အပိုင်း ၁၀၂ (Extra)
Viewers 21k

Chapter 102

Extra 1.2.1 




နောက်ထပ် ၇ နှစ် ကုန်လွန်သွားခဲ့သည်။ 


ဆောင်းရာသီ ဖြစ်သည့်အတွက် မြင့်မြတ်မြို့တော် တစ်ခုလုံးကို မြောက်ပြန်လေနှင့်အတူ လွင့်မျောပါလာသည့် ပြာလဲ့လဲ့ နှင်းလွှာထုက ရစ်ပတ်လွှမ်းခြုံထားသည်။ 


ပြင်ပကမ္ဘာတစ်ခုလုံး ပိန်းပိန်းမှောင်နေကာ မြို့အရှင်ရဲတိုက်အတွင်းရှိ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမတစ်ခုသာလျှင် မီးအိမ်ငယ်တစ်လုံးကြောင့် ကွက်တိကွက်ကျား ထွန်းလင်းနေသည်။ 


ရှဲ့ယွင်နန်က ထိုမီးအိမ်အောက်တွင် ထိုင်ကာ စာရွက်စာတမ်းများကို မှတ်ချက်ရေးနေသည်။ 


ယခုအချိန်တွင် သူသည် အသက် ၄၀ ပင် ရှိနေပြီဖြစ်ကာ အရေးအကြောင်းများနှင့် ဦးခေါင်းတစ်ခုလုံးလည်း ဆွတ်ဆွတ်ဖြူနေပြီ ဖြစ်သော်လည်း နောက်ကျောပြင်ကမူ တည့်မတ်ဖြောင့်တန်းနေဆဲပင်။ 


ထိုစဉ် ခန်းမ၏ တံခါး ရုတ်တရက် ပွင့်လာကာ အပြင်ဘက်မှ ရောက်လာသည့် ရှချင်နှင့်အတူ အေးစက်စက် လေတစ်သုတ်ကပါ တိုးဝှေ့ဝင်ရောက်လာတော့သည်။ 


သူက ရှချင်ကို မော့ကြည့်ကာ မေးလိုက်သည်။ 


"သူ သေသွားပြီလား ..." 


"သေသွားပြီ ..." 


ရှချင်က အစီရင်ခံလိုက်သည်။ 


ရှဲ့ယွင်နန် "အင်း ..." 


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူက ရှချင်အား လူတစ်ယောက် ရှာကာ လျောင်မုယဲ့ကို လုပ်ကြံရန် အမိန့်ပေးခဲ့သည်။ 


သူသည် လျောင်မုယဲ့နှင့် ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးသည်။ ထိုစဉ်က သူသည် လူချမ်းသာ သခင်လေး၏ ပိုးပန်းခြင်းကို ခံရမှုကြောင့် စော်ကားတိုက်ခိုက်ခြင်း ခံခဲ့ရသော သာမန် လူဆင်းရဲတစ်ဦးသာ ဖြစ်ပေသည်။ 


သိူ့သော် နှစ်ယောက်အတူတူ ရှိလာကာမှ သူတို့နှစ်ဦးအကြား ကွာဟမှုမှာ အလွန် ကြီးမားလှကြောင်း သဘောပေါက်သွားတော့သည်။ 


သိူ့သော် သူ့အဖို့ ပထမဆုံးအကြိမ် ချစ်ကြိုက်မိခြင်း ဖြစ်သည့်အတွက် အလျော့မပေးလို၊ သူတို့၏ ဆက်ဆံရေး ခိုင်မြဲစေရန် မျိုးစုံ ကြိုးစားခဲ့သည်။ 


လျောင်မုယဲ့က သူ့အား နာခံမှုရှိသူတစ်ဦးသူ ဖြစ်စေလိုခဲ့သည်မှာ နှမြောစရာပင်။ 


လျောင်မုယဲ့၏ အမျိုးမျိုးသော လုပ်ရပ်များကို သည်းမခံနိုင်တော့သည့်အတွက် နှစ်ဦးသား လမ်းခွဲပြတ်ဆဲခဲ့ကြတော့သည်။ 


ထိုစဉ်က ဟုန်ယဲ့မြို့မှာ အန္တရာယ်အတွင်း ကျရောက်နေဆဲ ဖြစ်သည့်အတွက် လမ်းခွဲပြီးသည့်တိုင် နှစ်ဦးသား လက်တွဲညီညီ တိုက်ပွဲဝင်ခဲ့ကြသည်။ 


သူက သူတို့နှစ်ဦးသည် ဤအတိုင်း ထာဝရ နေသွားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်ငြား သူတို့၏ ဘဝများမှာ လုံးဝ မတူညီကြောင်းကိုမူ မေ့လျော့နေခဲ့သည်။ 


ဟုန်ယဲ့မြို့တွင် ရှိခဲ့စဉ်က လျောင်မုယဲ့သည် သူ့အကြံများကို လက်မခံသည့် ဟုန်ယဲ့မြို့ အထက်တန်းလွှာအုပ်စု၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ အံ့ဖွယ်သားရဲများကို တိုက်ခိုက်ချိန်တွင် ထိုသူများသည် ကြိုးကြိုးစားစား မတိုက်ခိုက်ကြဘဲ သူတို့မိသားစုအတွက် အကျိုးအမြတ်များ ရယူရန်သာ စိတ်အားထက်သန်နေကြသည်။ 


မြင့်မြတ်မြို့တော်သို့ ရောက်သည့်အခါ ထိုလူမှာ ပို၍ပင် အထိန်းအကွပ် မဲ့လာတော့သည်။ သူက မြင့်မြတ်မြို့တော်ရှိ မိသားစုများနှင့် မဟာမိတ်ဖွဲ့၍ပင် တိုက်ခိုက်လာပြီး အမျိုးမျိုးသော ပိုင်ဆိုင်မှုများကို သိမ်းကျုံးယူခဲ့သည်။ သို့သော် အင်အားစိုက်ထုတ်ရမည့် နေရာမျိုးတွင်မူ စိတ်မပါကြောင်း သိသိသာသာ ထုတ်ပြလာသည့်အပြင် သူ့လူများ၏ စည်းကမ်းညံ့ဖျင်းမှုကိုပင် အကွယ်အကာ ယူလာခဲ့တော့သည်။ 


လျောင်မိသားစုက မြေနေရာတစ်ခု ရရှိရန်အတွက် လယ်သမားတစ်ဦးကို သတ်ဖြတ်လိုက်၏။ 


သူက လျောင်မိသားစုဝင်တစ်ဉီးကို အပြစ်ပေးလိုက်သည့်အခါ ထိုလူက သူ့ကို သိသိသာသာ ဆန့်ကျင်လာတော့သည်။ 


သူ ကြုံတွေ့ခဲ့ရသည့် များပြားလှသော လုပ်ကြံသတ်ဖြတ်မှုများမှာလည်း ထိုသူ၏ အကြံအစည်ပင် ဖြစ်သည်။ 


ထိုလူက လျောင်မုယဲ့ကို ထိန်းချုပ်ကာ ရှေ့သို့ ထွက်လာစေသည်။ သို့သော် ရှဲ့ယွင်နန်ကမူ လျောင်မုယဲ့သည် ခေါင်းဆောင်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေပေသည်။ 


လျောင်မုယဲ့မှာ ထိုကဲ့သို့ ကြံစည်နိုင်လောက်သည့် ဦးနှောက်မျိုး ရှိမနေ။ 


ဟုန်ယဲ့မြို့တော်တွင် ရှိခဲ့စဉ်က လျောင်မုယဲ့ကို လူငယ်မျိုးဆက်များအကြားတွင် နံပတ်တစ်ဟု သတ်မှတ်ခဲ့ကြခြင်းမှာ သူ၏ ထက်မြက်မှုကြောင့် မဟုတ်၊ အရည်အချင်း ရှိသည့်အပြင် လျောင်မိသားစုတွင် မွေးဖွားလာနိုင်သည်အထိ ကံကောင်းခြင်းကြောင့်သာ ဖြစ်ပေသည်။ 


လျောင်မုယဲ့က အမှန်တကယ် ကြိုးကိုင်သူ မဟုတ်သည့်အတွက် သူ မည်သို့ပင် ပြဿနာ ရှာပါစေ ရှဲ့ယွင်နန်က သူ့ကို တိုက်ခိုက်ခြင်း မပြုခဲ့။ သို့သော် ဤနှစ်များအတွင်း လျောင်မုယဲ့မှာ ယခင်ထက် ပိုမိုပြီး အထိန်းအကွပ် မဲ့လာကာ လျောင်မိသားစုသည်လည်း အလွန်အကျူး ထောင်လွှားမောက်မာလာခဲ့သည်။ 


ထို့အပြင် သူ့သက်တမ်းကလည်း ကုန်ဆုံးတော့မည် ဖြစ်ရာ ... သူ မသေခင် ဤပြဿနာကို မဖြေရှင်းနိုင်ပါလျှင် သူ့လူများ ကြိုးစားခဲ့သမျှအားလုံး ပြာမှုန်အဖြစ်သို့ လွင့်စင်ပပျောက်သွားမည် ဖြစ်သည်။ 


သူက အနာဂတ်မျိုးဆက်များအတွက် လေးစားလောက်စရာ ဂုဏ်သတင်းမျိုးကိုသာ ချန်ရစ်ခဲ့လို၏။ သူသာ ထိုလူကို ကြင်နာ‌သနားနေမိပါလျှင် အောက်ခြေရှိ အဖိနှိပ်ခံ လူတန်းစားကို သနားစာနာမည့်သူ ရှိတော့မည် မဟုတ်ချေ။


သူ့နောက် ဆက်ခံမည့်သူများသာ ချောမွေ့သည့် လမ်းကြောင်းကို ပိုင်ဆိုင်ရမည် ဆိုပါလျှင် သူ၏ လက်ကျန်သက်တမ်း အနည်းငယ်ကို အကြမ်းဖက် သတ်ဖြတ်ခြင်းဖြင့် ကုန်ဆုံးရ၍လည်း ပြဿနာ မရှိပေ။ သို့မှသာ သူလည်း စိတ်ဖြောင့်ဖြောင့်နှင့် သေဆုံးနိုင်မည် ဖြစ်သည်။ 


ယခု လျောင်မုယဲ့ သေဆုံးသွားပြီ ဖြစ်သည့်အတွက် သူ့နောက်မှ လူများ ထွက်ပေါ်လာပေတော့မည်။ 


ရှဲ့ယွင်နန်က ဤနှစ်များအတွင်း အခြေခံ အဆောက်အဦးများ တိုးတက်ရေးနှင့် လယ်ကွင်းများကို ပြန်လည်သိမ်းယူကာ မြင့်မြတ်မြို့တော်သားများကို လယ်ယာများ အခမဲ့ ထောက်ပံ့နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သောကြောင့် သာမန်လူတို့၏ နေထိုင်မှုအဆင့်အတန်း မြင့်မားလာခဲ့သည်။ 


တော်ဝင်မိသားစုက ထိန်းချုပ်ထားသည့် စက်ရုံများသည်ပင် အလုပ်သမားများကို လစာ အများအပြားပေးကာ ငှားရမ်းလာရတော့၏။ 


သာမန်လူတန်းစားများက ချောမွေ့သာယာသော ဘဝဖြင့် နေထိုင်နေကြရစဉ် မြင့်မြတ်မြို့တော်၏ အထက်တန်းလွှာများ အကြားတွင်မူ သွေးမုန်တိုင်းများ တိုက်ခတ်နေပြီ ဖြစ်သည်။ 


"ရှဲ့ယွင်နန်က ရူးနေတာ ..." 


"သူက ဘယ်လိုတောင် ငါတို့ကို ဆန့်ကျင်ရဲနေတာလဲ ..." 


"သူ သေမှကို ဖြစ်တော့မယ် ..." 


... 


ရှဲ့ယွင်နန်မှာ လုပ်ကြံသတ်ဖြတ်မှုများကို နေ့တိုင်းနီးပါး ကြုံတွေ့လာရတော့သည်။ 


ယခင်က သူသည် လုပ်ကြံသတ်ဖြတ်မှုများနှင့် ကြုံရလေတိုင်း ဥပဒေအသစ်ကို အတည်ဖြစ်စေရေးအတွက် အပြင်းအထန် လက်တုန့်မပြန်ခဲ့။ သို့သော် ယခုမူ ... 


သူ့ကို လုပ်ကြံသည့်သူ မည်သူ့ကိုမဆို ဆန့်ကျင်တိုက်ခိုက်လိုက်တော့သည်။ 


သူက ထိုသူများ၏ စကားအတိုင်း အမှန်တကယ်ကို ရူးသွပ်နေပြီ ဖြစ်သည်။ 


သေခါနီး အရူးတစ်ယောက်ကို လာရန်စရဲမှတော့ သေချာပေါက် ပြန်ပေးဆပ်ရမှာပေါ့ ... 


ယခုအချိန်တွင် ရှဲ့ယွင်နန်သည် မြင့်မြတ်မြို့တော်၏ အသန်မာဆုံး တိုက်ခိုက်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သော်ငြား ခန္ဓာကိုယ်မှာ အလွန်အကျွံ အသုံးပြုထားသည့်ဒဏ်ကြောင့် သူသာ ဂရုမစိုက်မိပါလျှင် အဆစ်များအားလုံး ပြုတ်ကျလာလုမတတ် ဖြစ်နေတော့သည်။ 


ဆရာဝန်များက သူ ဤမျှအထိ အသက်ရှည်နေခြင်းကပင်လျှင် အံ့ဩစရာ ကောင်းလွန်းနေပြီဟု တစ်ညီတစ်ညာတည်း တွေးမိခဲ့ကြသည်။ 


နောက်တစ်ကြိမ် လုပ်ကြံခံရသည့်အခါ ရှဲ့ယွင်နန်သည် သူ့လူများအား ထိုကိစ္စထဲသို့ ဆွဲမခေါ်တော့။ မြင့်မြတ်မြို့တော်အနီးရှိ တောတောင်များ ရှိရာသို့ ထွက်သွားကာ ရန်သူအားလုံးကို အပြင်းအထန် သတ်ဖြတ်ပြီးနောက် သူကိုယ်တိုင်ပါ လဲကျသွားတော့သည်။ 


ကြာမြင့်စွာ အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သူကိုယ်တိုင်လည်း သိထားပေသည်။ 


သူ၏ နီးကပ်လာသော သေခြင်းတရားအကြောင်း တွေးမိသည့်အခါ ရှဲ့ယွင်နန်က အနည်းငယ် နောင်တရမိလာတော့၏။ 


သူ့မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်... 


သူ သေသွားခဲ့ရင်တောင် သူ့လမ်းကြောင်းအတိုင်း ရှေ့ဆက်လျှောက်မယ့်လူတွေ ရှိလာအောင် ကြိုတင်ပြင်ဆင်ခဲ့မိတာ တော်သေးတယ် ပြောရမယ် ... 


ရှဲ့ယွင်နန်က မျက်လုံးနှစ်ဖက်လုံးကို တင်းတင်းမှိတ်ထားလိုက်ကာ ဟုန်ယဲ့မြို့ အစွန်အဖျား၌ ကျင်လည်ဖြတ်သန်းခဲ့သည့် သူ၏ ငယ်ဘဝနေ့ရက်များကို ပြန်လည် လွမ်းဆွ‌တ်တွေးတောလိုက်သည်။ 


ထိုအချိန်က သူ့ဘဝမှာ လှပချောမွေ့ခြင်း မရှိခဲ့သည့်တိုင် အမြဲ ပျော်ရွှင်နေခဲ့ရကာ ရှုပ်ထွေးပွေလီလှသည့် အကြောင်းကိစ္စများကို စိုးရိမ်နေရန်လည်း မလိုခဲ့ချေ။ 


"မ .. ‌မသေပါနဲ့ ..." 


သေလုဆဲဆဲ အချိန်တွင် ရှဲ့ယွင်နန်သည် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရကာ နွေးထွေးမှုတစ်ခုက သူ့ကို လွှမ်းခြုံသွားကြောင်းလည်း ခံစားမိလိုက်သည်။ 


မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ ဆံပင်များ ရှုပ်ပွနေလျက် အဝတ်စုတ်တစ်စကိုသာ ခြုံထားပြီး သူမတူလောက်အောင် ကြည်လင်သန့်ရှင်းသည့် အသားအရေပိုင်ရှင် လူငယ်လေးတစ်ဦးက သူ့အား ဝမ်းသာအားရ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


ထိုသူ၏ အကြည့်တို့မှာ လွန်စွာ ကြည်လင်လွန်းလှ၏။ ဟိုးယခင်ကတည်းက ရှဲ့ယွင်နန် ဆုံးရှုံးခဲ့ရသော အပြစ်ကင်းစင်မှုနှင့် လောကကြီးကို စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေပေသည်။ 


ရှဲ့ယွင်နန်က ထိုလူငယ်လေး၏ မျက်နှာကို ရင်းနှီးနေသယောင် ခံစားမိလိုက်သည်။ 


ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်ကာ အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ 


"သို့သို့လား ..." 


ဒီ အရူးလေးက ဘာလို့ ဒီကို ရောက်နေတာလဲ ... 


သူက သိလိုစိတ်တို့ဖြင့် ပြည့်နှက်နေသော်ငြား အရူးလေးကမူ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်အထိ ငိုကြွေးလိုက်တော့သည်။ 


ယခင်က စကားပင် မပြောနိုင်ခဲ့သည့် အရူးလေးက စကားတစ်လုံးချင်းစီကို ငိုရှိုက်ရင်း ပြောလာသည်။ 


"မသေပါနဲ့ .. မသေပါနဲ့လို့ ..." 


ရှဲ့ယွင်နန်ပင် ခပ်ဖွဖွ ရယ်မောမိသွားတော့သည်။ 


သူက ဘယ်လိုလုပ် မသေလို့ ရမှာလဲ သိပ်မကြာခင်ပဲ အသက်ထွက်တော့မယ့်ဟာကို ... 


ဒါပေမယ့် မသေခင် သူ့ကို အဖော်ပြုပေးတဲ့အပြင် ငိုပါ ငိုပေးတဲ့လူ တစ်ယောက်လောက် အနားမှာ ရှိနေတော့ ... ဒါဆိုရင်ကို လုံလောက်နေပါပြီ .... 


ရှဲ့ယွင်နန်၏ ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ သူ့တွင် စကားပြောရန် ခွန်အားမရှိ၊ မျက်လုံးများအား ဖွင့်ကြည့်ရန်ကပင်လျှင် ခက်ခဲလွန်းလှပေသည်။ 


မျက်လုံးများကို တစ်ဝက်ခန့် ဖွင့်ကာ ငိုနေသည့် အရူးလေးကို ကြည့်လိုက်သည်။


သူ့ဘဝတစ်လျှောက် အနိမ့်အမြင့် များစွာကို ကြုံတွေ့ဖူးသည့်အပြင် သူ ဆန္ဒရှ်ိခဲ့သမျှ အားလုံးနီးပါးကိုလည်း လုပ်ခဲ့ဖူးသည့်အတွက် ဖြတ်သန်းလာသည့် ကာလတစ်လျှောက်မှာ အလဟဿ မဖြစ်ခဲ့။ သို့သော် သူ သေပြီးနောက် အရူးလေးက မည်သည့်လုပ်ရပ်မျိုး လုပ်လိမ့်မည်ကိုမူ မည်သူမှ မသိနိုင်ချေ။ 


ဒါနဲ့ ဒီနေရာက အံ့ဖွယ်သားရဲတွေ ကျက်စားတဲ့နေရာ မဟုတ်လား အရူးလေးက ဘာလို့ ‌ဒီနား ရောက်နေတာလဲ ... 


ရှောင်ဟွားပြောတာတော့ အရူးလေးက အရမ်း ထူးခြားတယ်တဲ့ .. အဲဒီ့လိုဆိုရင်တောင် ... 


သွေးဆုံးရှုံးထား၍လား၊ ပြင်းထန်သော ဒဏ်ရာကြောင့်လေလားမသိ ရှဲ့ယွင်နန်မှာ တစ်ဖြည်းဖြည်း မူးဝေလာသည်။ 


ထိုစဉ် အရူးလေး၏ မျက်နှာက သူ့အနားသို့ တစ်ဖြည်းဖြည်း ကပ်လာကာ ... သူ့ကို ငုံ့နမ်းလိုက်သည်။ 


ရှဲ့ယွင်နန်၏ ကမောက်ကမဖြစ်နေသော အတွေးအားလုံး တည်ငြိမ်သွားကာ ချက်ခြင်း မျက်လုံးဖွင့်ကြည့်လိုက်မိတော့သည်။ 


မသေခင် အသားယူခံလိုက်ရတာလား ... အရူးလေး တစ်ယောက်စီကနေလေ ... 


အစောပိုင်းကသာ ဤသို့သော ဖြစ်ရပ်မျိုးကို ကြုံတွေ့ရပါလျှင် ရှဲ့ယွင်နန်သည် ကျိန်းသေ ဒေါသထွက်မိမည် ဖြစ်သည်။ သို့သော် ယခု သူက သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်နေရာ  ..  


အရူးလေးက အိုင်ကျူ သိပ်မကောင်းပေမယ့် ရုပ်ရည်ကတော့ တော်တော်လေးကို ကြည့်ကောင်းသားပဲ .. ဒါက အရမ်းကြီးတော့ မဆိုးလောက်ပါဘူး ဟုတ်တယ်မဟုတ်လား ... 


နူးညံ့လှသည့် နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းထက်သို့ ဖိကပ်လာချိန်တွင် ရှဲ့ယွင်နန်သည် ရွံရှာစိတ် မဖြစ်မိ။ 


အရူးလေးက အရမ်းကို ရိုးရှင်းလွန်းတာပဲ ... 


သို့သော် အရူးလေးက ကိုယ်ကို ထပ်ပြီး ငုံ့လာပြန်ကာ သူ့ကို ပွေ့ဖက်လိုက်သည်။ 


ရှဲ့ယွင်နန် "..." 


သူ့ရဲ့ ကျိုးပဲ့နေတဲ့ ခန္ဓာကိုယ်လေး ..  အရူးလေးသာ ဒီ့ထက်ပိုပြီး အားထည့်လိုက်ရင် တစ်စစီ ကျိုးပဲ့ပြီး သေတော့မှာပဲ ... 


နေပါဦး တစ်ခုခု မှားနေတယ်နော် ... 


ရှဲ့ယွင်နန်က သူ့ခန္ဓာကိုယ်မှာ တစ်စထက်တစ်စ တည်ငြိမ်လာကြောင်း သတိပြုမိလိုက်သည်။ 


နွေးထွေးမှုကိုပင် ခံစားမိလိုက်သေး၏။ 


အရူးလေးက သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ သူ့ခန္ဓာကိုယ်ထဲသို့ အားတစ်ခု စီးဆင်းလာပြီး အတွင်းပိုင်းကို အနွေးဓာတ်ပေးလာသည်။ 


သူက ထိုခံစားချက်ကို ရင်းနှီးနေပြီး ဖြစ်သည်။ ၎င်းမှာ ယဇ်ဆရာတစ်ဦး၏ ကုသမှုကို ခံယူနေရသကဲ့သို့ပင်။ 


သို့သော် စီနီယာအဆင့် ယဇ်ဆရာတစ်ဦး၏ ကုသမှုက သူ့အပေါ် သက်ရောက်မှု မရှိတော့သည်မှာ လွန်စွာ ကြာမြင့်နေပြီ ဖြစ်သည်။ 


ဒါဆို အရူးလေးက စီနီယာအဆင့် ယဇ်ဆရာလား ... 


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


ရှဲ့ယွင်နန်က ခေါင်းများပင် မူးနောက်လာကာ သူ၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်မှာလည်း အနည်းငယ် သက်သာလာသယောင် ခံစားမိလာသည်။ 


သို့သော် အရူးလေးက စီနီယာအဆင့် ယဇ်ဆရာ ဖြစ်သည့်တိုင် သူ့ကို ကယ်တင်နိုင်ရန် ခဲယဉ်းလွန်းလှသည်။ 


တစ်ခဏအကြာတွင် အရူးလေးထံမှ အနွေးဓာတ်များ ပျောက်ကွယ်သွားကာ အရူးလေးကလည်း မျက်နှာတစ်ခုလုံး ဖြူရော်လျက် သူ့ကို လွှတ်ပေးလိုက်တော့သည်။ 


ထိုစွမ်းအင်က သူ့ကို အသက်ဓာတ် အများအပြား ပေးခဲ့သော်ငြား ထိုအသက်ဓာတ်များကလည်း ခန္ဓာကိုယ်ထဲမှ အမြန် ထွက်ခွါသွားခဲ့သည်။ 


ပြီးခဲ့သည့် နှစ်နှစ်ခန့်က ဆရာဝန်က သူ့ကို ယဇ်ဆရာအကြီးအကဲက ကုသပေးလျှင်ပင် နည်းလမ်းမရှိနိုင်ဟု ပြောခဲ့ဖူးသည်။ 


ယခုကဲ့သို့ အပြင်းအထန် ဒဏ်ရာရကာ သေအံ့ဆဲဆဲ အခြေအနေတွင်မူ ပြောနေရန်ပင် မလိုတော့ချေ။ 


1.2.1