အပိုင်း ၇၃
Viewers 22k


🐹အခန်း ၇၃

 ဝူယိလေး၏ စွမ်းရည်မူကွဲ



ရှောင်ဝူယိ စိတ်အခြေအနေ အနည်းငယ်တည်ငြိမ်သွားပြီးနောက် လွန်ခဲ့သော သုံးရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများအကြောင်း နင်ဖုန်းနှင့် အခြားသူများ ပြောပြသည်ကို နားထောင်နေခဲ့သည်။ ထိုအချိန်မှသာ ထိုဝတ်ရုံနက်နှင့်လူသည်လည်း ဂြိုလ်သားကျူးကျော်သူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်ရပြီး ရှောင်ဝူယိအလွန်ဒေါသထွက်သွားခဲ့ရသည်။


ကမ္ဘာမြေပေါ်တွင် နှစ်အတော်ကြာနေထိုင်ခဲ့သည်ဖြစ်ရာ သူသည် ဤရေပြာရောင်ဂြိုလ်ကြီးကို အလွန်ပင်နှစ်သက်မိလေသည်။


ရှောင်ဝူယိမနေနိုင်ဘဲ နျဲ့ရှောင်ကိုကြည့်ကာ သူ၏ခါးကိုပြေးဖက်မိသွားသည်။ နျဲ့ရှောင်ကို သူ၏ခေါင်းဖြင့်ပွတ်ကာ ပြောလိုက်မိသည်။ 


" ဒယ်ဒီ ဝမ်းမနည်းပါနဲ့… ကမ္ဘာကြီးက အခုဆိုရင် ပေါင်ပေါင်းရဲ့ ဒုတိယအိမ် ဖြစ်နေပါပြီ… ပေါင်ပေါင်း သေချာပေါက် ဒယ်ဒီ အဲ့သည့်လူဆိုးကောင်ကြီးကို တိုက်ထုတ်မယ့်နေရာမှာ ကူညီပေးမယ်နော်… ပေါင်ပေါင်းတို့ရဲ့ဂြိုလ်က အရမ်းကိုသန်မာပါတယ်…"


နျဲ့ရှောင်၏ နှလုံးသားမှာ ချက်ချင်းဆိုသလို နွေးထွေးသွားရသည်။ သူ၏မျက်လုံးထဲတွင် နူးညံ့မှုနှင့် အလိုလိုက်မှုများအပြည့်ဖြင့် ခေါင်းကိုငုံ့ကာ ‌ကောင်ငယ်လေး၏ပါးပြင်ကို အနမ်းပေးလိုက်သည်။ 


" ကျေးဇူးပါ ပေါင်ပေါင်းရေ လူတိုင်းက ပေါင်ပေါင်းကိုကျေးဇူးတင်နေကြမှာပါ…"


ထိုမြင်ကွင်းကိုကြည့်နေသည့်မော့ယန်မှာ မနေနိုင်ဘဲ မျက်လုံးထောင့်များတွန့်ချိုးသွားရပြီး ကြားဖြတ်ပြောလိုက်သည်။ 


" အရှင့်သားလေး အရှင့်သားရဲ့မှတ်ဉာဏ်တွေလည်း ပြန်ရလာပြီဆိုတော့ စွမ်းရည်ကကောဘယ်လိုလဲ… ပြန်ရလာပြီလား…"


ဤအကြောင်းကို ပြောလာသည့်အချိန်တွင် နေရာတွင်ရှိသူအားလုံးမှာ မျှော်လင့်ချက်များအပြည့်နှင့် ရှောင်ဝူယိထံသို့ကြည့်လာကြသည်။ ရှောင်ဝူယိမှာမူ မနေနိုင်ဘဲ ချိုမြိန်စွာရယ်လျက် သူ၏ပါးပြင်ပေါ်မှာ အလွန်ချစ်စဖွယ်ကောင်းသည့်ပါးချိုင့်နှစ်ခုကိုပြသလာ ဂုဏ်ယူစွာပြောလိုက်သည်။


" ဒါပေါ့ စွမ်းရည်တွေလည်းပြန်ရလာပြီးပြီ…"


" ဒီဟမ်းစတားစစ်သည်တော်လေးက အပြည့်အဝတိုးတက်ပြောင်းလဲသွားခဲ့ပြီလေ…"


လူတိုင်း ရှောင်ဝူယိ၏ မူကွဲစွမ်းရည်အား သိချင်နေကြသည်။ မော့ယန်ပြောကြားခဲ့သော အချက်အလက်များအရ ရှောင်ဝူယိ အပြည့်အဝ ပြန်လည်နိုးထလာလျှင် သူ၏စွမ်းရည်မှာ နေရာလွတ်စွမ်းရည်တစ်ခုထက် ပိုနိုင်သည်။


“မြန်မြန် မြန်မြန်.. မြန်မြန်လေး ပြတော့..”


နင်ဖုန်း စိတ်မရှည်စွာ လောဆော်လေသည်။


ပိုင်မေ့သည်လည်း ရှောင်ဝူယိအား စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်နေသည်။ ရှောင်ဝူယိ၏ နေရာလွတ်မှာ သူ့ထက် အဆပေါင်းများစွာပိုကြီးမည်ဟု အမြဲတွေးနေမိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ရှောင်ဝူယိမှာ သူ့ထက် အဆင့်မြင့်နေခြင်းကြောင့်ဟု ထင်နေမိခြင်းသာ။ လွန်ခဲ့သော ရက်များတွင် မော့ယန်သည် သူတို့မှာ အမြုတေစုပ်ယူရန် မလိုအပ်ကြောင်း ပြောလာသည့် အခါမှသာ သူနှင့် ဝူယိ၏ စွမ်းရည်များမှာ လုံးလုံးလျားလျား တူညီမှုမရှိကြောင်း သိခဲ့ရသည်။


ပိုဆီယာ၊ ဆစ်စလိုနှင့် ကျန်သူများသည်လည်း သူတို့၏ အထူးစွမ်းရည်များအား သွေးမျိုးဆက်အရ နိုးထစေနိုင်ခဲ့သည်ကို စဉ်းစားမိသည့်အခါ ဒေါက်တာဝေ့ဟန်မင်နှင့် သိပ္ပံပညာရှင်များပင်လျှင် အလွန်အမင်း မှော်ဆန်သည်ဟု ထင်မိကြသည်။ စကြဝဠာကြီးမှာ အလွန်ကြီးမားသည့်အပြင် သာမန်ထက် လွန်ကဲထူးခြားသော အရာများနှင့် ပြည့်နှက်နေသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။


လူတိုင်း တောက်လောင်သည့်အကြည့်များဖြင့် ကြည့်လာကြသည့်အခါ ရှောင်ဝူယိ၏ ပါးဖောင်းဖောင်းလေးထက်တွင် အလွန်ဂုဏ်ယူသည့် အရိပ်အယောင်များ ပေါ်ထွက်လာသဖြင့် နျဲ့‌ရှောင်၏ နှလုံးသားပင် ယားယံလာပြီး ထိုပါးဖောင်းဖောင်းအား တို့ထိကာ ဆွဲဖျစ်လိုက်ချင်မိသည်။


“ဒါဆိုလည်း မကြောက်သွားကြနဲ့နော်.. ဟိုးဟိုး..”


ရှောင်ဝူယိ ရွှင်မြူးစွာပြောလာသည်။ သူ၏စွမ်းရည်ကို အပြည့်အဝ ပြန်လည်ရရှိသွားချိန်တွင် သူ့ကိုယ်သူပင် အလွန်ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားနေရပြီး ‌၎င်းမှာ သူ၏နေရာလွတ်နှစ်ခုထက်ပင် ပို၍ပျော်စရာကောင်းနေခဲ့သည်။


မော့ယန်မှာ သိရှိပြီးသားဖြစ်သော်လည်း သူ့မိသားစုမှ မင်းသားလေး၏ စနောက်ချင်သော ကြောင်ပေါက်လေးသဖွယ် အမူအယာကို မြင်လိုက်ရချိန်တွင် သူ၏စိတ်ထဲ၌ ကြည်နူးခြင်းများနှင့် ဖူးဖူးမှုတ် အလိုလိုက်ထားချင်စိတ်များသာ ကျန်ရစ်ခဲ့လေသည်။


ထို့နောက် လူတိုင်း ထပ်မံလောဆော်မှု ပြုမလာခင်မှုပင် ဆန်းကြယ်ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ ရှောင်ဝူယိသည် သူ၏လက်ကလေးအား အသာမြှောက်ကာ လေထဲတွင် စက်ဝိုင်းတစ်ခုအား ပေါ့ပေါ့ပါးပါး ရေးဆွဲလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ လူတိုင်း သိသိသာသာပင် အကွာအဝေးတစ်ခု ခြားနေသည့်တိုင် အနီးအနားရှိ လေဟာနယ် ကွဲထွက်သွားမှုအား ရှင်းရှင်းလင်းလင်း မြင်တွေ့ရဆဲဖြစ်သည်။ ထို့နောက် လူတိုင်းရှေ့တွင် အနက်ရောင်လေဟာနယ် တွင်းနက်တစ်ခု ပေါ်ထွက်လာခဲ့သည်။


လူတိုင်း အသိပြန်ဝင်မလာခင်မှာပင် ရှောင်ဝူယိသည် လေဟာနယ်အတွင်းသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားခဲ့ပြီး လေဟာနယ်ဝင်ပေါက်မှာလည်း ခြေရာလက်ရာပင် မကျစ်ရစ်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။ လူတိုင်း အသိစိတ် ပြန်ဝင်လာချိန်တွင် ဘေးပတ်လည်သို့ အရူးအမူး လိုက်ကြည့်မိကြသည်။


နင်ဖုန်း အံ့ဩမှုအပြည့်ဖြင့် ပါးစပ်ကိုဟလျက် ဘယ်မှညာသို့ လိုက်လံရှာဖွေနေမိသည်။ 


" သူကတကယ်ကြီး အချိန်နဲ့ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်တာပဲ…အရမ်းမိုက်တယ်… ဒါပေမယ့် သူကဘယ်ရောက်သွားတာလဲ… ထပ်ပြီးပျောက်သွားမှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား…"


“ ဟမ့် ပျောက်ပါဘူးနော်.. ပေါင်ပေါင်းက ဒီမှာလေ.. ဟားဟားဟားဟား…” 


ဝူယိ ထူးဆန်းသည့် ဘူးး ဟူသောအသံနှင့်အတူ နင်ဖုန်း၏အနောက်မှ ရုတ်တရက်ထွက်ပေါ်လာကာ လူတိုင်းကို ထခုန်မိလုမတတ် ထိတ်လန့်သွားစေသည်။ သို့သော်လည်း လူတိုင်း သတိပြန်မဝင်လာခင်မှာပင် လူငယ်လေးမှာ အနက်ရောင်လေဟာနယ်ထဲသို့ ထပ်မံဝင်ရောက်ပျောက်ကွယ်သွားပြီး အခန်းတွင်းရှိနေရာလွတ်အားလုံးမှာ ဟမ်းစတားလေးအတွက် အပေါက်လိုက်ဖောက်စရာ ကစားကွင်းကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။


တစ်စက္ကန့်အတွင်း သည်နေရာတွင်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင်မူ ဟိုနေရာတွင်ပေါ်လာကာ လူတိုင်းကို ခြောက်လှန့်ဆော့ကစားနေသည်။ ကစားသူများ အမြဲလိုရှုံးနိမ့်လေ့ရှိသည့် တွင်းထဲမှအရုပ်ပေါ်ကာ ထုချေရသော ကစားနည်းကဲ့သို့ ဟမ်းစတားလေးမှာ ကျပန်းပေါ်လာသည့် တံခါးများအပိုင်သိမ်း၍ လူတိုင်းကိုထောင်ဖမ်းနေခဲ့သည်။


နင်ဖုန်းနှင့် ဆစ်စလိုတို့မနေနိုင်ဘဲ ရှောင်ဝူယိနှင့်အတူ ဟမ်းစတားလိုက်ဖမ်းတိုင်း ကစားလိုက်ရပြီး သူတို့ကို နားနေခန်းထဲတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေစေသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသည့် အခြားသူများမှာမူ ကူကယ်ရာမဲ့စွာဖြင့် ရှောင်ဝူယိမှ လေဟာနယ်အား စုတ်ဖြဲ၍ မည်ကဲ့သို့ ကမ္ဘာမြေပေါ်တွင် ပေါ်လာသည့်အကြောင်းကို တွေးနေမိကြသည်။ သူဖြတ်ကျော်လာသည့် အကွာအဝေးကို သူတို့ခန့်မှန်း၍ပင် မရခဲ့ပေ။ အချိန်အတော်ကြာသည်အထိ အဆိုပါ စိတ်ဝင်စားစရာကောင်းသည့် အချက်အလက်မှာ သူတို့၏သွေးများကို ဆူပွက်သွားစေပြီး စိတ်လှုပ်ရှားရသောကြောင့် တုန်ယင်လာရစေသည်။ ဖြစ်နိုင်သည်မှာ ဤစကြာဝဠာအတွင်း ဟမ်းစတားလေး မသွားနိုင်သည့်နေရာဟူ၍ မရှိသည့်ပုံပင်။


“ သောက်ကျိုးနည်း ဒါကအရမ်းမိုက်တာပဲ….”


“ အားးး ငါငယ်ငယ်တုန်းက ကာတွန်းထဲမှာကြည့်ရတဲ့ကျပန်းဖွင့်လို့ရတဲ့တံခါးတွေက အမှန်တကယ်ဖြစ်လာတာပဲ…သောက်ကျိုးနည်းဟေး…”


အဆုံး၌ ရှောင်ဝူယိ နျဲ့ရှောင်၏အနောက်တွင် တိတ်တဆိတ်ပြန်ပေါ်လာခဲ့သည်။ အနက်ရောင်တွင်းပေါက်ကြီးမှ ခေါင်းပြူထွက်၍ နျဲ့ရှောင်၏ပါးကို ပုချိ ဟူသောအသံလေးနှင့်အတူ ခိုးနမ်းလိုက်ကာ ဖက်ထားလိုက်ပြီး ပျော်ရွှင်စွာတခစ်ခစ်ရယ်မောနေသည်။


နျဲ့ရှောင် သတိတစ်ချက်လွတ်သွားသည်နှင့် အနမ်းခံလိုက်ရသည်။ သူ၏လက်မောင်းကို တွဲခိုနေဆဲဖြစ်သည့် ပေါတောတော ကောင်ငယ်လေးကိုကြည့်ကာ ရုတ်တရက်ဆိုသလို သူ၏နှလုံးသားထဲတွင် နူးညံ့မှုအစုအဝေးတစ်ခုကို ခံစားလိုက်ရသည်။ နေရာလွတ်နှစ်ခုသည်ကပင် အလွန်ထူးဆန်းနေပြီဟူ သူခံစားခဲ့ရသော်လည်း သူ့မိသားစု၏ ဟမ်းစတားလေးမှာ အချိန်နှင့် အာကာသကိုဖြတ်၍ ဤသို့ပင်သွားလာ‌နိုင်ခဲ့သည်။ မော့ယန်မှ ကြိုတင်၍ အရိပ်အမြွတ် ပြထားခဲ့သည်ဆိုစေကာမူ ဤကဲ့သို့လေဟာနယ်တွင် လျှောက်ပတ်ဆော့ကစားနိုင်သည်မှာ အလွန်စိတ်ကူးမယဉ်နိုင်သောအရာဖြစ်နေသေးသည်။


“ ပေါင်ပေါင်း အရမ်းမိုက်…” d-(´▽`)-b


နျဲ့ရှောင် စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်မိသည်။


ရှောင်ဝူယိ ချစ်ခင်မှုအပြည်နှင့်ခေါင်းကိုယမ်းကာ နျဲ့ရှောင်ကိုကြည့်၍ပြောလာသည်။ 


“ ဒီတစ်လောကလုံးမှာ ပေါင်ပေါင်းကို သော့ခတ်သိမ်းထားနိုင်တဲ့နေရာဆိုပြီး မရှိသေးဘူး… ဒါပေမယ့် ဒယ်ဒီရဲ့နှလုံးသားကတော့ ခြွင်းချက်လေ..ဘာဖြစ်လို့လဲဆိုရင် ပေါင်ပေါင်းက ဒယ်ဒီ့ရဲ့နှလုံးသားထဲမှာ သော့ခတ်သိမ်းထားခံရပြီးပြီမလို့…”


ထိုသို့ပြောရင်းဖြင့် ရှောင်ဝူယိမှ နျဲ့ရှောင်ထံသို့ လက်ချောင်းဖြင့်အသည်းပုံလေးလုပ်ပြလိုက်သည်။ 🫰🏻 ကမ္ဘာမြေပေါ်မှ အငွေ့အသက်ဖြင့် အချစ်ကိုဖော်ပြသောစကားများမှာ အနားရှိလူတိုင်း၏ ပါးစပ်များကို ချိုမြသွားစေပြီး နျဲ့ရှောင်မှာမူ သူ၏ရင်ထဲမှထိုးတက်လာသည့် ချစ်စိတ်များကို ဖိနှိပ်မရနိုင်လုနီးနီး ဖြစ်သွားရသည်။


နျဲ့ရှောင်လက်ဆန့်ကာ ကောင်ငယ်လေး၏ပါးကို ပွတ်သပ်ပေးပြီးနောက် တစ်ဖက်လူ၏ နှုတ်ခမ်းပါးလေးကို ရွှေငါးလေးသဖွယ် အရှေ့သို့ဆူထွက်လာအောင် ဖျစ်ကာ အားနှင့်နမ်းရှိုက်လိုက်သည်။ 


“ ပေါင်ပေါင်းက ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲကွာ..”


ဟမ်းစတားလေးမှ အရှက်သည်းစွာဖြင့် သူ၏မျက်နှာလေးကို ဖုံးကွယ်လိုက်သည်။


ဘေးတွင်ရှိနေသည့် ကျန်းချိုးမှာမူ မနေနိုင်ဘဲ လျှာတစ်လစ်ဖြင့် အံ့ဩတကြီးပြောလိုက်မိသည်။ 


“ ကြောက်ဖို့ကောင်းတယ်.. အမလေး ကြောက်ဖို့ကောင်းလိုက်တာ… ငါပြောမယ် သူငယ်ချင်းလေးကတော့ မှတ်ဉာဏ်ပြန်ရတာနဲ့ သူ့ရဲ့လောင်ကုန်းကို စပြီးနောက်ပြောင်နေပြီ… မကောင်းဆိုးဝါးအိုကြီးနျဲ့တော့ ဘယ်လိုထိန်းထားမလဲမသိ…”


ချစ်ကြည်နူးတစ်တီတူးနေသည့်မြင်ကွင်းကို မြင်လိုက်ရသည့်မော့ယန်မှာမူ သူ၏မျက်‌လုံးထောင့်များ တွန့်ချိုးသွားကာ အံကြိတ်လျက်ဖြင့်ရှိနေသည်။ 


“....” ကျစ် လုံးဝကျက်သရေ မရှိဘူး


သွမ့်ဝမ်ယွီမှာမူ ရှောင်ဝူယိ၏ အချိန်နှင့်အာကာသကူးပြောင်းစွမ်းရည်အပေါ် အံ့ဩနေမိပြီး မနေနိုင်ဘဲ မေးခွန်းမေးလိုက်မိသည်။ 


“ ဝူယိ ဒီစွမ်းရည်က မင်းရဲ့မူလဂြိုလ်စီကိုပြန်သွားနိုင်လား…တခြားလူတွေကိုရော ခေါ်သွားလို့ရလား..”


သွမ့်ဝမ်ယွီ၏ စကားကိုကြားလိုက်ရချိန်တွင် ပိုဆီယာနှင့်အခြားသူများ၏စိတ်မှာ တုန်ယင်သွားရသည်။ အကယ်၍သာ ယခုအချိန်တွင် ထိုစွမ်းရည်ကိုအောင်မြင်သွားပါက ‌ကမ္ဘာမြေကြီး၏ပိတ်ဆို့ခြင်းမှာ သူတို့အတွက်ပြသနာမဖြစ်နိုင်တော့ပေ။


ရှောင်ဝူယိ သူ၏မေးကိုထိကာ အချိန်ခဏမျှ တွေးတောဆင်‌ခြင်နေသည်။ ထို့နောက် ဖြူစင်သောအကြည့်များအပြည့်နှင့် သူ၏မျက်လုံးဝိုင်းကြီးများမှ အံ့ဩတကြီး ထိုသူတို့ကိုကြည့်ကာ ပြောလိုက်သည်။ 


“ အရင်တုန်းကတော့ လူတွေအတူခေါ်သွားဖို့ မစမ်းကြည့်ရသေးဘူး… ပြီးတော့ ပေါင်ပေါင်းသာ နီမိုဂြိုလ်စီကို ပြန်ချင်တယ်ဆိုရင် ကမ္ဘာ‌နဲ့ပေါင်ပေါင်းတို့ရဲ့ဂြိုလ်အကြား အနေအထားကို အရင်ဆုံးအတည်ပြုရဦးမှာ… မဟုတ်ရင် ဒီအတိုင်း တိုက်ရိုက်ပြန်သွားတာနဲ့ လမ်းပျောက်သွားလိမ့်မယ်… ပေါင်ပေါင်း အခုချိန်မှာ ဘယ်နေရာက ကာကွယ်ထားတဲ့နေရာ ဆိုတာလဲတောင် မသိသေးဘူးလေ…”


“ကြောက်ဖို့အကောင်းဆုံးအရာက ပေါင်ပေါင်းသာ မတော်တဆလမ်းပျောက်သွားပြီး သဘာဝမကျတဲ့ဂြိုလ်တစ်လုံးပေါ် ဆင်းသက်လိုက်မိမယ်ဆိုရင် ဒီဟမ်းစတားလေးက အောက်စီဂျင်မရလို့ အသက်ရှူကြပ်ပြီး သေသွားလိမ့်မယ်… အာကာသအတွင်း ခရီးသွားရမဲ့ အကွာအဝေးနဲ့ဆိုရင် ပေါင်ပေါင်းရဲ့စွမ်းရည်က တစ်ခါပဲသုံးနိုင်မှာ.. နောက်တစ်ကြိမ်ပြန်သုံးနိုင်ဖို့ အချိန်အများကြီး ပြန်စောင့်ရလိမ့်မယ်…” 


ရှောင်ဝူယိ အကျိုးဆက်အဖြစ် သေဆုံးနိုင်ခြင်းအပေါ် တွေးတောမိသွားချိန်တွင် သူ၏မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပြည့်သွားခဲ့သည်။ အာကာသအတွင်း ခရီးသွားလာနိုင်သော်လည်း ရှောင်ဝူယိမှာ လမ်းပျောက်တတ်သူတစ်ယောက် ဖြစ်လေသည်။


“ အဲ့သည့်အချိန်တုန်းက ပေါင်ပေါင်းရဲ့စွမ်းရည်က ရုတ်တရက်စိတ်ရူးထပေါက်သွားပြီးတော့ ကမ္ဘာကိုတိုက်ရိုက်ထိုးဖောက်နိုင်ခဲ့တာ… တကယ်ကံကောင်းသွားတယ်လို့ ပြောရမယ်…” 


ရှောင်ဝူယိ နျဲ့ရှောင်ကိုဖက်ကာ ကာလရှည်ကြာကြောက်ရွံ့နေရသကဲ့သို့ သက်ပြင်းချလိုက်သည်။


ပိုဆီယာနှင့် အခြားသူများ၏ နှုတ်ခမ်းထောင့်များမှာ တွန့်ချိုးသွားခဲ့သည်။ “….”


ဒီရူးနိုင်လောက်အောင် ချစ်ဖို့ကောင်းတဲ့ တော်ဝင်မျိုးနွယ်ကကောင်လေးက တကယ်ကြီးကို သူ့ရဲ့နာမည်နဲ့ထိုက်တန်တာပဲ…


ထိုကဲ့သို့သောကိစ္စ ဖြစ်နိုင်လောက်မည်ကို သိထားပြီးဖြစ်သော မော့ယန်မှာ သူ၏နဖူးကိုသာ နှိပ်နယ်နေရသည်။ ကံကောင်းစွာဖြင့် မင်းသားလေးအား လိုက်‌လံဖွေခဲ့မိလေသည်။ မင်းသားလေး၏ ကမ္ဘာပေါ်ဆင်းသက်ခဲ့ခြင်းမှာ မတော်တဆမှုစစ်စစ်ဖြစ်ပြီး ကာကွယ်ထားသည့်နေရာနှင့် ဂါရိုဆန်ကြယ်စင်စုတို့မှာ အလွန်ကွာဝေးပေရာ သူ၏အိမ်မည်သည့်နေရာတွင် ရှိနေသည်ကို သိနေမှသာ မင်းသားလေးအတွက် မှော်ဆန်နေပေလိမ့်မည်။


“ ထားလိုက်ပါတော့ နေရာကိုငါသိထားပြီးပြီပဲ နောက်ကြမှပဲ ငါမင်းကိုကြယ်မြေပုံပြပေးမယ်…” 


ဖုန်းတောက် ဘေးမှနေ၍ နွမ်းလျနေသည့်အသံဖြင့်ပြောလာသည်။ ကံကောင်းစွာဖြင့် သူတို့ဤနေရာသို့ ကိုယ့်ဘာသာမောင်းလာမိခဲ့ပြီး သူတို့၏ကွမ်တမ်ဦးနှောက်များထဲတွင် ကြယ်မြေပုံကို ဒေါင်းလုတ်ဆွဲထားခဲ့မိကြသည်။


ထိုစကားကိုကြားလိုက်ရချိန်တွင် ရှောင်ဝူယိ ချက်ချင်းဆိုသလို သူ၏ရင်ဘတ်ကိုပုတ်ကာ ပျော်ရွှင်စွာကျေးဇူးတင်လိုက်မိသည်။ 


“ ကောင်းတာပေါ့ မြေပုံရှိတယ်ဆိုရင် အားလုံးအဆင်ပြေသွားလိမ့်မယ်…ပေါင်ပေါင်းက အထစ်အငေါ့မရှိဘဲပြန်သွားပြီး သူတို့ကိုသတင်းပို့လို့တောင်ရတယ်…”


နျဲ့ရှောင်နှင့်လူတိုင်း : “...” ဘာလို့ ဒီလောက်ယုံကြည်ချက်ရှ်ိရှိ ပြောနေရတာလဲနော်… ငါတို့တွေ ပိုပြီးတောင် စိုးရိမ်လာရပြီ…


နျဲ့ရှောင် လက်ကိုဆန့်ကာ လောဘကြီးနေသည့် ဟမ်းစတားလေး၏ ခေါင်းကိုကိုင်၍ ချောင်းအသာဟန့်လိုက်ပြီးနောက် စကားဝိုင်း၏ ခေါင်းစဉ်ကိုပြောင်းလိုက်သည်။ 


“ ဒီကိစ္စနဲ့ပတ်သက်ပြီး အလောတကြီးလုပ်ဖို့မလိုပါဘူး… နောက်တစ်ခေါက်ထပ်မပြောခင်အထိ ပေါင်ပေါင်း မြေပုံနဲ့ရင်းနှီးသွားတာကို စောင့်ကြတာပေါ့… အခုကလည်း အချိန်မစောတော့ဘူးဆိုတော့ မြန်မြန်စားပြီး အခြေစိုက်စခန်းကိုပြန်သွားကြမယ်…နည်းနည်းလောက် သွက်သွက်လေးလုပ်ရအောင် ဒါမှ ဝူဝမ်ချီနဲ့ကျန်တဲ့သူတွေကို ဒီနေ့အတွင်းတွေ့နိုင်မှာလေ…”


သူတို့အားလုံး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။  


အင်းး လောနေဖို့မှမလိုတာပဲလေ…


လျော့တွက်ခံလိုက်ရသော ဟမ်းစတားလေးမှာမူ ဒေါသတကြီး လက်ပိုက်ထားလေသည်။


လူတိုင်း မနက်စာကိုခပ်မြန်မြန်စားလိုက်ကြပြီး ထရပ်ကားများကိုမောင်း၍ ခမ်းနားစွာပြန်သွားကြသည်။ ယနေ့တွင် ပိုင်မေ့သည် ဗီလာအား မူလပိုင်ရှင်ဖြစ်သည့် ရှောင်ဝူယိထံ ပြန်ပေးလိုက်သည်။


ကားထဲထိုင်လျက် အခြေစိုက်စခန်းနှင့် တဖြည်းဖြည်းနီးကပ်လာချိန်တွင် နျဲ့ရှောင်၏နှလုံးသားမှာ မဖော်ပြနိုင်လောက်အောင် ခုန်ပေါက်လာခဲ့သည်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီးနောက် ၎င်းကိုသူသတိရနေမိပြီး ယခုအချိန်တွင် အခြေစိုက်စခန်းမှာ မည်သို့ရှိမည်ကို သိချင်နေမိသည်။ ဝေ့ဟန်မင်၊ ဝူချင်ဖုန်းနှင့် အခြားသူများမှာမူ ထိုနေရာသို့တစ်ခါမှမရောက်ဖူးကြသော်လည်း ဝူယိအခြေစိုက်စခန်း၏ ပုံပန်းသဏ္ဌာန်အပေါ် မျှော်လင့်စောင့်စားနေမိကြသည်။ လူတိုင်းမှာ ကားထဲတွင်ထိုင်လျက်ဖြင့် ဝူယိအခြေစိုက်စခန်း၏အကြောင်းကို စကားစမြည်ပြောဆိုနေကြသည်။


သူတို့ ပြောရင်းပြောရင်းဖြင့် စကားဝိုင်းမှာ မူရင်းခေါင်းစဉ်မှ သွေဖယ်သွားကာ ဝူယိနှင့် အခြားသူများအပေါ်သို့ ကျဆင်းသွားခဲ့သည်။ ရှောင်ဝူယိ ကားထဲတွင်ထိုင်ကာ မေးခွန်းများ မလွတ်တမ်းမေးနေခဲ့ပြီး နင်ဖုန်းနှင့် အခြားသူများသည်လည်း နီမိုတော်ဝင်မျိုးနွယ်နှင့် ရှောင်ဝူယိ၏ မင်းသားတစ်ပါးဟူသော အထောက်အထားအပေါ် အတော်လေးသိချင်စိတ်ပြင်းပြနေကြသည်။


ရှောင်ဝူယိ တုန့်ဆိုင်း‌မနေဘဲ နီမိုတော်ဝင်မျိုးနွယ်၏ ရိုးရာနှင့် ဓလေ့ထုံးတမ်းများအကြောင်းကို ပြောပြလိုက်ကာ တက်ကြွစွာဖြင့်ပင် သူတို့ကိုဖိတ်ခေါ်လိုက်သေးသည်။ 


“ကမ္ဘာပျက်ကပ်ကြီးပြီးသွားရင် လူတိုင်းရဲ့ ပေါင်ပေါင်းရဲ့ဂြိုလ်ကို လျောက်လည်ဖို့လာခဲ့နော်… ပေါင်ပေါင်းတို့ရဲ့ဂြိုလ်က ဆန်ဂါလိုကြယ်စင်စုမှာ တစ်ခုတည်းသော သဘာဝအတိုင်းရှိနေတဲ့ ဂြိုလ်တစ်ခုပဲ… ကမ္ဘာလို အပြာရောင်တစ်ခုထဲ မဟုတ်ဘဲနဲ့ နီမိုဂြိုလ်မှာက ကွင်းပြင်ကျယ်ကြီးတွေနဲ့ သစ်တောတွေအများကြီးရှိတာ… အစိမ်းရောင်မြင်ကွင်း အကောင်းဆုံးရှိပြီးတော့ လေထုအသန့်စင်ဆုံး ဂြိုလ်တစ်ခုလေ… ဂြိုလ်တစ်ခုလုံးမှာလည်း အရမ်းလှတဲ့အစိမ်းရောင်တွေကြီးပဲ…”


“ ဝိုးးးး အဲ့သည့်က လေကတော့ ခြွင်းချက်မရှိကို ကောင်းနေမှာပဲဟေ့…”


“ ဟုတ်တယ်…” 


ရှောင်ဝူယိ တက်တက်ကြွကြွ ခေါင်းညိတ်လာသည်။


လူတိုင်း၏ ချီးကျူးမှုကို မြင်ရချိန်တွင် ပိုဆီယာ၊ ဆစ်စလိုနှင့် ကျန်သူများမှာလည်း ဤအတိုင်း ထိုင်မနေနိုင်တော့ဘဲ သူတို့၏ မွေးရပ်မြေများအကြောင်းကို ဝင်ရောက်ပြောဆိုလာကြသဖြင့် ထရပ်ကားထဲရှိလူတိုင်းမှာ သိချင်စိတ် ပြင်းပြသွားကြပြီး စကြဝဠာအတွင်း လှည့်ပတ်သွားလာချင်စိတ်များ ဖြစ်ပေါ်လာကြသည်။


🐹🐹🐹🐹🐹