🐹အခန်း၈၅
မင်းသားလေးဝူယိ နိုးလာပြီ
အန်းယိ မည်သည့်နေရာသို့ ရောက်နေသည်အား မော့ယန်မေးလာသည့်အခါ မဟာအကြီးအကဲ ရုတ်တရက် သူ၏အာရုံများ ပြန်လည်ရရှိလာပြီး အလျင်အမြန်ပင် ဝန်ကြီး အန်းယိ ရှိသည့်နေရာအား အမှန်အတိုင်း ပြောလေသည်။
မဟာအကြီးအကဲသည် နဖူးအား လက်ဖြင့်ရိုက်ကာ မော့ယန်အား စိတ်ပူပန်မှုနှင့် ပျော်ရွှင်မှုတို့ ရောစွက်လျက် ပြောလေသည်။
“ငါ့ရဲ့ မှတ်ဉာဏ်ကို ကြည့်ပါဦး.. ဝန်းကြီး အန်းယိကို မင်းနဲ့ မင်းသားလေး ပြန်ရောက်ပြီဆိုတဲ့ သတင်းကောင်း ချက်ချင်း လှမ်းပြောရမယ်.. မင်းကတော့ သိမှာမဟုတ်ဘူး.. မင်းရဲ့ ဆက်သွယ်ရေး ကိရိယာ အလိုအလျောက် ပြန်ရောက်လာတော့ ဝန်ကြီး အန်းယိ က အရမ်း စိတ်ပူပြီး စိုးရိမ်နေခဲ့တာ.. အဲဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ ကင်းထောက်သင်္ဘောကိုယူပြီး ကာကွယ်ခံနေရာကို သွားတယ်လေ.. တော်ဝင်မိသားစုရဲ့ အရေးကိစ္စတွေကို ငါတို့အကြီးအကဲတွေဆီ ယာယီလွှဲအပ်ခဲ့တယ်..”
“မင်းသာ လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်တာကို သိရင် ဝန်ကြီး အန်းယိ သေချာပေါက် ဝမ်းသာနေမှာ..”
အကြီးအကဲသည် သူ၏နှလုံးသားအောက်ခြေမှတိုင် ပျော်ရွှင်မှုအား ခံစားရသည်။
မော့ယန်သည် ဖြစ်စဉ်တစ်ခုလုံးအား နားထောင်ပြီးနောက် နှလုံးသားထဲ နွေးထွေးမှုလေး စီးဝင်လာသည်။ ချက်ချင်းပင် ဆက်သွယ်ရေးကိရိယာ အသစ်တစ်ခုအားယူကာ အဝေးမှ အကာအကွယ်ခံကြယ်ပင်လယ်၌ ရှိနေသော အန်းယိထံ စာပို့လိုက်သည်။
သူ၏ ဘေးကင်မှုအား ချစ်ရသူထံ ကိုယ်တိုင်ကိုယ်ကျ ပြောချင်လှပါသည်။
***
ထိုအချိန်တွင် ဝန်ကြီး အန်းယိ၊ မြို့စားကြီး ဆိုင်ဒန်နှင့် အကာအကွယ်ခံ ကြယ်ပင်လယ်၌ ရှိနေသော အခြားသူများသည် အကျည်းတန်သော အမူအရာနှင့် ရှိနေကြသည်။
သူတို့သည် မော့ယန်၏ ပျက်စီးယိုယွင်းမှုမရှိသော အာကာသယာဉ်အား ဂြိုလ်ပတ်လမ်းတွင် တွေ့ခဲ့ရသည်။ မော့ယန်၏ ဆက်သွယ်ရေး ကိရိယာမှ အလိုအလျောက် အရေးပေါ် အချက်ပြပေးပို့မှုနှင့် ပိုဆီယာနှင့် အခြားသူများ၏ အဆက်အသွယ်ပြတ်နေမှုအား အခြေခံမည်ဆိုလျှင် အကာအကွယ်ခံ ဒေသအတွင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကောက်ချက်ချနိုင်သည်။
စိတ်ချယုံကြည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သူတို့ လေး ဦးသည် အခြားမျိုးနွယ်များထံသို့သွားကာ အခြေအနေအား လေ့လာခဲ့ကြသည်။
သို့သော်လည်း အခြေအနေမှာ ပိုမိုပြင်းထန်ဆိုးရွားလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြချေ။ အသိဉာဏ်မြင့်မားသော သက်ရှိများနေထိုင်သည့် ဂြိုလ်အချို့အား စစ်ဆေးပြီးချိန်တွင် ယင်းဂြိုလ်များ အားလုံးတွင် အမည်မသိ ဗိုင်းရပ်ရောဂါပိုးတစ်မျိုး ကူးစက်ခံနေရသည်။
တစ်ချိန်တည်းမှာပင် အဆင့်မြင့်လူ့အဖွဲ့အစည်း၏ ပတ်ပတ်လည်ရှိ ဂြိုလ်တုများနှင် ဂြိုလ်များထံမှ ကွမ်တမ်ဦးနှောက်မျက်နှာပြင်များတွင် အချက်ပြများ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုကွမ်တမ်ဦးနှောက် မျက်နှာပြင်များတွင် အာကာသမှ ပေးပို့ထားသော အမျိုးမျိုးသော အချက်ပြမှုများအား ပိုင်းခြားထားရုံမျှ မကဘဲနှင့် မဟာမိတ်ဌာနချုပ်၏ အမြင်တွင် ငြိမ်သက်အေးချမ်းနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ပုံရိပ်ယောင်များ ပြုလုပ်ထားသည်။ သို့မှသာ မဟာမိတ်၏ အပြင်ဘက်တွင် နေထိုင်သူများ မည်မျှဝမ်းနည်းလူမဆန်စွာ ကျူးကျော်ခံနေရခြင်းအား သတိထားမိမည် မဟုတ်ချေ။
ထိုအချိန်တွင် ထောက်လှမ်းရေးသင်္ဘောနှင့် စစ်သင်္ဘောများပေါ်၌။
“လက်မခံနိုင်စရာပဲ.. တကယ်ကို လက်မခံနိုင်စရာပဲ.. ဘယ်ခွေးမသားက ဒီဂြိုလ်တွေကို စမ်းသပ်ခံအဖြစ် သုံးနေတာလဲဟ..”
ချီကျန်းမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် ဖုန်း သည် ထောက်လှမ်းရေးယာဉ်မှ ပြန်လည်ပေးပို့လာသော ကြေကွဲဖွယ်ပုံရိပ်များအားကြည့်ကာ ပြောလေသည်။ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေပြီး ကျယ်လောင်စွာ အော်ဟစ်ဆဲရေးတော့သည်။
“ဒါက လက်တွေ့ကို လူသားတွေရဲ့ မျိုးသုဉ်းခြင်းပဲ..”
ကြယ်အစုအဝေးသည် လက်ရှိတွင် ဤဂြိုလ်များအား သဘာဝအတိုင်း အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာစေရန် လျစ်လျူရှုထားသည်။ ညှာတာထောက်ထားမှု အနည်းငယ်မျှ ရှိရုံနှင့်ပင် အသိဉာဏ်ဖွံ့ဖြိုးတိုးတက်စ ကမ္ဘာအသစ်များအား ဤသို့ပြုလုပ်လိမ့်မည် မဟုတ်ချေ။
ယင်းမှာ လက်နက်ကိုင် လူကြီးတစ်ဦးမှ မွေးကင်းစ ကလေးငယ်အပေါ် အနိုင်ကျင့်နှိပ်စက်ခြင်းနှင့် ကွာခြားမှု မရှိချေ။
ထို့အပြင် ကာကွယ်ခံဒေသများမှ သက်ရှိများ ဇွန်ဘီအဖြစ် ပြောင်းလဲသွားသည်ကို စဉ်းစားကြည့်မည်ဆိုလျှင် ယင်းမှာ မတော်တဆ တိုက်ဆိုင်မှုသက်သက် မဟုတ်ကြောင်း ထင်ရှားလေသည်။ တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိ ရောဂါပိုးအား ပျံ့နှံ့စေခြင်းဖြစ်ကာ ယင်းဂြိုလ်များပေါ်ရှိ သန်းပေါင်းများစွာသော သက်ရှိများအား လူမဆန်လှသည့် စမ်းသပ်မှု ပြုလုပ်နေခြင်း ဖြစ်ပေမည်။
အရှင် ရန့်ထ်၏ အမူအရာမှာ အရုပ်ဆိုးလျက် ရွာကျတော့မည့် မိုးတိမ်သဖွယ် မဲမှောင်လျက်ရှိသည်။ ထို့နောက် အလေးအနက် ပြောလေသည်။
“ဒီအကြောင်း မဟာမိတ်ဌာနချုပ်ကို သတင်းပို့မှရမယ်.. ဒါက ဒီဂြိုလ်တွေရဲ့ ပြဿနာပဲ မဟုတ်ဘူး.. ငါတို့ကြားဝင်မှရမယ်.. ဒီဂြိုလ်တွေရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အနေအထားနဲ့ ဗိုင်းရပ်ကို တိုက်ထုတ်ဖို့ မဖြစ်နိုင်လောက်ဘူး.. သူတို့ရဲ့ နည်းပညာအခြေအနေက အခု ဆိုးဆိုးဝါးဝါး ပျက်စီးပြီး သိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေက ဒုက္ခရောက်နေနိုင်တယ်.. ဒါ့ပြင် ဒီကိစ္စရဲ့ နောက်ကွယ်မှာ အဆင့်မြင့်လူ့အဖွဲ့စည်းက ဂြိုလ်သားတစ်ယောက် ကြိုးကိုင်နေတယ်ဆိုတာတောင် သူတို့မသိလောက်ဘူး..”
“ဟုတ်တယ်.. ငါတို့က ဒီကိစ္စတွေရဲ့ တာဝန်ရှိတဲ့သူကို ရှာဖွေရမယ်.. မဟုတ်ရင် ပြဿနာတွေက ဆုံးမှာမဟုတ်ဘူး.. အဲဒီ လူမဆန်တဲ့ကောင်ကိုသာ ဒီတိုင်းထားလိုက်ရင် မကြာခင်မှာ ငါတို့ဂြိုလ်တွေအထိ ကူးစက်လာနိုင်တယ်..”
မြို့စားကြီး ဆိုင်ဒန်သည် လေးပင်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အလွန်လေးနက်သော အကြည့်များဖြင့် ပြောလေသည်။
အလွန်ဝေးလံသည့် နဂါးငွေ့တန်းကြယ်စင်စုထံသို့ ယခုထိတိုင် သွားရောက်ရခြင်း မရှိသေးသော်လည်း ထိုနေရာရှိ ကမ္ဘာမြေ၏ အခြေအနေအား မြင်ယောင်ကြည့်နိုင်သည်။ မော့ယန်နှင့် သူတို့ကလေးများ အဆက်အသွယ် ပြတ်တောက်သွားခြင်းမှာ ဤသက်ရှိခန္ဓာကိုယ်စမ်းသပ်ခြင်းနှင့် ဆက်စပ်နိုင်သည်။
“ငါတို့ကလေးတွေနဲ့ မဟာစစ်သူကြီး မော့ယန် အဆင်ပြေပြေ ရှိနေဖို့ပဲ မျှော်လင့်ပါတယ်..”
အဆက်အသွယ် ပြတ်တောက်လျက်ရှိသော မော့ယန်၊ ဆစ်စလိုနှင့် ကျန်ကလေးများအား တွေးမိသည့်အခါ မဟာမိတ်အဖွဲ့မှ အရေးကြီးပုဂ္ဂိုလ်များ၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနက်ရှိုင်းလျက် မချိတင်ကဲ ခံစားမိလေသည်။
ဝန်းကြီး အန်းယိ သည် နှုတ်ခမ်းတင်းတင်းစေ့ကာ ကြယ်သင်္ဘောအပြင်ဘက်ရှိ တလက်လက်တောက်ပနေသော ကောင်းကင်အား မော့ကြည့်လိုက်ပြီးနောက် မသိစိတ်ဖြင့် သူ၏လက်အား ဝဲဘက်ရင်အုံပေါ်သို့ တင်မိလိုက်သည်။
“သူတို့ သေချာပေါက် အဆင်ပြေကြမှာပါ..”
များစွာသော ကင်းထောက်သင်္ဘောများသည် နဂါးငွေ့တန်းကြယ်စင်စုသို့ ဦးတည်ကာ ပျံသန်းသွားကြသည်။ အရှင်ရန့်ထ်သည် နောက်ဆုံးရရှိထားသည့် သတင်းအချက်အလက်များအား မိခင်ဂြိုလ်ရှိရာနှင့် မဟာမိတ်အဖွဲ့ထံ သတင်းပေးပို့ကာနီးတွင် ဝန်ကြီး အန်းယိ၏ ဆက်သွယ်ရေးကိရိယာမှာ “တီ တီ” ဟူသော အသံအား ကြားလိုက်ရသည်။
ရုတ်တရက် ဝန်ကြီး အန်းယိထံ အာရုံစိုက်လာကြသည်။
အန်းယိသည် သူ၏ ဆက်သွယ်ရေးကိရိယာတွင် ပေါ်နေသည့် မိခင်ဂြိုလ် သစ်တောခန်းမ၏ အချက်ပြအား ငုံ့ကြည့်လိုက်သည်။ အကြီးအကဲများသည် ဆုံးဖြတ်ချက်ချရန် လိုအပ်သည့် တစ်စုံတစ်ခု ရှိနေခြင်းကြောင့်သာ သူ့အားတိုင်ပင်လိုသဖြင့် ခေါ်ဆိုခြင်းဖြစ်မည်ဟု တွေးကာ တစ်ဖက်မှခေါ်ဆိုမှုအား လက်ခံလိုက်သည်။
သို့သော် ချိတ်ဆက်ပြီးနောက်တွင် အန်းယိ၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များကြောင့် အမြင်ဝေဝါးလာသည်။
ကွမ်တမ်ဦးနှောက်မျက်နှာပြင်ပေါ်ရှိ မော့ယန်၏ ပုံရိပ်သည် အရှင် ရန့်ထ်၊ မြို့စားကြီး ဆိုင်ဒန် နှင့် အခြားသူများအား ထိတ်လန့်သွားစေပြီး အန်းယိ၏အနားတွင် စုဝေးရောက်ရှိလာကြသည်။
လက်ရှိအချိန်တွင် မော့ယန်၏ သိမ်မွေ့ညင်သာသော အကြည့်များသည် အန်းယိ၏ ချောမောလှပသည့် မျက်နှာပြင်၌သာ ရှိနေသည်။
ငိုနေသော ချစ်ရသူအားကြည့်ကာ မော့ယန် ဝမ်းနည်းစိတ်ထိခိုက်ရသည်။
“ကိုယ့်မှာ စိတ်ပူလိုက်ရတာ ဒါလင်ရယ်..”
အန်းယိ မျက်ရည်သုတ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် နီမြန်းနေသော မျက်လုံးများဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတော့သည်။
“မင်း မကောင်းတဲ့ ကောင်.. အခုမှ ငါ့ကို စိတ်ပူရမှန်း သိပြီပေါ့.. ဘာတွေဖြစ်နေတာလဲ မြန်မြန်ရှင်းပြဦး.. မင်း ကမ္ဘာပေါ်မှာ ပိတ်မိနေတာ မဟုတ်ဘူးလား.. မင်းရဲ့ အာကာသယာဉ်က ငါနဲ့အတူ ရှိနေတာ ဘယ်လိုပြန်ရောက်လာတာလဲ..”
“ဒါက ဇာတ်လမ်းရှည်တစ်ခုပဲ..”
အန်းယိ၏ အမေးကြောင့် မော့ယန် နူးညံ့မှုများ ပျောက်ဆုံးသွားပြီး နှာခေါင်းပွတ်ကာ အန်းယိထံ ဗုံးတစ်လုံး ကြဲချလိုက်သည်။
“ကိုယ် မင်းသားလေးကို ရှာတွေ့ပြီ.. မင်းသားလေးက ကိုယ့်ကို ပြန်ခေါ်လာပေးတာ..”
အန်းယိ : "!!!"
အရှင် ရန့်ထ် နှင့် အခြားသူများမှာလည်း ကြောင်အသွားကုန်သည်။
ရှောင်ဝူယိ၏ တည်နေရာအကြောင်း ကြားရသည့်အခါ အန်းယိထံတွင် မော့ယန်အတွက် စိုးရိမ်ပူပန်မှုများမှာ စကြဝဠာအပြင်ဘက်သို့ လွင့်စင်သွားလေသည်။ ထို့နောက် စိတ်မရှည်စွာဖြင့် ပြောသည်။
“မင်းသားလေး တကယ်ပြန်လာပြီလား.. လိမ်နေတာလား.. အမှန်တကယ်လား.. ဒါဆို မင်းက ဘာကိစ္စနဲ့ ရှေ့ကနေ မြန်မြန်မဖယ်သေးတာလဲ.. မင်းသားလေးရဲ့ ချစ်စရာမျက်နှာလေးကို ကြည့်ပါရစေဦးဟ..”
မော့ယန် :"......" ငါမှားသွားသလို ခံစားလိုက်ရတယ်.
အခြားတစ်ဖက်တွင် မြို့စားကြီး ဆိုင်ဒန်နှင့် အခြားသူများသည် ထိုစုံတွဲ၏ အပြန်အလှန် ဆက်ဆံရေးအားကြည့်ကာ မပြုံးဘဲ မနေနိုင်ကြချေ။ နာမည်ကျော် မဟာစစ်သူကြီး မော့ယန်မှာ ခင်ပွန်းသည်အား ကြောက်ရွံ့ရသူ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားချေ။
"မင်းသားလေးက ခုမနိုးသေးဘူး.."
မော့ယန်သည် ဤကွဲပြားသော ဆက်ဆံမှုအပေါ် ကျင့်သားရနှင့်ပြီး ဖြစ်သည်။ နှစ်စက္ကန့်မျှ မှားယွင်းသည်ဟု ခံစားမိပြီးနောက် အိပ်ခန်းဆောင်အတွင်းသို့ လျှောက်သွားကာ ချစ်စဖွယ်ကောင်းစွာ အိပ်ပျော်နေသော ရှောင်ဝူယိလေးအား ပြလိုက်သည့်အခါမှသာ အန်းယိ စိတ်သက်သာရာ ရနိုင်တော့သည်။
အန်းယိသည် သူကိုယ်တိုင် ကျွေးမွေးစောင့်ရှောက်လာခဲ့သော မင်းသားလေးအားကြည့်ကာ မျက်လုံးများ နီမြန်းလာပြန်သည်။ ထို့နောက် မော့ယန်၏ နွေးထွေးမှုစွက်နေသော အသံဖြင့် နှစ်သိမ့်ခံရပြီးနောက် တည်ငြိမ်မှု ရရှိလာသည်။
"ဒါဆို ဘာတွေဖြစ်နေတာလဲ.."
အန်းယိသည် မျက်ဝန်းထောင့်ရှိ မျက်ရည်စများအား သုတ်ကာ မော့ယန်အား လေးနက်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် မော့ယန်သည် မဟာမိတ်၏ အရေးပါအရာရောက်သော ပုဂ္ဂိုလ်အချို့မှာ ဖန်သားပြင်တွင် နောက်ခံအဖြစ် ရှိနေသည်ကို သတိထားမိသွားပြီး အန်းယိနှင့် ပြောဆိုနေခဲ့သည်များအား ပြန်လည်တွေးမိပြီးနောက် အနည်းငယ် ရှက်ရွံ့သွားမိသည်။ သို့သော်လည်း သန်မာသည့် စိတ်ခွန်အားကြောင့် အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်မှု ရရှိခဲ့သည်။
မော့ယန် ချောင်းအသာဟန့်လိုက်ပြီးနောက် ဖြောင့်မတ်တည်ကြည်သော အမူအရာဖြင့် အရှင်ရန့်ထ် မျိုးနွယ်စုခေါင်းဆောင် ဖုန်း နှင့် အခြားသူများအား ကြည့်လိုက်သည်။ ဤသူများသည် အမှတ်မထင်ဘဲနှင့် မတော်တဆ ဆုံစည်းမိကြဟန် ရှိသည်။
“မင်းသားလေးနဲ့ ကိုယ်နဲ့က အခုပဲ ကမ္ဘာကနေ ပြန်လာခဲ့ကြတာ.. လက်ရှိ ကမ္ဘာက ဇွန်ဘီဗိုင်းရပ် ကူးစက်ခံနေရတယ်.. ပိုဆီယာ၊ ဆစ်စလိုနဲ့ မျိုးနွယ်စုခေါင်းဆောင် ဖုန်း ရဲ့ သားနှစ်ယောက်လုံး ကမ္ဘာမှာ ရှိနေကြတယ်.. အားလုံး လုံခြုံကြပါတယ်.. ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ..”
“အခု ကျွန်တော်သိထားတဲ့ အကြောင်းတွေကို သေသေချာချာလေး ပြောပြမယ်..”
……
အန်းယိနှင့် အခြားမျိုးနွယ်များမှ အရေးပါသော မိသားစုများသည် ကမ္ဘာမြေ၏ အခြေအနေနှင့် ဝတ်ရုံနက်အကြောင်း သိရှိပြီးနောက်တွင် မျက်နှာများ အလွန်အကျည်းတန်သွားကြသည်။
မော့ယန်သည် ကမ္ဘာမှာ ရောဂါပိုး ကူးစက်ခံရသည့် တစ်ခုတည်းသော ဂြိုလ်မဟုတ်ကြောင်း အန်းယိထံမှ သိရသောအခါ သူ၏ရင်ထဲမှ ဒေါသစိတ်အား ဖိနှိပ်နိုင်စွမ်း မရှိတော့ပေ။
လက်ရှိအချိန်တွင် လူတိုင်းသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်နှင့်လူအား ကန်ကြောက်ရိုက်နှက်ကာ ထုထောင်းလိုကြသည်။
***
ထိုအချိန်တွင် အန်းယိနှင့် အခြားသူများ၏ စိတ်ထဲ၌ ရိုက်နှက်ခံနေရသော ဆာ့သ်သည် သူ၏ "စမ်းသပ်ခံနယ်မြေ" မှ "အသီးအပွင့်" များအား တစ်ခုချင်းဆီ ရိတ်သိမ်းရန် အသေးစိတ် ပြုလုပ်ထားသော လှောင်အိမ်အား ထုတ်ယူလိုက်သည်။
ဤဖြစ်စဉ်တွင် သူသည် အလားအလာကောင်းပြီး ထိတ်လန့်ဖွယ်အဖြစ်ဆုံးနှင့် မျက်စိဖမ်းစားမှု အရှိဆုံးသူအား ရှာဖွေနေလေသည်။
နီမိုတော်ဝင်မျိုးနွယ်၏ မင်းသားလေးမှာ ဤနေရာတွင် သေချာပေါက် ရှိနေလိမ့်မည်။ အသက်ဓာတ်စွမ်းရည်နှင့် အာကာသ-အချိန် ကူးပြောင်းစွမ်းရည်၏ စွမ်းအားများမှာ ဟာသတစ်ခု မဟုတ်ပေ။
သို့သော်လည်း ပထမဆုံး “စမ်းသပ်ခံနယ်မြေ” သို့ မထွက်ခွာမီမှာပင် ဆာ့သ်၏ မျက်နှာတစ်ခုလုံး မှောင်မဲသွားလေသည်။ ကွမ်တမ်ဦးနှောက် မျက်နှာပြင်ပေါ်မှ ရွေ့လျားမှု အရိပ်အယောင်လေးများကြောင့် ဆာ့သ်အား ရုတ်တရက်ဆိုသလို အရေးတကြီးစိုးရိမ်မှု ဖြစ်ပေါ်လာစေသည်။
“စောက်မဟာမိတ်ကတော့.. မင်းတို့ ငါ့အကြံအစည်ကို ဖျက်ဆီးရဲရင် မင်းတို့ မဟာမိတ်တစ်ခုလုံး တစ်ယောက်မကျန် မသေမရှင်ဖြစ်သွားအောင် လုပ်ပေးလိုက်မယ်..”
ဆာ့သ် အံတင်းတင်းကြိတ်ကာ ခြိမ်းခြောက်ပြီးနောက် သူ၏လှုပ်ရှားမှုများအား အရှိန်မြှင့်လိုက်သည်။
လတ်တလောတွင် ဆာ့သ်သည် ဂြိုလ်ပေါင်းများစွာမှ သက်ရှိများ၏ အခြေအနေအား အဓိကထား လေ့လာနေသဖြင့် စွမ်းရည်အမြုတေများစုဆောင်းရန် အချိန်မရှိချေ။
မင်းသားလေးအား ရှာဖွေရန်မှာ အရေးအကြီးဆုံးဖြစ်ပြီး အခြားအရာများမှာ ထိုကိစ္စနှင့်ယှဉ်လျှင် ဒုတိယနေရာတွင်သာ ရှိလေသည်။
***
ပိုင်မေ့သည် ပိုင်ယွဲ့၊ ဒေါက်တာဝေ့နှင့် အခြားသိပ္ပံပညာရှင်များ၏ လေ့လာစမ်းသပ်မှုများ ပြုလုပ်နေသည်အား ပူးပေါင်းဆောင်ရွက်ရင်းဖြင့် သုတေသနခန်းထဲတွင် ထိုင်ကာ သူ၏ဖုန်းထဲရှိ ရက်စွဲအားကြည့်နေလေသည်။ ရုတ်တရက် နှလုံးသားထဲတွင် မသက်မသာ ဖြစ်လာမိသည်။
ပိုင်ယွဲ့သည် ဂနာမငြိမ် ဖြစ်နေသော အစ်ကိုဖြစ်သူအား သတိထားမိပြီးနောက် စိုးရိမ်ပူပန်စွာဖြင့် မေးလေသည်။
“ကော.. ဘာဖြစ်လို့လဲ..”
ပိုင်မေ့ ခေါင်းယမ်းကာ မျက်မှောင်ကြုတ်လိုက်ပြီး သုံးပုံ တစ်ပုံသာ ကျန်ရှိသော အစိမ်းရင့်ရောင် ပြန်လည်ထူထောင်ဆေးရည်အား ကြည့်လိုက်သည်။ ထို့နောက် သူ၏ရင်ဘတ်အား လက်ဖြင့်ဆုပ်ကာ ပြောလေသည်။
“ယွဲ့အာ.. ကော ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားနေမိတယ်.. အဲသည့်လူက မကြာခင် လာတော့မယ်လို့ ခပ်ရေးရေး ခံစားမိတယ်..”
"တကယ်လား.."
ပိုင်ယွဲ့ ရုတ်တရက် စိုးရိမ်ပူပန်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။ ဒေါက်တာဝေ့နှင့် အခြားသူများသည်လည်း လှည့်ကြည့်လာကြသည်။
ပိုင်မေ့ သိပ်မသေချာသဖြင့် နှုတ်ခမ်းတင်းတင်းစေ့ကာ ရှင်းပြလေသည်။
“ကော ပြန်လည်ထုထောင်ဆေးရည် ၃ ပုလင်း ရတဲ့နေရနေ စပြီးတွက်မယ်ဆိုရင် အကျိုးသက်ရောက်မှုက ဒီရက်ပိုင်းလောက်မှာ ကုန်ဆုံးလိမ့်မယ်..”
“ဒါဆို တုံ့ဆိုင်းမနေနဲ့လေ.. ကျန်နေတာလေး မြန်မြန်သောက်လိုက်..”
ပိုင်ယွဲ့ လေ့လာမှုအား လျစ်လျူရှုကာ ကျန်ရှိသည့် ပြန်လည်ထူထောင်ဆေးရည်အား ပေးလိုက်သည်။
ဒေါက်တာဝေ့နှင့် အခြားသူများသည်လည်း ခေါင်းညိတ်လိုက်ကြသည်။
“သူက မင်းကို ပြန်လည်ထူထောင်ဆေး ထပ်ပေးလာဦးမှာ သေချာတယ်.. အဲဒီတော့ အခုရှိနေတဲ့ဟာကို စိတ်ချရအောင် အရင်သောက်ထားလိုက်.. မဟုတ်လို့ကတော့ ရုတ်တရက် သိသွားရင် ပြဿနာအကြီးကြီး တက်နိုင်တယ်..”
“ကောင်းပြီ.. သူက ဒီရက်ပိုင်းမှာ ရောက်လာမယ်လို့ ထင်နေတယ်..”
ပိုင်မေ့ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏အကြည့်မှာလည်း တည်ငြိမ်လျက်ရှိသည်။ ပိုမိုသန်မာလာပြီးနောက်တွင် သူ၏ ခံစားချက်များသည် ယခင်ကဲ့သို့ ပျော့ညံ့မနေတော့ချေ။ ရှက်ရွံ့ခြင်းမရှိဘဲနှင့် ကျန်ရှိနေသည့် ပြန်လည်ထူထောင်ဆေးရည်အား သောက်သုံးလိုက်သည်။
“ကောရဲ့ ထင်မြင်ချက်က မှန်မှန် မှားမှား ကျွန်တော်တို့အားလုံး သတိရှိရှိ နေရလိမ့်မယ်.. အစ်ကို နျဲ့နဲ့ တခြားသူတွေကို မြန်မြန်လေး ပြောဖို့လိုမယ်..”
ပိုင်ယွဲ့ အလျင်စလို ပြောလေသည်။
"အင်း.."
ပိုင်မေ့ ခေါင်းညိတ်ကာ ထောက်ခံမှုပြုသည်။
***
ရှောင်ဝူယိသည် ကြီးမားနူးညံ့သော အိပ်ရာပေါ်တွင် ညလုံးပေါက် အိပ်စက်ပြီးနောက် သူ၏စွမ်းရည်များ ပြန်လည်ကောင်းမွန်လာသည်။ မျက်တောင်ကော့ကော့လေးများ တဆတ်ဆတ်တုန်ခါလာပြီးနောက် မျက်လုံးအား ဆတ်ခနဲ ဖွင့်လိုက်သည်။
အိပ်ရာပေါ်တွင် ရုတ်တရက် ထထိုင်လိုက်သဖြင့် နံဘေးရှိ အစောင့်မှာ ရုတ်တရက် အော်ဟစ်မိတော့သည်။
"အားးးး.. မဟာစစ်သူကြီးရေ.. မင်းသားလေး.. နိုးလာပြီ.."