🐹အခန်း ၈၉
ဆာ့သ်နဲ့မတန်ဘူးလို့ ဝူယိလေးထင်တယ်
ရှောင်ဝူယိနှင့် မော့ယန်တို့၏ စကားကို ကြားလိုက်ရချိန်တွင် မျက်နှာပြင်တစ်ဖက်မှ အရှင် ရန့်ထ်မှာ ချီတုမျိုးနွယ်အပေါ် ပို၍ပင် ရွံရှာမုန်းတီးလာမိပြီး မနေနိုင်ဘဲ ထပြောလိုက်သည်။
“တကယ်လို့ သည်ထင်မြင်ယူဆချက်တွေ အားလုံးသာ အမှန်ဆိုရင်တော့ ချီတုမျိူးနွယ်ရဲ့ အကြွင်းအကျန်တွေက သည်ဗိုင်းရပ်ကို အရင်ကြိုပြီးဖြန့်ထားတာ အံ့ဩစရာမရှိတော့ဘူးပဲ…”
“သည်ဗိုင်းရပ်က ငါတို့လူတွေကိုသုံးပြီး ဖွံ့ဖြိုးလာတဲ့အတွက် ငါတို့အတွက်ဆို အန္တရာယ်မရှိနိုင်ဘူးလေ… သည်တော့ ကာကွယ်ခံရတဲ့နေရာမှာ နေထိုင်သူတွေကပဲ သူတို့ကို စွမ်းရည်အမြုတေနဲ့ ဇွန်ဘီအမြုတေတွေ အမြဲတမ်းပေးနိုင်မှာကိုး…”
အရှင် ရန့်ထ် ပြောရင်းဖြင့် မျက်မှောင်ကြုတ်ထားမိကာ သူပြောခဲ့သည်မှာ အမှန်ဖြစ်နေနိုင်သည်ဟူ၍ စဉ်းစားနေမိသည်။
မော့ယန်သည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ သူ၏မျက်လုံးများထဲတွင် ဓားသွားကဲ့သို့ ထက်ရှနေမှုများနှင့် ရွံရှာမှုများပြည့်နေခဲ့သည်။
“ဟုတ်လောက်မယ်… အရင်တုန်းက ငါတို့က သူတို့ကိုမျိုးသုဥ်းလုမတတ် အခြေအနေအထိ တွန်းပို့ခဲ့တာဆိုတော့ ငါတို့ကို အမုန်းဆုံးပဲနေမှာ… တကယ်လို့သာ သည်ဗိုင်းရပ်က ငါတို့ကို အန္တရာယ်ပေးနိုင်တယ်ဆိုရင် သူတို့သေချာပေါက် ငါတို့ကိုဇွန်ဘီတွေအဖြစ် တန်းပြောင်းပစ်မှာပဲ… ပြီးတော့ စွမ်းရည်ပိုင်ရှင်တွေကလည်း ငါတို့ကိုအရင်ဆုံး စွမ်းရည်အမြုတေနဲ့ဇွန်ဘီအမြုတေတွေ ဖွဲ့စည်းခိုင်းပြီးတော့မှ သူတို့အသုံးပြုဖို့ တူးယူကြလိမ့်မယ်…”
လက်ရှိ ချီတုမျိုးနွယ်အကြောင်း ခန့်မှန်းမိရသလောက်ဆိုလျှင် ထိုသူများနှင့် ပြဿနာမှာ အဆိုးရွားဆုံးရန်ငြိုးထက် နည်းနည်းမျှမလျော့နိုင်ပေ။ သို့ဖြစ်ရာ ဇွန်ဘီဗိုင်းရပ်ကို သူတို့အပေါ်တွင် တိုက်ရိုက်အသုံးမပြုရခြင်း အကြောင်းမှာ ထိုအကြောင်းရင်းကြောင့် သေချာပေါက်ဖြစ်နိုင်နေသည်။
တခဏအတွင်းမှာပင် နေရာတွင်ရှိသောလူတိုင်းမှာ ချီတုမျိုးနွယ်အပေါ် ပို၍ရွံရှာမုန်းတီးလာကြသည်။
အရှင်မင်းမြတ် ဆိုင်ဒုန်မှ သူကိုင်ဆောင်ထားသည့် အချက်အလက်များကို ကြည့်ကာ တည်ငြိမ်စွာပြောလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သည်ဟာသာအမှန်ဆိုရင် ငါတို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအတွက် စိတ်ချထားလို့ရပြီ… ဗိုင်းရပ်က ငါတို့အပေါ်မှာ သက်ရောက်ပြီး မျိုးရိုးဗီဇပြောင်းလဲအောင် မလုပ်နိုင်မှတော့ ငါတို့အတွက် ပြန်တိုက်ဖို့ ပိုအဆင်ပြေသွားတာပေါ့…”
“ အမှန်ပဲ…”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ၎င်းအချက်မှာ အမှန်တကယ်ကိုပဲ သူတို့ကိုအချို့သော ပြသနာများမှ ကယ်တင်ပေးလိုက်နိုင်သည်။ သူတို့အနေဖြင့် ဇွန်ဘီအကိုက်ခံရခြင်း သို့မဟုတ် ဇွန်ဘီများကြောင့် ဒဏ်ရာရခြင်းကို သတိထားကာ ရှောင်ရှားနေနိုင်သရွေ့ ဗိုင်းရပ်အကူးခံရမည့် အကြောင်းအပေါ် များစွာပူပန်နေရန် မလိုပေ။
ထိုအချိန်တွင် မော့ယန်မှ ဆေးကိုသာမှီခိုနေရသော ပိုင်မေ့၏အသွင်အပြင်ကို ပြန်လည်သတိရသွားသောကြောင့် မနေနိုင်ဘဲထပြောလိုက်မိသည်။
“ဒီလိုဆိုမှ ဒါကထူးတော့ထူးဆန်းတယ်… သည်ဗိုင်းရပ်က လူသားတွေအပေါ်ကို အဆင့်လေးဆင့်အဖြစ် ခွဲခြားနိုင်တယ်ဆိုရင် ဘာလို့ ချီတုလူမျိုးတွေက သူ့တို့ကိုယ်သူတို့ စွမ်းရည်အသုံးပြုသူတွေအဖြစ် တိုက်ရိုက်မပြောင်းပစ်တာလဲ… သည်ဟာက ပိုမကောင်းဘူးလား…”
အချက်အလက်များမှတဆင့် ပိုင်မေ့၏လက်ရှိအခြေအနေကို လေ့လာခဲ့သော အန်းယိမှ ချက်ချင်းဆိုသလို တစ်ချက်မဲ့လျက်ပြောလာသည်။
“ဖြစ်နိုင်တာက ချီတုမျိုးနွယ်ဝင်တွေရဲ့ မျက်လုံးထဲမှာ ဇွန်ဘီဘုရင်က စွမ်းရည်အမြုတေကော ဇွန်ဘီအမြုတေကော နှစ်ခုစလုံးကို သုံးနိုင်တာဆိုတော့ ဗီဇပြောင်းလဲမှုနဲ့ အဆင့်ကွာခြားမှုမှာ အဆုံးစွန်ထိ အကောင်းဆုံးအရာတစ်ခု ဖြစ်နေလို့နေမှာပေါ့… ပြီးတော့ သူတို့က သေလည်းမသေနိုင်ဘူးလေ… သူတို့ရဲ့သွင်ပြင်ကို စွန့်ပစ်လိုက်ရရုံလေးပဲဟာ ဘယ်လိုလုပ်ပြီး ကွက်တိမဖြစ်ဘဲနေမှာလဲ…”
လူအုပ်ကြီးမှာ ထိုစကားကိုကြားရချိန်တွင် မထိန်းချုပ်နိုင်အောင် ခေါင်းတဆတ်ဆတ်ညိတ်နေကြပြီး ဤသည်မှာ အမှန်တကယ်ပင် ချီတုမျိုးနွယ်၏ စဉ်းစားပုံနှင့် တူညီသည်ဟု ပြောနေကြသည်။
တစ်ဖက်တွင်မူ ရှောင်ဝူယိ အခြားသောအမြင်ဖြင့် ထပြောလာသည်။
“ဒါမှမဟုတ် သူတို့ကဇွန်ဘီဘုရင်တွေအဖြစ်ပဲ ပြောင်းလဲနိုင်တာကော ဖြစ်နိုင်မလား… ဒယ်ဒီ ရှောင်ရှောင်းပြောတာတော့ စွမ်းရည်ပိုင်ရှင် ဖြစ်လာတဲ့လူအများစုက ကမ္ဘာပျက်ကပ်မတိုင်ခင်က ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကောမှာ ထူးချွန်တဲ့လူမျိုးတွေတဲ့…”
“ချီတုမျိုးနွယ်စု ဗီဇမကူးပြောင်းခင်တုန်းက သူတို့ရဲ့ခန္ဓာကိုယ်တွေက အတော်လေးအားနည်းကြတယ်… သူတို့မှာ စွမ်းရည်ပိုင်ရှင်တွေအဖြစ် နိုးထဖို့လိုအပ်တဲ့ အခြေအနေမျိုး မရှိကြဘူး… ပြီးတော့ နိုးထလာမယ့် စွမ်းရည်တွေနဲ့လည်း လုံးဝထိုက်တန်မနေဘူးလေ..”
ရှောင်ဝူယိ ရွံရှာနေဟန်ဖြင့် မပြောခင် နှုတ်ခမ်းကိုကိုက်လိုက်မိသည်။
“တကယ်လို့သာ သူတို့ရဲ့ သာလွန်တဲ့အတွေးတွေနဲ့ ခိုင်မာတဲ့ စိတ်ခွန်အားတွေကြောင့်သာ မဟုတ်ရင် သူတို့က ရိုးရိုးဇွန်ဘီတွေအဖြစ် အဆင့်ကျသွားကြမှာ…”
ရှောင်ဝူယိ၏ ချစ်စဖွယ် ရွံရှာနေသောအမူအယာကို မြင်လိုက်ရချိန်တွင် လူတိုင်းပြုံးလိုက်မိကြသည်။ သို့သော်လည်း ဂရုတစိုက် တွေးလိုက်ကြမည်ဆိုပါက အကယ်၍သာ ချီတုမျိုးနွယ်ဝင်များမှာ သူတို့နှင့်ဆင်တူသောစွမ်းရည်များကို အောင်အောင်မြင်မြင် နိုးထနိုင်ကြမည်ဆိုပါက ၎င်းမှာ အမှန်တကယ်ကို ကြောက်စရာကောင်းနေပေလိမ့်မည်။
အရှင်မင်းမြတ်ဆိုင်ဒုန်မှ အခိုင်အမာ ခေါင်းညိတ်ကာ ပြောလာသည်။
“ဟုတ်တယ်… သူတို့တွေက ငါတို့နဲ့တူတဲ့စွမ်းရည်မျိုးနိုးထလာဖို့ မထိုက်တန်ဘူး… ဒါကြောင့်ပဲ သူတို့တွေက သည်ဗိုင်းရပ်ဖွံ့ဖြိုးလာစေဖို့အတွက် ငါတို့လူတွေကို ထောင်ချောက်ဆင်ပြီး ခိုးယူလိုက်ကြတာ… သည်လိုနဲ့ တဖြည်းဖြည်း ဇွန်ဘီဘုရင်အဖြစ်ကို ဗီဇပြောင်းလဲသွားမယ်ပေါ့… ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တခြားသူတွေရဲ့ စွမ်းရည်အမြုတေတွေကို ခိုးယူခြင်းကတဆင့်ပဲ စွမ်းရည်တွေရရှိလာနိုင်မှာ… တစ်ကြိမ်တစ်ခါလေး သူခိုးဖြစ်ရင်တောင် ထာဝရသူခိုးဖြစ်နေမှာပဲ..”
ရှောင်ဝူယိမှ ချီတုမျိုးနွယ်၏ အကြွင်းအကျန်များအကြောင်းကို အာရုံစိုက်ကာ ဆွေးနွေးမှုများနှင့် ပြင်ဆင်မှုများလုပ်နေစဉ်အတွင်း ဆာ့သ်သည်လည်း အထစ်အငေါ့မရှိဘဲ ကမ္ဘာမြေပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူပြင်ဆင်ထားသည့် မျက်နှာပြင်များပေါ်တွင် ထိတွေ့ထားသော ခြေရာလက်ရာမျိုးကို မမြင်တွေ့ရမှသာ ဆာ့သ်၏နှလုံးသားမှာ ပြည့်ပြည့်ဝဝ အေးချမ်းသွားရသည်။ ထို့နောက် ကမ္ဘာမြေပေါ်သို့ အခြေအနေစစ်ဆေးရန် တုန့်ဆိုင်းခြင်းမရှိ ဝင်ရောက်လိုက်သည်။
သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် အရေးကြီးနေမှုတို့ကို သယ်ဆောင်ထားရသောကြောင့် ဆာ့သ်၏နှလုံးသားထဲတွင် အနည်းငယ်လေးလံနေရသည်။
အစောပိုင်းတွင် မျိုးနွယ်လေးခု၏ ကင်းထောက်စစ်သင်္ဘောများကို ရှုံးနိမ့်ခဲ့ရသောစစ်ပွဲမှာ သူအပေါ်သို့ ရေအေးတစ်ဇလုံခန့်ဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး မူလကရှိနေသော မာန်တက်နေသည့်စိတ်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားရကာ ဆာ့သ်ကို “ လူနည်းစုက လူများစုကို မနိုင်နိုင် “ ဟူသည့် ကြမ်းကြုတ်သော လက်တွေ့ဘဝကို သဘောပေါက်သွားစေခဲ့သည်။
မရေတွက်နိုင်သော စွမ်းရည်အမြုတေများနှင့်အတူ ဆင့်ကဲပြောင်းလဲဗိုင်းရပ်ဖြင့် အဆင့်မြှင့်တင်ထားသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားရခြင်းကြောင့် ဆာ့သ်မှာ တစ်ဦးတစ်ယောက်ချင်းစွမ်းအားတွင် အမှန်တကယ်ကို အလွန်သန်မာလှသော်လည်း မဟာမိတ်အဖွဲ့လုံးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူ၏ခွန်အားမှာ အားနည်းကာ ရယ်စရာကောင်းနေခဲ့သည်။
သူအနေဖြင့် ဤကဲ့သို့ကြီးမားသော မဟာမိတ်တပ်ဖွဲ့ကြီးကို တစ်ဦးတစ်ယောက်တည်းဖြင့် မကိုင်လှုပ်နိုင်ပါ။
ထိုအကြောင်းကို တွေးမိသွားချိန်တွင် ဆာ့သ်၏နှလုံးသားထဲမှ အမုန်းတရားမှာ ပို၍ပင်မြင့်တက်လာရသည်။ အကယ်၍သာ သူသည် ချီတုမျိုးနွယ်စုမှ တစ်ဦးတည်းသော ကြွင်းကျန်သူ မဖြစ်ခဲ့ပါက ယနေ့တွင် ထိုမျှအထိ သနားစရာကောင်းသော ပုံရိပ်ကို ချန်ထားခဲ့မိမည် မဟုတ်ပေ။
သူ၏ မင်းသားငယ်လေးကို အလျင်အမြန် ရှာဖွေရပေမည်။ သို့မှသာ သူနှင့်သက်ဆိုင်သော ကမ္ဘာအသစ်ကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်မည်ဖြစ်ကာ သူတို့ကို မူလအစတည်းက မွေးဖွားပေးခဲ့သည့် မိခင်ကြယ်စင်စုကို အမြန်ဆုံးနည်းနှင့် ပြန်လည်ဖန်တီးနိုင်မည်ဖြစ်သည်။
အသွင်ပြောင်းလဲပြီးနောက် သန်မာသောရုပ်ခန္ဓာနှင့် စွမ်းရည်တို့ကို ပိုင်ဆိုင်ရစဉ်ကတည်းက မိခင်ကြယ်စင်စု အသစ်တစ်ခု၏ တည်ရှိမှုမှာ ဆာ့သ်၏စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့သည်။
ဘုရားသခင်ကဲ့သို့ အရာအားလုံးကို အုပ်စိုးထားချင်သည့်ရည်မှန်းချက်များနှင့်အတူ ဆာ့သ် သူ၏မျိုးနွယ်ဝင်များကို ထိုမိခင်ကြယ်စင်စုပေါ်တွင် ပြန်လည်ဖန်တီးပြီး ကမ္ဘာအသစ်တစ်ခုကို တည်ဆောက်ချင်မိသည်။
မဟာမိတ်အဖွဲ့ရှိ မျိုးနွယ်စုများအားလုံးတွင် သန်မာသောမိခင်ကြယ်စင်စုများရှိကြပေရာ ထိုသူများမှာ ကံမကောင်းအကြောင်းမလှရခြင်း၏ နာကျင်မှုကို မည်သည့်နည်းနှင့်မှ နားလည်နိုင်ကြမည်မဟုတ်ချေ။
အိမ်၏အဝေးတွင် ကာလရှည်ကြာလှည့်လာသွားရပြီး သူစိမ်းများလက်အောက်တွင် နေထိုင်ရခြင်း၏ နာကျင်မှုကိုလည်း တွေးမိကြမည်မဟုတ်ပေ။ မဟာမိတ်အဖွဲ့ဝင်များမှာ သူတို့ကို ကြင်နာခြင်းဟူသော အမည်အောက်တွင် နေစရာပေးခဲ့ကြသော်လည်း အမှန်စင်စစ်မှာတော့ သူတို့ကို သနားစဖွယ်အရာဟု သတ်မှတ်၍ ပေးကမ်းစွန့်ကြဲနေကြခြင်းသာ ဖြစ်သည်။
အကယ်၍သာ သူတို့၏မိခင်ကြယ်စင်စုမှာ အစပိုင်းကတည်းက အားအင်ကုန်ခမ်းမလာခဲ့ဘူးဆိုပါက သက်ဆိုင်ရာမိခင်ကြယ်စင်စုများပေါ်ရှိ မဟာမိတ်အဖွဲ့ဝင်မျိုးနွယ်စုများ၏ ပုံမှန်ဆင့်ကဲ ပြောင်းလာခြင်းများအရ သူတို့ချီတုမျိုးနွယ်သည်လည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များနှင့် ရုပ်ခန္ဓာများကို အနှေးနှင့်အမြန်ဆိုသလို ရရှိလာနိုင်သည်။
အကယ်၍သာ သူတို့တွင် ယခင်ကတည်းက တည်ငြိမ်ပြီး ကျန်းမာသော မိခင်ကြယ်စင်စုတစ်ခု ရှိခဲ့ပါက သူတို့အနေဖြင့် လှည့်လည်သွားလာနေရန်မလိုဘဲ ရိုးရှင်းစွာပင် အာကာသအတွင်းရှိ ဘေးဒုက္ခသည်များ ဖြစ်လာကြမည် မဟုတ်ပေ။ လှည့်လည်သွားလာရခြင်းကြောင့် ကျဆင်းလာသည့် သူတို့၏ မျိုးဆက်ပွားနိုင်ရည်နှင့် ရှင်သန်နိုင်စွမ်းတို့အတွက် သေချာပေါက်အချိန်နှင့် အားအင်များအကုန်ခံရန် လိုမည် မဟုတ်ချေ။
အဆုံးစွန်သောအနေဖြင့် သူတို့ထံတွင် ကျန်းမာသောမိခင်ကြယ်စင်စုသာ ရှိခဲ့ပါက မျိုးသုဉ်းပျောက်ကွယ်တော့မည့် အခြေအနေထိတိုင် ရောက်ရှိလာမည်မဟုတ်ပေ။
ဆာ့သ် သူ၏ရှေ့မှ အပြာရောင်ဂြိုလ်ကြီးအား အပေါ်စီးမှ ငုံ့ကြည့်လိုက်မိသည်။ အလွန်မနာလိုဖြစ်ရသောကြောင့် ရူးသွပ်မိလုမတတ်ပင် ဖြစ်နေရသည်။ အဘယ့်ကြောင့် သူတို့ထံတွင်မရှိသည့် လှပကျန်းမာသော ကြယ်စင်စုကြီးများမှာ လူတိုင်းတွင် ရှိနေရသည်နည်း။
ကံကောင်းစွာဖြင့် သူ၏ကမ္ဘာသစ်ကို စတင်တည်ဆောက်တော့မည်ဖြစ်သည်။ မိခင်ကြယ်စင်စုအသစ်တစ်ခုကို သူပြန်လည်တည်ဆောက် ဖန်တီးမည်ဖြစ်ကာ သူ၏အစီအစဉ်များအောက်တွင် ထိုမိခင်ကြယ်စင်စုမှာ ထာဝရကျန်းကျန်းမာမာ နေသွားနိုင်မည်ဖြစ်သည်။
သူသည်လည်း သက်ရှိအားလုံးမှ ရိုသေလေးစားရသော ထာဝရနတ်ဘုရားတစ်ပါး ဖြစ်လာမည်ဖြစ်သည်။
ကမ္ဘာမြေပေါ်သို့ ထိုးဆင်းလာစဉ်အတွင်း ဆာ့သ်၏မျက်လုံးများမှာ အဆုံးမရှိသော ရူးသွပ်မှုများနှင့် ပြည့်နေခဲ့ပြီး သူ၏ချစ်ရပါသော မင်းသားလေးကို စတင်ရှာဖွေလိုက်သည်။
ထိုအချိန်၌။
ဓာတ်ခွဲခန်းအတွင်းရှိနေသော ပိုင်မေ့ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ တခဏအတွင်းမှာပင် တုန်ယင်လာရကာ အပြင်ဘက်မှ အပြာရောင်ကောင်းကင်ကြီးထံသို့ ခေါင်းမော့ကြည့်လိုက်ပြီး မျက်မှောင်တင်းတင်းကြုတ်လျက် ပြောလာသည်။
“သူရောက်လာပြီ…”
ပိုင်ယွဲ့နှင့် ဒေါက်တာဝေ့ဟန်မင်တို့၏ နှလုံးသားများလည်း တုန်လှုပ်သွားရသည်။
ဆာ့သ်၏ သဘာဝမှာ ဇွန်ဘီဘုရင်ဖြစ်သောကြောင့် ဇွန်ဘီဘုရင်များအကြားရှိ တုံ့ပြန်မှုမှာ အလွန်သန်မာလှသည်။ ထို့မျှသာမက ပို၍သန်မာသော ဇွန်ဘီဘုရင်မှ အားနည်းသော ဇွန်ဘီဘုရင်များနှင့် သာမန်ဇွန်ဘီများကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည်။
ပိုင်မေ့၏ စွမ်းအားမြှင့်တင်ထားမှုနှင့်ဆိုလျှင် သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းရည်အမြုတေငါးခုကို အပြည့်အဝထားရှိနိုင်ပြီဖြစ်သည်။ သူ၏ တစ်ဖက်လူမှ ဖိနှိပ်ထားသောအားကို အာရုံခံနိုင်မှုမှာလည်း တိုးတက်လာပြီ ဖြစ်သောကြောင့် အဝေးတစ်နေရာမှလာသည့် ဆာ့သ်ကိုယ်ထဲမှ ထွက်ပေါ်နေသော အလွန်အားကောင်းသည့် ဖိနှိပ်မှုကို ခံစားနိုင်သည်။
နျဲ့ရှောင်၊ ဝူဝမ်ချီနှင့် အခြားသူများမှာ ထိုသတင်းကိုကြားလိုက်ရချိန်တွင် သူတို့အားလုံး အပြင်တွင်ရှိနေရာမှ အမြန်ပြေးဝင်လာကြသည်။ လက်ရှိအချိန်မှာ နေ့လည်ခင်းဖြစ်နေသေးသည့်အတွက် ပိုင်မေ့ ယခင်ကပြောပြခဲ့ဖူးသော အချက်အလက်များအရဆိုလျှင် ဆာ့သ် ညသန်းခေါင်တွင် မရောက်လာခင်အထိ သူတို့ထံတွင်ဆွေးနွေးရန် အချိန်ကျန်သေးသည်။
နျဲ့ရှောင် ပိုင်မေ့ကိုကြည့်ကာ လေးနက်စွာမေးလိုက်သည်။
“သူအခုဘယ်မှာလဲဆိုတာ မင်းခံစားနိုင်လား ..”
ပိုင်မေ့ အတိအကျပြန်ဖြေလိုက်သည်။
“အခုကတော့ ကျွန်တော်တို့နေရာမှာ မဟုတ်ဘူး… ကြည့်ရတာ သူကမ္ဘာရဲ့တစ်ဖက်ခြမ်းကို အရင်ဆုံး သွားနေတဲ့ပုံပဲ… ညကြရင်တော့ သေချာပေါက် ကျွန်တော်တို့ဆီကို လာရှာလိမ့်မယ်…”
လောယွင်ဟိုင် ပိုင်မေ့အား စိုးရိမ်တကြီးကြည့်ကာ မေးလိုက်မိသည်။
“ဒါဆို ညကြသူလာရင် မင်းခံနိုင်ရည်ရှိပါ့မလား…”
“သူ ကျွန်တော့်ကို မသတ်ပါဘူး… သည်တစ်ခေါက်က စွမ်းရည်အမြုတေတွေလည်း လုံလုံလောက်လောက် ပြင်ဆင်ထားပြီးသားပဲလေ… သူက ကျွန်တော့်ရဲ့ အပြုအမူကောင်းအတွက် အရင်က ချီးကျူးဖူးတယ်… ကျွန်တော့်ကို အသုံးချဖို့အတွက် သေချာပေါက် သတ်ဦးမှာ မဟုတ်ဘူး..”
ပိုင်မေ့ လောယွင်ဟိုင်အား ကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“သည်တစ်ခေါက်တော့ သူ့ပါးစပ်ထဲကနေ ဘာအချက်အလက်တွေများ ပိုရလာဦးမလဲဆိုတာ ကြည့်ရမယ်… ကျွန်တော် အရင်တုန်းကတောင် မင်းတို့တွေကို အောင်အောင်မြင်မြင် လှည့်စားနိုင်ခဲ့သေးတာပဲ… မင်းတို့ ကျွန်တော့်ရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုကို ယုံကြည်ထားလိုက်ချည်…”
ပိုင်မေ့မှ စသလိုနောက်သလိုပြောပြီး လူတိုင်းကို အနည်းငယ်စိတ်အေးသွားအောင် လုပ်လိုက်သည်။
ထိုရယ်စရာကောင်းသည့် စကားများကို တွေ့ရှိသွားချိန်တွင် နျဲ့ရှောင်၏ နှုတ်ခမ်းထောင့်များသည်လည်း ထိန်းချုပ်မရနိုင်ဘဲ ကော့တက်သွားခဲ့သည်။ ထို့နောက် နျဲ့ရှောင် ပိုင်မေ့ကိုကြည့်ကာ အလွန်လေးနက်စွာ ပြောလိုက်လေသည်။
“ဒါပေမယ့် သည်နေ့ညကိုတော့ မင်း ပေါ့ပေါ့လေး တွက်ထားလို့မရဘူး… အရင်တုန်းက ငါနဲ့ ကျန်းချိုးတောင် မင်းဆီကနေ အပြည့်အဝလှည့်စားမခံလိုက်ရတာ တစ်ဖက်လူက ဗိုင်းရပ်ကို အဆင့်တင်နိုင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်နဲ့ အမြင်အရမ်းကောင်းတဲ့သူနော်… တစ်ခုခု လွဲနေတယ်လို့ ထင်တာနဲ့ အချက်ပေးခေါင်းလောင်းကိုသာ ချက်ချင်းနှိပ်လိုက်ချည်… ငါတို့အားလုံး တစ်ညလုံးမအိပ်ဘဲ မင်းနဲ့အတူ အဖော်လုပ်ပေးနေမယ်…”
နျဲ့ရှောင်လို လူတစ်ယောက်အတွက် ထိုကဲ့သို့ စကားများများ ပြောခြင်းမှာ ရှားပါးလှသောကြောင့် ပိုင်မေ့ လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး နေရာရှိလူတိုင်းကို ဘယ်မှညာအထိ ကြည့်လိုက်သည်။
“မင်းတို့အားလုံး ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေအဖြစ် ရှိနေကြတာ အရမ်းကောင်းတာပဲ…”
ထိုစကားအား ကြားလိုက်ရချိန်တွင် နေရာရှိလူတိုင်း ပြုံးလိုက်မိကြသည်။
“ဒါပေမယ့် သည်နေ့ည ပြသနာမဖြစ်ရင်တော့ အကောင်းဆုံးပဲ… ငါတို့ သူ့အကြောင်းကို သေသေချာချာ မသိရသေးဘူးလေ… သူက တကယ့်ကို သန်မာတယ် ငါနဲ့ နျဲ့ရှောင်ထက်တောင် အများကြီး သန်မာတာဆိုတော့ ငါတို့ တိုက်ခိုက်ကြမယ်ဆိုရင် အခြေစိုက်စခန်းအတွက် အန္တရာယ်များနိုင်တယ်…”
ပိုင်မေ့ လူတိုင်းကိုကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
ဤကိစ္စနှင့် ပတ်သက်၍ နေရာရှိလူတိုင်းမှာလည်း အဓိကရည်ရွယ်ချက်မှာ အချက်အလက်များကို တူးဖော်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးဆေးများ ရယူရန်သာ ဖြစ်ကြောင်းကို သတိကပ်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြရသည်။ လက်သည်တရားခံမှာ သူတို့၏မျက်စိရှေ့တွင် ရှိနေသော်လည်း အလျင်စလို မပြုမူနိုင်ခြင်းမှာ အမှန်တကယ်ပင် အလွန်နေသာထိုင်သာ မရှိသောအရာဖြစ်သည်။
“ကယ်ဆယ်ရေးတွေနဲ့အတူ ငါတို့ရဲ့မင်းသားလေးလည်း ဘယ်တော့ပြန်လာမလဲဆိုတာ သိချင်လိုက်တာနော်…”
နင်ဖုန်း ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကိုကြည့်ကာ တမ်းတနေဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားနှင့်အတူ နျဲ့ရှောင်သည်လည်း ထိန်းမရနိုင်ဘဲ အံတစ်ချက်ကြိတ်လိုက်မိသည်။ ဘေးတွင်ရှိနေသော ပိုဆီယာနှင့် ဆစ်စလိုတို့သည်လည်း စိတ်ထဲတွင် သူတို့၏မိသားစုဝင်များကို အလွန်ပင် လွမ်းဆွတ်သတိရနေကြပြီဖြစ်သည်။
ဖုန်းတောက်သည်လည်း အပြင်ဘက်မှ ကောင်းကင်ကြီးကို ငေးမောကြည့်ရင်းဖြင့် ပြောလာသည်။
“မင်းသားလေး ဝူယိနဲ့ မဟာစစ်သူကြီး မော့ယန်တို့လည်း မဟာမိတ်အဖွဲ့တွေဆီကို သွားပေါင်းလိုက်ပြီးပဲလေ… မတော်တဆမှု တစ်ခုခုသာ မရှိဘူးဆိုရင်တော့ ကယ်ဆယ်ရေးယာဉ်အဖွဲ့က အချိန်မရွေး ပြန်လာလို့ရလောက်ပါပြီ… ကြယ်သင်္ဘော အကြီးကြီးတွေက တံလျှပ်တွေကို ခုန်ကျော်နိုင်တော့ ပုံမှန်အာကာသယာဉ်တွေနဲ့ ယှဉ်လိုက်ရင် သည်တစ်ကြိမ်တော့ ကမ္ဘာပေါ်ကို ပြန်ရောက်မဲ့အချိန်က ပိုပြီးတိုသွားမှာပါ… အများဆုံးကြာမှ နှစ်ရက် သုံးရက်လောက်ပေါ့…”
လူတိုင်း : “....”
“နှစ်ရက် ဒါမှမဟုတ် သုံးရက်…”
နင်ဖုန်း ထအော်လိုက်မိသည်။
နေရာတွင်ရှိနေသော ကမ္ဘာသားများသည်လည်း မနေနိုင်ဘဲ သူတို့ယခင်ကမြင်ဖူးခဲ့သော သိသိသာသာပင် ရှည်လျားသောအကွာအဝေးရှိသည့် ကြယ်မြေပုံကြီးကို ပြန်တွေးမိလိုက်ကြသည်။
ရုတ်တရက်ဆိုသလို သူတို့အားလုံး ကြယ်စင်စု၏ နည်းပညာကြောင့် အံ့ဩနေကြရသည်။
စကားခေါင်းစဉ်မှာ ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် ပိုင်ယွဲ့သည်လည်း မနေနိုင်ဘဲ အနာဂတ်အကြောင်းကို စတင်တွေးတောမိသွားသည်။
“သည်ပျက်ကပ်ကြီးပြီးရင် ငါမင်းတို့နေရာကို လိုက်ကြည့်ဦးမှပါ…”
ဒေါက်တာဝေ့ဟန်မင်လည်း လိုက်ပါခေါင်းညိတ်လိုက်သည်။ လက်ထဲတွင်ရှိနေသော ဆေးများပင်မဆိုထားနှင့် ပိုဆီယာနှင့် တခြားသူများ ယူဆောင်လာသည့် ကွမ်တမ်ဦးနှောက်များကပင် သူတို့ကို လုံလုံလောက်လောက် အံ့အားသင့်နေအောင် လုပ်နိုင်ခဲ့ပြီးဖြစ်လေသည်။
ဤသည်မှာ ကြယ်စင်စုများအားလုံး၏ အနက်ရောင်နည်းပညာပင်ဖြစ်သည်။
နျဲ့ရှောင်၏ အာရုံစိုက်မှုမှာမူ ထိုကဲ့သို့သော အဝေးမှကိစ္စများ မဟုတ်ချေ။ သူ့မိသားစုမှ ဟမ်းစတားလေး၏ အကြောင်းကို တွေးလိုက်မိပြီး နျဲ့ရှောင် ပြောနေရင်းဖြင့်ပင် ဂုဏ်ယူနေမိသည်။
“ငါ့ကလေးလေးရဲ့ အာကာသလွန်းပျံယာဉ်က ဘယ်လိုအနက်ရောင်နည်းပညာမဆို အားလုံးကို ဖြတ်ကျော်နိုင်တယ်…”
မင်းသားလေးရေ… မြန်မြန်လေး ပြန်လာပြီး မင်းဒယ်ဒီကို လာခေါ်ပါတော့ကွာ..