အပိုင်း ၈၀
Viewers 22k


🐹အခန်း ၈၀

 ဝူယိလေး၏ ဇွန်ဘီစမ်းသပ်ချက်



နံနက်စာ စားပြီးနောက် ရှောင်ဝူယိနှင့် နျဲ့ရှောင်သည် အာကာသ-အချိန် ကိုဖြတ်ကာ ခရီးသွားရန် အဆင်သင့် ဖြစ်နေကြပေပြီ။


ရှောင်ဝူယိသည် လမ်းမပျောက်စေရန် မြို့တော်၏ တည်နေရာအား အကြမ်းဖျဉ်း နားလည်သဘောပေါက်အောင် ပြုလုပ်သွားသည်။


ဟုတ်သော်ရှိ မဟုတ်သော်ရှိ နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့သည် ဖုံးကွယ်ရန် ဇာတ်လမ်းတစ်ခု တည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သောညက စမ်းသပ်ကြည့်ခဲ့ပြီး လူတစ်ဦးသာ ခေါ်ဆောင်သွားနိုင်သည်ဟုပြောရန် သဘောတူခဲ့ကြသည်။


အန်းယိအပါအဝင် လက်ရှိ တော်ဝင်မိသားစုဝင် သုံးဦးထဲမှ တစ်ဦးဖြစ်သော မော့ယန်သည် တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်အား သိရှိထားသည်။


မင်းသားလေးသည် သူ၏စွမ်းရည်အား ဖုံးကွယ်ထားရန် ဤသို့ပြုလုပ်ခြင်းဖြစ်ကြောင်း သိသဖြင့် မင်းသားလေးထံမှ ခွဲမရနိုင်သည့် အရိုင်းအစိုင်းကောင်အား သည်းခံရုံသာ တတ်နိုင်လေသည်။ သူ့အနေဖြင့် ယခင်က မြို့တော်အခြေစိုက်စခန်းသို့ ရောက်ရှိဖူးခြင်း မရှိခြင်းကြောင့်သာ နျဲ့ရှောင်အား ကန်ထုတ်ခွင့် မရခဲ့ခြင်း ဖြစ်သည်။


ရှောင်ဝူယိသည် ဦးဦးဖြစ်သူ၏ ပြင်းထန်သော အကြည့်များအောက်တွင် နျဲ့ရှောင်အား လက်ဆွဲကာ လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။ လေဟာနယ်အတွင်း ခြေချလိုက်သည်နှင့် နျဲ့ရှောင်အား သူ၏နေရာလွတ်အတွင်းသို့ ထည့်လိုက်သည်။ 


လေဟာနယ်အက်ကွဲကြောင်း ပိတ်သွားသည်နှင့် ပတ်ဝန်းကျင်လေထုမှာ နဂိုမူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး လူတိုင်းသည် ရှောင်ဝူယိနှင့် နျဲ့ရှောင်တို့ ပျောက်ဆုံးသွားခဲ့သော နေရာကိုသာ ကြည့်နေမိကြတော့သည်။


အာကာသ-အချိန် စွမ်းရည်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ တစ်စက္ကန့်ပင် မကြာလိုက်ဘဲ နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် တရုတ်ပြည် တစ်ဝက်အား ဖြတ်ကျော်၍ မြို့တော်နယ်နိမိတ်အတွင်း ရောက်ရှိသွားကြလေသည်။


ရှောင်ဝူယိသည် မြို့တော်အခြေစိုက်စခန်း၏ တည်နေရာနှင့် ရင်းနှီးမှု မရှိသောကြောင့် အခြေစိုက်စခန်းနှင့် အနည်းငယ်ဝေးသည့်နေရာသို့သာ ရောက်ရှိကြလေသည်။


နေရာအနှံ့ ချုံနွယ်ပိတ်ပေါင်များ အလွန်ကြီးထွားကာ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။ ပျက်စီးယိုယွင်းနေသော အိုးအိမ်တိုက်တာများမှာ စိတ်ထိခိုက်ဝမ်းနည်းဖွယ် ကောင်းလှပြီး ချိုင့်ခွက်များ ဖြစ်ပေါ်နေသော လမ်းတစ်လျှောက် ဇွန်ဘီအချို့ ဟိုတစ်စု ဒီတစ်စု သွားလာနေကြသည်။ ဓာတ်တိုင်များနှင့် လမ်းညွှန်သင်္ကေတများမှာလည်း တွန်လိမ်ကောက်ကွေးလျက်ရှိကြသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်းတို့ လမ်းပျောက်သွားတာများလား..”


ရှောင်ဝူယိသည် ပျက်စီးယိုယွင်းကာ လူသူကင်းမဲ့လျက်ရှိသည့် စိမ်းသက်နေသော နေရာအားကြည့်ကာ အနည်းငယ် မှင်သက်နေမိသည်။ စိုးရိမ်ပူပန်စွာဖြင့် သူ၏ ပါးကလေးအား လက်ဖြင့်ပွတ်ပြီး နျဲ့ရှောင်အား နေရာလွတ်အတွင်းမှ ထုတ်လိုက်သည်။


နေရာလွတ်ထဲမှ ထွက်လာသော နျဲ့ရှောင်သည် ရင်းနှီးမှုမရှိသည့် နေရာအား မကြည့်ခင် ကောင်ငယ်လေးအား ဦးစွာနှစ်သိမ့်မှုပြုလိုက်သည်။ ထို့နောက် သူသည်လည်း သက်ပြင်းချလိုက်မိသည်။ လမ်းညွှန်သင်္ကေတများနှင့် ပတ်ဝန်းကျင်အဆောက်အဦများမှ ကြေငြာဘုတ်များအရ ၎င်းတို့ ရောက်ရှိနေသည့် နေရာအား ရှင်းလင်းစွာ ဖော်ပြထားသည်။ မြို့တော်အခြေစိုက်စခန်းနှင့် ကီလိုမီတာ အနည်းငယ်မျှ ကွာဝေးနေဆဲဖြစ်သည်။


နျဲ့ရှောင် လက်မြှောက်ကာ နီးကပ်လာသည့် ဇွန်ဘီများအား သတ်ဖြတ်ပစ်လိုက်သည်။ ထို့နောက် ရှောင်ဝူယိ၏ ခေါင်းအား အသာပွတ်ရင်း ချော့မြှူလေသည်။


“ဒယ်ဒီတို့ လမ်းမပျောက်ပါဘူးကွာ.. ပေါင်ပေါင်းက အရမ်းအံ့ဩဖို့ကောင်းအောင် လုပ်နိုင်ခဲ့တယ်နော်.. ဒယ်ဒီတို့အခု မြို့တော်မှာလေ..”


“တကယ်လား.. ကောင်းလိုက်တာ..”


ရှောင်ဝူယိသည် သူ၏ပါးအား လက်ကလေးဖြင့် ပုတ်လိုက်ပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလေသည်။ ထို့နောက် ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီး ချစ်စဖွယ်ကောင်းစွာ ပြောလေသည်။


“မြို့တော် အခြေစိုက်စခန်းက ဘယ်ဘက်မှာလဲ ပေါင်ပေါင်းကို မြန်မြန်လေးပြောပြပေး.. ပေါင်ပေါင်းတို့ နောက်တစ်ခါ ခုန်ကူးရင် အခြေစိုက်စခန်းကို တိုက်ရိုက်သွားကြမယ်..”


“ဒီလောက်အဝေးကြီးကိုတောင် ချောချောမွေ့မွေ့ ရောက်ခဲ့တာဆိုတော့ ပေါင်ပေါင်း အရမ်းကို ယုံကြည်မှု ပြင်းထန်နေပြီ..”


ရှောင်ဝူယိ ဂုဏ်ယူစွာဖြင့် မြောက်ကြွမြောက်ကြွ ဖြစ်နေသည်။


“အလျင်မလိုပါဘူးကွာ..”


နျဲ့ရှောင် ပြုံးလျက်နှင့် ခေါင်းခါပြလိုက်ပြီး အလွန်တက်ကြွနေသော ရှောင်ဝူယိအား တည်ငြိမ်စေလိုက်သည်။ ယခုအခါ သူတို့နှစ်ဦးတည်း ရှိနေသဖြင့် တုံ့ဆိုင်းရန် မလိုအပ်ဘဲ စမ်းသပ်ကြည့်နိုင်သည့် အရာများစွာ ရှိလေသည်။


နျဲ့ရှောင်သည် မော့ယန်၏ အကြည့်ဓားသွားများအား ပြန်လည်မြင်ယောင်မိသည့်အခါ သူ့ကလေးလေးအား မေးကြည့်လိုက်သည်။


“ပေါင်ပေါင်းရဲ့ ဦးဦးကကော ပေါင်ပေါင်းစွမ်းရည်တွေရဲ့ လျှို့ဝှက်ချက်ကို သိထားလား..”


“သေချာပေါက် သိတာပေါ့..”


ရှောင်ဝူယိ ခေါင်းညိတ်၍ ရိုးရိုးသားသား ပြန်ဖြေသည်။ 


“ဦးဦးကလည်း ပေါင်ပေါင်းတို့ရဲ့ တော်ဝင်မျိုးနွယ်ဝင်ပဲလေ ဒယ်ဒီရဲ့.. အဲဒါကြောင့် အချိန်-အာကာသနဲ့ အသက်ဓာတ်စွမ်းရည်တွေရဲ့ တည်ရှိမှုကို သိထားပြီး တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက် ဆိုတာကိုလည်း သိတယ်..”


"အဲသည်လိုလား.."


နျဲ့ရှောင် နားလည်စွာ ခေါင်းညိတ်လိုက်သည်။ ဤအရာအား မိသားစုတစ်ခုလုံး သိရှိထားခြင်းမှာ ဖြစ်သင့်လေသည်။ နျဲ့ရှောင် ထိုအကြောင်းအား ထပ်မံတွေးတောခြင်း မပြုတော့ဘဲ အကြည့်များအား သိပ်မဝေးသည့်နေရာမှ ဇွန်ဘီများထံ ပို့လိုက်ပြီးနောက် ရှောင်ဝူယိအား နူးညံ့စွာပြုံး၍ ကြည့်လိုက်သည်။


“ဒါဖြင့်လည်း ပေါင်ပေါင်းရေ.. ဒယ်ဒီတို့ စမ်းသပ်မှု သေးသေးလေးတစ်ခုလောက် လုပ်ကြမလား..”


ရှောင်ဝူယိ ချက်ချင်းပျော်ရွှင်သွားပြီး နျဲ့ရှောင်အား စိတ်အားထက်သန်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။


“ဘာစမ်းသပ်မှုလဲ.. လုပ်မယ်.. လုပ်မယ်.. ရေ့ရေ့..”


“ပေါင်ပေါင်းရဲ့ စွမ်းရည်က ဇွန်ဘီတွေအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိ စမ်းသပ်မှာ..”


နျဲ့ရှောင်သည် သူ၏နှလုံးသားအောက်ခြေတွင် သိမ်းဝှက်ထားသည့် အတွေးများအား ထုတ်ပြောပြီးနောက် ကောင်ငယ်လေး၏ ဦးခေါင်းလေးအား လက်ဖြင့်ပွတ်လိုက်သည်။ လွန်ခဲ့သောညတွင် အာကာသ-အချိန် နှင့် အသက်ဓာတ်စွမ်းရည်အား လက်တွေ့ကျကျ မြင်တွေ့ပြီးနောက် နျဲ့ရှောင်သည် ဤစွမ်းရည်များ ဇွန်ဘီများအပေါ် မည်သို့သက်ရောက်မည်ကို လွန်စွာသိချင်ခဲ့သည်။


ပိုင်ယွဲ့၏ ကုသစွမ်းရည်မှာ ပိုင်မေ့အား အသွင်ပြောင်းလဲပေးနိုင်သည်။ ယင်းအ‌ပေါ် အခြေခံ၍ ရှောင်ဝူယိ၏ အသက်ဓာတ်စွမ်းရည်သည်လည်း ဇွန်ဘီများအပေါ် တိကျသေချာသော အကျိုးသက်ရောက်မှု ရှိသင့်သည်။


ယနေ့တွင် သူတို့နှစ်ဦးသာ ရှိပြီး ပတ်ဝန်းကျင်တွင် ရပ်ကြည့်နေကြမည့် အနှောင့်အယှက်များလည်း မရှိပေ။ ဤအခြေအနေအား အခွင့်ကောင်းယူကာ ရှောင်ဝူယိ၏ စွမ်းရည်ကို စိတ်ချလက်ချ စမ်းသပ်နိုင်မည် ဖြစ်သည်။


နျဲ့ရှောင်၏ နှလုံးသားထဲမှ အတွေးများအား ကြားပြီးနောက် ရှောင်ဝူယိ၏ မျက်လုံးလေးများ တလက်လက် တောက်ပလာသည်။ နျဲ့ရှောင်၏ ကမ်းလှမ်းချက်အား စိတ်အားထက်သန်မှုအပြည့်ဖြင့် ဝမ်းမြောက်စွာ လက်ခံပြီးနောက် နျဲ့ရှောင်အား ချီးကျူးမှုပင် ပြုလိုက်သေးသည်။


“ဒယ်ဒီက အရမ်းအံ့ဩဖို့ကောင်းတာပဲ.. သည်လိုမျိုး စမ်းကြည့်လို့ရတယ်ဆိုတာ ပေါင်ပေါင်း တွေးတောင်မတွေးမိဘူးရယ်..”


ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင် ရယ်မောမိတော့သည်။


“ပေါင်ပေါင်းရဲ့ စွမ်းရည်တွေက အရမ်းအံ့ဩဖို့ ကောင်းနေလို့လေ.. မဟုတ်ရင် ဒယ်ဒီ့မှာ စိတ်ကူးတွေ အကြံဉာဏ်တွေ ရှိနေရင်တောင် ဘယ်အသုံးဝင်မှာလဲ..”


“အွန်းဆို.. ပေါင်ပေါင်းတို့ နှစ်ယောက်လုံးက အရမ်းထူးခြားတာ..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ လက်အားဆွဲကာ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့အချင်းချင်း မြှောက်ပင့်ပြောရုံမျှနှင့် အခွန်ဆောင်ရန် မလိုအပ်ပေ။ သူ၏ စွမ်းရည်သည် ဇွန်ဘီများအပေါ် အမှန်တကယ် အကျိုးသက်ရောက်မှုရှိလျှင် ကောင်းပေမည်။


နျဲ့ရှောင်သည် တုံ့ဆိုင်းမနေဘဲ လှုပ်ရှားနေသော ဇွန်ဘီတစ်ကောင်အား ဖမ်းဆီးလိုက်သည်။ နျဲ့ရှောင်၏ လေစွမ်းရည်ဖြင့် ဇွန်ဘီ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား မမြင်နိုင်သော ကြိုးများဖြင့် ရစ်ပတ်ထားကာ ချွန်ထက်သော သွားများရှိသည့် ပါးစပ်အား တိပ်ဖြင့်ပိတ်လိုက်သည်။ ရှောင်ဝူယိ မတော်တဆ ထိခိုက်မှု မရှိစေရန် ဇွန်ဘီအား တိုင်တွင် သေသေချာချာချည်နှောင်လိုက်သည်။


ရှောင်ဝူယိသည် ချည်နှောင်ထားခံရသော ကြောက်မက်ဖွယ် ဇွန်ဘီအားကြည့်ကာ တံတွေးမျိုချလိုက်ပြီး နျဲ့ရှောင်၏ လက်တစ်ဖက်အား တင်းတင်းဆုပ်ကိုင်ကာ အနားသို့ တိုးသွားသည်။ တုန်ယင်နေသော လက်ကလေးအား ဇွန်ဘီဆီသို့ ဆန့်လိုက်ပြီး မနှစ်မြို့စွာ ပြောလေသည်။


“ဒယ်ဒီ.. သူက အရမ်းရုပ်ဆိုးပြီး မျက်လုံးတွေက ကြောက်ဖို့ကောင်းတယ်.. ပိုင်မေ့မေ့နဲ့ လုံးဝမတူဘူး..”


များသောအားဖြင့် ဇွန်ဘီများနှင့် ရင်ဆိုင်တွေ့သည့်အခါ တိုက်ရိုက် သတ်ပစ်သည်သာ ဖြစ်သည်။ ယခုကဲ့သို့ ထိတွေ့ရန်မူ... အမှန်တကယ် ရွံရှာဖွယ် ကောင်းလှသည်။


နျဲ့ရှောင်သည် ရှောင်ဝူယိ၏ ခေါင်းကလေးအားပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။


“ပေါင်ပေါင်း မကြောက်နဲ့နော်.. ဒီဇွန်ဘီက အခြေအနေကောင်းတယ်လို့ ယူဆလို့ရတယ်.. သူက ရုပ်ဆိုးတာတော့ ဟုတ်ပေမဲ့ မျက်လုံးတွေ ထွက်ကျမလာသေးဘူးလေ..”


ဇွန်ဘီ : "..."


ရှောင်ဝူယိ :"..." QAQ


ရှောင်ဝူယိသည် သတ္တိစုကာ ရှေ့သို့တိုးသွားသော်လည်း ဇွန်ဘီနှင့် နီးလာသည်နှင့်အမျှ ယင်း၏ အနံ့အသက်သည် ပိုင်မေ့နှင့် လွန်စွာခြားနားကြောင်း ပို၍ခံစားမိလာသည်။ ပိုင်မေ့နှင့် နှိုင်းယှဉ်မည် ဆိုပါက ရှောင်ဝူယိသည် သူ၏စွမ်းရည်များအားလုံး ပြန်လည်ရရှိလာပြီးနောက် အသိစိတ်များ ပိုမိုထက်မြက်လာပြီး နှလုံးသားမှာလည်း ယခင်ကထက် ခံနိုင်ရည်စွမ်း မြင့်လာသည်။


“အူးဝူးဝူး.. အရမ်းကြောက်စရာကောင်းတာပဲ.. ဆက်မလုပ်ချင်တော့ဘူး ဒယ်ဒီ.. ပေါင်ပေါင်း အဲဒါကို လုံးဝ မထိချင်ဘူးလို့.. သူက ပိုင်မေ့မေ့နဲ့ မတူဘူး.. သေနေပြီးသားကြီး..”


ရှောင်ဝူယိသည် ဇွန်ဘီအား ထိတွေ့ရခြင်း မရှိသေးသည့်တိုင် ကြောက်ရွံ့ကာ မသက်မသာ ဖြစ်လာပြီး နျဲ့ရှောင်၏ လက်မောင်းအတွင်းဝင်ကာ ပုန်းပစ်လိုက်ချင်သည်။


ထိုအသက်မဲ့နေသည့် ထူးဆန်းသော ဗလာမျက်လုံးများ၊ ပုပ်သိုးဆွေးမြေ့နေသော ရုန်းကန်နေရသည့် ခန္ဓာကိုယ်နှင့် လည်ချောင်းထဲမှ ထွက်ပေါ်လာသော ထူးဆန်းသည့် အသံများမှ ရှောင်ဝူယိသည် အသက်ဓာတ်အား အနည်းငယ်မျှပင် မခံစားမိပေ။


နျဲ့ရှောင် တစ်ကြိမ်မျှ ကြိုးစားကြည့်ချင်သော်လည်း သူ့ပေါင်ပေါင်း၏ ခုခံပြီး စိတ်မချမ်းမြေ့သည့် အမူအရာအား မြင်တွေ့ရသောအခါ စိတ်ဓာတ်ကျသွားမိသည်။ ထို့နောက် ကောင်ငယ်လေး၏ ဦးခေါင်းအား နူးညံ့ညင်သာစွာ ပွတ်ပေးရင်း နှစ်သိမ့်လိုက်သည်။


“ပေါင်ပေါင်းက လိမ္မာတယ်နော်.. မကြောက်ပါနဲ့.. ကြိုးစားကြည့်ပါဦး.. ဒယ်ဒီက ပေါင်ပေါင်းကို ကာကွယ်ပေးမှာပေ့ါ..”


ရှောင်ဝူယိသည် နှာခေါင်းလေးရှုံ့ရင်း နျဲ့ရှောင်အား မျက်ရည်အဝိုင်းသားဖြင့် ကြည့်လိုက်သည်။ အဆုံးတွင် နူးညံ့သော အားပေးတိုက်တွန်းမှုကြောင့် လက်ကလေးအားဆန့်ကာ အသက်ဓာတ်စွမ်းရည် ထုတ်လွှတ်ပေးရန် ဇွန်ဘီအားထိလိုက်သည်။


သို့သော် သူ၏လက်ချောင်းထိပ်ဖြင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်နှင့် ပျက်စီးယိုယွင်းမှုသည် ရှောင်ဝူယိ၏ အသက်ဓာတ်စွမ်းရည်အား ပြန်ကန်ထွက်စေပြီး ပြင်းထန်စွာ ဆန့်ကျင်လေသည်။


အသက်ဓာတ်စွမ်းရည်အား ကူးပြောင်းရာတွင် သေခြင်းတရားသည် အလွန်အထိမခံဘဲ ပြင်းထန်စွာ တုံ့ပြန်လေသည်။


ရှောင်ဝူယိသည် သေခြင်းတရားနှင့် ထိုင်းမှိုင်းလေးလံသော အငွေ့အသက်ကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ ငိုကြွေးတော့သည်။ ပိုင်မေ့နှင့် ဇွန်ဘီအကြားရှိ ကွဲပြားမှုအား ပိုမိုလက်တွေ့ကျစွာ သိရှိသွားလေသည်။ ဇွန်ဘီ၏ ခန္ဓာကိုယ်တွင် အသက်ဓာတ်အနည်းငယ်မျှပင် မခံစားရဘဲ သေဆုံးခြင်း အငွေ့အသက်နှင့် မှောင်မိုက်၍ ဖိနှိပ်ခံရသော ခံစားချက်ကိုသာ ခံစားရမည်ဖြစ်ပြီး လူတိုင်းအား ကြောက်ရွံ့ကာ အသက်ရှူကြပ်စေသည်။


နျဲ့ရှောင်သည် ရှောင်ဝူယိနှင့် ဇွန်ဘီအား အကွာအဝေးတစ်ခု ခြားလိုက်သည်။ မျက်ရည်လည်ရွဲနှင့် သနားစဖွယ်မျက်နှာလေးအား မြင်သည့်အခါ ချက်ချင်းဆိုသလို စိတ်ထိခိုက်ဝမ်းနည်းပြီး နောင်တရမိသည်။


“မလုပ်တော့ဘူး.. စမ်းသပ်မှု ထပ်မလုပ်တော့ဘူးနော်.. ပေါင်ပေါင်းက မငိုပါနဲ့.. မကြောက်ပါနဲ့နော်..”


နျဲ့ရှောင်သည် ရှောင်ဝူယိအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီးနောက် သူ၏နောက်ကျောလေးအား နူးညံ့ကြင်နာစွာ ပုတ်ပေးရင်း နှစ်သိမ့်ချော့မြူလေသည်။


“အူးဟူးဟူး.. အဲဒါက တကယ်ကို သေနေပြီ ဒယ်ဒီ.. ပိုင်မေ့မေ့လို မဟုတ်ဘူး.. သူက လုံးဝ သေနေတာ..”


ရှောင်ဝူယိသည် ပြောလိုက် ငိုလိုက်နှင့် မျက်ရည်တသွင်သွင် စီးကျလျက်ရှိသည်။ နှာသီးဖျားလေးနှင့် မျက်လုံးလေးများမှာ ရဲရဲနီကာ အလွန်သနားစဖွယ်ပင်။


သူ၏ အသက်ဓာတ်စွမ်းရည်မှာ သေခြင်းတရားအား ပြောင်းလဲနိုင်စွမ်း မရှိပေ။ သေဆုံးပြီးလျှင် ပြန်လည်အသက်သွင်းရန် မဖြစ်နိုင်ချေ။ သက်ရှိများအား ကျန်းမာသန်စွမ်းစေရန် ပြုလုပ်ပေးနိုင်သော်လည်း ဘဝအသစ်တစ်ခု ဖန်တီးရန်မူ မတတ်နိုင်‌။


ထိုသို့ကြားသည့်အခါ နျဲ့ရှောင်၏ နှလုံးသားတစ်ခုလုံး ရုတ်တရက် လေးလံသွားသည်။ သူ၏စိတ်ထဲတွင် ကျန်ရှိနေသော စိတ်ကူးယဉ်မှုလေး လုံးဝဥဿုံ ပျက်စီးသွားပြီး အမှန်တရားအား ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဇွန်ဘီအား အသက်ဓာတ်ပေးခဲ့သည့်တိုင် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိပေ။ နျဲ့ရှောင်သည် စွမ်းရည်ထုတ်ကာ ဇွန်ဘီခန္ဓာကိုယ်အတွင်းရှိ အမြုတေအား ထုတ်ယူလိုက်သည်။


ဝူယိထံမှ ထွက်လာသော သေခြင်းတရား ဟူသည်မှာ အမှန်တကယ် သေဆုံးခြင်းကို ဆိုလိုသည်။


ခန္ဓာကိုယ်လုပ်ဆောင်ချက်များအား ထိန်းသိမ်းရန် အမြုတေများအား မှီခိုနေရသော ဇွန်ဘီများသည် သေဆုံးပြီးသော လမ်းလျှောက်နေသည့် အလောင်းကောင်များ ဖြစ်လေသည်။


စမ်းသပ်မှုဆိုသည်မှာ လုံးဝ မလိုအပ်တော့‌ပေ။ နျဲ့ရှောင်သည် အနီးအနားမှ ယိမ်းထိုးနေသော ဇွန်ဘီများအား သတ်ဖြတ်ရင်း ရှောင်ဝူယိအား ပွေ့ဖက်ကာ ငြင်သာစွာ ချော့မြူကာဖြင့် နေရာမှ ထွက်ခွာလိုက်သည်။ ရှောင်ဝူယိ အိပ်မက်ဆိုးမှ ရုန်းထွက်နိုင်သည်အထိ လမ်းလျှောက်နေခဲ့သည်။


ရှောင်ဝူယိသည် မျက်ရည်များ တိတ်သွားသော်လည်း နျဲ့ရှောင်၏ လည်ပင်းအားဖက်ကာ အနည်းငယ် ရှိုက်နေလေသည်။ ဝမ်းနည်းမှုကြောင့် မျက်လုံးလေးများ နီရဲလျက်ရှိသည်။


“ဒယ်ဒီ.. သူတို့ကို ကယ်တင်လို့ မရတော့ဘူး..”


“အင်း..”


နျဲ့ရှောင် တိတ်ဆိတ်သွားလေသည်။


ဇွန်ဘီများအား သတ်ဖြတ်ခဲ့ကြသည့်တိုင် ဤဇွန်ဘီများ ပြန်ကောင်းလာနိုင်မည့်နေ့အား တိတ်တဆိတ် စိတ်ကူးခဲ့ဖူးသည်။ ဇွန်ဘီဘုရင်ဖြစ်သည့် ပိုင်မေ့ အား တွေ့ရှိပြီးနောက် သူတို့နှလုံးသားထဲရှိ စိတ်ကူးယဉ်မှုမှာ ပိုမိုကြီးမားလာသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ဇွန်ဘီများအား သတ်ဖြတ်ရာတွင် မမြင်နိုင်သည့် ဖိအားများနှင့် တုံ့ဆိုင်းမှုများ ဖြစ်ပေါ်လာတတ်သည်။


ယခုအချိန်တွင် ရှောင်ဝူယိထံမှာ ဇွန်ဘီများအားလုံး သေဆုံးပြီးသားဖြစ်သည်ဟု အတည်ပြုချက် ရရှိပြီးနောက် နျဲ့ရှောင် စိတ်လျော့ရမည်လား မသိတော့ပေ။ အချုပ်အားဖြင့် ပြောရလျှင် အလွန်ရှုပ်ထွေးလျက်ရှိသည်။


ရှောင်ဝူယိသည် နျဲ့ရှောင်၏ စိတ်မသက်မသာဖြစ်မှုနှင့် စိတ်ထိခိုက်မှုအား ခံစားမိပုံရပြီး လက်ကလေးမြှောက်ကာ နျဲ့ရှောင်၏ ပါးပြင်အား ထိလိုက်ပြီးနောက် တိတ်ဆိတ်ချိုမြိန်စွာ နှစ်သိမ့်မှုပြုလေသည်။


နျဲ့ရှောင်သည် သူ၏လက်မောင်းကြားရှိ ချစ်စဖွယ်‌ကောင်ငယ်လေးအားကြည့်ကာ ပြုံးလိုက်သည်။


“သည်ကိစ္စနဲ့ ပတ်သက်ပြီး ဒယ်ဒီတို့ လုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူး.. အဲသည်တော့ ရှေ့လျှောက် အသက်ရှိနေသေးတဲ့ လူတွေကို ကြိုးကြိုးစားစား ကာကွယ်ပေးပြီး ဇွန်ဘီမဖြစ်သွားအောင် စောင့်ရှောက်ပေးကြမယ်..”


“အွန်း..”


ရှောင်ဝူယိ ခေါင်းကလေးငုံ့ကာ နျဲ့ရှောင်၏ လည်ပင်းအား ပွတ်သပ်လိုက်သည်။


“ဒေါက်တာဝေ့နဲ့ တခြားသူတွေက သေချာပေါက် ကာကွယ်ဆေး ဖော်နိုင်မှာ.. ပေါင်ပေါင်းတို့ ဂြိုလ်ကလည်း အကူအညီ လာလိမ့်မယ်..”


“သေချာတာပေါ့..”


နျဲ့ရှောင် ရှောင်ဝူယိ၏ ခေါင်းကလေးအားပွတ်ကာ အဝေးသို့ကြည့်လိုက်သည်။ ထို့နောက် မြို့တော်အခြေစိုက်စခန်း ရှိရာသို့ ဆုံးဖြတ်ချက်ပြတ်သားစွာ လျှောက်လှမ်းသွားလေသည်။


ရှောင်ဝူယိသည် နျဲ့ရှောင်ပင်ပန်းမည်ကို စိုးရိမ်သောကြောင့် အောက်သို့ချပေးရန် ရုန်းကန်ပြီး သူကိုယ်တိုင် လမ်းလျှောက်လိုက်သည်။


“ဒယ်ဒီ.. ပေါင်ပေါင်းဘာသာ သွားချင်တယ်လို့.. အခုလို နေရတာ အဆင်မပြေဘူးနော်.. လေဟာနယ်အက်ကွဲကြောင်းကနေ အခြေစိုက်စခန်းကို တိုက်ရိုက်သွားကြမယ်လို့..”


“မရဘူး.. ဒယ်ဒီက ပေါင်ပေါင်းကို ဖက်ထားဦးမှာ.. အလောမကြီးပါနဲ့ကွာ.. အရင်ဆုံး နားလိုက်ဦးနော်..”


နျဲ့ရှောင် လွှတ်မပေးချင်သဖြင့် ကောင်ငယ်လေးအား လက်တစ်ဖက်ဖြင့် ပွေ့ချီကာ နူးညံ့စွာ ပြုံး၍ ပြောလေသည်။


"ပေါင်ပေါင်းက လုံးဝမလေးဘူး.."


ရှောင်ဝူယိထံတွင် ချေပရန် နည်းလမ်းမရှိတော့ပေ။ မျက်နှာလေးအားရှုံ့ကာ နျဲ့ရှောင် သယ်ရလွယ်ကူစေရန် ဟမ်းစတားလေးအသွင်သို့ ပြောင်းလဲရမည်လားဟု စဉ်းစားနေမိသည်။ ထို့နောက် နက်ရှိုင်း၍ သာယာနာပျော်ဖွယ်ကောင်းသော အသံဩဩအား ကြားလိုက်ရလေသည်။


“ဒါနဲ့ ပေါင်ပေါင်းရေ.. ပိုင်မေ့ကလည်း ဇွန်ဘီပဲလေ.. အဲသည်တော့ အခုနှိုင်းယှဉ်ကြည့်ရင် ပေါင်ပေါင်း ဘယ်လိုခံစားရလဲ.. ပိုင်မေ့က သာမန်ဇွန်ဘီတွေနဲ့ ကွဲပြားတယ်လို့ ထင်လား..”


🐹🐹🐹🐹🐹