အပိုင်း ၁၁၉ (End of Extra)
Viewers 21k

Chapter 119

Extra 2.4 (THE LAST CHAPTER OF STORY)




လျောင်မုယဲ့ကလည်း ထိုမင်္ဂလာပွဲ ဖျက်ဆီးခံရလိမ့်မည်ဟု တစ်ထစ်ချ မှတ်ယူထားသည်။ 


သူ၏ အတိတ်ဘဝတွင် ရှဲ့ယွင်နန်သည် နောက်နှစ်အနည်းငယ်အကြာတွင် မြင့်မြတ်မြို့တော်၏ အုပ်ချုပ်ရေးအပိုင်းကို တာဝန်ယူ‌မည် ဖြစ်သည်။ ထို့နောက်တွင်မူ သူ၏ အမျိုးမျိုးသော နည်းလမ်းများကြောင့် မြင့်မြတ်မြို့တော်ရှိ အထက်တန်းလွှာအားလုံး သူ့စကားကို တစ်သွေမတိမ်း နားထောင်ကြရတော့သည်။ 


သို့သော် ထို့နောက် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ချန်းလန်မြို့မှအပ  အခြားမြို့တော်အားလုံးက သူနှင့် ဆန့်ကျင်ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြသည်။ 


အချို့က အင်အားစုပေါင်းကာ သူ့ကို လုပ်ကြံရန်ပင် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြသေးသည်။ 


ထိုဖြစ်ရပ်များက ရှဲ့ယွင်နန်ထံ အနှေးနှင့်အမြန် ကျရောက်လာတော့မည် ဖြစ်သည်။ 


သူက မင်္ဂလာပွဲသို့ တက်ရောက်လာသူများအနက် အချို့ကို သတိပြုမိလိုက်သည်။  


ဒီလူတွေက လျှို့ဝှက်ကိုယ်ရံတော်တွေနဲ့ တက်ရောက်လာကြတာဆိုတော့ .. သူက အကယ်ခံရနိုင်လောက်တယ် ... 


လျောင်မုယဲ့မှာ တွေးလေလေ ပိုပြီး စိတ်လှုပ်ရှားမိလာတော့၏။ 


သူ့ဘေးတွင် ရှိနေသူတစ်ဦးက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိဟန်ဖြင့် မေးလိုက်သည်။ 


"အဲဒီ့မြို့အရှင်တွေရဲ့ ပုံစံက သိပ်မူမမှန်ဘူးနော် သူတို့ပုံစံ ကြည့်ရတာ ကြောက်နေသလိုပဲ ..." 


"ကြောက်တာလား .. စိတ်လှုပ်ရှားနေကြတာ နေမှာပေါ့ ..." 


သူက ပြောလိုက်သည်။ 


"ဒါပေမယ့် သူတို့ မျက်နှာတွေက ပူပန်နေသလို ..." 


လျောင်မုယဲ့က ပြောလိုက်သည်။ 


"တစ်ခြားတစ်ခုခုကို ပူပန်နေတာ နေမှာပေါ့ ..." 


လျောင်မုယဲ့သည် သူ့ကိုယ်သူ ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် အသတ်ခံရတော့မည်ဟုသာ တစ်ထစ်ချ တွေးထားခဲ့သော်ငြား မသေခဲ့။ 


ထို့ကြောင့် ရှဲ့ယွင်နန် ကံဆိုးမိုးမှောင်ကျမည့် နေ့ရက်ကိုသာ ဆက်ပြီး မျှော်လင့်နေလိုက်တော့သည်။ 


ရှဲ့ယွင်နန်နဲ့ သွမ့်ချန်ချင်းက သစ္စာစကားတွေတောင် ပြောနေကြပြီ ဒီအချိန်က လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲ ... 


ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ ... 


လျောင်မုယဲ့သည် လုပ်ကြံရန် အကောင်းဆုံးအချိန် ကျော်လွန်သွားကာ မင်္ဂလာပွဲ ချောချောမွေ့မွေ့ဖြင့် ရှေ့ဆက်နေသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေလိုက်ရတော့သည်။ 


ပွဲထဲမှာ ဘာပြဿနာမှ မဖြစ်ရင်တောင် အပြင်ဘက်မှာတော့ တစ်ခုခု ဖြစ်လောက်ပါတယ် ... ဒါပေမယ့် ဘာလို့ ဘာအသံမှ မကြားရတာလဲ ... 


အတိတ်ဘဝတုန်းကဆို ဒီမြို့အရှင်တွေက ရှဲ့ယွင်နန်ကို မနာခံခဲ့ကြပါဘူး ဘယ်တုန်းက သူတို့တွေ ဒီလောက်အထိ ရိုကျိုးသွားကြတာလည်း ဒါကြီးက မဟုတ်တော့ဘူး ... 


သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က ကျမ်းသစ္စာ ကျိန်ဆိုကာ လက်စွပ်ချင်း လဲလှယ်၍ အနမ်းများ ဖလှယ်လိုက်ကြသည်။ 


ထိမ်းမြားမှု အခမ်းအနား ပြီးစီးသွားတော့၏။ 


သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို အချိန်အတော်ကြာ နမ်းရှိုက်ပြီးကာမှ ပြန်လွှတ်ပေးလိုက်ကာ ချက်ခြင်း နှင်တံကို ထုတ်ယူလိုက်သည်။ 


"ဒီနေ့ လက်ထပ်ပြီးသွားတဲ့အတွက် အရမ်းကို ပျော်ရွှင်မိနေလို့ .. လူတိုင်းလည်း ထပ်တူ ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ် ..." 


ထို့နောက် သူက ပွဲတော််များတွင်သာ အသုံးပြုသည့် အစုလိုက်အပြုံလိုက် ကုသရေးနည်းလမ်းကို ထုတ်သုံးလိုက်သည်။ 


စိတ်စွမ်းအင်အစိုင်အခဲနှင့် နှင်တံကို အားကိုးအားထားပြုကာ မူလကိုယ်သည်လည်း လူအများအပြားကို ကောင်းမွန်သက်သာသည်အထိ ကုသပေးနိုင်ပေသည်။ 


ယခု ကုသပေးနေသူမှာ သူဖြစ်သည့်အခါ အကျိုးကျေးဇူးက နှစ်ဆ ဖြစ်သွားတော့၏။ 


သန့်စင်လှသော စိတ်စွမ်းအင်က မင်္ဂလာခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားကာ ထိုနေရာတွင် ရှိနေသူအားလုံး သက်တောင့်သက်သာ ဖြစ်မှုများအကြား နစ်မျောစီးဝင်သွားတော့သည်။ 


စိတ်စွမ်းအင်စီးကြောင်းထဲမှာ စီးဝင်လိုက်ရတာ တကယ်ကို ခံစားလို့ ကောင်းတာပဲ ... 


ချန်းချီယွင်ကလည်း သူ့ခန္ဓာကိုယ်မှာ များစွာ သက်သာလာသည်ဟု ခံစားမိလိုက်သည်။ စီနီယာအဆင့် ယဇ်ဆရာနှင့် တစ်ဦးချင်း သီးသန့်ကုသလျှင်ပင် ထိုမျှအထိ သက်သာလာနိုင်မည် မဟုတ်ချေ။ 


ယဇ်ဆရာအကြီးအကဲက အရမ်းကို အင်အားကြီးတာပဲ ... 


သွမ့်ချန်ချင်း၏ အနိုင်တိုက်မှုကို ခံခဲ့ရသည့် မြို့အရှင်များသည်လည်း အလားတူပင် ခံစားလိုက်ရသည်။ 


ယမန်နေ့ .. သွမ့်ချန်ချင်းက သူတို့ကို အတင်းအကြပ် ခွန်အားသုံးကာ စာချုပ်ချုပ်ခဲ့စဉ်က သူတို့၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်ခဲ့ကြသည်။ 


သို့သော် ယခုမူ .. 


ယဇ်ဆရာအကြီးအကဲရဲ့ ဘက်တော်သား ဖြစ်ရတာလည်း သိပ်တော့ မဆိုးဘူးလားလို့ပဲ ... 


ထိုသို့ တွေးနေစဉ်မှာပင် ကုသရေးလှိုင်းလုံးက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွား၏။ 


ထိုအခါ သွမ့်ချန်ချင်းက နောက်ထပ် လှိုင်းလုံးတစ်ခုကို မတုန့်မဆိုင်းဘဲ ချက်ခြင်း ထုတ်ပေးလိုက်ပြန်သည်။ 


အားလုံး "!!!" 


ဒီလိုမျိုး အကုန်လုံးကို ခြုံငုံပြီး ကုသပေးတယ် ဆိုတာမျိုးက နှစ်ပတ်လည်ပွဲတော် ကျင်းပတဲ့ အချိန်မျိုးမှာမှ တစ်ကြိမ်ပဲ ရနိုင်တာလေ အခုကျ တစ်ခုပြီး နောက်တစ်ခု ထပ်ရလိုက်ပြန်တာလား ပြီးတော့ ပထမတစ်ခုထက်တောင် ပိုပြီး အာနိသင်ကောင်းနေသေးတယ် ...


ထိုမျှသာမက ဒုတိယလှိုင်း ပျောက်ကွယ်သွားသည့်အခါ သွမ့်ချန်ချင်းက တတိယအကြိမ် ကုသရေးလှိုင်းတစ်ခု ထုတ်ပေးလိုက်ပြန်သည်။ 


သုံးကြိမ်ဆက်တိုက် ကုသရေးလှိုင်းလုံးများကို လက်ခံရရှိပြီးနောက် ချန်းချီယွင်သည် သူ့ဒဏ်ရာများ တစ်ဝက်နီးပါးခန့် သက်သာသွားပြီဟု ခံစားမိလာ၏။ 


မူလက သူသည် သုံးနှစ်ခန့်သာ အသက်ရှင်နိုင်တော့မည် ဖြစ်သော်ငြား ယခုမူ ဆယ်စုနှစ်များစွာ နေထိုင်လိုသေးလျှင်ပင် ပြဿနာ မဟုတ်တော့ချေ။ 


အခြားသူများကလည်း သူနှင့် ထပ်တူပင်။ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာဟောင်းများ အလုံးစုံ ပျောက်ကင်းသက်သာသွားကာ နေရာတွင် ချက်ခြင်း အဆင့်တက်သွားသူများပင် ရှိနေသေး၏။ 


အကြီးအကဲပိုင် စင်ပေါ်တက်လာကာ သူတို့ကို ညစာစားရန် ဖိတ်ခေါ်သည်အထိ အားလုံး မိန်းမောနေကြဆဲပင်။ 


ဤတစ်ကြိမ် ညစာစားပွဲ၌ သာမန်အစားအစာများကိုသာ တည်ခင်းထားသည့်တိုင် မည်သူကမှ အစားအသောက်အပေါ် စိတ်မဝင်စား။ 


ကုသမှု ခံယူပြီးနောက် စိတ်ကြည်လင်ကာ အနည်းငယ်ပင် ဗိုက်ဆာနေကြသည့်အတွက် ထမင်းအဖြူတစ်ပန်းကန်ကိုသာ ပေးလျှင်ပင် ပြောင်စင်အောင် စားမိကြမည်ဖြစ်ရာ ဟင်းလျာအားလုံးက အရသာရှိနေသည့်အခါ ဆိုဖွယ်ရာပင် မရှိတော့ချေ။ 


ထိုသို့ဖြင့် တိုက်ရိုက်ကြည့်ရှုနေသူများမှာလည်း အငမ်းမရ စားသောက်နေသော ဧည့်သည်များကို မြင်တွေ့လိုက်ကြရသည်။ 


"မင်္ဂလာပွဲကို တက်လာကြတဲ့ အဲဒီ့ အင်အားကြီးပုဂ္ဂိုလ်တွေက ငါ့လိုမျိုးပဲ အငမ်းမရ စားတတ်လိမ့်မယ်လို့ ထင်ကို ထင်မထားဘူး ..." 


"ကြည့်ရတာ အံ့ဖွယ်သားရဲရဲ့ အသား မဟုတ်ဘဲ သာမန်အစားအစာတွေလားလို့နော် ..." 


"သာမန်အစားအစာတွေ ပြောကြတာတော့ ယဇ်ဆရာအကြီးအကဲက ငွေကို အများကြီး အကုန်မခံချင်လို့တဲ့ ..." 


"သူတို့က ဗိုက်ဆာနေကြတာလား စားနေလိုက်တာများ အငမ်းမရကိုပဲ ..." 


"ပြောကြတာတော့ ကုသမှု ခံယူထားတဲ့ တိုက်ခိုက်သူတွေက ဗိုက်ဆာလာတတ်ကြတယ်တဲ့ ..." 


"ဒီတိုက်ခိုက်သူတွေက တကယ်ကို စားနိုင်တာပဲ ကြည့်ဦး စားပွဲတစ်ခုလုံး ဘာမှကို မကျန်တော့ဘူး ..." 


... 


ခန်းမထဲတွင် အားရပါးရ စားသောက်နေကြသော တိုက်ခိုက်သူများကြောင့် ကြည့်ရှုနေသူများပင်လျှင် ဗိုက်ဆာလာကြတော့သည်။ 


လျောင်မုယဲ့မှာ နားမလည်နိုင်တော့။ 


မင်္ဂလာပွဲက ပြီးတောင် ပြီးနေပြီ ဘာလို့ ဟိုမြို့အရှင်တွေက နည်းနည်းလေးတောင် မလှုပ်ရှားကြသေးတာလဲ ... 


ပြီးတော့ အရင်ဘဝက ရှဲ့ယွင်နန်ကို တိုက်ခိုက်ခဲ့ကြတဲ့လူတွေ ... သူတို့က ကြက်ခြေထောက်တောင် လုစားနေလိုက်ကြသေးတယ် ... 


သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က စားသောက်ပြီးသည့်အခါ ဧည့်သည်များနှင့်အတူ ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြင့် သောက်ရန် ပြင်ဆင်လိုက်ကြသည်။ 


အချို့သူများ၏ မူလရည်ရွယ်ချက်မှာ သူတို့ကို ပြဿနာရှာရန်ဖြစ်ကြောင်း သိထားသည့်တိုင် သူတို့က မည်သူ့ကိုမှ အထူးတလည် မျက်နှာသာမပေး၊ ဧည့်သည်များနှင့်  တစ်ယောက်ပြီးတစ်ယောက် ခွက်ချင်းတိုက်လိုက်ကြသည်။ 


မြို့အရှင် အားလုံးက တစ်ညီတစ်ညာတည်း မျက်နှာချိုသွေးလိုက်ကြသည်။ 


ယမန်နေ့ညက သူတို့သည် သွမ့်ချန်ချင်း၏ ခွန်အားကို ကိုယ်တိုင် မြင်တွေ့ဖူးပြီး ဖြစ်သည့်အပြင် ယနေ့တွင်လည်း ပို၍ပင် ရှင်းရှင်းလင်းလင်း ကြုံတွေ့လိုက်ရရာ အာခံမည့် အတွေးများ လွင့်စင်ပပျောက်သွားတော့သည်။ 


သူတို့ထဲမှ တစ်ယောက်က စတင်ကာ မျက်နှာချိုသွေးလိုက်သည်နှင့်တစ်ပြိုင်နက် ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းတို့သည် ချီးကျူးမြှောက်ပင့်စကားများကို ဆက်တိုက် လက်ခံရရှိလိုက်တော့သည်။ 


ထိုမြင်ကွင်းကို မြင်နေရသည့် သာမန်လူများကမူ ထိုမြှောက်ပင့်မှုမှာ ပုံမှန်ဟုသာ ခံစားကြရသည်။ 


ယဇ်ဆရာအကြီးအကဲက ဒီလောက် အင်အားကြီးတဲ့ဟာကို သေချာပေါက်ကို ချီးကျူးစကားတွေ လက်ခံရသင့်တာပေါ့ ... 


သို့သော် လျောင်မုယဲ့ကမူ လက်မခံနိုင်။ 


ဘာလို့လဲ !!! 


ဒီလိုမျိုး ဖြစ်သွားလို့ မရဘူး !!! 


ဒါဆို သူ ဘာလို့ ပြန်လည်မွေးဖွားလာနေဦးမှာလဲ ရှဲ့ယွင်နန် ကောင်းစားတာကို မြင်ရဖို့အတွက်ပဲလား ... 


စိတ်ဓာတ်ကျနေစဉ်မှာပင် မိုင်းတွင်း ကြီးကြပ်သူက တီဗီကိုပိတ်ကာ ပြောလိုက်သည်။ 


"အိုကေ ယဇ်ဆရာအကြီးအကဲရဲ့ လက်ထပ်ပွဲကို အကုန် ကြည့်ပြီးပြီဆိုတော့ နေ့လည်စာ စားပြီးရင် အလုပ် ဆက်လုပ်မယ် ..." 


လျောင်မုယဲ့က ချက်ခြင်း ပြန်မေးလိုက်သည်။ 


"ဒီနေ့က အားလပ်ရက် မဟုတ်ဘူးလား ဘာလို့ အလုပ်ဆင်းရမှာလဲ ..." 


"အခုတလော နေရာတိုင်းမှာ ဆောက်လုပ်ရေးတွေ ရှိနေတာ ကုန်ကြမ်းတွေ အများကြီး လိုနေတယ် အဲဒါကြောင့် မင်းတို့တွေ အချိန်ပိုဆင်းရမယ် ..." 


လျောင်မုယဲ့မှာ သွေးများပင် အန်ထွက်လုမတတ် ဖြစ်သွားတော့သည်။ 


တစ်နေကုန် နားရမယ် မှတ်နေတာ တိုက်ရိုက်ထုတ်လွှင့်တာကိုလည်း ကြည့်ပြီးရော အလုပ်လုပ်ရမယ်တဲ့လား ... 


သို့သော် သူတို့က မပျက်ကွက်ရဲကြ။ 


အလုပ်ပြန်စကာမှ လျောင်မုယဲ့သည် သူတို့အဖွဲ့မှအပ ကျန်အလုပ်သမားများမှာ အချိန်ပိုလုပ်ရန် မလိုကြောင်း သိလိုက်ရ၍ ပိုပြီး ဒေါသထွက်လာတော့သည်။ 


ထိုစဉ် ကြီးကြပ်သူက သူတို့ကို မနက်ဖြန်တွင်လည်း အချိန်ပို ဆင်းရမည်ဖြစ်ကြောင်း ပြောလာ၏။ 


သူတို့သာလျှင် အလုပ်လုပ်နေရကာ ကျန် မိုင်းတွင်းအလုပ်သမားများအားလုံး အားလပ်ရက် ရထားကြပေသည်။ 


လျောင်မုယဲ့က ပင်ပင်ပန်းပန်း အလုပ်လုပ်နေရစဉ် ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းက ကြင်စဦးဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသည်။


မင်္ဂလာပွဲမှာ နေ့လည်စာစားပြီးနောက် ပြီးဆုံးသွားသည့်အတွက် ချန်းလန်မြို့အရှင် ချန်းချီယွင်ကဲ့သို့သော တစ္ဆေဘုရင် ပြောခဲ့ဖူးသည့် ဧည့်သည်အချို့ကို သွားရောက်နှုတ်ဆက်လိုက်သည်။ 


သွမ့်ချန်ချင်းက ချန်းချီယွင်၏ လုပ်ရပ်များကို ကြားထားဖူး၍ ထိုသူ့အပေါ် အကောင်းမြင်စိတ် ရှိနေပေသည်။ သူက ချန်းချီယွင်နှင့် တွေ့တွေ့ချင်းပင် ကုသပေးလိုက်ရာ ဧည့်ခံပွဲ၌ တစ်ဝက်နီးပါးခန့် သက်သာနေပြီဖြစ်သော ချန်းချီယွင်မှာ လုံးဝဥဿုံ ပျောက်ကင်းသက်သာသွားတော့သည်။ 


ကုသမှုကို ခံယူပြီးနောက် သူ့ကိုယ်သူ မီးစာကုန်တော့မည်ဟု ခံယူထားသူ ချန်းချီယွင်သည် အားမာန်အသစ်များ ပြန်လည်ပြည့်ဖြိုးလာကာ လိုအပ်သည့် အကူအညီကို ပေးပါမည်ဟု ကမ်းလှမ်းလာခဲ့သည်။ 


ကောင်းလိုက်လေ !!! 


သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်က သူ့အတွက် အလုပ်များကို မတုန့်မဆိုင်းဘဲ ချက်ခြင်း စီစဉ်ပေးလိုက်ကြသည်။ 


ချန်းချီယွင်က အလုပ်တာဝန်များစွာ ရလိုက်သည့်အတွက် အလွန် ဝမ်းသာသွားကာ အပြန်လမ်း၌ တစ္ဆေဘုရင်၌ တွေ့သည့်အခါတွင်လည်း ထပ်ကာတလဲလဲ ချီးကျူးလိုက်သည်။ 


"မင်းက တကယ်ကို သားလိမ္မာလေးတစ်ယောက် မွေးထားတာပဲ ..." 


တစ္ဆေဘုရင်ကလည်း သူ့စကားကို ထောက်ခံလိုက်သည်။ 


"ငါလည်း အဲဒီ့လိုပဲ ထင်တယ် မင်းမှာ ဒီလို သားမျိုး ရှိမနေတာ သနားစရာပဲ ဟားဟားဟားဟား ..." 


ချန်းချီယွင် "..." 


ဒီကောင်တော့ အရိုက်ခံချင်နေတာ ထင်တယ် ... 


တစ္ဆေဘုရင်က ထိုအတွေးများကို မသိ၊ သူ့ကို ဆွဲခေါ်ကာ ပြောလိုက်သည်။ 


"လူအိုကြီးချန်း ငါပြောပြမယ် ယွင်နန်နဲ့ ချန်ချင်းကလေ သာမန်မဟုတ်ဘူးကွ သိလား ..." 


ဤရက်များအတွင်း သူ၏ အကြီးမားဆုံး ဝါသနာမှာ ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းအကြောင်း ကြွားဝါရခြင်း ဖြစ်လာခဲ့သည်။ 


သူက မြင်မြင်သမျှ လူတိုင်းကို မပြီးနိုင်မစီးနိုင် ကြွားဝါနေသည့်အတွက် မြင့်မြတ်မြို့တော်တွင် ရှိနေသူ မည်သူကမှ သူ့စကားကို နားမထောင်လိုတော့။ 


ချန်းချီယွင် "..." 


တစ္ဆေဘုရင်ရေ ခင်ဗျားတော့ အနှေးနဲ့အမြန် အပေါင်းအသင်း မရှိတဲ့ဘဝကို ရောက်တော့မှာပဲ ... 


ဧည့်သည်များကို နှုတ်ဆက်ပြီးနောက် ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းသည် သူတို့ နေထိုင်ရာနေရာသို့ စောစောစီးစီး ပြန်လာလိုက်သည်။ 


ထိုနောက်ပိုင်းတွင် မည်သည့်အရာ ဆက်လုပ်မည်ကို ပြောနေရန်ပင် မလို၊ တူနှစ်ကိုယ်ကျင့်ကြံခြင်းမှအပ အခြား မရှိတော့ချေ။ 


"ယွင်နန် အခု ခင်ဗျားက အခြေတည်အဆင့်ကို ရောက်တော့မှာဆိုတော့ ပိုပြီး ကြိုးစားကြရအောင် ..." 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


"အဟမ်း .. ဒီည နည်းနည်း ကြာကြာလေး ကျင့်ကြံကြတာပေါ့ ..." 


ရှဲ့ယွင်နန် ".. အရမ်းတော့ မကြာဘူး မဟုတ်လား မနက်ဖြန်လည်း အခမ်းအနား ရှိသေးတော့ ..." 


"မစိုးရိမ်ပါနဲ့ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ် ..." 


ရှဲ့ယွင်နန် "..." 


ဒါပေမယ့် ငါက မရဘူးလို့ ... 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ မိဘတွေကို ရှုံးလို့ မရဘူး ..." 


တစ္ဆေဘုရင်နဲ့ လုကျင်းချန်းက သူပေးထားတဲ့ ကျင့်စဉ်ကို ညတိုင်း ကျင့်ကြတာ အခုဆို လုကျင်းချန်းက အခြေတည်အဆင့်ကို ချိုးဖျက်နိုင်တော့မှာ ... 


လုံးဝ ရှုံးသွားလို့ မဖြစ်ဘူး ... 




💥💥💥END OF STORY 💥💥💥



Dear Readers ...


အတတ်နိုင်ဆုံး လိုက်ရှာထားပါတယ် 

အစုံဆုံးဖြစ်အောင် ကြိုးစားပြီး ရှာတွေ့သမျှ ပြန်ထားပါတယ်ရှင် 


လိုအပ်ချက်တွေ အမှားတွေရှိခဲ့ရင် ချစ်တဲ့မျက်စိလေးနဲ့ ကြည့်ပြီး နားလည်ပေးကြပါလို့ ...



TRANSLATED BY - IQ TEAM



THANKS ❤️