အပိုင်း ၈၃
Viewers 22k


🐹အခန်း၈၃

ဝူယိလေးရဲ့ မင်းသမီးလေး ရှောင်ရှောင်း



ပိုင်မေ့ မယုံကြည်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရောဂါကာကွယ်နိုင်သည့် ပဋိဇီဝဆေး ထုတ်ရန်မှာ မဖြစ်နိုင်ပေ။ ဤစိတ်ကူးမှာ အဓိပ္ပါယ်မဲ့သည်ဟု ထင်မိသည်။ သို့သော် ပိုင်ယွဲ့နှင့် ဒေါက်တာဝေ့မင်ဟန်တို့ ခေါင်းညိတ်သဘောတူသည်ကို မြင်ရသည့်အခါ အနည်းငယ် တုံ့ဆိုင်းကာ ကြောက်ရွံ့လာမိသည်။


ပိုင်ယွဲ့သည် အစ်ကိုဖြစ်သူ၏လက်အား ဆုပ်ကိုင်ကာ ပိုင်မေ့၏ မျက်လုံးများအားကြည့်ကာ အလေးအနက်ထား ပြောလေသည်။


“ကော.. အစ်ကို နျဲ့ရဲ့ ခန့်မှန်းချက်က တကယ်ဖြစ်နိုင်တယ်.. သဘာဝကျကျ ပြောရမယ်ဆိုရင် ဇွန်ဘီဘုရင်ကလည်း ဇွန်ဘီတစ်ကောင်ပဲလေ.. ဒါပေမဲ့ ကျွန်တော့်ရဲ့ ကုသစွမ်းရည်က ကော အပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်..”


"ဘာ.."


ဤအကြောင်းအား ကြားရသည့်အခါ ရုတ်တရက် လူတိုင်း အံ့အားသင့်သွားကြသည်။ ပိုင်ယွဲ့နှင့် အခြားသူများသည် ထိုအကြောင်းအား တစ်ခါမျှပင် မပြောဖူးခဲ့ကြချေ။


ပိုင်ယွဲ့သည် ယခုအချိန်တွင် ဖုံးကွယ်မထားတော့ပေ။ သူ၏ဘေးရှိ ဒေါက်တာဝေ့ဟန်မင်အား တစ်ချက်ကြည့်ကာ လူတိုင်းအား ရှင်းပြလေသည်။


“ရိုးရိုးသားသား ပြောရမယ်ဆိုရင် အရင် ဟိုင်ချန်မှာ ဒေါက်တာဝေ့နဲ့ ကျွန်တော့်က ဇွန်ဘီတစ်ကောင်ကို ဖမ်းပြီးတော့ လျှို့ဝှက်လေ့လာခဲ့ဖူးတယ်.. ကျွန်တော့်ရဲ့ ကုသစွမ်းရည်က ဇွန်ဘီတွေအပေါ် အလုပ်ဖြစ်မလား စမ်းသပ်ခဲ့တယ်.. ကံမကောင်းစွာနဲ့ ကျွန်တော့်ရဲ့ စွမ်းရည်က သူတို့အပေါ် နည်းနည်းလေးတောင် လွှမ်းမိုးမှု မရှိတဲ့အပြင် ပြောင်းလဲမှု သေးသေးလေးတောင် မဖြစ်ခဲ့ဘူး..”


“အဲဒါ အမှန်ပဲ..”


ဒေါက်တာ‌ဝေ့ဟန်မင် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာတွင် စနောက်လိုသော အမူအရာ အနည်းငယ်မျှပင် မရှိဘဲ ထောက်ခံမှုပြုသည်။ လူတိုင်းအား လေးနက်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပိုင်မေ့အား ပြောလေသည်။


“မင်းရဲ့ တည်ရှိမှုက အရမ်းထူးခြားတယ် ပိုင်မေ့.. အဲသည်အချိန်တုန်းက ပိုင်ယွဲ့ရဲ့ စွမ်းရည်က မင်းတစ်ယောက်တည်း အပေါ်မှာပဲ အကျိုးသက်ရောက်မှုရှိတာကို ငါတို့တွေ့လိုက်တယ်.. ဒါက ခဏတာ ပြောင်းလဲမှုဆိုရင်တောင် ငါတို့ စိတ်ထဲကနေ အရမ်းအံ့ဩခဲ့ရတယ်..”


“ဒါပေမဲ့ ငါတို့က စနစ်တကျ လေ့လာရသေးတာ မဟုတ်လို့ ဒီကွဲပြားမှုဖြစ်စေတဲ့ အချက်အလက်တွေအပေါ်မှာ သိပ်မသေချာသေးဘူး.. ဒါကြောင့် ဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ထားခဲ့ကြတယ်.. မသေချာဘဲ အလဟသ ပျော်ရွှင်သွားတာမျိုး မဖြစ်ရအောင်လေ.. အခုရလဒ်က မသေချာသေးဘူး ဆိုပေမဲ့ မစ္စတာနျဲ့ရဲ့ ထင်မြင်ချက်က အဓိပ္ပါယ်မရှိတာမျိုး မဟုတ်ပါဘူး..”


“မင်း ငါတို့ကိုပေးတဲ့ ပြန်လည်ထူထောင်ဆေးထဲမှာ များပြားတဲ့ ကုသနိုင်စွမ်းတွေ ပါဝင်တယ်လို့ ပိုင်ယွဲ့ကပြောတယ်.. ပြီးတော့ အဲသည်ကုသနိုင်စွမ်းကလည်း မင်းအပေါ်မှာပဲ အလုပ်လုပ်တာ.. ဒါက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အရာက တခြားဇွန်ဘီတွေမှာ လုံးဝမရှိဘူးဆိုတ သက်သေပြနေတာပဲ..”


ပိုင်မေ့ သိရှိရသော သတင်းအချက်အလက်များကြောင့် အံ့အားသင့်လွန်းရသဖြင့် စကားမပြောနိုင်တော့ချေ။ တွေဝေစွာ မတ်တတ်ရပ်နေရင်း မယုံကြည်နိုင်စွာဖြင့် ရှိနေပြီး အသိစိတ် ပြန်လည်မလာသေးချေ။


အခြားသူများသည်လည်း ပိုင်မေ့ထက် ပိုမကောင်းကြပေ။ သူတို့အားလုံးသည် ရရှိလာသေ သတင်းအချက်အလက်များကြောင့် အံ့ဩတုန်လှုပ်ကာ ပိုင်မေ့အား အလွန်ထူးခြားသော ရတနာတစ်ခုသဖွယ် ကြည့်လာကြသည်။


..ဤအရာသည် အမှန်တကယ်ထူးခြားသော ရှာဖွေတွေ့ရှိမှုပင်!!


ပိုင်ယွဲ့သည် ယခုထိတိုင် အသိမဝင်သေးသော အစ်ကိုဖြစ်သူအားကြည့်ရင်း လက်ဆန့်ကာ ပွေ့ဖက်ပြီး ကြင်နာမှုအပြည့်ဖြင့် နှစ်သိမ့်ပေးလေသည်။ ထို့နောက် နားနားကပ်ကာ ပြောလိုက်သည်။


“ဒါကြောင့် ကော က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမချပါနဲ့.. ကောရဲ့ အတွေးတွေကိုလည်း ကြမ်းတမ်းမသွားစေနဲ့.. မင်းရဲ့ ခန္ဓာကိုယ်က လူသားတွေအတွက် မျှော်လင့်ချက်တစ်ခုခုကို ပိုင်ဆိုင်ထားတယ်.. အခု ဒေါက်တာဝေ့နဲ့ ကျွန်တော်က ကောကို သုတေသနလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ပေးနိုင်မလားလို့ မေးမလို့ ဒါပေမဲ့ အစ်ကို နျဲ့ ရဲ့ ရှုထောင့်ကတော့ ကျွန်တော်တို့ လုံးဝ ထင်မှတ်မထားတဲ့ အရာပဲ..”


ထိုအချိန်တွင် ပိုင်မေ့သည် သူ၏ခံစားချက်များအား မည်သို့ဖော်ပြရမည်ကို မသိတော့ချေ။ မျက်ရည်များ ထိန်းချုပ်မရနိုင်စွာ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ အလွန်စိတ်လှုပ်ရှားနေသဖြင့် ခံစားချက်များကြောင့် စကားလုံးများ တစ်ဆို့ကာ အစဉ်မကျ ထွက်လာသည်။


"ငါ.."


“အကယ်၍ တခြားဇွန်ဘီတွေကို မကယ်နိုင်တော့ဘူး ဆိုရင်တောင် ကော ကိုတော့ ကယ်တင်နိုင်ဦးမယ်.. ဒါက ကောရဲ့ မူလပုံစံကို ပြောင်းနိုင်မယ့် နည်းလမ်းလည်း ဖြစ်နိုင်တယ်..”


ပိုင်ယွဲ့၏ မျက်လုံးများ အကြောင်းပြချက်မရှိ နီရဲလာပြီး ကတိသစ္စာပြုသကဲ့သို့ အာမခံစကား ဆိုလေသည်။


ပိုင်မေ့သည် သူ၏ခန္ဓာကိုယ်ထဲ၌ ဤကဲ့သို့ ဖြစ်နိုင်ချေမျိုး ရှိလိမ့်မည်ဟု ထင်မှတ်မထားချေ။ လက်ရှိတွင် သူသည် လူတိုင်းနှင့် ငြိမ်းချမ်းစွာ အခင်အမင်မပျက် ဆက်ရှိနေသော်လည်း ဇွန်ဘီနှင့် လူများကြား ကွာခြားချက်မှာ တံတိုင်းတစ်ခုသဖွယ် ရှိနေဆဲဖြစ်သဖြင့် သဟဇာတဖြစ်ရန် လိုအပ်နေဆဲပင်။


ယခုသိလိုက်ရသော အချက်အလက်များအရ သေးငယ်သော ဖြစ်တန်စွမ်းမျှသာ ရှိစေကာမူ ပိုင်မေ့၏ စိတ်လေးလံမှုများအား လျှော့ချရန် လုံလောက်ပေသည်။


“ငါ.. ငါ ပူးပေါင်းပါမယ်..”


ပိုင်မေ့သည် မျက်ရည်သုတ်ကာ ပြုံးလျက်နှင့် ပြောလေသည်။


“ငါအခု ဘယ်လိုနာကျင်မှုကိုမှ မခံစားရလို့ မင်းတို့ စိတ်ကြိုက် သုတေသန လုပ်လို့ရတယ်..”


ပိုင်မေ့ စိတ်ဆိုးဒေါသဖြစ်စွာ ခေါင်းခါယမ်းလိုက်သည်။


“ကျွန်တော် အရမ်းဂရုစိုက်ပါ့မယ်.. ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း မပြုမူပါဘူး.. ကောက ကျွန်တော့် အစ်ကိုလေ.. အစမ်းသပ်ခံပူး မဟုတ်ဘူး..”


နွေးထွေးမှုများ ပြည့်နှက်နေသော မြင်ကွင်းအားကြည့်ကာ လူတိုင်းသည်လည်း သူတို့ရရှိထားသော သတင်းအချက်အလက်များအား ကျေညက်အောင် လေ့လာပြီးဖြစ်သည်။ ယင်းမှာ ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက် ရရှိထားသမျှထဲ အကောင်းဆုံးသတင်း ဖြစ်သည်။ အကယ်၍ ပိုင်မေ့၏ ခန္ဓာကိုယ်ထဲ၌ ရောဂါတိုက်ဖျက်နိုင်စွမ်း ရှိမည်ဆိုပါက လူသားမျိုးနွယ်စုအား ကယ်တင်နိုင်ပေမည်။


“အားလုံး အဆင်ပြေသွားမှာပါ.. ပေါင်ပေါင်းလည်း ကူညီမှာပေါ့..”


ထိုခဏတွင် ရှောင်ဝူယိမှာ ပိုင်ယွဲ့နှင့် ပိုင်မေ့၏အလယ်တွင် ရှိနေပြီး သူတို့နှစ်ဦး၏ လက်များအား ဆုပ်ကိုင်ကာ ပိုင်မေ့၏ ခန္ဓာကိုယ်အတွင်းသို့ အသက်ဓာတ်အနည်းငယ်စီ ပေးပို့နေလေသည်။ မျှော်လင့်ထားသလိုပင် အသက်ရှူနှုန်းမှာ အကောင်းဘက်သို့ တုံ့ပြန်လာပြီး စွမ်းရည်ဓာတ်ကိုလည်း ခံစားမိသည်။


ထိုအချိန်တွင် ပိုင်ယွဲ့ ခန္ဓာကိုယ်၏ အသက်ရှုနှုန်းမှာ အနည်းနှင့်အများ ရှောင်ဝူယိ၏ အသက်ဓါတ်စွမ်းရည်နှင့် တူသည်။ ရှောင်ဝူယိသည် နှစ်ယောက်အားကြည့်ကာ ဒီညီအစ်ကိုနှစ်ယောက်သည် ကမ္ဘာကြီး၏ အန္တရာယ်များအား ကယ်တင်နိုင်ပေးနိုင်မည့် အကောင်းဆုံး အသင်းအဖွဲ့ဖြစ်သည်ဟု တွေးမိသည်။


ပိုင်ယွဲ့သာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် ရှောင်ဝူယိအနေဖြင့် မည်သည့်လှုပ်ရှားမှုမျှ ပြုလုပ်ရန်ပင် မလိုအပ်ချေ။ ပိုင်ယွဲ့သာ ရှိနေမည်ဆိုလျှင် သူ့အနေဖြင့် နောက်ကွယ်မှ ပြဿနာများအား တိတ်တဆိတ် ကူညီဖြေရှင်းပေးရုံသာ ရှိသည်။


ဤသို့တွေးမိသည့်အခါ ရှောင်ဝူယိ စိုးရိမ်မှု ရပ်တန့်သွားသည်။ သူ၏ မျက်လုံးလေးများထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံကာ တောက်ပလာပြီး ဟမ်းစတားလေးအသွင်သို့ တိုက်ရိုက်ပြောင်းလဲကာ သူ၏ ဖောင်းဖောင်းအိအိ တင်ပါးဝဝလေးများနှင့် ချစ်စဖွယ် အမြီးတိုနှံ့နှံ့လေးအား လှည့်ပတ်နေလေသည်။


ပိုင်မေ့နှင့် ပိုင်ယွဲ့တို့သည် ရှောင်ဝူယိ၏ လှုပ်ရှားမှု သေးသေးလေးအား သတိမမူခဲ့ဘဲ သူတို့နှစ်ဦးကြားရှိ ချစ်စဖွယ်ကောင်ငယ်လေးအားကြည့်ကာ ပျော်ရွှင်စွာ ရယ်မောကြလေသည်။


သို့သော်ငြား နျဲ့ရှောင်သည် ရှောင်ဝူယိ၏ လှုပ်ရှားမှုလေးများအား သတိပြုမိသဖြင့် ကောင်ငယ်လေးအား လက်ယက်ခေါ်လိုက်သည်။ ဖြူဖွေးနူးညံ့ကာ အထိမခံသည့် မျက်နှာလေးအား လက်နှစ်ဖက်ဖြင့် ကြင်နာယုယစွာ ပွတ်သပ်လိုက်သည်။


နင်ဖုန်းသည် ပိုင်ညီအစ်ကိုအားကြည့်ကာ ညည်းညူမိလေသည်။


“အဲသည် ရောဂါကုသနိုင်တဲ့ ပဋိဇီဝဆေးသာ တကယ်ရှိရင် ကောင်းတာပေါ့.. ငါတို့ကို ကယ်တင်ဖို့ မင်းတို့ ညီအစ်ကိုကို ကောင်းကင်ဘုံက အထူးစီစဉ်ပေးလိုက်တာပဲ ဖြစ်မယ်.. အဖဘုရားသခင်က ငါတို့ကို အလိုမရှိတော့ဘူးဆိုရင် လူသားတွေက မြန်မြန်ကျရှုံးမှာပဲ..”


“လက်ရှိမှာ ဇွန်ဘီတွေနဲ့ လူသားတွေက လုံးဝဆန့်ကျင်နေကြတယ်လို့ ပြောရမယ်.. ဇွန်ဘီတွေက လူသားတွေကို သတ်သလို လူသားတွေကလည်း ဇွန်ဘီတွေကို သတ်ကြတယ်.. အကယ်၍ မင်းတို့နှစ်ယောက်သာ ညီအစ်ကိုတွေ မဟုတ်ရင် ပဋိဇီဝဆေးက ဇွန်ဘီဘုရင်ဆီမှာ ရှိနေမယ်လို့ ဘယ်သူက သိမှာလဲ..”


နင်ဖုန်းသည် ထိုသို့တွေးမိသောအခါ ကံကောင်းသည်ဟု ခံစားမိလေသည်။


“အခုအခြေအနေကကို အတော်ကောင်းနေပြီလို့ ယူဆရမှာပါ.. မင်းတို့လည်း မသေခဲ့သလို ငါတို့လည်း ဒီအခြေအနေမျိုးမှာ အသက်ရှင်နေသေးတယ်..”


နင်ဖုန်း ဤသို့ပြောလာသည့်အခါ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ အချိန်အခါ သင့်လျော်သော သွေးသားတော်စပ်မှု၊ ပိုင်မေ့နှင့် ပိုင်ယွဲ့တို့၏ ဖြူစင်ကြင်နာမှု များသာ မရှိခဲ့လျှင် လူသားများအနေဖြင့် ဇွန်ဘီဘုရင်၏ ခန္ဓာကိုယ်ထဲ၌ ရောဂါကုသနိုင်မည့် ပဋိဇီဝဆေး ရှိကြောင်း မသိနိုင်ပေ။


"ဒါက တကယ်ကံကောင်းတာဘဲ.."


သွမ်ဝမ်ယွီ ညည်းညူ၍ သက်ပြင်းချမိသည်။


ပိုင်မေ့နှင့် ပိုင်ယွဲ့သည် တစ်ဦးနှင့်တစ်ဦးကြည့်ကာ ရယ်မိကြသည်။ ညီအစ်ကို တော်စပ်နေရခြင်းကြောင့် သူတို့ထက် ပိုကံကောင်းနိုင်မည့်သူ မရှိတော့ပေ။

***


ထိည ညဉ့်နက်ပိုင်းတွင် လူတိုင်း ပိုင်ယွဲ့ ထုတ်ဖော်ပြောကြားသော သတင်းကောင်းဖြင့် အိပ်စက်ခဲ့ကြသည်။ အိပ်မက်ထဲတွင် ဇွန်ဘီဗိုင်းရပ်ကာကွယ်ဆေးမှာ တိုးတက်လာပြီး ဤကမ္ဘာပျက်ကပ်ကြီးသည် အတိတ်တစ်ခု ဖြစ်လာသည်။


မီးရောင်မှိန်မှန် ထွန်းလင်းလျက်ရှိသော အိပ်ခန်းထဲ၌။


ရှောင်ဝူယိသည် ဖုန်းတောက်၏ ကြယ်ပင်လယ်မြေပုံအားထုတ်ကာ ခေတ္တမျှ လေ့လာလျက်ရှိသည်။ နျဲ့ရှောင် မျက်နှာသစ်ဆေးကြောပြီးနောက် သန့်စင်ခန်းအတွင်းမှ ထွက်လာသည်ကို မြင်သည့်အခါ မြေပုံအား အဝေးသို့ပစ်ကာ အိပ်စက်ရန် ပြင်လေသည်။


နျဲ့ရှောင်သည် ထိုမြင်ကွင်းအား မြင်သောအခခါ နှုတ်ခမ်းတွန့်ကာ ကြင်နာစွာ ပြုံးလေးသည်။ ကောင်ငယ်လေးအား စောင်ပုံထဲ ထည့်လိပ်လိုက်ပြီးနောက် နှာခေါင်းလေးအား လက်ဖြင့် ဖျစ်ကာ ပြောလေသည်။


“ပေါင်ပေါင်းက ဒီည အရမ်းတွေ ကြိုးစားနေပါ့လား..”


“ပေါင်ပေါင်း သိပ်မကြာခင် ပြန်ချင်တယ်..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ လက်မောင်းအတွင်း ကိုယ်ကိုလှည့်ကာ သက်သောင့်သက်သာရှိသော အနေအထားအား ရှာလေသည်။


“ပိုင်ယွဲ့ တိတိ ရဲ့ စွမ်းရည်နဲ့ဆိုရင် ကာကွယ်ဆေးကို သေချာဖောက် ဖော်ထုတ်နိုင်မှာ.. ဒါပေမဲ့ ဗီလိန်ကို ဖမ်းမမိသေးတော့ ပေါင်ပေါင်းက မြန်မြန်ပြန်ပြီး သူတို့ကို အသိပေးရလိမ့်မယ်..”


“ကြယ်ပင်လယ်မြေပုံက အရမ်းကြီးနေတော့ ပေါင်ပေါင်း နည်းနည်းပဲ မှတ်မိနိုင်တယ်.. ကြားပိုင်းတည်နေရာတွေကို သေချာမမှတ်နိုင်ရင် ပေါင်ပေါင်း သေချာပေါက် လမ်းပျောက်သွားမှာ..”


ဟမ်းစတားလေးသည် လေးလံသောတာဝန်များအား သူ၏ပခုံးပေါ်တွင် ထမ်းတားရသကဲ့သို့ ခံစားရပြီး သက်ပြင်းချလိုက်သည်။


ကောင်ငယ်လေး၏ စိုးရိမ်ကြောင့်ကျနေသော မျက်နှာလေးအား မြင်သည့်အခါ နျဲ့ရှောင်၏ မျက်လုံးထဲတွင် ချက်ချင်းဆိုသလို နူးညံ့မှုများ ပြည့်လာသည်။ သူ၏လက်ချောင်းများအားဆန့်ကာ မျက်မှောင်ကြုတ်နေသည့် နဖူးပြင်လေးအား အသာပွတ်လိုက်သည်။


“အရမ်းကြီး မစိုးရိမ်ပါနဲ့ ပေါင်ပေါင်းရ.. အချိန်ရှိသေးတယ်လေ.. နော် ဟုတ်ပြီလား.. ပြီးတော့ ဗီလိန်ကလည်း အခုထိ ပေါ်မလာသေးဘူးလေ..”


ရှောင်ဝူယိ ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းမော့ကာ နျဲ့ရှောင်အား မျက်လုံးနက်နက်လေးများဖြင့် ကြည့်လိုက်သည်။


“‌ပေါင်ပေါင်းက မြေပုံကို မှတ်မိသွားရင် ဒယ်ဒီ့ကိုလည်း တူတူခေါ်သွားမှာ..”


နျဲ့ရှောင် အံ့အားသင့်သွားသည်။


“ဦးဦးမော့ယန်ကို မခေါ်ဘူးလားကွ.. ဒယ်ဒီက ပေါင်ပေါင်း ပြန်လာမှာကို စောင့်နိုင်ပါတယ်.. ပေါင်ပေါင်းနဲ့ ဦးဦးမော့ယန် အတူတူပြန်သွားတာ ပိုကောင်းမယ်လို့ ဒယ်ဒီထင်တယ်..”


“ဒါပေမဲ့.. ဒါပေမဲ့.. ပေါင်ပေါင်းမှ ဒယ်ဒီနဲ့ မခွဲနိုင်တာလို့..”


ရှောင်ဝူယိ အနည်းငယ် တွန့်ဆုတ်စွာ ပြောလေသည်။


ထိုသို့ကြားသည့်အခါ နျဲ့ရှောင် ရယ်မောလိုက်ပြီး ကောင်ငယ်လေးအား နူးညံ့စွာ ကြည့်လိုက်သည်။ 


“ပေါင်ပေါင်းက ပြန်မလာဘဲနေမှာ မဟုတ်ဘူးလေ.. မင်းလေးရဲ့ ဦးဦးကိုသာ မခေါ်သွားဘူးဆိုရင် သူက ဒယ်ဒီ့ကို ဖိနပ်ကြပ်ကြပ် ထပ်စီးရအောင် လုပ်လိမ့်မယ်ကွ.. လိမ္မာနော်.. အချိန်ကျရင် ဦးဦးကို ခေါ်သွားလိုက်ပါ.. သူက အဲသည်နေရာကို ပိုသိတယ်လေ.. ဒယ်ဒီက ပေါင်ပေါင်းပြန်လာတာကို စောင့်နေပါ့မယ်..”


ထိုသို့ပြောပြီးနောက် နျဲ့ရှောင်သည် ကောင်ငယ်လေး၏ နှုတ်ခမ်းအား နမ်းလိုက်သည်။


“ပေါင်ပေါင်းက မြန်မြန်လေး ပြန်လာရမယ်နော်.. ဒယ်ဒီ့ကို မစွန့်ပစ်ရဘူး..”


နျဲ့ရှောင် ဝန်လေးစွာ ပြောလေသည်။ လက်တွေ့တွင် နျဲ့ရှောင်သည် ရှောင်ဝူယိ ပြန်မလာမည်အား လူတိုင်းထက် စိုးရိမ်နေမိခြင်းပင်။


ရှောင်ဝူယိသည် နျဲ့ရှောင်အားကြည့်ကာ ‘မွ’ ခနဲ နမ်းလိုက်သည်။ နာခံမှုရှိရှိ ‌ခေါင်းညိတ်ပြီးနောက် နှစ်သိမ့်ပေးလေသည်။


“ဒယ်ဒီ စိတ်မပူနဲ့နော်.. ပေါင်ပေါင်းက သေချာပေါက် ပြန်လာမှာပေါ့.. ဒယ်ဒီက ဒီမင်းသားလေးရဲ့ တစ်ဦးတည်းသော မင်းသမီးလေးလေ.. ပေါင်ပေါင်းတို့က အနာဂတ်မှာ လူတိုင်း တက်ရောက်နိုင်မယ့် မင်္ဂလာပွဲ အကြီးကြီး ကျင်းပပစ်မယ်..”


“ဟီးဟီးဟီး ဒယ်ဒီက ပေါင်ပေါင်းရဲ့ မင်းသမီးလေး ရှောင်ရှောင်း.."


နျဲ့ရှောင် ရုတ်တရက်ရယ်မိလိုက်သည်။ ထို့နောက် ကောင်ငယ်လေးအား အလေးအနက်ထား၍ ကြင်နာစွာ ကြည့်လိုက်သည်။


“ပေါင်ပေါင်းကလည်း ဒယ်ဒီ့နှလုံးသားထဲက တစ်ဦးတည်းသော မင်းသားလေးပါ.."

***


ထိုအချိန်တွင် များပြားလှသည့် ကြယ်များ တလက်လက်တောက်ပနေသော ကြယ်ပင်လယ်ထဲ၌ နျဲ့ရှောင်၊ ဝူယိနှင့် အခြားသူများ မကြာခဏ ပြောဆိုနေကြသည့် ဝတ်ရုံနက်နှင့်လူသည့် လျှို့ဝှက်စမ်းသပ်ခန်းအတွင်း၌ ရှိနေသည်။ သူသည် အနက်ရောင်နှင့် ပြောင်းပြန် အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်။ လက်တွေ့စမ်းသပ်ချက်ပြုလုပ်သည့် ပစ္စည်းများ တင်ထားသော ခုံရှည်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် သွားလာလျက်ရှိသည်။


များမကြာမီ တဝီဝီမြည်သံတစ်ခု ထွက်ပေါ်လာသည်။


သူ၏ ပေါင်းစပ်ခြင်း စမ်းသပ်မှု အောင်မြင်သွားလေသည်။


ဆာ့သ်သည် လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသော သန့်စင်မဲမှောင်သည့် ရောင်ဝါများ ထွက်ပေါ်နေသော အနက်ရောင်အမြုတေအား စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ သူ၏ နှုတ်ခမ်းထောင့်များ နက်ဆိုးဆန်ဆန် မြင့်တက်သွားသည်။ လက်ဆန့်ကာ အနက်ရောင်အမြုတေအား ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ပြီးနောက် အဝေးရှိ ကြယ်စင်များပြည့်နေသော ကောင်းကင်အားကြည့်ကာ သီချင်းဆိုညည်းသကဲ့သို့ ရူးသွပ်စွာ ရယ်မောလိုက်သည်။


“ချစ်လှစွာသော မင်းသားလေးရေ.. မင်းဘယ်မှာများလဲ.. ဒီမှာ မင်းလေးအတွက် နန်းတော်တစ်ခု ဆောက်ပေးထားတယ်.. ဒါကြောင့် မြန်မြန်လေး လာခဲ့ပါတော့..”


"ငါရဲ့ နန်းတော်မှာ နေပြီး ငါ့ကျွန် ဖြစ်လာလိုက်.."


"ဒါက မင်းရဲ့မြင့်မြတ်တဲ့ ဂုဏ်သရေပဲ.."


ဆာ့သ်သည် မသတီဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး သူ၏မျက်လုံးထဲတွင် ရဲရဲနေသော သွေးကြောများ ပြည့်နေလေသည်။ အချိန်အတော်ကြာပြီးနောက်တွင် မရေအတွက်နိုင်အောင် များကြားသည့် အမြုတေများအား ပေါင်းစပ်ကာ သန့်စင်သော အနက်ရောင် လေဟာနယ်လှောင်အိမ်တစ်လုံးအား ဖန်တီးနိုင်ခဲ့သည်။


ယခုအချိန်တွင် ဆာ့သ်မှာ ယုံကြည်မှုပြင်းထန်လျက်ရှိပြီး အလွန်အမင်း ဝံ့ကြွားနေလေသည်။ သူ၏ အစွမ်းထက် အားထုတ်ကြိုးပမ်းမှုအောက်တွင် ချုပ်နှောင်ခံထားရသူမှာ နီမိုတော်ဝင်မျိုးနွယ်မှ မင်းသားလေး ဖြစ်နေမည် ဆိုလျှင်ပင် လွတ်မြောက်ရန်လမ်းမရှိပေ။


“နန်းတော်” ဟု လှပစွာ ဖော်ညွှန်းထားသော စွမ်းရည်အမြုတေ “လှောင်အိမ်” အတွင်းသို့ ဝင်ရောက်လာမည့် မည်သည့်အရာမဆို ချက်ချင်းဆိုသလို ပေါင်းစပ်သန့်စင်ခံရမည် ဖြစ်ပြီး နေရာလွတ်စွမ်းရည်အမြုတေမှ ခွဲထုတ်မရနိုင်အောင် ဖြစ်သွားပေမည်။


ဆာ့သ်သည် အနက်ရောင်အမြုတေအား စိုက်ကြည့်ကာ တောက်ပနေသော အနာဂတ်အား စတင်စဉ်းစားလိုက်သည်။ ချစ်စဖွယ် မင်းသားလေးအား ဖမ်းဆီးနိုင်သ၍ သူ စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ရသော ကမ္ဘာသစ်တစ်ခုအား ရရှိနိုင်မည်ဖြစ်သည်။ ကမ္ဘာသစ်ထဲ၌ အသက်ဓာတ်၊ အချိန် နှင့် အာကာသ စွမ်းရည်တို့ ပါဝင်မည်။


ထိုအကြောင်းအား တွေးရုံနှင့်ပင် ဆာ့သ်သည် စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူမဝသကဲ့သို့ ခံစားရပြီး အသားအရောင်မှာ ရုတ်တရက် နီမြန်းလာသည်။


ဤကမ္ဘာအသစ်လေးမှာ သူပိုင်ဆိုင်သည့်အရာဖြစ်ပြီး အလုံးစုံပြုပြင်မွမ်းမံရန် အခွင့်အာဏာ ရှိသည်။ သူသာလျှင် သက်ရှိများ၏ တစ်ဦးတည်းသော နတ်ဘုရားဖြစ်လာကာ မည်သည့်အခါတွင်မျှ အိုမင်းသွားလိမ့်မည် မဟုတ်ချေ။