Chapter 118
Extra 2.3
သတင်းကြားရကာစက သူတို့သည် အားလုံးစုစည်းကာ သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်ကို ဆန့်ကျင်ရန် ကြံစည်ခဲ့ကြသည်။ သို့သော် မြင့်မြတ်မြို့တော်သို့ ရောက်သည့်အခါ ဒုတိယအကြီးအကဲအား သွမ့်ချန်ချင်းက အနိုင်တိုက်သည့် ဗီဒီယိုကို တွေ့လိုက်ရသည်။
သူတို့တွေ သူ့ကို အနိုင်မတိုက်နိုင်လောက်ဘူး ...
ဆက်တိုက် ဆွေးနွေးကာ အကြံအစည်များ မရေမတွက်နိုင်လောက်အောင် ထွက်လာခဲ့သည့်တိုင် အဖြေတစ်ခုမှ မရခဲ့ချေ။
အကြောင်းမှာ သူတို့က အားနည်းလွန်း၍ပင် ဖြစ်သည်။
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်၏ အနီးတွင် နဝမအဆင့် တိုက်ခိုက်သူများသာမက ယဇ်ဆရာများလည်း အများအပြား ရှိနေပေသည်။ သူတို့ဘက်တွင်မူ လူအင်အား ရှိသည့်တိုင် မိသားစုဝင်များအားလုံးကိုပါ ပေါင်းထည့်ပါမှ လုံလောက်သည်ဆိုရုံသာ ရှိပေသေးသည်။
ထို့အပြင် တစ်ဖက်၌ သွမ့်ချန်ချင်းလည်း ရှိနေသေး၏။
ထိုစဉ် တစ်ယောက်က ထပြောလိုက်သည်။
"ငါတို့တွေသာ ကိုယ့်ဘာသာကိုယ် ဖောက်ခွဲလိုက်ရင် ..."
"မင်းက ခန္ဓာကိုယ်ကို ဖောက်ခွဲမယ်လို့ ပြောတာလား ..."
"ဟုတ်တယ် ..."
"တစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး ဘယ်သူတွေ လုပ်ချင်ကြသေးလဲ ..."
...
"ဒါက မလုံလောက်ဘူး ဟုတ်ပြီလား မင်းက ဘာလိုချင်တာလဲ ..."
တစ်ယောက်က ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
အခြားသော ဆွေးနွေးမှုများ ကဲ့သို့ပင် သူတို့၏ ဆွေးနွေးမှုသည်လည်း အငြင်းအခုန် ဖြစ်ပွားခြင်းနှင့်သာ အဆုံးသတ်သွားခဲ့တော့သည်။
မြောက်များစွာသော ဆွေးနွေးမှုများက ရန်ပွဲဖြင့်သာ အဆုံးသတ်ခဲ့ရသည့်တိုင် ယနေ့ကမူ ကွဲပြားပေသည်။
မင်္ဂလာပွဲမှာ မနက်ဖြန်ဖြစ်သည်။
နောက်ဆုံးတွင် လူတစ်ယောက်က ထအော်လိုက်တော့သည်။
"ငြင်းခုန်မနေကြနဲ့တော့ မနက်ဖြန် ဘာလုပ်ရမလဲ ဆိုတာကိုသာ စဉ်းစားကြ ..."
"သွမ့်ချန်ချင်းကို မသတ်နိုင်ဘူး ဆိုရင်တောင် သူ့ကို ပြဿနာတစ်ခုခု ဖြစ်အောင်တော့ လုပ်ရမယ် ..."
"မြင့်မြတ်မြို့တော်ကို ဝရုန်းသုန်းကား ဖြစ်သွားအောင် လုပ်မလား ..."
"သူတို့ကို မသတ်နိုင်ဘူးလား ..."
"မင်္ဂလာပွဲ လုပ်နေတုန်း မြို့ထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်ကုန်မယ်ဆိုရင် .. ဟားဟား ...."
ထိုလူများက သွမ့်ချန်ချင်းကို မည်သို့မှ မလုပ်ကြံရဲကြသည့်တိုင် ပြဿနာမျိုးစုံ ရှာကြရန် လျှို့ဝှက်ပြင်ဆင်ထားနှင့်ကြပြီး ဖြစ်သည်။
ဤသည်မှာ သူတို့၏ ဆန္ဒပြမှုလည်း ဖြစ်ပေသည်။ ထို့အပြင် ဥပဒေအရ စဉ်းစားလျှင်လည်း .. များပြားလှသော လူအင်အားကြောင့် အပြစ်တင်နိုင်မည် မဟုတ်ချေ။
သွမ့်ချန်ချင်းက သူတို့အားလုံးကို ဖမ်းထားနိုင်မှာတဲ့လား ...
ဆွေးနွေးပွဲကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ကျင်းပကာ ထိုနေရာတွင် ရှိနေသူအားလုံးကလည်း တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြသည်။
အချို့က မြင့်မြတ်မြို့တော်သို့ ရောက်နေသည်မှာ ကာလအနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည့်အပြင် ကြွားကြွားဝါဝါ နေရခြင်းကိုလည်း သဘောကျကြသည့်အတွက် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က သူတို့၏ အင်အားကို သိထားကြပြီး ဖြစ်သည်။
သို့သော် အဖမ်းခံလိုက်ရသည့်အတွက် မည်သည့်ကိစ္စကိုမှပင် အကောင်အထည် မဖော်လိုက်ရ။
ထိုမျှသာမက သူတို့သည် သွမ့်ချန်ချင်း၏ အတင်းအကြပ် စာချုပ်ချုပ်ဆိုခြင်းကိုလည်း ခံလိုက်ရသည်။
မုန့်ယန်နဲ့ တစ်ခြားလူတွေက အရမ်းကို နာခံမှုရှိပြီး သွမ့်ချန်ချင်းအတွက်ဆို အသက်ကိုပါ စတေးရဲတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. လက်စသတ်တော့ သူ့မှာ ဒီလို လှည့်ကွက်မျိုး ရှိနေတာကိုး ...
ထိုအကြောင်းများကို သိသွားသည်နှင့်တစ်ပြိုင်နက် အဖမ်းခံထားရသူများ၏ စိတ်ထဲတွင် ခံစားချက်များ သောင်းပြောင်းထွက်ပေါ်လာကာ ကျန်ရစ်နေသူများအတွက်လည်း သနားစိတ်အနည်းငယ် ဖြစ်ပေါ်လာမိတော့သည်။ ဥပမာအားဖြင့် ဤနေရာတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားကာ သွမ့်ချန်ချင်း၏ ဘက်တော်သားများက သူတို့ လုပ်သမျှတိုင်းကို တိုက်ရိုက် မြင်တွေ့နေရသည်။
သွမ့်ချန်ချင်း၏ မင်္ဂလာပွဲကို ဖျက်ဆီးမည့် အစီအစဉ်များမှာလည်း ကျရှုံးတော့မည့်ဟန်ပင်။
"သာမန်လူတွေနဲ့ပဲ စဖို့က မလုံလောက်ဘူး ငါတို့တွေ မင်္ဂလာပွဲကိုပါ တစ်ခုခု လုပ်သင့်တယ် ..."
"သွမ့်ချန်ချင်းနဲ့ ရှဲ့ယွင်နန်က အရမ်းကို အင်အားကြီးတယ်ဆိုပေမယ့် အရာရာတိုင်းကိုတော့ လိုက်ပြီး ကာကွယ်နိုင်မှာ မဟုတ်ဘူး ...
ဘန်း ...
အခန်းတံခါးက တံခါးဘောင်နဲ့အတူ ရုတ်တရက် ပြုတ်ကျလာခဲ့သည်။
မျက်နှာသေနှင့် လူငယ်တစ်ဦးက တံခါးနောက်မှ ထွက်လာကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
"ဆောရီး တံခါးကို ဖျက်ဆီးမိသွားပြီ ..."
သူ့ပါးစပ်က ဆောရီးဟု ပြောနေသော်ငြား ထိုသူ၏ အဖော်သားရဲဖြစ်သော အင်မတန့်အင်မတန် ကြီးမားလှသည့် ခွေးတစ်ပိုင်းဝံပုလွေတစ်ပိုင်း အကောင်ကြီးကမူ မာန်ဖီလျက် အထဲသို့ ခုန်ဝင်လာသည်မှာ ၎င်းကို အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးပစ်ရန် စိတ်အားထက်သန်နေဟန်ပင်။
အခန်းထဲတွင် ရှိနေသူ အားလုံးနီးပါးက သူ့ကို မှတ်မိသွားကြသည်။
အဲဒါ ရှဲ့ယွင်နန်ရဲ့ ဝမ်းကွဲ လုရှောင်ရန် မဟုတ်လား ...
ဘာလို့ သူက ဒီကို ရောက်နေတာလဲ ...
"လုမိသားစုက ကောင်လေး မင်းက ဘာလုပ်ချင်နေတာလဲ ..."
တစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လုရှောင်ရန်၏ အမူအယာမှာ အေးစက်နေဆဲပင်။
"ဘာမှ အထွေအထူး မဟုတ်ပါဘူး အမိန့်အရ ရောက်လာတာ ..."
ဘာအမိန့်လဲ ...
ထိုလူများက အံ့ဩနေကြစဉ် လုရှောင်ရန်၏ နောက်နားမှ အနှိုင်းမရှိ တင့်တယ်လှသည့် ယဇ်ဆရာအကြီးအကဲ ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။
အဲဒါက ယဇ်ဆရာအကြီးအကဲ သွမ့်ချန်ချင်း မဟုတ်လား ...
သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။
"ကျွန်တော့် မင်္ဂလာပွဲမှာ ပြဿနာလေးတွေ ရှာမယ်လို့ စီစဉ်ထားကြတယ်ဆို ..."
စိတ်အားထက်သန်နေသော အုပ်စုတစ်ခုလုံး အသံတိတ်သွားကြတော့သည်။ သူတို့က စကားပင် မပြောနိုင်တော့။
သွမ့်ချန်ချင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းလှသော ဖိအားတစ်ခုက သူတို့ကို ရစ်ပတ်သွားသည်။
ဒါက ယဇ်ဆရာအကြီးအကဲရဲ့ ဖိအားပဲ !!! ဘယ်လိုမှ ခုခံဖို့ မဖြစ်နိုင်ဘူး ...
သူတို့သာမက တံခါးပေါက်ကို ဖျက်ဆီးလိုက်သည့် ခွေးပင်လျှင် အမြီးကို ခြေထောက်နှစ်ချောင်းကြား ညှပ်ကာ တဆတ်ဆတ် တုန်ရီနေတော့သည်။ လုရှောင်ရန်က သူ့ခွေးကို ချက်ခြင်း ပြန်ခေါ်ထားလိုက်၏။
"ဒီလောက်နှစ်တွေ အများကြီး အသက်ရှင်သန်လာရတာ ငါ့အတွက် လက်ထပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ဒါကိုတောင် မင်းတို့က ဖျက်လိုဖျက်ဆီး လုပ်ချင်နေကြတယ်ပေါ့ ..."
သွမ့်ချန်ချင်းက သက်ပြင်းချလိုက်သည်။
အဖျက်သမားအုပ်စု "..."
မင်းက ငါတို့ကို ဘာစကားမှ ထုတ်မပြောနိုင်လောက်တဲ့အထိ ဆွံ့အနေအောင် လုပ်ပြီးသားလေ ဒါကိုတောင် မင်းကိုယ်မင်း သနားစရာကောင်းပါတယ်ဆိုပြီး ဟန်ဆောင်ဖို့ လိုအပ်နေသေးတာပဲလား ...
"ငါက ကြင်နာတတ်တယ်ဆိုပေမယ့် စိတ်ကတော့ မရှည်ဘူး မင်းတို့မှာ ဒီလိုအတွေးမျိုးတွေ ရှိနေမှတော့ ငါ့ဘက်ကလည်း ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေလို့ မရဘူးလေ ..."
နောက်တစ်နေ့တွင် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့ ထိမ်းမြားလိုက်ကြသည်။
မနက်အစောပိုင်းကတည်းက သွမ့်ချန်ချင်းသည် မွန်မြတ်ခြင်းကျောင်းတော်ရှိ မူလကိုယ် ပိုင်ဆိုင်သော အိပ်ယာထက်မှ နိုးထလာခဲ့သည်။
ဘေးနားတွင် ရှဲ့ယွင်နန် မရှိသည့်အတွက် အနည်းငယ် နေရခက်နေ၏။
သူ့ကို ကယ်တင်ခဲ့သည့်အချိန်မှစကာ နှစ်ယောက်အတူ နေထိုင်ခဲ့ကြသည့်အတွက် ယမန်ညက .. အားလုံးက သူတို့နှစ်ဦးကို သီးခြားစီ ခွဲအိပ်စေရန် အတင်း တိုက်တွန်းခဲ့ကြသည်။
"ယဇ်ဆရာအကြီးအကဲ အိပ်ယာထရမယ့်အချိန် ရောက်ပါပြီ ..."
အကြီးအကဲပိုင်က အပြင်ဘက်မှ ပြောလိုက်သည်။
ထိုအသံကို ကြားသည်နှင့်တစ်ပြိုင်နက် သွမ့်ချန်ချင်းက ချက်ခြင်း အိပ်ယာမှထကာ တံခါးဝအနီးသို့ လျှောက်လာလိုက်သည်။
သူတို့၏ မင်္ဂလာပွဲကို မနက်ခင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။ သူ၏ တောင်းဆိုမှုကြောင့် အခမ်းအနားကို ရိုးရိုးရှင်းရှင်းသာ စီစဉ်ကာ ဧည့်သည်များအတွက် တည်ခင်းသည်များမှာလည်း အံ့ဖွယ်သားရဲအသားများ မပါ၊ သာမန်အစားအစာများသာ ဖြစ်ပေသည်။
ထိုသို့ဖြင့် ဧည့်သည်အမြောက်အများ ရောက်လာသည့်တိုင် ကုန်ကျစရိတ်မှာ သောင်းဂဏန်းသာ ရှိမည်ဖြစ်ရာ ကျသင့်ငွေမှာလည်း များစွာ သက်သာသွားတော့သည်။
ဆယ်ဘီလီယံဟူသည့် ပမာဏနှင့် နှိုင်းယှဉ်ပါလျှင် သောင်းဂဏန်းမှာ များသည်ဟုပင် မဆိုသာ။ သို့သော် ယမန်နှစ်က ရှဲ့ယွင်နန်၏ တစ်နှစ်စာ ဝင်ငွေသည် သောင်းဂဏန်းသာ ရှိပေသည်။
ပွဲကို ရိုးရိုးရှင်းရှင်းသာ ကျင်းပသည့်တိုင် တိုက်ရိုက် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။
ထို့ကြောင့် ပိုင်ယဲ့က မိတ်ကပ်ပြင်ပေးမည့်သူနှင့် စတိုင်လစ်ကို အထူးတလည် ရှာလာကာ မည်သူကမှ အခကြေးငွေ မယူကြ။
"မိတ်ကပ်? ငါက မိတ်ကပ်လိမ်းဖို့လိုသေးတယ်လား ..."
သွမ့်ချန်ချင်းက ပိုင်ယဲ့ကို စိုက်ကြည့်လိုက်သည်။
ပိုင်ယဲ့ "..."
"ဆံပင်ကိုပဲ ပြင်လိုက် အချိန်တွေ အများကြီး ဖြုန်းမပစ်နဲ့ ..."
သူက ပြောလိုက်သည်။
သွမ့်ချန်ချင်းက မိတ်ကပ်ပြင်ရင်း အချိန်မဖြုန်းလို၊ ရှဲ့ယွင်နန်ကလည်း အလားတူပင် ဖြစ်သည့်အတွက် နှစ်ဦးလုံး မင်္ဂလာပွဲကျင်းပရာ ခန်းမသို့ တစ်နာရီစောပြီး ရောက်သွားကြသည်။
စင်နောက်ထဲတွင် တစ်ယောက်ကိုတစ်ယောက် တွေ့လိုက်ရသည့်အခါ ဟန်မဆောင်နိုင်လောက်အောင်ပင် ပြုံးမိသွားတော့၏။
မနက်ဆယ်နာရီ ထိုးသည့်အခါ ယဇ်ဆရာအကြီးအကဲ၏ မင်္ဂလာပွဲ တရားဝင် စတင်လိုက်တော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့သည် မွန်မြတ်ခြင်းကျောင်းတော်၏ နှစ်ပတ်လည်နေ့လည်း ဖြစ်သည့်အတွက် အားလုံး တစ်ပတ်တိတိ အားလပ်ရက် ရထားကြသည်။
ထိုအကြောင်းကြောင့် မြင့်မြတ်မြို့တော် တစ်ခုလုံးနီးပါးသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြ၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်နိုင်သူဟူ၍ အချို့သော အကြောင်းများကြောင့် အလုပ်မှ ခွင့်မရသူများသာ ရှိပေသညိ။
မင်္ဂလာပွဲ စတင်သည်နှင့် တစ်ပြိုင်နက် အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ကြသည်။
"ပွဲအခမ်းအနားက အရမ်းကို ရိုးရှင်းတာပဲ ငါတွေ့ဖူးတဲ့ လူချမ်းသာမိသားစုတွေရဲ့ ပွဲနဲ့ နည်းနည်းလေးမှကို မတူဘူး ..."
"ကြားတာတော့ ယဇ်ဆရာအကြီးအကဲက ကြီးကြီးကျယ်ကျယ်ကြီး မလုပ်ဖို့ ပြောခဲ့တာတဲ့ ..."
"ယဇ်ဆရာအကြီးအကဲက အရမ်းကို ကောင်းတာပဲ ..."
"သူ ထွက်လာပြီ .. အကြီးအကဲက ချောလိုက်တာ ..."
"ရှဲ့ယွင်နန်လည်း ချောတာပါပဲ ..."
"နှစ်ယောက်က အရမ်းကို လိုက်ဖက်တာပဲ ..."
မြောက်များစွာသော ပြည်သူများက သူတို့နှစ်ဦး၏ ထိမ်းမြားမှုကို တစ်ခဲနက် ကောင်းချီးပေးလိုက်ကြသည်။
ချန်းချီယွင်က တစ်နေကုန် မြင့်မြတ်မြို့တော်အနှံ့ လျှောက်ပတ်ကြည့်ကာ မြို့အခြေအနေကို စနည်းနာခဲ့သည်။ ထို့နောက် အခမ်းအနားကျင်းပရာ ခန်းမသို့ ရောက်သည့်အခါ သာမန်အပြင်အဆင်များကို တွေ့လိုက်ရချိန်တွင် ရင်ထဲ ထိရှသွားရတော့၏။
လက်ထပ်ပွဲကို အဆင့်မြင့်ခန်းမထဲတွင် ကျင်းပသည့်တိုင် အပြင်အဆင်များမှာ လွန်စွာ ရိုးရှင်းလွန်းလှသည်။ သတို့သားနှစ်ဦးက သာမန်အဝတ်အစားကို ဝတ်ဆင်ထားကာ လူပျိုရံ အရေအတွက်မှာလည်း အလွန် နည်းပါးလှ၏။
၎င်းသည် ယဇ်ဆရာအကြီးအကဲတစ်ဦးအဖို့ အလွန် ရိုးရှင်းလှသည့် လက်ထပ်ပွဲပင် ဖြစ်ပေသည်။
သူက စိတ်လှုပ်ရှားသလို အနည်းငယ်လည်း ပူပန်မိသွား၏။
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က လောကကြီးကို ပြောင်းလဲလိုက်ခြင်းမှာ ကောင်းသည့်ကိစ္စ ဖြစ်သော်ငြား ထိုသို့ လုပ်သည့်အတွက် မြောက်များစွာသော အကျိုးစီးပွားများကို ထိခိုက်စေခဲ့ရာ ယနေ့ သူတို့၏ လက်ထပ်ပွဲတွင် ပြဿနာတစ်ခုခု ဖြစ်လာနိုင်ပေသည်။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်ကာ တက်ရောက်လာသည့် မြို့အရှင်များအနက် တိုက်ခိုက်လာနိုင်ချေရှိသူကို ရှာဖွေလိုက်သည်။
အားလုံးက ပြုံးရယ်ကာ ဂုဏ်ပြုစကား ဆိုနေကြသည့်တိုင် သူတို့၏ အပြုံးမှာ တောင့်တင်းနေကြကြောင်း သိသာလှသည်။
သူကဲ့သို့ပင် စိုးရိမ်နေသူများလည်း အများအပြား ရှိနေသေး၏။
အချို့က စိတ်ပူနေကြကာ မင်္ဂလာပွဲ ပျက်စီးသွားမည်ကို မျှော်လင့်နေကြသူများလည်း ရှိနေသေးသည်။
မနေ့က သွမ့်ချန်ချင်းသည် အုပ်စုတစ်စုကို ကိုင်တွယ်ခဲ့သော်ငြား အားလုံး၏ မျက်လုံးထဲတွင် ကန့်လန့်ဖြစ်နေသည်မှာ သူတစ်ယောက်တည်း မဟုတ်။
ထိုအချိန်တွင် တီဗီကို စောင့်ကြည့်နေကြသည့် ဒုတိယအကြီးအကဲ၏ နောက်လိုက်အချို့ကလည်း စိတ်လှုပ်ရှားလာကြတော့သည်။
"အဲဒီ့မြို့အရှင်တွေက ပြည်သူတွေအပေါ် မကောင်းဘူး သူတို့က သေချာပေါက်ကို ပြဿနာ ရှာကြမှာ ..."
"ဒီမင်္ဂလာပွဲကတော့ ရှေ့မဆက်နိုင်မှာ ကျိန်းသေနေပြီ ..."
သူတို့သည် ပြစ်မှုကို မကျူးလွန်ဖူးသည့်အတွက် ပြစ်ဒဏ် မခံရသည့်တိုင် ပိုင်ဆိုင်မှုအားလုံးကိုမူ ဆုံးရှုံးလိုက်ရပေသည်။ အပြစ်မှ လွတ်မြောက်သည့်တိုင် ပိုင်ဆိုင်မှု မရှိတော့။ ငွေကြေး မရှိသည့်အခါ သူတို့၏ ဘဝမှာ အလိုလိုပင် ခက်ခဲလာတော့သည်။
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်သာ ရှိမနေပါလျှင် သူတို့သည် ဝမ်းရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရမည့်အစား ယခင် နေထိုင်နေကျ ပုံစံအတိုင်းသာ သက်တောင့်သက်သာ ဖြတ်သန်းနေရမည် ဖြစ်သည်။
သူတို့သာမက လျောင်မုယဲ့ကလည်း လက်ထပ်ပွဲကို စောင့်ကြည့်နေ၏။ သူက အသက်မသေ၊ မိုင်းတွင်းတွင် အလုပ်လုပ်ရန် တာဝန်ချထားခြင်း ခံခဲ့ရသည်။
သူတို့ကလည်း အားလပ်ရက်တစ်ရက် ရရုံသာမက အုပ်စုတစ်စုချင်းစီအလိုက်လည်း တီဗီကြည့်ခွင့် ရပေသည်။
သို့သော် သူတို့က သတို့သားများအား စိတ်အနှောင့်အယှက် အဖြစ်ခံကာ ကြည့်မနေ။
လျောင်မုယဲ့နှင့်အတူ မိုင်းတွင်း၌ အလုပ်လုပ်နေရသူများမှာ သူကဲ့သို့သော လူစားမျိုးပင် ဖြစ်ကြပြီး ယဇ်ဆရာတစ်ဦးပင် ပါဝင်နေသေးသည်။
အားလုံးက မင်္ဂလာပွဲ ပျက်စီးမည်ကိုသာ မျှော်လင့်နေကြ၏။
"ဒီမြို့အရှင်တွေက ကိုင်တွယ်ဖို့ မလွယ်ဘူး ..."
"သူတို့က ဘယ်လိုမှ အမိန့်နာခံမှာ မဟုတ်ဘူး ..."
မြို့အရှင်များ၏ အမူအယာမှာ မူမမှန်တော့ကြောင်း သတိပြုမိသည့်အခါ တီးတိုးသံများက ပို၍ပင် စိတ်လှုပ်ရှားမှုတို့ ရောစွက်လာတော့သည်။
သွမ့်ချန်ချင်းနဲ့ ရှဲ့ယွင်နန်က သေချာပေါက်ကို ကံဆိုးမိုးမှောင် ကျတော့မှာ ...
2.3