🐹အပိုင်း ၈၁
"ဝူယိလေးနှင့် ရောဂါကာကွယ်နိုင်သည့်ဆေး"
နျဲ့ရှောင်သည် ရှောင်ဝူယိအားချီကာ လမ်းလျှောက်ရင်း ထိုသို့မေးလေသည်။ ပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာ သူ၏ပြိုင်ဘက် မဟုတ်သောကြောင့် လွယ်လင့်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
နျဲ့ရှောင်၏ မေးခွန်းနှင့် ရင်ဆိုင်ရသည့်အခါ ရှောင်ဝူယိ မျက်ခုံးလေးတွန့်ကာ ခေတ္တစဉ်းစားပြီး ခေါင်းမော့လိုက်သည်။
“အကြီးဆုံး ကွာခြားချက်က ပိုင်မေ့မေ့မှာ အသက်ရှိနေသေးတယ်.. တခြားဇွန်ဘီတွေက အသက်မရှိတော့ဘူး ဒယ်ဒီရဲ့”
ပိုင်မေ့၏ အပြင်ပိုင်း အသွင်သဏ္ဌာန်နှင့် အဆင့်နိမ့်ဇွန်ဘီများအပေါ် ထိန်းချုပ်နိုင်မှုအား မူတည်၍ ဆုံးဖြတ်မည်ဆိုလျှင် ဇွန်ဘီဘုရင်ဖြစ်ကြောင်း အနည်းငယ် သံသယဖြစ်ရန်ပင် မလိုအပ်ချေ။ ယခုရှောင်ဝူယိ၏ နှိုင်းယှဉ်ချက်အရ ပိုင်မေ့မှာ ဇွန်ဘီတစ်ကောင် ဖြစ်သော်လည်း အခြားဇွန်ဘီများနှင့် ကွာခြားကြောင်း သိနိုင်သည်။
သူ၏ခွန်အားနှင့် အတွေးအမြင်များအပြင် ဖျော့တော့သော အသက်ရှုသံသည် ပိုင်မေ့၏ ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားခံရပြီး သိပ်သည်းလှသော ပျက်စီးခြင်းနှင့် သေဆုံးခြင်း၏ အငွေ့အသက်များနှင့် မြုပ်နှံခံရသဖြင့် သိသာထင်ရှားမှု မရှိခြင်း ဖြစ်ပေမည်။
ရှောင်ဝူယိသည် ဂရုတစိုက်ဖြင့် ပိုင်မေ့အနားတွင် ရှိစဉ်တိုင်း ခံစားချက်အား ပြန်တွေးလိုက်သည်။
“ပိုင်မေ့မေ့ဆီကနေ အပုပ်နံ့ မရဘူးဆိုတာ ဒယ်ဒီ သတိမထားမိဘူးလား.. သူ့ရဲ့ ပြန်လည်ထူထောင်ခြင်း ဆေးရည်ရဲ့ အကျိုးသက်ရောက်မှု မရှိတော့ရင်တောင် ဇွန်ဘီပုံစံ ပြန်ဖြစ်သွားပြီး အသားတွေဖြူလာတာ ကျိုးပဲ့ပျက်စီးနေတာကလွဲရင် သူ့ဆီကနေ ဘယ်လိုအနံ့ဆိုးမျိုးကိုမှ မရဘူးလေ.. ဆစ်စလိုရဲ့ အနက်ရောင်ဝတ်ရုံနဲ့ အဲဒီ သိသာနေတဲ့ သွင်ပြင်ကို ဖုံးကွယ်ထားလိုက်ရင် ဒယ်ဒီတို့တောင် အကြည့်တစ်ချက်နဲ့ ဘယ်လိုပုံမှန်မဟုတ်တာကိုမှ ရှာတွေ့မှာ မဟုတ်ဘူး.. မဟုတ်ရင် အနံ့တစ်ခုတည်းနဲ့တင် ပေါင်ပေါင်းတို့ စခန်းကို ပြန်ရောက်တဲ့အချိန်မှာ သံသယဝင်ခံရလိမ့်မယ်..”
ဤသို့ရှင်းပြသည်ကို နားထောင်ရသည့်အခါ နျဲ့ရှောင်သည်လည်း ပိုင်မေ့၏ ခြားနားမှုအား တွေးမိလေသည်။ ဇွန်ဘီများအကြားတွင် ပိုင်မေ့မှာ အမှန်တကယ် ဆွဲဆောင်မှုရှိပြီး လှပကြောင်း ဝန်ခံရမည်။ သူ၏ ရေခဲတစ်မျှ အေးစက်ဖျော့တော့နေသော အသားအရည်၊ သွားစွယ်များ နက်ပြာရောင်လက်သည်းများနှင့် အခြားသိသာစေသော ဇွန်ဘီသွင်ပြင်များကြောင့် တစ်ချက်ကြည့်ရုံမျှနှင့် ဇွန်ဘီတစ်ကောင်ဖြစ်ကြောင်း သိသာသော်လည်း အကျည်းတန်ခြင်းနှင့် မသတီဖွယ် အနံ့ဆိုးများ အနည်းငယ်မျှပင် မတွေ့ရှိရချေ။
တစ်ခါတစ်ရံတွင် ပိုင်မေ့မှာ ဇွန်ဘီဆိုသည်ထက် ရုပ်ရှင်ဇာတ်လမ်းများထဲမှ ချောမောသည့် သွေးစုပ်ဖုတ်ကောင်နှင့်ပင် တူလှသည်။ သို့သော်လည်း နျဲ့ရှောင်နှင့် အခြားသူများသည် ပိုင်မေ့အား ထူးခြားသောလက္ခဏာရပ်များနှင့် ပြိုင်ဘက်ကင်းသည့် ဇွန်ဘီဘုရင်အနေဖြင့်သာ တွေးခဲ့ကြသည်။
နျဲ့ရှောင် တွေးတောနေစဉ်မှာပင် ရှောင်ဝူယိသည် သူ၏မေးစေ့လေးအား လက်ဖြင့်ထိကာ ဆက်ပြောလေသည်။
“ပိုင်မေ့မေ့က ကြည့်ကောင်းပြီး အနံဆိုးဆိုး မရှိရုံတင် မကဘူး ပေါင်ပေါင်း သူ့အနားမှာ ရှိရင်တောင် အခုနကလို မသက်မသာ မခံစားရဘူး.. ပိုင်မေ့မေ့မှာ သေခြင်းတရားအငွေ့အသက်တွေ အများကြီး ရှိနေရင်တောင် ဟိုးအနက်ရှိုင်းဆုံးနေရာမှာ ဖုံးကွယ်ခံထားရတဲ့ အသက်ဓာတ်ကို ပေါင်ပေါင်း ခံစားမိတယ်.. အဲသည်အသက်ဓာတ်က ဖုံးကွယ်ခံထားရပြီး အရမ်းအားနည်းသေးငယ်နေရင်တောင် သာမန်ဇွန်ဘီတွေနဲ့ ကြီးမားတဲ့ ကွာခြားချက်တစ်ခု ဖြစ်နေတုန်းပဲ..”
“အဲဒါကြောင့် ပိုင်မေ့မေ့က အသက်ရှင်နေသေးတယ်လို့ ပေါင်ပေါင်းပြောတာပေါ့.. ပေါင်ပေါင်းရဲ့ အသက်ဓာတ်စွမ်းရည်က ပိုင်မေ့မေ့အပေါ် သက်ရောက်မှု ရှိနိုင်ပေမဲ့ လုံးဝ သေဆုံးသွားတဲ့ ဇွန်ဘီတွေအပေါ်တော့ သက်ရောက်မှု မရှိနိုင်ဘူး..”
ရှောင်ဝူယိသည် နျဲ့ရှောင်၏ လည်ပင်းအား ဖက်ထားလိုက်သည်။ လမ်းဘေးဝဲယာတစ်လျှောက် ပြန့်ကျဲ၍ အတွင်းအင်္ဂါများ ထွက်ကျကာ ထိန်းချုပ်မှုကင်းမဲ့၍ သွားလာနေသော အရုပ်ဆိုးလှသည့် ဇွန်ဘီများအားကြည့်ကာ အံ့ဩတကြီး ပြောလေသည်။
“သူတို့က အတော်လေး ခြားနားတာပဲ..”
နျဲ့ရှောင်သည် ရှောင်ဝူယိ၏ ပြောစကားအား အပြည့်အဝ ယုံကြည်လေသည်။ ပေါင်ပေါင်းမှာ ယခုကိစ္စနှင့် စပ်လျဉ်း၍ လိမ်ညာရန်အကြောင်း မရှိပေ။ ရှောင်ဝူယိသည် သက်ရှိများ၏ အသက်ရှုသံနှင့် ပတ်သက်၍ အကဲခတ်ရာတွင် အကြွင်းမဲ့ ကျွမ်းကျင်မှုရှိသည်။
သို့သော်လည်း ပိုင်မေ့၏ ခန္ဓာကိုယ်ထဲ ရှိနေသည့် အသက်ဓာတ်ဆိုသည်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ ထိုအသက်ဓာတ်မှာ ပိုင်မေ့အား ဇွန်ဘီဘုရင်ဖြစ်လာစေခြင်း၏ အကြောင်းအရင်းခံဖြစ်မည်လော။ ပိုင်မေ့နှင့် သာမန်ဇွန်ဘီများအကြား အသွင်အပြင်နှင့် အနံ့အသက် ကွာခြားရခြင်းမှာ မည်သည့်အကြောင်းကြောင့် ဖြစ်နိုင်မည်နည်း။
မည်သည်ကြောင့် ပိုင်မေ့ထံ၌ အသိစိတ်ရှိနေရသနည်း။ ထိုအရာသည် အသက်ဓာတ်နှင့် ဆက်စပ်မှု ရှိနေမည်လော။
နျဲ့ရှောင် မျက်မှောင်ကြုတ်ရင်း လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေလေသည်။
ရှောင်ဝူယိသည် နျဲ့ရှောင် မျက်မှောင်ကြုတ်နေသည်ကို မြင်တွေ့သည့်အခါ သူ၏လက်ကလေးဖြင့် မျက်ခုံးများအကြား ခပ်ဖွဖွလေးပွတ်ကာ ပြေလျော့သွားစေသည်။ ထို့နောက် စိတ်ပူပန်စွာဖြင့် မေးလိုက်သည်။
“ဒယ်ဒီ.. ဘာတွေ တွေးနေပြန်တာလဲ..”
“ဒယ်ဒီက ပိုင်မေ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက်ဓာတ်က ဘာလက္ခဏာလဲဆိုတာ သိချင်နေတာ..”
နျဲ့ရှောင်၏ မျက်ခုံးများ ပြေလျော့သွားပြီး ရှောင်ဝူယိအား ခေါင်းမော့ကြည့်လိုက်သည်။ ရှောင်ဝူယိမှ မေးခွန်းထုတ်လာသည့်အခါ သူ၏အတွေးများအား ဖုံးကွယ်ခြင်း မပြုပေ။
ရှောင်ဝူယိသည်လည်း လေးလေးနက်နက် သုံးသပ်မိပြန်သည်။ သူ၏ နဂိုအတွေးများနှင့် ပေါင်းစပ်ပြီးနောက် သူ၏ မေးစေ့လေးအား လက်ဖြင့်ပွတ်နေလိုက်သည်။
“ပေါင်ပေါင်းထင်တာက ပိုင်မေ့မေ့မှာသာ အသက်ဓာတ်မရှိတော့ဘူးဆိုရင် ဇွန်ဘီရောဂါပိုးက လုံးဝကျူးကျော်ဝင်ရောက်ပြီး သာမန်ဇွန်ဘီတွေနဲ့ ကွာခြားမှာ မဟုတ်တော့ဘူး.. အဲသည့် အသက်ဓာတ်က ပိုင်မေ့မေ့ကို ကာကွယ်ပေးထားတာ.. ဒါကြောင့်ပဲ ဇွန်ဘီဘုရင်ဖြစ်လာပြီး ကိုယ်ပိုင်အသိစိတ် ရှိနေတာ.. ခန္ဓာကိုယ်ကလည်း တခြားဇွန်ဘီတွေလို အနံ့အသက်မထွက်ဘဲ ရှိနေတာမျိုး..”
"နေဦး..."
“ဒယ်ဒီရေ.. ဒါက ဒဏ္ဍာရီလာ ရောဂါကာကွယ်နိုင်တဲ့ ပဋိဇီဝဆေးများလား..”
ရှောင်ဝူယိ ရဲရဲဝံ့ဝံ့ ခန့်မှန်းပြီးနောက် သူ၏ကိုယ်ပိုင်ခန့်မှန်းချက်ကြောင့် ထိတ်လန့်သွားမိသည်။ မေးစေ့အားပွတ်နေသည့် လက်ကလေးအား အောက်ချကာ နျဲ့ရှောင်၏ မျက်လုံးများအား တိုက်ရိုက်ကြည့်ကာ တံတွေးမျိုချမိလိုက်သည်။
“ဘုရားရေ.. မဖြစ်နိုင်တာ..”
နျဲ့ရှောင်သည် ရှောင်ဝူယိအားကြည့်ကာ ကြောင်အနေမိသည်။ သူ၏ခြေလှမ်းများ ရပ်တန့်သွားပြီး ဤရဲတင်းလှသည့် ခန့်မှန်းချက်ကြောင့် နှလုံးသားထဲတွင် လှိုင်းထန်လာသည်။
နှစ်ဦးစလုံး အသက်ရှူသံများ ပြင်းထန်မြန်ဆန်လာသည်။ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စေ့စပ်သေချာစွာ တွေးကြည့်မည်ဆိုပါက ဤသည်မှာ ဖြစ်နိုင်လေသည်။
"ပေါင်ပေါင်း.."
နျဲ့ရှောင်သည် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီးနောက် ရှောင်ဝူယိ၏ ချစ်စဖွယ်မျက်နှာလေးအား ကြည့်လိုက်သည်။ လက်မြှောက်ကာ ကောင်ငယ်လေး၏ နက်မှောင်နူးညံ့သော ဆံပင်လေးများအား အသာသပ်တင်ပေးလိုက်သည်။
"ပေါင်ပေါင်းက လူသားတွေအတွက် ကျေးဇူးပြုလိုက်တာပဲ.."
နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် ပီတိဝေဖြာလာသည်။
ရှောင်ဝူယိသည်လည်း ယခုကဲ့သို့ အဖြေရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏တစ်ကိုယ်လုံး အံ့ဩတုန်လှုပ်လျက်ရှိသည်။
"..ဘုရားရေ.. ပေါင်ပေါင်းက ရှားလော့ဟမ်းစတားလေးပဲ.."
နျဲ့ရှောင်သည် သူ၏ ချစ်စဖွယ်အမူအယာလေးအားကြည့်ကာ ရှောင်ဝူယိအား အကြိမ်များစွာ နမ်းလိုက်သည်။ ထို့နောက် ရွှင်မြူးစွာပြုံး၍ ပြောလေသည်။
"ပေါင်ပေါင်းက စကြဝဠာထဲမှာ ချစ်ဖို့အကောင်းဆုံး ဥာဏ်အကောင်းဆုံး ဟမ်းစတားလေးဘဲ.."
ဟမ်းစတားလေးသည် ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် "ချိ ချိ"ဟု ကြွေးကြော်လိုက်သည်။
"ဒယ်ဒီရေ.. မြို့တော်အခြေစိုက်စခန်းကို မြန်မြန်သွားရအောင် သုတေသန ကိရိယာတွေကို ပြန်ယူပြီး ဒေါက်တာဝေ့နဲ့ ပိုင်မေ့မေ့တို့ကို ဒီသတင်းပြောကြရအောင်!.."
နျဲ့ရှောင်၏ လက်မောင်းကြားရှိ ရှောင်ဝူယိသည် စိတ်မရှည်ဖြစ်လုနီးပါပင်။
နျဲ့ရှောင်သည် ခေါင်းငြိမ့်၍ ရှောင်ဝူယိအား မြေပြင်ပေါ်သို့ချကာ စတော်ဘယ်ရီလွယ်အိတ်ထဲမှ မြို့တော်၏ မြေပုံအား ထုတ်လိုက်သည်။ မြောက်ဘက်စစ်ဌာနချုပ်အား မညွှန်ပြမီ လက်ရှိနေရာအား ထောက်ပြလိုက်သည်။ ထို့နောက်စိတ်ရှည်မှုအပြည့်ဖြင့် နူးညံ့စွာ ပြောလေသည်။
"ဒယ်ဒီတို့က အခု ဒီမှာ.. မြို့တော်အခြေစိုက်စခန်းက ဒီကနေ ၇ကီလိုမီတာ/၈ကီလိုမီတာလောက်မှာ ရှိတယ်.."
"အင်း အင်း!"
ရှောင်ဝူယိသည် မြေပုံအားကြည့်ကာ ချက်ချင်းနားလည်သွားသည်။ နျဲ့ရှောင်အား နေရာလွတ်လေးထဲသို့ထည့်ကာ လေထဲတွင် စက်ဝိုင်းတစ်ခုဆွဲလိုက်သည်။ ပျော်ရွှင်နေသောယုန်လေးကဲ့သို့ လေဟာနယ်အက်ကွဲကြောင်းထဲ တိုက်ရိုက်ခုန်ဝင်သွားသည်။
နှစ်ဦးသားသည် တိတ်ဆိတ်နေသော ဆင်ခြင်ဖုံးရပ်ကွက်လေးထဲမှ ချက်ချင်းပျောက်ကွယ်သွားသည်။
***
ထိုအချိန် မြို့တော်အခြေစိုက်စခန်းတွင်
မြို့တော်အခြေစိုက်စခန်းအား စတင်တည်ထောင်ခဲ့သည့် မူလစစ်တပ်စခန်းသည် နျဲ့ရှောင်တို့အုပ်စု ရောက်ခဲ့သည့်အချိန်ကထက် ပို၍ ကြီးမားလာခဲ့သည်။ ရှည်လျားသောမြို့ရိုးသည် ဝူယိ အခြေစိုက်စခန်းနှင့် အနည်းငယ်ကွာခြားသော်လည်း အခြေခံအားဖြင့် စိတ်ကျေနပ်စေသည့် ရလဒ်ပင်။
များပြားလှသော အသက်ရှင်နေထိုင်သူများသည် အခြေစိုက်စခန်းထဲတွင် အလုပ်ရှုပ်နေကြသည်။ လူများသည် လမ်းမများပေါ်တွင် ဝင်လိုက်ထွက်လိုက်နှင့် အခြေစိုက်စခန်းထဲမှ ပုံမှန် သူတို့၏နေ့စဥ်တာဝန်များအား လုပ်ဆောင်နေကြသည်။ စွမ်းရည်ပိုင်ရှင်များအား နေရာအနှံ့တွင် တွေ့နိုင်ပြီး မစ်ရှင်လုပ်မည့်ကားများသည် စခန်း၏ဂိတ်တွင် အချိန်နှင့်အမျှ ဝင်ထွက်နေကြသည်။
ထိုအချိန်တွင် လူများသွားလာနေသည့် စခန်းထဲရှိ လမ်းမအလယ်ရှိ လေထုသည် ရုတ်တရက် ဖောက်ပြန်ကာ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် အပေါက်ထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။
ဤမှော်ဆန်သော မြင်ကွင်းသည် လမ်းသွားလမ်းလာများအား ကြောက်ရွံ့စေခဲ့သည်။ တစ်စုံတစ်ယောက်သည် ရှောင်ဝူယိနှင့် တိုက်မိလုနီးပါးဖြစ်ခဲ့သည်။ နျဲ့ရှောင်၏ လျင်မြန်သောလှုပ်ရှားမှုများဖြင့် ဝူယိလေးအား မဆွဲလိုက်မိလျှင် နှစ်ယောက်တိုက်မိတာ မြေပြင်ပေါ်သို့ လဲကျ၍ ပန်းများပွင့်သွားနိုင်သည်။
"မ..မ..မင်းတို့ဘယ်သူတွေလဲ!!"
သူတို့သည် မရင်းနှီးသော မျက်နှာများအား တစ်ခါမျှ မမြင်ဖူးပေ။ အခြေစိုက်စခန်းထဲတွင် "လူများပေါ်ထွက်လာစေနိုင်သည့်" စွမ်းရည်အားလည်း မကြားဖူးပေ။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် ရုတ်တရက် ဆူညံသံများ ဖြစ်ပေါ်စေသည်။ လက်ရှိအချိန်တွင် လူသားများသည် သေခြင်းရှင်ခြင်းများအား တစ်ချိန်လုံးကြုံတွေ့ နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူတို့သည် မိနစ်ပိုင်းအတွင်းပင် ရန်သူများ ကျူးကျော်လာသည်ဟု သတ်မှတ်မိလိမ့်မည်။
ရှောင်ဝူယိသည် ပထမဆုံးကြိုးစားမှုတွင် မြို့တော်ထဲသို့ အမှန်တကယ် ရောက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ပြင် လူရှုပ်နေသော လမ်းမအလယ်သို့ ရောက်သွားလိမ့်မည်ဟု ပို၍မထင်မိခဲ့ချေ။ သူတို့အား လူဆိုးများဟုသတ်မှတ်ပြီး ကင်းလှည့်အဖွဲ့များ ဝန်းရံလာသည်ကို မြင်သည့်အခါ နျဲ့ရှောင် ကူကယ်ရာမဲ့စွာ ရယ်မောမိသည်။
စတော်ဘယ်ရီကျောပိုးအိတ်လေးနှင့် ရှောင်ဝူယိသည် မြို့တော်အခြေစိုက်စခန်း၏ ပုံစံကြောင့် ဖမ်းစားခံလိုက်ရသည်။ ကြည်လင်သော မျက်လုံးလေးများသည် အပြင်ထွက်ကျလုမတတ် တောက်ပနေခဲ့သည်။ ထို့နောက် အံ့အားသင့်စွာဖြင့် ချစ်စဖွယ်အသံလေးနှင့် ပြောလေသည်။
"ဒယ်ဒီ.. ဒါက မြို့တော်အခြေစိုက်စခန်းလား.. ဒါက ပေါင်ပေါင်းတို့စခန်းနဲ့ တူတယ်နော်.. ပြီးတော့ ဒီမှာက လူတွေအများကြီးဘဲ.."
"လိမ်လိမ်မာမာနေ.. အရင်ဆုံး တိတ်တိတ်လေးနေနော်.."
နျဲ့ရှောင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီးနော်က ရှောင်ဝူယိ၏ ခေါင်းလေးအား လက်ဖြင့်ပွတ်ကာ ဘေးမှကြည့်နေကြသူများအား မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ရင်းနှီးဖော်ရွေဟန်ဖြင့် ပြောလေသည်။
"အားလုံးပဲ မင်္ဂလာပါ.. ခုလို တိုက်ရိုက်ဝင်လာမိလို့ တောင်းပန်ပါတယ်.. ငါတို့နှစ်ယောက်က ဝူယိအခြေစိုက်စခန်းကပါ.. ငါတို့ ဘာလက်နက်မှ သယ်မလာပါဘူး.. မင်းတို့.. ဝူယိအခြေစိုက်စခန်းက နျဲ့ရှောင်နဲ့ ဝူယိ ရောက်နေတယ်လို့ ခေါင်းဆောင် ရှ ကို ပြောပေးနိုင်မလား.."
"!!!"
"ဝူယိအခြေစိုက်စခန်း... ဝသဖ တကယ်လား လိမ်နေတာလား!!"
"နျဲ့ရှောင်နဲ့ ဝူယိ ဆိုတာ ဖြစ်လိမ့်မယ်.. လုံလောက်ပြီ.. သူတို့ရဲ့ မျက်နှာတန်ဖိုးတွေက ကောလဟာလတွေ ထဲကလိုဘဲ အားးးး"
……
စခန်းနှစ်ခုမှာ တရုတ်ပြည်တစ်ဝက်ခန့် ခြားနေသော်လည်း ဝူယိနှင့် နျဲ့ရှောင်၏ နာမည်များသည် မြို့တော်အခြေစိုက်စခန်းတွင် ကျော်ကြားနေဆဲဖြစ်သည်။ ခေါင်းဆောင် ရှ နှင့် လန်ချန် အခြေစိုက်စခန်းမှ အမျိုးသမီး မိန် တို့ကဲ့သို့ စွမ်းအားကြီးသော သူများနှင့် အခြေစိုက်စခန်းတစ်ခုချင်းဆီ၏ အဓိကပုဂ္ဂိုလ်များသည် ဆက်သွယ်ရေးကွန်ယက် ပြန်လည်တည်တောင်ပြီးနောက် လူသိများလာကြသည်။
ဖုန်းချန်တွင် အခြေစိုက်စခန်းတည်ထောင်ခဲ့သော နျဲ့ရှောင်နှင့် ဝူယိသည် အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးထဲတွင် ဒဏ္ဍာရီသဖွယ်ပုဂ္ဂိုလ်များ ဖြစ်ပြီး ၎င်းတို့၏ နာမည်သည် နေရာတိုင်းတွင် အလွန်ကျော်ကြားသည်။
ရှောင်ဝူယိသည် ပတ်ဝန်းကျင်မှ စူးစမ်းသော အကြည့်များနှင့် အလွန်လိုက်လျောညီထွေရှိသည်။ ဝူယိအခြေစိုက်စခန်းတွင် ဤကဲ့သို့ အာရုံစူးစိုက်သော အကြည့်များမှာ ပို၍ပင် ပြင်းထန်သောကြောင့် ဖြစ်သည်။
"အားလုံး မဂ်လာပါ.."
ရှောင်ဝူယိသည် ရင်းနှီးဖော်ရွေဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းကာ အလွန်ချိုမြိန်စွာ ပြုံးပြပြီး ချစ်စဖွယ်ကောင်းမှုဖြင့် လူတစ်စုအား သတ်လိုက်သည်။ အဓိကအခြေစိုက်စခန်းရှိရာသို့ လာသည်မှာ ပထဆုံးအကြိမ် ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှ အရာရာတိုင်းအား စူးစမ်းလိုစိတ် သိလိုစိတ်များဖြင့် ပြည့်နေသည်။
နျဲ့ရှောင်နှင့် ရှောင်ဝူယိ နှစ်ဦးလုံးသည် သူတို့၏ခေါင်းပေါ်မှ အဖြူရောင်ပိုက်ကွန်အား သတိပြုမိခဲ့သည်။ အလွန်ကြီးမားသော ပိုက်ကွန်ကြီးသည် မြို့တော်အခြေစိုက်စခန်း တစ်ခုလုံးအား ပြည့်စုံစွာ ဖုံးအုပ်ထားသည်။ ၎င်းသည် ခမ်းနားကြီးကျယ်လှပပြီး အပူရှိန်အလွန်မြင့်သော နွေရာသီတွင် လူတိုင်းအား အနည်းငယ်မျှ အရိပ်ရအေးမြစေသည်။
"အဲဒါက ဘာလဲ.."
ရှောင်ဝူယိသည် ဘေးနားမှ လူများအားမေးလိုက်ပြီးနောက် နျဲ့ရှောင်အား ကြည့်ကာ ပြောလေသည်။
"ဒါက ရှောင်ယွီမေ့မေ့ရဲ့ အကာအကွယ်ဒိုင်းကာ နဲ့ တူတယ်နော်.."
နျဲ့ရှောင် ခေါင်းညိတ်ကာ ပြန်ဖြေသည်။
"ဒါက ဇွန်ဘီရောဂါပိုးနဲ့ ငှက်တွေကို ကာကွယ်ဖို့သုံးတဲ့ စွမ်းရည်တစ်မျိုး ဖြစ်နိုင်တယ်.. ဒီလောက် ပကတိအတိုင်း ကြီးတဲ့တစ်ခုကို လက်နဲ့လုပ်ဖို့က မဖြစ်နိုင်ဘူး.."
လူနှစ်ယောက်ကြားရှိ စကားဝိုင်းအားကြားသောအခါ သူတို့ဘေးရှိ တစ်စုံတစ်ယောက်သည် ကူ၍ဖြေပေးခဲ့သည်။
"ဒါက ငါတို့ အစ်မကြီး လု ရဲ့'ပင့်ကူ ကွန်ရက်' စွမ်းရည်ပဲ.. ဒါက တကယ်ကာကွယ်ရေးအတွက်သုံးတာ.. ဇွန်ဘီရောဂါပိုးနဲ့ ငှက်တွေက ထိတွေ့မိတဲ့အခါ ပင့်ကူအိမ်နဲ့ ရောထွေးသွားလိမ့်မယ်.. မင်းတို့အခြေစိုက်စခန်းက အကာအကွယ်ဒိုင်းကာနဲ့ မယှဥ်နိုင်ပေမယ့် ဒါက တော်တော်လေး ကောင်းနေပါပြီ.."
"ဒါကတကယ်ကောင်းတယ်.."
နျဲ့ရှောင် ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ အခြားအခြေစိုက်စခန်းများသည်လည်း ဇွန်ဘီရောဂါပိုးနှင့် ငှက်များရန်မှ ကာကွယ်ရန် အကောင်းဆုံးကြိုးစားကြသည်။ သို့သော် အခြေစိုက်စခန်းတိုင်းတွင် ဝူဝမ်ယွီကဲ့သို့ စွမ်းရည်ပိုင်ရှင်မျိုး မရှိနိုင်ပေ။ မြို့တော်အခြေစိုက်စခန်းတွင် "ပင့်ကူကွန်ရက်"ကဲ့သို့ စွမ်းရည်မျိုးရှိခြင်းသည် အလွန်ကံကောင်းသည်ဟု ယူဆနိုင်သည်။
🐹🐹🐹🐹🐹