🐹အခန်း ၈၂
အကျိုးကျေးဇူးရရှိသော ခရီးမှပြန်လာသည့် ဝူယိလေး
နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့သည် မြို့တော်သို့ လာကြမည်ဟု ပြောပြီးပြီးချင်း ချက်ချင်းဆိုသလို ရောက်လာကြလိမ့်မည်ဟု ခေါင်းဆောင် ရှ ထင်မှတ်မထားချေ။ ထိုသတင်းအား လွန်ခဲ့သောညကမှ လက်ခံရရှိထားခြင်း ဖြစ်ပြီး ဤအမြန်နှုန်းမှာ အမှန်တကယ် မယုံကြည်နိုင်ဖွယ်ရာ ဖြစ်သည်။
နောက်ဆုံးအကြိမ် ခွဲခွာပြီးသည့် အချိန်မှစကာ နျဲ့ရှောင်သည် ခေါင်းဆောင် ရှ အား မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ အလျင်စလို ချဉ်းကပ်လာသည်ကို မြင်သည့်အခါ နျဲ့ရှောင် လေးစားမှုရှိစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ခေါင်းဆောင် ရှ"
အချိန်ကုန်လွန်ပြီးနောက် ခေါင်းဆောင် ရှ ၏ နားသယ်မွေးများမှာ ပို၍ ပါးလာသော်လည်း မျက်နှာမှာ စိုပြည်နီမြန်း၍ အသားအရည်လည်း ကောင်းနေသည်။ ခန္ဓာကိုယ် အနေအထားအရ ကျန်းမာရေးကောင်းမွန်ကြောင်း ပြသလျက်ရှိသည်။ နျဲ့ရှောင်အား မြင်သည့်အခါ လက်ဆန့်၍ တစ်ဖက်လူ၏ နောက်ကျောအား မပုတ်ဘဲ မနေနိုင်ချေ။ ထို့နောက် အပြုံးတစ်ခုဖြင့် “ကောင်းတယ်.. ကောင်းတယ်..” ဟု ထပ်ကာထပ်ကာ ရေရွတ်လေသည်။
“တော်လိုက်တဲ့ကလေး.. မြန်မြန်လေး အိမ်ထဲသွားပြီး စကားပြောရအောင်.. မင်း ဒီတစ်ခေါက်ကော လေယာဉ်နဲ့ လာတာလား.. မင်းကိုတွေ့ဖို့ ရက်နည်းနည်းလောက် စောင့်ရဦးမယ်လို့ ထင်ထားတာကွ..”
ခေါင်းဆောင် ရှ သည် နျဲ့ရှောင်အား တွေ့ရသဖြင့် အလွန်စိတ်လှုပ်ရှား ပျော်ရွှင်လျက်ရှိသည်။
နျဲ့ရှောင်၏ ရိုသေလေးစားသော အပြုအမူအား မြင်ရသည့်အခါ ရှောင်ဝူယိသည်လည်း အတုခိုး၍ ကျိုးကျိုးနွံနွံဖြင့် အော်လိုက်သည်။
"မင်္ဂလာပါ .. ခေါင်းဆောင်ဘိုးဘိုး.."
ခေါင်းဆောင်ဟယ်သည် ထိုအခါမှ ရိုးသားဖြူစင်သော လူငယ်လေးအား သတိထားမိလိုက်သည်။ အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် ရယ်မောကာ ချစ်ခင်စွာဖြင့် ပြောလေသည်။
"ဒါက ဝူယိ ဖြစ်မယ်.. မြင်ရမှ တကယ်ယုံရတယ်.. ထင်ထားသလို လူကောင်းလေးဘဲ.."
အသက်အရွယ် ကြီးရင့်လာသည်နှင့်ထပ်တူ လူများစွာကိုလည်း မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ကမ္ဘာပျက်ကပ်ပြီးနောက်တွင် ယခုလူငယ်လေးကဲ့သို့ သန့်ရှင်းစင်ကြယ်သော မျက်လုံးများအား မြင်တွေ့ရခြင်း မရှိပေ။ မျက်လုံးဆိုသည်မှာ စိတ်ဝိညာဉ်တံခါးပေါက်ဟု ဆိုစမှတ်ရှိသည်။ တစ်ဖက်လူ၏ ဖြူစင်ရိုးသားသော စိတ်နေစိတ်ထားအား တစ်ချက်ကြည့်ရုံမျှဖြင့် မြင်နေရသည်။
ခေါင်းဆောင် ရှ သည် ရှောင်ဝူယိအား လေ့လာပြီးနောက် ဝူယိအခြေစိုက်စခန်းဟု အမည်ခေါ်တွင်ခြင်းမှာ ကျိုးကြောင်းမဲ့ခြင်းမဟုတ်ဟု တွေးမိလေသည်။ ဤချစ်စဖွယ်ကောင်ငယ်လေး၏ ရိုးသားမှု၊ ဖြူစင်မှု၊ ကြင်နာမှုများအား ကြည့်ခြင်းဖြင့် အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်အား မြင်တွေ့ရသကဲ့သို့ စိတ်အေးချမ်းကာ ပျော်ရွှင်တက်ကြွလာသည်ဟု ခံစားရသည်။
“လာ.. လာ.. အိမ်ထဲသွားပြီးမှ ပြောရအောင်..”
ခေါင်းဆောင် ရှ တွင် ထိပ်ဆုံး၌ ကြာမြင့်စွာ ရှိနေခဲ့သော လူတစ်ယောက်၏ အငွေ့အသက်မျိုး မရှိပေ။ အချိန်အတော်ကြာ မတွေ့ရသည့် မြေးများနှင့် ပြန်လည်ဆုံစည်းသော အဘိုးတစ်ယောက်နှင့်သာ တူလေသည်။
ပတ်ဝန်းကျင်မှ စိတ်အားထက်သန်သော အကြည့်များအောက်တွင် နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် အနားယူရန် အခြေစိုက်စခန်း၏ ရုံးခန်းထဲသို့ ခေါင်းဆောင် ရှ ၏ နောက်မှ လိုက်သွားသည်။
ခေါင်းဆောင် ရှ သည် ဆိုဖာပေါ်တွင်ထိုင်ကာ နျဲ့ရှောင်၏ စိတ်ဆုံးဖြတ်ထားသော တင်းမာသည့် မျက်နှာထားအား ကြည့်ကာနှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ နျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် သူတို့အဖွဲ့အား ပထမဆုံးတွေ့ချိန်၌ ဤလူများသည် ကမ္ဘာပျက်ကပ်အတွင်း လူသိများသော ပုဂ္ဂိုလ်များ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းမိခဲ့သည်။ ထူးချွန်သော လူတစ်စုသည် အလွန်ပြောင်မြောက်သော စွမ်းရည်များဖြင့် မထင်မှတ်ထားသည့် ရလဒ်များအား ဤကမ္ဘာပျက်ကပ်တွင် ထုတ်ဖော်ပေးလိမ့်မည်။
ဤလူများမှာ အမှီအခိုကင်းကင်း နေလိုသည် ဆိုလျှင်ပင် ပြဿနာမဟုတ်ပေ။
သူတို့အဖွဲ့အား မူလကတည်းက ဖိတ်ခေါ်ခဲ့ပြီးဖြစ်သည်။ သူတို့၏ မိသားစုနှင့် မိတ်ဆွေများအား ရှာဖွေပြီးနောက် မြို့တော်အခြေစိုက်စခန်းသို့ ပြန်လာရန် မျှော်လင့်ခဲ့သည်။ အရည်အချင်းရှိသော သူများအား ထောင့်တစ်ခုတွင် အခြေချနေထိုင်ရန် ရွေးချယ်မည်ကို ကြောက်ရွံ့ခဲ့သည်။ သို့သော်လည်း အဆုံးတွင် နျဲ့ရှောင်၏အဖွဲ့သည် ကြီးမားသည့် အံ့အားသင့်ဖွယ် ကိစ္စရပ်အား ယူဆောင်လာခဲ့သည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ သူမျှော်လင့်ထားသည်ထက် လွန်စွာမြင့်မားလေသည်။
ထိုသူများသည် စကားတစ်ခွန်းမျှ မဆိုဘဲနှင့် တောင်ပိုင်းတွင် အလွန်ကြီးမားသော ဝူယိအခြေစိုက်စခန်းအား တည်ထောင်ခဲ့ပြီး မြောက်များစွာသော ရှင်သန်ကျန်ရစ်သူများအတွက် အသိုက်အမြုံတစ်ခု ပြုလုပ်ပေးခဲ့ကြသည်။
သူတို့သည် ရေရှည်ကိုကြည့်ကာ ကျယ်ပြန့်သောစိတ်ထား ရှိကြသည်။ စွမ်းရည်များအား ဖြုန်းတီးခြင်းမပြုဘဲ သူတို့၏ လုပ်နိုင်စွမ်းဖြင့် ပံ့ပိုးကူညီမှုများစွာ ပြုလုပ်ခဲ့ကြသည်။ တောင်ပိုင်းအခြေစိုက်စခန်းတွင် သူတို့သည် အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများအား ချမှတ်ခဲ့ပြီး ယင်းတို့ကို အခြားအခြေစိုက်စခန်းများမှ အတုယူလုပ်ဆောင်ခဲ့ကြရသည်။
ခေါင်းဆောင် ရှ သည် သူ၏အရှေ့ရှိ လူငယ်လေးများအားကြည့်ကာ မျက်လုံးထဲတွင် ပျော်ရွှင်မှုနှင့် ချီးမွမ်းခြင်းများ ပြည့်နေသည်။ ကမ္ဘာပျက်ကပ်အတွင်း ဤကဲ့သို့ တာဝန်ယူတတ်သည့် လူငယ်များကြောင့် မကြာမီမှာပင် အမှောင်ထုအား ဖြတ်ကျော်ကာ မျှော်လင့်ချက်ရောင်ခြည် သန်းလာပေမည်။
နျဲ့ရှောင်သည် လက်အောက်ငယ်သားတစ်ယောက်မှ ပေးလာသော ရေတစ်ခွက်အားယူ၍ တစ်ငုံသောက်ကာ အဓိကအချက်သို့ တိုက်ရိုက်ပြောလေသည်။
“ခေါင်းဆောင် ရှ.. ကျွန်တော်တို့ သုတေသန ပစ္စည်းတွေယူဖို့ ရောက်လာတာပါ.. ဒေါက်တာဝေ့နဲ့ သိပ္ပံပညာရှင်တွေက ဝူယိအခြေစိုက်စခန်းမှာ နေဖို့ ဆုံးဖြတ်လိုက်ကြတယ်..”
ခေါင်းဆောင် ရှ သည် ဤအကြောင်းအား အစောပိုင်း ဆက်သွယ်ခြင်းမှတဆင့် သိရှိထားပြီးဖြစ်သဖြင့် များစွာ မစဉ်းစားဘဲ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
“ငါတို့က ပစ္စည်းကိရိယာတွေကို ပြင်ဆင်ထားပြီးပြီ.. မြို့တော်မှာရှိတဲ့ သုတေသန အဆောက်အဦတွေက ပစ္စည်းအချို့ကို ရှာဖွေစုဆောင်းထားတယ်.. မင်းတို့ ဘယ်လိုယူသွားကြမှာလဲ.. လိုက်ပို့ဖို့ လူထည့်ပေးဖို့ လိုသေးလား..”
ထိုသို့ကြားသောအခါ ရှောင်ဝူယိသည် ရုတ်တရက် ပြုံးလိုက်ပြီးနောက် သူ၏ပါးကလေးအား ဖောင်းကာ ယုံကြည်မှုရှိရှိ ပြောလေသည်။
“စိတ်မပူပါနဲ့ ဘိုးဘိုး ရှ.. ပေါင်ပေါင်းက အဲဒါတွေကို ကိုယ့်ဘာသာ သယ်သွားနိုင်ပါတယ်..”
နျဲ့ရှောင်သည်လည်း ပြုံးကာရှင်းပြလိုက်သည်။
“ကျွန်တော်တို့ အခု လေယာဉ်နဲ့လာတာ မဟုတ်ဘူး.. ဝူယိက အာကာသကူးပြောင်းစွမ်းရည်ပိုင်ရှင်လေ.. အဲဒါကြောင့် လေဟာနယ်ကိုဖြတ်ပြီး လာခဲ့ကြတာ.. သူ့ရဲ့ နေရာလွတ်ထဲမှာ ပစ္စည်းအများကြီး သယ်နိုင်တယ်..”
နျဲ့ရှောင် ရှင်းပြပြီးနောက် ခေါင်းဆောင် ရှ သည် မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ သို့သော်လည်း သေသေချာချာ စဉ်းစားပြီးနောက်တွင် ကမ္ဘာပျက်ကပ်အတွင်း၌ အမျိုးမျိုးသော စွမ်းရည်ပိုင်ရှင်များ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အာကာသကူးပြောင်းခြင်း ဆိုသည်မှာ အထွေအထူးဟု မယူဆနိုင်ပေ။
သို့သော်လည်း ဤစွမ်းရည်အကြောင်း ကြားသိရခြင်းမှာ သတင်းကောင်းတစ်ခု ဖြစ်သည်။ ခေါင်းဆောင် ရှ အနေဖြင့် ယုံကြည်စိတ်ချနိုင်လေပြီ။ ခေါင်းမော့ကာ နျဲ့ရှောင်နှင့် ရှောင်ဝူယိအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
“သုတေသနလုပ်ငန်း မြန်မြန်ပြီးနိုင်ရင် အကောင်းဆုံးပဲ.. အခုဆို လူသားတွေရဲ့ မျှော်လင့်ချက်က မင်းတို့အပေါ်မှာ မူတည်နေပြီ.. ငါတို့က အခု တခြားနိုင်ငံက အခြေစိုက်စခန်းတွေနဲ့ ဆက်သွယ်နိုင်ပြီ.. သူတို့ရဲ့ အခြေအနေက အတော်လေး ဆိုးဝါးတယ်.. ငါတို့နိုင်ငံက တော်တော်အခြေအနေကောင်းတယ်လို့ ပြောရမယ်..”
နျဲ့ရှောင်သည် ချက်ချင်းဆိုသလို လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ခေါင်းဆောင် ရှ အား ပြောလေသည်။
“ယုံကြည်မှုရှိရှိနဲ့ စိတ်အေးချမ်းသာစွာ နေပါ.. မကြာခင် ကမ္ဘာပျက်ကပ်ကို ကျော်ဖြတ်နိုင်မှာပါ..”
ဂြိုလ်သားများ၊ ဝတ်ရုံနက်နှင့်လူ စသည့် လျှို့ဝှက်ချက်များအား ထုတ်ဖော်ပြောကြားရန် အဆင်မသင့်ချေ။ လက်ရှိတွင် အတွင်းလူများအား ဝူယိအခြေစိုက်စခန်း၌စုကာ စီမံခြင်းသည် ပိုမိုလွယ်ကူပေမည်။ လတ်တလောတွင် အခြားအခြေစိုက်စခန်းများအား သတင်းဖြန့်ဝေခြင်းသည် ပျက်စီးရန်ဘက်သို့သာ ဦးတည်ပေမည်။
ရှောင်ဝူယိသည် လေးပင်စွာခေါင်းညိတ်ထောက်ခံခဲ့ပြီး ခေါင်းဆောင် ရှ အား နှစ်သိမ့်မှုပြုသည်။
“အခြေအနေက ပိုပြီးကောင်းလာမှာပါ.. ကာကွယ်ဆေးထုတ်ပြီးရင် ဘာကိုမှ ကြောက်ဖို့မလိုတော့ပါဘူး.. မကြာခင်မှာ ပိုင်ယွဲ့နဲ့ ဒေါက်တာဝေ့က သုတေသန လုပ်နိုင်ကြမှာပါ..”
ယုံကြည်မှုအပြည့်နှင့် လူနှစ်ဦးအားကြည့်ကာ ခေါင်းဆောင် ရှ စိတ်သက်သာရာ ရသွားမိသည်။
“အဲသည်လိုဆိုရင် ကောင်းတာပေါ့.. ငါလည်း မျှော်လင့်နေပါတယ်.. စမ်းသပ်ချက်တွေ မြန်မြန်လုပ်လို့ရအောင် မင်းတို့လည်း ပြန်ကြတော့လေ.. ဝူယိရဲ့ စွမ်းရည်က အရမ်းကောင်းတော့ ရှေ့လျှောက်တစ်ခုခုလိုရင် ငါတို့ဆီ စာပို့လိုက်.. အတူတူ ဖြေရှင်းလို့ရတယ်.. အရမ်းယဉ်ကျေးမနေနဲ့..”
“အခု ငါတို့အားလုံးက အဖွဲ့တစ်ဖွဲ့တည်းပဲ.. ဝူယိအတွက် အကွာအဝေးက ပြဿနာမဟုတ်ဘူးဆိုတော့ သည်လိုထူးခြားတဲ့ အကျိုးကျေးဇူးတွေကြောင့် သုတေသန ဓာတ်ခွဲခန်းက မင်းတို့နဲ့ အတူရှိတာ ပိုကောင်းတယ်..”
ခေါင်းဆောင် ရှ သည် အချိန်ဆွဲမနေတော့ဘဲ နျဲ့ရှောင်နှင့် ရှောင်ဝူယိအား ကိရိယာများ သယ်ဆောင်ရန် ခေါ်သွားလိုက်သည်။ သုတေသနနှင့် ဆက်စပ်သည့် အရာမှန်သမျှအား ရှောင်ဝူယိ၏ နေရာလွတ်အတွင်းသို့ ထည့်ခဲ့ကြသည်။ ရှောင်ဝူယိ၏ အကန့်အသတ်မဲ့သည့် နေရာလွတ်ကြောင့် မြို့တော်အခြေစိုက်စခန်းမှ လူများအား အံ့အားသင့်စေခဲ့သည်။
ပါးလွှာသောမြေပြင်အား ကောင်းမွန်စွာ သယ်ထုတ်လိုက်ပြီးနောက် သုတေသန အဆောက်အဦ တစ်ခုလုံးအား နေရာလွတ်အတွင်းသို့ တိုက်ရိုက်ရွှေ့ပြောင်းလိုက်သည်။
ရှောင်ဝူယိထံတွင် နေရာလွတ်အျားအပြား ကျန်နေကြောင်း သိလိုက်ရသဖြင့် ခေါင်းဆောင် ရှ သည် သူတို့နှစ်ဦးအား လက်နက်သိုလှောင်ရုံသို့ ခေါ်ဆောင်သွားသည်။ မြို့တော်စစ်တပ်သည် များပြားလှသော လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စုဆောင်းထားပြီး ထိုအရာအားလုံးမှာ စွမ်းအားကြီး၍ အံ့အားသင့်ဖွယ်လက်နက်များ ဖြစ်ကြသည်။
“ဒါတွေကို နင်ဖုန်းဆီ ယူသွားလိုက်.. ဒါတွေတော်တော်များများကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သူသိလိမ့်မယ်..”
ခေါင်းဆောင် ရှ ပြုံးလျက်နှင့် ပြောပြီး များမကြာမီ သက်ပြင်းချပြန်သည်။
“တကယ်တော့ လူသားတွေရဲ့ လက်နက်တွေနဲ့ ဇွန်ဘီတွေကို သတ်ဖြတ်ဖို့ လွယ်ကူပေမဲ့ အကုန်အကျ များလွန်းတယ်.. လူသားတွေနဲ့ ဆက်စပ်တဲ့ နည်းပညာတွေနဲ့ ကြွယ်ဝမှုတွေလည်း ကုန်ခမ်းသွားနိုင်တယ်..”
နျဲ့ရှောင် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလေသည်။
“ပျက်စီးခြင်းရဲ့နောက်မှု ဖန်တီးခြင်း ရှိပါတယ်.. ကျွန်တော်တို့က အနာဂတ်မှာ သေချာပေါက် အခုထက်ပိုပြီး ကြွယ်ဝချမ်းသာလာမှာပါ..”
နျဲ့ရှောင်၏ စကားများအား နားထောင်ပြီးနောက် ခေါင်းဆောင် ရှ ဒွိဟဖြစ်ခြင်းများ ပျောက်ကွယ်သွားပြီး ကျယ်လောင်စွာ ရယ်မောလေသည်။
“အမှန်ပဲ.. ပျက်စီးခြင်းရဲ့နောက်မှာ သေချာပေါက် ဖန်တီးခြင်းပေါ့.. အပစ်အခတ် ရပ်စဲတဲ့ ကာလက မကြာခင် ရောက်လာတော့မှာဆိုတော့ ဒါတွေ ရှိတာ မရှိတာ ဘယ်သူက ဂရုစိုက်မှာလဲ..”
ရှောင်ဝူယိသည် လူကြီးနှစ်ဦး၏ စကားဝိုင်းထဲ ဝင်မပါဘဲ ကောင်းနိုးရာရာများအား ရွေးချယ်ကာ သူ၏နေရာလွတ်ထဲသို့ ထည့်နေသည်။
“နံစော်ဖုန်းဖုန်းကတော့ ဒါတွေမြင်ရင် အတော်ပျော်သွားမှာ.. “ဥဥလေးတွေ..” အစတုန်းက သူက ဘိုးဘိုး ရှ ဆီကို လာချင်နေတာ..”
ထိုသို့ကြားသောအခါ ခေါင်းဆောင် ရှ ရယ်မောပြန်သည်။ ထို့နောက် တစ်ဝက်ခန့် ပြောင်ရှင်းသွားသော လက်နက်သိုလှောင်ရုံအားကြည့်ကာ မျက်ခမ်းစပ်များ ရုတ်တရက် လှုပ်လာသည်။ ထို့နောက် နာကျင်အောင့်မျက်သွားသည့် ရင်ဘတ်အား လက်ဖြင့်ထုကာ သတိပေးလေသည်။
“နင်ဖုန်းကို အေးအေးဆေးဆေးလုပ်လို့ ပြောလိုက်ဦးနော်.. ဇွန်ဘီတွေကို နေရာလွတ်တစ်ခုဆီ ခေါ်သွားပြီးမှ ဖောက်ခွဲလို့.. သိပ္ပံနဲ့ နည်းပညာအဆောက်အဦတွေ.. စာကြည့်တိုက်တွေ.. ပြတိုက်တွေ.. သုတေသနအဆောက်အဦတွေက အရေးကြီးတဲ့ အသိပညာ ဗဟုသုတတွေ ရှိတဲ့နေရာတွေပဲ.. အဲဒါတွေနဲ့ ဝေးဝေးမှာ လုပ်သင့်တယ်.. အကယ်၍ ပစ္စည်းတွေ တနည်းနည်းနဲ့ ပေါက်ကွဲသွားမယ်ဆိုရင် ဘာမှကျန်မှာ မဟုတ်တော့ဘူး..”
ပျက်စီးခြင်းပြီးနောက် ဖန်တီးခြင်းဟု ပြောခဲ့သော်လည်း မည်သူကမျှ လွတ်မြောက်ရေးအကြိုကာလသို့ ပြန်မရောက်လိုပေ။ နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် ခေါင်းဆောင် ရှ ၏ အတွေးစိတ်ကူးများအား ကောင်းစွာနားလည်သဖြင့် နာခံမှုရှိရှိ ပြန်ပြောလေသည်။
“ကျွန်တော်တို့အားလုံး ဒီအကျိုးဆက်ကို သိပါတယ်.. စိတ်မပူပါနဲ့..”
ရှောင်ဝူယိသည် လက်နက်များအားကြည့်ရင်း နျဲ့ရှောင်ထံသို့လှည့်ကာ ပြောလေသည်။
“ဒယ်ဒီရေ.. တောင်ပိုင်းမှာလည်း ဒီလိုမျိုး လက်နက်တိုက်တွေ ရှိမှာပေါ့နော်.. တစ်ရက်ရက် သွားရှာရအောင်..”
နျဲ့ရှောင်သည်လည်း အဆင်ပြေမည်ဟုတွေးကာ ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင် ရှ : ... ပြီးသွားပြီ.. ငါ ပိုတောင် စိတ်ပူလာပြီ..
အဆုံးတွင် ခေါင်းဆောင် ရှ နှင့် အခြားသူများ၏ အနည်းငယ်တွန့်ဆုတ်နေသော အကြည့်များအောက်တွင် နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် လေဟာနယ်အား ဖြတ်သန်းကာ အမျိုးမျိုးသော သုတေသနပစ္စည်းများ၊ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အမျိုးမျိုးသော လက်နက်ခဲယမ်းများအား သယ်ဆောင်ပြီး အကျိုးရှိသော ခရီးစဥ်မှ ပြန်လာခဲ့ကြသည်။
မထွက်ခွာမီတွင် ရှောင်ဝူယိသည် သူ၏ နေရာလွတ်ထဲမှ ကြီးထွားနေသော ကောက်ပဲသီးနှံ အများအပြားအား ထုတ်ကာ မြို့တော်အခြေစိုက်စခန်း၏ ဂိုထောင်များထဲသို့ တိတ်တဆိတ် ဖြည့်ပေးခဲ့သည်။ ခေါင်းဆောင်ဟယ်နှင့် အခြားသူများသည် ထိုအရာအား ရှာတွေ့သောအခါ မျက်လုံးများ နီမြန်းလာကြသည်။
"သူတို့အားလုံး လူကောင်းလေးတွေ.."
ခေါင်းဆောင်ဟယ်သည် ရိက္ခာအိတ်များအားကြည့်ကာ သူ၏လက်ကိုမြှောက်၍ မျက်လုံးထောင့်အား ပွတ်လိုက်သည်။ အစားအစာနှင့် ယှဥ်လျှင် အခြားအခြေခံများမှာ လွန်စွာအရေးမပါလှပေ။
"ကမ္ဘာပျက်ကပ်ကို ချောချောမွေ့မွေ့နဲ့ ကျော်ဖြတ်နိုင်လိမ့်မယ်.."
***
ဖုန်းချန်နယ်နိမိတ်၊ ဝူယိအခြေစိုက်စခန်း..
ရှောင်ဝူယိနှင့် နျဲ့ရှောင်သည် မနက်မိုးသောက်တွင် ထွက်ခွာသွားခဲ့ကြပြီး ပြန်ရောက်ချိန်တွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်နေပြီ ဖြစ်သည်။ တစ်နေကုန် စောင့်နေခဲ့ကြသော သွမ့်ဝမ်ယွီ၊ မော့ယန်နှင့် အခြားသူများသည် သူတို့နှစ်ယောက် အကျိုးကျေးဇူးရသောခရီးမှ လုံလုံခြုံခြုံ ပြန်လာနိုင်သည်အား မြင်ရသောအခါ စိတ်ချသွားသည်။
ယခုအခါ ကိရိယာများအား ယူဆောင်လာခဲ့ပြီးဖြစ်၍ ဒေါက်တာဝေ့နှင့်အခြားသိပ္ပံပညာရှင်များသည် တစ်ခဏမျှပင် မနှောင့်နှေးလိုပေ။ သူတို့သည် အခြေစိုက်စခန်း၏ ဗဟိုတွင်ရှိသော ဗီလာအတွင်းရှိ နေရာလွတ်အား တိုက်ရိုက်ရွေးချယ်ကာ ရှောင်ဝူယိအား သုတေသန အဆောက်အဦအား ထုတ်ပေးရန်ပြောခဲ့သည်။
အမျိုးမျိုးသော ပစ္စည်းကိရိယာများသည် ဒေါက်တာဝေ့နှင့် သိပ္ပံပညာရှင်များ၏ စီမံမှုအောက်တွင် နေရာတကျ ထားခဲ့ကြသည်။ ထိုအရာအားလုံးပြီးနောက် လူတိုင်းသည် အလွန်မောပန်းခဲ့ပြီး ထိုင်ပင်မထိုင်ချင်တော့ဘဲ လှဲကာ လှုပ်လည်းမလှုပ်ချင်တော့ပေ။
သို့သော် သုတေသနအဆောက်အဦး အသစ်အားကြည့်ကာ လူတိုင်းသည် စိတ်လှုပ်ရှားခဲ့ကြသည်။ သူတို့သည် စိတ်ဓါတ်မြင့်မားလာသည်။
ထို့နောက် နင်ဖုန်းသည် ခေါင်းဆောင် ရှ ထံမှ လက်ဆောင်များအား ရရှိခဲ့သည်။ အချိန်အတော်ကြာ သူသည်ပျော်ရွှင်နေခဲ့ပြီး ထို"ဥဥများ"နှင့် အိပ်ရန် မစောင့်နိုင်တော့ပေ။ ၎င်းသည် သွမ့်ဝမ်ယွီ၏ မျက်လုံးထောင့်အား မထိန်းချုပ်နိုင်စွာ တွန့်သွားစေခဲ့သည်။
"မင်း အဲဒါတွေကို အခန်းထဲယူလာရဲရင်.. ငါကသူတို့ကို မပေါက်ကွဲနိုင်တဲ့ ရေစိမ်ကြက်ဥတွေ ဖြစ်အောင်လုပ်ပစ်မယ်!!.."
သွမ့်ဝမ်ယွီသည် ရက်စက်သော မိထွေးကဲ့သို့ ကြမ်းတမ်းစွာ ပြောလိုက်သည်။
နင်ဖုန်းသည် ချက်ချင်း အတိုက်အခံလုပ်ကာ မျက်ရည်လည်ရွှဲငိုခဲ့သည်။
"မင်းဘယ်လိုတောင် အေးစက်နိုင်ရတာလဲ.. အသဲနှလုံးမရှိဘူး.. ရက်စက်တယ်.. ဒီ ဥ တွေ တကယ်ချစ်ဖို့ကောင်းတယ်ကွ.."
"ဟမ့်.."
သွမ့်ဝမ်ယွီ မပြောင်းလဲပေ။
အခြားသူများသည် ဤမြင်ကွင်းအား အတော်ရယ်စရာကောင်းကြောင့် ရှာဖွေတွေ့ရှိ၍ ကြည့်နေကြသည်။ ရှောင်ဝူယိသည် နင်ဖုန်းအား ကြည့်ပြီး သွမ့်ဝမ်ယွီအား ပြန်ကြည့်လိုက်သည်။ သူ၏ အခွင့်အာဏာအား အသုံးချရန်တွေး၍ နင်ဖုန်း၏ လက်ထဲမှ "ဥဥများ" အား သူ၏နေရာလွတ်ထဲသို့ပြန်ယူရန် လက်ဆန့်လိုက်သည်။
ဟမ်းစတားလေးသည် လိမ္မာပါးနပ်စွာပင် နာမည်ကောင်းယူ၍ သွမ့်ဝမ်ယွီအား ပြောလေသည်။
"ကိုကိုယွီယွီ.. ပေါင်ပေါင်းက ဖုန်းဖုန်းကို ကူညီပြီး ဒါတွေကို ဂိုထောင်ထဲမှာ ထားထားပေးမယ်.."
သွမ်ဝမ်ယွီသည် ရုတ်တရက် နူးညံစွာပြုံးပြလိုက်သည်။
"အင်း.. သေချာပေါက်ကို ဝူယိလေးက အနာခံဆုံး တစ်ယောက်ဖြစ်နေတုန်းဘဲ.."
နင်ဖုန်း : QAQ!!!
လူတိုင်း ကျယ်လောင်စွာရယ်မောခဲ့ကြသည်။
နျဲ့ရှောင်သည် သူ၏နှုတ်ခမ်းအား ကာ၍ပြုံးလိုက်ပြီး လူတိုင်းအား တိတ်ဆိတ်စေရန် ချောင်းဟမ့်လိုက်သည်။ ထို့နောက် ပိုင်မေ့၏ခန္ဓာကိုယ်ထဲတွင် ရောဂါကာကွယ်နိုင်သည့် အချက်ရှိမည်ဟု ရှောင်ဝူယိ၏ထင်မြင်ချက်အား အနည်းငယ် ပြုပြင်မွန်းမံကာ ထုတ်ပြောခဲ့သည်။
အသက်ဓါတ်စွမ်းရည်၏ တုံ့ပြန်မှုအကြောင်းကို မပြောခဲ့ဘဲ၊ သူတို့သည် သာမန်ဇွန်ဘီများနှင့် ပိုင်မေ့၏ ကြားရှိ ကွာခြားချက်အား ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့ကြောင်းသာပြောခဲ့သည်။
ပိုင်မေ့သည် ဤအကြောင်းကြားပြီးနောက် နေရာတွင်ပင် အမြစ်တွယ်သွားသည်။ သူ၏ခေါင်းအားမယုံကြည်နိုင်စွာ ခါလိုက်သည်။
"မင်းတို့က ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရောဂါကာကွယ်နိုင်တဲ့အရာ ရှိမယ်လို့ ထင်နေတာလား.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါကဇွန်ဘီအစစ်ဟ!!.."
သို့သော် မမျှော်လင့်ထားဘဲ နျဲ့ရှောင်၏စကားများအား ပိုင်ယွဲ့နှင့် ဒေါက်တာဝေ့တို့မှ ထောက်ခံ၍ အတည်ပြုခဲ့သည်။
🐹🐹🐹🐹🐹