🐹အခန်း ၇၁
ဝူယိလေး မနိုးသေးပါ
မော့ယန်၏ စကားများသည် နေရာတွင်ရှိနေသည့် လူတိုင်းအား အံ့အားသင့်သွားစေပြီး အလွန်အမင်း သိချင်လာစေသည်။ အနည်းငယ်သော ဝေါဟာရ အသစ်များသည် အခြားကမ္ဘာတစ်ခုအကြောင်း ဇာတ်လမ်းများ ဖြစ်ပုံရသည်။
ပိုဆီယာတို့သည် မော့ယန် ဤကဲ့သို့ အချက်အလက်များအား တိုက်ရိုက် ဖွင့်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားချေ။ ဤဆုံးဖြတ်ချက်အား ယခုထိတိုင် ဆွေးနွေးရခြင်းပင် မရှိသေးချေ။ သို့သော်လည်း အချိန်ဖြုန်းနေခြင်းထက် တိုက်ရိုက်ပြောဆိုခြင်းက ပိုကောင်းလေသည်။ ဆက်လက်ပြီး အချိန်ဖြုန်းနေမည် ဆိုပါက စိတ်မသက်မသာ ခံစားနေရမည် ဖြစ်သည်။ ကမ္ဘာမြေ ဤသို့ဖြစ်လာခြင်းအား စောင့်ဆိုင်းခြင်းဖြင့် မဖြေရှင်းနိုင်ပေ။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးယိုယွင်းသွားခြင်းအား ဆက်လက်ကြည့်နေနိုင်မည် မဟုတ်ချေ။
ကမ္ဘာမြေဟာ ဘယ်လောက်တောင် အပြစ်ကင်းလိုက်သလဲနော်..
ပိုဆီယာနှင့် ဖုန်းညီနောင်သည် မော့ယန်၏ ဆုံးဖြတ်ချက်အား နှလုံးသားထဲမှ ထောက်ခံမှုပြုပြီးနောက် တည်ငြိမ်စွာဖြင့် ထိုင်နေကြသည်။ သူတို့၏ အသွင်သဏ္ဌာန်များအရ အရာအားလုံးကို သိရှိနားလည်ထားဟန်ရှိပြီး ကျန်လူများနှင့် မတူကွဲပြားစွာ ရှိလေသည်။
ငယ်ရွယ်သေးသော ဆစ်စလိုသည်သာ အနည်းငယ် စိတ်လှုပ်ရှားပြီး စိုးရိမ်နေလေသည်။ ဖုန်းတောက်၏ အင်္ကျီစွန်းလေးအား ဆွဲယူလိုက်ပြီးနောက် ခပ်တိုးတိုး မေးလိုက်သည်။
“ဖုန်းတောက် ကော.. အခုလိုပြောတာ အဆင်ပြေရဲ့လား..”
ဖုန်းတောက်သည် ကောင်ကလေး၏ ဦးခေါင်းအား လက်ဖြင့်အသာပွတ်လိုက်ပြီးနောက် နူးညံ့စွာ ပြောလေသည်။
“မစိုးရိမ်နဲ့.. လက်ရှိအခြေအနေက ပြင်ပလူ ကျူးကျော်တယ်လို့ အတည်ပြုလိုက်တာပဲ.. ဒီလိုဆိုးဝါးတဲ့ အခြေအနေအရ မဟာမိတ်က လူသားတွေကို ကူညီထောက်ပံ့ဖို့ သေချာပေါက် ကြားဝင်လိမ့်မယ်.. ပြီးတော့ ဒါတွေကို တာဝန်ခံဖို့ လိုအပ်တယ်ဆိုရင် တာဝန်ယူပေးနိုင်တဲ့ အကောင်ကြီးကြီး ရှိနေတယ်လေ.. နီမိုတော်ဝင်မျိုးနွယ်ရဲ့ မင်းသားလေးက ဒီမှာပဲကို..”
ထိုသို့ကြားပြီဂနောက် ဆစ်စလို စိတ်သက်သာရာ ရစွာဖြင့် ပြုံးလိုက်ပြီးနောက် စိတ်ပါလက်ပါ ခေါင်းညိတ်လိုက်သည်။ သူ၏လက်ကလေးအား ကျစ်ကျစ်ဆုပ်ကာ ပြောလေသည်။
“အမှန်ပဲ.. ကိုကိုဝူယိက သူသတိရလာရင် ဘော့စ်နျဲ့ရှောင်ကို သေချာပေါက် ပြောလိမ့်မယ်..”
ယခုကိစ္စအား တာဝန်ယူပေးနိုင်သော အရေးပါအရာရောက်သူများ ရှိနေသဖြင့် သူတို့အနေဖြင့် ကြောက်ရွံ့နေရန် မလိုအပ်ပေ။
ဖုန်းတောက်နှင့် ဆစ်စလို၏ဘေးတွင် ထိုင်နေသော နင်ဖုန်းနှင့် မော့ယဲ့သည် ထိုနှစ်ဦး၏ တီးတိုးစကားဝိုင်းအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ပဲစေ့မျက်လုံး*များ ဖြစ်ခဲ့ရသည်။
“အပြင်လူ.. မဟာမိတ်.. မင်းတို့က ဘာတွေလား.. အားးးး”
နင်ဖုန်း ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ သူ၏ခေါင်းထဲ၌ ရှုပ်ထွေးနေပြီး ကမ္ဘာကြီးမှာ အတော်လေး မှော်ဆန်လာသည်ဟု ခံစားမိသည်။
နျဲ့ရှောင်သည်လည်း အနည်းငယ် အံ့အားသင့်သွားလေသည်။ စကားလုံး တစ်လုံး နှစ်လုံးမျှနှင့်ပင် မယုံကြည်နိုင်ဖွယ် အချက်အလက်များအား သိမြင်နိုင်သည်။ မော့ယန်နှင့် အခြားသူများသည် တစ်စုံတစ်ခုအား ဖုံးကွယ်ထားသည်ဟု ခန့်မှန်းမိသော်လည်း ၎င်းတို့၏ လျှို့ဝှက်ချက်မှာ သူ၏စိတ်ထဲ၌ တစ်ခါမျှပင် မတွေးဖူးခဲ့သော ကမ္ဘာအသစ်တစ်ခု ဖြစ်နေလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။
လက်ခုပ်ထဲရှိ နူးညံ့သော အမွေးလုံးလေးအား ငုံ့ကြည့်ပြီးနောက် နျဲ့ရှောင်စိတ်ရှုပ်ထွေးသွားမိသည်။ ပေါင်ပေါင်း၏ အထောက်အထားမှာ အမှန်တကယ်ကိုပင် မင်းသားလေး ဖြစ်ပုံရသည်။
လူတိုင်း၏ အကြည့်များသည် မော့ယန်၊ ဆစ်စလိုနှင့် သူတို့အဖွဲ့ပေါ် ကျရောက်လာသည်။ မော့ယန်သည် ပါးစပ်အား လက်ဖြင့်အုပ်ကာ ချောင်းဟန့်လိုက်ပြီး လူတိုင်းအား စိတ်တည်ငြိမ်စေသည်။
“စိတ်ရှည်ရှည်ထားပြီး ငါပြောတာ ဖြည်းဖြည်းနားထောင်ပေါ့.. ဒါက ဇာတ်လမ်းရှည်တစ်ခုပဲ.. မင်းတို့ကို ဒီထက်ပိုပြီး ဖုံးကွယ်မထားချင်တော့ဘူး.. မင်းတို့လည်း သိသင့်ပြီလို့ ယူဆတယ်.. ငါပြောမယ့် အကြောင်းအရာကို မင်းတို့ လက်ခံဖို့ နည်းနည်းတော့ ခက်ခဲနေနိုင်တယ်.. အဲဒီတော့ စိတ်ကို ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်.. ငါတို့ အချင်းချင်း ပူးပေါင်းမှသာ ဒီကမ္ဘာပျက်ကပ် ကို မြန်မြန်ဖြေရှင်းနိုင်လိမ့်မယ်..”
မော့ယန်၏ လေးနက်သော အမူအရာအား မြင်သည့်အခါ လူတိုင်း ထရပ်ကားများအား ရပ်လိုက်ကြပြီးနောက် မော့ယန် ပြောသည့်ဇာတ်လမ်းအား အလေးအနက်ထား နားထောင်ကြသည်။ များမကြာမီတွင် သူတို့၏ အသိဉာဏ်များမှာ လုံးလုံးလျားလျား ပြောင်းလဲသွားကြသည်။
မော့ယန် တောင်းပန်မှုရှိရှိ ပြောလေသည်။
“အရင်ဆုံး လူတိုင်းကို တောင်းပန်ချင်တယ်.. ငါတို့အရင်က လိမ်ခဲ့မိတယ်.. မင်းသားလေး ဝူယိ အပါအဝင် ငါတို့အားလုံးက ကမ္ဘာပေါ်က မဟုတ်ကြဘူး.. ငါတို့က ကြယ်မဟာမိတ်ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ နီမိုတော်ဝင်မျိုးနွယ်.. သွေးစုပ်ဖုတ်ကောင်မျိုးနွယ်.. ရေသူမျိုးနွယ်နဲ့ ချီကျန်းမျိုးနွယ်က လူတွေပဲ.. စကြဝဠာထဲမှာ ငါတို့လိုမျိုး မျိုးနွယ်စုတွေ အများကြီး ရှိသေးတယ်.. အဲဒီမျိုးနွယ်တွေကို စုပေါင်းပြီးတော့ ကြယ်စင်မဟာမိတ် ဖြစ်လာတယ်..”
မော့ယန်သည် လူတိုင်း၏ ကြောင်အနေသော အမူအရာများအား ဂရုမထားဘဲ ဆက်ပြောလေသည်။
“ငါတို့ရဲ့ ဘိုးဘေးတွေက စစ်ပွဲတွေ အကြိမ်ကြိမ်ဆင်နွှဲပြီးမှ ကြယ်စင်မဟာမိတ်ကို တည်ထောင်ခဲ့တာပဲ.. ဒီလိုမှမဟုတ်ရင် မျိုးနွယ်စုတွေရဲ့ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းလိုမျိုး နှစ်ဦးနှစ်ဖက် အေးချမ်းတဲ့ အခြေအနေမျိုး ငါတို့မှာ ရှိမလာနိုင်ဘူး..”
“မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးတော့ ငါတို့က သဘောတူညီချက်တွေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး ဟန်ချက်ညီညီ နေထိုင်ခဲ့ကြတယ်.. တစ်ချိန်တည်းမှာပဲ အမည်မသိတဲ့ ဂြိုလ်တွေကို ရှာဖွေလေ့လာကြတယ်.. ငါတို့က ကမ္ဘာလိုမျိုး ဉာဏ်ရည်မြင့် သက်ရှိတွေ နေထိုင်တဲ့ ဂြိုလ်တွေအများကြီး ရှာတွေ့ခဲ့တယ်.. ဒါပေမဲ့ မင်းတို့ရဲ့ ခေတ်မီလူ့အဖွဲ့အစည်းက ကြယ်တာရာအဆင့်ကိုရောက်ဖို့ အဆင့်မမီသေးတော့ မင်းတို့လို ဉာဏ်ရည်မြင့် သက်ရှိတွေ နေထိုင်တဲ့ ဂြိုလ်တွေကို ကြယ်တာရာရဲ့ ကြယ်နယ်မြေအဖြစ် သတ်မှတ်ပိုင်းခြားပြီး စကြဝဠာထဲမှာ လိုက်လျောညီထွေဖြစ်အောင် ကာကွယ်ထိန်းသိမ်းပေးထားတယ်.. ငါတို့က ကြားဝင်ပြီး နှောင့်ယှက်လို့မရဘူး.. မင်းတို့ဘာသာ သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်လာပြီး ကြယ်အစုအဝေးကို ကျွမ်းကျွမ်းကျင်ကျင် ဆက်သွယ်လာနိုင်ခွင့် ပေးထားတယ်.. အဲသည်တော့မှ ငါတို့ရဲ့ မဟာမိတ်က မင်းတို့ကို လက်ကမ်းကြိုဆိုပြီး မဟာမိတ်အဖွဲ့ထဲ ဝင်ခွင့်ပြုပြီး တန်းတူအခွင့်အရေး ရရှိစေမှာ..”
မော့ယန်သည် မဟာမိတ်အဖွဲ့၏ အခြေခံအချက်များအား တစ်ပါတည်း ဖွင့်ထုတ်လိုက်သည်။ ဤအချက်အလက်များအား ကြယ်အစုအဝေးသို့ ဝင်ရောက်လာနိုင်သည့် အချိန်မှသာ သိသင့်လေသည်။
ဤဝါကျတိုလေးများသည် ဤနေရာတွင် ရှိနေသည့် လူတိုင်းအား ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေသည်။ လူတိုင်းစိတ်ထဲတွင် ကျယ်ပြောပြီး ကြယ်များပြည့်နှက်တောက်ပနေသော ကောင်းကင်ကြီးတစ်ခု ဖန်တီးလိုက်ကြသည်။ ဝေ့ဟန်မင်နှင့် သိပ္ပံပညာရှင်များမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။ ကမ္ဘာပေါ်ရှိ သိပ္ပံပညာရှင်များမှာ ဂြိုလ်သားများ အမှန်တကယ် ရှိ၊ မရှိနှင့် အန္တရာယ်ပေးနိုင်သော မျိုးစိတ်များ ဖြစ်မည်လောဟု ခန့်မှန်းလေ့လာနေချိန်တွင် ကိုယ်တိုင်မှာ ဂြိုလ်သားများ၏ ကာကွယ်စောင့်ရှောက်ခြင်း ခံနေရသည်။
နင်ဖုန်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တထိတ်ထိတ်ခုန်နေသည့် နှလုံးသားအား လက်ဖြင့်ထိကာ ခက်ခက်ခဲခဲ တံတွေးမျိုချပြီးနောက် မော့ယန်တို့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်တော့သည်။
ထပ်မံသိရှိရသော အချက်အလက်သည် ၎င်းတို့ လူသားမဟုတ်ကြောင်း သိရခြင်းထက် ပိုမိုထိတ်လန့်ဖွယ် ကောင်းပေသည်။
“ဘုရားရေ.. ငါ့နှလုံးသားလေးက မခံစားနိုင်တော့ဘူး.. မင်းတို့က တကယ်ကြီး ဂြိုလ်သားတွေတဲ့လား.. ငါကိုယ်တိုင်တောင် မသိလိုက်ဘဲ ဂြိုလ်သားတွေနဲ့ သူငယ်ချင်း ဖြစ်နေခဲ့တာပေါ့..”
“တကယ်လုံး ကြက်သီးမွေးညင်း ထကုန်ပြီနော်.. အကာအကွယ်နယ်မြေတစ်ခု တည်ဆောက်ပေးထားလို့ ကျေးဇူးတင်ပါတယ်.. အရမ်းလူသားဆန်တာပဲ..”
“အိုး.. ငါတို့က ကြယ်အစုအဝေးရဲ့ အကာကွယ်ခံ သားပေါက်လေးတွေပေါ့.. သေသေချာချာ မရှင်းပြနိုင်ပေမဲ့ အတော်လေး စိတ်လှုပ်ရှားပြီး ရယ်ချင်နေတယ်.. ဟားဟားဟား..”
နျဲ့ရှောင်သည်လည်း အနည်းငယ် ကြောင်အနေမိသည်။ ရရှိလာသော အချက်အလက်များမှာ ကမ္ဘာကြီး၏ လက်ရှိအဆင့်အတန်းထက် များစွာဝေးကွာလွန်းလှသည်။ သို့သော်လည်း နျဲ့ရှောင် ရှင်းရှင်းလင်းလင်း နားလည်နိုင်ဆဲ ဖြစ်သည်။ ပိုဆီယာနှင့် အခြားသူများအား ကြည့်လိုက်ပြီးနောက် သင့်တင်လျောက်ပတ်စွာဖြင့် မေးလိုက်သည်။
“မင်းတို့မှာ ကြားဝင်ခွင့် နှောင့်ယှက်ခွင့် မရှိဘူးဆိုရင် ဘာဖြစ်လို့ ဒီမှာ ရှိနေကြတာလဲ.. မော့ယန်က ရှောင်ဝူယိကို လာရှာတာမို့ အကြောင်းပြချက် ရှိတယ်.. ပိုဆီယာ.. မင်းနဲ့ ကျန်တဲ့သူတွေကကော..”
“ငါတို့က ခိုးပြီး ခရီးထွက်လာကြတာလေ.. ဟားဟားဟား..” (ㅅ´ ˘ `)
ဆစ်စလိုသည် ခါးထောက်လိုက်ပြီးနောက် ဂုဏ်ယူပျော်ရွှင်စွာ ပြန်ဖြေလေသည်။ ထိုအကြောင်းအရာများအား ဖုံးကွယ်ထားရန် မလိုအပ်တော့သဖြင့် ကြယ်တာရာအကြောင်း မျှဝေရန် မစောင့်နိုင်တော့ပေ။ ပါးစပ်သေးသေးလေးမှ စက်သေနတ်ပစ်သလို တတွတ်တွတ် ရေရွတ်တော့သည်။
“ငါတို့က အချက်အလက်တွေကို ဖော်ထုတ်ပြီး လူသားတွေကို အန္တရာယ် မဖြစ်စေသရွေ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို ချိုးဖျက်တယ်လို့ မဆိုသာဘူး.. မဟာမိတ်အစိုးရကလည်း ငါတို့လို လူနည်းစုတွေကို မမြင်ချင်ဟန်ဆောင်ပေးထားတယ်..”
“ဒါပေမဲ့ အခြားတစ်ဖက်ကလည်း မဟာမိတ်က တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်ထားသေးတယ်.. သာမန်လူတွေက အကာအကွယ်နယ်မြေတွေကိုသွားပြီး အပျော်ရှာဖို့ဆိုတာ ပိုက်ဆံမရှိရင် မဖြစ်ဘူး.. ဒါပေမဲ့ ငါတို့ကို ဘယ်သူက အကောင်ကြီးကြီး အမြီးရှည်ရှည်တွေရဲ့ မျိုးဆက်တွေ ဖြစ်လာခိုင်းလို့လဲ.. ဟီးဟီးဟီး”
ပိုဆီယာသည် ဆစ်စလို၏ ပါးစပ်အား လက်ဖြင့်အုပ်လိုက်ပြီးနောက် နဖူးတွင် ချွေးစို့လာသည်။
“လိုဇီ.. မင်းပြောတာ အရမ်းများနေပြီ...”
နျဲ့ရှောင်နှင့် အခြားသူများ : “...”
ကြယ်အဖွဲ့အစည်းတွင် ထုတ်ပြော၍မရသည့် စည်းမျဉ်းများ ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
အာ.. ဒီညစ်ပတ်နေတဲ့ လူ့အဖွဲ့အစည်းကတော့..
ထိုအချိန်တွင် နင်ဖုန်းချက်ချင်းဆိုသလို ဉာဏ်အလင်းပွင့်သွားပြီး အံ့ဩတကြီးဖြင့် မေးစေ့အား လက်ဖြင့်ပွတ်လိုက်သည်။
"အဲဒါဆိုရင် ကမ္ဘာပေါ်မှာ သတင်းပျံ့နေတဲ့ သွေးစုပ်ဖုတ်ကောင်တွေ.. အသွင်ပြောင်းလူသားတွေ.. ရေသူမတွေ.. ငလက်မလေးတွေ အဲဒါနဲ့ ပတ်သက်တဲ့ ပုံပြင်တွေက မင်းတို့ကြောင့်ပေါ့.. မင်းတို့ကောင်တွေ ဂရုမစိုက်ဘဲ ပေါ့တန်တန်ကျန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေကနေ ဖြစ်လာတာပေါ့.."
ပိုဆီယာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"အဲဒါ ဖြစ်နိုင်ပါတယ်.."
“ဒါပေမဲ့ အဲဒါကပဲ မင်းကို အမည်မသိတဲ့ မျိုးနွယ်တွေအပေါ် လက်ခံနိုင်စွမ်း မြင့်မားလာစေတယ် မဟုတ်ဘူးလား..”
"....."
အမှန်တရားမှာ ဤနည်းဖြင့် ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ကမ္ဘာကြီး၏ စုတ်ချက်များမှာ အံ့အားသင့်ဖွယ် ကောင်းလာသည်ဟု ခံစားမိကြသည်။
လူတိုင်း ငြိမ်သက်သွားပြီးနောက် ဂြိုလ်သားများနှင့် ပတ်သက်သော အချက်အလက်များအား ကျေညက်သွားစေရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
နင်ဖုန်းနှင့် သွမ့်ဝမ်ယွီသည် နျဲ့ရှောင်၏ လက်ထဲရှိ ဟမ်းစတားလေးအား ကြည့်လိုက်သည်။ သူတို့နှင့် သုံးနှစ်တာမျှ အတူတကွ ရှိခဲ့သော ဟမ်းစတားလေးမှာ သက်ရှိဂြိုလ်သားလေးဖြစ်နေသည့်အပြင် တော်ဝင်မိသားစု၏ မင်းသားလေးပင် ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှပင် မတွေးမိခဲ့ပေ။
အရမ်းကို လန့်စရာပဲနော်..
မော့ယန်သည် ဟမ်းစတားလေးအား နူးနူးညံ့ညံ့ ကြည့်လိုက်ပြီးနောက် ဆက်ပြောလေသည်။
“ငါက ခရီးသွားမဟုတ်ဘူး.. ငါက နီမိုတော်ဝင်မျိုးနွယ်ရဲ့ မဟာစစ်သူကြီးပဲ.. ငါ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မင်းသားလေးကိုရှာပြီး ပြန်ရမှာ.. မင်းသားလေးရဲ့ အတိတ်မေ့ခြင်းက ငါတို့မျိုးနွယ်ရဲ့ ပုံမှန်အခြေအနေပဲ.. အဲဒါက ငါတို့စွမ်းရည် နိုးထလာပြီဆိုရင် ဖြစ်လေ့ရှိတယ်.. ငါတို့ရဲ့ မွေးရာပါ အရမ်းအစွမ်းထက်တဲ့ ကိုယ်ပိုင်စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်း မရှိသေးတဲ့အချိန် ကိုယ့်ကိုယ်ကို ကာကွယ်မှုစနစ် ထွက်ပေါ်လာပြီး မှတ်ဉာဏ်တွေကို ချိတ်ပိတ်ပစ်လိုက်တာ.. များသောအားဖြင့် ဆေးရုံကို သွားလိုက်ရုံနဲ့ မြန်မြန်လေး ဖြေရှင်းလိုက်လို့ရတယ်.. ဒါပေမဲ့ မင်းသားလေးရဲ့ နေရာလွတ်စွမ်းရည်က အရမ်းထူးခြားတယ်.. သူက လေဟာနယ်ကို တိုက်ရိုက်ဆုတ်ဖြဲပြီး ခြေရာလက်ရာ မကျန်ဘဲ ပျောက်သွားခဲ့တာ.. တစ်ခါတည်း အတိတ်လည်းမေ့သွားတော့ အခြေအနေက ပိုဆိုးသွားတော့တာပဲ.. ဒါမှမဟုတ်ရင် ငါတို့က သူ့ကို နှစ်ပေါင်းများစွာ ရှာနေရမှာ မဟုတ်ဘူး..”
“ကံကောင်းပြီးတော့ အလှည့်အပြောင်းနည်းနည်းပါးပါး ကြုံခဲ့ရပေမဲ့ အပြောကျယ်တဲ့ စကြဝဠာကြီးထဲမှာ မင်းသားလေးကို ရှာတွေ့ခဲ့တယ်.. ဒါက.. ငါက ကမ္ဘာပေါ်မှာ ကမ္ဘာပျက်ကပ်နဲ့ ကြုံရလိမ့်မယ်လို့ မထင်မှတ်ထားရုံပဲ.. အဆုံးမှာတော့ ငါတို့က ကမ္ဘာပေါ် ပိတ်မိနေတာကြောင့် အိမ်ပြန်လို့ မရတော့ဘူး.. ငါတို့ရဲ့ ဆက်သွယ်ရေး ကိရိယာတွေတောင်မှ အလုပ်မလုပ်တော့ဘူး..”
ဇာတ်ကြောင်း၏ ဒုတိယတစ်ဝက်အား ပြောနေစဉ်တွင် မော့ယန်၏ အသွင်အပြင်မှာ ရုတ်တရက် မဲမှောင်လာသည်။ နားထောင်နေကြသူများမှာ အရူးများ မဟုတ်ကြချေ။ စိတ်ထဲ၌ မီးခတ်ကျောက်များ တဖွားဖွား ပွင့်ပြီး အချိတ်အဆက်မိသွားကြသည်။ ရုတ်တရက်ဆိုသလို လူတိုင်း၏ မျက်နှာတွင် ဝမ်းနည်းကြောက်ရွံ့ တုန်လှုပ်မှုများ ထင်ဟပ်လာသည်။
“ဒါဆို ဝတ်ရုံနက်လူကလည်း ဂြိုလ်သားပဲလား..”
နျဲ့ရှောင်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး အံတင်းတင်းကြိတ်ကာ ပြောလေသည်။ လူတိုင်းထက်အရင် ဤအချက်အား ဦးစွာမြင်ခဲ့ခြင်းပင်။
မော့ယန်တို့၏ အဆိုအရ ဤအရာအားလုံး၏ ကြမ်းတမ်းသော ကံကြမ္မာအား အပြစ်မဲ့ ကမ္ဘာသားများ ခံစားရခြင်းကြောင့် ယင်းတို့၏ ကြယ်စင်များအကြောင်း ရုတ်တရက် ပြောပြခြင်း ဖြစ်လိမ့်မည်။ သို့သော်လည်း သူတို့ပြောသည့်အတိုင်းဆိုပါက ဤဘေးဆိုးသည် ကမ္ဘာကြီး၏ ကံတရားမဟုတ်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ဝတ်ရုံနက်လူနှင့် ပေါင်းစပ်လိုက်ပါက အမှန်တရားမှာ သိသာထင်ရှားလာပြီ ဖြစ်သည်။
အခန်းအတွင်းရှိ လူများအားလုံး အရာအားလုံး နားလည်သဘောပေါက်သွားသဖြင့် လက်သီးတင်းတင်းဆုပ်ကာ စုတ်တသပ်သပ် ဖြစ်လာရသည်။ ကမ္ဘာကြီး၏ လက်ရှိအခြေအနေအား ပုံဖော်ကြည့်မိသည့်အခါ နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်လျှံလာရသည်။
“ရွံ့စရာကောင်းလွန်းတယ်..”
“သူ့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးကို ငရဲလိုဖြစ်စေတယ်.. လောင်ဇီက ဒင်းကို သတ်ကိုသတ်ပစ်မယ်..”
“အဲသည်ထူးဆန်းတဲ့ ဥက္ကာခဲမိုးရွာခြင်းဆိုတာ ငါတို့ကို လှည့်စားဖို့သက်သက်ပဲ ဖြစ်လောက်တယ်.. နက္ခတ္တပညာဌာနက ဥက္ကာခဲမိုးရွာခြင်းနဲ့ ပတ်သက်ပြီး ဘာကိုမှ မတွေ့ဖူးလို့ ငါ့ကို ပြောခဲ့တယ်..”
ဒေါက်တာဝေ့ဟန်မင်သည် ဝမ်းနည်းမှုကြောင့် မျက်လုံးများ နီရဲလာသည်။ ဤအဖြစ်အပျက်များ အားလုံးမှာ သဘာဝဘေးဆိုးတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူတို့ထင်မှတ်ခဲ့ကြသော်လည်း လူလုပ်ဘေးဆိုးတစ်ခု ဖြစ်နေလေသည်။
သူတို့၏ မျက်လုံးထဲတွင် ဝမ်းနည်းကြေကွဲမှုများ စွန်းထင်လာသည်။ ကမ္ဘာပေါ်တွင် အပြစ်မဲ့သူ မည်မျှများ ရှိပါသနည်း။ မည်သည်ကြောင့် ဤကဲ့သို့ လူမဆန်သော ဖိနှိပ်မှုများ ခံစားကြရသနည်း။
မော့ယန်၊ ပိုဆီယာနှင့် အခြားသူများသည်လည်း တိတ်ဆိတ်သွားကြပြီး စိတ်မကောင်း ဖြစ်မိကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ဂြိုလ်ပေါ်တွင် ဤကဲ့သို့ ဘေးဆိုးအန္တရာယ်အား ခံစားရမည်ဆိုပါက ထိုလူအား အစိမ်းလိုက် ကိုက်ဖြတ်စားသောက်ပစ်မိလိမ့်မည်။
ပိုဆီယာသည် မျက်နှာအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် သူ၏ ရေသူအသံလှိုင်းအစွမ်းဖြင့် လူတိုင်း၏ ခံစားချက်များအား ငြိမ်သံစေသည်။
“ပထမက ငါ့ရဲ့ ဆက်သွယ်ရေးကိရိယာပဲ အလုပ်မလုပ်တော့ဘူး ထင်ခဲ့တာ.. ဆစ်စလိုကိုတွေ့မှ ဒါက တိုက်ဆိုင်ရုံသက်သက် မဟုတ်ဘဲ တစ်ယောက်ယောက်က ပိတ်ဆို့ထားတယ်ဆိုတာ သိလိုက်တာ.. ငါတို့ရဲ့ ဆက်သွယ်ရေးကိရိယာတွေကို ပိတ်ဆို့နိုင်တယ်ဆိုတာ ငါတို့နဲ့ တူညီတဲ့ အဆင့်အတန်းမှာရှိတဲ့ လူမျိုးပဲ ဖြစ်ရမယ်..”
“အခုတော့ သည်ဘေးအန္တရာယ်က ကမ္ဘာကြီးနဲ့ပဲ သက်ဆိုင်တဲ့ အရေးကိစ္စတစ်ခု မဟုတ်တော့ဘူး.. ငါတို့ရဲ့ မိသားစုတွေက ငါတို့ကိုရှာဖို့ လူတွေလွှတ်လိုက်လိမ့်မယ်.. အဲသည်အချိန်ရောက်ရင် မဟာမိတ်အဖွဲ့ကလည်း ကမ္ဘာကြီးကို ကူညီလိမ့်မယ်.. တရားခံကို သေချာပေါက် ဖမ်းမိမှာပါ..”
ထိုစကားများအား ကြားပြီးနောက် လူတိုင်း၏ စိတ်အခြေအနေ အနည်းငယ် တည်ငြိမ်မှု ရရှိလာသည်။ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ သေဆုံးခြင်းကြောင့် ပူဆွေးဝမ်းနည်းမှုအား ပခုံးတွန့်ရုံဖြင့် အဆုံးသတ်မသွားနိုင်ပေ။
လူတိုင်း၏ မျက်လုံးများ ရဲရဲနီကာ အလွန်အမင်း ဝမ်းနည်းပူဆွေးနေကြသည်။
ယခုထိတိုင် နိုးထလာခြင်း မရှိသေးသော နျဲ့ရှောင်၏ လက်ခုပ်
အတွင်း အသိုက်ဖွဲ့နေသည့် ဟမ်းစတားလေးသည်လည်း လူတိုင်း၏ ဝမ်းနည်းပူဆွေးမှုအား ခံစားမိပုံရပြီး ချစ်စဖွယ် နားရွက်ကလေး နှစ်ခုမှာ အနည်းငယ် လှုပ်ခပ်လာလေသည်။