🐹အခန်း ၇၉
"ဝူယိလေး မြို့တော်အခြေစိုက်စခန်းကိုသွားပြီ"
နျဲ့ရှောင်သည် ရှောင်ဝူယိ၏ နေရာလွတ်အတွင်းမှ လျင်မြန်စွာ ကြီးထွားရင့်မှည့်လာသော ကောက်ပဲသီးနှံများနှင့်အတူ သေလုမျောပါး အရိုက်နှက်ခံခဲ့ရသော ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားတို့မှာ ရှောင်ဝူယိ၏ အထိတွေ့အောက်မှာပင် အသက်ဓာတ်ပြန်လည်ရရှိလာသည်ကို တွေးမိလိုက်သည်။ ထပ်ပေါင်းပြောရမည်ဆိုလျှင် သူ၊ သွမ့်ဝမ်ယွီနှင့် အခြားသူများသည် မည်သည်ကြောင့် ကျန်စွမ်းရည်ပိုင်ရှင်များထက် ပိုမိုစွမ်းအားကြီးနေရသနည်း ဆိုသည်အတွက်လည်း အကြောင်းပြချက် ရှိလေသည်။
ဤထူးခြားသည့် ဖြစ်ရပ်များအား သူ ယခင်ကတည်းက သတိပြုမိထားခြင်းဖြစ်သည်။ ရှောင်ဝူယိ၏ စွမ်းရည်မှာ နေရာလွတ်စွမ်းရည် တစ်မျိုးတည်း မဟုတ်ကြောင်း သိရှိထားသည်မှာ ကြာပြီပင်။ ရှောင်ဝူယိ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာပြီးနောက် ထိုအခြင်းအရာအား မေးမြန်းရန် အချိန်မရခဲ့ခြင်းမျှသာ။
နျဲ့ရှောင် မေးခွန်းထုတ်လာသည့်အခါ ရှောင်ဝူယိသည် သဘာဝကျကျပင် ဖုံးကွယ်ထားခြင်း မရှိပေ။ နျဲ့ရှောင်အား ကြည်လင်သန့်စင်သော မျက်လုံးများဖြင့် ကြည့်ကာ လက်ကလေး ၃ ချောင်းထောင်ပြီးနောက် ပျော်ရွှင်စွာပင် ချွဲအီအီအသံလေးဖြင့် နာခံမှုရှိရှိ ပြန်ဖြေလေသည်။
“ဒယ်ဒီ တကယ်တော့ အာကာသ-အချိန် နဲ့ အသက်ဓာတ် ဆိုတာ စွမ်းရည် သုံးခုပါ.. အချိန်၊ နေရာလွတ် နဲ့ အသက်ဓာတ် စွမ်းရည်တွေကို ပြောတာလေ..”
“ဒယ်ဒီတို့ရဲ့ စွမ်းရည်က တခြားသူတွေထက် တိုးတက်မှုနှုန်း မြန်ရတာ ပေါင်ပေါင်းရဲ့ အချိန်စွမ်းအားကြောင့်လေ.. ပေါင်ပေါင်းက ဒယ်ဒီတို့အားလုံး မြန်မြန်လေး သန်မာလာပြီး စွမ်းအားကြီးလာဖို့ မျှော်လင့်ခဲ့တာ.. အပင်တွေ မြန်မြန်ကြီးလာဖို့လည်း ဆန္ဒရှိတယ်.. အဲဒါကြောင့် အချိန်ရဲ့ အမြန်နှုန်းက ဒယ်ဒီတို့ စွမ်းရည်တွေနဲ့ အပင်တွေရဲ့ ကြီးထွားနှုန်းကို သက်ရောက်စေခဲ့တာ..”
ရှောင်ဝူယိသည် သူကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သော “အချိန်” စွမ်းအားအကြောင်း နျဲ့ရှောင်အား မခြွင်းမချန် ပြောပြပြီးနောက် လက်တွေ့ပြသရန် သူ၏ ဆံပင်အား အသုံးပြုလိုက်သည်။ သာမန်မျက်လုံးနှင့်ပင် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ဆံပင်မှာ စင်တီမီတာ အနည်းငယ်ခန့် ရှည်လာလေသည်။
“ဒီလိုမျိုးပါ..”
ရှောင်ဝူယိသည် သူ၏လက်ကလေးအား ဆန့်ထုတ်ပြီးနောက် ခေါင်းပေါ်မှ အနက်ရောင်အမွေးလေးနှစ်ချောင်းအား နုတ်လိုက်ပြီး နျဲ့ရှောင်ရှိရာသို့လှည့်ကာ ချစ်စဖွယ်ကောင်းစွာ ပြောလေသည်။
“ဒါပေမဲ့ သူတို့က မြန်မြန်ဆန်ဆန် မကြီးထွားသင့်ဘူးလေ.. မဟုတ်ရင် ပေါင်ပေါင်းက အာဟာရ ချို့တဲ့သွားမှာပေ့ါ..”
ဤစွမ်းရည်သည် လူတိုင်းအား စိတ်ဝိညာဉ် လွင့်သည်ထိအောင် ထိတ်လန့်စေနိုင်သော်လည်း ကောင်းမွန်စွာ အသုံးချနေသ၍ အင်အားကြီးမားပြီး ကြောက်မက်ဖွယ်စွမ်းအားကို ယူဆောင်လာမည် ဖြစ်သည်။
နျဲ့ရှောင်သည် သူ၏ မိသားစုဝင်လေးအား လေးလေးနက်နက်ကြည့်ကာ ဂရုတစိုက်ဖြင့် အကြံပေးလေသည်။
“ဒီကိစ္စကို ပေါင်ပေါင်းရဲ့ ဗိုက်ထဲမှာပဲ ဖွက်ထားရမယ်နော်.. နားလည်လား.. တခြားသူတွေကို လုံးဝ ပြောပြလို့ မရဘူးနော်..”
"အင်း.."
ရှောင်ဝူယိ လေးပင်စွာ ခေါင်းညိတ်လိုက်သည်။ လက်ထဲရှိ ဆံပင်မွေးများအား လွှတ်ချပြီးနောက် အရုပ်ကလေးသဖွယ် နျဲ့ရှောင်အား ခွထိုင်လိုက်သည်။
“ဒါပေါ့.. ပေါင်ပေါင်း လျှောက်မပြောပါဘူး.. ပေါင်ပေါင်းက တအားလိမ္မာတာကို.. ဒီစွမ်းရည်ကို လက်လွတ်စပယ် မသုံးပါဘူး..”
နျဲ့ရှောင် ခေါင်းညိတ်ပြီး ကောင်ငယ်လေး၏ နာခံမှုရှိသော ပုံစံလေးအား ကြည့်နေမိသည်။ ကောင်ငယ်လေး၏ နဖူးလေးအား အကြိမ်ပေါင်းများစွာ နမ်းမွှေးပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ဒယ်ဒီက ပေါင်ပေါင်းကို ယုံတယ်နော်.. ပေါင်ပေါင်းက အရမ်းကြင်နာတတ်ပြီး ချစ်စရာလေးမို့လို့ ဒီစွမ်းရည်ကို ရလာတာ..”
ရှောင်ဝူယိသည် ချီးကျူးခံရသောကြောင့် အနည်းငယ် ရှက်ရွံ့သွားသည်။ ထို့နောက် မည်သည့်အကြောင်းအား တွေးမိသွားသည် မသိသော်လည်း အနည်းငယ်ဝမ်းနည်းကာ မချင့်မရဲ ဖြစ်သွားလေ၏။ ခေါင်းငိုက်စိုက်ချသွားပြီးနောက် နှုတ်ခမ်းလေးစူကာ တတွတ်တွတ် ရေရွတ်တော့သည်။
“ပေါင်ပေါင်းရဲ့ စွမ်းရည်မှာ အချိန်နောက်ပြန် မဆုတ်နိုင်တာ အရမ်းဆိုးတာပဲ.. အချိန်ကို နှေးလို့ကော ရပ်ထားလို့ကော မရဘူးရယ်.. သူက ဧရိယာ သေးသေးလေးအပေါ်ပဲ လွှမ်းမိုးမှုရှိတယ်.. ပေါင်ပေါင်းရဲ့ အနီးအနားက လူတွေနဲ့ အရာဝတ္ထုတွေ အပေါ်ပဲလေ.. အချိန်နောက်ပြန်ဆုတ်နိုင်ပြီး နေရာကြီးကြီး လွှမ်းမိုးနိုင်ရင် အရမ်းကောင်းမှာပဲ.. အဲသည်လိုဆို လူတိုင်းကို ကမ္ဘာပျက်ကပ် မတိုင်ခင်က အချိန်ကို ပြန်ခေါ်သွားနိုင်ပြီ..”
“ပေါင်ပေါင်းရဲ့ စွမ်းရည်က အရှေ့ကို မဆုတ်မနစ် စီးဆင်းနေတဲ့ မြစ်လိုပဲ.. ရှေ့ကိုပဲ ရဲရဲဝံ့ဝံ့ သွားနိုင်တယ်.. နောက်ပြန်လှည့်လို့မရဘူး.. သေးသေးလေးတောင် လှည့်မရဘူး.. ပေါင်ပေါင်းရဲ့ ဆံပင်လိုပဲလေ.. ရှည်လာရင် ညှပ်ချပစ်ရုံပဲရှိတယ်.. အရင်ပုံစံ ပြန်ပြောင်းလို့မရဘူး..”
ရှောင်ဝူယိသည် ပါးကလေးအားဖောင်းကာ ခေါင်းငုံ့ရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလေသည်။ လူတိုင်း၏ အခက်အခဲအား ဖြေရှင်းရန် ကူညီမပေးနိုင်သည်မှာ ဝမ်းနည်းစရာပင်။
ရူးကြောင်ကြောင် စကားလေးများအား နားထောင်ပြီးနောက် နျဲ့ရှောင်၏ နှလုံးသားမှာ လေလျော့နေသည့် ဘောလုံးသဖွယ် ဖြစ်သွားရသည်။ သူ၏အရှေ့မှ ချောမောကြည့်ကောင်းသော ကောင်ငယ်လေး၏ ခေါင်းကလေးအား လက်ဖြင့်ပွတ်ပေးလိုက်သည်။
“အရူးလေး.. သမိုင်းကို ပြောင်းလဲလို့ မရဘူးလေ.. အတိတ်ကိုကောပဲ.. အချိန်ရေစီးကြောင်းကလည်း ရပ်လို့မရသလို နောက်ပြန်စီးဆင်းဖို့လည်း မဖြစ်နိုင်ဘူး.. ပေါင်ပေါင်းမှာရှိတဲ့ အချိန်စွမ်းအားကတင် အတော်လေး စွမ်းအားကြီးနေပါပြီ.. တကယ်လို့ ပေါင်ပေါင်းကသာ အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင် ပေါင်ပေါင်းက ဒယ်ဒီ့ ဟမ်းစတားလေး ဘယ်ဟုတ်တော့မှာလဲကွ.. စွမ်းအားကြီးတဲ့ နတ်ဘုရား ဖြစ်သွားမှာပေ့ါ..”
“လိမ္မာတယ်နော်.. ပေါင်ပေါင်းက စိတ်မပျက်ပါနဲ့.. လူတိုင်းအတွက် အခုလို စဉ်းစားပေးတာနဲ့တင် အရမ်းကောင်းနေပါပြီ..”
နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ပါးဖောင်းဖောင်းအား နမ်းကာ နှစ်သိမ့်လိုက်သည်။
"ဟုတ်"
နျဲ့ရှောင်၏ ချော့မော့ခံလိုက်ရသော ရှောင်ဝူယိသည် မူးယစ်ဆေး စားမိသကဲ့သို့ တက်ကြွကာ သူ၏ ဒုတိယစွမ်းရည်အား ဆက်ပြောလေသည်။
“ဒုတိယတစ်ခုက နေရာလွတ်စွမ်းရည်လေ.. သည်စွမ်းရည်နဲ့ ပတ်သက်ပြီး ဒယ်ဒီ အတော်များများ သိပြီးသားပါ.. ပေါင်ပေါင်းရဲ့ နေရာလွတ်သေးသေးလေး နှစ်ခုနဲ့ လေဟာနယ်ကို ဆုတ်ဖြဲပြီး တစ်နေရာနဲ့တစ်နေရာ ခုန်ကူးလို့ရတဲ့ဟာလေ.. ကမ္ဘာပေါ်မှာ ပေါင်ပေါင်းကို ဖမ်းထားလို့ရတဲ့နေရာ တစ်ခုမှ မရှိတော့ပါဘူး.. ဟူးဟူး..”
“အင်း.. တကယ် အံ့ဩစရာပဲ..”
နျဲ့ရှောင် ခေါင်းညိတ်၍ လက်မြှောက်လိုက်ပြီး ကောင်ငယ်လေး၏ နက်မှောင်ရှည်လျားသော ဆံပင်များအား နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။
“အဲဒါဆို နောက်ဆုံးတစ်ခု ‘အသက်ဓာတ်’ ကကော..’”
“အသက်ဓာတ်က သက်ရှိတွေကို ပိုပြီးကျန်းမာအောင် လုပ်ပေးနိုင်တယ်..”
ရှောင်ဝူယိသည် နျဲ့ရှောင်၏ ကြီးမားသော လက်ဖဝါးအား ဖမ်းယူကာ ဆော့ကစားနေသည်။ ထို့နောက် ခေါင်းကလေးမော့ကာ ဂုဏ်ယူစွာဖြင့် ပြောလေသည်။
“ပေါင်ပေါင်းရဲ့ အနားမှာရှိတဲ့ သက်ရှိတွေအားလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ တခြားအရာတွေမှာ လွှမ်းမိုးခံရပြီး ပိုကောင်းတဲ့အခြေအနေကို ပြောင်းလဲသွားနိုင်တယ်.. တိုတိုပြောရရင် အသက်ဓာတ်နဲ့ ပြန်လည်ရှင်သန်ခြင်းကို တိုးလာစေနိုင်တယ်..”
“ပေါင်ပေါင်းရဲ့ အသက်ဓာတ်စွမ်းရည်က သေပြီးသားသူကိုတော့ အသက်ပြန်သွင်းနိုင်မှာ မဟုတ်ဘူး.. လူတစ်ယောက်က လုံးလုံးလျားလျား သေဆုံးသွားပြီဆိုရင် ပေါင်ပေါင်းလည်း မကယ်နိုင်တော့ဘူး.. ဒါပေမဲ့ အသက်ဓာတ် ရှိနေဦးမယ်ဆိုရင်တော့ ပေါင်ပေါင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ပိုကြံ့ခိုင်ပြီး သန်မာလာလိမ့်မယ်..”
ထိုသို့ပြောပြီးနောက် ရှောင်ဝူယိသည် လေသာဆောင်ရှိ ပန်းအိုးထဲမှ အပင်လေးအား လှည့်ကြည့်လိုက်သည်။ ဤဗီလာမှာ ဝူဝမ်ယွီနှင့် ဝူဝမ်ချီတို့၏အိမ် ဖြစ်သောကြောင့် အပင်များအား ဂရုစိုက်ရန် အချိန်မပေးနိုင်ကြသဖြင့် ညှိုးနွမ်းသွားကုန်သည်။
ရှောင်ဝူယိသည် ကုတင်ပေါ်မှ ခြေဗလာဖြင့် ဆင်းလိုက်ပြီးနောက် လေသာဆောင်ရှိရာသို့ပြေးကာ ပန်းအိုးလေးအား လက်နှစ်ဖက်ဖြင့် ယူဆောင်လိုက်သည်။ နျဲ့ရှောင်၏ မျက်စိရှေ့မှောက်မှာပင် အပင်လေးမှာ မျက်လှည့်ဆန်ဆန် နောက်တစ်ဖန် စိမ်းလန်းစိုပြည်လာသည်။
ရှည်လျားဖွံ့ထွားသော အကိုင်းအခက်များနှင့် ပြန့်ကားသော အစိမ်းရောင်အရွက်များ ပြန်လည်ရှင်သန်လာပြီး မျက်စိရှေ့မှောက်မှာပင် ပေါ်ထွက်လာသည်။အကိုင်းအခက်နှင့် အရွက်များမှာ ယခင်နှင့် တစ်ပုံစံတည်း တူညီနေသော်လည်း ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားလေသည်။
ယင်းသည် နျဲ့ရှောင်အား “အသက်ဓာတ်” စွမ်းရည်၏ လုပ်ဆောင်ချက်ကို ထင်ရှားသိသာစွာ ဖော်ပြလိုက်နိုင်သည်။
“အကြမ်းအားဖြင့်တော့ ဒီလိုမျိုးပဲ ဒယ်ဒီ..”
ရှောင်ဝူယိသည် လက်တွေ့ပြသမှု ပြီးသည့်နောက် နျဲ့ရှောင်အား ရိုးသားသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
“ဒယ်ဒီတို့ကကျ ပေါင်ပေါင်းအနားမှာ အမြဲလိုလို ရှိနေကြတာမို့ ဒီအပင်လို သိသာမှာ မဟုတ်ဘူး.. တိတ်တိတ်ကလေး ပိုပြီး သန်မာလာကြတာ..”
နျဲ့ရှောင် : "..." အမိုက်စားပဲ..
ရှောင်ဝူယိ၏ ဖော်ပြချက်အား နားထောင်ကာ မယုံကြည်နိုင်လောက်ဖွယ် ပြောင်းလဲမှုအား တွေ့မြင်ပြီးနောက် နျဲ့ရှောင် ရုတ်တရက်ဆိုသလို သူအပါအဝင် သွမ့်ဝမ်ယွီနှင့် အခြားသူများ၏ သန်မာအားကောင်းသော နိုးထမှုနှင့် စွမ်းအင်ပြည့်ဝနေခြင်းတို့မှာ တိုက်ဆိုင်မှုတစ်ခုသာ မဟုတ်ကြောင်း သိလိုက်ရသည်။
ကမ္ဘာပျက်ကပ် မတိုင်မီ သူတို့အားလုံးသည် ရှောင်ဝူယိနှင့် အနီးကပ် တွေ့ဆုံချိန် များခဲ့သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်တို့မှာ ဟမ်းစတားလေး၏ လွှမ်းမိုးခြင်း ခံခဲ့ရပြီး အမျိုးမျိုးသော အရည်အသွေးနှင့် အခြားသော အခြေအနေများ ပိုမိုကျန်းမာသန်စွမ်းလာခြင်း ဖြစ်ပေလိမ့်မည်။ ဤအခြင်းအရာကြောင့် သူတို့သည် လေ၊ မိုးကြိုး၊ ရေ၊ မီး၊ မြေ နှင့် အခြားသော အစွမ်းထက် စနစ်အသီးသီး၏ စွမ်းရည်များအဖြစ် နိုးထလာခြင်း ဖြစ်ပေမည်။
‘အသက်ဓာတ်’ စွမ်းရည်မှာ အလွန်ထူးခြားလှသည်။ မိမိကိုယ်ကိုယ် ကျန်းမာသန်စွမ်း အားအင်ပြည့်ဖြိုး လန်းဆန်းသွက်လက်စေရန် မလိုချင်သူ မည်သူရှိမည်နည်း။
ပိုင်ယွဲ့၏ ကုသစွမ်းရည်သည်ပင် ဝူယိလေး၏ အသက်ဓာတ်စွမ်းရည်လောက် စွမ်းအားကြီးခြင်း မရှိပေ။ ပိုင်ယွဲ့၏ ကုသစွမးရည်မှာ သက်ရှိများ၏ နဂိုကျန်းမာရေးအပေါ် အခြေခံ၍ ပြန်လည်ကုသခြင်းဖြစ်ပြီး ရှောင်ဝူယိ၏ အသက်ဓာတ်စွမ်းရည်သည် မူလကျန်းမာရေးအား တိုးမြှင့်ကာ ပိုမိုသန်စွမ်းလာစေခြင်း ဖြစ်သည်။
ဘယ်လိုတောင် ခက်ခဲနက်နဲတာလဲနော်..
တော်ဝင်မိသားစုမှ မင်းသားလေးဖြစ်သည်ဟူသော အထောက်အထား အပါအဝင် အခြားအရာများအား ဘေးဖယ်ထားမည် ဆိုလျှင်ပင် အချိန်-အာကာသ-အသက်ဓာတ် စွမ်းရည် သုံးမျိုး ပိုင်ဆိုင်ထားသော ရှောင်ဝူယိမှာ အလွန်ကြီးမားသော ကံကောင်းခြင်းအား ပိုင်ဆိုင်ထားပြီး သူကိုယ်တိုင်ကပင် သက်ရှိရတနာတစ်ခု ဖြစ်နေလေသည်။
ထို့အပြင် စကြဝဠာ တစ်ခုလုံးပင်လျှင် ရှောင်ဝူယိလောက် ချမ်းသာမည် မဟုတ်။
နျဲ့ရှောင်သည် ရှောင်ဝူယိ၏ ဒုတိယနေရာလွတ်ထဲမှ တောင်တန်းများ၊ စမ်းချောင်းနှင့် သက်ရှိအရာများအပါအဝင် အသက်ဓာတ်များဖြင့် ပြည့်နေသည်ကို စဉ်းစားမိလိုက်သည်။ ၎င်းမှာ ရှောင်ဝူယိ၏ စွမ်းရည်သုံးမျိုး ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြခြင်းပင်။
အမှီအခိုကင်းသော ကမ္ဘာအသစ်တစ်ခု ဖန်တီးခြင်းနှင့် ကွာခြားမှု မရှိပေ။
ဤသို့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခြင်းသည် နျဲ့ရှောင်အား ထိတ်လန့်သွားစေသည်။
သူ၏အရှေ့ရှိ ကြီးမားသော ရတနာကြီးအား သယ်ဆောင်ထားကြောင်း နားလည်သဘောပေါက်ပုံမရသော ရိုးသားဖြူစင်ကာ ချစ်စရာကောင်းလှသည့် ပေါင်ပေါင်းအားကြည့်ကာ နျဲ့ရှောင် ရုတ်တရက်ဆိုသလို ကြည်နူးဝမ်းသာ၍ စိတ်ပင်ပန်းခြင်းကို ခံစားမိလေသည်။
“ပေါင်ပေါင်းရေ.. ဒယ်ဒီတော့ မင်းကို မပျိုးထောင်နိုင်တော့ဘူးလို့ ခံစားရတယ်ကွာ.. ပေါင်ပေါင်းက သူဌေးကြီးပဲ..”
နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ဖောင်းအိအိပါးလေးအား ပွတ်သပ်လိုက်သည်။
ရှောင်ဝူယိသည် "အရင်းမရှိ အဖျားမရှိ" ထွက်လာသော စကားကြောင့် အနည်းငယ်ရှုပ်ထွေးသွားရသည်။ သို့သော် နျဲ့ရှောင်အား ကြည့်ရင်းပျော်ရွှင်နေသေးသည်။ ပါးချိုင့်လေးနှစ်ခုပေါ်အောင် ပြုံးလိုက်ပြီးနောက် နျဲ့ရှောင်၏ ချောမောခံ့ညားသည့် မျက်နှာအား ပြန်လည်ပွတ်သပ်လိုက်သည်။
“ကိစ္စမရှိဘူးရယ်.. ပေါင်ပေါင်း ကြီးလာရင် ဒယ်ဒီက ပြုစုပျိုးထောင်ပေးဖို့ မလိုတော့ဘူးလေ.. ပေါင်ပေါင်းက ဒယ်ဒီ့ကို ပြန်ပြီးတော့ ပျိုးထောင်ပေးမှာပေါ့.. ပေါင်ပေါင်းက နီမိုတော်ဝင်မျိုးနွယ်ရဲ့ မင်းသားလေးလေ ဒယ်ဒီရဲ့.. အရမ်းအရမ်း ချမ်းသာတာနော်.. ဒယ်ဒီက ပေါင်ပေါင်းရဲ့ မင်းသမီးလေးဆိုတော့ သေချာပေါက် ဂရုစိုက်ပေးရမှာပေါ့လို့..”
ဤသို့ကြားရသည့်အခါ နျဲ့ရှောင်သည် ရှောင်ဝူယိအား ပို၍ပင် ချစ်မြတ်နိုးလာရသည်။ စိတ်ကူးကြည့်၍ပင် မရနိုင်သည့် ချမ်းသာကြွယ်ဝမှုမျိုး ပိုင်ဆိုင်ထားသည့်တိုင် ဖြူဖြူစင်စင်နှင့် ဟန်ဆောင်မှုကင်းစွာ ရှိနေဆဲဖြစ်သည်။
“ဒါဆိုလည်း ဒယ်ဒီက ပေါင်ပေါင်းကိုပဲ မှီခိုပစ်လိုက်တော့မယ်ကွာ..”
နျဲ့ရှောင်သည် သည်းသည်းလှုပ် အလိုလိုက်သည့် အပြုံးများအပြည့်ဖြင့် ရှိနေသည်။
ထိုသို့ကြားရသည့်အခါ ကောင်ငယ်လေးသည် သဘာဝကျစွာပင် အလွန်ပျော်ရွှင်သွားလေသည်။ သူ၏ မူလရည်ရွယ်ချက်မှာ ဒယ်ဒီဖြစ်သူအား ကျွေးမွေးပြုစုရန် ဖြစ်သောကြောင့် အဆုံးတွင် နျဲ့ရှောင်ထံမှ ခွင့်ပြုချက် ရရှိသွားလေပြီ။
ရှောင်ဝူယိသည် လက်သီးလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နျဲ့ရှောင်အား တောက်တောက်ပပ ကြယ်ကလေးများ ပြည့်နှက်နေသော ချစ်စဖွယ် မျက်လုံးနက်နက်လေးများဖြင့် ကြည့်လိုက်သည်။
“ပေါင်ပေါင်းက အရမ်းပဲ အလုပ်ကြိုးစားမယ်နော် ဒယ်ဒီ..”
“ဟုတ်ပြီကွာ.. အခုကတော့ နောက်ကျနေပြီဆိုတော့ ပေါင်ပေါင်း စောစောလေး အိပ်ရတော့မယ်နော်..”
နျဲ့ရှောင်သည် ချစ်လှစွာသော မင်းသားလေးအား လက်မောင်းများဖြင့် ပွေ့ဖက်လိုက်ပြီးနောက် ပြုံးလျက်ပြောလိုက်သည်။
"!!!"
“ဒါပေမဲ့ ပေါင်ပေါင်းမှ ‘ကြက်မြေပုံ’ ကို မမှတ်မိသေးတာ.. လမ်းပျောက်သွားမှာပေါ့..”
ရှောင်ဝူယိ အိပ်ယာထဲမှ ရုန်းကန်၍ ထွက်သည်။
“အဆင်ပြေတယ်နော်.. မနက်ကျမှ တစ်ခါထပ်ကြည့်မယ်လေ..”
နျဲ့ရှောင်သည် ကောင်ငယ်လေးအား ဖိထားလိုက်ပြီး ခေါင်းငုံ့ကာ ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသော အိပ်ရာဝင်အနမ်းလေး ပေးလိုက်သည်။
“နောက်ကျတဲ့အထိနေရင် ပေါင်ပေါင်းရဲ့ ကြီးထွားခြင်းကို ထိခိုက်စေနိုင်တယ်နော်..”
“အိုး.. အဲသည်လိုဆို မဖြစ်ဘူးးးး”
ဟမ်းစတားလေးသည် နာခံမှုရှိရှိဖြင့် ယုံကြည်စိတ်ချစွာ အိပ်စက်သွားတော့သည်။
***
နောက်တစ်နေ့တွင် နံနက်ခင်းနေရောင် ထွန်းလင်းလာပေပြီ။
ထိုအချိန်မှစကာ အခြေစိုက်စခန်းတစ်ခုလုံး အသက်ဝင်လှုပ်ရှားလာပြီး စခန်းတစ်ခုလုံးသည်လည်း အားအင်ပြည့်ဖြိုးလျက် ရှိလေသည်။ လူတိုင်း ရှင်သန်နိုင်ရန် ကြိုးစားရုန်းကန်နေကြပြီး တတ်စွမ်းသမျှ ပါဝင်ကူညီအားဖြည့်ကြသည်။
အိပ်ရာဝင်နောက်ကျခဲ့သော ချွဲတွဲတွဲ ဟမ်းစတားလေးတစ်ကောင်သည် နံနက်ခင်းတွင် အိပ်ရာမထလိုတော့ပေ။ တင်ပါးလေးနောက်ပစ်ကာ အိပ်ရာထက်၌ လှဲနေပြီး ခေါင်းအုံးထဲ ခေါင်းနှစ်ထားလေသည်။
လုံခြုံဘေးကင်းသည့် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သောကြောင့် စောစောထ၊ ပြေး၊ ကင်းစောင့် စသဖြင့် ပြုလုပ်ရန် မလိုအပ်တော့ချေ။ လူတိုင်းအတွက် အကျင့်ဆိုးများ တတ်မြောက်ရန် လွန်စွာလွယ်ကူလှသည်။ သွမ့်ဝမ်ယွီ အပါအဝင် အခြားသူများသည်လည်း အိပ်ရာထဲတွင် တစ်နေကုန်လှဲလျောင်းကာ မထချင်ကြပေ။
နျဲ့ရှောင်သည် ပုံမှန်ထက် အနည်းငယ်နောက်ကျ၍ နိုးလာသည်။ ရေချိုးခန်းသို့ဝင်ကာ ဆေးကြောသန့်စင်ပြီးနောက် အခန်းတွင်း ပြန်လည်ရောက်ရှိလာသည့်အခါ “အသက်ရှူကြပ်စေနိုင်သော အိပ်စက်ခြင်းမျိုး” ဖြင့် အိပ်စက်နေသော ကောင်ငယ်လေးအား မြင်တွေ့ရသဖြင့် ချက်ချင်းဆွဲထူလိုက်ရသည်။
ရှောင်ဝူယိ မူးနောက်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ နျဲ့ရှောင်၏ ခပ်ချောချော မျက်နှာအား အနီးကပ် မြင်တွေ့လိုက်သည့်အခါ ချိုမြိန်နူးညံ့စွာ ရယ်မောလိုက်ပြီးနောက် ခပ်ချွဲချွဲလေး ပြောလေသည်။
“ဂွတ်မောနင်း ဒယ်ဒီ.. ဒီနေ့ ဟမ်းစတားစစ်သည်တော်လေးက သတိမထားမိတာကို အခွင့်ကောင်းယူပြီး အိပ်ရာနတ်ဆိုးကြီးက အနိုင်ယူသွားတယ် သိလား.. ဒယ်ဒီက ကံကောင်းပြီး ပေါင်ပေါင်းကို ကယ်တင်လိုက်နိုင်တာပဲ..”
“အခုလေးတင် ပေါင်ပေါင်း အသက်ရှူလို့မရဘူးတောင် ထင်နေတာ..”
နျဲ့ရှောင် :"..."
ကောင်ငယ်လေး၏ တုံးအအနှင့် ချစ်စဖွယ် အမူအရာလေးများကြောင့် နျဲ့ရှောင် ရယ်မောမိပြီး ချစ်စဖွယ်ကောင်းလှသည်ဟု တွေးမိသည်။ နူးညံ့အိထွေးနေသော ပါးဖောင်းဖောင်းလေးအား ပွတ်ကာ ခပ်ကြမ်းကြမ်း အနမ်းပေးလိုက်သည်။
“ဟုတ်ပြီကွာ.. နေအတော်မြင့်နေပြီ ပေါင်ပေါင်းရဲ့.. နင်ဖုန်းတို့လည်း အိပ်ရာထလောက်ပြီ.. သည်နေ့ ဒယ်ဒီတို့ မြို့တော်ကို သွားကြမှာလေ..”
“ဒါမဲ့ ပေါင်ပေါင်းက အိပ်ချင်နေသေးတာကို.. ဒီနေ့ အိပ်ရာနတ်ဆိုးကြီးက အရမ်းအစွမ်းထက်နေတာလို့..”
ရှောင်ဝူယိ ခပ်ဖြည်းဖြည်းပြောလေသည်။ နောက်တစ်ဖန် အိပ်ရာပေါ် လဲကျတော့မည်ဟန် မြင်သည့်အခါ နျဲ့ရှောင် အလျင်အမြန် ထိန်းထားလိုက်ရသည်။
အဆုံးတွင် နျဲ့ရှောင်သည် သူ၏ပေါင်ပေါင်းအား ပေါင်ပေါ်တင်လိုက်သည်။ အဝတ်လဲ၊ ခြေအိတ်စွတ်ပြီးနောက် ရေချိုးခန်းထဲသို့သယ်ကာ သွားကူတိုက်ပေးပြီး ရေနွေးပဝါလေးဖြင့် မျက်နှာသုတ်ပေးလိုက်သည်။ အဆုံးတွင် ကောင်ငယ်လေး လုံးလုံးလျားလျား နိုးသွားလေပြီ။
ဘေစင်မှန်ရှေ့ ရပ်နေသော ကောင်ငယ်လေးသည် သေသပ်စွာ ဝတ်ဆင်ထားသည်ကို အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။
“ဒယ်ဒီရေ.. ပေါင်ပေါင်းက အိပ်နေရင်းတောင် လမ်းလျှောက်၊ ဆေးကြောပြီး အဝတ်လဲနိုင်တယ်ရော်.. အရမ်းအံ့ဩဖို့ကောင်းတာပဲ..”
***
“ရှောင်ချုံချုံ ကွာ..”
နျဲ့ရှောင်သည် သဘောတကျ ရယ်မောလိုက်ပြီး အနည်းငယ် စိတ်ဆိုးစွာဖြင့် ရှောင်ဝူယိ၏ “နူးညံ့စေးကပ်အိထွေးသော ဆန်မုန့်လုံး” သဖွယ် ပါးဖောင်းဖောင်းအား ခပ်ဖွဖွ ကိုက်ပစ်လိုက်သည်။
ရှောင်ဝူယိမှာ အကိုက်ခံလိုက်ရသောကြောင့် သတိအနေအထား ဖြစ်သွားလေသည်။ မျက်နှာလေးအား လက်ဖြင့်ကာလိုက်ပြီး ရိုးသားသော်လည်း အပြစ်တင်ခြင်းခံရသည်ဟု ခံစားမိလေသည်။
“ဒါဆို ရှောင်ချုံချုံကိုကိုက်တဲ့ ဒယ်ဒီကလည်း ချုံချုံဒယ်ဒီပဲ..” ( `Д´)/
ကောင်ငယ်လေး၏ အမူအရာလေးကြောင့် နျဲ့ရှောင် အော်ဟစ်ကာ ရယ်မောမိတော့သည်။ အဆုံးတွင် ချော့လိုက်ခြောက်လိုက်ဖြင့် အခန်းအပြင်သို့ ဆွဲခေါ်သွားပြီး ဘေးခန်းရှိ နင်ဖုန်းနှင့် သွမ့်ဝမ်ယွီထံသို့ ခေါ်သွားလေသည်။
ပါးတွင်သွားကိုက်ရာ အထင်းသာဖြင့် ရှိနေသော ဟမ်းစတားလေးအား မြင်သည့်အခါ နင်ဖုန်း အကြင်နာကင်းမဲ့စွာ ရယ်လေသည်။
“ဘာဖြစ်တာလဲကွ.. ဘောစ့်က အနိုင်ကျင့်လိုက်တာလား..”
"ဟမ့်.."
ရှောင်ဝူယိသည် ဒေါသတကြီးဖြင့် လက်ပိုက်ကာ အောက်ထပ်ရှိ ဧည့်ခန်းသို့ ထွက်သွားပြီး အကြင်နာကင်းမဲ့သည့် လူများအား လျစ်လျူရှုပစ်လိုက်သည်။ နင်ဖုန်းသည် ရှောင်ဝူယိ၏ ထိုအမူအရာကြောင့် ပိုမိုကျယ်လောင်စွာ ရယ်မောလေသည်။
ဧည့်ခန်းထဲ၌ အစောပိုင်းအချိန်ကတည်းက ရှိနေခဲ့သော မော့ယန်သည် သူတို့မိသားစုမှ မင်းသားလေး၏ ပါးပြင်ထက်ရှိ သွားကိုက်ရာအား မြင်လိုက်ရသည်။
ရုတ်တရက် ဒေါသတကြီး မျက်လုံးများ ပြူးကျယ်လာပြီး နျဲ့ရှောင်ထံ အကြည့်ဓားများ ပစ်လွှတ်နေသည်။ ရှောင်ဝူယိ၏ ခန္ဓာကိုယ်ပေါ်၌ နျဲ့ရှောင်၏ရနံ့ နက်နက်ရှိုင်းရှိုင်းသာ ကပ်တွယ်နေမည် ဆိုပါက မော့ယန်သည် ယခုအခြေအနေတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်။
နျဲ့ရှောင်သည် ဦးဦးမော့ယန်အား မြင်သည့်အခါ ရှက်ရွံ့စွာဖြင့် နျာခေါင်းအား ထိလိုက်ပြီး အနည်းငယ် လိပ်ပြာမသန့် ဖြစ်သွားမိသည်။
“မင်းသားလေးနဲ့ ဦးဦးက အခုကစပြီး တစ်ခန်းတည်း အတူနေမယ်..”
မော့ယန်သည် ဒေါသထွက်နေသော ရှောင်ဝူယိအားကြည့်ကာ ယခုအချိန်သည် အရိုင်းအစိုင်းကောင်အား ကန်ထုတ်ရန် အချိန်ကိုက်ပင်ဖြစ်သည်ဟု ခံစားမိသည်။
သို့သော်လည်း ရှောင်ဝူယိသည် မော့ယန်၏စကားအား ကြားသည့်အခါ ချက်ချင်းဆိုသလို ဒေါသများ အငွေ့ပျံ ပျောက်ကွယ်သွားသည်။ မော့ယန်၏ ဒေါသထွက်နေသော မျက်လုံးများနှင့် ရင်ဆိုင်ရသည့်အခါ ခေါင်းငုံ့ထားပြီး အကြည့်ချင်း မဆုံဝံ့ချေ။ သူ၏ လက်ချောင်းကလေးဖြင့် လက်ဖဝါးတစ်ဖက်အား တတိတိ ထိုးလေနေသည်။
“ပေါင်ပေါင်းက အိပ်တဲ့အခါ ဒယ်ဒီ.... အာ.. ရှောင်ရှောင်းနဲ့ တူတူရှိချင်တုန်းပဲရယ်..”
မော့ယန်သည် ရင်ဘတ်အနည်းငယ်အောင့်သွားပြီး နျဲ့ရှောင်အား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်သည်။သေစမ်း.. ငါတို့ရဲ့ မင်းသားလေးကို မားသားဖားသား အရိုင်းအစိုင်းကောင်က ဘယ်လိုပီယဆေးတွေ ကျွေးထားတာလဲ..
အလွန်မုန်းတီးခံနေရသော နျဲ့ရှောင် : ငါ့ ပေါင်ပေါင်းက ငါ့ကိုတကယ်ချစ်တာပဲ..
အနီးပတ်ဝန်းကျင်ရှိ လူများသည် ဤမြင်ကွင်းအား ပြဇာတ်ကောင်းတစ်ခုသဖွယ် ဖရဲစေ့ကိုက်ရင်း ကြည့်နေကြလေသည်။
🐹🐹🐹🐹🐹
ချုံချုံ - နံစော်လေး