အပိုင်း ၇၄
Viewers 22k


🐹အခန်း ၇၄

 ဝူယိလေး စခန်းပြန်ရောက်ပါပြီ



ရှောင်ဝူယိ သူ၏ပါးစပ်ပေါက်သေးသေးလေးဖြင့် တတွတ်တွတ်ပြောနေသည်ကို နားထောင်ရင်းဖြင့် နင်ဖုန်းရုတ်တရက်ဆိုသလို မေးခွန်းတစ်ခုကိုသတိရသွားသောကြောင့် မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ 


“ ဒါနဲ့ မင်းရဲ့နာမည်ရင်းကကော ဘာတဲ့လဲ အလုပ်သမားလေး…”


ထိုမေးခွန်းကိုကြားလိုက်ကြရချိန်တွင် ရှောင်ဝူယိ၊ မော့ယန်နှင့် အခြားသိနေကြသူများမှာ ကြောင်အသွားခဲ့ကြသည်။ ခဏအကြာတွင် ရှောင်ဝူယိ ကူကယ်ရာမဲ့စွာဖြင့် သူ၏ဘေးတွင်ရှိသော နျဲ့ရှောင်ကိုကြည့်ကာ အပြုံးကြီးကြီးတစ်ပွင့် တောက်ပစွာပြုံးပြလိုက်သည်။


ထို့နောက် ပိုဆီယာနှင့် အခြားသူများသည်လည်း သတိပြန်ဝင်လာကြကာ ဒီလောကကြီးထဲတွင် အမှန်တကယ်ကိုပင် တိုက်ဆိုင်မှုများရှိသည်ဟု ခံစားနေကြရသည်။ နင်ဖုန်းနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ဝူယိ ဟူသောအမည်မှာ နျဲ့ရှောင်မှ ရွေးချယ်ပေးခဲ့သည် ဖြစ်ကြောင်းကို မေ့သွားလုမတတ် ဖြစ်ခဲ့ကြသည်။


နျဲ့ရှောင်သည်လည်း အချိန်လွန်မှ သတိပြန်ဝင်လာခဲ့သည်။ သူ၏ခေါင်းကိုလှည့်ကာ အံ့ဩနေဆဲဖြစ်သော အကောင်ပေါက်လေးကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် ကောင်ငယ်လေးမှ အခိုင်အမာ ခေါင်းညိတ်ပြလာကာ သူလေး၏မျက်လုံးများမှာ ကြည်နူးမှုကြောင့် လခြမ်းကွေးလေးသဖွယ် ကော့တက်နေခဲ့သည်။


“ ပေါင်ပေါင်းကို အရင်ကလည်း ဝူယိလို့ပဲခေါ်တာလေ…” 


ရှောင်ဝူယိ နျဲ့ရှောင်၏လက်ကို ဆွဲကိုင်ကာ ခေါင်းယမ်း၍ပြောလိုက်သည်။ 


“ အရင်ကလည်း ဝူယိလို့ခေါ်တာ… အခုလည်းဝူယိလို့ပဲခေါ်တာ…”


“ သောက်ကျိုးနည်း…” 


လူအုပ်ကြီးမှ ထအော်မိလိုက်ကြသည်။


ဗိုက်ကထဲ သန်ကောင်လိုမျိုး ကြိုသိနေတယ်ဆိုတာ ဒီလိုမျိုးပဲနေလိမ့်မယ်… နျဲ့ရှောင် ဟမ်းစတားလေးကို ကောက်ယူပြီး သာမန်ကာလျှံကာ ပေးလိုက်သည့်နာမည်သည်ပင် ဝူယိ၏အမည်ရင်းဖြစ်‌နေခဲ့သည်။ ဤကဲ့သို့ ဆန်းကြယ်သော ကြိုတင်သိရှိနေသကဲ့သို့ရေစက်မျိုးမှာ နေရာရှိလူတိုင်းကို သက်ပြင်းချကာ အံ့ဩတကြီးပင့်သက်ရှိုက်သွားစေခဲ့သည်။


နျဲ့ရှောင် ကိုယ်တိုင်သည်ပင် ဤအဖြစ်အပျက်မှာ အလွန်ဆန်းကြယ်ပြီး မယုံနိုင်စရာကောင်းသည်ဟု ခံစားနေမိသည်။


“ဒါကဘယ်လိုတောင်မသေမျိုးအချစ်မျိုးလဲဟေ…လောင်နျန်းကတော့ ဒီလိုကံကြမ္မာဖန်လာတဲ့ လက်ထပ်ပွဲမျိုးက အရမ်းခမ်းနားတယ်လို့ယုံတယ်… အိုက်ယိုး အိုက်ယိုး..” 


ရှောင်ယန် မနေနိုင်ဘဲ သူမ၏အနည်းငယ်နီမြန်းနေသောပါးများကို အုပ်ကိုင်ကာ သူမ၏ အပျိုဖြန်းလေးနှလုံးသားမှာ ပေါက်ကွဲထွက်လုမတတ်ဖြစ်နေရသည်။


တစ်ဖက်တွင်မူ မော့ယန် ကူကယ်ရာမဲ့စွာဖြင့် အံသာကြိတ်ထားမိသည်။ သူ ဟမ့်ခနဲအသံပြုလိုက်ပြီး ‌တတွတ်တွတ်ရေရွတ်ရင်းဖြင့် နျဲ့ရှောင်ထံ ဓားတိုများပေးပို့လိုက်သည်။ 


“ ဒါက ကြောင်မျက်ကန်းက ကြွက်သေနဲ့တိုးသွားတာမျိုးပါပဲလေ… ကမ္ဘာမြေရဲ့ ပြက္ခဒိန်က ငါတို့ဂြိုလ်ရဲ့ ပြက္ခဒိန်နဲ့တို က်ဆိုင်သွားတာနေမှာပေါ့… မင်းသားလေးရဲ့စွမ်းရည် နိုးထလာပြီး ပျောက်သွားတဲ့ မေလ၁ရက်နေ့က ငါတို့ဂြိုလ်ရဲ့ ပွဲတော်ကျင်းပတဲ့နေ့နဲ့ သူ့ရဲ့ တစ်ဆယ့်ငါးနှစ်ပြည့် မွေးနေ့လေ… ငါတို့တော်ဝင်မျိုးနွယ်မှာ မေလ၁ရက်နေ့က ကြယ်တွေဖြောင့်တန်းပြီး ရှင်သန်နေတဲ့ အရာအားလုံး အသက်ဝင်လာတဲ့ နှစ်တစ်နှစ်ရဲ့ အသန့်စင်ဆုံးနေ့ပဲ… မင်းသားလေးက တိုက်တိုက်ဆိုင်ဆိုင် အဲ့သည့်နေ့မှာ မွေးဖွားလာတော့ သူ့ရဲ့နာမည်ကို မျိုးနွယ်တစ်ခုလုံးရဲ့ ကောင်းချီးပေးမှုအောက်မှာ မှည့်လိုက်ကြတာ…”


ပိုဆီယာ မနေနိုင်ဘဲ သဘောတူညီသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ သူ၏ဘေးနားရှိလူတိုင်းကို ပြောလိုက်မိသည်။ 


“ နီမိုတော်ဝင်မျိုးနွယ်ရဲ့ မေလ၁ရက်နေ့ ပွဲတော်ကျင်းပပုံမျိုးက ဘယ်လိုလဲဆိုတာ မင်းတို့စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး … အဲ့သည့်အစိမ်းရောင်ဂြိုလ်ပေါ်မှာရှိတဲ့ အလုံးစုံသောသတ္တဝါတွေရဲ့ အဖူးအညွှန့်လေးတွေက ကခုန်နေကြတာလေ… အရမ်းကို ထူးခြားဆန်းပြားပြီး မှော်ဆန်တာ… နီမိုတော်ဝင်မျိုးနွယ်ရဲ့ မေလ၁ရက်နေ့က မဟာမိတ်တစ်ခုလုံးမှာ အကျော်ကြားဆုံး အထွတ်အမြတ်နေ့တစ်နေ့လို့ ပြောနိုင်တယ်…”


“ အမှန်ပဲ…” 


ဆစ်စလိုနှင့်အခြားသူများသည်လည်း ဝင်ပြောလာကြသည်။ 


“ တခြားဂြိုလ်တွေမှာရှိတဲ့ ငါတို့တွေအကုန်လုံးက အဲ့သည့်နေရာကို သွားချင်ကြပေမယ့် အဲ့သည့်နေ့ကြရင် နီမိုကြယ်ဆိပ်ကမ်းက လူနည်းနည်းလေးပဲ လက်ခံတာလေ…”


ပိုဆီယာနှင့် ကျန်သူများ၏ ချဲ့ကားမှုများကို နားထောင်ရင်းဖြင့် လူတိုင်းမှာ သူတို့၏ပါးစပ်များကို အံ့ဩတကြီး ဖွင့်ဟထားမိကြသည်။


နင်ဖုန်း မအောင့်နိုင်တော့ဘဲ ထိုအချိန်တွင် ဝူယိကိုတောင်းပန်လိုက်မိသည်။ ထိုအမည်၏ မြင့်မြတ်သော မူလသမိုင်းကြောင်းကို သိပြီးချိန်၌ သူမဆင်မခြင်ထပ်မံ၍ မပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ သူ ရှောင်ဝူယိကို အလုပ်သမားလေးဟုခေါ်လိုက်တိုင်း ဝူယိအလွန်စိတ်အနှောင့်အယှက်ဖြစ်နေသည်မှာ အံ့ဩဖွယ်ရာမရှိချေ။ ဖြစ်နိုင်သည်မှာ ရှောင်ဝူယိသည် မှတ်ဉာဏ်ပျောက်ဆုံးသွားရသည့်တိုင် သူ့နာမည်၏ဆိုလိုရင်းအပေါ် မသိစိတ်မှခုခံကာကွယ်နေသည့်ပုံပင်။


“မင်းသားလေး ဝူယိ ငါမှားသွားခဲ့ပါတယ်… နောက်ကြရင် မင်းရဲ့နာမည်ကို ထပ်ပြီး မဆင်မခြင် ပြောင်းမပစ်တော့ပါဘူး…” 


နင်ဖုန်း သူ၏လက်များကို အတူစုစည်းကာ ရှောင်ဝူယိကို တောင်းပန်လိုက်သည်။


ရှောင်ဝူယိ နှစ်ကြိမ်မျှဟွန့်ခနဲ အသံပြုလိုက်သည်။ ထို့နောက် သူ၏ခေါင်းကိုတတ်နိုင်သမျှမော့ထားကာ လက်ကိုယမ်း၍ပြောလိုက်သည်။ 


“ ဒီမင်းသားက စိတ်ရှိပေမယ့် ခွင့်လွှတ်ပေးလိုက်ပါမယ်လေ…”


နျဲ့ရှောင် ကောင်ငယ်လေး၏ ကြီးကြယ်ခမ်းနားသည့် ပုံဖမ်းနေသည့် ပုံစံကိုကြည့်ကာ မနေနိုင်ဘဲ သူလေး၏ခေါင်းကို ကြည်နူးစွာပွတ်ပေးလိုက်မိသည်။ အနှီချစ်စရာကောင်းသည့် မင်းသားငယ်လေးသည်ကား သူမည်သည့်အရာများကိုစား၍ ကြီးပြင်းလာသည်ဆိုသည့်အကြောင်းမှာ အမှန်တကယ်တွေးချင်စရာပင်။


လူတိုင်းမှာ ရယ်မောကာ စကားတွတ်ထိုးလျက်ဖြင့် သူတို့၏ခရီးကိုအရှိန်မြှင့်လိုက်ကြသည်။ ပိုင်မေ့၏ ဇွန်ဘီဘုရင်ထိန်းချုပ်ခြင်းစွမ်းအား အကူအညီဖြင့် သူတို့လမ်းတစ်လျောက်လုံးတွင် အတားအဆီးမရှိ ခရီးဆက်နိုင်ခဲ့ကြသည်။ 


အခြေစိုက်စခန်းနှင့် သူတို့၏အကွာအဝေး နီးကပ်လာသည့်အချိန်တွင် ရှာဖွေရေးအဖွဲ့တစ်ခုသည် လူတစ်ဒါဇင်ခန့်ကိုစုစည်းကာ လမ်းမပေါ်သို့တက်၍ လူတိုင်း၏လမ်းကိုပိတ်ဆို့လာလေသည်။


ထရပ်ကားများ ရပ်တန့်သွားချိန်တွင် လူတိုင်း ရင်းနှီးနေသော ပိတ်ဆို့ခံရသည့် မြင်ကွင်းအားကြည့်ကာ ထန်ယို့ရှန်၏အဖွဲ့ ဟိုင်ချန်တွင် ပြုလုပ်ခဲ့သော ရူးနှမ်းနှမ်း အပြုအမူများအား ပြန်တွေးမိကြသည်။ 


ရှောင်ဝူယိနှင့် အခြားသူများသည်လည်း ရယ်ကာမောကာ စကားပြောဆိုနေခြင်းအား ရပ်တန့်လိုက်ကြပြီး လမ်းပေါ်ရှိ လူတစ်စုအား ကြည့်လိုက်ကြသည်။ 


ထိုအဖွဲ့အား အသက် ၂၇၊ ၂၈ နှစ်ခန့်ရှိမည့် ငယ်ရွယ်မှုများနှင့် ပြည့်နှက်နေသော လူငယ်တစ်ဦးမှ ဦးဆောင်လာသည်။ ထိုလူ ရှေ့သို့တက်လာပြီး ကားပေါ်ရှိ နျဲ့ရှောင်အပါအဝင် ရင်းနှီးသော သွင်ပြင်ရှိသည့် လူများအား ကြည့်လိုက်သည်။ မျက်လုံးထဲတွင် အံ့ဩရိပ်သန်းလာပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် မထိန်းချုပ်နိုင်ဘဲ အော်မိတော့သည်။ 


“အားးးးးး တကယ်ကြီး ဘော့စ်နျဲ့ပဲ.. မင်းတို့ တကယ်ပြန်ရောက်လာကြပြီ.. အရမ်းကောင်းတာပဲ..”


“ ဘာ… ဘုရားရေ…”


စိတ်လှုပ်ရှားနေသော လူအုပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် နျဲ့ရှောင်၏ အဖွဲ့သားများ မျက်ခုံးမပင့်ဘဲ မနေနိုင်ကြချေ။ သူတို့မှ လူများအား သိရှိခြင်း မရှိကြသလို သိရှိနေမည် ဆိုလျှင်ပင် မည်သို့မျှ မတတ်နိုင်ပေ။ 


 “အလွန်အမင်း ဖော်ရွေပျူငှာ” နေကြသူများအားကြည့်ကာ သွမ့်ဝမ်ယွီ ကားထဲမှ ထွက်ကာ ပြုံးလျက်နှင့် မေးလိုက်သည်။


“မင်းတို့က အခြေစိုက်စခန်းက လာကြတာလား..”


“ဟုတ်တယ်.. ဟုတ်တယ်..”


လီချီ အပြင်းအထန် ခေါင်းညိတ်လိုက်ပြီး သွမ့်ဝမ်ယွီနှင့် ကျန်လူများအား လေးစားအားကျမှုအပြည့်ဖြင့် ကြည့်နေသည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီ ကြယ်ပွင့်များနောက် လိုက်လေ့ရှိသော ပရိသတ်များနှင့်ပင် တူလှသည်။ ထို့နောက် လီချီမှပင် ဦးစွာ မိတ်ဆက်လေသည်။


“ကျွန်တော်က လီချီပါ.. ဒါက မစ်ရှင်လုပ်ဖို့ ထွက်လာတဲ့ ကျွန်တော့် အဖွဲ့သားတွေပါ.. ကားသံကြားတာနဲ့ ကျွန်တော်တို့လည်း ထွက်လာကြည့်တာ..”


“ အော် ဒီလိုဖြစ်သွားတာကိုး…”


လီချီ၏အနောက်မှ အဖွဲ့သားအချို့မှာ နျဲ့ရှောင် ထွက်သွားပြီးချိန်မှသာ အခြေစိုက်စခန်းသို့ ဝင်ရောက်လာခဲ့ကြသောကြောင့် နျဲ့ရှောင်နှင့် ကျန်သူများ၏ အထောက်အထားကို ရှင်းရှင်းလင်းလင်း မသိကြချေ။ သူတို့ခေါင်းဆောင်၏ အလွန်လေးစားအားကျနေသောပုံစံကို မြင်လိုက်ရချိန်တွင် မအောင့်နိုင်ဘဲ လီချီကဲ့သို့ တစ်ပုံစံတည်း တူညီသည့် မျက်နှာများဖြစ်နေကြသော ဘေးနားမှ အဖွဲ့သားများအား မေးလိုက်မိကြသည်။ 


“ သူတို့ကဘယ်သူတွေလဲ သူတို့ကအရမ်းမိုက်တာပဲလား…”


“ ပြောစရာကိုမလိုဘူး သူတို့ကအရမ်းမိုက်တာလေ…မင်းတို့အားလုံးနျဲ့ရှောင်ရဲ့အဖွဲ့နာမည်တွေကို ကြားဖူးကြလား… သူတို့က ငါတို့အခြေစိုက်စခန်းကိုတည်ထောင်တဲ့သူတွေထဲက တစ်ယောက်ပဲ… ဘော့စ် ဝူဝမ်ချီလိုပဲ အရမ်းစွမ်းအားကြီးကြတယ်…” 


စီနီယာအချို့နှင့် နျဲ့ရှောင်တို့ကိုသိနေသည့်လူများမှာ စိတ်အားထက်သန်စွာပြောပြလာကြသည်။


“ !!! “


စွမ်းရည်ပိုင်ရှင် ဖြစ်လာကြသူများမှာ ပုံမှန်အားဖြင့် မျက်စိနှင့်နားများ ရှိသူဖြစ်သည်။ နျဲ့ရှောင်နှင့် ကားထဲရှိလူများအားလုံး အပြင်ဘက်မှ တက်ကြွပြီးလေးစားအားကျနေသောစကားဝိုင်းကို ကြားနိုင်ကြသည်။ ထို့ကြောင့် ရှောင်ယန်သည် ဝူဝမ်ချီ၏ နာမည်ကို ကြားလိုက်ရချိန်တွင် မနေနိုင်ဘဲ တောက်ပစွာပြုံးလျက် လီချီနှင့် ကျန်သူများကို ကြည့်ကာမေးလိုက်မိသည်။ 


“ ကျွန်မတို့ အားလုံးက သိနေကြတယ်ဆိုတော့ ရှင်တို့ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ ပြန်လိုက်လာခဲ့လေ… လမ်းမှာ အခြေစိုက်စခန်းရဲ့ လတ်တလောပြောင်းလဲမှုတွေ အကြောင်းကို ပြောပြပေါ့…”


နတ်ဘုရားမလေးမှ စကားပြောလာချိန်တွင် လီချီ၏ မျက်နှာတစ်ခုလုံးမှာ မျောက်ဖင်ကဲ့သို့ နီမြန်းသွားရသည်။ သူအလွန်စိတ်လှုပ်ရှားနေရသောကြောင့် တစ်ခွန်းမှပင် အထွန့်တက်ခြင်းမရှိဘဲ သဘောတူလိုက်သည်။ 


“ ဒါပေါ့ သေချာပေါက်ပဲ… အစတည်းကလည်း ကျွန်တော်တို့တာဝန်ပြီးပြီဆိုတော့ စခန်းကို ပြန်ကြတော့မှာပဲလေ…”


အခြေစိုက်စခန်းမှ လူသစ်အချို့သည်လည်း အသံပိုင်ရှင်ကို လိုက်ရှာမိလိုက်ကြချိန်တွင် သူတို့၏အကြည့်များမှာ ရှောင်ယန်၏ ရှုမောဖွယ် လှပသော မျက်နှာလေးပေါ်သို့ တဖြည်းဖြည်း ကျရောက်သွားခဲ့ကြသည်။ ရုတ်တရက်ဆိုသလို သူတို့၏မျက်လုံးများ ပြာဝေသွားပြီး စိတ်များဗလာကျင်းကာ မူးဝေလာရသည်။ ကားအတွင်းသို့ တစ်ချက်ချုံ ကြည့်လိုက်ကြပြီးချိန်တွင် ရှောင်ဝူယိနှင့် ပိုဆီယာတို့၏ မျက်နှာများကိုလည်း ရှင်းလင်းစွာ မြင်လိုက်ကြရကာ မျက်တောင်တစ်ခတ်အတွင်း အလင်းတန်းတစ်ခုမှာ နေရာပေါင်းစုံသို့ ဖြာကျသွားသည်ဟု ခံစားလိုက်ကြရသည်။ တောက်ပသော အလင်းရောင်တစ်ခုမှာ ထိုအမျိုးသားလေးများပေါ်တွင် ကျဆင်းနေပြီး ကမ္ဘာပျက်ကပ်ထဲတွင် အမှောင်ထုထဲမှာ အလင်းတန်းလေးတစ်ခုကဲ့သို့ သူတို့၏နှလုံးသားများကို အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားခဲ့သည်။


သူတို့အားလုံး ကြေငြာလိုက်ကြသည်… သူတို့၏ အိုင်ဒေါအသစ် မွေးဖွားလာလေပြီ…


ရှောင်ယန်နှင့် ကျန်သူများမှာ ထိုအုပ်စုကိုကြည့်ကာ ရယ်ချင်စရာကောင်းပြီး ချစ်စဖွယ်ဖြစ်သည်ဟုသာ ခံစားလိုက်ကြရသည်။


ခဏအကြာတွင် လီချီနှင့်အဖွဲ့သားများ အထောက်အကူပစ္စည်းများကို သယ်ဆောင်လာကြသည့်ကားများကို မောင်းနှင်လိုက်ကြပြီး သူတို့နှင့် မနီးမဝေးမှနေ၍ လိုက်လာခဲ့ကြသည်။ ခေါင်းဆောင်နှင့် လက်ထောက်ခေါင်းဆောင်ဖြစ်ကြသော လီချီနှင့် လျိုကန်းတို့မှာမူ အခြားသူများ၏ မနာလိုနေသည့် မျက်လုံးများအောက်တွင် နျဲ့ရှောင်နှင့် အဖွဲ့သားများ ရှိနေသော ကားအတွင်းသို့ ပစ်ထည့်ခံလိုက်ရသည်။


ကားအချို့ကို စက်နှိုးလိုက်ကြလေပြီ။ လီချီနှင့် လျိုကန်းတို့မှာမူ ထရပ်ကားအတွင်း စွမ်းအားကြီးသူများဖြင့် ဝန်းရံခံထားရခြင်းကြောင့် စိတ်လှုပ်ရှားနေရပြီး အသက်ပင်မရှူနိုင် ဖြစ်နေကြရသည်။ သူတို့၏မျက်လုံးများမှာလည်း မည်သည့်နေရာသို့ ကြည့်နေရမည်ကိုမသိဘဲ တောင်ကြည့်မြောက်ကြည့်‌ ဖြစ်နေကြသည်။


သွမ့်ဝမ်ယွီ ပြုံးလျက်ပြောလိုက်သည်။ 


“ စိတ်မလှုပ်ရှားကြပါနဲ့… အခြေစိုက်စခန်းအတွင်း လတ်တလောအပြောင်းအလဲတွေကို ပေါ့ပေါ့ပါးပါးပြောပြလို့ရပါတယ်… ဝူဝမ်ချီနဲ့ ကျောင်းအုပ်ယွမ်တို့ကော အခုနောက်ပိုင်း အဆင်ပြေကြရဲ့လား…”


“ အရမ်း အရမ်း အရမ်းကိုပြေပါတယ်… လူတိုင်းကောင်းကောင်းရှိနေကြတယ်…”


လီချီနှင့် လျိုကန်းတို့၏ ပြန်ပြောင်းပြောပြချက်များဖြင့် နျဲ့ရှောင်နှင့် ကျန်သူများမှာ အခြေစိုက်စခန်း၏ လတ်တလောအခြေအနေများကို လုံလောက်စွာ နားလည်သွားကြသည်။


အခြေစိုက်စခန်းများမှ တစ်စုတစ်စည်းတည်း ဆက်သွယ်နိုင်ရန် အင်အားစုများသို့ ပူးပေါင်းလိုက်ကြစဉ် အခါထဲက မရေတွက်နိုင်သော စွမ်းရည်ပိုင်ရှင်များနှင့် သာမန်လူများသည်လည်း အခြေစိုက်စခန်းမှ ပေးပို့စာကို ရရှိပြီးသည့်နောက်တွင် အဖွဲ့များဖွဲ့၍ အခြေစိုက်စခန်းများစီသို့ အပြေးလာရောက်ခဲ့ကြသည်။ ပင်ပန်းနွမ်းနယ်လာကြသော မျိုးစုံသည့် အကြောင်းပြချက်များဖြင့် လာရောက်ခိုလှုံကြခြင်းကြောင့် အသက်ရှင်ကျန်ရစ်သူစာရင်းမှာ ရှည်သည်ထက် ရှည်လျားလာခဲ့သည်။


လူအရေအတွက် တိုးပွားလာခြင်းကြောင့် ဝူယိအခြေစိုက်စခန်း၏ နေရာမှာလည်း ကျယ်သည်ထက် ကျယ်ပြန့်လာရသည်။ ဇွန်ဘီများကိုရှင်းလင်း၍ အတွင်းနှင့်အပြင်ကို အပြတ်ဖြတ်ပြီးနောက်တွင် တံတိုင်းအမြင့်ကြီးများကို တစ်ထပ်ပြီးတစ်ထပ် ဆောက်လုပ်ခဲ့ကြသည်။ ယခုအချိန်တွင် ၎င်းမှာမြို့တစ်မြို့ကဲ့သို့ ကြီးမားလှပြီး စခန်းအတွင်းရှိ လူမှုဆက်ဆံရေး တာဝန်များကိုလည်း အသေအချာ စီစဉ်နေရာချထားကာ လူတိုင်းလိုပင် ကမ္ဘာပျက်ကပ် သဘောတူညီချက်များနှင့် အခြေစိုက်စခန်း၏ အတွင်းပိုင်း စည်းမျဉ်းစည်းကမ်းများကို အလွတ်ရကာ လိုက်နာခဲ့ကြသည်။ ဝူဝမ်ယွီ၏ ကာကွယ်ရေးဒိုင်းကာကြီးဖြင့် ၎င်းကိုအောက်ခြေတွင် တိုးတက်လာစေသောကြောင့် အခြေစိုက်စခန်းမှ နှင်ထုတ်ခံချင်သည့်သူဟူ၍ မရှိတော့ပေ။


ဝူယိအခြေစိုက်စခန်းမှာ ရှားပါးလှသော ခိုလှုံရာစခန်းဖြစ်သည့်အတွက် လူတိုင်း စည်းလုံးညီညွတ်ကြကာ ၎င်းကိုရတနာတစ်ခုသဖွယ် အလွန်တန်ဖိုးထားကြသည်။


မည်သို့ပင်ဆိုစေကာမူ အစားအစာနှင့် အထောက်အပံ့ပစ္စည်း ပြတ်လပ်မှုများကတော့ ရှိနေဆဲပင်။ လူအရေအတွက် တိုးပွားလာသည်နှင့် နေ့စဉ်လိုအပ်သော ရိက္ခာအထောက်အပံ့စာရင်းမှာလည်း အတော်လေးကြီးမားလာပြီး အဆုံးမသတ်နိုင် ဖြစ်နေကြရသည်။ ဆေးနှင့်ဆေးကုသမရနိုင်သောလူများလည်း အများအပြားရှိနေသေးကာ ရာသီဥတု ပိုမိုပူပြင်းလာရသည့်အတွက် အခြေစိုက်စခန်းအပြင်ဘက်မှ ဇွန်ဘီများကိုလည်း ရှင်းလင်းခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ မလုပ်နိုင်ကြခြင်းကြောင့် ပိုးမွှားမျိုးစုံ ပေါက်ပွားလာစေသည်။


စွမ်းရည်ပိုင်ရှင်များမှ အဖွဲ့များဖွဲ့ကာ အပြင်သို့ထွက်၍ နေ့စဉ်နေ့တိုင်း ရိက္ခာများ သွားရောက်ရှာဖွေနေရသော်လည်း စားသုံးမှုမှာ ရရှိမှုထက် ပိုများနေခဲ့သည်။ ယခုအချိန်တွင် အခြေစိုက်စခန်းရှိ စွမ်းအားအသုံးမပြုနိုင်သော သာမန်လူများအားလုံးမှာ ရိက္ခာ‌ချွေတာနိုင်ရန်အလို့ငှာ စတင်၍ တစ်နေ့လျှင် တစ်နပ်သာ စားကြရလေသည်။


ရိက္ခာအထောက်အပံ့ ပစ္စည်းများကို လုံလုံလောက်လောက်ရရှိနိုင်ရန် ပိုမိုဝေးကွာသောနေရာများကို သွားကြရခြင်းကြောင့် စွမ်းရည်ပိုင်ရှင်အဖွဲ့များ၏ ရိက္ခာထွက်ရှာချိန်များမှာလည်း ပို၍ရှည်လျားလာရသည်။ သူတို့စခန်းမှခွာရသည့် ဧရိယာမှာ ပို၍ကျယ်ပြန့်လာကာ အန္တရယ်ရှိနိုင်‌ခြေသည်လည်း ပို၍မြင့်မားလာသည်။


မစ်ရှင်အဖွဲ့မှ လုံလုံခြုံခြုံ ချောချောမွေ့မွေ့ ပြန်ရောက်လာသည့်အချိန်တိုင်း စခန်းအတွင်းရှိ သာမန်လူများမှာ လမ်းများပေါ်တွင်စီတန်း‌၍ တက်ကြွစွာကြိုဆိုကြသည်။ စွမ်းရည်ပိုင်ရှင်မှာ ပို၍အားကြီးလေလေ ပို၍ချစ်ခင်လေးစားမှုများကို ရလေလေဖြစ်သည်။ ၎င်းအချက်မှာ စွမ်းရည်ပိုင်ရှင်များကြားတွင်လည်း ထိုနည်းလည်းကောင်းပင် စစ်မှန်လှသည်။ လီချီနှင့်လျိုကန်းတို့၏ ခိုင်မာသော လေးစားအားကျမှုများသည်လည်း ယနေ့ခေတ်တွင် ပုံမှန်ဖြစ်ပျက်လေ့ရှိသော အရာများဖြစ်လာကြသည်။


လက်ရှိအခြေစိုက်စခန်းတွင် ဝူဝမ်ချီ၊ သူ၏ညီမနှင့် လျှိုတာ့ရှန်၏အဖွဲ့တို့မှာ သူတို့၏ အလွန်စွမ်းအားကြီးမားသော စွမ်းရည်များကြောင့် စခန်းတစ်ခုလုံး၏ အလေးစားခံရဆုံးသောလူများ ဖြစ်နေကြသည်။


ရှောင်ယန် မအောင့်နိုင်တော့ဘဲ လီချီမှ ဝူဝမ်ချီနှင့် အခြားသူများအပေါ် ဖော်ပြပုံကိုနားထောင်၍ရယ်မောနေမိသည်။


🐹🐹🐹🐹🐹