🐹အခန်း၈၄
ဝူယိလေး နီမိုတော်ဝန်မျိုးနွယ်ထံ ပြန်လာပြီ
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားသည်။ ဝူယိအခြေစိုက်စခန်း၏ နေ့စဉ်လုပ်ငန်းကိစ္စများမှာ အစီအစဉ်တကျ ကောင်းစွာလည်ပတ်လျက်ရှိသည်။ လူတိုင်း အင်အားအပြည့်ဖြင့် အလုပ်များလျက်ရှိသည်။ လူတိုင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာသဖြင့် ကမ္ဘာပျက်ကပ်မှာ အမှောင်ထုနှင့် ဆင်းရဲဒုက္ခများ မရှိတော့ပုံပင်။
ပိုင်ယွဲ့၊ ဒေါက်တာဝေ့ဟန်မင်နှင့် အခြားသုတေသန ပညာရှင်များသည် သုတေသန လုပ်ငန်းစဉ်အား အလျင်စလို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ပိုင်မေ့ထံမှ ရရှိသော ပြန်လည်ထုဆောင်ဆေးသည် ဒေါက်တာဝေ့နှင့် အခြားသူများအား များစွာသော သုတေသန လမ်းညွှန်မှုများ ပေးလေသည်။ ပိုင်မေ့၏ ဦးဆောင်ကာ ပူးပေါင်းပါဝင်ပေးမှုကြောင့် သုတေသန လုပ်ငန်းစဉ်အား အဆင့်များစွာ ကျော်ဖြတ်နိုင်ရန် အကူအညီဖြစ်ခဲ့သည်။
ဒေါက်တာဝေ့နှင့် အခြားသူများသည် ပိုင်မေ့ထံမှ သွေးနမူနာယူကာ လေ့လာစမ်းစစ်ခြင်းအား လုပ်ဆောင်ခဲ့ပြီးနောက် ပိုင်မေ့၏ ခန္ဓာကိုယ်ထဲတွင် ကုသစွမ်းရည်အား အလိုလိုတုံ့ပြန်မှုရှိသည့် အရာတစ်ချို့ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုအရာသည် ဇွန်ဘီဗိုင်းရပ်အား ပြန်လည်ခုခံရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လေသည်။ ထိုသတင်းအား ကြားသည်နှင့် လူတိုင်း၏ စိတ်ဝိညာဉ်နှင့် နှလုံးသားများ အသက်ဝင်လှုပ်ရှားတက်ကြွလာသည်။ ပိုင်မေ့သည်လည်း ပျော်ရွှင်စွာ ငိုကြွေးမိသည်။
သို့သော်လည်း နောက်ကွယ်မှ ဝတ်ရုံနက်နှင့်လူအား ထည့်သွင့်စဉ်းစားမိသည့်အခါ ဤသတင်းကောင်းနှင့် စပ်လျဉ်း၍ ကြေညာခြင်း မပြုခဲ့ပေ။ လတ်တလောတွင် ဝူယိအခြေစိုက်စခန်း၏ အဓိကအဖွဲ့ဝင်များဖြစ်သော နျဲ့ရှောင်တို့အဖွဲ့သာ သိရှိထားသည်။
ကြီးမားသော လျှို့ဝှက်သတင်းကောင်းကြောင့် နင်ဖုန်းတို့သည် ခေါင်းမှခြေဖျားထိတိုင် စွမ်းအင် ပြည့်ဝကာ စိတ်အားထက်သန်လျက်ရှိသည်။ နေ့စဉ်နေ့တိုင်း စွမ်းရည်ပိုင်ရှင်များအား မစ်ရှင်များပြုလုပ်ရန် ခေါ်ဆောင်သွားပြီး အရည်အသွေးကောင်းမွန်သော အနုမြူလက်နက်များနှင့် ဇွန်ဘီများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်မည့် စက်ကိရိယာများအား အသုံးပြုကာ ရိက္ခာပစ္စည်းများ စုဆောင်းကြသည်။ အခြေစိုက်စခန်းရှိ ရှင်သန်ကျန်ရစ်သူများသည် ခေါင်းဆောင်များ တက်ကြွစွာ လှုပ်ရှားနေသည်ကို မြင်သည့်အခါ သူတို့သည်လည်း ထိုစိတ်အခြေအနေ ကူးစက်လာလေသည်။
အားမာန်တက်ကြွမှုများဖြင့် ကမ္ဘာပျက်ကပ်၏ စိတ်ဓာတ်ကျဖွယ် အမှောင်ထုအား တိုက်ထုတ်ကြလေသည်။
ဒေါက်တာဝေ့နှင့် အဖွဲ့သည် ပိုင်မေ့၏ သွေးထဲမှ ခုခံကာကွယ်နိုင်သည့် အရာအား ခွဲထုတ်ကာ သန့်စင်ပြီး ဇွန်ဘီဗိုင်းရပ်အပေါ် အကျိုးသက်ရောက်မှုအား လေ့လာစမ်းသပ်လျက်ရှိသည်။ ထို့အပြင် ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော သဲလွန်စအား ရရှိလာရန်အတွက် အစိမ်းရင့်ရောင် ပြန်လည်ထူထောင်ဆေးရည်၏ အဓိက အစိတ်အပိုင်းများအား လေ့လာစမ်းသပ်ကြသည်။
အဆုံးတွင် ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်သွားလျှင်ပင် ဤအစိမ်းရင့်ရောင် ဆေးရည်အား တုပထုတ်လုပ်နိုင်မည့် နည်းလမ်းအား ဆက်လက်ရှာဖွေရန် လိုအပ်နေသေးသည်။
လုပ်ငန်းစဉ်မှာ ကြမ်းတမ်း၍ ရှည်လျားသော်လည်း မည်သူကမျှ အလျှော့ပေးလိုစိတ် မရှိကြပေ။
***
လူတိုင်းလူတိုင်း ကမ္ဘာပျက်ကပ်၌ အလုပ်ကြိုးစားနေချိန်တွင် ဟမ်းစတားမင်းသားလေးသည်လည်း ပျင်းရိမနေခဲ့ပေ။
လွန်ခဲ့သည် ရက်အနည်းငယ် အတွင်း၌ ရှောင်ဝူယိလေးသည် ရှုပ်ထွေးလှသော ကြယ်ပင်လယ်မြေပုံအား ပြီးပြည့်စုံစွာ မှတ်သားနိုင်ခဲ့သည်။ ကမ္ဘာနှင့် ဆန်ဂလို ကြယ်စင်စုအကြား၌ အလင်းနှစ်သန်းပေါင်းများစွာ ကွာဝေးသည်။ ကြယ်ပင်လယ်မြေပုံမှာ အလွန်အမင်း ရှုပ်ထွေးလှသည့်တိုင် ရှောင်ဝူယိသည် အရာအားလုံးအား စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားထားပြီး ဖြစ်လေသည်။
ရှောင်ဝူယိသည် လက်ဆန့်ကာ စားပွဲပေါ်တွင် ညင်သာစွာ လှဲလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ၏ ဦးနှောက်သေးသေးလေးအား အလွန်အမင်း အသုံးပြုခဲ့ရသဖြင့် ယခုအချိန်တွင် ဝန်ပိကာ အငွေ့များထွက်လုနီးနီးပင်။
“နောက်ဆုံးတော့ အလွတ်ရသွားပြီလေ.. ပေါင်ပေါင်းက ပင်ပန်းလွန်းလို့ သေတော့မှာပဲ..”
ကွမ်တမ်ဦးနှောက်၏ မျက်နှာပြင်သည် အခန်းနံရံတွင် ကြီးမားရှုပ်ထွေးသော ကဲယ်ပင်လယ်အား ပြသလျက်ရှိသည်။ ဆန်ဂလို ကြယ်စင်စုနှင့် နဂါးငွေ့တန်း ကြယ်စင်စုမှာ အလွန့်အလွန် ကွာဝေးလှသည်။
“ပေါင်ပေါင်းက အများကြီး အလုပ်ကြိုးစားခဲ့တယ်နော်..”
နျဲ့ရှောင်သည် ရှောင်ဝူယိ၏ ဦးခေါင်းအား လက်ဖြင့်ပွတ်လိုက်သည်။ ယခင်ရက်များအတွင်း ရှောင်ဝူယိအား အဖော်ပြုပေးခဲ့သည်။ တောက်ပ၍ ရှုပ်ထွေးပွေလီလှသည့် ကြယ်ပင်လယ်မြေပုံအားကြည့်ကာ သူ၏ပေါင်ပေါင်းအတွက် အလွန်ခက်ခဲလိမ့်မည်ဟု ခံစားမိသည်။ နံဘေးမှ အရသာရှိ၍ မွှေးပျံ့သော သစ်ကြားသီးနို့အား ယူကာ ကမ်းပေးလိုက်သည်။ အလွန်အကျွံ အလုပ်လုပ်ခဲ့ရသော ဦးနှောက်သေးသေးလေးအား ပြန်လည်အားဖြည့်ရန် ကူညီပေးခြင်း ဖြစ်သည်။
ဟမ်းစတားလေးသည် ဖန်ခွက်အား လက်နှစ်ဖက်ဖြင့်ကိုင်၍ ခေါင်းမော့ကာ “ဂလု ဂလု” အသံလေးများ ထွက်သည်အထိ ကုန်စင်အောင် သောက်လိုက်ပြီးမှ စိတ်ကျေနပ်ပျော်ရွှင်စွာ အသက်ရှူလိုက်သည်။
နျဲ့ရှောင် ပြုံးကာ မတ်တတ်ရပ်လိုက်သည်။
“ဒယ်ဒီက ဦးဦးကို သွားခေါ်ပေးမယ်နော်..”
"ဟုတ်"
နှုတ်ခမ်းတွင် နို့များပေကျံနေသော ရှောင်ဝူယိလေးသည် လေးလံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ကြယ်ပင်လယ်မြေပုံထံ အကြည့်ပြန်ပို့လိုက်ပြီးနောက် အနည်းငယ်ပင် မရွှေ့ရဲချေ။ စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံအောက်ရှိ ခြေထောက်ကလေးများအား တလှုပ်လှုပ် လှုပ်ယမ်းနေသည်။
“မြန်မြန်လေး.. မြန်မြန်ခေါ်ပေး.. မဟုတ်ရင် ပေါင်ပေါင်းက အားလုံးကို မေ့သွားလိမ့်မယ်လို့..”
“ဟုတ်ပြီကွာ.. အခုပဲ သွားပါပြီ..”
နျဲ့ရှောင် အခန်းအတွင်းမှထွက်ကာ မော့ယန်အား အလျင်စလို ရှာလေသည်။ အခြားသူများသည်လည်း ရှောင်ဝူယိ ကြယ်ပင်လယ်မြေပုံအား မှတ်မိသွားပြီဖြစ်ကြောင်း သိရသည့်အခါ လုပ်လက်စ အလုပ်များအားချကာ ထွက်ခွာသည်ကို ကြည့်ရှုရန် ရောက်လာကြသည်။
ပိုဆီယာ၊ ဆစ်စလိုနှင့် အခြားသူများသည် အခန်းတွင်းသို့ ဝင်ဝင်ချင်းမှာပင် ရှုပ်ထွေးလှသော ကြယ်ပင်လယ်မြေပုံအား မြင်လိုက်ရသဖြင့် ဦးရေပြားများ ထုံကျင်လာသလို ခံစားမိသည်။ ချစ်စဖွယ်ကောင်ငယ်လေးအားကြည့်ကာ နှလုံးသားအောက်ခြေမှနေ လေးစားမှုတို့ မြင့်တက်လာသည်။
ကြောက်ဖို့ကောင်းတဲ့ မှတ်ဉာဏ်နဲ့ကတော့.. အခုကစပြီး တော်ဝင်မိသားစုကို ချစ်စရာငတုံးလေးတွေလို့ မခေါ်တော့ဘူးနော်..
နင်ဖုန်းသည် ဇွန်ဘီများအားသတ်ရန် အဖွဲ့တစ်ဖွဲ့ခေါ်ရန် စီစဉ်ထားသော်လည်း လမ်းတစ်ဝက်မှာပင် ရှောင်ဝူယိ၏သတင်းအား ကြားလိုက်ရသဖြင့် ယနေ့အစီအစဉ်အားချက်ချင်းဖျက်ကာ အလျင်အမြန် ပြန်လာလေသည်။
အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် ထပ်မတွေ့နိုင်ဟု မပြောနိုင်သော်လည်း အရေးကြီးသည့် အခိုက်အတံ့အား မည်သူမျှ လက်လွတ်မခံနိုင်ပေ။
“ပေါင်ပေါင်း မကြာခင် ပြန်လာခဲ့ပါမယ်..”
ရှောင်ဝူယိသည် ကွမ်တမ်ဦးနှောက်ရှိ ကြယ်ပင်လယ်မြေပုံအားပိတ်ကာ ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။ လူတိုင်းအား အနည်းငယ်တုံ့ဆိုင်းစွာ ကြည့်လိုက်ပြီးနောက် နျဲ့ရှောင်ထံသို့ အကြည့်ရောက်သည့်အခါ တမ်းတမ်းတတ ကြည့်လိုက်သည်။
“ဒယ်ဒီက စိတ်ချလက်ချနေနော်.. ပေါင်ပေါင်း သိပ်မကြာခင် ပြန်လာပြီး ကူညီပေးမယ့်လူတွေ ခေါ်လာခဲ့မယ်.. ဝတ်ရုံနက်နဲ့လူက အလိုရှိတဲ့လူဖြစ်တာကြောင့် မကြာခင် ဖမ်းမိမှာပါ..”
နျဲ့ရှောင်သည် ကောင်ငယ်လေး၏ တွန့်ဆုတ်ဆုတ် မျက်နှာလေးအား ငုံ့ကြည့်ကာ နှုတ်ခမ်းပေါ်ရှိ နို့များအား သုတ်ပေးလိုက်ပြီးနောက် ကြင်နာစွာ ပြုံးလိုက်သည်။
“အွန်း.. ဒယ်ဒီတို့အားလုံး ပေါင်ပေါင်းပြန်လာတာကို စောင့်နေမယ်နော်..”
နောက်ဆုံးအကြိမ်အဖြစ် ရှောင်ဝူယိသည် သူ၏မျက်နှာလေးအား နျဲ့ရှောင်၏ ရင်ဘတ်အတွင်းဝှက်ကာ ထပ်ကာထပ်ကာ ပွတ်သပ်လိုက်ပြီးနောက် တစ်ဖက်လူ၏ နွေးထွေးကြင်နာသော အငွေ့အသက်အား ခပ်ပြင်းပြင်းရှူလိုက်သည်။
ထိုအချိန်တွင် ရှက်ရွံ့ခဲလှသော မော့ယန်သည် ချစ်ကြည်နူးနေသော အတွဲအား မျက်နှာချင်းဆိုင်ရသည့်အခါ မျက်နှာကြက်အား ကြည့်ရန်သာ ရွေးချယ်လိုက်သည်။ မျက်စိနဲ့ မမြင်ရရင် နှလုံးသားမှာလည်း ပြဿနာမရှိတော့ဘူး..
လူတိုင်းအား ကြင်နာစွာနှုတ်ဆက်ရန် အချိန်များစွာ မရခဲ့ပေ။ ရှောင်ဝူယိသည်လည်း သူ၏မှတ်ဉာဏ်များ ရှုပ်ထွေးကာ ဝေဝါးသွားမည် စိုးသောကြောင့် နျဲ့ရှောင်၏ နှုတ်ခမ်းအား “မွ” ခနဲ နမ်းကာ သူ၏ ဦးဦးလက်ကိုဆွဲ၍ လေဟာနယ်ဝင်ပေါက်တစ်ခု ဖန်တီးလေသည်။
ဤတစ်ခေါက်တွင် ယခင်အချိန်ထက် အချိန်များစွာ ယူရသည်။ အနီးအနားမှ လူများသည် စိတ်အနှောင့်အယှက်မဖြစ်စေရန် အသက်ရှူအောင့်ထားမိကြသည်။
ရှောင်ဝူယိသည် မျက်လုံးမှိတ်ကာ မျက်တောင်လေးများ တဆတ်ဆတ်တုန်နေသည်။ ကမ္ဘာနှင့် နီမိုဂြိုလ်အကြားရှိ ထွန်းတောက်နေသော ကြယ်များသည် သူ၏စိတ်ထဲ၌ တောက်ပနေသော ညအလင်းကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားသည်။
လေဟာနယ်ဝင်ပေါက်အား ရေးဆွဲပြီးနောက် ရှောင်ဝူယိမျက်နှာ ဖြူဖျော့သွားသည်။ ထိုသို့မြင်ရသည့်အခါ နျဲ့ရှောင်၏နှလုံးသား ဖျစ်ညှစ်ခံရသကဲ့သို့ ခံစားမိလေသည်။
"ပေါင်ပေါင်း.."
ရှောင်ဝူယိသည် မျက်လုံးဖွင့်၍ ချစ်စဖွယ်တောက်ပနေသောအပြုံးလေးဖြင့် နျဲ့ရှောင်နှင့် လူတိုင်းအား ပြုံးပြလိုက်သည်။ ထို့နောက် မော့ယန်အားဆွဲကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ခြေလှမ်းအနည်းငယ်ဆုတ်ကာ လူတိုင်းအား လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက်လိုက်သည်။
"ပေါင်ပေါင်း ပြန်လာမယ်နော်.. တာ့တာ ဒယ်ဒီ.. အားလုံးပဲ တာ့တာ!.."
"ဒယ်ဒီ ပေါင်ပေါင်းက ချစ်တယ်နော်.."
အသံထွက်လာပြီးနောက် နှစ်ဦးသား ပျောက်ဆုံးသွားလေသည်။ ထို့နောက် လေဟာနယ်ဝင်ပေါက် ပိတ်သွားပြီး လူတိုင်းသည် အရိပ်မရှိသော လေဟာနယ် နေရာအား ကြည့်ကာ အနည်းငယ် ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့၏ ကူးပြောင်းခြင်းသည် လျင်မြန်သောကြောင့် လူတိုင်းမည်သို့ တုန့်ပြန်ရမည်ကိုပင် မသိတော့ချေ။ လူနှစ်ယောက် အနားမှာရှိနေသေးသကဲ့သို့ပင်။
"...သူတို့က ဒီလိုပဲ ပြန်သွားကြတာလား.."
နင်ဖုန်း အနည်းငယ် မှင်သက်ကာပြောလေသည်။
သွမ့်ဝမ်ယွီ နင်ဖုန်း၏ခေါင်းအားပွတ်ကာ နွေးထွေးစွာပြောလိုက်သည်။
"စိတ်မပူပါနဲ့.. သူတို့က သေချာပေါက် လုံခြုံမှာပါ.. မကြာခင်မှာ သေချာပေါက် ပြန်လာလိမ့်မယ်.."
"ငါအခုထိ မပြင်ဆင်ရသေးဘူး.. လူတွေက ဒီတိုင်းထွက်သွားကြတယ်.."
နင်ဖုန်း မသဲမကွဲပြောလေသည်။
နျဲ့ရှောင်သည် ကွက်လပ်ဖြစ်နေသောနေရာအား စိုက်ကြည့်နေပြီး သူ၏နှလုံးသားထဲတွင် ဗလာကျင်းနေပြီး ယခုကဲ့သို့ စိတ်ပျက်လက်ပျက် မခံစားခဲ့ဖူးပေ။ သူ၏ နှုတ်ခမ်းအား ဖိကာထွက်ခွာရန် အခွင့်အရေးအား မော့ယန်ထံ ပေးလိုက်မိသည့်အတွက် ရုတ်တရက် နောင်တရလာသည်။
ကျန်းချိုးသည် နျဲ့ရှောင်၏ အမူအရာအား ကြည့်လိုက်သည်။ ထို့နောက် စာနာမှုအပြည့်ဖြင့် သူငယ်ချင်းဖြစ်သူ၏ ပခုံးအား ပုတ်လိုက်သည်။ ချစ်ကြည်နူးနေသာ “သားအဖ” အတွဲအား ခွဲခွာရန် အမှန်တကယ် ခက်လှသည်။
"မင်းအဆင်ပြေရဲ့လား.."
"အဆင်ပြေတယ်.."
နျဲ့ရှောင်၏ သူ့ကိုယ်သူ ပြန်လည်ထူထောင်မှုမှာ မမျှော်လင့်ဘဲ အလွန်မြန်လှသည်။ ရုတ်တရက် စိတ်ပျက်လက်ပျက် ခံစားချက်များအား ချုပ်တည်းကာ တည်ငြိမ်စွာဖြင့် ကျန်းချိုး၏လက်အား မ,လိုက်သည်။ ဟိတ်ဟန်အပြည့်ဖြင့် တံခါးမှ ထွက်သွားပြီးနောက် အေးစက်စက် အနက်ရောင်မျက်လုံးများသည် လူတိုင်းအား သိမ့်သိမ့်တုန်စေသည်။
“ဒီနေ့ ငါ အခြေစိုက်စခန်းကထွက်ပြီး ဇွန်ဘီတွေကို သတ်မယ်..”
ကျန်းချိုးနှင့် ရဲဘော်ရဲဘက်များ :"..." ဇွန်ဘီတွေက သနားစရာကောင်းလိုက်တာ..
လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဇွန်ဘီများအတွက် နှလုံးသားထဲမှ ဆုတောင်းပေးလိုက်ကြသည်။
အာ... ဒီကမ္ဘာပျက်ကပ်နဲ့ ဇွန်ဘီတွေကို အပြစ်တင်ရမှာဘဲ သူတို့က ဒီချစ်စရာ သားအဖအတွဲကို ခွဲခွာပစ်တယ်..
***
ထိုအချိန် ဆန်ဂလိုကြယ်စင်စု၊ နီမိုဂြိုလ်၌။
ရှောင်ဝူယိနှင့် မော့ယန်သည် အချိန်နှင့် အာကာသအား ဖြတ်ကျော်ကာ ၎င်းတို့၏ မွေးရပ်ဂြိုလ်သို့ ချောမောစွာ ရောက်ရှိခဲ့ကြသည်။ လေးနှစ် ကြာပြီးနောက်တွင် ရှောင်ဝူယိ၏ ခြေထောက်များ ရင်းနှီးသော အမိဂြိုလ်၏ မြေပြင်ပေါ် ဆင်းသက်ခဲ့ရသည်။ အောက်ဆီဂျင်ပေါကြွယ်ဝပြီး လတ်လတ်ဆတ်ဆတ်လေအား ရှူရှိုက်ရသည်။
သို့သော်လည်း အရာရာတိုင်းအား ချီးမွမ်းရန် မလုံလောက်ပေ။ ရှောင်ဝူယိသည် မော့ယန်အား နေရာလွတ်အတွင်းမှ ထုတ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား အနည်းငယ်မျှပင် တောင့်မထားနိုင်တော့ချေ။ အလင်းနှစ် သန်းပေါင်းများစွာ အကွာအဝေးအား ဖြတ်သန်းပြီးနောက် သူ၏စွမ်းရည်များအားလုံး ခမ်းခြောက်လုနီးနီးပင်။ မျက်နှာသေးသေးလေးမှာ ဖြူဖျော့ကာ အချိန်မရွေး သတိလစ်သွားနိုင်သည်။
မော့ယန်သည် မင်းသားလေးအား လျင်မြန်စွာ ဖမ်းယူလိုက်ပြီးနောက် သူ၏ လက်မောင်းထဲတွင် ပွေ့ဖက်ထားလိုက်သည်။ ထို့နော်က ရင်းနှီးနေသော ပတ်ဝန်းကျင်အားကြည့်ကာ စိတ်လုံခြုံမှုရရှိသွားသည်။
ပတ်ဝန်းကျင်အနှံ့ လှိုင်လှိုင်ပေါများသော အစိမ်းရောင်အပင်များ၊ ပွင့်လင်းနေသောပန်းများနှင့် သန့်ရှင်းလတ်ဆတ်သော လေထုသည် သူ၏နှာခေါင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူ၏အရှေ့ရှိ နန်းတော်၏အမိုးသည် စိမ်းလန်းစိုပြည်သော အပင်များ ဖုံးထားပြီး နွယ်ပင်များ တွဲလောင်းကျလျက်ရှိသည်။
ပန်းများ၊ အပင်များနှင့် သစ်ပင်အားလုံး စိမ်းလန်းစိုပြည်လှပလျက်ရှိသည်။ ဂြိုလ်တစ်ခုလုံး၏ ၈၀% အား အစိမ်းရောင်များ ဖုံးလွှမ်းထားခြင်းသည် နီမိုဂြိုလ်၏ အထင်ရှားဆုံးသော လက္ခဏာရပ်ဖြစ်သည်။
ရှောင်ဝူယိသည် နီမိုဂြိုလ်နှင့် အကျွမ်းတဝင် ရှိသောကြောင့် မော့ယန်အား သစ်တောခန်းမထံသို့ တိုက်ရိုက် ခေါ်ဆောင်လာနိုင်ခဲ့သည်။ သဘာဝလေများဖြင့် ပြည့်နေသော အဆင့်အတန်းမြင့်သည့် နန်းတော်ကြီးမှာ ရှောင်ဝူယိ ကြီးပြင်းခဲ့ရာ နေရာပင်။
နှစ်ဦးသား ခြေချလိုက်သည့် တစ်ခဏမှာပင် အချက်ပေးသံများ ထွက်ပေါ်လာပြီး အမျိုးစုံသော တိရစ္ဆာန်ငယ်လေးများနှင့် ထူးထူးခြားခြား ဝတ်ဆင်ထားသော ခံ့ညားချောမောသည့် အမျိုးသားများ၊ လှပသော အမျိုးသမီးများ နန်းတော်အတွင်း အလျင်အမြန် ဝင်ရောက်လာကြသည်။
မဟာစစ်သူကြီး မော့ယန် နှင့် သူ၏လက်ထဲရှိ ကောင်ငယ်လေးအား မြင်သည့်အခါ လူတိုင်း အံ့အားသင့်ကာ ပျော်ရွှင်မှုကြောင့် ငိုကြွေးကြသည်။
"တိုးတိုးနေကြ.. မင်းသားလေးက ပင်ပန်းလာတာ.. အနားယူဖို့ လိုအပ်တယ်.."
မော့ယန်သည် ၎င်းတို့အား တိတ်တိတ်နေရန် ပြောပြီးနောက် ရှောင်ဝူယိအား ခန်းမအတွင်းသို့ ခေါ်ဆောင်သွားပြီး ခန်းမအတွင်းရှိ ကုတင်ပေါ်တွင် ညင်သာစွာ နေရာချလိုက်သည်။
ဟန့်တားခံထားရသော စိတ်လှုပ်ရှားစွာ တီးတိုးပြောသံများ ဘေးပတ်လည်တွင် ထွက်ပေါ်လာသည်။
“အာ.. ဒါ တကယ်ပဲ မင်းသားလေးဟ.. စစ်သူကြီး မော့ယန်က နောက်ဆုံးတော့ မင်းသားလေးကို ပြန်ခေါ်လာနိုင်ခဲ့ပြီ.. အူးဝူးဝူးးး တကယ်ကောင်းတာပဲ..”
“မမြင်ရတဲ့ လေးနှစ်အတွင်း မင်းသားလေးက ကြီးပြင်းလာပြီး အရပ်ပိုရှည်လာတာပဲ.. ငါတို့ ဒါကို လွဲချော်သွားခဲ့ရပြီ..”
“လုံလုံခြုံခြုံလေး ပြန်လာနိုင်တာ ကောင်းလိုက်တာ..”
……
မော့ယန်သည် ရှောင်ဝူယိအား ကြင်နာမှုများ ပြည့်နေသော မျက်လုံးများဖြင့်ကြည့်ကာ စောင်အပါးလေး လွှမ်းခြုံပေးလိုက်သည်။
သူ၏ဘေးရှိ မဟာအကြီးအကဲသည်လည်း မျက်လုံးတွင် ခံစားချက်များ ပြည့်နေသည်။ အိပ်ပျော်နေသော မင်းသားလေးအားကြည့်ကာ မော့ယန်အား စိုးရိမ်တကြီး မေးလေသည်။
“မဟာစစ်သူကြီး မော့ယန်.. မင်းသားလေး ဘာဖြစ်နေတာလဲ.. မင်းသားလေးကို ဘယ်နေရာမှာ ရှာတွေ့ခဲ့တာလဲ..”
“သူအဆင်ပြေပါတယ်.. ပင်ပန်းလို့ အိပ်ပျော်နေတာ.. အပြင်ထွက်ပြီး ပြောရအောင်..”
မော့ယန် မဟာအကြီးအကဲ၏ သံသယများအား ရှင်းပြလိုက်သည်။ အစောင့်အနည်းငယ် ထားပြီးနောက် လူတိုင်းအား ခန်းမရှေ့သို့ ခေါ်လာလိုက်သည်။ ထို့နောက် မဟာအကြီးအကဲထံသို့လှည့်ကာ ပြောလေသည်။
"မင်းသားလေး ပြန်လာတာကို သတင်းမဖြန့်ကြနဲ့.. ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စနဲ့ ဆက်စပ်နေတယ်.. ဒါကြောင့် ရဲရဲတင်းတင်း မပြောကြနဲ့ဦး.."
ကြားလိုက်ရသည့်လူတိုင်း ကြောက်ရွံ့မှုကြောင့် အေးခဲသွားသလို ခံစားလိုက်ရသည်။
မဟာအကြီးအကဲ ခန်းမမှ သတင်းများအား ပိတ်ပင်ရန် ချက်ချင်းအမိန့်ပေးကာ အချင်းချင်း ဖြန့်ဝေခြင်းမှလည်း တားဆီးလိုက်သည်။
မော့ယန် ကျေနပ်စွာခေါင်းညိတ်ပြီး ဘေးပတ်လည်အား ကြည့်လိုက်သော်လည်း ချစ်ရသူ၏ ပုံရိပ်အား မတွေ့ရပေ။ ရုတ်တရက် ရှုပ်ထွေးသွားပြီး သူ၏ဘေးရှိ မဟာအကြီးအကဲကိုသာ မေးလိုက်သည်။
"အကြီးအကဲ.. ငါ ဝန်ကြီးအန်းယိကို ဘာလို့မမြင်မိတာလဲ.."
"အန်းယိက အပြင်ထွက်သွားတာလား.. ဘာလို့ နန်းတော်ရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်ဖို့က အကြီးအကဲတွေပဲ ရှိတာလဲ.."