Chapter 117
Extra 2.2
ယဇ်ဆရာအကြီးအကဲက လက်ထပ်တော့မယ် ပြီးတော့ လက်ထပ်ပွဲကလည်း မွန်မြတ်ခြင်းကျောင်းတော်ရဲ့ နှစ်ပတ်လည်ပွဲနဲ့ တစ်ရက်တည်းတဲ့ ...
ယဇ်ဆရာအကြီးအကဲ လုပ်ကြံခံရသည့် ပုန်ကန်မှုမှာ မနှစ်က အခမ်းအနားပွဲအပြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယခု ဤနှစ်အတွက် အခမ်းအနားကျင်းပချိန်သို့ နီးကပ်လာပြီ ဖြစ်သည့်အတွက် သွမ့်ချန်ချင်း ဤကမ္ဘာသို့ ရောက်သည်မှာ တစ်နှစ်မျှ ရှိနေပြီ ဖြစ်သည်။
အခမ်းအနားပွဲသာမက ယဇ်ဆရာအကြီးအကဲ၏ မင်္ဂလာပွဲကိုပါ ကျင်းပမည်ဖြစ်ရာ မြင့်မြတ်မြို့တော်တစ်ခုလုံး အတိုင်းအဆမဲ့ စည်ကားနေတော့သည်။
လက်ထပ်ပွဲနေ့တွင် ယာဉ်တန်းတစ်ခုက မြင့်မြတ်မြို့တော်သို့ တစ်ဖြည်းဖြည်း မောင်းနှင်ဝင်ရောက်လာသည်။
တစ်ခေါင်းလုံး ဖြူဖွေးနေကာ ခပ်ညံ့ညံ့ အဝတ်အစားတို့ကို ဝတ်ဆင်ထားသော အသက်ခြောက်ဆယ်အရွယ် ချန်းချီယွင်က ကားထိုင်ခုံကို မှီကာ မျက်လုံးတို့ကို မှိတ်ထားလျက် အနားယူနေသည်။ အရှေ့တွင်မူ သူ့ငယ်သားများနှင့် ကားမောင်းသူက ခပ်တိုးတိုး စကားပြောနေကြ၏။
"မြင့်မြတ်မြို့တော်က မတူတော့သလိုပဲနော် ..."
"သိပ်တော့လည်း မထူးဆန်းပါဘူး အရင်အတိုင်းတော့ မဖြစ်နိုင်တော့ဘူးလေ ..."
"ဟုတ်တယ် အခုက ပိုပြီး အေးချမ်းလာတယ် ဒါဆို လူတွေက ပိုပြီးတောင် သက်ဝင်လှုပ်ရှားနေသင့်တာ မဟုတ်ဘူးလား ..."
"ရှဲ့ယွင်နန်က တကယ်ကြီး မြင့်မြတ်မြို့တော်ကို တာဝန်ယူလိုက်တာလား ..."
"ယဇ်ဆရာအကြီးအကဲကို ကြမ်းကြမ်းတမ်းတမ်းကြီးလို့ပဲ ထင်ထားတာ ... ဒါပေမယ့် သူ့ရုပ်ရည်က တော်တော်လေးကို ကြည့်ကောင်းတယ် ..."
နောက်ဆုံးတွင်တော့ ချန်းချီယွင်က မျက်လုံးများကို ဖွင့်လိုက်ကာ နွမ်းနယ်စွာဖြင့် ဝင်ပြောလိုက်တော့သည်။
"မြင့်မြတ်မြို့တော်က လက်လွှဲယူတာကို ခံလိုက်ရပြီလား ရှဲ့ယွင်နန်ကရော အာဏာရပြီးကာမှ လိုလိုလားလား လွှတ်ပေးပ့ါမလား ယဇ်ဆရာအကြီးအကဲက ဒီ့ထက်ပိုပြီး အာရုံစိုက်သင့်တာ မဟုတ်ဘူးလား ..."
"ကြည့်ရတာ သူတို့လည်း အရှင့်လိုပဲ ထင်ပါတယ် မြို့အရှင် ..."
အကူယာဉ်မောင်းက ပြောလိုက်သည်။
ချန်းချီယွင်သည် ချန်းလန်မြို့၏ မြို့အရှင် နဝမအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်သည်။
သူသည် ချန်းလန်မြို့၏ အင်အားကြီး အထက်တန်းလွှာ မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး အလွန်သန်မာကာ အရည်အချင်း ရှိလှသည်။ လူငယ်ဘဝတွင် သူသည် အခြားသော မိသားစုကြီးများမှ သခင်လေးများနှင့် မတူဘဲ ပိူပြီး တက်ကြွခဲ့သည်။
နေရာအနှံ့သို့ လှည့်ပတ်ပြေးလွှားရခြင်းကို သဘောကျသည့်အတွက် သူသည် အသက်ရှစ်နှစ်အရွယ်ကတည်းက ချန်းလန်မြို့မှ ထွက်ခွါကာ ခရီးလှည့်လည်သွားလာခဲ့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးကာမှ ချန်းလန်မြို့ကို ပြန်ရောက်လာတော့၏။ ခရီးလှည့်လည်သွားလာပြီးသည့်နောက်တွင် သူ၏ ခွန်အားမှာ များစွာ သန်မာလာကာ အကျင့်စရိုက်လည်း ပြောင်းလဲသွားပြီး အထက်တန်းလွှာများအကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာတော့သည်။
သူက ချန်းလန်မြို့တွင် တစ်ခဏမျှ နေခဲ့ကာ မိဘများနှင့် စကားများပြီး မြို့ထဲမှ ပြန်ထွက်သွားတော့၏။ အသက်လေးဆယ်ပြည့်သည့်အချိန်မှသာ နောက်တစ်ခေါက် ပြန်ရောက်လာတော့သည်။
ထိုစဉ်က သူသည် အဌမအဆင့် တိုက်ခိုက်သူ ဖြစ်နေပြီဖြစ်သည်။ ဤတစ်ကြိမ် ပြန်ရောက်လာပြီးနောက် နောက်တစ်ခါ ထွက်မသွားတော့ဘဲ လူအင်အား စုစည်းကာ ချန်းလန်မြို့၏ အထက်တန်းလွှာများကို ပုန်ကန်ခဲ့တော့သည်။
ထိုအထဲတွင် သူ့မိသားစုနှင့် မိဘများလည်း အပါအဝင်ပင်။
ထိုစဉ်က ချန်းလန်မြို့၏ အခြေအနေမှာ အလွန်ဆိုးရွားလှသည်။ မြို့ထဲတွင် နေထိုင်သူ အများစုမှာ သတ္ထုတွင်း တူးဖော်သည့် လုပ်ငန်းတွင် အလုပ်လုပ်ရန် အတင်းအကြပ် ခိုင်းစေခံရကာ လုံခြုံရေး ကိရိယာများကိုလည်း အလုံအလောက် ထောက်ပံ့ခြင်းမရှိ။ နှစ်စဉ် သတ္ထုတွင်း ပြိုကျမှုဖြစ်စဉ်ကြောင့် ရာပေါင်းများစွာသော လူများ မြေကြီးအောက်သို့ နစ်မြုပ်ကာ အသက်ဆုံးရှုံးခဲ့ကြရသည်။ ထို့အပြင် သတ္ထုတူးဖော်မှုကြောင့် အများစုတွင် အဆုတ်ကင်ဆာ ဖြစ်ပွားကာ ငယ်ရွယ်စဉ်ကတည်းက အသက်ဆုံးပါးခဲ့ကြရသည်။
ချန်းချီယွင် သိမ်းပိုက်လိုက်ပြီး နောက်တွင်မူ .. ချန်းလန်မြို့သားများသည် အစားအစာနှင့် ဆေးဝါးအထောက်အပံ့ ပြတ်လပ်မည်ကို စိုးရိမ်ရန် မလိုတော့ဘဲ လုံခြုံဘေးကင်းစွာဖြင့် အလုပ်လုပ်နိုင်ကာ အစားအသောက်နှင့် ဆေးဝါးအားလုံးမှာလည်း အခမဲ့ ဖြစ်ပေသည်။
သို့သော် ချန်းလန်မြို့၌ ပြဿနာများ ရှိနေဆဲ ဖြစ်သည်။ အရေးအကြီးဆုံး ပြဿနာမှာ ချန်းချီယွင်က ကျန်းမာရေး မကောင်းသည့်အတွက် အခြားသူများကို ထိန်းချုပ်မထားနိုင်တော့ခြင်း ဖြစ်သည်။
ထိုစဉ်က သူ့နောက်သို့ လိုက်ခဲ့သူ အချို့မှာလည်း တစ်ဖြည်းဖြည်း အင်အားကြီးထွားလာကြသည်။ ထိုသခင်အသစ်များက သူတို့၏ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်ကြတော့၏။
သူသာ ထိုနေရာတွင် ရှ်ိနေပါလျှင် ထိုအရာများကို ထိန်းချုပ်ထားနိုင်ဦးမည် ဖြစ်သည်။ သို့သော် သူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချန်းလန်မြို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်၏။
သူက ထိုသို့ အဖြစ်မခံလိုသည့်အတွက် နှစ်စဉ် မြင့်မြတ်မြို့တော်သို့ ရောက်လာလေတိုင်း ယဇ်ဆရာတစ်ဦး၏ ကုသမှုကို ခံယူနိုင်ရန် မျှော်လင့်မိခဲ့သည်။ သို့သော် မည်သူကမှ အောင်မြင်အောင် မကုသနိုင်၊ ဒဏ်ရာများကို သက်သာရာ ရစေရုံမျှအထိသာ စွမ်းနိုင်ကြပြီး သူ မြင့်မြတ်မြို့တော်တွင် နေထိုင်ကာ ကာလရှည်ကြာ ကုသပါမှသာ ပျောက်ကင်းရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။
ယဇ်ဆရာအကြီးအကဲကမူ ... ယဇ်ဆရာအကြီးအကဲက အခမ်းအနားပွဲမှအပ မည်သည့်အလုပ်ကိုမှ မလုပ်ချေ။
လတ်တလောကာလ၌ မြင့်မြတ်မြို့တော်တွင် ကိစ္စများစွာ ဖြစ်ပွားသွားခဲ့ကြောင်း သိထားသည့်တိုင် မြို့တစ်မြို့နှင့်တစ်မြို့အကြား အလွန်ဝေးကွာလှသည့်အတွက် အသေးစိတ် မသိရသေးချေ။
သို့သော် မြင့်မြတ်မြို့တော်တွင် ဖြစ်ပွားနေသည့် ပြောင်းလဲမှုများမှာ ပျော်ရွှင်ဖွယ် ပြောင်းလဲမှုများ ဖြစ်ကြောင်းကိုမူ အလိုလို ခံစားမိနေခဲ့သည်။
နဂါးမုဆိုးများက နတ်ဆိုးနဂါးအဖြစ် အဆုံးသတ်သွားသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရမည်ကိုလည်း စိုးရိမ်မိနေ၏။
ထိုသို့ တွေးကာ သူက သက်ပြင်းချလိုက်သည်။
"မျှော်လင့်ရတာပဲ ..."
"မြို့အရှင် မြင့်မြတ်မြို့တော်က တိုးတက်နေပြီ အပြင်ဘက်ကို ကြည့်လိုက်ပါဦး ..."
ချန်းချီယွင်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ လမ်းမဘေးရှိ အသစ်စက်စက် တည်ဆောက်ထားသော ကစားကွင်းဧရိယာထဲတွင် ကလေးအုပ်စုတစ်စုက ထူးဆန်းသည့် ပစ္စည်းများ ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။
သူက ရုတ်တရက် ပြောလိုက်သည်။
"ရပ်လိုက် ..."
ကားမောင်းသူက ပဟေဠိ ဖြစ်သွားသော်ငြား ကားကို ချက်ခြင်း ရပ်ပေးလိုက်သည်။
"မြို့အရှင် ..."
ချန်းချီယွင်က ပြောလိုက်သည်။
"ငါ အောက်ကိုဆင်းကြည့်လိုက်ဦးမယ် ..."
သူက အနီးအနားရှိ လယ်ကွင်းတစ်ခုသို့ သွားကာ မေးလိုက်သည်။
"ဟိုကလေးတွေက ဘာလုပ်နေကြတာလဲ ..."
ဒေသခံက သူ့ကို စိုက်ကြည့်ကာ မေးလိုက်၏။
"တစ်ခြားဒေသက လူလား ..."
"ဟုတ်ပါတယ် ကျွန်တော်က ပွဲတော်ကို ဆင်နွှဲဖို့ တစ်ခြားဒေသကနေ ရောက်လာခဲ့တာပါ ..."
လယ်သမားက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးကာပြောလိုက်သည်။
"မင်းက လူစိမ်းဖြစ်မှန်း သိသားပဲ ဒီက အခြေအနေတွေကို သိမထားဘူး မဟုတ်လား အဲဒီ့ကလေးတွေက လေ့ကျင့်နေကြတာလေ သူတို့က တိုက်ခိုက်သူ ဖြစ်လာနိုင်တယ် ..."
"တိုက်ခိုက်သူ ဖြစ်လာနိုင်တယ် ဟုတ်လား ..."
"ဟုတ်တာပေါ့ ငါ့ဆွေမျိုးတွေလည်း အဲဒါကို လေ့ကျင့်ပြီး တိုက်ခိုက်သူတွေ ဖြစ်သွားကြပြီလေ ငါလည်း အခု နေ့တိုင်း လေ့ကျင့်နေတာ အနှေးနဲ့အမြန် တိုက်ခိုက်သူ ဖြစ်လာတော့မှာ ..."
ချန်းချီယွင်က ပြောလိုက်သည်။
"ကျွန်တော် မှတ်မိသလောက်ဆို အရင်က ဒီလိုကိစ္စမျိုး မရှိခဲ့ဘူးလားလို့ ..."
ကားထဲမှ ထွက်လာပြီးနောက် သူသည် ပတ်ဝန်းကျင်ကို ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုကစားနေကြသည့် ဧရိယာ၏ အနောက်တွင်အိမ်တစ်လုံး ရှိနေကာ "ကျောင်း" ဟု နာမည်တပ်ထား၏။
အဲဒါက ကျောင်းတစ်ကျောင်းလား ...
ထို့အပြင် ကျယ်ပြန့်လှသော လမ်းများနှင့်အတူ တောင့်တင်းခိုင်မာသည့် ကွန်ကရစ်အဆောက်အဦးများစွာကိုလည်း တွေ့လိုက်ရ၏။ အချို့မှာ ဆောက်လက်စ အခြေအနေတွင်သာ ရှိနေဆဲပင်။
ပြီးခဲ့သည့်နှစ်က ထိုအဆောက်အဦးများ မရှိခဲ့။ မြင့်မြတ်မြို့တော်၏ အပြင်ဘက်တွင် အမျိုးမျိုးသော စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော ကျူးကျော်တဲ အစုတ်များသာ ရှိခဲ့သည်။
"အရင်က လုံးဝကို ဒီလို မဟုတ်ဘူးပေါ့ ဒါပေမယ့် ဒီနှစ်ကတော့ လုံးဝကို မတူဘူး ပြီးခဲ့တဲ့ လပိုင်းလောက်က ယဇ်ဆရာအကြီးအကဲနဲ့ မြို့အရှင်ရှဲ့က ဒုတိယအကြီးအကဲနဲ့ မကောင်းတဲ့လူတွေ အကုန်လုံးကို နှိမ်နင်းနိုင်ခဲ့တယ်လေ ..."
လယ်သမားမှာ များစွာ ပျော်ရွှင်နေဟန်ပင်။
"ငါလည်း အရင်ကဆို လယ်ငှားပြီး လုပ်ခဲ့ရတာလေ အခု ကိုယ်ပိုင်မြေ ရှိသွားပြီ ဒီမြေက ယဇ်ဆရာအကြအကဲရဲ့ မြေ သူက ပိုင်သမျှ မြေတွေ အကုန်လုံးကို လှူခဲ့တာ ..."
ချန်းချီယွင်က အနည်းငယ် အံ့ဩသွားသည်။
သူသာဆို ဒီလို မလုပ်နိုင်လောက်ဘူး ...
လယ်သမားက ဆက်ပြောလိုက်၏။
"အခုဆို မြင့်မြတ်မြို့တော်က အားလုံး ပြောင်းလဲသွားပြီ ငါတို့ကို အနိုင်ကျင့်ခဲ့တဲ့ လူတွေကလည်း အဖမ်းခံလိုက်ရပြီလေ ..."
သူက သတင်းမှတစ်ဆင့် သိလိုက်ရသမျှကို ပြန်လည်ဝေမျှလိုက်သည်။ ပြည့်စုံစေ့ငှခြင်း မရှိသေးသည့်တိုင် ထိုသူသည် သူ့ဘဝကို မည်မျှအထိ ကျေနပ်ပျော်ရွှင်နေကြောင်း အတိုင်းသား မြင်နေကပေသည်။
ထိုစကားကို နားထောင်နေရင်း ချန်းချီယွင်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ဖြတ်သန်းသွားကာ နွမ်းနယ်မှုများလည်း အနည်းငယ် မှိန်ဖျော့သွားတော့သည်။
ထိုစဉ် အာမေဋိတ်သံများနှင့်အတူ အော်ဟစ်အားပေးသံများ ဆူညံနေအောင် ထွက်ပေါ်လာတော့သည်။
"သူ နိုးထသွားပြီ ..."
"နိုးထသွားတာလား ..."
"ကြည့်ရတာ ယဇ်ဆရာအဖြစ် နိုးထသွားတာ ထင်တယ် ..."
"ငါတို့ဆီမှာ နောက်ထပ် ယဇ်ဆရာတစ်ယောက် ထပ်ရှိလာပြီဟေ့ ..."
ချန်းချီယွင်က အသံများ၏ လားရာအတိုင်း လိုက်ကြည့်လိုက်ရာ ကစားကွင်းထဲရှိ လူငယ်တစ်ဦးမှာ ယဇ်ဆရာအဖြစ် နိုးထသွားကြောင်း တွေ့လိုက်ရသည်။
သူ့နှလုံးခုန်သံများပင် စည်းချက် လွဲချော်သွားတော့၏။ သူ့လူများသာ ထိုကဲ့သို့သော ကျင့်စဉ်ကို သင်ယူနိုင်ပါလျှင် ချန်းလန်မြို့ကို အခြား ကြီးထွားလာသော အင်အားစုများက လက်ဝါးကြီးအုပ်သွားမည်အား စိုးရိမ်နေရန် မလိုတော့ပေ။
ဒီခရီးက အလကား မဖြစ်ဘူးပဲ သူ့ကို မကုသနိုင်ရင်တောင် ချန်းလန်မြို့အတွက် အလင်းတန်းတစ်ခု ပြန်သယ်သွားပေးနိုင်တော့မှာ ...
သူက မြင့်မြတ်မြို့တော်၏ အပြောင်းအလဲကို များစွာ သဘောကျမိသော်ငြား အခြားမြို့များကမူ နှစ်ခြိုက်ဟန် မတူ။
မြင့်မြတ်မြို့တော်သို့ ရောက်နှင့်နေသူများက တိတ်တဆိတ် စည်းဝေးတိုင်ပင်လိုက်ကြသည်။
"အဲဒီ့ယဇ်ဆရာအကြီးအကဲက ရူးနေပြီလား သူ့ပိုင်ဆိုင်မှုတွေ အားလုံးကို လှူလိုက်တယ်တဲ့ ..."
"အကြီးအကဲပိုင်ကပါ သဘောတူလိုက်သေးတယ် ..."
"ပြီးတော့ လုမိသားစုရောပဲ ရှဲ့ယွင်နန်က မိသားစုခေါင်းဆောင်ရဲ့ သားဆိုရင်တောင် ဘာလို့ ဒီလောက်အထိ ထောက်ပံ့ပေးချင်နေကြတာလဲ မိသားစုပိုင် ပစ္စည်းတွေ အကုန်လုံးကို လှူလိုက်တဲ့အပြင် မိသားစုကိုပါ ခွဲလိုက်သေးတယ် ..."
"အကုန် ရူးနေကြပြီ ..."
"အခုက ဒီအကြောင်း ပြောနေရမယ့်အချိန် မဟုတ်ဘူး ငါတို့တွေ ဘာဆက်လုပ်ကြမလဲ ..."
"ဟုတ်တယ် ငါတို့တွေ ဘာဆက်လုပ်ကြမလဲ ဟုန်ယဲ့မြို့ရော မြင့်မြတ်မြို့တော်ရော ဒီအတိုင်းသာဆို ငါတို့မြို့တွေကိုပါ သူတို့လို ဖြစ်အောင် ဖိအားပေးလာမှာလား ..."
"ဘာဆက်လုပ်ကြမလဲ ..."
"ဆယ်ကမ္ဘာဆယ်သက်လောက် စားမကုန်တဲ့အထိ ချမ်းသာအောင် ပင်ပင်ပန်းပန်း ကြိုးစားပြီး စုဆောင်းထားခဲ့ရသမျှကို .. မင်းတို့ရော ပေးပစ်ချင်လား ငါကတော့ မပေးချင်ဘူး ..."
"ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတာက နောက်မှ ... အခု ဒီအတိုင်း ထိုင်နေလို့ မဖြစ်ဘူး ..."
အနီးအနားရှိ မြို့များကလည်း မြင့်မြတ်မြို့တော်၏ အခြေအနေကို အမြန်ဆုံး သိသွားကြသည်။
မြင့်မြတ်မြို့တော်တွင် ပြစ်မှုကျုးလွန်ခဲ့သည့် မိသားစုကြီးအားလုံး အဆုံးသတ် မကောင်းခဲ့။ ပြစ်မှုကင်းရှင်းသူဟူ၍လည်း လူနည်းစုသာ ရှိပေသည်။ မြို့တော်ကို စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် တစ်မြို့လုံး၏ ပိုင်ဆိုင်မှုကို သိမ်းယူသည်မှာ သဘာဝကျပေသည်။
ဤသည်မှာ သူတို့၏ အမှားဟုလည်း မဆိုသာ။ ငွေကြေးသာ မရှိပါလျှင် သူတို့နှင့် မိသားစုကို ကုသပေးမည့် ယဇ်ဆရာအား ရှာဖွေရန်မှာ အိပ်မက်တစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။
ပြီးတော့ သူတို့က ပိုပြီး အင်အားကြီးတဲ့သူတွေလေ ငွေလေး နည်းနည်းပါးပါး ပိုယူတော့ရော ဘာဖြစ်လဲ ...
"ဒါဆို ငါတို့ ဘာလုပ်မှာလဲ ..."
"တစ်ခုခု မလုပ်ရင် အရမ်း နောက်ကျသွားလိမ့်မယ် ..."
"ယဇ်ဆရာအကြီးအကဲသာ မရှိတော့ရင် ရှဲ့ယွင်နန်လောက်ကတော့ အေးဆေးပဲ ..."
အားလုံးက သူတို့၏ အမြင်ကို ဖော်ပြကာ ယဇ်ဆရာအကြီးအကဲကို ရှင်းထုတ်လိုသော်ငြား ထိုစဉ် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"အမ် .. ငါတို့က ယဇ်ဆရာအကြီးအကဲကို နိုင်ပါ့မလား ..."
အားလုံး အသံတိတ်သွားကြတော့၏။
2.2