အပိုင်း ၈၇
Viewers 22k


🐹အခန်း ၈၇

 ဝူယိလေး၏ မိဘများအား သတ်ခဲ့သော ရန်သူ



“အဲသည်နှစ်ရဲ့ မတော်တဆမှုက ဝမ်းနည်းပူဆွေးမှုများစေခဲ့တယ်..”


မျိုးနွယ်စုခေါင်းဆောင် ဖုန်းသည် ကွယ်လွန်ပြီးသော ဖခင်ဖြစ်သူအား သတိရကာ တီးတိုးရေရွတ်လေသည်။ သူ၏ မျက်ခုံးများအကြား နက်ရှိုင်းသော ပူဆွေးမှု ထင်ဟပ်လျက်ရှိသည်။



လူတိုင်း မှတ်ဉာဏ်များကြား နစ်မြုပ်နေပြီး လေထုသည်လည်း ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။


အန်းယိသည် ခေါင်းစဉ်အား ထိုသို့လေးလံသွားစေရန် မရည်ရွယ်ခဲ့ပေ။ ရှောင်ဝူယိအကြောင်းကိုသာ ပြောခဲ့ခြင်းဖြစ်သော်လည်း သူကိုယ်တိုင် စကားလုံးအနည်းငယ် ထပ်ထည့်မိခဲ့သည်။


အခြေခံအားဖြင့် ‘လေအိုးအား ဖွင့်မိသူထံ၌သာ တာဝန်ရှိသည်’ ဟူသည့်အတိုင်း အန်းယိသည် လေထုအား အသက်ဝင်စေရန် ပြုံးလိုက်ပြီးနောက် နှစ်သိမ့်မှုပြုလေသည်။


“ကိစ္စတွေက အတော်ကြာပြီဆိုတော့ လူတိုင်း ရှေ့ဆက်ရမှာပါပဲ.. ကံကောင်းပြီး မင်းသားလေး ဝူယိက ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာနိုင်ခဲ့တယ်.. အခုဆို မော့ယန်နဲ့ ငါက အစ်ကိုကြီးနဲ့ မရီးကို ယုံကြည်မှုရှိရှိ ပြန်ပြောနိုင်သွားပြီ..”


“အမှန်ပဲ..”


မြို့စားကြီး ဆိုင်ဒန် ခေါင်းညိတ်ထောက်ခံမှုပြုသည်။ နှလုံးသားထဲရှိ ဝမ်းနည်းမှုများအား ဖယ်ထုတ်ကာ ဝန်ကြီး အန်းယိအား လေးစားမှု့အပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပြောလေသည်။


“ဧကရာဇ် မင်ယွမ်နဲ့ ဧကရီ ရှိ သာ ရှိနေဦးမယ်ဆိုရင် မင်းနဲ့ စစ်သူကြီး မော့ယန်ကို သေချာပေါက် ကျေးဇူးတင်နေကြမှာပါ.. ငါတို့လို အပြင်လူတွေတောင် ဒီနှစ်တွေမှာ မင်းနဲ့ မဟာစစ်သူကြီးတို့ရဲ့ လုပ်ဆောင်ချက်တွေကို မြင်နေရတယ်.. မင်းသားလေးဝူယိ အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ဖို့ မင်းအများကြီး ကြိုးစားခဲ့ရမှာ.. မင်းသားလေး ကိုယ်တိုင်ကလည်း ကံထူးတာလို့ ပြောရမှာပေါ့.. သူ့ကို အခုလိုမျိုး တန်ဖိုးထားတဲ့ မိသားစုတွေ အကြီးအကဲတွေ ရှိနေလို့ သူလည်း အရမ်းကျေးဇူးတင်နေမှာပါ..”


အန်းယိသည် ရှောင်ဝူယိ၏ ချစ်စဖွယ် အလိုလိုက်ခံ အမူအရာလေးအား တွေးမိသည့်အခါ ချက်ချင်းဆိုသလို မျက်နှာထား နူးညံ့ပျော့ပျောင်းသွားသည်။ သဘာဝကျစွာပင် သူတို့မိသားစု၏ ကလေးလေးမှာ မည်မျှ ချစ်စဖွယ်ဖြစ်ကြောင်း သူတို့အသိဆုံးပင်။


လေးလံသော အကြောင်းအရာများအား အာရုံပြောင်းပြီး‌နောက် လူတိုင်း၏ စိတ်အခြေအ‌နေ ပုံမှန်ပြန်ဖြစ်လာသည်။ ကြယ်များတလက်လက်တောက်ပနေသော အာကာပြင်တွင် ကင်းထောက်သင်္ဘောအများအပြားသည် ကမ္ဘာမြေသို့ အရှိန်အဟုန်ဖြင့် ခရီးဆက်နေကြသည်။


အန်းယိ၊ အရှင်ရန့်ထ်နှင့် အခြားသူများသည် ရေသူမျိုးနွယ်၏ စစ်သင်္ဘောပေါ်ရှိ အဓိကအစည်းအဝေးခန်းထဲ၌ ရေသူဂြိုလ်မှ မဟာမိတ်ညီလာခံ၏ ရလဒ်အား စောင့်ဆိုင်းရင်းဖြင့် ရှေ့ဆက်ရမည့် အသေးစိတ်အစီအစဉ်များအကြောင်း အတောမသတ်နိုင်အောင် ဆွေးနွေးလျက်ရှိသည်။ 


သို့သော်လည်း သေးငယ်သော အာကာသယာဉ်တစ်စီးသည် သူတို့၏ မနီးမဝေးမှ နောက်ယောက်ခံ လိုက်ပါလာကြောင်း မသိရှိကြချေ။


ဆာ့သ်သည် သူအပါအဝင် အာကာသယာဉ်၏ တည်ရှိမှုအား ဖုံးကွယ်နိုင်ရန် သီးခြားခွဲထုတ်ခြင်းနှင့် ကိုယ်ဖျောက်ခြင်း အကျိုးသက်ရောက်မှုများ ပါဝင်‌သော စွမ်းရည်အမြုတေများအား အသုံးပြုကာ သူ၏အရှေ့ရှိ ကင်းထောက်စစ်သင်္ဘောများထံမှ အနည်းငယ်မျှပင် ခြေရာခံမိခြင်းမရှိဘဲ လိုက်ပါလျက်ရှိသည်။


သေးငယ်သော ကင်းထောက်စစ်သင်္ဘော လေးစင်းပေါ်ရှိ သက်ဆိုင်ရာ သင်္ကေတများအားကြည့်ကာ ဆာ့သ်၏ မျက်လုံးများ ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် သွေးရောင်လွှမ်းလာသည်။ နီမိုတော်ဝင်မျိုးနွယ်၊ ရေသူမျိုးနွယ်၊ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်၊ ချီကျန်းမျိုးနွယ်.. အားလုံးတို့သည် သူ၏ အမုန်းစာရင်းတွင် ထိပ်ဆုံးမှပါဝင်ကြသည်။


လွန်ခဲ့သော ၁၉ နှစ်၌ မဟာမိတ်မှ ဤလူများကြောင့် သူ၏ ချီတုမျိုးနွယ် တစ်ခုလုံး ဖျက်ဆီးခံခဲ့ရပြီး သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ယခုအခါ ဆိုးဝါးလှသော မဟာမိတ်သည် သူ၏ အစီအစဉ်ကြီးအား ဖျက်ဆီးရန် ပြင်နေကြပြန်သည်။


ဆာ့သ်၏လက်များသည် အာကာသယာဉ်၏ မောင်းတံအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ လက်ချောင်းထိပ်များမှာ သွေးရောင်ကင်းမဲ့နေပြီး ရင်ဘတ်ထဲရှိ အမုန်းတရားများ လျှံထွက်လာသောကြောင့် အံတင်းတင်းကြိတ်ထားရသဖြင့် ပါးစပ်မှ သွေးစီးကျလာသည်။


မင်းသားလေးက နောက်ဆုံးဂြိုလ်ဖြစ်တဲ့ အပြာရောင်ကမ္ဘာပေါ်မှာ ရှိရမယ်..


ဤလူများအား ဆိုးဝါးသည့်အရာများ ပြုလုပ်ခွင့် မပေးနိုင်ချေ။


စောင့်ကြည့်ကိရိယာများပေါ်မှ သဲလွန်စများအား ရှာဖွေတွေ့ရှိပြီးနောက် ဆာ့သ် လှည့်ပတ်ကာ အချိန်မဖြုန်းဝံ့တော့ပေ။ စွမ်းရည်အမြုတေများ၏ စွမ်းအင်များအား အသုံးပြုကာ များစွာသော “စမ်းသပ်ခံနယ်မြေ” များမှ အခြေအနေအား လေ့လာစမ်းစစ်ခဲ့သော်လည်း မင်းသားလေးအား ခြေရာခံမရခဲ့ပေ။


“စမ်းသပ်ခံနယ်မြေ” များ၏ အခြေအနေအားလုံးမှာ အတူတူပင်ဖြစ်သည်။ ဒေသခံများသည် ဇွန်ဘီများရှေ့တွင် ခုခံနိုင်စွမ်း ကင်းမဲ့ပြီး သံသယဖြစ်ဖွယ်ရာ ‘မျှော်လင့်ချက်အလင်းရောင်’ ကဲ့သို့သော ထူးခြားသည့် တည်ရှိမှုမျိုး မတွေ့ရချေ။


နောက်ဆုံးသောလက်ကျန်မှာ ကမ္ဘာမြေဖြစ်သည်။


မင်းသားလေး ကမ္ဘာပေါ်တွင် ရှိနေကြောင်း ခက်ခက်ခဲခဲ ကောက်ချက်ချပြီးနောက် သူ၏အရှေ့ရှိ စစ်သင်္ဘောများမှာ ကမ္ဘာမြေသို့ ဦးတည်နေကြကြောင်း သိလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဤလူများအား သည်နေရာတွင် ချန်ထားရစ်ခဲ့မည်။


မင်းသားလေး ပျောက်ဆုံးသွားပြီးနောက် အပြင်ဘက်မှ သတင်းများအား အမှောင်ချခံထားရသော ကမ္ဘာပေါ်၌ သောင်တင်နေလေသည်။ ဤလူများ ကမ္ဘာမြေသို့ သွားရောက်နေခြင်းမှာ မင်းသားလေးအား ရှာဖွေရန် သို့မဟုတ် မင်းသားလေးနှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ခု ရရှိသောကြောင့် ဖြစ်ပေမည်။ ယင်းသည် မင်းသားလေးအား အန္တရာယ်များစေသလို လေဟာနယ်အား စုတ်ဖြဲကာ ထွက်ပြေးသွားစေနိုင်သည်။ ထိုသို့ဆိုလျှင် သူပြုလုပ်ခဲ့သမျှ အရာအားလုံး မြောင်းထဲသို့ ပစ်လိုက်ရုံသာ ရှိတော့မည်။


ဆာ့သ်သည် သူ၏အရှေ့ရှိ စစ်သင်္ဘောများအားကြည့်ကာ မျက်နှာပေါ်တွင် ရက်စက်ခြင်းတို့ ထင်ဟပ်လာသည်။


ရောဂါပိုးများဖြင့် မွမ်းမံပြုပြင်ထားရသော ခန္ဓာကိုယ်မှာ လူသားမဟုတ် ဇွန်ဘီမဟုတ် ဘဝဖြင့် ရှိနေသည်။ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် သုတေသနပြုပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ စွမ်းရည်အမြုတေ ၁၀ ခုအထိ ပေါင်းထည့်ထားနိုင်သည်။ ထိုစွမ်းရည်အမြုတေများအား အစားထိုးခြင်းပင် ပြုလုပ်နိုင်သည်။


လက်ရှိတွင် သူ့အနေဖြင့် မသေမျိုးတစ်ဦး ဖြစ်နေရုံသာမက အလွန်အမင်း အစွမ်းထက်သည့် စွမ်းရည်များအားလည်း ပိုင်ဆိုင်ထားလေသည်။ ချီတုမှ ဖွံ့ဖြိုးဆဲဉာဏ်ရည်နှင့် ကျိုးပဲ့လွယ်သော လူတစ်ဦး မဟုတ်တော့ပေ။


ဆာ့သ်၏ နှုတ်ခမ်းထောင့်တွင် မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည့် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ လက်မြှောက်ကာ အရှေ့ရှိ စစ်သင်္ဘော လေးစင်းအား စွမ်းရည်သုံး တိုက်ခိုက်လိုက်သည်။


ကျယ်လောင်သော ‘ဘုန်း’ ဟူသည့် မြည်သံ ထွက်ပေါ်လာပြီး ကင်း‌ထောက်စစ်သင်္ဘောလေးစင်း၏ ကိုယ်ထည်တွင် အနီးရောင်မီးတောက်များ ဖြစ်ပေါ်လာသည်။


အန်းယိနှင့် စစ်သင်္ဘောပေါ်ရှိ လူများသည် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် တုန်ခါသွားကြသည်။ ခန္ဓာကိုယ်အား အလျင်အမြန် ထိန်းညှိလိုက်ပြီးနောက် ရန်သူ၏ တိုက်ခိုက်မှုအား အရေးပေါ်တုံ့ပြန်ရန် ချက်ချင်းအသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆက်သွယ်ရေးကိရိယာများဖွင့်ကာ မိခင်ဂြိုလ်များထံသို့ ဆက်သွယ်ကြသည်။


အလစ်ဝင်တိုက်ခိုက်မှုနှင့် ကြုံရသဖြင့် အန်းယိ၊ မြို့စားကြီး ဆိုင်ဒန်နှင့် အခြားသူများ စဉ်းစားရန်ပင် မလိုဘဲ မည်သူဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။ ရောဂါပိုးကူးစက်စေသော တရားခံမှလွဲ၍ မည်သူမျှ မဖြစ်နိုင်။


“အာကာသယာဉ်သေးသေးလေးက ငါတို့စစ်သင်္ဘောတွေကို တိုက်ခိုက်ရဲတယ်ပေါ့.. ငါတို့မျိုးနွယ်တွေကို ဖိချင်သလို ဖိလို့ရတဲ့ ရွှံ့စေးများ မှတ်နေတာလား..”


မျိုးနွယ်စုခေါင်းဆောင် ဖုန်း ကြိမ်းမောင်းလိုက်ပြီးနောက် သူ၏လက်အား အားကုန်လှုပ်ရှားကာ တိုက်သင်္ဘောရှိရာသို့ ဦးတည်သွားပြီးနောက် ရန်သူနှင့် ထိတ်တိုက်တွေ့ရန် ပျံသန်းသွားလေသည်။


မြို့စားကြီး ဆိုင်ဒန်သည် ဖန်သားပြင်မှတဆင့် သေးငယ်သော အာကာသယာဉ်အား ကြောက်မက်ဖွယ်မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် ချက်ချင်းအမိန့်ထုတ်ပြန်သည်။


“ရေသူမျိုးနွယ်အားလုံး အဲသည့်ကောင်ကို ဖမ်းဖို့ပြင်မယ်..”


အရှင် ရန့်ထ်နှင့် အန်းယိ သည်လည်း တူညီသော ညွှန်ကြားချက်များ ပေးကြသည်။


ဤနေရာတွင်ရှိနေကြသူများမှာ မျိုးနွယ်အလိုက် အရေးပါသော ပုဂ္ဂိုလ်ကြီးမား ဖြစ်ကြပြီး တစ်ဦးချင်း၏ တိုက်ခိုက်စွမ်းအားမှာလည်း ကြောက်ခမန်းလိလိပင်။ သူတို့မှာ ရှားရှားပါးပါး အာကာသခရီးရှည် ထွက်လာကြခြင်း ဖြစ်သောကြောင့် ပြင်ဆင်မှု မရှိဟု ဆိုရန်မှာ မဖြစ်နိုင်ပေ။ ကင်းထောက်စစ်သင်္ဘော ဟူသည် “စစ်သင်္ဘော” ဟုပင် ခေါ်ဆိုနိုင်သည်။ အကြောင်းမှာ ယင်း၏ တိုက်ခိုက်စွမ်းအားမှာ သာမန်အာကာသယာဉ်များနှင့် နှိုင်းယှဉ်ရန်ပင် မလိုသောကြောင့် ဖြစ်သည်။ စစ်သင်္ဘောပေါ်တွင် လိုက်ပါလာကြသည့် လူအားလုံးနီးပါးမှာလည်း ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။


ရန်သူတစ်ယောက်မှ လူလေးယောက်အား ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ကြုံရာတွင် သူတို့အားလုံး “လုပ်ရဲလား..” နှင့် “ရဲတင်းလိုက်တာ” ဟူသော စကားများကိုသာ ပြောထွက်တော့သည်။


တိုက်ပွဲပြင်တွင် လူတိုင်း မျက်နှာထားမှာ တည်ငြိမ်မှုအပြည့်ပင်။ အန်းယိသည် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခြင်း မပြုသော်လည်း ဖန်သားပြင်မှတဆင့် တိုက်ပွဲအားကြည့်နေသည်။ သူ၏မျက်နှာမှာ တဖြည်းဖြည်း ပိုမိုပျက်ယွင်းလာသည်။


“အဲသည့်အာကာသယာဉ်ထဲမှာ လူတစ်ယောက်ပဲ ရှိနေသင့်တာ.. ဒါကို ဘယ်လိုလုပ်ပြီး စွမ်းရည်အများကြီး သုံးနိုင်ရတာလဲ..”


ထိုလူအား သူတို့မျိုးနွယ်များမှ တိုက်ခိုက်ရေးသမားများမှ ဝန်းရံထားသော်လည်း ယခုထိတိုင် အနိုင်မယူနိုင်သေးပေ။ များမကြာမီ မြို့စားကြီး ဆိုင်ဒန်သည် မော့ယန်ပေးပို့ထားသော အချက်အလက်များအား တွေးမိပြီးနောက် သူ၏မျက်လုံးများ လေးနက်လာသည်။  


“ဒါ သူတို့ပြောကြတဲ့ စွမ်းရည်အမြုတေကို သုံးစွဲပုံ ဖြစ်ရမယ်..”


ထိုသို့ပြောပြီးနောက် မြို့စားကြီး ဆိုင်ဒန်သည် ဖန်သားပြင်အား ချိန်ညှိလိုက်ပြီးနောက် အာကာသယာဉ်ထဲရှိ ပုံရိပ်အား အမိဖမ်းကာ မလွှတ်တမ်းကြည့်လေသည်။ ဖန်သားပြင်အလယ်တွင် ဖြူဖျော့ဖျော့ မျက်နှာတစ်ခု ပေါ်လာသည်။


သူတို့၏ အာရုံအား ဆွဲဆောင်လိုက်နိုင်သည်မှာ တစ်ဖက်လူ၏ နဖူးအလယ်ရှိ ဆူးသဏ္ဌာန်ရေးဆွဲထားသော သင်္ကေတဖြစ်သည်။


“ဒါက ချီတုမျိုးနွယ် ဖြစ်ရမယ်..”


အန်းယိ ခေတ္တမျှ အံ့အားသင့်သွားမိပြီးနောက် မုန်းတီးမှုကြောင့် မျက်လုံးများ ရဲရဲနီလာသည်။ ဧကရာဇ် မင်ယွမ်နှင့် ဧကရီ ရှီ၏ အသက်များ ပေးဆပ်ခဲ့ရသောကြောင့် နီမိုတော်ဝင်မျိုးနွယ်နှင့် ချီတုမျိုးနွယ်၏ အမုန်းတရားမှာ နက်ရှိုင်းလှပြီး ကျေအေးရန် မဖြစ်နိုင်ပေ။


သူတို့သည် လွန်ခဲ့သော ၁၉ နှစ်မှ မတော်တဆမှုအား လောလောလတ်လတ် အဖြစ်အပျက်သဖွယ် အမှတ်ရနေဆဲဖြစ်ကာ ထိုနှစ်မှ မကောင်းဆိုးဝါးအကြွင်းအကျန်အား တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားချေ။


ထိုအချိန်မှာပင် နောက်ထပ် တိုက်ခိုက်ခံရသဖြင့် စစ်သင်္ဘောလေးစင်း ထပ်မံတုန်ခါသွားပြန်သည်။ ထို့နောက် အင်ဂျင်များ မီးတောက်ပြီး ပေါက်ကွဲသဖြင့် ယာဉ်၏ပျံသန်းမှု နှောင့်နှေးသွားလေသည်။


မျိုးနွယ်စုခေါင်းဆောင် ဖုန်း သည် သူ၏ရှေ့မှ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျက် ရှိသည်။ အန်းယိနှင့် အခြားသူများ၏ စကားများအား ကြားသည့်ခါ မကျေမချမ်း ဖြစ်လာသည်။


“ဒီစောက် ချီတုက မကောင်းဆိုးဝါးတွေပဲလား..”


“ဒါဆို ဒင်းတို့က အဲသည်တုန်းက မျိုးမသုဉ်းသွားကြဘူးပေါ့..”


ဖခင်ဖြစ်သူအား သတ်ဖြတ်သွားသည့် ရန်သူမှာ မျက်စိရှေ့မှောက် ရှိနေသဖြင့် မျိုးနွယ်စုခေါင်းဆောင် ဖုန်းအား တင်းမာခက်ထန်လာစေသည်။ လက်အောက်ငယ်သားများအား ဦးဆောင်ကာ မျိုးနွယ်၏ အတုမဲ့စွမ်းရည်အား အသုံးပြုကာဖြင့် တိုက်သင်္ဘောအား မောင်းနှင်လေသည်။ ချွန်ထက်ကြီးမားသော လက်နက်များသည် ဆာ့သ်၏ အာကာသယာဉ်ပေါ်၌ အစင်းရာကြီးများ ဖြစ်ပေါ်စေသည်။ ဆာ့သ်သည် စွမ်းရည်အမြုတေများသုံးကာ အကာအကွယ်ဒိုင်းကာ ပြုလုပ်ထားသည့်တိုင် အသုံးမဝင် ဖြစ်ရလေသည်။


ချီကျန်းမျိုးနွယ်အား ချီကျန်းဟု ခေါ်ရခြင်းမှာ မွေးရာပါအရည်အချင်းများနှင့် နတ်ဘုရားကဲ့သို့သော စစ်သည်တော်များ မွေးထုတ်ပေးနိုင်သည့်အပြင် စစ်မြေပြင်တွင် အထက်မြိဆုံး လက်နက်များအား ထွင်းထုပေးနိုင်သည့် ထူးချွန်ထက်မြက်သော လက်နက်ပညာရှင်များ ရှိသောကြောင့် ဖြစ်သည်။ 


တစ်ချိန်တည်းမှာပင် နီမိုတော်ဝင်မျိုးနွယ်၊ ရေသူမျိုးနွယ်နှင့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်များသည် ၎င်းတို့၏ ပုံမှန်ထက် သာလွန်သော မွေးရာပါအရည်အချင်းများနှင့် စွမ်းရည်များအား ထုတ်ဖော်ပြသကြသည်။ ၎င်းတို့ကြားတွင် နီမိုတော်ဝင်မျိုးနွယ်မှာ အထူးချွန်ဆုံးနှင့် စွမ်းရည်အမျိုးမျိုး အသုံးပြုနိုင်လေသည်။


ဤအချိန်တွင် အန်းယိ၊ အရှင် ရန့်ထ်နှင့် မြို့စားကြီး ဆိုင်ဒန်တို့မှာ အမျက်ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်လျက်ရှိသည်။ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခြင်း မပြုကြသော်လည်း ၎င်းတို့၏ အစွမ်းထက်စွမ်းရည်များအား အသုံးပြုနေကြဆဲပင်။


အန်းယိမှာ လေစွမ်းရည် ပိုင်ဆိုင်ထားသည်။ ကြယ်တာယာ၏ လေဟာနယ်အတွင်း လေပွေတစ်ခုရွေ့လျားလာပြီး စွမ်းအားကြီးသော လေဓားသွားဖြင့် ဆာ့သ်၏ အာကာသယာဉ်အား ခုတ်ပိုင်းလိုက်သဖြင့် အကာအကွယ်ဒိုင်းကာအား နားကွဲလုတမျှ ကျယ်လောင်စူးရှသောအသံ ထွက်ပေါ်လာသည်။


ရန်သူများလွန်းသဖြင့် အရေးနိမ့်နေသော အခြေအနေတွင် ဆာ့သ်သည် သူတစ်ဦးတည်း၏ တိုက်ခိုက်စွမ်းရည်အား အထင်ကြီးမိခဲ့ခြင်းပင်။ သူ၏အရှေ့ရှိ စစ်သင်္ဘောများအား သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် မုန်းတီးစွာ ကြည့်လိုက်သည်။ သို့သော်လည်း မည်မျှကြီးမားသည့် အမုန်းတရားများ ရှိစေကာဖြင့် တဖြည်းဖြည်းချင်း ဆုတ်ခွာရန်သာ တတ်နိုင်လေသည်။


ဆုတ်ခွာနေစဉ်တွင် ဆာ့သ်သည် မီးစွမ်းရည်အမြုတေအား အသုံးပြုကာ စစ်သင်္ဘောများ၏ အင်ဂျင်များအား ဖောက်ခွဲပစ်ခဲ့ပြီးနောက် အာကာသစွမ်းရည်(နေရာလွတ်စွမ်းရည်) အသုံးပြုကာ ထွက်ပြေးလေသည်။


မည်သို့ပင်ဖြစ်စေ ဤလူများအား အချိန်ဆွဲထားရပေမည်။


အန်းယိသည် စစ်သင်္ဘော၏ ပြင်းထန်သော တုန်ခါမှုကြောင့် တသိမ့်သိမ့် တုန်သွားရသည်။ ချက်ချင်းပျောက်ကွယ်သွားသော ရန်သူအားကြည့်ကာ မျက်လုံးများနီရဲလာသည်။ အံတင်းတင်းကြိတ်ပြီးနောက် ထိုသူ၏နောက်မှလိုက်ဖမ်းရန် အမိန့်ပေးလိုက်သည်။ သို့သော် အပြောကျယ်လှသည့် ကြယ်ပင်လယ်ထဲ၌ မိမိကိုယ်ကိုယ် ဖုံးကွယ်ထားသော ဆာ့သ်အား ရှာဖွေရန် မလွယ်ကူပေ။

***


မဟာမိတ်ညီလာခံအတွင် ရေသူဂြိုလ်ပေါ်သို့ ရောက်ရှိနေကြသော ရှောင်ဝူယိနှင့် မော့ယန်သည် အန်းယိ အလစ်ဝင်တိုက်ခိုက်ခံရသည့်သတင်းအား တစ်ပြိုင်နက်တည်း ရရှိခဲ့ကြပြီး အလွန်အမင်း စိုးရိမ်ပူပန်မိကြသည်။


ရေသူမျိုးနွယ်၊ ချီကျန်းမျိုးနွယ်နှင့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်များမှ ခေါင်းဆောင်များသည်လည်း အဆိုပါသတင်းအား တစ်ပြိုင်နက်တည်းနီးပါး ရရှိခဲ့ကြပြီး အမူအရာများ အရုပ်ဆိုးလာကြသည်။


မျိုးနွယ်စုလေးခု လှုပ်ရှားမှုများသည် အခြားမျိုးနွယ်ကြီးများ၏ သိချင်စိတ်အား နှိုးဆွပေးခဲ့သည်။‌ ရှောင်ဝူယိ ဖုံးကွယ်ခြင်းမရှိဘဲ အလွန်အမင်း စိတ်အားထက်သန်စွာ ပြောလေသည်။


“အန်းယိကူးမူနဲ့ တခြားသူတွေ တိုက်ခိုက်ခံနေရပြီတဲ့.. အကာကွယ်ခံ ဒေသဆီ သင်္ဘောတွေ မြန်မြန်လေး လွှတ်ရအောင်.. ပေါင်ပေါင်းတို့ မြန်မြန်လေး လှုပ်ရှားမှဖြစ်မယ်..”


အန်းယိ၏ လုံခြုံမှုနှင့် ပတ်သက်၍ ရှောင်ဝူယိနှင့် မော့ယန်တို့ နှစ်ဦးစလုံး အနည်းငယ် စိုးရိမ်ပူပန်မိကြပြီး ထိုစိုးရိမ်မှုများအား မျက်နှာပေါ်တွင် ဖုံးကွယ်ထားဖို့ရန်ပင် မတတ်နိုင်ကြချေ။


ရေသူမျိုးနွယ်၏ အရှင်မင်းမြတ် ဆိုင်ဒန်သည် သူ၏ နားလည်မှုအား ဖော်ပြပြီးနောက် အနည်းငယ် စိုးရိမ်နေမိသည်။ မည်သို့ပင်ဖြစ်စေ မြို့စားကြီး ဆိုင်ဒန်မှာ သူ၏ညီငယ်လေးပင်။ သို့သော်လည်း မဟာမိတ်၏ ဥက္ကဌအနေဖြင့် တည်ငြိမ်မှုရှိရန် လိုအပ်ဆဲဖြစ်သည်။


“သူတို့ကို အရင်ဆုံး ဆက်သွယ်ကြည့်ပါဦး.. သည့်အပြင် ငါတို့က ချက်ချင်း အလျင်စလိုသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..”


ရှောင်ဝူယိနှင့် အရှင်မင်းမြတ် ဆိုင်ဒုန် နည်းတူ ချီကျန်းမျိုးနွယ်နှင့် ရေသူမျိုးနွယ်တို့သည် ၎င်းတို့၏ သက်ဆိုင်ရာယာဉ်ပေါ်ရှိလူများအား ဆက်သွယ်ကြလေသည်။ ဆက်သွယ်မှု အကြိမ်ကြိမ် ကျရှုံးပြီးနောက် အရှင်မင်းမြတ် ဆိုင်ဒုန်၏ ဆက်သွယ်ရေးကိရိယာမှာ အရင်ဆုံး ချိတ်ဆက်မိသွားသည်။


လုံခြုံဘေးကင်းစွာ ရှိနေကြသူ လေးဦးအား မြင်သည့်အခါမှသာ ရှောင်ဝူယိနှင့် မော့ယန် စိတ်သက်သာရာ ရနိုင်တော့သည်။


“ကူးမူ အဆင်ပြေလား.. ပေါင်ပေါင်းနဲ့ ဦးဦးက အရမ်းပဲ စိတ်ပူနေခဲ့တာ..”


ရှောင်ဝူယိမှာ ကျင့်ဝတ်ထုံးတမ်းများအား ဂရုမစိုက်ချေ။ အရှင်မင်းမြတ် ဆိုင်ဒုန်အား မှီလိုက်ပြီးနောက် ကင်မရာအနီးသို့ တိုးသွားကာ မျက်ရည်လည်ရွဲနှင့် အန်းယိအား ကြည့်နေလေသည်။


အန်းယိ၏ အမူအရာမှာလည်း နူးညံ့သွားလေသည်။


“မင်းသားလေးရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်နော်.. ဦးဦးငယ် အဆင်ပြေပါတယ်.. အခု မြို့စားကြီး ဆိုင်ဒန်ရဲ့ စစ်သင်္ဘောပေါ် ရောက်နေတာ.. ငါတို့စစ်သင်္ဘောတွေရဲ့ အင်ဂျင်တွေအားလုံး ပေါက်ကွဲသွားတယ်.. အခုတော့ ကမ္ဘာကို ဆက်သွားဖို့ မဖြစ်နိုင်သေးဘူး.. မင်းတို့ရဲ့ အကူအညီကို တောင်းရတော့မှာပဲ..”


အရှင်မင်းမြတ် ဆိုင်ဒုန်သည် ရှောင်ဝူယိ၏ အမူအကျင့်များအား ဂရုမထားချေ။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်ငယ်လေး၏ အနက်ရောင်ဆံပင်များအား အသာအယာ ပွတ်သပ်ကာ ခုံတစ်လုံး ယူလာစေပြီး သူ၏နံဘေး၌ ထိုင်ခိုင်းလိုက်သည်။


“ကယ်ဆယ်ရေးသင်္ဘောတွေ ချက်ချင်းလွှတ်လိုက်မယ်.. တိုက်ခိုက်မှုက ဘယ်လိုဖြစ်တာလဲ..”


အရှင်မင်းမြတ် ဆိုင်ဒုန်သည် ဖန်သားပြင်ပေါ်ရှိ လူလေးဦးအား ကြည့်ကာ မေးလိုက်သည်။


အန်းယိ၊ မျိုးနွယ်စုခေါင်းဆောင် ဖုန်း နှင့် အခြားသူများ၏ မျက်နှာ ချက်ချင်းအေးစက်သွားကြသည်။


“အဲဒါ ချီတုမျိုးနွယ်ပဲ..”


ဤအဖြေအား ကြားလိုက်ရသည်နှင့် ညီလာခံခန်းမတစ်ခုလုံး ကြောင်အသွားကြပြီး အမူအရာများမှာလည်း အရုပ်ဆိုးလာကြသည်။


ရှောင်ဝူယိ၏ မျက်နှာသည်လည်း ရုတ်တရက် ဖြူဖျော့သွားကာ နှုတ်ခမ်းတင်းတင်းစေ့ပြီး လက်သီးတင်းတင်းဆုပ်လိုက်သည်။


သူ၏အနီးအနားရှိ လူတိုင်းသည် ငယ်ရွယ်စဉ်မှစကာ ဝမ်းနည်းမည်ကို စိုးရိမ်သဖြင့် ထိုနှစ်မှ အဖြစ်အပျက်အား ထုတ်ပြောခဲလှသည်။ “ချီတုမျိုးနွယ်” ဟူသော စကားလုံးသည်သာ သူ၏စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲမြဲလျက်ရှိနေခြင်းပင်။