အပိုင်း ၇၂
Viewers 22k


🐹အခန်း ၇၂

 ဝူယိလေး နိုးလာပါပြီ.. လားလားလား




မော့ယန်သည် သူတို့ထိထားသမျှ အရာအားလုံးအား ထုတ်ဖော်မှုပြုပြီး မည်သည့်အရာကိုမျှ ထိန်ချန်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် လက်ရှိအခက်ခဲဆုံး ပြဿနာမှာ ကမ္ဘာပျက်ကပ်၏ မူလအစမှာ ဂြိုလ်သားများ ကျူးကျော်ခြင်းကြောင့်ဖြစ်သည်ဟူ၍ ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။


အားလုံးထဲမှာမှ ပိုင်မေ့၏စိတ်အခြေအနေမှာ အရှုပ်ထွေးဆုံး၊ သက်သောင့်သက်သာ မဖြစ်ဆုံးနှင့် အနာကြည်းဆုံး ဖြစ်နေခဲ့သည်။ အထူးသဖြင့် သူ၏ မိဘများနှင့် ဘိုးဘွားများမှာ ဤကပ်ဆိုးထဲတွင် သေဆုံးသွားကြရပြီး သူကိုယ်တိုင်သည်လည်း သားကောင်တစ်ကောင် ဖြစ်ခဲ့ရကာ သူ၏ ကမ္ဘာမြေသားများကို သတ်ဖြတ်ရန် ဝတ်ရုံနက်၏ ပြန်လည်ထူထောင်ရေးဆေးဖြင့် ဖြားယောင်းခံခဲ့ရသည်။


“သူပြန်လာဦးမှာပါ.. သူ့ကိုဖမ်းပြီး သေချာပေါက် လက်စားချေရမယ်..”


ပိုင်မေ့ လက်သီးတင်းတင်းဆုပ်ထားကာ သူ၏မျက်နှာမှာ လေးနက်နေပြီး အံကြိတ်လျက်ပြောလာသည် 


" ဒီကပ်ဆိုးကြီးကို သေချာပေါက် ဖြတ်ကျော်ပစ်မယ်…"


" အသေအချာပဲ… ကျူးကျော်လာသူတွေက ထိုက်တန်တဲ့တန်ဖိုးကိုပြန်ပေးဆပ်ရမယ်…" 


တစ်စုံတစ်ယောက်မှ နီမြန်းနေသောမျက်လုံးများဖြင့် ပြောလာသည်။ 


"အခုငါတို့မှာ ကူညီ‌ဖို့စစ်သူကြီးလည်းရှိနေပြီ… ငါတို့သာစည်းစည်းလုံးလုံးနဲ့အတူတူလုပ်ကိုင်ကြရင် ဒီကပ်ဘေးကို သေချာပေါက်ဖြတ်ကျော်နိုင်လိမ့်မယ်…"


နျဲ့ရှောင် မှောင်မိုက်နေသောအကြည့်များဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ရင်ဘတ်ထဲမှ နာကြည်းမှုများနှင့် အညိုးအတေးများအား ဖိနှိပ်ကာ လူတိုင်းကိုကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ 


"ဒါကအခုအခြေအနေအတွက် အပြီးသတ်ကိစ္စပဲ… ငါတို့ဆက်ပြီး စောင့်နေကြဖို့ပဲ ရှိတယ်… လက်ရှိမှာတော့ ငါတို့က ဝတ်ရုံနက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေရယ် မော့ယန်နဲ့ သူတို့အကြောင်း‌တွေရယ်ပဲ သိရသေးတယ်… ရန်သူကို မရည်ရွယ်ဘဲ သတိပေးမိသွားတာမျိုးတွေ မဖြစ်စေဖို့အတွက် လူတိုင်းက ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထားပေးကြမယ်ဖို့ ငါမျှော်လင့်မိပါတယ်… အခုထိလည်း ဝတ်ရုံနက်နဲ့ ပတ်သက်ပြီး အရမ်းကို နည်းနည်းလေးပဲ သိရသေးတာလေ… သူ့ရဲ့ ကမ္ဘာမြေကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ… သူ့ရဲ့နောက်မှာ ဘယ်လိုအဖွဲ့တွေ ရှိနေလဲဆိုတာမျိုးကို ငါတို့အခုထိ မသိရသေးဘူး… ဒါကြောင့် အခုလိုအခြေအနေမှာ ငါတို့ဖြည်းဖြည်းချင်းပဲ စီစဉ်သွားနိုင်မယ်…"


မော့ယန် အခိုင်အမာ ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။ 


"မင်းတို့ လုံးဝယုံကြည်ရတဲ့ လူတွေကလွဲရင် ငါ့ရဲ့လူတွေရယ်၊ ပိုဆီယာရဲ့ လူတွေရယ်နဲ့ အခြားသောသူတွေရဲ့ အထောက်အထားကို လုံးဝမထုတ်ဖော်မိပါစေနဲ့… ရန်သူတွေသာ ငါတို့ ကမ္ဘာမြေပေါ်မှာ ရှိနေတာကို သိသွားတာနဲ့ ကိစ္စတွေက ပိုပြီး ဆိုးရွားကုန်လိမ့်မယ်…"


" နားလည်ပါပြီ…" 


လူတိုင်း မျက်ရည်များသုတ်ကာ တပြိုက်နက်တည်း ပြောလာကြသည်။


ဆွေးနွေးပွဲအပြီးတွင် သူတို့၏ ဝမ်းနည်းမှုနှင့် အမုန်းတရားများကို ချူပ်ထိန်းထားကြရင်းဖြင့် နေ့လယ်စာ အမြန်စားလိုက်ကြကာ လမ်းပေါ်သို့ ဆက်လက်မောင်းနှင်လိုက်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် သူတို့၏ ကြေကွဲမှုနှင့် အမုန်းတရားများမှာ အညိုးအတေးအဖြစ်သို့ ပြောင်းလဲသွားပြီး ကမ္ဘာမြေကို ပြန်လည်တည်ထောင်ရန်အတွက် တွန်းအားဖြစ်လာခဲ့သည်။


လမ်းတလျောက် နျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် သူတို့၏ အဖွဲ့သားများဖြစ်ကြသော ဝေ့ဟန်မင်နှင့် သိပ္ပံပညာရှင်များမှာ မော့ယန်နှင့် အခြားသောသူများနှင့် ဆက်လက်၍ အချက်အလက်များ ဖလှယ်လိုက်ကြပြီး ယခုအချိန်တွင် သူတို့သိရှိထားရန်လိုသည့် အချက်အလက်များကို ခွဲခြားစိတ်ဖြာကာ စုစည်းလိုက်ကြသည်။


မော့ယန်နှင့် အဖွဲ့သားများသည်လည်း သူတို့သယ်ဆောင်လာကြသည့် ကွမ်တမ်ဦးနှောက်များနှင့် ဆက်သွယ်ရေးကိရိယာများကို ထုတ်ပေးလိုက်ကြပြီး ဝေ့ဟန်မင်နှင့် ကျန်သူများ သုတေသန လုပ်ဆောင်နိုင်ရန်အတွက် အလုံးစုံပေးလိုက်ကြသည်။ မမြင်မတွေ့ဖူးသော ထိပ်တန်းအဆင့် ကိရိယာများအားကြည့်ကာ ဒေါက်တာဝေ့နှင့် အဖွဲ့သားများမှာ အလွန်စိတ်လှုပ်ရှားလာခဲ့သည်။ ပိုင်မေ့သည် ကွမ်တမ်ဦးနှောက်များမှာ ဝတ်ရုံနက်ထံတွင် ရှိသည့်အရာနှင့် ထပ်တူညီလုနီးနီး ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် ဝတ်ရုံနက်မှာ ကျူးကျော်လာသူဖြစ်ကြောင်း ထပ်မံ၍ အတည်ပြုပေးလိုက်သည်။


အချိန်မှာ တရွေ့ရွေ့နှင့် လျင်မြန်စွာကုန်ဆုံးသွားပြီး ဟမ်းစတားလေး အိပ်ပျော်နေသည်မှာ သုံးရက်ပင်ရှိပြီဖြစ်သည်။ ထိုအချိန်အတော်အတွင်း လူတိုင်း၏ ထရပ်ကားများမှာ ဖုန်းချန်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာပြီးဖြစ်ကာ မကြာမီအချိန်တွင် ဝူယိအခြေစိုက်စခန်းသို့ ရောက်ရှိတော့မည်ဖြစ်သည်။


ယနေ့နံနက်ခင်းတွင် ဟမ်းစတားလေး နိုးထလာပေပြီ။


ဆန်မုန့်လုံးလေးသည် အိပ်ချင်မူးတူးဖြင့် သူ၏မျက်လုံးလေးအား ဖွင့်လိုက်ပြီး သူ၏သေးငယ်သော ဦးခေါင်းပိစိလေးမှာ နျဲ့ရှောင်၏အိတ်ကပ်အတွင်းမှ ထွက်ပေါ်လာသည်။ အိပ်မက်ရှည် မက်ခဲ့သောကြောင့် သူ၏မှတ်ဉာဏ်များမှာ အနည်းငယ်ရောထွေးနေပြီး လက်ရှိတွင် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိခဲ့ပေ။


နျဲ့ရှောင် အခန်းတွင်းမှထွက်ခါနီး အောက်သို့ငုံ့ကြည့်မိချိန်တွင် အကောင်ငယ်လေး နိုးလာသည်ကို မြင်လိုက်ရသည်။ နျဲ့ရှောင်အံ့အားသင့်သွားရကာ အလျင်အမြန် ဂရုတစိုက်ဖြင့် ဆန်မုန့်လုံးလေးအား သူ၏လက်ဖဝါးပေါ်သို့ တင်ထားလိုက်မိသည်။


ဟမ်းစတားလေးမှာမူ ကောင်းကင်တစ်ခုလုံးလည်သွားသည်ဟု ခံစားလိုက်ရပြီး တစ်စက္ကန့်အကြာတွင် နျဲ့ရှောင်၏ လက်ဖဝါးပေါ်သို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။ သူ၏အရှေ့မှ ရင်းနှီးနေသောလူကို မြင်လိုက်ရချိန်၌ သူ၏အသိစိတ်များအားလုံး ပြန်လည်ရောက်ရှိလာပြီး သူ၏ပါးစပ်မှ မနေနိုင်ဘဲ အံဩနေသည့်အသံ ထွက်ပေါ်လာသည်။


ချစ်စဖွယ်ဟမ်းစတားလေးသည် ခုန်ပေါက်ကာဖြင့် နျဲ့ရှောင်၏ လက်ချောင်းအား သူ၏ လက်ကလေးများဖြင့် ပွေ့ဖက်လိုက်သည်။


“ချိ..” ဒယ်ဒီရေ.. ပေါင်ပေါင်း အိပ်ပျော်နေလို့ ဒယ်ဒီ့ကို မမြင်ရဘူးလေ.. အဲတုန်းက အရမ်းပဲ လွမ်းနေခဲ့တာလို့.. ဟင့်.. ပေါင်ပေါင်း အရမ်းအရမ်းရှည်တဲ့ အိပ်မက်တစ်ခု မက်နေခဲ့တာ သိလား.. အခုတော့ ပေါင်ပေါင်း အားလုံးကို ပြန်မှတ်မိသွားပြီ..


ဟမ်းစတားလေး၏ တက်ကြွနေသောပုံစံကို မြင်လိုက်ရမှသာ နျဲ့ရှောင် စိတ်သက်သာရာ ရသွားခဲ့သည်။ ဤသည်မှာ ပုံမှန်ဖြစ်စဉ်သာဖြစ်ကြောင်း မော့ယန်ပြောထားပြီး ဖြစ်သော်လည်း သုံးရက်ကြာ နိုးထလာခြင်း မရှိခြင်းမှာ နျဲ့ရှောင်အား သည်းမခံနိုင်လောက်အောင် စိုးရိမ်မိစေသည်။ အကောင်ငယ်လေး အိပ်ပျော်နေစဉ်အတွင်း ဗိုက်ဆာနေမည်ကို စိတ်ပူမိသောကြောင့် နေ့စဉ်နေ့တိုင်း ဆေးထိုးပြွန်နှင့် အစာဖျော်ရည်များကို ကျွေးထားမိခဲ့သည်။


“နိုးလာတာ ကောင်းတာပေါ့.. ဒယ်ဒီလည်း ပေါင်ပေါင်းကို လွမ်း..”


နျဲ့ရှောင် မနေနိုင်တော့ဘဲ နူးအိအိ ဆန်မုန့်လုံးလေးအား နှစ်ကြိမ်မျှ ပွတ်သပ်ပေးပြီးနောက် ခေါင်းငုံ့ကာ နဖူးလေးအား နမ်းလိုက်သည်။ ကောင်ငယ်လေး၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုတို့ ထင်ဟပ်လာသည်။


နျဲ့ရှောင်သည် ဆက်တိုက်ပြောင်းလဲနေသော ကောင်ငယ်လေး၏ အမူအရာများအားကြည့်ကာ နောက်တစ်ကြိမ်ထပ်မံ၍ စိတ်သက်သာရာ ရသွားခဲ့သည်။ မင်းသားလေးတစ်ပါး ဖြစ်သည်ဟူသော မှတ်ဉာဏ်များအား ပြန်လည်ရရှိသွားသည်မှလွဲ၍ ချစ်စရာအကောင်ပေါက်လေးမှာ နူးညံ့ကာ အချွဲပိုတတ်သော ကလေးလေး ဖြစ်နေဆဲပင်။


သူ၏ ပေါင်ပေါင်းမှာ သူ၏ပေါင်ပေါင်းသာဖြစ်နေဆဲပင်။


ဟမ်းစတားလေးမှာမူ သုံးရက်တာမျှ အိပ်ပျော်သွားခဲ့ခြင်းသည် နျဲ့ရှောင်၏စိတ်အား ထိုမျှအထိ ထိတ်လန့်သွားစေလိမ့်မည်ဟု သိရှိမထားချေ။ လူသားအသွင်သို့ အလျင်အမြန် ပြောင်းလဲလိုက်ပြီးနောက် အဝတ်အစားများ ဝတ်ဆင်ကာ နျဲ့ရှောင်နှင့်အတူ အပြင်ထွက်၍ လူတိုင်းအားတွေ့ရန် ပြင်လေသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်း အရပ်နည်းနည်း ရှည်လာသလိုပဲနော်..”


ရှောင်ဝူယိသည် နျဲ့ရှောင်နားတွင်ရပ်နေရင်း ခုန်ပေါက်နေမိသည်။ အမှန်တကယ့ကို စင်တီမီတာအနည်းငယ်မျှ ပိုရှည်လာသည့်ပုံပင်။


နျဲ့ရှောင်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဆန့်ကာ ကောင်ငယ်လေး၏ နူးညံ့အိထွေးနေသော ပါးမို့မို့လေးအား ဖျစ်ညှစ်လိုက်ပြီးနောက် ခပ်တည်တည်နှင့် ပြောလေသည်။


“ပေါင်ပေါင်းက မှတ်ဉာဏ်တွေ ပြန်ရပြီဆိုတော့ ဒယ်ဒီ့ကို ပြောချင်တာ တစ်ခုခု ရှိနေသေးလား..”


ရှောင်ဝူယိ အနည်းငယ် တုံ့ဆိုင်းသွားသည်။ နျဲ့ရှောင်အား သတိတကြီးဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်လေးအား နျဲ့ရှောင်ပေါ်သို့ မှီချလိုက်ပြီး အလွန်တိုးညင်းသော အသံလေးဖြင့် ခပ်တိုးတိုး မေးလိုက်သည်။


“ဒါဆို ပေါင်ပေါင်းက ဒယ်ဒီ့ကိုပဲ ပြောပြမယ်နော်.. ဒါက လျှို့ဝှက်ချက်မို့လို့ ဒယ်ဒီက ဘယ်သူ့ကိုမှ ပြောပြလို့ ရဘူးနော်..”


နျဲ့ရှောင် ပြုံးလျက်နှင့် ခေါင်းညိတ်ပြလိုက်သည်။ 


" အင်းပါ.."


ရှောင်ဝူယိ နျဲ့ရှောင်အားကြည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သံသယကင်းစွာပြောလိုက်သည်။ 


"တကယ်တော့ ပေါင်ပေါင်းက ဂြိုလ်တစ်ခုက မင်းသားလေးလေ… စစ်သူကြီးမော့ယန်က တကယ်တော့ ပေါင်ပေါင်းရဲ့ ဦးလေးပဲ… ပေါင်ပေါင်းတို့ နှစ်ယောက်လုံးက ဂါရိုဆန်ကြယ်စင်စုရဲ့ နီမိုတော်ဝင်မျိုးနွယ်က ဂြိုလ်သားတွေ‌လေ…"


"အိုးး ကိုယ်သိပြီ…" 


နျဲ့ရှောင် အံ့ဩသွားဟန်ဆောင်လိုက်သည်။


ရှောင်ဝူယိသည် နျဲ့ရှောင်၏ တည်ငြိမ်နေသော အမူအယာအားကြည့်ကာ ကြောင်အသွားပြီး အနည်းငယ်သံသယဝင်လာသည်။ 


" ဒယ်ဒီ မအံ့ဩသွားဘူးလား…"


နျဲ့ရှောင် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ 


" ဝိုးးး ဘယ်လိုတောင် အံ့ဩဖို့ကောင်းတာလဲ…"


ဟမ်းစတားလေး : "...."


" ဒယ်ဒီက ပေါင်ပေါင်းကို မယုံဘူးပေါ့လေ… တကယ်ပဲ ပေါင်ပေါင်းက ဂြိုလ်သားမင်းသားလေးပါဆို… ပေါင်ပေါင်း အကုန်မှတ်မိသွားပြီလို့… ပြီးတော့ အရမ်း အရမ်းမိုက်တဲ့ စွမ်းရည်တွေလည်း ပြန်ရလာပြီ…"


နျဲ့ရှောင်၏ ဝတ်ကျေတန်းကျေပုံစံကြောင့် ရှောင်ဝူယိ အားမလိုအားမရဖြင့် အလောတကြီး ပြောလာသည်။ ထို့နောက် စကားများများ ပြောရခြင်းကြောင့် သူ၏ပါးစပ်လေး ခြောက်သွေ့မလာခင်အထိ ကမ္ဘာကြီးအတွက် လျှို့ဝှက်ထားရမည့် အချက်အလက်များကို ဆက်ပြောနေခဲ့သည်။


နျဲ့ရှောင် ကောင်ငယ်လေးအား သူ၏လက်‌မောင်းကြားထဲတွင် ထည့်ထားရင်းဖြင့် ကုတင်တစ်ဖက်တွင် ထိုင်နေခဲ့သည်။ မျက်နှာပေါ်ရှိ အပြုံးတစ်ပွင့်နှင့်အတူ ကောင်ငယ်ကလေးကို အာခေါင်မခြောက်စေရန်အတွက် ရေတစ်ခွက်ယူပေးလိုက်သည်။ နျဲ့ရှောင်မှာ ယခင်အတိုင်း တည်ငြိမ်နေဆဲသာ ဖြစ်သောကြောင့် ဟမ်းစတားလေးအား အချိန်တစ်ခုအထိ အလွန်စိတ်တိုနေစေခဲ့သည်။


" ဒယ်ဒီ အခုထိ ပေါင်ပေါင်းကို မယုံသေးဘူးလား…"


" ယုံတယ် ယုံတယ်…."


နျဲ့ရှောင် လက်မြောက်ကြည့်လိုက်ချိန်တွင် အချိန်ကျနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ နင်ဖုန်းနှင့် အခြားသူများလည်း နိုးလာလောက်ပြီ ဖြစ်သောကြောင့် သူ၏ကောင်ငယ်လေးနှင့် ကလေးဆန်စွာ ဆက်လက်စနောက်မနေတော့ဘဲ အပြင်ဘက်ရှိ လူတိုင်းနှင့် တွေ့ဆုံရန် ကောင်ငယ်လေး၏ လက်ကိုဆွဲလျက် ထွက်လာလိုက်သည်။


အောက်ထပ်မှ နားနေခန်းတွင်ရှိနေသော နင်ဖုန်းနှင့်လူများမှာ ရှောင်ဝူယိနှင့်နျဲ့ရှောင်တို့၏အသံကို အဝေးကပင် ကြားလိုက်ရသောကြောင့် ခေါင်းလှည့်ကာ ကြည့်လာကြသည်။ သူတို့အားလုံး ဝူယိ၏အနားသို့ တပြိုက်နက်တည်း စုပြုံလာကြကာ သူ၏အခြေအနေကို ဝိုင်းဝန်းမေးမြန်းနေကြသည်။


" ကလေးလေး နောက်ဆုံးတော့မင်းနိုးလာပြီပေါ့.." 


" တော်ပါသေးရဲ့ ဝူယိ မင်းအားလုံးကိုကော မှတ်မိနေပြီလား…မင်းကတကယ်ကြီး နီမိုတော်ဝင်မျိုးနွယ်က မင်းသားလေးလား… မင်းရဲ့စွမ်းရည်တွေကိုကော ပြန်‌ရနေပြီလားဟေ…"


" ဂြိုလ်တစ်ခုရဲ့ မင်းသားလေးတစ်ပါး ဖြစ်ရတာကိုကော ဘယ်လိုခံစားရလဲ…"


ရှောင်ဝူယိ : " !!!! "


ထိုသူတို့၏ မဆုံးနိုင်သောမေးခွန်းများကြောင့် ရှောင်ဝူယိ ထိတ်လန့်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး နျဲ့ရှောင်၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်မိသည်။ နျဲ့ရှောင်ကိုမှီကာ သူ၏လက်ကလေးများဖြင့် အင်္ကျီစကိုဆွဲကိုင်ထားပြီး လူတိုင်း၏စိတ်အားထက်သန်မှုများကြောင့် ကြောက်ရွံ့သွားကာ ဟမ်းစတားအသွင်သို့ တိုက်ရိုက်ပြန်ပြောင်းသွားခဲ့သည်။


ဖမ်းဆီးကာ တစ်စစီခွဲစိတ်ခံရမည်ကို စိုးရွံ့နေသောဟမ်းစတားလေးမှာ မျက်ရည်များအပြည့်နှင့် နျဲ့ရှောင်ကိုကြည့်၍ ပြောလာသည်။ 


" ဒယ်ဒီ ဘာတွေဖြစ်နေတာလဲ… ဘာလို့ လူတိုင်းက လျှို့ဝှက်ချက်ကို သိနေရတာလဲ…"


ဟမ်းစတားလေး၏ ချစ်စဖွယ်အပြုအမူကြောင့် နျဲ့ရှောင် ရွှင်မြူးစွာရယ်လိုက်မိကာ လက်ဆန့်၍ ကောင်ငယ်လေး၏ခေါင်းကို ပွတ်ပေးလိုက်မိသည်။ 


" လိမ္မာတယ်နော် မကြောက်ပါနဲ့…ပေါင်ပေါင်းက ဒီသုံးရက်အတွင်း အိပ်ပျော်နေတော့ အများကြီးလွတ်သွားတာလေ…မင်းရဲ့ဦးဦးက ဒယ်ဒီတို့ကို အဲ့သည့်အကြောင်းပြောပြပြီးသွားပြီ…"


" ဟင်…" 


ရှောင်ဝူယိ ရုတ်တရက်ဆိုသလို သူ၏တစ်ကိုယ်လုံးနေထိုင်၍မကောင်းသကဲ့သို့ ခံစားလာရပြီး မနေနိုင်ဘဲ နျဲ့ရှောင်ကိုစိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်ကာ ပြောလိုက်သည်။ 


" ဒါဆိုရင် ဒယ်ဒီက အခုပေါင်ပေါင်းကိုစနေတာပေါ့…ဒယ်ဒီကအရမ်းဆိုးတာပဲ ဝူး ဝူး…"


" ရွေးစရာမရှိဘူးလေ ပေါင်ပေါင်းကအရမ်းချစ်ဖို့ကောင်းနေတာကိုး…" 


ဆိုးသွမ်းသောနျဲ့ရှောင်ကြီးမှ အပြုံးတစ်ပွင့်ဖြင့် လက်များကိုဆန့်ကာပြောလာသည်။


ဟမ်းစတားလေး မှုန်ကုပ်ကုပ်ဖြင့် လက်ပိုက်ထားလေသည်။ 


ပေါင်ပေါင်းက ဒီလောက် အလွယ်ချော့လို့ရတဲ့သူ မဟုတ်ပါဘူးနော်…


အခြေအနေအား မသိရှိထားသော နင်ဖုန်းနှင့်အခြားလူများမှာမူ “သားအဖ” အတွဲကြောင့် အစာများဖြင့် ထပ်မံ၍ ဖြည့်သိပ်ခံလိုက်ရပြန်သည်။ ရှောင်ဝူယိမှာ ယခုမှနိုးလာသော်လည်း နိုးလာလာခြင်း ချက်ချင်းဆိုသလို ဟမ်းစတားစာများကို နေရာအနှံ့ ဖြန့်ကြဲနေခဲ့သည်။


အရမ်းချစ်ဖို့ကောင်းတာပဲ …. ဒါကသောက်ကျိုးနည်းကို ချိုမြိန်လွန်းတာ…


မော့ယန်သည် နျဲ့ရှောင်အနောက်မှ ထွက်လာသော တူဖြစ်သူအား မြင်လိုက်ရသည်။ နှစ်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူ၏မင်းသားငယ်လေးကို ယခင်အချိန်မှ မှတ်ဉာဏ်များဖြင့် မြင်လိုက်ရသောကြောင့် သူ၏မျက်လုံးများ အနည်းငယ်နီမြန်းသွားရသည်။


ရှောင်ဝူယိ ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရပြီး ရုတ်တရက်ဆိုသလို သူနှင့်ဂြိုလ်တစ်ခုတည်းမှ မိသားစုဝင်များကို တွေ့လိုက်ရသည်။ လွမ်းဆွတ်နေသော ခံစားချက်များမှာ တဟုန်ထိုး ထွက်ပေါ်လာသောကြောင့် မော့ယန်ထံ အမြန်ပြေးကာ တိုက်ရိုက်ဖက်ထားမိသွားစေပြီး သူ၏မျက်လုံးများမှာ နီမြန်းလာရသည်။ 


"ဦးဦး.. ပေါင်ပေါင်းလွမ်းနေတာရယ်…"


" အင်း…" 


မေ့ာယန်၏အသံမှာ အနည်းငယ်အက်ကွဲနေပြီး ကောင်ငယ်လေး၏ခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်ပေးလိုက်မိသည်။ 


" ကံကောင်းလို့ အရှင့်သားအဆင်ပြေနေလို့ပေါ့…မဟုတ်ရင် ဦးဦးတကယ်ပဲ အန်းယိနဲ့တခြားသူတွေကို ဘယ်လိုပြန်သတင်းပို့ရမလဲဆိုတာ မသိတော့ဘူး…"


လူတိုင်းမှာ ဦးလေးနှင့်တူတို့၏ ပြန်လည်ဆုံစည်းခြင်း မြင်ကွင်းကိုကြည့်ကာ အနည်းငယ် ခံစားသွားကြရသည်။ ကျန်းချိုးမှာမူ မည်သူမှ မသိလိုက်ခင်အချိန်တွင် နျဲ့ရှောင်၏ အနောက်သို့ ရောက်ရှိလာကာ နျဲ့‌ရှောင်၏ ပခုံးအား ခဏခဏပုတ်ပေးနေမိသည်။ သူ၏ရှေ့မှ ချစ်ခင်နေသော ဦးလေးနှင့်တူတို့ ကြည့်ကာ စာနာခြင်းအပြည့်ဖြင့် ပြောလိုက်သည်။ 


" ငါ့ကောင်ရေ နောက်ကြရင် မင်းရဲ့ဦးလေးကို ဘယ်လိုမျက်နှာသာပေးရမလဲဆိုတဲ့အကြောင်း စဉ်းစားထားသင့်ပြီနော်…"


နျဲ့ရှောင် : "...." 


ရုတ်တရက်ဆိုသလို စကြဝဠာတစ်ခုလုံးမှရောက်ရှိလာသည့် ကပ်ပါးကောင်ကို တွေးမိသွားသည်။


ရှောင်ဝူယိ လွမ်းလွမ်းဆွေးဆွေးဖြင့် လက်ကိုဆန့်ကာ မော့ယန်၏ပါးပြင်ကို ပွတ်သပ်လိုက်မိသည်။ ပြောရမည်ဆိုလျှင် မော့ယန်သည်သာ အမှန်တကယ် သူ့ကိုဤနေရာသို့ ခေါ်လာပေးသည့်သူ ဖြစ်လေသည်။ (မှတ်ညဏ်ပြန်ရအောင်)


"ဦးဦး မငိုပါနဲ့… ပေါင်ပေါင်းကို လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒယ်ဒီက ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားလို့ ဘယ်လိုခက်ခဲမှုကိုမှ မကြုံခဲ့ရပါဘူး…"


မော့ယန် ရှောင်ဝူယိ၏ ခေါ်ဆိုပုံအတိအကျ ကြားလိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ ထို့နောက် ဘေးတွင်ရှိနေသော နျဲ့ရှောင်ကိုကြည့်ကာ မေးလိုက်လေသည်။ 


" အရှင့်သားက အခုဘယ်သူ့ကို ဒယ်ဒီလို့ ခေါ်လိုက်တာလဲ… ကံကုန်ပြီးတော်မူတဲ့ အရှင်ဧကရာဇ်ရဲ့ ဝိညာဉ်ကတော့ ငိုကြွေးနေတော့မှာပဲ… အခုဆိုရင် အရှင့်သားရဲ့ မှတ်ဉာဏ်တွေလည်း ပြန်ရလာပြီးပြီဆိုတော့ တချို့ဘယ်နေရာက လာမှန်းမသိတဲ့အဖေတွေကို မရှင်းမလင်း အသိအမှတ်ပြုဖို့ မလိုတော့ပါဘူး…"


နျဲ့ မည်သည့်နေရာမှလာမှန်းမသိသောဖခင် ရှောင်မှာ တောင့်တင်းသွားရသည်။


ရှောင်ဝူယိ ရှက်သွေးဖြာသွားရပြီး ခေါင်းကိုငုံ့ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။ 


" ပေါင်ပေါင်းက အကျင့်‌ဖြစ်နေပြီလေ… ဦးဦး ဒီလိုကိစ္စသေးသေးလေးနဲ့ စိတ်ရှုပ်ခံနေဖို့မလိုပါဘူး…"


မော့ယန် : " ဟမ့်…" 


လူတိုင်းမှာ ယောက္ခမနှင့်တွေ့ဆုံရသော ကြမ်းတမ်းသည့် စစ်ပွဲအတွင်း ရောက်နေသည့် နျဲ့ရှောင်ကိုကြည့်ကာ သူ၏ကံမကောင်းမှုအတွက် အလွန်မညှာမတာရယ်မောနေကြသည်။


ဟားဟားဟားး သောက်ကျိုးနည်းကို ဘယ်နေရာက လာမှန်းမသိတဲ့ အဖေတဲ့ဟေ့… အဖေနဲ့သားတို့ရဲ့ ကံတရားက တကယ့်ကို သနားဖို့ကောင်းနေတာပဲ ဟားဟားဟားဟား…


ကျန်းချိုးနှင့် နင်ဖုန်းတို့မှာ မနေနိုင်ဘဲ ဖုန်းများထုတ်ကာ ထိုမြင်ကွင်းကို ရိုက်ကူးထားမိသည်။ ဤသည်မှာ နျဲ့ရှောင်ရှုံးနိမ့်သွားရသည့် ရှားပါးလှသောအခွင့်အရေးတစ်ခုဖြစ်လေသည်။


နျဲ့ရှောင် : "..." ဒါကငါ့အတွက်အရမ်းခက်ခဲလွန်းတာပဲ..



လွန်ခဲ့သောရက်များအတွင်း နျဲ့ရှောင် သူ့မိသားစုမှမင်းသားလေး၏ အတိတ်မေ့မှုကို အမှီပြုကာ မည်ကဲ့သို့ အခွင့်ကောင်းယူပြီး သူ၏နှစ်သက်မှုကို လက်ဝါးကြီးအုပ်ထားသည်ကိုကြည့်ကာ မော့ယန်စိတ်ထဲတွင် သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။ ယခုအချိန်မှသာ သူ့မိသားစု၏မင်းသားလေးမှ မှတ်ဉာဏ်များပြန်လည်ရရှိလာပြီဖြစ်သောကြောင့် ‌သူကြည်နူးမှုများကို ခံစားမိလာသည်။


မော့ယန်နှင့်နျဲ့ရှောင်တို့ကြားရှိ တင်းမာနေသောလေထုနှင့်ရင်ဆိုင်ရချိန်တွင် ဟမ်းစတားလေးမှာ တီဗီစီးရီးများတွင်ပါလေ့ရှိသော ယောက္ခမနှင့်ချွေးမတို့အလယ်တွင်ရောက်နေသည့် ဇာတ်လိုက်မင်းသား၏စိတ်ဒုက္ခနှင့် သက်ဆိုင်နေသကဲ့သို့ ခံစားလာရသည်။ မည်သို့ပင်ဆိုစေကာမူ ၂၁ရာစုမှ ဟမ်းစတားလေးအနေဖြင့် သူသည်လည်း သူ၏မိသားစု သဟဇာတဖြစ်လာစေရန် လုပ်‌ဆောင်သင့်သည်ဟု တွေးမိသွားခဲ့သည်။ ထို့အပြင် အရာအားလုံးအပေါ် ထည့်သွင်းစဉ်းစားကြည့်ရမည်ဆိုပါလျှင် ထိုယောက္ခမချွေးမပြသနာမှာ သူ၏ဘက်မှ ဖြစ်ပေါ်နေခြင်းဖြစ်သည်။


ရုတ်တရက် ပခုံးပေါ်တွင်လေးလံတော့ တာဝန်ဝတ္တရားကြီးကို ထမ်းထားရသည့်ဟမ်းစတာလေးမှာ စကားလမ်းကြောင်းကို လိမ္မာပါးနပ်စွာပြောင်းကာ မော့ယန်ကို စိတ်အားထက်သန်စွာကြည့်၍ ပြောလာသည်။ 


" ဦးဦး.. အန်းယိကူးမူနဲ့ တခြားသူတွေကော အဆင်ပြေရဲ့လား… ပေါင်ပေါင်းအဝေးရောက်နေတုန်း ဂြိုလ်ပေါ်ကလူတိုင်းက ဘာတွေဖြစ်ခဲ့ကြသေးလဲ… ဒီသုံးရက်အတွင်း ပေါင်ပေါင်းအိပ်ပျော်နေတုန်းကော ဘာဖြစ်ခဲ့သေးလဲ…"


မော့ယန် အရှင့်သားလေး၏ ချစ်စဖွယ်ပုံစံကိုကြည့်ကာ ဒေါသမထွက်နိုင်တော့ပေ။ ထို့ကြောင့် နျဲ့ရှောင်ကို သူ့စိတ်၏အနောက်ဘက်သို့ ကန်ထုတ်ကာ နူးညံ့စွာပြုံးလျက် ပြောလိုက်သည်။ 


" ဂြိုလ်ပေါ်မှာ ဘာကိစ္စကြီးမှ မဖြစ်နေပါဘူး…လူတိုင်းက အရှင့်သားကို လွမ်းဆွတ်နေကြပြီး စိတ်‌ပူနေကြတာ… ဦးဦးတို့တွေက အမြဲတမ်းအရှင့်သားကို ကြယ်အစုအဝေးထဲမှာ လိုက်ရှာနေကြတာလေ… အန်းယိကတော့ မင်းအတွက် အကြိမ်အတော်များများခိုးငိုလေ့ရှိတယ်…"


ရှောင်ဝူယိ ထိုစကားကြောင့် ခံစားသွားရသည်။ သူ၏မျက်ရည်များမှာ စမ်းချောင်းသဖွယ်ကျဆင်းလာပြီး မော့

ယန်၏အင်္ကျီရင်ဘတ်ပေါ်သို့ စိုရွှဲ‌သွားစေကာ တရှုံ့ရှုံ့ငိုရင်း နို့ရည်ကဲ့သို့အသံပျော့လေးဖြင့် ပြောလာသည်။ 


"ဦးဦး အရမ်းကြိုးစားခဲ့ရတယ်"


မော့ယန်၏နှလုံးသားမှာ ချက်ချင်းဆိုသလို အရည်ပျော်သွားရသည်။



🐹🐹🐹🐹