အပိုင်း ၇၅
Viewers 23k

🐹အခန်း ၇၅

ဝူယိလေးစခန်းပြန်ရောက်ပါပြီ



“ ဒါဆို ငါတို့အဝေးရောက်နေတုန်းမှာ ရှောင်ဝူက အိုင်ဒေါတစ်ယောက် ဖြစ်လာတာပေ့ါ… အခုဆိုရင် ဝမ်ချီရဲ့စွမ်းရည်က ဘော့စ်နဲ့ယှဉ်လိုက်ရင် ဘယ်လောက်တောင် အရှေ့ရောက်နေမလဲဆိုတာ ငါသိချင်မိသား…”


“ ဒီလိုဆိုရင် ငါလည်းဘော့စ်ကို ဖိနှိပ်ထားမယ်လေ… ငါသေချာပေါက်အနိုင်ရမှာပါ…” 


နင်ဖုန်းမှ တက်ကြွစွာလက်ကိုမြောက်၍ပြောလာသည်။ 


“ ဘော့စ်မှာစွမ်းရည်နှစ်မျိုးရှိပြီး တတိယအဆင့် စွမ်းရည်ပိုင်ရှင်တစ်ယောက်ဖြစ်ပေမယ့် ငါအဲ့သည့် မမြင်ရတဲ့လက်တွေကို အပြည့်အဝချေမှုန်းပစ်လိုက်မယ်…”


နျဲ့ရှောင် ထိုစကားကိုကြားရချိန်တွင် ရုတ်တရက်ဆိုသလို တမျိုးတဖုံ ကူကယ်ရာမဲ့လာသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့မရောက်သေးခင်အချိန်တွင်း ကားထဲတွင်ရှိနေကြသူများမှာ စတင်၍ လောင်းကြေးစားကြေးများ ခေါ်လိုက်ကြသည်။ ရှောင်ဝူယိမှာမူ နားထောင်ရင်းဖြင့် တခစ်ခစ်ရယ်နေကာ တစ်ယောက်ပြီးတစ်ယောက် နျဲ့ရှောင်ထံသို့ မဲအများအပြားပေးလိုက်ကြသည်။


“ ပေါင်ပေါင်းလည်း ဒယ်ဒီ့အတွက်မဲပေးမှာ…”


“ အတတ်ကလေး…” 


နျဲ့ရှောင် ရှောင်ဝူယိ၏ခေါင်းလေးကိုပွတ်ပေးလိုက်ပြီးနောက် သွမ့်ဝမ်ယွီတို့နှင့်ဆက်လက်၍ စခန်းအတွင်း ရိက္ခာမလုံလောက်ခြင်းကိစ္စကို ဆွေးနွေးလိုက်သည်။ ထိုကဲ့သို့အခြေအနေများမှာ ဟိုင်ချန်တွင်သာမက တိုတောင်းလှသောအချိန်အတွင်း အဓိကကုန်းမြေပေါ်တွင်လည်း စတင်ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့မျှော်လင့်မထားမိကြပေ။ 


သွမ့်ဝမ်ယွီ၊ ဒေါက်တာဝေ့ဟန်မင်နှင့် သူ၏အနားရှိ သိပ္ပံပညာရှင်များမှာ စတင်၍ အလေးအနက်ထား ပြောဆိုလာကြသည်။ ဤကဲ့သို့ ရိက္ခာပြသနာမျိုးကို အတတ်နိုင်ဆုံး အမြန်ဖြေရှင်းသင့်ပေသည်။ မဟုတ်ပါက သူတို့ဝေးလံသော နေရာများတွင်ပါ အထောက်အပံ့ပစ္စည်းများကို လုံလောက်အောင် မရှာဖွေနိုင်သည့်အချိန်သို့ ရောက်လာပါက လက်ရှိပေါင်းစည်းထားပြီး လိုက်ဖက်ညီမျှနေသော အခြေစိုက်စခန်း၏ ဆက်ဆံရေးအခြေအနေမှာ သေချာပေါက် ပြိုကွဲသွားပေလိမ့်မည်ပင်။


ထိုပြသနာမှာ ဝူယိအခြေစိုက်စခန်းတွင်သာမက မြို့တော်အခြေစိုက်စခန်း၊ လန်ချန်၊ ဟာပင်းနှင့် အခြားအခြေစိုက်စခန်းများတွင်လည်း လက်ရှိကြုံတွေ့နေရသော အခြေအနေတစ်ခုဟု ယူဆနိုင်သည်။


“ ထုတ်လုပ်ရေးကို ပြန်လည်ထူထောင်တာက ငါတို့အသက်ရှင်သန်ရေးမှာ လိုအပ်တဲ့အရာတွေအတွက် အဓိကသော့ချက်ပဲ… ငါတို့ ဟိုင်ချန်က ပရော်ဖက်ဆာမုန့်လိုမျိုး အပင်စွမ်းရည် အသုံးပြုနိုင်တဲ့သူတွေကို စုစည်းရလိမ့်မယ်… အနည်းဆုံးတော့ ရိက္ခာအတွက်လိုအပ်တာတွေကို လုံလောက်အောင်လုပ်နိုင်ဖို့ပေါ့…” 


ဒေါက်တာဝေ့ ပြောလာသည်။


“ လယ်ယာမြေအချို့ကိုလည်း ထူ‌ထောင်ဖို့ အမှန်တကယ်ဖြစ်နိုင်ခြေရှိဦးမယ်…”


နျဲ့ရှောင်နှင့် အခြားသူများမှ အလုပ်ကိစ္စများအကြောင်း စပြောလာသည်ကိုကြည့်ကာ ထိုအချိန်တွင် ရှောင်ဝူယိနှင့် နင်ဖုန်းတို့အဖွဲ့မှာ မည်သည့်ဆူညံသံကိုမှ မထွက်ရဲတော့ပေ။ သူတို့နာနာခံခံဖြင့်ထိုင်ကာ စကားသံများကို တိုးလိုက်ကြသည်။


လျိုကန်းသည်လည်း တစ်ဖက်တွင် တိတ်တဆိတ်ထိုင်နေခဲ့သည်။ သူသည် လီချီနှင့်အတူ ထရပ်ကားထဲတွင် အဖော်လိုက်လာပေးသည့် လက်ထောက်ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ သူ၏အသက်မှာ သုံးဆယ်ခန့်ရှိပြီး ခပ်ပြည့်ပြည့်ပုံစံမျိုးရှိသည်။ သူသည်လည်း ဝူယိအခြေစိုက်စခန်းသို့ နောက်ကျမှ ဝင်ရောက်ခဲ့သူဖြစ်ကာ ယခင်အချိန်များတွင် သူ၏စွမ်းရည်များမှာ အလွန်အင်အားကြီးသည်ဟု အမြဲလိုထင်နေမိခဲ့ပြီး အချိန်တခုခန့်အထိ ဂုဏ်မောက်နေမိခဲ့သည်။ သူ ဝူယိအခြေစိုက်စခန်းသို့ ဝင်ရောက်ပြီး အနည်းငယ်ခံစားလာရသည့် အချိန်မှသာ အပြင်ကမ္ဘာရှိလူများမှာ မိုးကောင်းကင်ကဲ့သို့ စွမ်းအားကြီးကြသည်ဟု အသိအမှတ်ပြုလိုက်ရသည်။ သူ့အတွက် လီချီနှင့် အတွဲညီစေရန် သူ၏တွဲဖက်ဟူသောနေရာမှ ယခုလက်ထောက်ခေါင်းဆောင်သို့ ရောက်အောင် အချိန်အတန်ကြာ ယူလိုက်ရလေသည်။


နျဲ့ရှောင်နှင့် ကျန်သူများအကြောင်းကို ယခင်ကကြားခဲ့ဖူးသော်လည်း လက်တွေ့တွင် မြင်တွေ့ဖူးခြင်းမရှိခဲ့ပေ။ သို့သော်လည်း သူ၏အရှေ့တွင် ထိုင်နေသူများ၏ စိတ်နေစိတ်ထားများကို ကြည့်ရုံဖြင့် ထိုသူများမှာ အလွန့်အလွန် သန်မာကြကြောင်းကို ပြောနိုင်နေသည်။ ထိုသူများမှာ ဟိုင်ချန်မှနေ၍ အန္တရာယ်ကင်းကင်း ပြန်လာကြပြီး မည်သည့်လေပြင်းမှ တိုက်ခတ်မခံရသည့် ပုံပန်းသဏ္ဌာန်မျိုးရှိနေကြကာ ဤကဲ့သို့ပုံစံမျိုးကို ထိန်းထားနိုင်ရန် မည်မျှကြောက်စရာကောင်းလောက်အောင် သန်မာကြမည်ဟု လျိုကန်း စိတ်ပင်မကူးရဲချေ။ သူတို့ကြားထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ရှိနေစေကာမူ သူတို့အပေါ်အထင်မသေးရဲပါ။


ကမ္ဘာပျက်ကပ်ထဲတွင် တားမြစ်အထားဆုံးအရာမှာ လူများကို သူတို့၏ ပုံပန်းသွင်ပြင်ဖြင့် မဆုံးဖြတ်ရန်ဖြစ်သည်။ အဆုံး၌ ယခင်အချိန်များတွင် သူအညှာအတာကင်းမဲ့စွာ ဖောက်ပြန်ခံရဖူးသောကြောင့် လျိုကန်းအတွက် ထပ်မံ၍ ချစ်သူကောင်မလေးရှာလိုခြင်း မရှိတော့ပေ။


စကားစမြည် ပြောဆိုနေကြစဉ်အတွင်း လီချီနှင့် လျိုကန်းတို့၏ ခါးမတ်ကာ တောင့်တောင့်ကြီးထိုင်နေကြပုံကို မြင်သွားကြသည့် ရှောင်ဝူယိနှင့် နင်ဖုန်းတို့မှ မနေနိုင်တော့ဘဲ စတင်၍ စပ်စုရင်းဖြင့် စကားဝိုင်းတစ်ခုကို အစပျိုးလိုက်သည်။ သူ၏အသံကပင် အလွန်နူးညံ့ချိုသာစွာရှိကာ မေးလိုက်သည်။ 


“ ခင်ဗျားတို့နှစ်ယောက်မှာက ဘယ်လိုစွမ်းရည်မျိုးရှိတာလဲဟင်…”


အခေါ်ခံလိုက်ရသည့် လီချီမှာ ချက်ချင်းဆိုသလို သတိပြန်ဝင်လာခဲ့သည်။ ရှောင်ဝူယိ၏ ကြည်လင်နေသော မျက်လုံးများနှင့် အပြစ်ကင်းစင်သောအပြုံးကိုကြည့်ကာ သူ၏နှလုံးသားမှာ အိုက်ယိုး အိုက်ယိုးဟုပင် ထအော်မိလုမတတ် ဖြစ်သွားရသည်။ အနှီသူမှာ အမှန်တကယ်ကိုပင် သူတို့အခြေစိုက်စခန်း၏ နတ်သားငယ်လေးဟူသည့်ဘွဲ့ဖြင့် ထိုက်တန်လှပေသည်။


“ ရှောင်‌ဘော့စ် ဝူယိ… ကျွန်တော်က ကြိုးကြာနီဆိုတဲ့ မီးမူကွဲစနစ်သုံးတဲ့ သူတစ်ယောက်ပါ… ခွန်အားကတော့သာမန်ပါပဲ…” 


လီချီ အရှက်သည်းနေသည့်မျက်နှာဖြင့် ပြန်ဖြေလာကာ သူ၏လက်ဖဝါးပေါ်တွင် ကြိုးကြာနီအသေးစားလေးတစ်ခုကို စုစည်းပြလိုက်သည်။ ထိုငှက်ကလေးမှာ အမိန့်များကိုနာခံပြီး လွတ်လပ်စွာပျံသန်းရန်နှင့် ဟိုဟိုဒီဒီလည့်လှည်ရန် ထိန်းချုပ်ထားနိုင်သည်။


မီးတောက်၏ပုံစံကို မြင်လိုက်ရချိန်တွင် နင်ဖုန်း၏ မျက်လုံးများမှာ ကမ္ဘာသစ်တစ်ခု ဖွင့်လှစ်ခံလိုက်ရသကဲ့သို့ တခဏအတွင်းတောက်ပလာပြီး ချောမောခန့်ညားနိုင်မည့် နည်းလမ်းအသစ်တစ်ခုကို ရရှိသွားပြန်သည်။


လျိုကန်းမှာမူ ဝူယိဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ဦးဆုံးရှော့ရသွားခဲ့သည်။ ထို့နောက်တွင်မှ ကောလဟာလများအတိုင်း လှပနေသည့်လူငယ်ကလေးကိုကြည့်ကာ သူ၏စွမ်းရည်ကို ရှက်ရွံ့ခြင်းမရှိဘဲ ပြလိုက်ပြီး ပြောလိုက်သည်။ 


“ ကျွန်တော့်ရဲ့စွမ်းရည်ကတော့ အပူချိန်မြင့်တဲ့ဆီပူတွေပဲ…ဖြစ်နိုင်တာကတော့ ရေနဲ့မီးပေါင်းစပ်မှု မူကွဲမျိုးဖြစ်မယ်ထင်တယ်… ကျွန်တော်ကအရင်တုန်းက စားဖိုမှုးတစ်ယောက်ဖြစ်ခဲ့တာလေ..”


လျိုကန်း၏လက်မှ ပွက်ပွက်ဆူနေသော ဆီပူများကိုကြည့်ကာ သွမ့်ဝမ်ယွီနှင့်ကျန်သူများမှာ မနေနိုင်ဘဲ အနားသို့တိုးကပ်ကြည့်မိကြသည်။ ဤကဲ့သို့ မူကွဲစွမ်းရည်မျိုးမှာ အလွန်ပင်ရှားပါးလှသည်။


“ ဒါဆို ပြောရရင် မင်းတို့တွဲဖက်နှစ်ယောက်က မီးထဲကို ဆီပေါင်းထည့်လိုက်တာမျိုးပေါ့… ဒါကတိုက်ပွဲတွေကြားမှာ ရိုးရိုးရှင်းရှင်းနဲ့ အပြည့်အဝ လိုက်ဖက်ညီနေတဲ့ တွဲစပ်မှုပဲ..” 


နင်ဖုန်းမှ ထအော်လိုက်မိသည်။


“ ဟုတ်တယ် ဟုတ်တယ်..” 


လီချီမှ ရှက်ရွံ့စွာဖြင့် ခေါင်းအနောက်ကိုပွတ်ကာ နှိမ့်ချပြောလိုက်သည်။ 


“ အခုနောက်ပိုင်း စွမ်းရည်ပိုင်ရှင်တွေ အများကြီး စခန်းဆီ လာပေါင်းကြတော့ စွမ်းရည်တွေလည်း အမျိုးမျိုး ပေါ်လာကြတယ်လေ… တကယ်တော့ သူတို့တွေပေါ်လာတာကလည်း အတော်လေးတော့ ပျော်ဖို့ကောင်းတယ်… စွမ်းရည်တွေဆိုတာက အရင်ရှိခဲ့တဲ့ စိတ်နေစိတ်ထားတို့ အလုပ်အကိုင်တို့ပေါ် မူတည်ပြီး ဖြစ်ပေါ်လာတာလေ… ကျွန်တော်ဆို တိရစ္ဆာန်ရုံမှာ လုပ်တုန်းက ကြိုးကြာနီတွေကို အစာကျွေးရတဲ့ တိရစ္ဆာန်ရုံမှူး ဖြစ်ခဲ့တာလေ…”


ထိုစကားကို ကြားရချိန်တွင် နင်ဖုန်းနှင့် ရှောင်ဝူယိတို့မှာ ပို၍ပင် စိတ်မရှည်ဖြစ်လာကာ အခြေစိုက်စခန်းသို့ အမြန်သွား၍ ထူးဆန်းသောစွမ်းရည်များကို မြင်တွေ့ချင်လာကြသည်။ သူတို့အပြင်သို့ ထွက်လာချိန်တိုင်း လက်ရှိအချက်အလက်များနှင့် ပတ်သက်၍ ပိုပိုပြီးဝေးကွာလာသည်ဟု ခံစားနေကြရသည်။ ထို့ထက်ပိုသည်မှာ ဟိုင်ချန်မှာ လက်ရှိဝူယိအခြေစိုက်စခန်းသို့ လာသည့်လမ်းတစ်လျှောက်တွင် သူတို့မည်သည့်စိတ်ဝင်စားဖွယ် စွမ်းရည်ကိုမှ မမြင်ခဲ့ရသေးပေ။


ကံကောင်းစွာဖြင့် ထရပ်ကားမှာ အခြေစိုက်စခန်းအနီးသို့ လျှင်မြန်စွာနီးကပ်လာခဲ့သည်။ သူတို့မြင့်မြင့်မားမား မျှော်လင့်ထားကြသည့်အတိုင်းပင် မြို့ရိုးအရှည်ကြီးများကို ဖောက်ထွင်းမြင်နေရသည့် ဒိုင်းကာတစ်ခုဖြင့် ဖုံးအုပ်ထားသည်ကို အဝေးမှနေ‌၍ မြင်လိုက်ကြရသည်။


ရှောင်ဝူယိ၊ နင်ဖုန်းနှင့် လူအချို့မှာ အံ့ဩမှုကြောင့် ပါးစပ်များပွင့်ဟနေမိကြသည်။ သူတို့ထွက်သွားသည်မှာ အချိန်ခဏသာရှိသေးသော်လည်း စခန်းမှဤမျှအထိ ပြောင်းလဲသွားခဲ့လေသည်။ လီချီမှ ယခုလေးတင် ကြိုတင်ပြောပြထားခဲ့သော်လည်း ၎င်းမှာသူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းနှင့် တူညီမနေခဲ့ပါ။


“ ငါတို့ရဲ့လူတွေက ဆောက်လုပ်ရေးမှာဆရာကြီးတွေအဖြစ် ချီးကျူးခံသင့်နေပြီ…”


“ ရှောင်ယွီရဲ့ကာကွယ်ရေးဒိုင်းက တကယ့်ကိုကြီးတာပဲ…”


“ သောက်ကျိုးနည်းကို မိုက်တာဟေး အားးးးး “


နျဲ့ရှောင်နှင့် လူအချို့မှာ ရှောင်ဝူယိနှင့် ကျန်သူများကဲ့သို့ သူတို့၏အံ့ဩမှုကို မဖော်ပြလာကြသော်လည်း အဆောက်အဦးများကိုကြည့်ကာ သူတို့၏မျက်လုံးများထဲတွင် ပေါ်ပေါက်လာသောအလင်းတန်းများကိုမူ မဖုံးကွယ်နိုင်ခဲ့ကြချေ။


ဤကဲ့သို့ ကမ္ဘာပျက်ကပ်၏ အဆိုးအကောင်းများကြားတွင် လူသားမျိုးနွယ်၏ စုစည်းထားသောခွန်အားမှာ အလွန်ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ အောက်ခြေမှနေ၍ အပေါ်သို့ထောင်တက်နေသည့် မြို့ရိုးအမြင့်ကြီးများကို ကြည့်ရုံဖြင့်ပင် မျှော်လင့်ချက်ဟူသော တွန်းအားတစ်ခုမှာ လူတိုင်း၏နှလုံးသားထဲတွင် စီးဝင်လာခဲ့လေသည်။


ကားများ မြို့ရိုးရှေ့၌ ရပ်တန့်သွားသည်။ မြို့ရိုးပေါ်တွင် ကင်းစောင့်များရှိနေပြီး ထရပ်ကားများအား မြင်သည့်အခါ မြို့တံခါးဖွင့်ကာ ဝင်ခွင့်ပေးသည်။


ဝူဝမ်ယွီ၏ ကာကွယ်ရေးဒိုင်းကာမှာ ယခင်ထက်ပို၍ ကွေးလွယ်ဆန့်လွယ်ဖြစ်ကာ လိုက်လျောညီထွေ ဖြစ်လာသည့်ပုံပင်။ မြို့တံခါးရှိ ကာကွယ်ရေးဒိုင်းကာမှာ တံခါးနှင့်အတူ အလိုလျောက်ပွင့်လာပြီးနောက် တံခါးပိတ်သွားသည်နှင့် ပြန်ပိတ်သွားပြီး ယခင်ကဲ့သို့ ဖြတ်သန်းမရခြင်းမျိုး မဖြစ်တော့ပေ။


ကာကွယ်ရေးဒိုင်းကာ၏ ပြောင်းလဲမှုအား မြင်လိုက်ရချိန်၌ ရှဲကျွင်း ဝူဝမ်ယွီကို ပို၍တွေ့ချင်လာခဲ့သည်။ မြို့တော်အခြေစိုက်စခန်းမှလာသည့် လောယွင်ဟိုင်နှင့် ဝူချင်ဖုန်းတို့သည်ပင် ထိုကာကွယ်ရေးဒိုင်းကာနှင့် ပတ်သက်၍ မနာလိုဖြစ်လာကြရသည်။ ဤကဲ့သို့စွမ်းရည်မျိုးမှာ ဇွန်ဘီငှက်များနှင့် အင်းဆက်များအတွက် မမြင်နိုင်သောလက်နက်တစ်ခုဖြစ်လေသည်။ အနှီဒိုင်းကာအတွင်း နေထိုင်ရရုံဖြင့်ပင် လူတိုင်းအား ခေါင်းမှခြေဖျားအထိ လုံခြုံစိတ်ချရသော ခံစားချက်မျိုးကို ပေးစွမ်းနေပေရာ ဤသည်မှာ သူတို့၏ အခြေစိုက်စခန်းများ မလုပ်ဆောင်နိုင်သောအရာဖြစ်သည်။


မြို့ရိုးကိုဖြတ်၍ ဝင်လာချိန်တွင် အခြေစိုက်စခန်းအတွင်းမှ ပျားပန်းခတ်မတတ် ဝင်ထွက်နေကြသည့် လူများ၏အသံများမှာ သူတို့၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသူများမှာ မျက်လုံးများ နီမြန်းလာရသည်။ အဆုံး၌ လမ်းတစ်လျှောက်တွင် သူတို့အားလုံး မြင်တွေ့ခဲ့ရသည်များမှာ ပျက်သုန်းခြင်းနှင့် အထီးကျန်ဆန်မှုများသာ ဖြစ်လေသည်။ နောက်ပိုင်းတွင် ဟိုင်ချန်အခြေစိုက်စခန်းအား တည်ထောင်ခဲ့ပြီး ဖြစ်သော်လည်း လူဦးရေ အလွန်နည်းပါးနေသေးသည်။ ဤတစ်ကြိမ်တွင်မူ သူတို့ဤမျှကြီးမားသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရပြီး သက်ဝင်လှုပ်ရှားနေသည့် နေရာတစ်ခုကြောင့် သူတို့၏နှလုံးသားများမှာ အမည်မဖော်နိုင်သော စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်လာရသည်။


မြို့တံခါးရှိ ကင်းစောင့် အမြန်ပြေးလာပြီး နျဲ့ရှောင်တို့၏ ယာဉ်များအား မြို့တံခါး၏ ဘေးနှစ်ဖက်ရှိ နေရာလွတ်များသို့ လမ်းပြပေးလိုက်သည်။ အခြေစိုက်စခန်းမှာ အခြားသော အသက်ရှင်ကျန်ရစ်သူများမှာလည်း တာဝန်ထမ်းဆောင်ရာမှ ပြန်လာကြသော ယာဉ်များကို မြင်လိုက်ရချိန်တွင် သူတို့အားလုံးမှာ စိတ်အားထက်သန်စွာ ဝန်းရံလာကြသည်။ ခပ်လှမ်းလှမ်းကနေပင်လျှင် နျဲ့ရှောင်၏အဖွဲ့မှာ လူများ၏ “ အိမ်ကနေကြိုဆိုပါတယ်..” ဟူသော ဟစ်ကြွေးသံများကို ကြားနေရသည်။


ထိုအခိုက်အတန့်တွင် လူတိုင်း၏နှလုံးသားထဲ၌ နွေးထွေးသောရေနွေးစီးကြောင်း လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။


မြို့တံခါးမှကင်းစောင့်မှာ အပြုံးတစ်ပွင့်ဖြင့် ရောက်လာပြီး သူတို့ကိုကြည့်လျက် ဂရုတစိုက်ဖြင့် စိတ်ရှည်လက်ရှည်ပြောလာသည်။ 


“အိမ်ကနေကြိုဆိုပါတယ်… မင်းတို့က ဘယ်စခန်းက မစ်ရှစ်အဖွဲ့တွေပါလဲ… ဒီကိုလာပြီး စစ်ဆေးရေးအတွက် စာ‌ရင်းပေးသွင်းလို့ရပါပြီ… ခဏနေရင်တော့ ကူးစက်ခံရခြင်း ရှိ မရှိကို စစ်ဆေးဖို့အတွက် နာရီအနည်းလောက် သီးခြားနေရပါလိမ့်မယ်နော်…”


ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်မေ့မှာ ချက်ချင်းဆိုသလို လောယွင်ဟိုင်နှင့် အခြားသူများ၏ အနောက်တွင် သွားရောက်ပုန်းကွယ်နေပြီး သူ၏ အနက်ရောင်ဝတ်ရုံကို အနည်းငယ်ဆွဲချလိုက်ကာ သူ့ခန္ဓာကိုယ်၏ ထူးခြားမှုကို တတ်နိုင်သမျှမပေါ်စေရန် ဖုံးကွယ်နေမိသည်။


နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့သည်လည်း သူတို့မထွက်ခွာခင်က မရှိခဲ့သော စခန်း၏ အသစ်ထုတ်ပြန်ထားသည့် သီးခြားခွဲနေရမည့် လုပ်ငန်းစဉ်ရှိသည်ကို မျှော်လင့်မထားမိခဲ့ကြပေ။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးများကို မလုပ်ဆောင်နိုင်ခင်မှာပင် သူတို့၏အနားရှိ ကူးစက်မခံရစေရန် သီးခြားထားရှိသောနေရာမှ အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူမှာ မူလတွင် အခြေအနေ ကောင်းမွန်နေခဲ့သော်လည်း ရုတ်တရက်ဆိုသလို ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီး နေရာတွင်ပင် စီရင်ခံလိုက်ရသောကြောင့် လူတိုင်း ခဏမျှတိတ်ဆိတ်သွားရသည်။


ယခုအချိန်တွင် အပြင်ဘက်ရှိ ဇွန်ဘီများမှာ ပို၍ပို၍ များပြားလာပြီး အကိုက်ခံရသည့် ဒဏ်ရာများမှာလည်း မျက်လုံးဖြင့် မမြင်နိုင်သည်များရှိကြကာ ဗီဇပြောင်းလဲချိန်များမှာ ပို၍ကြာရှည်လာခဲ့သည်။ တူညီသောဖြစ်ရက်မျိုးမှာ အခြေစိုက်စခန်းတွင် ယခင်က ဖြစ်ပျက်သွားခဲ့ဖူးသောကြောင့် သီးခြားခွဲထားကာ စုံစမ်းစစ်ဆေးခြင်းကို အခြေစိုက်စခန်းသို့ ဝင်ရောက်ရာတွင် ရုတ်တရက် ပေါင်းထည့်လိုက်ရသည်။ ချက်ချင်းစီရင်ပစ်ခြင်းမှာ အလွန်ရက်စက်လှသော်လည်း မရှိမဖြစ် လိုအပ်သောအရာပင်ဖြစ်သည်။


သွမ့်ဝမ်ယွီ အရှေ့သို့တိုးကာ ညှိနှိုင်းတော့မည့်အချိန်တွင် လီချီမှ ခြေတစ်လှမ်း ကပျာကယာ တိုးလာခဲ့သည်။ ဖြစ်နိုင်သည်မှာ သူနှင့်ရင်းနှီးနေသောဝန်ထမ်းဖြစ်ပုံပင်။


“ ချန်ကော ကျွန်တော်တို့အားလုံး အဆင်ပြေပါတယ်… စာရင်းသွင်းဖို့ မလိုပါဘူး… အားလုံးက စွမ်းရည်ပိုင်ရှင်တွေပဲဆိုတော့ စစ်ဆေးဖို့ကော သီးခြားခွဲထားဖို့ကော မလိုတော့ပါဘူး…”


လီချီ ချန်ကောဟုခေါ်သော ဝန်ထမ်းကို တားမြစ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများရှိနေပြီး အမြန်ပြောလိုက်သည်။


“ ချန်ကော အစ်ကိုက အခြေစိုက်စခန်းကို နောက်မှဝင်လာ‌တာဆိုတော့ သူတို့ ဘယ်သူလဲဆိုတာ မသိသေးဘူးလေ… အတိုချုံးရမယ်ဆိုရင် အစ်ကို အမြန်ပြန်ပြီးတော့ စခန်းရဲ့ ဗဟိုကသူတွေစီ ဘော့စ်‌နျဲနဲ့ ကျန်တဲ့သူတွေ ဟိုင်ချန်က ပြန်လာပြီလို့ အမြန်သတင်းသွားပို့သင့်တယ်…”


“ သောက်ကျိုးနည်း…”


သူတို့သည် နျဲ့ရှောင်တို့၏ မျက်နှာများအား မသိသော်လည်း နျဲ့ရှောင်နှင့် သူ၏နာ‌မည်ကျော်အဖွဲ့ကိုမူ သိကြသေးသည်။ နျဲ့ရှောင်၏အဖွဲ့မှ လူသားများနှင့် နတ်ဘုရားများကိုပင် ဆင့်ခေါ်နိုင်သည့် ဖမ်းစားနိုင်စွမ်းရှိသော မျက်နှာများကိုကြည့်ကာ ကင်းစောင့်များ၏ မျက်လုံးများမှာ တလက်လက်တောက်ပလာကြသည်။ ထို့နောက်

သူတို့ ဝမ်းသာအားရဖြင့် ခိုလှုံရာနေရာများသို့ အမြန်‌ပြန်သွားကာ အတွင်းပိုင်းဗဟိုဌာနသို့ ဂုဏ်ယူစွာဖုန်းခေါ်လိုက်သည်။