🐹အခန်း ၇၆
ဝူယိလေးနှင့် အခြေစိုက်စခန်းမှ မိတ်ဆွေများ ပြန်လည်ဆုံစည်းခြင်း
နျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် အခြားသူများမှာ ထိုစိတ်ဝင်စားစရာကောင်းပြီး တက်ကြွနေသော မြင်ကွင်းကိုကြည့်ကာ မအောင့်နိုင်ဘဲ သူတို့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ဖြတ်ခနဲ ဖြစ်ပေါ်လာကြသည်။ ပြီးနောက် သူတို့အားလုံး လက်ရှိနေရာတွင် အေးအေးလူလူ ရပ်နေကြကာ စခန်းအတွင်းထဲရှိ လမ်းတည်ဆောက်ပုံများကို စိတ်ဝင်စားစွာကြည့်နေမိသည်။
စစ်ဆေးရန်မလိုတော့ဟု ကြားလိုက်ရသည့်အချိန်မှသာ ပိုင်မေ့စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ခဏအကြာတွင် လောယွင်ဟိုင်နှင့် ပိုင်ယွဲ့တို့သည် သူ၏လက်များဆုပ်ကိုင်ထားပေးသည်ဟု ခံစားလိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ထိန်းချူပ်မရနိုင်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
အသက်ဝင်မှုများအပြည့်ဖြင့် စည်ကားနေသည့် အခြေစိုက်စခန်းတွင်းမှ မြင်ကွင်းကိုကြည့်ကာ မည်သူကမှ အေးအေးလူလူ မနေနိုင်ခဲ့ကြချေ။
“ ပေါင်ပေါင်း ပြန်ရောက်ပါပြီ..”
ရှောင်ဝူယိ နေရာတွင် ခုန်ပေါက်နေကာ လက်ကိုယမ်း၍ မနီးမဝေးမှ သူတို့အား နှုတ်ဆက်လာကြသူများကို ပြန်နှုတ်ဆက်နေခဲ့သည်။
ခဏအကြာတွင် ပို၍များသောလူများမှာ ရှောင်ဝူယိ၊ နျဲ့ရှောင်နှင့် ကျန်သူများကို မှတ်မိလာကြသည်။ ဟိုင်ချန်မှ ပြန်ရောက်လာသည့် သတင်းမှာ စခန်းအတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး အားလပ်ချိန်ရှိနေသည့် လူတိုင်းနီးပါး သူတို့ရှိရာသို့ ရောက်ချလာကြသည်။
ဝူဝမ်ချီနှင့် ဝူဝမ်ယွီတို့သည်လည်း သတင်းကြားသည်နှင့် အပြေးထလာကြသည်။ အံ့အားသင့်စရာကောင်းသည်မှာ သူတို့၏ ခန္ဓာကိုယ်များကို စွမ်းရည်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲလိုက်ပြီး စခန်း၏ အလယ်ဗဟိုတွင် ရှိနေသော ဗီလာဝန်းမှ ပျောက်ကွယ်သွားခဲ့သည်။ ကျင့်သားရနေသည့် ကျောင်းအုပ်ကြီးယွမ်မှာမူ အဝေးတစ်နေရာမှ မြို့တံခါးဘက်သို့ လှမ်းကြည့်နေကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေခဲ့သည်။
“ သူတို့ရောက်လာကြပြီ…”
နျဲ့ရှောင် သူ၏ခြေထောက်အောက်မှ မြေကြီး၏ မူမမှန်သော လှုပ်ရှားမှုနှင့် ယခင်က ပေါ်လာခဲ့ဖူးသည့် ကာကွယ်ရေးအလွှာကြောင့် ချက်ချင်းဆိုသလို တောက်ပစွာ ပြုံးလိုက်သည်။ ခဏပင်မကြာလိုက်ချေ အံ့အားသင့်နေသည့် အော်သံများမှာ ရှောင်ယန်နှင့် ရှဲ့ကျွင်းတို့၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
ဝူမောင်နှမမှာ မျှော်လင့်မထားနိုင်သည့်နည်းဖြင့် တိတ်တဆိတ် ချဉ်းကပ်လာကြပြီး ရှောင်ယန်နှင့် ရှဲ့ကျွင်းတို့ကို ချောင်းမြောင်းတိုက်ခိုက်လိုက်သကဲ့သို့ ဖြတ်ခနဲထွက်ပေါ်လာကာ ပွေ့ဖက်လိုက်ကြသည်။ အဆုံး၌ အချိန်အတော်ကြာပြီးမှသာ သူတို့ပြန်လည်ဆုံစည်းနိုင်သည်ဖြစ်ရာ အမှန်တကယ်ပင် လွမ်းဆွတ်နေမိလေသည်။
“ မင်းတို့နောက်ဆုံးတော့ပြန်လာကြပြီပဲ…”
ဝူဝမ်ချီ ရှောင်ယန်ကိုဖက်ကာ စိတ်ထဲမှ တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး သူမ ဒဏ်ရာရရှိလာခြင်း ရှိ၊ မရှိအား စစ်ဆေးနေမိသည်။
ဝူဝမ်ယွီမှာမူ ရှဲကျွင်း၏လက်ကိုဆွဲကာ သူမ၏မျက်လုံးများမှာ အနည်းငယ်နီမြန်းနေသည်။
“ ရှင်တို့အားလုံး လုံလုံခြုံခြုံ ပြန်လာနိုင်တာ အရမ်းကောင်းတာပဲ… အားလုံးပိန်သွားကြတယ်…”
မည်သူမှမရှိသကဲ့သို့ ပြုမူနေသည့် ချစ်ခင်ပြနေမှုများကို ကြည့်ရင်းဖြင့် နင်ဖုန်း ချောင်းကျယ်ကျယ်ဟန့်ကာ မြင်ကွင်းအား နှောင့်ယှက်လိုက်သည်။
“ မင်းတို့နှစ်ယောက် ငါတို့ကိုကော မမြင်ကြဘူးလားဟင်… ဒီမှာရပ်နေတဲ့ လူအုပ်ကြီးကို ဂရုတောင်မစိုက်ဘူးပေါ့… ဘယ်လိုတောင် နှလုံးသားမရှိတာလဲနော်…”
ဝူမောင်နှမမှာ သူတို့၏ခေါင်းများကိုလှည့်ကာ တပြိုင်နက်တည်း ပြောလုမတတ်ဖြစ်သွားရသည်။
“ အသက်ပဲဘယ်လောက်ရှိနေပြီလဲ…”
နင်ဖုန်း : “.....”
“ ကောင်စုတ်လေး မင်းကိုဂရုစိုက်ပေးမယ့် ဒယ်ဒီက ဒီမှာရှိတယ်လေ..”
သွမ့်ဝမ်ယွီမှ သက်ပြင်းတစ်ချက်ချလျက် လက်ကိုဆန့်ကာ အနှီမြေပိုင်ရှင်ကြီး၏ သားဆိုးလေးကို ခေါင်းပွတ်ပေးလိုက်သောကြောင့် သူ၏အနားရှိလူများကို ရယ်မောသွားစေသည်။
လျိုတာ့ရှန်မှ အနောက်တွင်ရှိနေသည့် နာနာနှင့် ကလေးအချို့ကို မိတ်ဆက်ပေးရန် ခေါ်ထုတ်လိုက်သည်။ ထိုအချိန်တွင် စခန်း၏မြေကြီးအောက်တွင် ရှိနေသော ပါ့ဝမ်ဟွားနှင့် ရှစ်ရန်ထျန်းတို့မှာလည်း ရုတ်တရက်မြေပြင်ပေါ်သို့ ထိုးထွက်လာခဲ့သည်။ လူတိုင်း၏ အော်သံများကြားတွင် ရှောင်ဝူယိ အပေါ်သို့ တင်မြှောက်ခံလိုက်ရပြီး လူငယ်လေးကို ပျော်ရွှင်မှုကြောင့် တခစ်ခစ် ရယ်မောသွားစေသည်။
“ ဟွားဟွားနဲ့ ထျန်းထျန်း မတွေ့တာကြာပြီနော်…”
ရှောင်ဝူယိ အပင်နှစ်ပင်၏ အရွက်များကို ပျော်ရွှင်စွာ ထိလိုက်သည်။
ပိုဆီယာ၊ ဆစ်စလိုနှင့် အခြားသူများမှာမူ မျက်လုံးများ ကျွတ်ထွက်လုမတတ်ပင် ဖြစ်နေရသည်။ နီမိုဂြိုလ်မှ နာမည်ကျော် ရန်လိုတတ်သည့် အပင်များကို ဤနေရာတွင် တွေ့ရမည်ဟု သူတို့ထင်မထားမိခဲ့ပေ။ နျဲ့ရှောင်တို့အဖွဲ့၏ တည်ငြိမ်နေသောပုံစံကို ကြည့်ကာ သူတို့အားလုံး သက်ပြင်းသာချနိုင်ပြီး မည်သည့်အရာမှန်း မသိသောသူမှာ ကြောက်ရွံ့ခြင်းရှိမည် မဟုတ်ဟုသာ တွေးနေမိကြသည်။
ထပ်ပေါင်းဆိုရမည်ဆိုလျှင် ထိုအရာနှစ်ခုကို အိမ်မွေးသတ္တဝါများကဲ့သို့ ဆက်ဆံကာ လှည့်ကွက်များ လုပ်ပြခိုင်းနိုင်သည့် မင်းသားလေးသည်လည်း အလွန်ပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။
ပြန်လည်ပေါင်းစုံသည့်မြင်ကွင်းမှာ အားပေးသံများ ရယ်မောသံများဖြင့် ပြည့်နေခဲ့သည်။ ဘေးတွင်ရပ်ကြည့်နေသော သာမန်လူများမှာမူ ဗဟိုရှိ ရာထူးကြီးသူများအားလုံးကို တစ်နေရာထဲတွင် တပြိုက်နက်တည်း မြင်တွေ့ကြရမည်ဟု ထင်မထားမိခဲ့ကြပေ။ သူတို့အားလုံး နျဲ့ရှောင်၏အဖွဲ့ကို ကြည့်ကာ ထိုအဖွဲ့မှာ အလွန်လေးစားစရာကောင်းသည်ဟု တွေးနေမိကြသည်။
လူအုပ်ထဲတွင် ဝမ်းနည်းပူဆွေးနေမှုကို ဖုံးအုပ်ထားသည့် ဆံပင်ငွေရောင်နှင့် ပိန်ပါးသော အမျိုးသမီးတစ်ဦးမှာ ထောင့်နားတွင် ပုန်းအောင်းနေပြီး ပျော်ရွှင်နေကြသည့်မြင်ကွင်းကိုကြည့်ကာ သူမ၏လက်သည်းများမှာ လက်ဖဝါးကိုပင် ထိုးဖောက်လုမတတ် ဖြစ်နေခဲ့သည်။
လင်းမုန့်ဖေးသည် ဝူဝမ်ချီ၏ဘေးမှ ရင်သပ်ရှူမောဖွယ်အလှလေး၊ အရပ်ရှည်ရှည်လူတစ်ဦး၏ လက်ကိုကိုင်ထားသော ဝူဝမ်ယွီနှင့် သူတို့၏အနားမှာ ရုပ်ရည်ချောမောပြီး အားကောင်းသော စွမ်းရည်ပိုင်ရှင်တစ်စုကိုကြည့်ကာ သူမ၏နှလုံးသားထဲမှ မနာလိုမှုများစုပြုံသွားပြီး ရူးမတတ်ဖြစ်နေရသည်။
နျဲ့ရှောင်နှင့် အခြားသူများမှာ မြို့တံခါးတွင်သာ အချိန်အတန်ကြာအောင် ပိတ်မိမနေချင်ကြပေ။ ထို့ကြောင့် အခြေစိုက်စခန်း၏ အလယ်ဗဟိုရှိ ဗီလာဝင်းသို့ ပြန်သွားကြရန် တွေးမိချိန်တွင် ရုတ်တရက်ဆိုသလို ရူးသွပ်နေသော အမျိုးသမီးတစ်ဦးထွက်လာပြီး လျိုကန်းကို ဖမ်းဆွဲထားသည်ကို မြင်လိုက်ကြရသည်။ ထိုအမျိုးသမီးမှာ အသက်ကယ်မြက်ပင်တစ်ပင်ကို ဆွဲကိုင်ထားသကဲ့သို့ လျိုကန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏လက်ဖဝါးမှ လက်သည်းရှည်များမှာ လျိုကန်းကို နာကျင်သွားစေသည်။
“ ကန်းကော ကန်းကော ကျွန်မမှားသွားပါတယ်… ကျွန်မကိုခွင့်လွှတ်ပေးပါ… ကျွန်မတို့ပြန်အဆင်ပြေရအောင်လေ မကောင်းဘူးလား…”
လျိုကန်း သူမကိုစိတ်မရှည်စွာ တွန်းထုတ်လိုက်မိသည်။ လူအများကြီး ကြည့်နေကြသည့်အောက်တွင် သူ၏မျက်နှာကိုပင် ဆက်လက်ထိန်းမထားနိုင်တော့ဘဲ ဒေါသတကြီးအော်ဟစ်လိုက်မိလေသည်။
“ ငါမင်းနဲ့ဘာကိစ္စမှမရှိတော့ဘူး … ကျေးဇူးပြုပြီး ငါ့ကိုတွယ်ကပ်နေတာတွေကို ရပ်လိုက်ပါတော့… ပြီးတော့ မင်းလုပ်ခဲ့တဲ့ ညစ်တီးညစ်ပတ်တွေ အတွက်တောင် ငါမင်းနဲ့ စာရင်းမရှင်းရသေးဘူးနော်…”
လင်းမုန့်ဖေး မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ သူမအကြိမ်အနည်းငယ်မျှ တွန်းထုတ်ခံနေရသည့်တိုင်အောင် လျိုကန်းစီသို့ပြေးသွားကာ အတင်းလိုက်ဖက်နေဆဲပင်။
“ ကျွန်မမှားသွားပါတယ်… ဒီတစ်ခါတော့ တကယ်ပဲ ရှင်နဲ့အတူ အချိန်ကောင်းတွေ ရှိချင်တာပါ… ကျွန်မထပ်ပြီး မလုပ်ရဲတော့ပါဘူး… တောင်းပန်ပါတယ်…”
ထိုအရှုပ်အထွေးကိုကြည့်ကာ နင်ဖုန်းမအောင့်နိုင်တော့ဘဲ နံဘေးမှ လီချီကို စပ်စုလိုက်မိသည်။
“ ရှောင်လီဇီ ဘာတွေဖြစ်နေကြတာလဲဟေ…”
အခြင်းအရာကို စကားဖြင့်ရှင်းပြနိုင်ရန် ခက်ခဲသောကြောင့် လီချီ၏အမူအယာမှာ ရှုပ်ထွေးသွားရသည်။ သူအနေဖြင့် လျိုကန်းအား သူ၏နှလုံးသားအောက်ခြေမှပင် ကိုယ်ချင်းစာနာမိလေသည်။
“ ဘယ်လိုပြောပြရမလဲ… လျိုကန်းနဲ့ အဲ့သည့်မိန်းမက ကမ္ဘာပျက်ကပ်စပြီးနောက်မှ တွေ့ဆုံခဲ့ကြတာလေ… သူတို့အခြေစိုက်စခန်းကို အတူရောက်လာကြတာ… သူကလျိုကန်းမှာ စွမ်းရည်ရှိတာကို သိနေတော့ အခွင့်ကောင်းယူပြီး လျိုကန်းရဲ့ ကောင်မလေး ဖြစ်ချင်တယ်လို့ ပြောတယ်လေ… ကမ္ဘာပျက်ကပ် မစခင်တုန်းက လျိုကန်းမှာက ဘယ်မိန်းမနဲ့မှ ဆက်ဆံရေးရှိဖူးတာ မဟုတ်ဘူး… သူက ဒီအတိုင်း ခပ်ပြည့်ပြည့်နဲ့ ချို့တဲ့တဲ့ စားဖိုမှုးလေးဆိုတော့ မိန်းမတွေဘက်ကစပြီး ချဉ်းကပ်လာတယ်ဆိုတာ သူ့အတွက် အတော်ရှားတယ်လေ… နောက်ပြီး အဲ့သည့်မိန်းမကလည်း အတော်လေးလှနေတာကိုး… ဘယ်လိုပဲဖြစ်ဖြစ် လျိုကန်းက အဲ့သည့်တုန်းကတော့ သူ့ရဲ့နေ့ရက်တွေကို ဒီမိန်းမနဲ့ပဲ တကယ်ကြီး ကုန်ဆုံးချင်ခဲ့တာပါ… သူ့ရဲ့ ပစ္စည်းကောင်းတွေ ဆိုတာလည်း အဲ့သည့်မိန်းမအတွက်ကြီးပဲ… အစတုန်းကတော့ ငါတို့အတွက် အချစ်ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ခဲ့တာပေါ့… နောက်ဆုံးကြတော့ အဲ့သည့်မိန်းမက…”
“ ဘာဖြစ်သွားတာလဲ ဘာဖြစ်တာတဲ့လဲ…”
နင်ဖုန်း၏စိတ်ထဲတွင် အတင်းပြောချင်သည့်ဆန္ဒများ ပြည့်လာခဲ့သည်။
“ လျိုကန်း ခေါင်းစိမ်းသွားတယ်…”
လီချီ မျက်နှာကိုသုတ်ကာ ခက်ခက်ခဲခဲရှင်းပြလိုက်ရသည်။
“ ခေါင်းစိမ်းသွားရရုံနဲ့ မရပ်သေးဘူး…နောက်ကြတော့ အဲ့သည့်မိန်းမရဲ့ မိဘတွေနဲ့ မောင်ငယ်ကလည်း အခြေစိုက်စခန်းကို ရှာတွေ့သွားကြတယ်လေ… သူတို့ ပြန်ဆုံမိသွားပြီးနောက် သူတို့လျိုကန်းအပေါ်ကိုပဲ မှီခိုနေကြရတာ… သူတို့က အကုန်အပိုင်သိမ်းပြီး ဘာမှကို မပေးကြရုံတင်မကဘူး လျိုကန်းပစ္စည်းရလာတာ ပိုပိုနည်းလာလို့တောင် သဘောမကျ ဖြစ်နေကြသေးတာ… လျိုကန်းက မစ်ရှင်နဲ့အပြင်ဘက်မှာ ရလာတဲ့ပစ္စည်းလေးတွေ မှန်သမျှကို အကုန်အပြောင်ရှင်းပြီး သူတို့ကိုပေးတာလေ… အဲ့သည့်မိန်းမတွေက ဒေါသထွက်ဖို့ အကောင်းဆုံးပဲ… သူတို့က လျိုကန်းရဲ့အားက လုံလောက်အောင် မသန်မာတာကို သဘောမကျကြတော့ သူတို့သမီးကို ပိုပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်ပိုင်ရှင်တွေနဲ့ သွားပြီးချိတ်ခိုင်းတာလေ…”
လီချီ သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။
“ လျိုကန်းက အရင်တုန်းက ပွင့်လင်းတဲ့သူတစ်ယောက်လို့ ပြောနိုင်တယ်… ဒါပေမယ့် အဲ့သည့်မိန်းမက သူ့ကို စကားချိုချိုလေးနဲ့ ချုပ်ကိုင်ပြီး ကစားခဲ့တာလေ… သူ့မှာ လှည့်ဖြားတတ်တဲ့ အကြံအချို့လည်း ရှိတော့ လျိုကန်းကို အချိန်တစ်ခုလောက် အရမ်းနာမည်ပျက်သွားစေတာပေါ့… ဘယ်သူကမှ သူနဲ့အတူ မစ်ရှင်အတူလုပ်ဖို့ အဖွဲ့ မဖွဲ့ချင်ကြတော့ဘူးလေ… ဒီလိုနဲ့ပဲ ဒီလိုလေးစားဖို့ကောင်းတဲ့ စွမ်းရည်ပိုင်ရှင် တစ်ယောက်က စားဖို့တောင်မရှိ ဖြစ်သွားရတာ… ကံကောင်းလို့ သူ အဲ့သည့်မိန်းမရဲ့ ပုံစံအစစ်ကို နားလည်သွားခဲ့လို့ပေါ့… ဒါပေမယ့်လည်း လျိုကန်းက စိတ်ဒဏ်ရာရသွားပြီးတော့ မိန်းမတွေဆို နည်းနည်းကြောက်သွားတော့တာပဲ…”
လူတိုင်း : “....” အားးး ဘယ်လိုတောင် သိုက်တူးသမားလဲဟ…
ရှောင်ဝူယိ၊ ရှဲ့ကျွင်းနှင့် လျိုတာ့ရှန်တို့မှာ အဆိုပါ စုတ်ပြတ်ပြတ် အမျိုးသမီး၏ နောက်ကျောကိုကြည့်ကာ အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားနေကြရသော်လည်း အသေးစိတ်ကိုမူ မမှတ်မိကြပေ။
“ ပေါင်ပေါင်း ဒီလူကိုသိနေသလိုပဲ…”
ရှောင်ဝူယိ မနေနိုင်ဘဲ သူ၏မေးစေ့ကိုထိကာ လီချီထံမေးလိုက်မိသည်။
“ လီချီချီ သူ့ရဲ့နာမည်က ဘာလဲ…”
“ ငါလည်း သူ့ကိုနည်းနည်းရင်းနှီးနေသလိုပဲ..”
လျိုတာ့ရှန်ကပါ ဝင်ပြောလာခဲ့သည်။
နျဲ့ရှောင်နှင့် အခြားသူများလည်း ရှောင်ဝူယိတို့၏ စကားဝိုင်းကို ကြားလိုက်ကြရသည်။ အစပိုင်းတွင် သူတို့အာရုံမစိုက်ချင်ကြသော်လည်း ယခုအချိန်တွင် လင်းမုန့်ဖေးနှင့် လျိုကန်းတို့ဘက်သို့လှည့်ကာ စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်မိကြသည်။ သို့သော်လည်း ထိုအမျိုးသမီးမှာ သူတို့ဘက်သို့ နောက်ကျောပေးထားသဖြင့် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြရပေ။
လီချီသည်လည်း ကွဲကွဲပြားပြားမမှတ်မိသောကြောင့် မျက်မှောင်ကြုတ်လျက် ဂရုတစိုက်တွေးလိုက်မိသည်။
“ ကြည့်ရတာ ဖေးအာ ဆိုပြီးဖြစ်မယ်ထင်တယ်…ရှောင်ဖေး… မုန့်ဖေးလားမသိ ..”
ရှဲ့ကျွင်းမှ တခဏအတွင်းတုန့်ပြန်လာသည်။
“ လင်းမုန့်ဖေးလေ…”
“ ဟုတ်တယ် ဟုတ်တယ်… အတိအကျပဲ… အဲ့သည့်နာမည် အဲ့သည့်နာမည်…”
အဆိုပါနာမည်မှ နေရာရှိလူတိုင်း၏ မှတ်ဉာဏ်များကို တူးဆွပေးလိုက်သည်။ ရှောင်ဝူယိနှင့် ရှဲ့ကျွင်းတို့ထံတွင် ထိုနာမည်နှင့်ပတ်သက်၍ နက်ရှိုင်းသော မှတ်ဉာဏ်များ ရှိနေခဲ့သည်။
“ ချီးးး သူကအသက်ရှင်နေပြီးတော့ ငါတို့ရဲ့အခြေစိုက်စခန်းကိုတောင် ပြေးလာရဲသေးတယ်ပေါ့..”
ရှဲ့ကျွင်း မနေနိုင်ဘဲ အံတင်းတင်းကြိတ်လျက် ထိုအချိန်များမှ ဝူဝမ်ယွီ ကြုံတွေ့ရပုံများကို ပြန်တွေးမိသည်။
ရှောင်ဝူယိ၏ ရှားရှားပါးပါး ဒေါသထွက်နေသော မျက်နှာလေးသည်လည်း ပေါ်ထွက်လာခဲ့လေသည်။
“အကျင့်ပုတ်တဲ့ မိန်းမ… ရွံစရာစုန်းမကြီး ပေါင်ပေါင်း သူ့ကိုမုန်းတယ်…”
နျဲ့ရှောင်နှင့် ဝူဝမ်ချီတို့မှာ လက်ရှိဖြစ်ပေါ်နေသော သဘောမတူညီမှု အကြောင်းကို မသိသော်လည်း လင်းမုန့်ဖေးဟူသော အမည်ကိုမူ သူတို့အားလုံး သိနေခဲ့ကြသည်။
“ ရှောင်ယွီ အဲ့ဒါ မင်းသူငယ်ချင်းမဟုတ်ဘူးလား…”
ဝူဝမ်ယွီအား လင်းမုန့်ဖေး ဇွန်ဘီအုပ်ထဲသို့ တွန်းချခဲ့သော အဖြစ်အပျက်သည် အချိန်အတန်ကြာပြီ ဖြစ်သောကြောင့် ရှောင်ဝူယိနှင့် ဝူဝမ်ယွီတို့သည် နျဲ့ရှောင်တို့အဖွဲ့နှင့် တွေ့ဆုံပြီးနောက်တွင် ထိုအကြောင်းအား ထပ်မံပြောဆိုခြင်း မရှိခဲ့ပေ။ ထို့ကြောင့် စတင်ချိန်မှ အဖွဲ့အတွင်းသို့ ပါဝင်ခဲ့ကြသော ကျောင်းအုပ်ယွမ်နှင့် ရှဲ့ကျွင်း၏ အဖွဲ့မှလွဲ၌ ထိုအကြောင်းအား သိရှိထားသူ မရှိကြချေ။
လက်ရှိတွင် ရှောင်ဝူယိ၊ ရှဲ့ကျွင်းနှင့် လျိုတာ့ရှန်တို့၏ ရန်လိုသော အမူအရာများအားကြည့်ကာ ဝူဝမ်ချီနှင့် နျဲ့ရှောင်တို့ ပိုမိုသိချင်လာကြသည်။
ဝူဝမ်ယွီသည်လည်း လင်းမုန့်ဖေးနှင့် ဤနေရာတွင် ထပ်မံတွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော်လည်း သူမ၏ နှလုံးသားထဲတွင် မည်သို့သော ခံစားချက်မျိုးမှ မရှိတော့ချေ။
ဝူဝမ်ယွီသည် သနားစဖွယ်ဖြစ်နေသော လင်းမုန့်ဖေး၏ နောက်ကျောအား အရေးမပါသည့် သူစိမ်းတစ်ယောက်သဖွယ် ကြည့်နေလိုက်သည်။ ထို့နောက် ဝူဝမ်ချီ၏ လက်မောင်းအားဖက်လိုက်ပြီး ချိုသာစွာပြုံးလျက် ပြောလေသည်။
“အစ်ကို.. ဒီအမျိုးသမီးက ညီမလေးနဲ့ မပတ်သက်ပါဘူး.. ညီမလေး သူ့ကို မသိဘူး..”
လျိုကန်းအား တင်းကြပ်စွာ ဖက်တွယ်ထားသူ လင်းမုန့်ဖေးသည် အနောက်ဘက်မှ အသံများအား ကြားရချိန်တွင် တစ်ခဏအတွင်း ခေါင်းမှ ခြေဖျားထိအောင် တောင့်တင်းသွားပြီး ခေါင်းပင် မလှည့်ရဲချေ။
ဝူဝမ်ယွီ၏ လုံးလုံးလျားလျား မသိပါဟူသော အငြင်းစကားများအပြင် ရှောင်ဝူယိနှင့် ရှဲ့ကျွင်းတို့၏ မုန်းတီးမှုအပြည့်ရှိသော အမူအရာများကြောင့် ဝူဝမ်ချီနှင့် နျဲ့ရှောင်တို့ စိတ်ရှုပ်ထွေးသွားကြသည်။
ရှဲ့ကျွင်းသည် ဝူဝမ်ယွီ ကြုံတွေ့ခဲ့ရသော အရာများကြောင့် စိတ်မကောင်းဖြစ်မိသည်။ သူ၏ ညီအစ်ကိုကောင်းဖြစ်သော လျိုတာ့ရှန်၏ သစ္စာဖောက်မှုအား ခံရပြီး ဇွန်ဘီအုပ်အတွင်းသို့ တွန်းပို့ခံရပါက နေရာတွင် ရူးသွပ်သွားနိုင်သည်။ ရှဲ့ကျွင်း မုန်းတီးမှုအပြည့်ဖြင့် အံကြိတ်ကာ လင်းမုန့်ဖေး၏ နောက်ကျောအား ကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့တိုးကာ အော်ဟစ်လိုက်သည်။
“ ငါတော့ ဒီကိစ္စကို ဒီတိုင်းဆက်မထားနိုင်တော့ဘူး…”
ရှဲ့ကျွင်း၏ အေးစက်စက်အသံအား ကြားရချိန်တွင် လင်းမုန့်ဖေး ကြောက်ရွံ့ကာ ကိုယ်ကျုံ့သွားသည်။ လျိုကန်းသည်လည်း ဤသည်အား အခွင့်ကောင်းယူကာ လင်းမုန့်ဖေးအား တွန်းထုတ်လိုက်ပြီး လီချီထံသို့ ပြေးသွားလိုက်သည်။ ဝူဝမ်ယွီနှင့် ရှဲ့ကျွင်းတို့၏ အပြုအမူများအား ကြည့်ခြင်းဖြင့် အနှီမိန်းမထံ၌ ဖုံးကွယ်ထားသော ကိစ္စများ အလွန်များနေသည်ဟု ရုတ်တရက် သဘောပေါက်သွားမိသည်။ နေ့နေ့ညည ထိုမိန်းမနှင့် အတူရှိခဲ့မိသည့် အကြောင်းများအား ပြန်လည်အမှတ်ရမိသည့်အခါ လျိုကန်း ဦးရေပြားများပင် ထုံကျဉ်လာသည်ဟု ခံစားမိပြီး ကြက်သီးများ ထလာကာ နှလုံးသားထဲ၌ပင် အလွန်ရွံရှာသော ခံစားချက်များ ပေါ်ထွက်လာသည်။
“ မမလေး ရှောင်ယွီနဲ့ လင်းမုန့်ဖေးတို့က မိတ်ဆွေဟောင်းတွေလား…”
လျိုကန်း အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ လူအများနှင့် ဆက်ဆံရေး မပြေလည်ချိန်အား ပြန်လည်တွေးမိပြီးနောက် လင်းမုန့်ဖေးသည် သူ၏အမည်အားသုံးကာ ဝူဝမ်ယွီအပေါ် အပြစ်ပြုခဲ့မိမည်ကို အလွန်ကြောက်ရွံ့လာသည်။
ရှဲ့ကျွင်း နှာရှုံ့လိုက်ပြီးနောက် လင်းမုန့်ဖေး ပြုလုပ်ခဲ့သော မကောင်းသည့် ကိစ္စအားလုံး ဖွင့်ဟလုနီးနီးမှာပင် ဝူဝမ်ယွီ သူ၏လက်အား လှမ်းဆွဲလိုက်သည်။
ဝူဝမ်ယွီသည် ရှဲ့ကျွင်း၏ လက်ကိုကိုင်ကာ မှီလိုက်ပြီးနောက် တုန်ယင်စွာဖြင့် ခန္ဓာကိုယ်အား ကျုံ့ထားသော အမျိုးသမီးအားကြည့်ကာ နူးညံ့စွာပြောလေသည်။
“ကျွန်မ လင်းမုန့်ဖေးဆိုတဲ့ သူကို တကယ်မသိတာပါ..”
သူမအား သစ္စာဖောက်လိုက်သည့် အချိန်မှစကာ ဝူဝမ်ယွီသည် ထိုသူအား ဦးနှောက်ထဲ ဆက်ထည့်ထားဦးမည် မဟုတ်ပေ။
ဝူဝမ်ယွီသည် ရှဲ့ကျွင်း၏ လက်မောင်းအား ယမ်းခါလိုက်ပြီးနောက် ပြောလေသည်။
“တော်ပြီ တော်ပြီ… ရှင်လဲခရီးပမ်းလာတာကို… လူတိုင်းလည်း ပင်ပန်းနေကြမှာပဲ… အရင်ဆုံး ပြန်ကြရအောင်…”
ဝူဝမ်ယွီ၏ အမှုမထားသော သခင်မငယ်လေးသဖွယ် အမူအယာအားကြည့်ကာ ရှဲ့ကျွင်းနှင့် ရှောင်ဝူယိတို့ အနည်းငယ် ဒေါသထွက်နေသေးသော်လည်း ဝူဝမ်ယွီ ပြောသည်အား နာခံလိုက်ပြီး ထိုကိစ္စအပေါ် ဝင်ပါနေခြင်းကို ရပ်တန့်လိုက်ကြသည်။ အခြားသူများသည်လည်း ရှုပ်ထွေးနေမှုများ အပြည့်ဖြင့်သာ ဗီလာဝင်းထဲသို့ ပြန်သွားလိုက်ကြရသည်။
🐹🐹🐹🐹🐹
*မှတ်ချက် မထည့်လို့ မဖြစ်တဲ့ အခြေအနေမို့ ထည့်လိုက်ပါတယ်။ Liu ကို လျှို လို့ ပေါင်းခဲ့မိတာ တောက်လျှောက်ပါ။ ဒါပေမဲ့ ‘လျို’ လို့ စာလုံးပေါင်းတာကို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ သိပါတယ်
။ အဲဒါကြောင့် အခုအပိုင်းကစပြီး လျိုတာ့ရှန်၊ လျိုကန်း စသည်ဖြင့် ပြင်သွားပါမယ်။ မပြင်မိဘဲ မေ့ကျန်ခဲ့တာရှိရင်လည်း ပေါင်ပေါင်းမျက်နှာနဲ့ ခွင့်လွှတ်ပေးကြပါလို့။ ( ੭ ˘ ³˘)੭°。⋆♡‧₊˚