Chapter 101
Extra 1.1.2
"သူက ဒီနှစ်တွေထဲ ဘယ်လို နေခဲ့လဲ ..."
သူက ရှချင်ကို မေးလိုက်သည်။
ရှချင်က ပြန်ဖြေလိုက်သည်။
"ရှင်က သူ့ကို ဂရုစိုက်ဖို့ဆိုပြီး ရှောင်ဟွားကို တစ်ခါ ခိုင်းခဲ့ဖူးသေးတယ်လေ .. သူက အဆင်ပြေပြေ လုပ်နေပါတယ် ..."
ရှောင်ဟွားမှာ အံ့ဖွယ်သားရဲတို့ ကျူးကျော်ခြင်း မပြုမီ ရှဲ့ယွင်နန် သိကျွမ်းခဲ့သည့် မိန်းကလေးတစ်ဉီးဖြစ်ကာ သူမ၏ အဖော်သားရဲမှာ အဝါနှင့် အဖြူ နှစ်ရောင်စပ် ကြောင်တစ်ကောင် ဖြစ်သည်။ အားလုံးက သူမကို ရှောင်ဟွားဟုသာ ခေါ်ကြ၏။
သူမသည် ရှဲ့ယွင်နန် နေထိုင်ရာ မြို့အနီး .. စွန့်ပစ်ဒေသရှိ ကလေးများ၏ ဘုရင်တစ်ပါးနှယ်။ ထိုနေရာရှိ ကလေးများက သူမ၏ စကားကိုသာ နားထောင်ကြကာ သူမကလည်း ရှဲ့ယွင်နန်၏ စကားကို နားထောင်ပေသည်။ သူ့ကြောင့်သာ မဟုတ်ပါလျှင် ထိုစဉ်က သူမတို့အားလုံး အံ့ဖွယ်သားရဲတို့၏ အစာ ဖြစ်သွားကြမည် ဖြစ်သည်။
ရှောင်ဟွားက ရှဲ့ယွင်နန်ကို အလွန် ကျေးဇူးတင်မိသည့်အတွက် ကျေးဇူးပြန်ဆပ်လိုသောကြောင့် သူ ခေါ်လာသည့် အရူးလေးကို အသေအချာ ဂရုစိုက်ပေးခြင်းဖြင့် ကောင်းမွန်စွာ ကြီးပြင်းစေခဲ့သညိ။
"ကောင်းတယ် ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။ ထို့နောက် သူ့ဘောင်းဘီစမှာ နောက်တစ်ကြိမ် အဆွဲခံလိုက်ရပြန်၏။
ဆွဲနေသူမှာ ထိုအရူးလေးပင် ဖြစ်သည်။ သူက ကန်စွန်းဥခြောက် တစ်ခုကို ထုတ်ကာ သူ့ကို ပေးလိုက်သည်။
ရှဲ့ယွင်နန်က ကြောင်အသွားတော့သည်။
ထိုအရူးလေးမှာ အလွန်ကြည့်ကောင်းသည့် မျက်နှာကို ပိုင်ဆိုင်ထားသည့်တိုင် ခန္ဓာကိုယ်မှာမူ လွန်စွာ ပိန်လှီလွန်းလှသည်။ သူ့ပုံစံမှာ အစားကို ကောင်းကောင်းမစားသည့်ဟန်ပင်။ ဝဝလင်လင် စားသောက်ရပုံလည်း ပေါ်မနေချေ။
သူ့အင်္ကျီထဲမှ ထုတ်လာသည့် ကန်စွန်းဥခြောက်ကို အဝတ်စတစ်စဖြင့် ပတ်ထား၏။ သူက ထိုကန်စွန်းဥခြောက်ကို အလွန် တန်ဖိုးထားဟန်ပင်။ သူ့လက်ထဲသို့ ထည့်ပေးသည့်တိုင် အရူးလေးက ထိုကန်စွန်းဥခြောက်ကို ကြည့်ရင်း တံတွေးမျိုချနေဆဲ ဖြစ်သည်။
စားစရာ လုံလုံလောက်လောက် မရှိတာတောင် သူ့ကို ကန်စွန်းဥခြောက် ပေးချင်နေတုန်းလား ...
"ဘော့စ် သူက ရှင့်ကို အရမ်း သဘောကျနေတာ ထင်တယ် .. စောင့်ရှောက်ရေးအဆောင်နံရံမှာ ရှင့်ပုံတူတစ်ချပ် ရှိတယ် မဟုတ်လား သူက တစ်ခါတစ်လေဆို အဲဒီ့အရှေ့မှာ ရပ်ပြီး ပုံတူကို တစ်နေကုန် ထိုင်ကြည့်နေတာ ..."
ရှချင်က ထပ်ပြောလိုက်သည်။
ရှဲ့ယွင်နန်က သူ လုပ်ခဲ့သည့် လုပ်ရပ်များမှာ အလွန် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိလာ၏။ သူက ကလေး၏ ခေါင်းကို ထိကိုင်ကာ သဘောတကျ ရယ်မောလိုက်သည်။
"ငါ့မှာ စားစရာ ရှိတယ် မင်းအနေနဲ့ ပေးဖို့ မလိုအပ်ဘူး ဟုတ်ပြီလား ..."
ထို့နောက် သူက အသားခြောက်အချို့ကို ထုတ်ကာ ထိုကလေး၏ အင်္ကျီထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ဒါကို ယူသွားပြီး စားလိုက် ..."
ကလေးက သူ့စကားကို နားမလည်သည့်ဟန်။ ကန်စွန်းဥခြောက် ကိုင်ထားသည့် လက်ကို မြှောက်ကာ နောက်တစ်ကြိမ် ထပ်ပေးလိုက်ပြန်သည်။
ရှဲ့ယွင်နန်က တစ်ခဏမျှ တွေးပြီးနောက် ထိုကန်စွန်းဥခြောက်ကို ယူကာ တစ်ကိုက်ကိုက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ..."
ထိုအခါမှ ကလေးက ပြုံးပြလာတော့သည်။ သူ့မျက်ခုံးနှင့် အကြည့်တို့မှာ ပြောမပြတတ်လောက်အောင်ပင် သန့်စင်ကာ ချစ်စရာကောင်းလှပေသည်။
"ရှချင် သူ့ကို ပြန်ပို့ပေးလိုက်တော့ ..."
ရှဲ့ယွင်နန်က ထိုသို့ ပြောကာ ကားထဲ ပြန်ဝင်သွားလိုက်သည်။
သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေတုန်းပဲ ...
ထိုသို့ဖြင့် ရှဲ့ယွင်နန်သည် ထိုကလေးကို နောက်ထပ် ခြောက်နှစ်ကြာမှသာ ပြန်တွေ့လိုက်ရတော့သည်။
ပြီးခဲ့သည့် ခြောက်နှစ်အတွင်း ပိုင်ယဲ့က အကြီးအကဲပိုင်၏ ငယ်သားများကို ခေါ်လာကာ ရှဲ့ယွင်နန်နှင့် ပူးပေါင်းစေခဲ့သည်။ ထိုစဉ် မြင့်မြတ်မြို့တော်ရှိ အဆင့်မြင့် ယဇ်ဆရာနှစ်ဦးကလည်း အချင်းချင်း တိုက်ခိုက်ကြရင်း အင်အား လျော့နည်းလာသည့်အတွက် ရှဲ့ယွင်နန်က ထိုအခြေအနေကို အခွင့်ကောင်းယူကာ မြင့်မြတ်မြို့တော်သို့ ဝင်ရောက်လာခဲ့သည်။
၎င်းမှာ မလွယ်ကူလှ။ သူက မြင့်မြတ်မြို့တော်တွင် လုပ်ကြံသတ်ဖြတ်မှုနှင့် ကြုံရကာ သေလုမတတ် ဖြစ်သွားခဲ့သည်။
မြင့်မြတ်မြို့တော်၏ အင်အားစု အများအပြားကလည်း သူ့ကို ဆန့်ကျင်ကြသည်။ ထိုလူများကသာ သူ့ဒဏ်ရာအကြောင်း သိသွားပါလျှင် လုပ်ကြံကြမည့် လူဉီးရေမှာ ယခုထက်ပင် ပိုမို များပြားလာပေလိမ့်မည်။
ရွေးချယ်စရာ မရှိတော့သည့် လုရှောင်ရန်က သူ့ကို ဟုန်ယဲ့မြို့သို့ တိတ်တဆိတ် လွှဲပြောင်းပေးကာ အားမွေးစေလိုက်သည်။
သူ ဟုန်ယဲ့မြို့တွင် ပြန်လည်အားမွေးနေကြောင်းကို လူနည်းစုကသာ သိထားပေသည်။ ရှချင်က သူ့ကို အိမ်အသေးတစ်လုံးတွင် နေရာချပေးကာ ပြုစုစောင့်ရှောက်ရန်အတွက် ယုံကြည်ရသူ အနည်းငယ်ကို စီစဉ်ပေးခဲ့သည်။ ထိုသူများအနက် ရှောင်ဟွားလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
နှစ်ကာလများ တစ်ဖြည်းဖြည်း ကုန်ဆုံးလာကာ သူမ၏ အဖော်သားရဲသေးသေးလေးကို ထုတ်ပြလေ့ရှိသည့် ကောင်မလေးမှာလည်း ပိန်ပိန်သွယ်သွယ် မိန်းမငယ်လေးအဖြစ်သို့ ကြီးပြင်းလာတော့သည်။
သူမက အလွန် လုပ်ရည်ကိုင်ရည် ပြည့်ဝကာ သူမ၏ စောင့်ရှောက်မှုအောက်သို့ ရောက်နေသည့် ရှဲ့ယွင်နန်ကို အတင်းအကြပ်ပင် ဆေးလိပ်ဖြတ်စေခဲ့သည်။
ရှဲ့ယွင်နန်အနေဖြင့် ဆေးလိပ်ကို မဖြတ်နိုင်ခြင်း မဟုတ်၊ ဖြတ်လိုသည့်ဆန္ဒ ရှိမနေခြင်းသာ ဖြစ်ပေသည်။ သူ့တွင် အခြားဝါသနာများ ရှိမနေ၍ ဆေးလိပ်သောက်နေခြင်း ဖြစ်ရာ ...
တစ်နေ့ .. သူ ရှောင်ဟွားကို ပုန်းကာ နောက်ဖေးခြံဝင်းထဲ၌ တိတ်တိတ်လေး ဆေးလိပ်ခိုးသောက်နေစဉ် နီမြန်းသောနှုတ်ခမ်း၊ ဖြူဖွေးသော သွားများကို ပိုင်ဆိုင်ထားသည့် ဆယ်နှစ်အရွယ် ကလေးတစ်ဦး အပြင်ဘက် ခြံစည်းရိုးအား တွယ်တက်နေသည်ကို တွေ့လိုက်ရသည်။
နှစ်ဦးသား အကြည့်ချင်း ဆုံမိသွားသည့်အခါ ထိုကလေးက သူ့ကို တောက်ပသည့် အပြုံးခပ်ကြီးကြီးတစ်ပွင့်ကို ပေးလိုက်သည်။
ရှဲ့ယွင်နန်ကလည်း ပြန်ပြုံးပြလိုက်ကာ ထိုကလေးကို အနည်းငယ် ရင်းနှီးနေသယောင် ခံစားမိလိုက်သည်။
ထို့နောက် ရင်းနှီးနေရသည့် အကြောင်းကို အမြန် မှတ်မိသွားတော့သည်။ ခြံစည်းရိုးပေါ်မှ ခုန်ချလိုက်ပြီးနောက် မျက်နှာတစ်ခုလုံး ရှင်းသန့်နေသည့်တိုင် ပေရေနေသော အဝတ်အစားများနှင့် ထိုကလေးက သူ့ဆီသို့ ပြေးလာကာ ကန်စွန်းဥခြောက်ကို ပေးလိုက်သည်။
"မြို့အရှင် ဆေးလိပ်တွေ ခိုးသောက်နေပြန်ပြီလား ... အာ .. သို့သို့လား ..."
ဒီကလေးရဲ့ နာမည်က သို့သို့တဲ့လား ...
ရှဲ့ယွင်နန်က ဆေးလိပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ ကျန်လက်တစ်ဖက်က ကန်စွန်းဥခြောက်ကို ဆွဲယူရင်း ရှောင်ဟွားကို ပြောလိုက်သည်။
"ငါက ဆေးလိပ်သောက်နေတာ မဟုတ်ပါဘူး သူနဲ့ စကားပြောနေတာ ... သူ့နာမည်က သို့သို့လား ..."
"ဟုတ်ကဲ့ ကျွန်မ သူ့ကို သို့သို့လို့ နာမည်ပေးထားတာပါ ..."
ရှောင်ဟွားက ပြောလိုက်သည်။
"သူက ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ ..."
ရှဲ့ယွင်နန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူ ပြန်လည်ထူထောင်ရေး လုပ်နေသည့် နေရာမှာ အနားသို့ ကပ်လာရန်ပင် မလွယ်ကူ။ ထို့အပြင် ဤရက်ပိုင်းအတွင်း ရှောင်ဟွားကလည်း အပြင်သို့ တစ်ကြိမ်မှ မထွက်ခဲ့ဖူးရာ ...
"ကျွန်မလည်း မသိဘူး သို့သို့က ရွာရိုးကိုးပေါက် လျှောက်သွားနေတာ တစ်ခြားလူတွေ မဝင်နိုင်တဲ့ နေရာမျိုးကအစ သူ ဝင်နိုင်တယ်လေ ဒါပေမယ့် မြို့အရှင် သို့သို့မှာ ဘာ မကောင်းတဲ့ အကြံအစည်မှ မရှိပါဘူး သူက ရှင့်ကို အများကြီး အများကြီးကို စဘောကျနေခဲ့တာပါ ..."
ရှဲ့ယွင်နန်၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို လျှို့ဝှက်ထားရန် လိုအပ်ရာ ရှောင်ဟွားက ထိုအစောင့်များ သို့သို့ကို ထိခိုက်အောင် လုပ်လိုက်မည်ကို စိုးရိမ်သဖြင့် အမောတကော ရှင်းပြလိုက်သည်။
"သုက ရူးနေတာပါ စကားလည်း မပြောတတ်တော့ ဒီမှာ ဖြစ်ပျက်သမျှကို ဘာတစ်ခွန်းမှ ထုတ်ပြောနိုင်မှာ မဟုတ်ပါဘူး ..."
ရှဲ့ယွင်နန်ကလည်း ထိုအရူးလေးတွင် မကောင်းသည့် အကြံအစည်မျိုး မရှိကြောင်း သိထားသော်လည်း သူ၏ ဘေးကင်းလုံခြုံရေးမှာ အဓိကထား စိုးရိမ်ရမည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။ ထို့အပြင် သူ့ကို ကာကွယ်ရန် တာဝန်ရှိသူကလည်း ရောက်လာနေပြီ ဖြစ်ရာ ...
သို့သို့က စီးကရက်ကို တင်းတင်းဆုပ်ထားသည့် သူ့လက်များအား ဆွဲဖွင့်ရန် ချဉ်းကပ်လာသည်။ ထို့ကြောင့် ရှဲ့ယွင်နန်လည်း လက်ထဲတွင် ဆုပ်ကိုင်ထားသည့် မီးညှိလက်စ ဆေးလိပ်ကို လွှင့်ပစ်ကာ လက်ဖဝါးတွင် အပူလောင်ခြင်း မရှိကြောင်း ပြလိုက်ရင်း သူ့ကို ကာကွယ်ခဲ့သူကို ပြောလိုက်သည်။
"ကလေးက ဒီတောင် ရောက်လာပြီ ဆိုမှတော့ သူ့ကို ဒီမှာပဲ နေခိုင်းလိုက်တော့ ..."
ထိုအရူးလေးမှာ အလွန် ပိန်လှီနေဆဲပင်။ သူ့ကို စောင့်ရှောက်မည့် ရှောင်ဟွားသာ မရှိပါလျှင် အစားပင် ဝဝလင်လင် စားနိုင်မည် မဟုတ်ချေ။
သူ့ကို ဒီမှာ နေခိုင်းပြီး ပျိုးထောင်လိုက်တာလည်း မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ...
ပြီးတော့ ဒီမှာ နေခိုင်းလိုက်တော့ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ သတင်းတွေ အပြင်ကို ပျံ့သွားမှာလည်း စိုးရိမ်နေစရာ မလိုတော့ဘူး ...
ထိုသို့ဖြင့် အရူးလေးကပါ ထိုနေရာတွင် နေလိုက်ရတော့သည်။
ရှဲ့ယွင်နန်၏ လူများက ထိုအရူးလေး အပြင်သို့ ထွက်ပြေးကာ သတင်းများအား ဖြန့်လိုက်မည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် အစပိုင်းတွင် သူ့ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခဲ့ကြသေးသော်လည်း ထိုကလေးက လုံးဝ ထွက်ပြေးခြင်း မရှိခဲ့ချေ။
ထွက်ပြေးရန် မဆိုထားနှင့်၊ သူက ရှဲ့ယွင်နန်၏ အနားမှ တစ်ဖဝါးပင် မခွါ။ အမြဲ နောက်မှ တကောက်ကောက် လိုက်နေတတ်သည်။
အစောပိုင်းတွင် သူက ရှဲ့ယွင်နန်၏ မျက်နှာကိုသာ မမှိတ်မသုန် စိုက်ကြည့်နေတတ်သည်။ နေ့ရက်များစွာ ကုန်ဆုံးပြီးနောက် ရှဲ့ယွင်နန်ကို ဂရုတစိုက် ပြုစုပေးရန် သင်ယူတတ်လာပြီး သူ့အတွက် လက်ဖက်ရည်နှင့် ရေများပင် ယူလာပေးတတ်လာတော့သည်။
ရှဲ့ယွင်နန်၏ လူများကလည်း သူ့ကို တစ်ဖြည်းဖြည်း လက်ခံလာကာ ရှဲ့ယွင်နန်အနားသို့ ချဉ်းကပ်ခြင်းကို ခွင့်ပြုစ ပြုလာကြတော့သည်။
ဤသို့သော ကလေးမျိုးမှာအကယ်၍ ရူးမနေခဲ့သည့်တိုင် ဘဝကို အခြားသူများထက် ပိုပြီး ပင်ပန်းစွာ ဖြတ်သန်းရမည့် ကံကြမ္မာ ပါနေသည့်ဟန်။
ဆေးပြန်စည်းရမည့် အချိန်သို့ ရောက်သည့်အခါ ရှဲ့ယွင်နန်က သူ့ကိုယ်ပေါ်ရှိ ပက်တီးများကို ဖြည်ချလိုက်ကာ ဆေးလိမ်းပေးမည့်လူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာမှာ လွန်စွာ ကြောက်စရာကောင်းလှသည့်အပြင် ထိုဒဏ်ရာ၏ ဘေးတွင်လည်း ဤနှစ်များအတွင်း ရထားခဲ့သည့် အမာရွတ်များစွာ ရှိနေသေး၏။
သူ့ကို ကုသပေးနေသည့် ဆရာဝန်မှာ မျက်နှာတစ်ချက်ပင် ပျက်မသွားသော်ငြား ရှောင်ဟွား၏ မျက်လုံးတို့မှာမူ နီရဲနေတော့သည်။
၎င်းကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်က ပြောလိုက်သည်။
"မငိုပါနဲ့ ငါ ဘာမှ မဖြစ်ဘူး ..."
ဆရာဝန်က ပြောလိုက်သည်။
"မြို့အရှင် ဘယ်လိုလုပ် အဆင်ပြေရမှာလဲ အခု အရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းကို အခြေအနေ ဆိုးနေတာလေ ကုသပေးမယ့် စီနီယာအဆင့် ယဇ်ဆရာကိုသာ ရှာမတွေ့နိုင်ရင် အရှင် ..."
ရှဲ့ယွင်နန်က လှောင်ရယ်လိုက်သည်။
"ဘယ်တစ်ယောက်လဲ ဘယ်လို စီနီယာအဆင့် ယဇ်ဆရာက ငါ့ကို ကုသပေးမှာတဲ့လဲ ..."
သူတို့က ကုသပေးချင်တယ် ဆိုဦးတောင် သူက ကုသမှုကို မခံရဲပါဘူး ...
"ဒါဆိုလည်း ရှေ့လျှောက် တိုက်ပွဲတွေထဲမှာ မပါပါနဲ့တော့ မဟုတ်ရင် ..."
ဆရာဝန်မှာ အတော်လေး စိတ်ပူနေသည့်ပုံပင်။
ရှဲ့ယွင်နန်ကလည်း သူ့ဆိုလိုရင်းကို သဘောပေါက်ပေသည်။
ဤအတိုင်းသာ ဆက်သွားနေပါလျှင် အသက် တစ်ရာကျော် နေရန် မဆိုထားနှင့်၊ အနှစ်ငါးဆယ် ပြည့်အောင်ပင် နေနိုင်တော့မည် မဟုတ်ချေ။
သို့သော် သူက ဤအထိပင် ရောက်လာပြီးနေပြီဖြစ်ရာ မည်သို့မှ အရှုံးမပေးနိုင်။
ယခုမူ သူ့အနေဖြင့် ဆက်ခံသူတစ်ဦး ပျိုးထောင်ရတော့မည့်ပုံပင်။
ထိုသို့ တွေးပြီးနောက် ရှဲ့ယွင်နန်က မျက်ခုံးနှစ်ဖက်ကကြားကို လက်ဖြင့် ဖျစ်ညှစ်လိုက်သည်။
ထိုစဉ် သူ့ဘေးနားတွင် ရပ်နေသော အရူးလေးကို တွေ့လိုက်၏။
အရူးလေးက သူ့ဗိုက်က ဒဏ်ရာကို ကြည့်နေကာ မျက်လုံးတစ်ခုလုံးလည်း မျက်ရည်များဖြင့် ရစ်သိုင်းနေသည်။
တစ်နေကုန် ပြုံးနေတတ်သည့် အရူးလေးမှာ ဤသို့လည်း ငိုကြွေးတတ်လိမ့်ဦးမည်ဟု လုံးဝ ထင်မထားမိခဲ့ချေ။
ရှဲ့ယွင်နန်က သက်ပြင်းချလိုက်သည်။
အရူးလေးက သူ့ကို တကယ်ကြီးကို သဘောကျနေတာ ဒီလိုမျိုး သန့်စင်တဲ့ မေတ္တာဓာတ်က တကယ်ကို ရင်ထဲ ထိရှစေတာပဲ ...
သူ့မှာသာ အန္တရာယ်တွေ ပတ်လည်ဝိုင်းမနေရင် ဒီအရူးလေးကို သားအဖြစ် မွေးစားလိုက်ပြီ ...
ဒါပေမယ့် သူက အမြဲတမ်း လုပ်ကြံသတ်ဖြတ်တာတွေနဲ့ ကြုံတွေ့နေရတော့ သူ့နောက်ကို လိုက်လာခိုင်းဖို့က အရမ်း အန္တရာယ် များလွန်းတယ် ...
ဤတစ်ကြိမ်တွင် ရှဲ့ယွင်နန်က နှစ်လတိုင် အနားယူခဲ့သည်။ နှစ်လကြာပြီးနောက် သူ့ဒဏ်ရာများ အပြည့်အဝ ပြန်လည်သက်သာလာချိန်တွင် ရုတ်တရက် ဖြစ်ပေါ်လ
ာသည့် မတော်တဆမှုကြောင့် ဟုန်ယဲ့မြို့မှ ထွက်ကာ မြင့်မြတ်မြို့တော်သို့ ပြန်သွားလိုက်ရတော့သည်။
ထွက်သွားချိန်တွင် အရူးလေးအား ဂရုစိုက်ပေးရန် ရှောင်ဟွားကို ငွေအနည်းငယ် ပေးခဲ့သေးသည်။