အပိုင်း ၈၆
Viewers 22k


🐹အခန်း ၈၆

 ဝူယိလေးက အနည်းငယ် ကျီစယ်တတ်တယ်




ရှောင်ဝူယိ နိုးထလာသည့်အကြောင်းမှာ ခန်းမတစ်ခုလုံး ပျာယာခပ်သွားစေသည်။ မော့ယန်သည် အန်းယိနှင့် ဖုန်းခေါ်ဆိုမှုအား ခေတ္တမျှ ရပ်ဆိုင်းပြီးနောက် ရှောင်ဝူယိထံ အလျင်စလို သွားလေသည်။


ရှောင်ဝူယိသည် ရင်းနှီးနေသော နှစ်သက်ဖွယ်ရာ ပတ်ဝန်းကျင်အားကြည့်လိုက်ပြီးနောက် အနည်းငယ် မူးဝေနေခဲ့သည်။ အနက်ရောင်ဆံပင်လေးများ ထိုးထိုးထောင်ထောင်ဖြင့် အိပ်ရာပေါ် ထိုင်နေသည်မှာ အလွန်ချစ်စဖွယ်ကောင်းလှသည်။ ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်မှ အစောင့်များ၏ နှလုံးသားများမှာ အရည်ပျော်ကျ မတတ်ပင်။ 


ငါတို့ရဲ့ ချစ်ဖို့အကောင်းဆုံး မင်းသားလေး ပြန်ရောက်လာခဲ့ပြီလေ..


မော့ယန် အလျင်စလို ရောက်လာပြီးနောက် ကုတင်စွန်းတွင်ထိုင်ကာ ရှောင်ဝူယိ၏ နဖူးလေးအား လက်ဖြင့်ထိလိုက်သည်။


“နိုးလာပြီလား.. အဆင်မပြေတာတစ်ခုခု ခံစားရလား..”


“ခံစားရဘူး..”


ရှောင်ဝူယိ ခေါင်းခါလိုက်သည်။ မော့ယန်အားကြည့်ပြီးနောက် ပတ်ဝန်းကျင်အား ကြည့်လိုက်ပြန်သည်။ ချက်ချင်းပင် အာရုံပျံ့လွင့်ကာ အနည်းငယ် စိတ်မရှည်စွာဖြင့် အိပ်ရာပေါ် လှိမ့်လိုက်သည်။


“ပေါင်ပေါင်း အဆင်ပြေပါတယ် ဦးဦး.. ပေါင်ပေါင်း ဘယ်လောက်တောင် အိပ်ပျော်သွားတာလဲဟင်.. ပေါင်ပေါင်းတို့ လူတိုင်းကို သတင်းပေးရဦးမှာ မဟုတ်ဘူးလား.. ဒါနဲ့ အန်းယိကူးမူကို ဘာလို့ မတွေ့တာလဲရော်.. ကူးမူကို ဒီအကြောင်း သေချာပေါက် ပြောရမယ်လေ..”


ရှောင်ဝူယိ စိုးရိမ်တကြီးဖြင့် ပတ်ပတ်လည်အား လှည့်ကြည့်လိုက်သည်။ စိုးရိမ်ပူပန်နေသော ချစ်စဖွယ် အမူအရာလေးမှာ တော်ဝင်မျိုးနွယ်၏ ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့် ခံ့ခံ့ညားညား အသွင်သဏ္ဌာန် မရှိသော်လည်း လူတိုင်း ကျင့်သားရနှင့်ပြီး ဖြစ်သည်။


ဖန်သားပြင်၏ တစ်ဖက်ရှိ မြို့စားကြီး ဆိုင်ဒန်နှင့် အခြားသူများပင်လျှင် စိတ်တည်ငြိမ်သွားကြသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ နီမိုတော်ဝင်မျိုးနွယ်၏ လူသိများသော ပုံမှန်စရိုက်လက္ခဏာမျှသာ ဖြစ်သည်။


မော့ယန် ရယ်မောလိုက်သည်။


“စိတ်မပူပါနဲ့ကွာ.. မင်းသားလေး အိပ်ပျော်သွားတာ တစ်ညလေးပါပဲ.. မင်းသားလေးရဲ့ ကူးမူလည်း ဒီမှာပါဗျာ..”


ထိုသို့ပြောပြီးနောက် ဆက်သွယ်ရေးကိရိယာ၏ သူတို့မိသားစုမှ မင်းသားလေးထံ ကမ်းပေးလိုက်သည်။ ဖန်သားပြင် တစ်ဖက်မှ ဝန်ကြီး အန်းယိသည် နီမြန်းနေသော မျက်လုံးများဖြင့် ရှောင်ဝူယိအား ကြည့်နေသည်။


ရှောင်ဝူယိ၏ မျက်လုံးများ အရောင်တောက်လာပြီးနောက် ဖန်သားပြင်အားကြည့်ကာ ပျော်ရွှင်စွာ အော်ဟစ်လေသည်။


 "ကူးမူ!!.."


“ကူးမူ က ဘာလဲ.. ဦးဦးငယ် လို့ခေါ်စမ်း..”


အန်းယိ နီရဲနေသော မျက်လုံးများအား လက်ဖြင့်ပွတ်လိုက်သည်။ လေသံမှာ ပြင်းထန်လှသော်လည်း ရင်းနှီးကျွမ်းဝင်မှာတို့ ပါဝင်လျက်ရှိသည်။


အန်းယိသည် ဖန်သားပြင်မှတဆင့် ရှောင်ဝူယိ၏ အခြေအနေအား အသေအချာ စစ်ဆေးကြည့်သည်။ ဖျက်လတ်တက်ကြွသော အမူအရာလေးကြောင့် နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပြောင်းသွားရသည်။


ဟမ်းစတားလေးသည်လည်း အန်းယိအား အထူးလွမ်းဆွတ်နေမိသည်။


ရင်းနှီးကျွမ်းဝင်မှုအပြည့်ဖြင့် ပြန်လည်ပေါင်းစည်းပြီးနောက် မော့ယန်သည် ရှောင်ဝူယိအိပ်ပျော်နေစဉ် ကမ္ဘာပေါ်ရှိ အခြေအနေများအား အန်းယိထံ ပြောကြားပြီးဖြစ်ကြောင်း သိလိုက်ရသည်။ လက်ရှိတွင် မြို့စားကြီး ဆိုင်ဒန်နှင့် အခြားသူများလည်း ရှိနေသဖြင့် ထိုမျိုးနွယ်စုများလည်း သိရှိကြပြီး ဖြစ်သည်။


ဤအခြင်းအရာနှင့် စပ်လျဉ်း၍ ရှောင်ဝူယိ ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားပြီးနောက် အနည်းငယ် စိတ်မရှည်စွာဖြင့် မေးလိုက်သည်။


“အားလုံး သိပြီးပြီဆိုတော့ သူတို့ကို ကယ်လို့ရမလားဟင်..”


ရှောင်ဝူယိသည် လက်တစ်ဖက်ဖြင့် ဆက်သွယ်ရေးကိရိယာအားကိုင်ကာ ကျန်တစ်ဖက်ဖြင့်‌ မော့ယန်အား လက်တွဲထားလိုက်သည်။ ထို့နောက် ခန်းမအရှေ့ရှိ စားပွဲထံ လျှောက်လှမ်းသွားပြီးနောက် နှစ်ဦးနှစ်ဖက် အစီအစဉ်များအကြောင်း ဆွေးနွေးပြောဆိုကြသည်။


ကင်းထောက်သင်္ဘောပေါ်မှ အန်းယိသည်လည်း ခေါင်းညိတ်လိုက်သည်။ တမ်းတနေမှုအား အဝေးသို့ပို့လိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလေသည်။


“ကယ်ဆယ်ရေးက ရှောင်လွှဲလို့မရဘူး.. ငါရယ် မြို့စားကြီး ဆိုင်ဒွန်ရယ်နဲ့ တခြားသူတွေက အခု ကမ္ဘာကိုသွားဖို့ ပြင်နေကြတာ.. ငါတို့ သက်ဆိုင်ရာ သတင်းတချို့ စုဆောင်းပြီး မဟာမိတ်ဌာနချုပ်ကိုလည်း သတင်းပို့ အကြောင်းကြားထားတယ်..”


အခြားတစ်ဖက်မှ မြို့စားကြီး ဆိုင်ဒန်၊ အရှင် ရန့်ထ်နှင့် အခြားသူများသည်လည်း ခေါင်းညိတ်လိုက်ကြပြီးနောက် ထပ်ပေါင်းပြောဆိုလေသည်။ 


“ငါတို့ မိခင်ဂြိုလ်တွေရဲ့ အဓိကအုပ်ချုပ်ရေးအဖွဲ့တွေကလည်း ဒီကိစ္စကို သိပြီးကြပြီ.. ငါတို့မျိုးနွယ်တွေက မဟာမိတ်ရဲ့ ညီလာခံမှာ ပါဝင်ကြမယ်.. ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို အာရုံစိုက်ရမယ်.. မဟာမိတ်ဥပဒေရဲ့ ကာကွယ်ခံဒေသဆိုတာ မဟာမိတ်တစ်ခုလုံးနဲ့ နည်းလမ်းကျကျ ဆက်နွယ်နေတာကြောင့် တခြားဂြိုလ်တွေကိုလည်း သတိပေးဖို့ လိုအပ်တယ်..”


“အွန်း.. ပေါင်ပေါင်း နားလည်ပြီ..”


ရှောင်ဝူယိ၏ အတွေးမှာ လွန်စွာရှင်းလင်းသည်။ အန်းယိ၏အဖွဲ့အားကြည့်ကာ စိုးရိမ်စွာဖြင့် အကြံပြုလေသည်။


“ဒါဆို ဦးဦးတို့ သွားတဲ့အခါ သေသေချာချာလေး ဂရုစိုက်ကြရမယ်နော်.. ပိုင်မေ့မေ့ပြောတာတော့ ဝတ်ရုံနက်နဲ့လူက အစွမ်းထက်ပြီး အန္တရာယ်များတယ်တဲ့..”


မြို့စားကြီး ဆိုင်ဒန် မျက်ခုံးပင့်လိုက်ပြီးနောက် ပြုံးလျက်နှင့် မှတ်ချက်ပြုလေသည်။


“မင်းသားလေး ဝူယိက ကျုပ်တို့အပေါ် အထင်သေးနေမှာကိုပဲ စိုးပါတယ်ဗျာ.. ကျုပ်တို့က ကင်းထောက်သင်္ဘောလေးစင်းနဲ့ လာခဲ့ပေမဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ သိတဲ့အတိုင်းပါပဲ..”


ရှောင်ဝူယိသည် အန်းယိ၊ မြို့စားကြီး ဆိုင်ဒန်၊ အရှင်ရန့်ထ်နှင့် မျိုးနွယ်စုခေါင်းဆောင် ဖုန်း တို့၏ တည်ငြိမ်လေးနက်သော မျက်နှာများအား ကြည့်လိုက်သည်။ နှာခေါင်းလေးအား ရှုံ့လိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့် တီးတိုးရေရွတ်လေသည်။


“ပေါင်ပေါင်းက သူ့ကို စိုးရိမ်တာလည်း ဟုတ်ပဲနဲ့..”


ကမ္ဘာပေါ်တွင် လေးနှစ်ကြာ နေထိုင်ခဲ့ပြီးနောက် မဟာမိတ်၏ တိုက်ခိုက်စွမ်းရည်အမြင့်ဆုံး ထိပ်ဆုံး မျိုးနွယ် ၁၀ ခုအား မေ့လျော့လုနီးနီးပင်။ ပိုဆီယာနှင့် ဆစ်စလိုတို့၏ ဆိုးဝါးလှသော တိုက်ခိုက်စွမ်းရည်များသည် ရှောင်ဝူယိအား အထင်လွဲမှားစေသည်။


ကမ္ဘာပေါ်တွင် ရှိနေသော ပိုဆီယာနှင့် ဆစ်စလိုတို့သည် ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက် နှာချေကြလေသည်။ တစ်ဆက်တည်းမှာပင် ကမ္ဘာအပြင်ဘက်မှ ရောက်ရှိလာသည့် မနှစ်မြို့မှုအား ခံစားမိလိုက်ကြသည်။


အန်းယိသည် နီမိုတော်ဝင်မျိုးနွယ်မှ နာမည်ကျော် ဝန်ကြီးချုပ်ဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းအားမှာ မဟာစစ်သူကြီး မော့ယန်ကဲ့သို့ ကောင်းမွန်ခြင်း မရှိသော်လည်း အလွန်ထူးချွန်နေဆဲပင်။ ထို့အပြင် ၎င်းတို့၏ စစ်သင်္ဘောများပေါ်တွင် လက်ရွေးစင်ကိုယ်ရံတော်များ ပါရှိကြောင်း ထုတ်ဖော်ပြောရန်ပင် မလိုချေ။


“ဒါဆိုလည်း မင်းသားလေးရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..”


အန်းယိသည် ရှောင်ဝူယိအား ချစ်ခင်ကြည့်နာစွာဖြင့် ကြည့်ကာ ပြုံးလိုက်သည်။


“လတ်တလော ဦးဦးငယ်က အပြင်မှာ ရှိနေမှာမို့ တော်ဝင်မိသားစုရဲ့ အရေးကိစ္စတွေနဲ့ မဟာမိတ်ညီလာခံကို မင်းသားလေးကပဲ အာရုံစိုက်ပေးထားပါဦး..”


"!!!"


ရှောင်ဝူယိ ထိုစကားအား ကြားသည့်အခါ ချက်ချင်းပင် မျက်နှာရှုံ့မဲ့သွားသည်။ 


“မင်းသားလေးဖြစ်ရတာ ပြဿနာများလိုက်တာနော်.. ဟူးးး ကမ္ဘာပေါ်မှာပဲ ဒယ်ဒီ့ပေါင်ပေါင်းဖြစ်ရတာ ပိုကောင်းတယ်..”


မော့ယန်နှင့် အန်းယိတို့၏ နှုတ်ခမ်းနှင့် မျက်လုံးထောင့်များ တွန့်သွားလေသည်။ မြို့စားမင်း ဆိုင်ဒန်နှင့် အခြားသူများမှာလည်း ရယ်သံများ မထိန်းနိုင်တော့ပေ။ ပါးစပ်များအား လက်ဖြင့်အုပ်ထားရသဖြင့် ခပ်တိုးတိုးသာ ရယ်မောနိုင်ကြသည်။


အန်းယိ မျက်လုံးများ ကျဉ်းမြောင်းကာ အလွန်အန္တရာယ်များသော အမူအရာဖြင့် ရှိနေလေသည်။


“မင်းသားလေးပြောတဲ့ ကမ္ဘာပေါ်က ဒယ်ဒီဆိုတာက...”


မြင့်မြတ်သော ဟမ်းစတားလေး ရုတ်တရက် တုန်ယင်သွားသည်။ စစ်ကူတောင်းသည့်အနေဖြင့် သူ၏ဘေးမှ ဦးဦးမော့ယန်အား ကြည့်လိုက်သော်လည်း ‘လက်တွေအချည်ခံထားရတယ်’ ဟူသော အကြည့်သာ ပြန်ရလိုက်သည်။


“မင်းသားလေးဘာသာ ပြောလိုက်တာလေ..”


ဝင်မပါလိုသော မဟာစစ်သူကြီး မော့ယန်သည် သူ၏ခွက်အားကိုင်ကာ လက်ဖက်ရည်တစ်ငုံ ငုံလိုက်သည်။ 


ဟင်းဟင်း နျဲ့ရောင်ဆိုတဲ့ အရိုင်းအစိုင်းကောင်က ငါ့ကိုတောင် မကျော်ဖတ်နိုင်သေးတာ.. စိတ်ကိုပြင်ဆင်ထားလိုက်တော့ပဲ..


ဟမ်းစတားလေး : QAQ!


ဦးဦးက ပေါင်ပေါင်းကို မကယ်ဘဲ ဘာလို့များ စောင့်ကြည့်နေရက်တာလဲ..


အန်းယိ၏ အမူအရာအားကြည့်ကာ ရှောင်ဝူယိ အမှန်အတိုင်းပြောရန် ကြောက်ရွံ့လာသည်။ 


အန်းယိ ကူးမူက ချက်ချင်းလက်ခံမှာ မဟုတ်ဘူး.. ဦးဦးကလည်း သနားဖို့ကောင်းတဲ့ မုဆိုးဖို ဖြစ်သွားလိမ့်မယ်..


“ဦးဦးရေ.. ကူးမူ စိတ်ဆိုးသွားရင် ပေါင်ပေါင်းဘာလုပ်ရမလဲဟင်..”


ရှောင်ဝူယိ၏ မျက်လုံးနက်နက်လေးများ အရည်လဲ့နေပြီး အလွန်အမင်း ရိုးသားကာ သနားစဖွယ်ပင်။


မော့ယန် နှင့် အန်းယိ : ".........."


ရုတ်တရက်ဆိုသလို လေထုမှာ ကိုးရိုးကားယားအခြေအနေသို့ ရောက်ရှိသွားသည်။ ရှောင်ဝူယိ တုံ့ဆိုင်းစွာဖြင့် မျက်လုံးလေးများ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်နေပြီး လက်ချောင်းလေးများအား ဆော့ကစားနေလေသည်။ ခေတ္တမျှကြာသည့်တိုင်အောင် သူနှင့် နျဲ့ရှောင်၏ ဆက်ဆံရေးအား အန်းယိထံ မည်သို့ ဝန်ခံရမည်ကို မသိဘဲ ရှိနေသည်။


“ပြောလိုက်.. စိတ်မဆိုးဘူး..”


အန်းယိသည် သူ၏ စိတ်အခြေအနေအား အကောင်းဆုံး အနေအထားဖြင့် ရှိနေရန် ပြင်ဆင်လိုက်သော်လည်း ထိုစကားများအား ယုံကြည်မှုကင်းမဲ့စွာ ပြောနေမိခြင်းပင်။


ရှောင်ဝူယိ၏ သတိပေးခံလိုက်ရသော မော့ယန်သည် ရုတ်တရက် ခင်ပွန်းဖြစ်သူ၏ အမူအရာအား မကြည့်ဝံ့တော့ချေ။ သူတို့မိသားစုမှ တူလေးဖြစ်သူ မင်းသားလေးအား ကြည့်လိုက်ပြီးနောက် အကြံပေးလေသည်။


“လောလောဆယ်တော့ ဦးဦးတို့ ဒီအကြောင်းကို မပြောသင့်သေးဘူး..”


"အွန်း!.."


ဟမ်းစတားလေး ဝမ်းမြောက်ဝမ်းသာဖြင့် ခေါင်းညိတ်လိုက်သည်။


ထို့နောက် တူဝရီးနှစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ခေါ်ဆိုမှုအား ရပ်ဆိုင်းပစ်လိုက်ကြသည်။


အန်းယိ: “…………?”

***


အန်းယိနှင့် အခြားသူများထံမှ ခေါ်ဆိုမှုအား အဆုံးသတ်ပြီးနောက် မကြာမီမှာပင် ရှောင်ဝူယိနှင့် မော့ယန်သည် မဟာမိတ်ညီလာခံအတွက် ဖိတ်စာတစ်စောင် ရရှိခဲ့သည်။ အစည်းအဝေး လုပ်ငန်းစဉ်မှာ ကာကွယ်ခံဒေသတွင် ရောဂါပိုးကူးစက်ခံရခြင်းကြောင့် မျိုးနွယ်စုခေါင်းဆောင်များ တက်ရောက်ပေးရန် ဖိတ်ကြားခြင်း ဖြစ်သည်။


ရှောင်ဝူယိနှင့် မော့ယန်သည် ပွဲတက်ဝတ်စုံများ လဲလှယ်လိုက်ပြီးနောက် ရေသူတော်ဝင်မျိုးနွယ်ထံ လျှို့ဝှက်ထွက်ခွာကြသည်။ ဤမဟာမိတ်၏ ဥက္ကဌမှာ ရေသူတော်ဝင်မျိုးနွယ်မှ ဖြစ်သဖြင့် ညီလာခံအား ရေသူတော်ဝင်မျိုးနွယ်၏ မိခင်ဂြိုလ်တွင် ကျင်းပမည်ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ ဥက္ကဌနေရာအား ငါးနှစ်တစ်ကြိမ် ပြောင်းလဲတတ်ပြီး ပြန်လည်ရွေးကောက်ခံ၍ မရချေ။


အကာအကွယ်ခံဒေသအတွင်း ရောဂါပိုးကူးစက်ခံရသော ကိစ္စမှာ လက်ရှိတွင် ထိပ်တန်းလျှို့ဝှက်အဆင့်အဖြစ် ရှိနေသည်။ ထို့ကြောင့် အနှောင့်အယှက်များ ကင်းဝေးစေရန် ညီလာခံအား အရေးပေါ်လျှို့ဝှက်ကျင်းပရခြင်းဖြစ်ကာ ပြည်သူများကိုပင် အသိပေးရခြင်း မရှိချေ။


ရှောင်ဝူယိနှင့် မော့ယန်၏ ပြန်လည်ရောက်ရှိလာမှုသည် မဟာမိတ်မှ မျိုးနွယ်စုများ၏ အဆင့်မြင့်ပုဂ္ဂိုလ်များသာလျှင် သိရှိထားသည်။ ‌ရှောင်ဝူယိနှင့် မော့ယန်တို့သည် လက်ရှိတွင် သီးခြားခွဲထုတ်ခံထားရပြီး ပိတ်ဆို့တားမြစ်ခံထားရသော ရောဂါပိုးကူးစက်ခံနေရသော ဂြိုလ်များမှာ ပြန်လာကြခြင်းဖြစ်သည်။ ထိုသတင်းသာ အလျင်စလို ပြန့်နှံ့သွားမည်ဆိုလျှင် ရန်သူအား အသိပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မော့ယန်ပြန်လည်ရောက်ရှိလာပြီး များမကြာမီမှာပင် ခန်းမတစ်ခုလုံးအား သတင်းပျံ့မသွားစေရန် ကာကွယ်ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။


ဤကိစ္စအားလုံး၏ နောက်ကွယ်မှ ထိန်းချုပ်နေသူ ဆာ့သ်သည် သူတို့အား အချိန်အတော်ကြာကတည်းက သတိထားမိနေကြောင်း မဟာမိတ်အနေဖြင့် စိတ်ကူးနှင့်ပင် မတွေးမိခဲ့ချေ။


အန်းယိနှင့် အခြားသူများသည် အချက်ပြပိတ်ဆို့သည့် ဖန်သားပြင်အား ရှာဖွေတွေ့ရှိချိန်တွင် အကောင်းဆုံး ကြိုးစား၍ ခြေရာလက်ရာများ ဖျက်ကာ မူလအတိုင်း ပြန်လည်ထားခဲ့သော်လည်း သဲလွန်စအချို့ ချန်ရစ်ခဲ့မိသေးသည်။ ထိုသေးငယ်သော သဲလွန်စများကပင် အသေးအဖွဲလေးများမှအစ ဂရုစိုက်တတ်သူ ဆာ့သ်ကဲ့သို့သော ပုံမှန်မဟုတ်သည့် သိပ္ပံပညာရှင်အတွက် သဲလွန်စများ ဖြစ်လာခဲ့သည်။

****


ရှောင်ဝူယိနှင့် မော့ယန် ညီလာခံသို့ သွားကြသည်။ ထိုအချိန်တွင် တူဝရီးနှစ်ယောက်၏ အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရသော အန်းယိမှာ အချိန်အတော်ကြာ မှင်သက်နေလေသည်။ နှလုံးသားထဲ၌ စိတ်မကောင်းဖြစ်မိသလို တစ်ချိန်တည်းမှာပင် ရယ်ချင်နေမိသည်။ ထို့အပြင် ရှောင်ဝူယိ၏ ကမ္ဘာပေါ်မှ လေးနှစ်တာ အတွေ့အကြုံအား သိချင်စိတ် ပိုတိုးလာလေသည်။


မော့ယန်ပေးပို့လာသော ကမ္ဘာမြေ၏ လက်ရှိအချက်အလက်များအားကြည့်ကာ အန်းယိ၏ အကြည့်များသည် “နျဲ့ရှောင်” ဟူသော အမည်‌ပေါ်သို့ ရောက်ရှိသွားသည်။ သတင်းပေးပို့မှုအရ ဤပုဂ္ဂိုလ်သည် သူတို့၏ မင်းသားလေး ပျောက်ဆုံးချိန်တွင် ဂရုစိုက်ပေးထားသူဖြစ်ကြောင်း သိရှိထားသည်။


အန်းယိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


...ယဉ်ကျေးမှုမရှိဘဲ “ဒယ်ဒီ” ဟုတ်လား.. ဟဟ


ကမ္ဘာ‌ပေါ်တွင် ဇွန်ဘီများ ရှင်းလင်းနေသူ နျဲ့ရှောင်သည် ရုတ်တရက်ဆိုသလို ကမ္ဘာ့အပြင်ဘက်မှ ယောက္ခမဖြစ်သူ၏ အလွန်အမင်းများပြားသည့် မနှစ်မြို့မှုများအား ခံစားမိသောကြောင့် တသိမ့်သိမ့် တုန်ယင်သွားသည်။


အရှင် ရန့်ထ်သည် နီမိုတော်ဝင်မျိုးနွယ်၏ ရိုးရှင်းကာ ချစ်စဖွယ်ကောင်းသော ဆက်ဆံရေးအားကြည့်ကာ အလွန်မနာလိုအားကျမိသဖြင့် ရယ်ရယ်မောမောဖြင့် မှတ်ချက်ပြုလေသည်။


“ဝန်ကြီး အန်းယိတို့ရဲ့ မိသားစု ဆက်ဆံရေးက အရမ်းသဟဇာတ ဖြစ်တာပဲ.. မင်းသားလေး ဝူယိကလည်း ဝန်ကြီးနဲ့ အတော်လေး နီးစပ်ပုံရတယ်..”


အခြားတစ်ဖက်ရှိ မြို့စားကြီး ဆိုင်ဒန်နှင့် မျိုးနွယ်စုခေါင်းဆောင် ဖုန်းတို့သည် နှလုံးသားမဲညစ်သော ကလေးများအကြောင်း တွေးမိသည့်အခါ ခေါင်းညိတ်ထောက်ခံမှုပြုကြသည်။ သူတို့မိသားစုမှ အဆိုးအသွမ်းလေးများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မင်းသားလေး ဝူယိမှာ အမှန်တကယ် နှစ်လိုဖွယ်ကောင်းလှသည်။


အန်းယိ ရုတ်တရက်ပြုံးကာ တုံ့ပြန်လိုက်သည်။


“မင်းတို့က သူတို့ တူဝရီး ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ပေးလဲ မသိလို့ပါ.. ငယ်ငယ်တုန်းကတော့ ချစ်ဖို့ကောင်းပြီး လိမ္မာတယ်လေ.. ဒါပေမဲ့ ကြီးလာလေလေ ပိုပိုပြီး လူလည်ကျလာလေပဲ.. သူ့ဦးဦးလို ကျီစယ်တတ်တဲ့ ကလေးဆိုးလေး..”


“မော့ယန်နဲ့ ငါက မင်းသားလေးကို လက်မချတမ်း စောင့်ရှောက်ခဲ့ကြတာ.. အရင်ဧကရာဇ်က သူ့ဘဝရဲ့ အထွတ်အထိပ်အချိန်မှာပဲ ကွယ်လွန်ခဲ့ရတာ.. အဲသည်မတော်တဆမှုကြောင့် အသွင်ပြောင်းမှု မတည်ငြိမ်သေးတဲ့ တစ်လသားအရွယ် မင်းသားလေးဝူယိကို ချန်ထားရစ်ခဲ့ရတယ်.. သူ့နဂိုပုံစံက သေးသေးလေးရယ်..”


အန်းယိသည် အတိတ်အကြောင်း အတိုချုံးပြောလိုက်သည်။ ယခင်အချိန်များအား ပြန်တွေးမိသည့်အခါ သူ၏မျက်လုံးထဲတွင် တမ်းတလွမ်းဆွတ်မှုတို့ ရှိနေသည်။ အတိတ်အချိန်အား ပြန်ပြောင်းအမှတ်ရရင်း ဆက်ပြောလေသည်။


“အဲအချိန်တုန်းက နီမိုတော်ဝင်မိသားစု တစ်ခုလုံးရဲ့ နောက်ဆုံးသွေးသားက မင်းသားငယ်လေးပဲ.. မော့ယန်၊ ငါနဲ့ နီမိုတော်ဝင်မျိုးနွယ်တစ်ခုလုံးက မတော်တဆ သေးသေးလေးဖြစ်မှာကိုတောင် အရမ်းစိုးရိမ်ခဲ့ကြရတာ.. ပြီးခဲ့တဲ့နှစ်တွေတုန်းက သူပျောက်သွားတော့ ငါတို့မျိုးနွယ်တစ်ခုလုံး အရူးအမူး ရှာဖွေခဲ့ကြတာလေ.. ကံကောင်းပြီးတော့ လုံလုံခြုံခြုံ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ရောက်လာခဲ့တာပေါ့..”


အန်းယိ ပြောပြလာသော ရှောင်ဝူယိ၏ မိဘများနှင့် ငယ်ဘဝအကြောင်းအား နားထောင်ပြီးနောက် လူတိုင်း နှလုံးသားထဲ အနည်းငယ်စိတ်မကောင်းဖြစ် ဝမ်းနည်းကြရသည်။ ထိုနှစ်၏ မတော်တဆမှုတွင် သူတို့အားလုံး ပါဝင်ခဲ့ကြသည်။ လွန်ခဲ့သော ၁၉ နှစ်မှ စစ်ပွဲသည် မျိုးနွယ်တိုင်း၏ နှလုံးသားထဲတွင် အမာရွတ်နှင့် အရိပ်များ ချန်ထားရစ်ခဲ့လေသည်။


ထိုအချိန်၌ နီမိုတော်ဝင်မျိုးနွယ်၏ ဧကရာဇ်နှင့် ဧကရီသည်သာ တိမ်းပါးခဲ့ခြင်း မဟုတ်ဘဲ အခြားမျိုးနွယ်များမှ ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်များစွာအား ဆုံးရှုံးခဲ့ရသည်။ မဟာမိတ်တစ်ခုလုံး ထိုဆုံးရှုံးမှုကြောင့် ဝမ်းနည်းပူဆွေးခဲ့ရသည်။


မျိုးနွယ်စုခေါင်းဆောင် ဖုန်း ၏ ဖခင်ဖြစ်သူ ယခင်မျိုးနွယ်စုခေါင်းဆောင် ဖုန်း သည်လည်း ထိုမတော်တဆမှုတွင် သေဆုံးခဲ့ရသည်။


အနှစ် ၂၀ နီးပါး ကုန်လွန်ခဲ့သော်လည်း ထိုအချိန်မှ ကြောက်မက်ဖွယ်ရာ သွေးထွက်သံယိုမြင်ကွင်းအား ယခုထိတိုင် မမေ့လျော့နိုင်ဘဲ ရှိနေကြဆဲပင်။