🐹အခန်း ၈၈
ဝူယိလေး၏ ဒေါသနှင့် အမုန်းတရား
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ဆယ့်ကိုးနှစ်ဟူသောအချိန်မှာ များစွာမကြာလိုက်ချေ။ ထိုအချိန်တွင် အလွန်ငယ်ရွယ်နေခဲ့သောကြောင့် မှတ်ဉာဏ်များမရှိသေးသည့် ရှောင်ဝူယိမှလွဲ၍ ဤနေရာရှိလူတိုင်းမှာ အဆိုပါသွေးမြေကျသည့် စစ်ပွဲအား ကိုယ်တိုင်ခံစားဖူးကြသည်။
ချီတုလူမျိုးစု၏ ရုတ်တရက်ရူးသွပ်ကာ သစ္စာဖောက်မှုကြောင့် မဟာမိတ်အတွင်းမှ လူမျိုးစုများ၏ အဓိကပုဂ္ဂိုလ်များမှာ တစ်ဦးပြီးတစ်ဦး ကျဆုံးခဲ့ရပြီး ထိုနှစ်မှာ ကြယ်စင်မဟာမိတ်ကို တည်ထောင်ပြီးစဉ်ကတည်းကစ၍ အဆိုးရွားဆုံး ရိုက်ခတ်မှုကို ဖြစ်စေခဲ့သော အမှောင်မိုက်ဆုံး အချိန်လည်းဖြစ်သည်။
အစည်းအဝေးခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ အရှင်မင်းမြတ် ဆိုင်ဒုန်သည် သူ၏ဘေးတွင် ရှိနေသော ရှောင်ဝူယိအား ကြည့်ကာ ချစ်ခင်တွယ်တာမှုနှင့် အလိုလိုက်ပေးချင်စိတ်တို့ ခံစားလာရပြီး တစ်ဖက်လူ၏ ဆံပင်နက်နက်လေးများအား ပွတ်သပ်ပေးလိုက်မိသည်။
ဤသည်မှာ ထိုအချိန်တုန်း မွေးဖွားလာသည်မှာ မကြာသေးသော ရှောင်ဝူယိအဖို့ သူ၏မိဘများကို ထာဝရဆုံးရှုံးစေခဲ့သည့် မျှော်လင့်မထားသော ကပ်ဆိုးကြီးတစ်ခု ဖြစ်လေသည်။ ရှောင်ဝူယိ ၎င်းကို လူကိုယ်တိုင် မကြုံတွေ့ခဲ့ရသည့်တိုင် နောက်မှယူလာသည့် နောင်တနှင့်နာကျင်မှုမှာ အတော်လေး လေးလံလှသည်။
မော့ယန် သူ၏တူလေးအား အလွန်နာကျင်နေဟန်ဖြင့် ကြည့်နေမိသည်။ ထိုနှစ်မှ မတော်တဆမှုကို ပြန်လည်စဉ်းစားလိုက်မိတိုင်း သူ၏မျက်လုံးမှာ ရေများထွက်ကျလာမတတ်ပင် နက်မှောင်လာရသည်။ မော့ယန် အံတင်းတင်းကြိတ်ကာ လက်သီးဆုပ်ပြီး မုန်းတီးမှုအပြည့်နှင့် ပြောလိုက်သည်။
“ချီတုမျိုးနွယ်ကလူတွေ ကျန်နေသေးတာလား..”
ထိုနှစ်တိုက်ပွဲကို အောင်နိုင်ပြီးနောက်တွင် မော့ယန် အဆုံးသတ်ရှင်းလင်းရေးနှင့် ခြေရာခံခြင်းစစ်ဆင်ရေးကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူခဲ့သည်။ သို့သော်လည်း ပိုက်ကွန်အတွင်းမှ လွတ်ထွက်သွားသည့် ငါးများရှိနေသေးမည်ကိုမူ သူမျှော်လင့်မထားမိပါချေ။
ချီကျန်းမျိုးနွယ်စုမှ ဝန်ကြီးချုပ်ဟောင်းမှာမူ ကမ္ဘာမြေ၏ အခြေအနေအပေါ် အံ့ဩနေခြင်းမရှိပေ။ မျက်မှောင်တင်းတင်းကြုတ်ကာ အသံမာမာဖြင့် ပြောလာသည်။
“သေချာပေါက်ကို သည်လိုဗိုင်းရပ်မျိုး ချီတုက အရူးတွေပဲ လုပ်နိုင်ကြမှာ.. သန်းပေါင်းများစွာသော အသက်တွေနဲ့ စမ်းသပ်တာ တကယ်ကို ရူးသွပ်လွန်းတယ်..”
“အရင်အချိန်တွေတုန်းကလည်း သူတို့သည်လိုပဲ ငါတို့လူတွေကို သတ်ဖြတ်ခဲ့တာ… သည်ကျေးဇူးမသိတတ်တဲ့ မျက်လုံးဖြူဝံပုလွေတစ်စုကတော့လား…”
အစပိုင်းတွင် ချီတုမျိုးနွယ်စုမှာ နယ်နမိတ်စည်း၏ အစွန်ဘက်တွင်ရှိသော သေးငယ်သော ကြယ်စင်စုတစ်ခုမှ အသိဉာဏ်မြင့်မားသည့် လူမျိုးစုတစ်ခုသာ ဖြစ်ခဲ့သည်။ သူတို့၏ ကြယ်စင်စုမှ ကြယ်စွမ်းအင် ကုန်ခမ်းလာမှုကြောင့် ချီတုမျိုးနွယ်စုတို့၏ ကြယ်စင်စုမှာ နေထိုင်၍ မရတော့သဖြင့် ကြယ်ကောင်းကင်းအတွင်းရှိ အခြားသောနယ်မြေများစီသို့ စတင်ခြေဆန့်လာကြခြင်း ဖြစ်သည်။
ချီတုမျိူးနွယ်စုမှာ သူတို့အားလုံးကြယ်စင်စုတစ်ခုလုံးရှိ လူအားလုံး၏အသိဉာဏ်နှင့်ခွန်အားတို့ကို စုစည်း၍ ဆက်လက်နေထိုင်ရန် မသင့်တော်တော့သော သူတို့၏ ကြယ်စင်စုမှထွက်ခွာရန် အာကာသယာဉ်တစ်စီးကို တည်ဆောက်ခဲ့ပြီး ကျယ်ပြောသော ကြယ်ပင်လယ်အတွင်း လှည့်လည်သွားလာခဲ့ကြသည်။
လှည့်လည်သွားလာနေသည့် လုပ်ငန်းစဉ်အတွင်း ချီတုလူမျိုးစုမှာ မျိုးဆက်သစ်များကို အစားထိုးရာတွင် ပြသနာများ ကြုံတွေ့ခဲ့ရပြီး သူတို့မျိုးနွယ်စု၏ လူဦးရေမှာ သိသိသာသာ ကျဆင်းသွားရကာ မဟာမိတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံရချိန်တွင် သူတို့မှာ မျိုးဆက်ပြတ်လုမတတ်ပင် ဖြစ်နေကြရသည်။
ထိုအချိန်တွင် ကြယ်စင်မဟာမိတ်အဖွဲ့၏ ငြိမ်းချမ်းရေးစနစ်ကို အတည်ပြုထားသည်မှာ နှစ်တစ်ရာကျော်မျှ ကြာမြင့်နေပြီဖြစ်သည်။ ချီတုမျိုးနွယ်စုကဲ့သို့ သူတို့၏ဇာတိမြေကို ဆုံးရှုံးခဲ့ရပြီး တိုက်ခိုက်နိုင်စွမ်းမရှိသော သနားစဖွယ်ခရီးသွားများကို တွေ့ဆုံရချိန်တွင် မဟာမိတ်အဖွဲ့ဝင်များမှာ ကိုယ်ကျိုးမငဲ့ဘဲ လက်ကမ်းကြိုဆိုကြကာ ထိုသူတို့အတွက် နေထိုင်ရန်နေရာတစ်ခု ပေးခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်ခဲ့သည့် ချီတုလူမျိုးများမှာလည်း ထိုအခွင့်အရေးကို အလွန်ကျေးဇူးတင်ခဲ့ကြပြီး မကြာမီအချိန်အတွင်းမှာပင် ၎င်းတို့မှာ မဟာမိတ်အဖွဲ့ဝင်များ၏ မျက်နှာသာပေးမှုကို ရရှိလာသည်။
ချီတုလူမျိုးစုများမှာ သူတို့၏နဖူးအလယ်ရှိ မြှားခေါင်းကဲ့သို့ ဆေးရောင်ခြယ်သထားခြင်းကြောင့် ကျော်ကြားကြပြီး သူတို့၏ ဉာဏ်ပညာကြီးမားမှုများနှင့် မြင့်မားသော သိပ္ပံနှီးနွယ်သုတေသနာဆိုင်ရာ စွမ်းရည်များမှာ မွေးရာပါဖြစ်သည်။ သူတို့၏ ပြောင်မြောက်သော သင်ယူနိုင်ခြင်းအရှိန်နှင့် စွမ်းရည်တို့ကြောင့် မဟာမိတ်အတွင်းရှိ မျိုးနွယ်များ၏ ယဉ်ကျေးမှုအတွင်းသို့ ပြီးပြည့်စုံစွာ ဝင်ရောက်နိုင်ခဲ့ကာ အဆင့်မြင့်သုတေသနအဖွဲ့အစည်းများထံသို့ပင် ခြေဆန့်နိုင်ခဲ့ကြသည်။
သူတို့တစ်ယောက်စီတိုင်း၏ ပြောင်မြောက်လှသော သုတေသနရလဒ်များကြောင့် မျိုးနွယ်စုတိုင်းမှာ သူတို့ကို ပိုမိုချစ်ခင်လာကြပြီး မိခင်ဂြိုလ်အား ဆုံးရှုံးခဲ့ရခြင်းကြောင့် ချီတုမျိုးနွယ်စုမှာ ကျန်မျိုးနွယ်စုများအားလုံး၏ ရင်ထဲတွင် သနားကြင်နာစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။
ဤသို့ဖြင့် ထိုကဲ့သို့ဦးစားပေးခံရသော ပတ်ဝန်းကျင်အတွင်း ချီတုမျိုးနွယ်စုမှာ အလျင်အမြန် ကြီးထွားလာခဲ့သည်။
သို့သော်လည်း နှမြောစရာကောင်းသည့်အချက်မှာ သူတို့၏ဦးနှောက်မှာ မည်မျှကောင်းမွန်နေစေကာမူ သူတို့၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်မှာ အလွန်အားနည်းနေခြင်းပင်ဖြစ်သည်။ ကာလရှည်ကြာ အာကာသအတွင်း လှည့်လည်သွားလာခဲ့ရခြင်းကြောင့် သူတို့၏မျိုးရိုးဗီဇများကို ထိခိုက်သွားစေကာ နည်းပညာနှင့် ဖြေရှင်း၍ မရနိုင်သော မျိုးပွားရန် အလွန်ခက်ခဲသည့် ပြဿနာကို ဖြစ်ပေါ်စေခဲ့သည်။
အမျိုးစုံသော မွေးရာပါ တိုက်ခိုက်နိုင်စွမ်းနှင့် စွမ်းရည်အမျိုးမျိုးရှိကြသော အခြားမဟာမိတ်အဖွဲ့ဝင်မျိုးနွယ်စုများနှင့် နှိုင်းယှဉ်ပါက ချီတုမျိုးနွယ်စုဝင်များမှာ အလွန်ပင်အားနည်းပိန်လှီကာ ဖန်လူသားများကဲ့သို့ အထိမခံချေ။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေရခြင်းကြောင့် ချီတုမျိုးနွယ်စုဝင်များ၏ စိတ်ထဲတွင် မကောင်းသောအတွေးများ စတင်ဖြစ်ပေါ်လာကြသည်။ သူတို့၏ လူဦးရေနည်းပါးမှုနှင့် အလွန်ခိုင်မာသော ညီညွတ်မှုတို့ဖြင့် မဟာမိတ်အဖွဲ့ဝင်များ၏ နှာခေါင်းအောက်မှာပင် ချီတုမျိုးနွယ်ဝင်များမှာ ကြောက်မက်ဖွယ်ကောင်းသည့် အကြံတစ်ခုကို တိတ်တဆိတ် ပြင်ဆင်လာခဲ့သည်။
ချီတုမျိုးနွယ်စုဝင်များမှာ အခြားသောမျိုးနွယ်စုများ၏ အားကောင်းသောကိုယ်ဟန်နှင့် ထူးခြားသော စွမ်းရည်များကို မျက်စိကျလာကြသည်။
အစပိုင်းတွင် စမ်းသပ်မှုများကို လုပ်ဆောင်ရန် သာမန်နေထိုင်သူများကိုသာ ဖမ်းဆီးခဲ့သောကြောင့် မည်သူကမှ ၎င်းအားသတိမပြုမိခဲ့ပေ။ သို့သော်လည်း သူတို့၏သုတေသနမှာ တိုးတက်လာသည်နှင့်အမျှ ချီတုမျိုးနွယ်စုဝင်များမှာ သာမန်နေထိုင်သူများ၏ စွမ်းရည်များဖြင့် မတင်းတိမ်နိုင်ကြတော့ဘဲ ပို၍စွမ်းရည်ကြီးမားသော ရာထူးအမြင့်ပိုင်းရှိသူများကို စတင်ကြံစည်လာကြသည်။
ချီတုမျိုးနွယ်ဝင်များမှာ ဆေးသုတေသနပညာရှင်များအနေဖြင့် ထိုရာထူးအမြင့်ပိုင်းရှိ လူများ၏ယုံကြည်မှုကို ရရှိထားသောကြောင့် အောင်အောင်မြင်မြင် ချဉ်းကပ်နိုင်ခဲ့သည်။ အဆုံး၌ သူတို့ပြင်ဆင်ထားသည့်အတိုင်းပင် လွန်ခဲ့သော တစ်ဆယ့်ကိုးနှစ်မှ သွေးလွှမ်းသော အလွန်အကျွံသတ်ဖြတ်မှုကြီးကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြလေသည်။
ကြိုတင်မပြင်ဆင်ထားမိသောကြောင့် မရေတွက်နိုင်သော နာမည်ကျော်ပုဂ္ဂိုလ်များမှာ ထိုနေ့တွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရသည်။
ရှောင်ဝူယိ၏ မိဘများသည်လည်း ထိုနေ့ည၏သတ်ဖြတ်ပွဲအတွင်း ပါသွားခဲ့ရသည်။ အားနည်းသော ချီတုလူမျိုးစုများ၏ရှေ့ တွင် လူတိုင်းမှာ သတိလျော့ချမိထားခြင်းပင် ဖြစ်သည်။
မဟာမိတ်အဖွဲ့တစ်ခုလုံးလည်း ထိုသွေးလွှမ်းသော မတော်တဆမှုကြောင့် ဆက်တိုက်ဆိုသလို ပြင်းပြင်းထန်ထန် အထိနာသွားခဲ့ရသည်။
ချီတုမျိုးနွယ်ဝင်များမှာ အရာအားလုံးကို စေ့စေ့စပ်စပ်ပြင်ဆင်ထားခဲ့ကြသည်။ ချောင်းမြောင်းတိုက်ခိုက်မှု အောင်မြင်သွားသည်နှင့် ထိုသူများမှာ စစ်သင်္ဘောတပ်ဖွဲ့များအတွင်းသို့ ခိုးယူရန်ကျူးကျော်ဝင်ရောက်ကာ ထွက်ပြေးနိုင်ရန်အတွက် တိုက်ခိုက်မှုကြီးတစ်ခုကို စတင်လိုက်ကြသည်။
မဟာမိတ်အဖွဲ့မှလူများမှာ အဆိုပါ ကျေးဇူးမသိတတ်သော မျက်လုံးဖြူဝံပုလွေ ချီတုမျိုးနွယ်ကြောင့် အလွန်အထိနာခံရပြီး လူတိုင်းမှာ ပြင်းပြင်းထန်ထန် ဒေါသထွက်နေရသည်။
ထို့အတွက်ကြောင့် မျိုးနွယ်စုတိုင်းမှာ ချီတုမျိုးနွယ်စုကို ဖိနှိပ်ရှင်းလင်းရန်အတွက် မဟာမိတ်တစ်စုတစ်လုံး၏ အင်အားကို ပေါင်းစည်းခဲ့ကြသည်။ အဆုံး၌ ချီတုမျိုးနွယ်စုမှာ မဟာမိတ်အဖွဲ့ဝင်များ၏ တိုက်ခိုက်နိုင်စွမ်းကို အထင်သေးမိခဲ့ကြသောကြောင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရကာ လက်တုံ့ပြန်နိုင်မည့် အားအင်ကို ဆုံးရှုံးလိုက်ကြရသည်။
ဤသို့ဖြင့် အရာအားလုံး ပြီးဆုံးသွားချိန်တွင် ချီတုမျိုးနွယ်စုမှာ မဟာမိတ်အဖွဲ့အတွင်းမှ ခြေရာလက်ရာပင်မကျန်အောင် ပျောက်ကွယ်သွားရသော်လည်း သူတို့ကြောင့်ဖြစ်ပွားခဲ့ရသည့် နာကျင်မှုမှာမူ မည်သည့်နည်းနှင့်မှ ပျောက်ပျက်သွားနိုင်မည့် အရာမဟုတ်ချေ။
အတိတ်မှမှတ်ဉာဏ်များကို ပြန်လည်ရရှိပြီးစဉ်ကတည်းက ရှောင်ဝူယိမှာ သူ၏ ခမည်းတော်နှင့် မယ်တော်တို့အကြောင်းကို အလွန်ပင်သိချင်မိခဲ့သည်။ လူတိုင်းမှာ ထိုနှစ်မှ သွေးလွှမ်းမှုအကြောင်းကို သူ့ရှေ့တွင်ပြောရန် မည်မျှပင် တွန့်ဆုတ်နေကြစေကာမူ ရှောင်ဝူယိအနေဖြင့် သိသင့်သလောက် သိနေသေးသည်။
မော့ယန်နှင့် အန်းယိတို့မှ သူ့အပေါ် မည်မျှပင် အချစ်များစွာ ပေးနေသော်ငြား မိဘနှစ်ပါး၏ သေဆုံးမှုအတွက် နောင်တနှင့် ပူဆွေးမှုမှာမူ ရှောင်ဝူယိ၏ နှလုံးသားထဲတွင် ထာဝရ တည်ရှိနေမည် ဖြစ်သည်။
သွေးရင်းမိဘများကို ချီတုမျိုးနွယ်စုကြောင့် ဆုံးရှုံးခဲ့ရပြီး ယခုတွင်လည်း ထပ်မံ၍ ထိုချီတုမျိုးနွယ်စုကြောင့် သူ၏ဒုတိယအိမ်ဖြစ်ပြီး သူနှင့် နျဲ့ရှောင်တို့ အလွန်ချစ်မြတ်နိုးကြသော ကမ္ဘာမြေကြီးမှာ ဒဏ်ရာများအပြည့်နှင့် အသက်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြန်သည်။
ချီတုမျိုးနွယ်စုမှာ ရှောင်ဝူယိ၏ ဒေါသနှင့် အမုန်းတရားကို အောင်အောင်မြင်မြင် ဆွပေးနိုင်ခဲ့လေသည်။
“ပေါင်ပေါင်း သူ့ကို ပေါင်ပေါင်းရဲ့ လက်နဲ့ ကိုယ်တိုင်သတ်ပစ်မှာ…”
ဒေါသတကြီး အံကြိတ်ခဲလှသော ရှောင်ဝူယိမှာ အံကိုတင်းတင်ကြိတ်၍ အညှာအတာကင်းမဲ့သော စကားကို ပြောဆိုခဲ့ပြီး ဤသို့ဖြင့် ဟမ်းစတားလေး၏ ဒေါသနှင့် ရက်စက်တတ်သော သဘာဝမှာ လုံးလုံးလျားလျား ဆင့်ခေါ်ခံလိုက်ရသည်။
ကောင်ငယ်လေး၏ မျက်လုံးများနီရဲနေသော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် လူတိုင်းမှာ အနည်းငယ်မျှ ထိတ်လန့်သွားရသော်လည်း ထိုအချိန်တွင် နေရာရှိလူတိုင်းမှာ ရှောင်ဝူယိ၏ စိတ်ခံစားချက်ကို ကောင်းစွာနားလည်ခဲ့ကြလေသည်။
မော့ယန်နှင့် အန်းယိတို့မှာ ရှောင်ဝူယိ၏ ပုံစံကိုကြည့်ပြီး သူတို့၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာဖြင့် ဝမ်းနည်းကြေကွဲမှုကို ခံစားနေကြရသည်။ သုတ်သင်ရှင်းလင်းရေးအပြီးတွင် ထိုကဲ့သို့သော ရန်ငြှိုးရှိနေရန် ရှောင်ဝူယိအတွက် မလိုအပ်တော့ဘူးဟု သူတို့တွေးထားမိခဲ့ကြသည်။ သို့သော်လည်း အတိတ်တွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ထင်ခဲ့ကြသော ချီတုမျိုးနွယ်စုမှာ တစ်ဖန်ပြန်၍ မကောင်းမှုများကို ကျူးလွန်လာကြပြန်သည်။
အရှင်မင်းမြတ် ဆိုင်ဒုန် မနေနိုင်ဘဲ ရှောင်ဝူယိ၏ မျက်လုံးထောင့်လေးကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးလိုက်ကာ အသာအယာပြောလာသည်။
“သူက ငါတို့အားလုံးရဲ့ ဘုံရန်သူပဲ… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကို သုတ်သင်သွားမှာပါ… ဒီမျိုးနွယ်ကိုက ကြယ်စင်စုကြီးတစ်ခုလုံးအတွက် ဒဏ်ရာဒဏ်ချက်တစ်ခု ဖြစ်နေတာပဲလေ…”
အဖြစ်ဆိုးများ၏ နောက်ကွယ်မှ လက်မဲကြီးမှာ ထုတ်ဖော်ခံလိုက်ရပြီဖြစ်သည်။ ချီတုမျိုးနွယ်စုမှ အကြွင်းအကျန်များနှင့် ရင်ဆိုင်ရချိန်တွင် အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြသော တန်ပြန်အစီအစဉ်များ၏ အန္တရာယ်ရှိနိုင်နှုန်းမှာ မြင့်တက်သွားပြီး နောက်လုပ်ရမည့်အစီအစဉ်ကို မြန်ဆန်ပြတ်သားစွာ ထုတ်ဖော်လိုက်ကြသည်။ မဟာမိတ်အဖွဲ့၏ မျိုးနွယ်စုတိုင်းမှ ကာကွယ်ရေးယာဉ်များနှင့် စစ်သင်္ဘောတိုင်းကို ကာကွယ်ထားသော နေရာအတွင်းသို့ စေလွှတ်လိုက်ကြသည်။
ဆာ့သ်၏နောက်ကွယ်တွင် ချီတုမျိုးနွယ်စုဝင်များ ပို၍ရှိမည် မရှိမည်ကို သေချာမသိရသေးသော်လည်း ယခုတစ်ကြိမ်တွင်မူ လွန်ခဲ့သော နှစ်များအတွင်းကကဲ့သို့ သတိကိုလျော့၍ သွေးလွှမ်းသော လမ်းမျိုးဖြစ်ပေါ်စေခြင်းကိုမူ သူတို့လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်တော့ချေ။
ဆုံးဖြတ်ချက်အားလုံးကို ထုတ်ပြန်ပြီးသောကြောင့် အစည်းအဝေးအပြီးသတ်ပြီး အရှင်မင်းမြတ် ဆိုင်ဒုန်သည်လည်း မြို့စားကြီး ဆိုင်ဒန်နှင့် ဆက်သွယ်နေခြင်းကို အပြီးသတ်တော့မည့်အချိန်တွင် အန်းယိမှ ရုတ်တရက်ဆိုသလို လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်မည့် ခေါင်းစဉ်တစ်ခု ယူဆောင်လာသည်။
“အဲ့သည့်နှစ်က မတော်တဆမှုဆိုမှပဲ အခုထိအောင် ချီတုမျိုးနွယ်ကလုပ်နေတဲ့ စမ်းသပ်မှုက ဘယ်လိုဟာမျိုးလဲဆိုတာကို ငါတို့အဖြေမရှာရသေးဘူးပဲ… သူတို့တွေက ရုတ်တရက်ကြီးထပြီး ငါတို့မျိုးနွယ်ဝင်တွေကို ညတွင်းခြင်း အများကြီးသတ်ပစ်ခဲ့တာ… နောက်ဆုံးကြတော့ သည်လိုအရူးထတာရဲ့ ဘယ်လိုရလဒ်ကိုများ အောင်မြင်သွားကြတာမလို့လဲ…”
အန်းယိ မေးကိုထိရင်းဖြင့် စဉ်းစားနေကာ သူ၏မျက်လုံးများမှာ မှောင်မိုက်နေခဲ့သည်။
ဤသည်ကို ကြားလိုက်ရပြီးနောက် လူတိုင်း ချက်ချင်းဆိုသလို ထိုအခြင်းအရာကို ပြန်လည်သုံးသပ်နေကြပြီး အစည်းအဝေးခန်းမအတွင်းမှ အလျင်စလို ထွက်မသွားကြတော့ပါ။
သုံးဖက်မြင်မျက်နှာပြင်ပေါ်တွင် အရှင် ရန့်ထ်မှ ခဏမျှ တွေးလိုက်ပြီးနောက် အန်းယိကိုပြောလိုက်သည်။
“တစ်ခုကတော့ သံသယဝင်စရာမလိုဘဲ လူတိုင်းသိတဲ့အရာပဲ… သည်လူတွေ အလိုချင်ဆုံးအရာက ငါတို့တွေရဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ မွေးရာပါစွမ်းရည်ကိုလေ… သူတို့က အမိကြယ်စင်စုကို ဆုံးရှုံးခဲ့ရပြီး အာကာသထဲမှာ လှည့်လည်သွားလာနေတုန်း သူတို့ရဲ့စွမ်းရည်နဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို မြှင့်တင်နိုင်မယ့် အခွင့်အရေးကို လုံးလုံးဆုံးရှုံးခဲ့ရတာကိုးး…”
“အမိမြေကြယ်စင်စုဆိုတာက မျိုးနွယ်စုတစ်ခုအတွက် အရေးပါဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တည်မှုပဲလေ… ငါတို့ကို ပထမဆုံးမွေးဖွားပေးခဲ့တဲ့ အမိမြေကြယ်စင်စုထက်ပိုပြီး သင့်တော်တဲ့နေရာဆိုတာ ရှိမှမရှိနိုင်တာ… ငါတို့တွေလည်း ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်တဲ့ ကိုယ့်အမိမြေကြယ်စင်စုမှာပဲ နှစ်သန်းရာချီနေခဲ့ကြလို့သာ သည်နေ့တွေမှာ ငါတို့ရဲ့ အားကောင်းတဲ့ စွမ်းရည်နဲ့ အရည်အချင်းတွေက အဆင့်တက်လာတာလေ… ချီတုမျိုးနွယ်အတွက်ကတော့ ဒီလိုအခွင့်အရေးမျိုးက ရှိမှမရှိနိုင်တော့ပဲ…”
“ငါလည်းသတိထားမိတယ်…”
ဤသည်ကို ကြားလိုက်ရချိန်တွင် အန်းယိမှ ခေါင်းညိတ်ကာ ဆက်ပြောလာသည်။
“အဲ့သည့်အချိန်တုန်းက သုတ်သင်ရှင်းလင်းရေးပြီးတော့ သူတို့တွေရဲ့ သုတေသနစမ်းသပ်ချက် ဒေတာတွေနဲ့ ပစ္စည်းတွေအားလုံး ပျောက်သွားတယ်လေ… ငါတို့တွေကသာ သူတို့ကို မျိုးသုဉ်းသွားတယ်ဆိုပြီး တွေးထားကြလို့ ဆက်ပြီးမစုံစမ်းကြတော့တာ… ဒါပေမယ့် အခုချိန်မှ ချီတုမျိုးနွယ်က ပြန်ပေါ်လာပြီဆိုတော့ အရင်စမ်းသပ်မှုတွေကလည်း သေချာပေါက် တိုးတက်မှုတော့ ရှိမှာပဲ… သည်လိုသာဆိုရင် လက်ရှိဇွန်ဘီဗိုင်းရပ်က သူတို့သုတေသနရဲ့ နောက်ဆုံးရလဒ်များ ဖြစ်နေနိုင်မလား…”
မြို့စားကြီး ဆိုင်ဒန်လည်း အစောပိုင်းစစ်ပွဲနှင့် ထိုအချက်ကို ဆက်စပ်မိသွားချိန်တွင် ဖြစ်နိုင်သည်ဟု အလွန်သဘောတူနေမိသည်။ ချီတုအကြွင်းအကျန်ဖြစ်သော လူတစ်ယောက်မှ ချီတုမျိုးနွယ်စု၏ မူလကအားနည်းသောပုံရိပ်ကို လုံးလုံးပြောင်းလဲပစ်နိုင်ရန် မရေမတွက်နိုင်သော စွမ်းရည်များကို အသုံးပြုခဲ့ပုံပင်။ အစောပိုင်းတွင် ထိုသူအသုံးပြုခဲ့သည့်အရာမှာ ဗိုင်းရပ်မှ သိသိသာသာ ပြန်လည်မွမ်းမံထားသော စွမ်းရည်အမြုတေများ ဖြစ်လေသည်။
မော့ယန်သည်လည်း ခေါင်းညိတ်လာသည်။ ကမ္ဘာမြေပေါ်မှ သူမြင်ခဲ့ရသော အမျိုးမျိုးအဖုံဖုံ ထူးဆန်းသည့် စွမ်းရည်များကို ပြန်လည်သတိရသွားပြီး သူပြန်ဖြေလိုက်သည်။
“ငါလည်း ဒါ ဖြစ်နိုင်တယ်လို့ ထင်တယ်… ဇွန်ဘီဗိုင်းရပ်က သူတို့ရဲ့ အပြီးသတ်ရလဒ်ဖြစ်မယ်…”
“ကမ္ဘာပေါ်မှာ စုစုပေါင်းလူသားတွေရဲ့ အဆင့်လေးဆင့်ကို ငါတို့တွေ့ထားပြီးပြီ… ပထမဆုံးက ခံစားချက်ကောအသိဉာဏ်ကော မရှိတော့ဘဲ လမ်းလျှောက်နေတဲ့ အလောင်းကောင် ဇွန်ဘီအဖြစ် ပြောင်းသွားတာပဲ… ဒုတိယကတော့ ဇွန်ဘီဘုရင်ပေါ့.. သူကတော့ ဇွန်ဘီတစ်ကောင်ဆိုပေမယ့် အသိဉာဏ်ရှိပြီး စွမ်းရည်အမြုတေတွေကို ထိန်းချုပ်နိုင်တယ်…”
“တတိယတစ်ခုကတော့ စွမ်းရည်နိုးထလာတဲ့ သာမန်လူတွေပဲ… သူတို့ထဲက စွမ်းရည်အချို့က ငါတို့တွေနဲ့ အရမ်းဆင်တယ်… ဥပမာပြောရရင် ကမ္ဘာမြေရဲ့ ရှဲ့ကျွင်းနဲ့ လျိုတာ့ရှန်တို့က မင်းတို့ချီကျန်းမျိုးနွယ်စုက စွမ်းရည်နဲ့ အရမ်းကို တူနေတာ… အရင်အချိန်တုန်းက ချီတုမျိုးနွယ်က စမ်းသပ်မှုအတွက် ငါတို့မျိုးနွယ်ဝင်တွေကို အများကြီးသတ်ဖြတ်ခဲ့တော့ သည်လိုစွမ်းရည်တွေ တူနေတာက သေချာပေါက်ကို ဆက်စပ်နေလိမ့်မယ်… နောက်ဆုံးတစ်ခုကတော့ မပြောင်းလဲသွားတဲ့ သာမန်လူသားတွေပဲ… သူတို့တွေကတော့ ဇွန်ဘီဗိုင်းရပ် ကူးစက်ခံရနိုင်ခြေ အရမ်းများပြီးတော့ ဇွန်ဘီအသစ်တွေ ဖြစ်လာနိုင်တယ်…”
မော့ယန် စကားအရှည်ကြီး ပြောလိုက်ရသောကြောင့် သူ၏လည်ချောင်းမှာ အနည်းငယ် ခြောက်သွေ့လာသဖြင့် ရေတစ်ခွက်သောက်လိုက်ရသည်။
သူ၏ဘေးမှ ရှောင်ဝူယိသည်လည်း ခေါင်းညိတ်ကာ ပြောလာသည်။
“ကမ္ဘာပေါ်ကစွမ်းရည်တွေက အရမ်းဆင်နေသလို ခံစားနေရတာ အံ့ဩစရာမရှိတော့ဘူးပဲ… အခုတွေးကြည့်လိုက်မှပဲ ကမ္ဘာမြေမှာ ပေါ်လာတဲ့ စွမ်းရည်တိုင်းလိုလိုနဲ့ တူညီတဲ့စွမ်းရည်တွေကို ပေါင်ပေါင်းတို့ မျိုးနွယ်စုတွေကြားထဲမှာ ရှာတွေ့နိုင်တယ်လေ…”
ထိုအချိန်မှစ၍ လူတိုင်းမှ မော့ယန်ပြန်သယ်လာပေးသည့် ကမ္ဘာမြေပေါ်မှ အချက်အလက်များကို ဂရုတစိုက်စေ့စပ်စွာ စတင်ဖတ်ရှုလိုက်ကြသည်။ အရှင်မင်းမြတ် ဆိုင်ဒုန်သည်လည်း ကမ္ဘာပျက်ကပ်အစတွင် ကမ္ဘာမြေပေါ်မှ လူတိုင်းခံစားခဲ့ကြရသည့် တပြိုက်နက်တည်း ကိုမာဝင်သွားရခြင်းအကြောင်းကို သတိပြုမိသွားသောကြောင့် ပြောလိုက်မိသည်။
“တကယ်လို့သာ သည်ဟာက ဗီဇပြောင်းလဲသွားပြီး လူတွေကို အဆင့်လေးခုအဖြစ် ခွဲခြားနိုင်တယ်ဆိုရင် ယေဘုယျအားဖြင့် သည်ဗိုင်းရပ်ကို ဇွန်ဘီဗိုင်းရပ်လို့ ခေါ်လို့မရတော့ဘူးပဲ…”
“ဘယ်လိုနာမည်ဖြစ်ဖြစ် အရေးမကြီးပါဘူး..”
ရှောင်ဝူယိ ကမ္ဘာပျက်ကပ်အစမှ မြင်ကွင်းများကို ဂရုတစိုက်ဖြင့် ပြန်စဉ်းစားလိုက်ပြီး ထပ်မံပေါင်းထည့်လိုက်သည်။
“သည်လိုဆိုမှ ပေါင်ပေါင်းလည်း အစတုန်းက ကိုမာဝင်နေသေးတယ်… နောက်ဆုံးရလဒ်ကတော့ ပေါင်ပေါင်းရဲ့ မူလစွမ်းရည် ပြန်ရသွားတာလေ… ကမ္ဘာပေါ်မှာ သောင်တင်နေပြီးတဲ့ နောက်က ကိစ္စတွေကို ဘာမှ မမှတ်မိတော့ပေမယ့် ပေါင်ပေါင်းရဲ့ သိုလှောင်စွမ်းရည်ကိုတော့ အရင်ကြိုပြီး ပြန်ရလာစေတယ်…”
“သည်လိုသာဆိုရင် သည်ဗိုင်းရပ်က ပေါင်ပေါင်းတို့ကို ဗီဇပြောင်းလဲသွားအောင် မလုပ်နိုင်ဘူးပဲ… အများဆုံးအနေနဲ့ ပေါင်ပေါင်းဖြစ်ခဲ့သလိုမျိုး သည်ဟာက ပေါင်ပေါင်းတို့အပေါ် သုတေသနလုပ်ထားတဲ့အတွက် မျိုးနွယ်စုဝင်တွေအပေါ် အန္တရာယ်မပေးနိုင်ဘဲ မူလစွမ်းရည် ပြန်ယူလာပေးရုံလောက်ပဲဖြစ်မှာ…”
ရှောင်ဝူယိ ရဲဝံ့စွာ ခန့်မှန်းကြည့်လိုက်သည်။
မော့ယန် ရုတ်တရက်ဆိုသလို သူ၏ဆစ်စလိုအကြောင်း ထုတ်ပယ်ခံထားရသော အတိတ်မေ့နေသည့် အခြေအနေကို ပြန်လည်သတိရသွားခဲ့သည်။ ကိုမာဝင်သွားပြီးနောက် သူ၏စွမ်းရည်မှာ ရုတ်တရက်ဖယ်ထုတ်ခံလိုက်ရကာ ထိုကိစ္စမတိုင်ခင်မှာပင် သူ၏မှတ်ဉာဏ်မှာ သိသိသာသာ ပိတ်ဆို့ခံထားရသည်။ ထိုအချိန်တွင် ဆစ်စလိုနှင့် ပိုဆီယာတို့မှာ အကျပ်အတည်းများ၏ လွှမ်းမိုးမှုကို အနည်းမျှပင် ခံရပုံပေါ်မနေခဲ့ပေ။
“ သည်ဟာက တကယ်ပဲဖြစ်နိုင်တယ်…”
မော့ယန် ခေါင်းညိတ်ကာ ပြောလိုက်သည်။