင်းမဲ့စွာ ခေါင်းကိုလှည့်၍ မငြင်းဆိုလိုက်ခင် သူ၏စိတ်ကို ဦးဆုံးတည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။
“မရဘူး… မင်းက အခုဆို လူကြီးဖြစ်နေပြီ… ကိုယ့်မျိုးနွယ်က ကိစ္စတွေကို ကိုင်တွယ်နိုင်ဖို့ သင်ယူထားသင့်တယ်… မင်းသာ မတော်တဆပျောက်သွားပြီး အဲ့သည့်နှစ်က အချိန်တွေကို အလကား မဖြုန်းပစ်ခဲ့ဘူးဆိုရင် မင်းအသက်တစ်ဆယ့်ငါးနှစ်ပြည့်တာနဲ့ကို တရားဝင်နေရာလွှဲယူပြီး မျိုးနွယ်ရဲ့ ကိစ္စတွေကို စီမံခန့်ခွဲနေရမှာ… ဒါကြောင့် အခုပိုအာရုံစိုက်ပြီး အဲ့သည့်အတွက် အစားပြန်ထည့်ပေးလိုက်တော့..”
“အခု အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြတာဆိုတော့ အရှင်မင်းမြတ် ဆိုင်ဒုန်နဲ့ တခြားလူတွေ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ကြလဲဆိုတာ ပိုပြီးသင်ယူလို့ရတာပေါ့…”
မော့ယန် သူ၏နှလုံးသားပေါ်သို့ ကျောက်ခဲတစ်ခဲခုကာ ရှောင်ဝူယိ၏ အလိုလိုက်ခံထားရသော ကလေးငယ်တစ်ယောက်သဖွယ် အမူအယာကို မည်သို့မှမနေသကဲ့သို့ နေလိုက်သည်။
“အီးးးးး… သည်မှာ ဦးဦးတို့နှစ်ယောက် ရှိနေတာကို ပေါင်ပေါင်းက ဘာလို့ သွားလေ့လာရမှာလဲ… ဦးဦးတို့နှစ်ယောက်နဲ့တင် အဆင်ပြေနေတဲ့ဟာပဲ ဟာပဲဟာ…”
ဟမ်းစတားမင်းသားငယ်လေးမှာ သူ၏နှလုံးသားလေးကို ဝမ်းနည်းပက်လက်ဖိကာ အလွန်မပျော်ရွှင်နေဟန်ဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။
“ ပေါင်ပေါင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လပ်တဲ့ အလုပ်မရှိအကိုင်မရှိ မင်းသားလေးပဲလုပ်ချင်တာလို့ ဝူး ဝူး…”
မော့ယန် : “...”
သည်လိုသာဆိုရင် သူနဲ့ အန်းယိတို့က ဘယ်တော့မှ လက်ထဲက တာဝန်တွေကို လွှတ်ချပြီး သူတို့ရဲ့ နှစ်ယောက်တည်း တစ်ကမ္ဘာတည်ဖို့ အချိန်ရလာနိုင်မှာလဲဟင်…
“မရဘူး သည်မှာပဲ လိမ်လိမ်မာမာနဲ့ နေရမယ်… ပြီးကျမှ ဦးဦးနဲ့အတူ ကမ္ဘာဆီပြန်ဖို့ စစ်သင်္ဘောလိုက်စီးချည်…”
မော့ယန် အကြင်နာကင်းမဲ့စွာ ပြောလိုက်သည်။ သူ အရာအားလုံးကို သူနှင့် အန်းယိတို့၏ နှစ်ယောက်တည်းကမ္ဘာအတွက် လုပ်ဆောင်ရမည်ပင်။
ဟမ်းစတားလေး : T T
ဆန့်ကျင်ဘက်အားဖြင့် အရှင်မင်းမြတ် ဆိုင်ဒုန်နှင့် ကျန်သူများမှာမူ ထိုမြင်ကွင်းကို အလွန်စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည်။ နီမိုတော်ဝင်မျိုးနွယ်မှ သူများ၏ ပုံစံအားလုံးမှာ တကယ့်ကို အတော်လေး ချစ်စရာကောင်းလှသည်။
အထက်မှ ဧကရာဇ်များနှင့် အောက်ခြေလူတန်းစားနှစ်ရပ်လုံးမှာ ကြင်နာတတ်ပြီး ပွင့်လင်းကြကာ သူတို့၏သဘာဝမှာ နှိုင်းယှဉ်၍ပင် မရနိုင်အောင် ဖြူစင်ရိုးသားပြီး ငြိမ်းချမ်းမှုကို မြတ်နိုးကြသည်။
နီမိုတော်ဝင်မျိုးနွယ်မှ တော်ဝင်မိသားစုမှာ ရှေးပဝေသဏီကတည်းပင် တစ်စုံတစ်ယောက်မှ သူတို့၏အာဏာကို အကြံအစည်နှင့် သိမ်းပိုက်လာကြမည်အား စိုးရိမ်နေရန် မလိုကြပုံပင်။ တက်လာသမျှသော ဧကရာဇ်တိုင်းမှာ လွတ်လပ်မှုကို သိသိသာသာပင် မြတ်နိုးကြသည်။ နောက်ဆုံး နန်းစံဘုရင်ဖြစ်သည့် ဧကရာဇ်မင်ယွမ်သည်လည်း အစောပိုင်းနှစ်များတွင် တာဝန်ဝတ္တရားများကို ခဏချထားကာ ဧကရီရှီကိုခေါ်၍ မကြာခဏဆိုသလို အပြင်ကမ္ဘာသို့ ထွက်လည်ရန် သွားလေ့ရှိသည်။ သို့သော်လည်း ဤကဲ့သို့ သူ၏တာဝန်များကို ဂရုတစိုက် ဆောင်ရွက်မနေလျှင်ပင် သူ၏လက်အောက်မှ နိုင်ငံရေးမှာ အနည်းငယ်မျှ တိမ်းစောင်းသွားခြင်း မရှိချေ။
အကယ်၍ သူတို့ဘက်တွင်သာဆိုပါက သူတို့အနေဖြင့် ဤကဲ့သို့ အေးအေးလူလူ တာဝန်များ ခွဲဝေပေးကာ နေရဲမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သာမန်မျိုးနွယ်စုအသေးများ၏ အာဏာရရေး ပြိုင်ဆိုင်မှုမှာ အလွန်ပင်ကြမ်းတမ်းလှသည်။
ထို့ကြောင့် မဟာမိတ်အဖွဲ့အတွင်းတွင် နီမိုတော်ဝင်မျိုးနွယ်ကို မကြာခဏဆိုသလို အကောင်းဘက်မှ မနာလိုဟန်ဖြင့် တုံးအပြီး ချစ်စရာကောင်းသော တော်ဝင်မျိုးနွယ်ဟူ၍ နောက်ပြောင်ခေါ်လေ့ရှိကြသည်။ အဆိုပါ တုံးအသည်ဆိုသော စကားမှာ သူတို့၏ အိုင်ကျူနည်းပါးသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ သူတို့၏ အိုင်ကျူအလွန်မြင့်မားကြသော်လည်း တုံးအဟန်ဖြင့် ဘဝကို နေထိုင်ကြသည်ဟူ၍ ဆိုလိုခြင်းဖြစ်သည်။
အဆုံး၌ အကယ်၍သာ ဉာဏ်ပညာအကြောင်းကို ပြောဆိုရမည်ဆိုလျှင် မည်သူကမှ နီမိုတော်ဝင်မျိုးနွယ်အား ဉာဏ်နည်းသည်ဟု ဆိုရဲကြမည်မဟုတ်ချေ။ ထို့မျှသာမက ကြယ်တာယာခေတ်အတွင်းသို့ တက်လှမ်းနိုင်ခြင်းကပင် သူတို့မျိုးနွယ်၏ ဉာဏ်ပညာအလွန်ကြီးမားမှုကို ပြသနေခဲ့သည်။
မည်သည့်အချိန်တွင်မဆို အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ပုံစံဖြင့် လောကအကြီးအပေါ် သတိမမူမိနေသလို နေတတ်သော မင်းသားလေး ရှောင်ဝူယိသည်ပင် လက်တွေ့မှာတော့ အလွန်သွက်လက်ကာ တောက်ပသော ဉာဏ်ပညာရှိသည့်အတွက် မည်သူကမှသူ့ကို အမှန်တကယ် အထင်သေးနှိမ့်ချရဲခြင်း မရှိပေ။ မဟုတ်ပါက ပြင်းထန်သော တိုက်ပွဲအင်အားရှိသည့် မဟာမိတ်အဖွဲ့ ပထမနေရာမှ နီမိုတော်ဝင်မျိုးနွယ် တစ်ခုလုံး၏ သူတို့အမြင်ကို ချဲ့ထွင်ပေးခြင်းနှင့် ကြုံရနိုင်သည်။
အခြားသူများ၏ ရိုးသားမှုကို သူတို့၏ ရိုးသားမှုနှင့် လဲလှယ်တတ်ပြီး နီမိုတော်ဝင်မျိုးနွယ်မှာ သိမ်သိမ်မွေ့မွေ့နှင့် အန္တရာယ်မရှိသော ချစ်စဖွယ် စည်းလုံးညီညွတ်ပုံရသည့် တိရစ္တာန်လေးများအဖြစ် အမြဲလိုနေမည်ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူမှ သူတို့ကို မကောင်းသော အကြံအစည်ဖြင့် လှည့်ဖျားရဲပါက မျက်တောင်တခတ်အတွင်း သူတို့၏ ချွန်မြသောသွားများနှင့် ထက်ရှသော လက်သည်းချွန်များကို ထုတ်ပြလာကြကာ ချစ်စဖွယ်တိရစ္ဆာန်လေးများမှ မဟာမိတ်အဖွဲ့၏ နံပါတ်တစ်ကြောက်မက်ဖွယ် သားရဲကောင်ကြီးများအသွင် ပြောင်းလဲသွားကြမည်ဖြစ်ပြီး တစ်ဖက်လူအား မိမိ၏ဘဝကိုယ်မိမိ သံသယဝင်လာရန် လုပ်လိုက်ကြမည်ဖြစ်သည်။
ဤကဲ့သို့သော ထူးခြားသည့် စိတ်နေစိတ်ထားကြောင့် မဟာမိတ်အတွင်းရှိ အခြားသောမျိုးနွယ်စုများမှာ သူတို့အပေါ် ရွံကြောက်နေခြင်းမရှိပဲ သူတို့နှင့် အပေါင်းအသင်းလုပ်ရခြင်းကို ပို၍ပင် သဘောကျ နှစ်ခြိုက်လေ့ရှိကြသည်။ တစ်ဖက်လူမှာ ရိုးသားမှန်ကန်နေသရွေ့ သူတို့အနေဖြင့် ခြေပုန်းခုတ်လာမည်ကို ထိတ်လန့်နေရန်မလိုဘဲ သူတို့ဘက်မှလည်း အပြန်အလှန်အားဖြင့် ရိုးရိုးသားသားဆက်ဆံနိုင်သည်။ နီမိုတော်ဝင်မျိုးနွယ်နှင့် သူငယ်ချင်းဖွဲ့ရာတွင်ဖြစ်စေ အလုပ်အတူတွဲလုပ်ရသည်ဖြစ်စေ အားလုံးအတွက် မရှုပ်ထွေးဘဲ အလွန်သက်သောင့်သက်သာရှိစွာ လုပ်ဆောင်နိုင်ကြသည်။
အရှင်မင်းမြတ် ဆိုင်ဒုန်မှ မော့ယန်အနီးတွင် ပါးစပ်မှ မပြတ်တမ်း တတွတ်တွတ်ရွတ်လျက် လှည့်ပတ်နေသော ရှောင်ဝူယိကိုကြည့်ကာ မနေနိုင်ဘဲ ပြုံးကာပြောပေးလိုက်မိသည်။
“မဟာစစ်သူကြီး မော့ယန်က မင်းသားလေးကို အရင်ပြန်လွှတ်ရင်လည်း အဆင်ပြေပါတယ်… အလုပ်အကြောင်း လေ့လာတယ် ဆိုတာကလည်း တစ်ရက်နှစ်ရက်နဲ့ ဘယ်လိုမှ ထူးခြားမလာနိုင်ဘူးလေ…”
တစ်စုံတစ်ယောက်မှ သူ့အတွက်ပြောပေးလာသည်ကို ကြားလိုက်ရချိန်တွင် ရှောင်ဝူယိ ကြက်အစာကောက်သကဲ့သို့ တတွတ်တွတ်ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်… ဦးဦး ကြည့်ပါလား…အရှင်ဆိုင်ဒုန်လည်း ပြောနေပြီလေ…”
မော့ယန် : “....”
အားးးးးး ငါ့အတွက် သည်လိုတူလေးကိုထိန်းဖို့ အရမ်းခက်ခဲတာပဲ…
“အင်းပါ အင်းပါ ဒါဆိုလည်း ညစာသွားမစားခင်ထိတော့ မှောင်အောင်စောင့်လိုက်ဦး…”
မဟာစစ်သူကြီးမော့ယန် သက်ပြင်းသာချလိုက်ရသည်။ အဆုံး၌ သူကူကယ်ရာမဲ့စွာဖြင့် လက်လျော့လိုက်ရလေပြီ။
ရှောင်ဝူယိ ချက်ချင်းဆိုသလို ပျော်သွားပြီး မြူးထူးခုန်ပေါက်နေခဲ့သည်။
“ ဦးဦးက အကောင်းဆုံးပဲ… ပေါင်ပေါင်း ဦးဦးကိုချစ်တယ်…”
ရေသူမဂြိုလ်နှင့် ကမ္ဘာမြေတို့၏ အချိန်အကွာအဝေးကြောင့် ရှောင်ဝူယိ၊ မော့ယန်နှင့် အခြားသူတို့ ညစာစားနေချိန်တွင် တရုတ်ပြည်၌ ညနက်နေပြီဖြစ်သည်။
ညမှာ နက်ရှိုင်းမှောင်မိုက်ကာ တိတ်ဆိတ်နေခဲ့သည်။ ယနေ့ညတွင် ကြယ်အများစုကို တိမ်ဖုံးနေသောကြောင့် ကြယ်ပွင့်လေးအချို့သာ ကြိုကြားကြိုကြား လင်းနေခဲ့သည်။ ဇွန်ဘီများမှာမူ ဤသို့သောညမျိုးတွင် အလွန်နိုးကြားနေကြသောကြောင့် ပေါက်ကွဲသံများနှင့် စူးရှရှအော်ဟစ်သံများစွာ ထွက်ပေါ်နေခဲ့သည်။
ဝူယိအခြေစိုက်စခန်းအတွင်း၌ ကင်းလှည့်နေသော တပ်သားအချို့မှလွဲ၍ လူတိုင်း အိပ်မောကျနေကြပြီ ဖြစ်သည်။ မြင့်မားသော မြို့ရိုးကြီးများနှင့် ခိုင်ခံသော လုံခြုံရေးအလွှာကြီးမှ လူတိုင်းကို စိတ်ချလက်ချနေနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
ဆာ့သ် ညကောင်းကင်ယံတွင် ပျံသန်းနေပြီး သူရှေ့မှ ခမ်းနားပြီး ရှည်လျားသော မြိုရိုးကြီးကိုကြည့်ကာ သူ၏မျက်လုံးထဲတွင် အံ့ဩမှုအရိပ်အယောင် အနည်းငယ်ရှိနေခဲ့သည်။
သူ ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်ခဲ့စဉ်အခါက လူအနည်းငယ်မျှသာ စုဝေးနေထိုင်နေကြပြီး ထိုမျှအထိ လုံးလုံးလျားလျား မတိုးတက်သေးချေ။ သူမသိလိုက်သည့်အချိန်မှာပင် အခြေစိုက်စခန်းမှာ ကြီးမားသော မြို့တော်ကြီးတစ်ခုသဖွယ် ပြောင်းလဲလာပြီး သူ၏စိတ်ကူးထားမှုကိုပင် ကျော်လွန်သွားခဲ့သည်။
ဆာ့သ် ကမ္ဘာပေါ်သို့ နေ့လည်ခင်းအချိန်တွင် ရောက်ရှိခဲ့ပြီး ညအချိန်များတွင် အမေရိကနှင့် ဥရောပဘက်သို့ သွားကြည့်ခဲ့သည်။ သို့သော်လည်း ဤနေရာကဲ့သို့ တောက်ပနေသော နေရာမျိုးကိုမူ မမြင်ခဲ့ရချေ။ ထိုနေရာရှိလူများမှာ သေးငယ်ပြီး နုံချာသော အခြေစိုက်စခန်းလေးများကိုသာ တည်ထောင်ထားရကာ ဇွန်ဘီများ ဝိုင်းရံထားရသည့် အခြေအနေအောက်တွင် ခက်ခက်ခဲခဲ ရှင်သန်နေရသည်။ ယခင်ကသွားဖူးခဲ့သည့် ဂြိုလ်အချို့ကဲ့သို့ပင် ဤနေရာတွင်လည်း သူ့မင်းသားငယ်လေး၏ တည်ရှိမှု အရိပ်အယောင် မရှိနေခဲ့ပါ။
ဆာ့သ် နေဝင်ဆည်းဆာအနောက်သို့ လိုက်ကာ ဆက်တိုက်ဆိုသလို ခရီးနှင်ခဲ့ပြီး တရုတ်ဟုခေါ်သော တိုင်းပြည်သို့ ရောက်ရှိလာခဲ့သည်။ ဤတိုင်းပြည်မှာ အခြားနေရာများနှင့် နှိုင်းယှဉ်ကြည့်ပါက တလက်လက်တောက်ပနေသော ကြယ်တစ်ပွင့်ကဲ့သို့ပင်။
သူအရှေ့မှ အခြေစိုက်စခန်းကြီးသည်ပင် အခြားသော အခြေစိုက်စခန်းများထက် ပို၍ကြီးမား တောက်ပနေသည်။
အသက်ရှင်မှုနှင့် မျှော်လင့်ချက်ဟူသော ရောင်ခြည်အလင်းတန်းမှာ ဤနေရာတွင် သိပ်သည်းထူထပ်နေပြီး အတွင်းဘက်မှ အပြင်စီသို့ပင် ဖြာထွက်နေသည်။ အဆုံး၌ လက်ရှိနေရာတွင် ကမ္ဘာပျက်ကပ်၏ တိုင်းပြည်အသစ်ကို တည်ထောင်တော့မည်ပုံ ပေါ်နေသည်။
ဆာ့သ် သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားခြင်းကို မရပ်နိုင်ခဲ့ပါ။ သူ၏မင်းသားငယ်လေးမှာ ဤနေရာတွင်ရှိသည်ဟူသော သေချာမှုမှာ သူ၏နှလုံးသားအတွင်းမှ ချက်ချင်းဆိုသလို တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ သူ၏ချစ်ရပါသော အခိုင်းအစေလေးတစ်ယောက် ထိုနေရာတွင်ရှိသည်ကို ပြန်လည်အမှတ်ရသွားသောကြောင့် ဆာ့သ်၏ စိတ်အခြေအနေမှာ ပို၍ပင် ရွှင်ပြလာရသည်။
မြို့ရိုးမှ ကာကွယ်ရေးအလွှာကို မည်သည့်စွမ်းရည်အမြုတေဖြင့် တည်ဆောက်ထားသည်ကို မသိသော်လည်း အခြေစိုက်စခန်းအတွင်းသို့ ဝူဝမ်ယွီပင် မသိသွားဘဲ ဆာ့သ် အလွယ်တကူ ဝင်ရောက်လိုက်သည်။
အခြေစိုက်စခန်း၏ အလယ်ဗဟိုရှိ ဗီလာထဲတွင် နျဲ့ရှောင်နှင့် ကျန်သူများမှာ ပိုင်မေ့ထံမှ “ သူရောက်လာပြီ “ ဟူသောစာကို မြင်လိုက်ရပြီးနောက် အားလုံးမှာ နိုးနိုးကြားကြားနှင့် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။ သူတို့၏ မျက်လုံးများကိုမှိတ်ကာ သက်ဆိုင်ရာအခန်းများထဲမှ အိပ်ရာပေါ်တွင် သတိကြီးကြီးထား၍ လဲနေကြသည်။
ဤညမှာ သက်သောင့်သက်သာရှိရှိ မအိပ်ရမည့် ညတစ်ညအဖြစ် သတ်မှတ်ထားပြီးပြီပင်။
ပိုင်မေ့ သူ၏အခန်းထဲတွင် တစ်ယောက်တည်း အိပ်ပျော်နေခဲ့သည်။ သူ၏စိတ်ထဲမှ ခေါ်သံနှင့်အတူ ရင်းနှီးနေသော ဖိနှိပ်မှုကို ခံစားလိုက်ရချိန်တွင် အိပ်ရာမှထကာ ဝရန်တာစီသို့ ထထွက်လာလိုက်သည်။
ဆာ့သ်မှာမူ ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေခဲ့ပြီး သူ၏အသက်ရှုသံတိုင်းကို မမြင်ရသော ထွင်းဖောက်မြင်နိုင်သည့် ကာကွယ်ရေးအလွှာတစ်ခုဖြင့် ကာထားကာ ပြင်ပကမ္ဘာမှ သိသွားနိုင်မည့် အရာအားလုံးနှင့် သီးသန့်ခွဲခြားထားခဲ့သည်။ ပိုင်မေ့ အထဲသို့ဝင်ကာ ဒူးတစ်ဖက်ထောက်၍ ခေါင်းကိုငုံ့လိုက်သည်။
“အရှင်…”
ပိုင်မေ့ လေးစားရိုကျိုးစွာ ခေါ်ဆိုလိုက်သည်။
ဆာ့သ်၏အကြည့်မှာ သူ၏ရှေ့မှ ချောမောခန့်ညားသော လူငယ်လေးပေါ်သို့ ကျဆင်းသွားခဲ့သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှ ဖိအားပြောင်းလဲသွားပုံကို အာရုံခံလိုက်မိချိန်တွင် သူ၏မျက်ခုံးမှာ ထိန်းချုပ်မရနိုင်အောင် ပင့်တက်သွားသည်။ ချီးကျူးစကားမပြောခင် ဆာ့သ် သူ၏ဖြူလျော်နေသောလက်ဖြင့် ပိုင်မေ့၏မေးကို ထိလိုက်သည်။
“မဆိုးဘူး မင်း သည်တစ်ခေါက် ပိုပြီးသန်မာလာတာပဲ…”
ပိုင်မေ့ ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။
“အရှင့်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်… သည်တစ်ကြိမ်မှာလည်း ကျွန်တော်မျိုး အရှင့်အတွက် စွမ်းရည်အမြုတေတွေ အများကြီး စုဆောင်းထားပြီးပါပြီ…”
ပိုင်မေ့၏ ကျိုးနွံသောစကားများကို ကြားလိုက်ရချိန်တွင် ဆာ့သ် ပို၍ပျော်မြူးသွားရသော်လည်း ဤခရီး၏ ရည်ရွယ်ချက်မှာ စွမ်းရည်အမြုတေများ ဟုတ်မနေခဲ့ပေ။ သူ၏လက်များကို ဘာသိဘာသာပင်ယမ်းကာ ပြောလိုက်သည်။
“မင်းသုံးဖို့အတွက်ပဲသိမ်းထားလိုက်ပါ…”
ပိုင်မေ့ ခေါင်းကိုမော့လာပြီး သူ၏ပုံမှာကြောင်အနေသည့်ပုံပင်။ သူ၏ ချောမောပြီး အန္တရာယ်မပေးနိုင်ပုံရသည့် မျက်နှာမှာလည်း လူများ သူ့အပေါ် သတိလျော့နည်းလာစေပုံရသည်။
“ဒါဆိုရင် သည်ငယ်သားရဲ့ အရှင်က လက်ရှိဘယ်အရာကို အလိုရှိတာပါလဲ…”
ဤကဲ့သို့ ထက်မြက်ပြီး သစ္စာရှိသည့် အစေခံတစ်ဦးနှင့် ကြုံတွေ့ရချိန်တွင် ဆာ့သ်အနေဖြင့် ထပ်မံ၍ ဖုံးကွယ်နေရန် မလိုတော့ပါ။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့ တစ်ခုပေါ်လာကာ ပြောလိုက်သည်။
“ငါက လူတစ်ယောက်ကို ရှာနေတာ… မင်းငါ့ကိုကူပြီး သူ့ကို ရှာပေးနိုင်နေသရွေ့ ငါမင်းကို ကမ္ဘာသစ်တစ်ခုပေးမယ်… အဲ့သည့်ကမ္ဘာမှာ မင်းက ငါ့ရဲ့ အထူးချွန်ဆုံး လက်အောက်ငယ်သား ဖြစ်လာပြီးတော့ အလွန်မြင့်မားတဲ့ ရာထူးကိုလည်း ရရှိလိမ့်မယ်…”
အိမ်မက်ယောင်ကဲ့သို့ စကားလုံးများကို ကြားလိုက်ရချိန်တွင် ပိုင်မေ့၏နှလုံးသားမှာ မထိန်းချုပ်နိုင်ဘဲ အနည်းငယ်ထခုန်သွားရသည်။ ထိုမျှသာမက ကမ္ဘာအသစ်ဆိုသည်မှာကော မည်သည့်အရာနည်း။ ထိုအကြောင်းကို အစပိုင်းကတည်းက ဆာ့သ် သူ့ကို ကတိပေးထားခဲ့ပြီး ဖြစ်သော်လည်း သူအနေဖြင့် အဆိုပါ ကမ္ဘာအသစ်အကြောင်းကို များစွာအလေးအနက် မမှတ်ယူမိခဲ့ပေ။
“သည်လိုသာဆိုရင် အရှင်ကဘယ်သူ့ကိုရှာနေတာပါလဲ…”
ပိုင်မေ့ စိတ်ထဲမှသံသယများကို ဖိနှိပ်ကာ တည်ငြိမ်စွာမေးလိုက်သည်။
အပြုံးမမည်သော အပြုံးတစ်ခုနှင့် ပိုင်မေ့ကိုကြည့်ကာ ဆာ့သ်ပြန်ဖြေလိုက်သည်။
“အရမ်းကိုအဖိုးတန်ပြီး ချစ်ဖို့ကောင်းတဲ့ မင်းသားငယ်လေးပေါ့…”
ပိုင်မေ့၏နှလုံးသားမှာ ရူးသွပ်စွာ ခုန်ပေါက်လာရသော်လည်း သူမည်သည့်သက်သေကိုမှ ပေါ်အောင်မလုပ်ရဲပေ။ ခေါင်းကိုမော့ကာ အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားသည့် ဆာ့သ်၏ မျက်နှာကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ သံသယနှင့် နားမလည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။
“ဒါပေမယ့် တရုတ်မှာ မင်းသားဆိုပြီးမရှိဘူးလေ…”
ပိုင်မဲ့ ရှုပ်ထွေးနေဟန်ဖြင့် အနည်းငယ်မျက်မှောင်ကြုတ်ကာ ရိုးသားစွာမေးလိုက်သည်။
ပိုင်မေ့၏ နားမလည်နေပုံရသော အကြည့်ကြောင့် ဆာ့သ်အား ကျေနပ်စေသွားကာ လွတ်လပ်ပြီး ထိန်းချုပ်မထားသော ခပ်နိမ့်နိမ့်ရယ်သံတစ်ခုကို ထွက်ပေါ်လာစေသည်။
လက်ရှိတွင် ရှောင်ဝူယိမှာ အခြေစိုက်စခန်းတွင်ရှိကြောင်း သေချာနေပြီဖြစ်သော်လည်း ဆာ့သ်၏ ပုံမှာအလောကြီးပုံမရဘဲ ပေါ့ပေါ့ပါးပါးပင် ဖြစ်နေခဲ့သည်။
ဤသည်မှာ မဟာမိတ်အဖွဲ့ဝင်များအနေဖြင့် လက်ရှိနေရာသို့ အစောဆုံးအနေဖြင့် နှစ်ရက်ကြာပြီးနောက်မှသာ ရောက်ရှိမည်ကို သူသိနေသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင်မူ သူ၏မင်းသားလေးကို ဖမ်းဆီးပြီးသွားပြီဖြစ်ပြီး သူဂရုတစိုက် ဆောက်လုပ်ထားသောနန်းတော်ထဲတွင် ထည့်သွင်း၍ အောင်မြင်စွာသန့်စင်ကာ ကမ္ဘာအသစ်တစ်ခုအဖြစ် ပေါင်းစည်းမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ၏ကမ္ဘာသစ်ထဲတွင် ပုန်းနေနိုင်သရွေ့ လူတိုင်း သူ့ကိုဖမ်းမိနိုင်ကြမည်မဟုတ်ပေ။
“ငါ့ရဲ့မင်းသားလေးက မင်းတို့ကမ္ဘာက မဟုတ်ဘူး…”
ဆာ့သ် ပိုင်မေ့၏ ကျေနပ်အားရဖွယ်မျက်နှာကို ကြည့်ကာ အဆုံး၌ ထိန်ချန်ခြင်းမရှိ ပြောပြလိုက်သည်။ ဇွန်ဘီဘုရင်များအကြားရှိ အပြည့်အဝ ဖိနှိပ်နိုင်မှုနှင့်အတူ သူ့ထက်အားနည်းသော ပိုင်မေ့မှ သူ့အပေါ် သစ္စာဖောက်လာမည်ကို ဆာ့သ် စိုးရိမ်နေခြင်း မရှိချေ။
ထို့ထက်ပိုသည်မှာ သူတို့အသွင်ပြောင်းလာခြင်းအဆင့်တွင် အလွန်ကြီးမားသော ကွာဟချက်တစ်ခုရှိနေပြီး ကွဲပြားသော ရုပ်ခန္ဓာများနှင့် မူလမျိုးနွယ်တို့ကြောင့် သူတို့နှစ်ဦးကို အပြည့်အဝပင် ပြောင်းပြန်ဖြစ်နေစေကာ ဆာ့သ်အား နှိုင်းယှဉ်မရနိုင်သူ ဖြစ်နေစေသည်။
ပိုင်မေ့အနေဖြင့်လည်း သူ၏မူလမျိုးနွယ်စီသို့ ပြန်သွားရန်မှာ မဖြစ်နိုင်တော့သောကြောင့် သူ၏ကိစ္စများအား အခြားသူများထံ လိုက်ပြောရန်မှာ မဖြစ်နိုင်ပေ။
ထို့ထက်ပိုသည်မှာ လက်ရှိပိုင်မေ့၏ ပုံစံကို ကြည့်ရုံနှင့်ပင် ပိုင်မေ့မှာ ဂြိုလ်သားများအကြောင်းကို သိပုံမရလေရာ မည်ကဲ့သို့ သူ၏မင်းသားလေးထံ သတင်းသွားပေးနိုင်မည်နည်း။
သူထင်ထားသည့်အတိုင်းပင် ဂြိုလ်သားများအကြောင်းကို ကြားလိုက်ရချိန်တွင် ပြူးကျယ်လာသည့် ပိုင်မေ့၏ မျက်လုံးများကိုကြည့်ကာ ဆာ့သ် ပို၍အကြောက်တရား ကင်းမဲ့လာခဲ့သည်။ ဆာ့သ် သူ၏ ကွမ်တမ်ဦးနှောက်ကို ထုတ်ကာ ပိုင်မေ့အား ပုံတစ်ပုံထုတ်ပြလိုက်လေသည်။
ပိုင်မေ့ မင်းသားလေး မည်သူဖြစ်ကြောင်းကို ခန့်မှန်းထားပြီးသည့်တိုင် ပုံကို ကိုယ်တိုင်မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများမှာ ထိန်းချုပ်မရနိုင်အောင် ပြူးကျယ်လာရကာ သူ၏နှလုံးမှာ ဗုံတစ်လုံးသဖွယ် ခုန်ပေါက်လာခဲ့သည်။
“သည်ဟာက ငါရှာနေတဲ့သူပဲ… သူကအခုဆိုရင် နှစ်အနည်းငယ်လောက် ပိုပြီး အသက်ကြီးလာပြီ ဆိုပေမယ့် အများကြီးတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး…”
ဆာ့သ် ခေါင်းကိုငုံ့ကာ ပုံကိုကြည့်နေသောကြောင့် ပိုင်မေ့၏မျက်လုံးထဲမှ တခဏတာထူးဆန်းမှုကို သတိမပြုမိလိုက်ချေ။
ဓာတ်ပုံထဲမှ လူငယ်လေးမှာ အသက်တစ်ဆယ့်လေး တစ်ဆယ့်ငါးခန့်သာ ရှိဦးမည့်ပုံပင်။ ကင်မရာကိုကြည့်နေသည့် ကြည်လင်တောက်ပနေသော မျက်လုံးများမှာ မြင်ရသူအဖို့ မမေ့သွားနိုင်အောင် လုပ်နေခဲ့သည်။
“ သူက အခုမင်းရဲ့အခြေစိုက်စခန်းထဲမှာ ရှိလောက်မယ်… မင်းသူနဲ့ဆုံပြီးပြီလား..”
🐹🐹🐹🐹🐹