အပိုင်း ၇၀
Viewers 22k


🐹အခန်း ၇၀

 ဝူယိလေး အတိတ်ကို သတိရတော့မယ်



ပိုင်မေ့၏ လျှို့ဝှက်ချက်အား ကြားသိရပြီးနောက် လူတိုင်း ဝူယိအခြေစိုက်စခန်းသို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။


“မြက်ကိုရိုက်၍ မြွေကို ခြောက်လှန့်ခြင်း” မဖြစ်စေရန် ပိုင်မေ့သည် လတ်တလော၌ ဝူယိအခြေစိုက်စခန်းမှ ထွက်ခွာ၍မရချေ။ ပိုင်မေ့လက်ထဲရှိ ဆေးရည်နှင့် ဆစ်စလို၏ အသံလှီုင်းအား လေ့လာရန် ဝေ့ဟန်မင်၏အဖွဲ့သည်လည်း ဝူယိအခြေစိုက်စခန်းသို့ ယာယီသွားရောက်ရန် လိုအပ်သည်။ ပိုင်မေ့၏ ပြန်လည်ထူထောင်ဆေးအား ဝတ်ရုံနက်နှင့်လူ ရောက်မလာခင် ပြန်ပေးရပေမည်။ သို့တည်းမဟုတ်လျှင် လူသားများ၏ အခြေစိုက်စခန်းတွင် ရုပ်ဖျက်ရန်မလိုအပ်ဘဲ နေထိုင်နိုင်ခြင်းအပေါ် ရှင်းပြန်ရန် မဖြစ်နိုင်ချေ။


ညဉ့်နက်နေပြီ ဖြစ်သဖြင့် ဆုံးဖြတ်ချက်အား အတည်ပြုလိုက်ကြသည်။ လူတိုင်း အခန်းသို့ပြန်ကာ မိုးမလင်းခင် နာရီအနည်းငယ်ခန့် အိပ်စက်ရန် ကြိုးပမ်းကြသည်။ အိပ်စက်ခြင်း မရှိပါက ယင်းသည် နောက်ထပ်ပြဿနာတစ်ရပ် ဖြစ်လာပေမည်။


လူတိုင်း အခန်းထဲတွင် ယနေ့ည အဖြစ်အပျက်အား ဖြည်းညင်းစွာ ချေဖျက်နေကြရသည်။ ပိုင်မေ့၏ လျှို့ဝှက်ချက်မှာ လူတိုင်းအတွက် သက်ရောက်မှုကြီးသလို ထိတ်လန့်တုန်လှုပ်စေသည်။ ဝတ်ရုံနက်လူ၊ ဇွန်ဘီဘုရင်၊ ပြန်လည်ထူထောင်ဆေး၊ စွမ်းရည်အမြုတေများအကြောင်း စသည့် အရာအားလုံးမှာ ဤကမ္ဘာပျက်ကပ်သည် ရိုးရှင်းသော သဘာဝဘေးအန္တရာယ်တစ်ခု မဟုတ်ကြောင်း ညွှန်ပြနေသည်။


ဝတ်ရုံနက်နှင့်လူမှာ မည်သည့်အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း ထပ်မံလေ့လာရပေမည်။

****


ဗီလာ၏ အိပ်ခန်းကျယ်အတွင်း၌။


ဟမ်းစတားလေးသည် ကောင်ငယ်လေးအသွင်ပြောင်းကာ စောင်ထဲသို့ ဝင်နေသည်။ အဝတ်ဗလာ ခန္ဓာကိုယ်လေးဖြင့် နျဲ့ရှောင်၏ ရင်ခွင်ထဲသို့ဝင်ကာ လက်ချောင်းလေးနှင့် စက်ဝိုင်းများ ရေးဆွဲနေလေသည်။ တိုးညှင်း၍ ဝမ်းနည်းသော အသံလေးဖြင့် ပြောလေသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်းလေ ပိုင်မေ့မေ့ကို မြန်မြန်လေး ပြန်ကောင်းလာစေချင်တယ်.. ပေါင်ပေါင်းက ပိုင်မေ့မေ့ကို အရမ်းသဘောကျတာရယ်.. ပိုင်မေ့မေ့က လူကောင်းတစ်ယောက်ပါ.. ပေါင်ပေါင်း အခု ကမ္ဘာကြီးကို မုန်းလာပြီ..”


နျဲ့ရှောင် ရှောင်ဝူယိအား ပွေ့ဖက်လိုက်သည်။ သူ၏ရင်ဘတ်ပေါ်တွင် ဦးတည်ရာမဲ့ လျှောက်သွားနေသော လက်ကလေးအား ဖမ်းဆုပ်ကာ နားသယ်စပ်လေးအား အနမ်းပေးလိုက်သည်။ 


“သေချာပေါက် ပိုကောင်းလာမှာပေါ့.. ဒယ်ဒီတို့က ကြိုးကြိုးစားစားနဲ့ ဒီကမ္ဘာပျက်ကပ်ကြီးကို သေချာပေါက် အတူဖြတ်သန်းနိုင်မှာ.. ပိုင်မေ့ကိုလည်း ကုသနိုင်မှာပါ..”


“အွန်း..”


ရှောင်ဝူယိ လေးပင်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းကလေးမော့လာပြီး ဒေါသထွက်ကာ လေးနက်မှုအပြည့်ရှိနေသော အသံလေးဖြင့် ပြောလေသည်။


“ပေါင်ပေါင်းက သိပ်မကြာခင် သူဘယ်သူလဲဆိုတာ သတိရလာတော့မှာ.. ဒယ်ဒီ သိလား.. ပေါင်ပေါင်းက မှတ်ဉာဏ်တွေ ပြန်ရတော့မယ်လို့ ခံစားရတယ်.. ပြန်မှတ်မိသွားတာနဲ့ ပေါင်ပေါင်းက အနိုင်မခံ အရှုံးမပေးတဲ့ ဟမ်းစတားစစ်သည်တော်လေး ဖြစ်သွားမှာ သိလား..”


"ပေါင်ပေါင်းက အရမ်းအံ့သြစရာကောင်းတာဘဲ.."


ထိုသို့ကြားရသည့်အခါ နျဲ့ရှောင် ရီမလို ငိုမလိုနှင့် ကောင်ငယ်လေး၏ ချစ်စဖွယ် အမူအရာလေးကြောင့် အသည်းတယားယား ဖြစ်လာရသည်။ 


“အဲသည်လိုလား.. ဒါဆိုလည်း ဒယ်ဒီ စောင့်မျှော်နေမယ်နော်..”


ရှောင်ဝူယိ ယုံကြည်မှုရှိစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဂုဏ်ယူနေဟန်ဖြင့် ပြောလေသည်။


“ဒီပေါင်ပေါင်းရဲ့ အလိုလိုသိစိတ်က အရမ်းပဲ မှန်တာနော်..”


နျဲ့ရှောင်ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ ရှောင်ဝူယိ၏ မျက်ခုံးများအား လက်ချောင်းများဖြင့် နူးနူးညံ့ညံ့ နှိပ်ပေးလိုက်သည်။


“ပေါင်ပေါင်း အိပ်ချင်နေပြီလား.. မျက်လုံးလေးတွေ နည်းနည်းရဲနေတယ်.. ခုတလော ပေါင်ပေါင်း အရမ်းအိပ်နေတယ်နော်..”


“ပေါင်ပေါင်း အိပ်ချင်နေပြီ..”


ရှောင်ဝူယိ ခေါင်းညိတ်ရင်းနှင့် ပါးစပ်လေးဖွင့်ကာ သန်းဝေလိုက်သည်။ မျက်လုံးများတွင် မျက်ရည်တစ်လွှာ ဖွဲ့သီနေသည်။


“ပေါင်ပေါင်း အရမ်းကြီး အိပ်ချင်နေမိ.. ဒါပေမဲ့ ပိုင်မေ့မေ့အကြောင်း တွေးမိရင် စိတ်မကောင်းလွန်းလို့ ပေါင်ပေါင်း အိပ်မရဘူး.. အခုရက်ပိုင်း ပေါင်ပေါင်း အရမ်းအိပ်နေတာ အမှန်ပဲ.. ဒါပေမဲ့ ဒယ်ဒီ မစိုးရိမ်နဲ့နော်.. ပေါင်ပေါင်း မသက်မသာဖြစ်တာမျိုး မရှိပါဘူး.. ပေါင်ပေါင်းလည်း ကျစ်ဟွေ့ကွမ်လိုမျိုး အိပ်ရင်း အိပ်မက်မက်ရင်း မှတ်ဉာဏ်ပြန်ရလာတာမျိုး ဖြစ်မှာပါ..”


နျဲ့ရှောင် ထိုသို့ကြားပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ကောင်ငယ်လေး၏ အိပ်ချင်မူးတူးပုံစံလေးအား ကြည့်ရင်း ခေါင်းငုံ့ကာ မူး‌နောက်သွားစေသည်အထိ နှုတ်ခမ်းလေးများအား နမ်းလိုက်သည်။


“အိပ်တော့နော်.. ဒယ်ဒီက အာဘွား မွမွ ပေးမှာမို့ ပေါင်ပေါင်းက စိတ်မကောင်းဖြစ်တော့မှာ မဟုတ်ဘူး.. ကိုယ့် ပေါင်ပေါင်းလေး အိပ်မက်လှလှ မက်ပါစေကွာ..”


“အွန်း..”


ရှောင်ဝူယိ ချက်ချင်းပင် စိတ်ကျေနပ်သွားသည်။ နာခံမှုရှိရှိဖြင့် မျက်လုံးလေးများအား မှိတ်လိုက်ပြီးနောက် နှစ်မိနစ်အတွင်းမှာပင် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားလေသည်။ အိပ်မောမကျမီ ကမ္ဘာပျက်ကပ်ကြီး အမြန်ဆုံး ပြီးဆုံးသွားပါစေဟုပင် ဗလုံးဗထွေး ရေရွတ်သွားသေးသည်။


ပိုင်မေ့ လျှို့ဝှက်ချက်၏ လှုံ့ဆောင်မှုကြောင့်လား မသိရသော်လည်း ကောင်ငယ်လေး၏ မှတ်ဉာဏ်များ ပြန်လည်ရယူလိုမှုသည့် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာသည်။


ယနေ့ည၌ ဟမ်းစတားလေးသည် အလွန့်အလွန် ရှည်လျားသော အိပ်မက်တစ်ခု မက်ခဲ့လေသည်။


နျဲ့ရှောင်သည် ငြိမ်းချမ်းအေးဆေးစွာ အိပ်ပျော်နေသော ကောင်ငယ်လေး၏ မျက်နှာလေးအားကြည့်ကာ သဲသဲတုန်အောင် အလိုလိုက်လွန်းသော အပြုံးတစ်ခု မျက်နှာထက် ပေါ်လာသည်။ သူသည်လည်း ရှောင်ဝူယိ၏ မှတ်ဉာဏ်များ အမြန်ဆုံး ပြန်လည်ရလာစေချင်မိသည်။ သို့မှသာ နှစ်အနည်းငယ်သာ ရှိနေသေးသော ကလေးတစ်ဦးအပေါ် ပြစ်မှုကျူးလွန်နေသကဲ့သို့ မခံစားတော့ပေမည်။


အာဘွား မွမွ (ပြစ်သစ်အနမ်း) ပေးခြင်းမှာ သူလုပ်နိုင်သည့် အတိုင်းအတာအတွင်း အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်လေသည်။ ပေါင်ပေါင်းသာ မှတ်ဉာဏ်ပြန်ရလာခြင်း မရှိပါက သူ့အနေဖြင့် ပြစ်မှုကျူးလွန်ချင်စိတ်အား ရူးလောက်အောင် ထိန်းချုပ်ထားရပေမည်။


နျဲ့ရှောင်၏ အတွေးများ ရှုပ်ထွေးနေသည်။ များမကြာမီတွင် ဆွဲဆောင်မှုပြင်းထန်ပြီး အန္တရာယ်များလွန်းသော အတွေးများအား ယာယီချိတ်ပိတ်လိုက်ရသည်။ ကောင်ငယ်လေးအား လက်မောင်းအတွင်းထည့်ကာ ပွေ့ဖက်လိုက်ပြီးနောက် ကမ္ဘာပျက်ကပ် စတင်သည့် အချိန်မှစကာ ဖြစ်ပျက်ခဲ့သည်များအားလုံးအား ပြန်လည်စီစစ်ကြည့်သည်။


ပိုင်မေ့၏ လျှို့ဝှက်ချက် ထွက်ပေါ်လာခဲ့သော်လည်း မော့ယန်တို့သည် ၎င်းတို့၏ သံသယဖြစ်ဖွယ် သဲလွန်စ တစ်ခုတစ်လေအား ထုတ်ဖော်ခြင်း မရှိသေးချေ။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ရှောင်ဝူယိ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာမည် ဆိုပါက မော့ယန်တို့၏ လျှို့ဝှက်ချက်အား မလွဲဧကန် ဖော်ထုတ်လိမ့်မည် ဖြစ်သည်။


အရာအားလုံး ဆက်စပ်ပြီးသည့်‌နောက်တွင် ကမ္ဘာပျက်ကပ်၏ နောက်ကွယ်မှ အမှန်တရားအား ဖော်ထုတ်နိုင်ကောင်းပါရဲ့။


နျဲ့ရှောင် အချိန်အတော်ကြာသည့်တိုင်အောင် အိပ်မပျော်ခဲ့ပေ။ အလားတူပင် မော့ယန်နှင့် အခြားသူများမှာလည်း အိပ်မပျော်နိုင်ဘဲ ရှိကြသည်။ သူတို့၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ တွေးနေမိသည်။ ဝတ်ရုံနက်လူမှာ ဂြိုလ်သားတစ်ဦးဖြစ်သည်ဟူသော အချက်သည် သူတို့၏ ရှေ့မှောက်မှာပင် ပေါ်ထွက်လာခဲ့ပြီး မငြင်းဆိုနိုင်သော သက်သေများလည်း ရှိနေသည်။ ထို့ကြောင့် ကမ္ဘာသားများအား ကူညီရန် သူတို့၏ အထောက်အထားများအား ဖွင့်ဟသင့်ပါ၏လော။


မော့ယန်၊ ပိုဆီယာနှင့် အခြားသူများမှာ ဆွေးနွေးတိုင်ပင်ခြင်း မရှိကြသည့်တိုင် တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲ၌ တူညီသော အဖြေတစ်ခု ရှိနှင့်ပြီး ဖြစ်သည်။


လူသားများ ထိုအချက်အလက်များအား လက်ခံနိုင်ရန်သာ မျှော်လင့်ရတော့မည်။

.....


ညအချိန် ကုန်ဆုံးပြီးနောက် နေမင်းသည် အမှောင်ထုအား ပြယ်လွင့်စေကာ ပျက်စီးနေသော ကမ္ဘာပေါ်သို့ အလင်းရောင်တောက်ပစေသည်။


ဗီလာအတွင်း၌ လူတိုင်း မဲနက်သော မျက်ကွင်းများဖြင့် အခန်းအသီးသီးမှ ထွက်လာကြသည်။ မည်သူကမျှ ကောင်းစွာအိပ်စက်နိုင်ခဲ့ဟန် မတူပေ။


နင်ဖုန်းသည် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းမှ နိုးလာမည့် အရိပ်အယောင်မရှိသေးသော ဆန်မုန့်လုံးလေးအား ကြည့်လိုက်ပြီးနောက် မနာလိုမှုအပြည့်ဖြင့် ပြောလေသည်။


“ဒီလိုမျိုး စိုးရိမ်ပူပန်မှုမရှိတဲ့ ဘဝမျိုးကို ဘယ်တုန်းကမှ အခုလောက်ထိ မလိုချင်ဖူးဘူး..”


နင်ဖုန်း၏ စကားကြောင့် နျဲ့ရှောင် အော်ဟစ်ကာ ရယ်မောမိလိုက်သည်။ သူ၏ အိတ်ကပ်အတွင်းမှ အမွေးလုံး နတ်သားလေးအား ကြင်နာမှုအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရှားရှားပါးပါး ပြက်လုံးထုတ်လေသည်။ 


“မင်းက လုံလောက်အောင် ဖြူစင်မနေဘဲ..”


“ဘော့စ် အရမ်းများသွားပြီ.. ဒါ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာပဲ..”


ပိုင်မေ့သည် အသေးအဖွဲ ကိစ္စလေးများအတွက်နှင့် ဆူညံနေကြသော လူများအားကြည့်ကာ ရယ်မောလိုက်သည်။ ယခုအခါ သူ၏နှလုံးသားထဲ၌ မည်သည့်လျှို့ဝှက်ချက်မျှ မရှိတော့ချေ။ လွန်ခဲ့သောည၌ သူ၏ညီငယ်လေးနှင့် ခံစားချက်ချင်း ဖလှယ်ကာ ကောင်းမွန်စွာ ဆွေးနွေးပြောဆိုခဲ့သည်။ နှလုံးသားထဲရှိ ဖြူစင်သော စိတ်ထားသည် သူ၏သွင်ပြင်အား ရောင်ပြန်ဟပ်လေသည်။ ဇွန်ဘီသဏ္ဌာန်ဖြင့် ရှိနေသည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရိုးသားမှုများကို ခံစားရပြီး အလွန်သက်သောင့်သက်သာရှိကာ သိမ်မွေ့နူးညံ့လာသည်။


ဆစ်စလိုသည်လည်း မော့ယဲ့နှင့် အတူတူ အိပ်စက်ခဲ့သော်လည်း ကောင်ကလေးနှစ်ဦးမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ဟန် မပေါ်ချေ။ ကောင်ကလေးသည် ပိုင်မေ့အား မြင်သည့်အခါ ချက်ချင်း အနားသို့သွားလိုက်ပြီး အနက်ရောင် ဝတ်ရုံတစ်ခုကို ပိုင်မေ့အား ရတနာတစ်ခုသဖွယ် လက်ဆောင်ပေးလေသည်။


“ကိုကိုပိုင်မေ့.. ဒါ ကိုကို့အတွက်ပါ.. ကျွန်တော်နဲ့ ယဲ့ဇီ အတူတူလုပ်ထားတာ.. ကျွန်တော်တို့မှာ ထူးခြားတဲ့ ခန္ဓာကိုယ်အခြေအနေ ရှိတာကြောင့် နေရောင်နဲ့ထိတွေ့တာ သိပ်မကောင်းဘူး..”


ပိုင်မေ့ ဖြန့်ကြည့်သည့်အခါ ယင်းမှာ ဆစ်စလို၏ ဝတ်ရုံနက်ကလေးနှင့် ဆင်တူသော အနက်ရောင်ဝတ်ရုံလေး ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ၏ နှလုံးသားထဲ နွေးထွေးသွားပြီး ဆစ်စလိုနှင့် မော့ယဲ့၏ ခေါင်းလေးများအား နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။ 


“မင်းတို့ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်နော်.. ကိုကို အရမ်းသဘောကျပါတယ်..”


ဆစ်စလိုသည် ခေါင်းယမ်းလိုက်ပြီးနောက် သူ၏အစွယ်နှစ်ချောင်းအား ညွှန်ပြလေသည်။


“ကျွန်တော်တို့မှာ အခုလိုမျိုး အစွယ်တွေရှိတာကြောင့် အခုကစပြီး တစ်သွေးတည်း တစ်သားတည်းပဲ..”


သူတို့နှစ်ဦးအား ကြည့်နေကြသူများ ပြုံးမိလိုက်ကြသည်။


ပိုင်မေ့ တွန့်ဆုတ်ခြင်း မရှိဘဲနှင့် ဆစ်စလို၏ လက်ဆောင် အနက်ရောင်ဝတ်ရုံလေးအား ဝတ်ဆင်လိုက်သည့်အခါ ဆစ်စလိုထက်ပင် သွေးစုပ်ဖုတ်ကောင်နှင့် တူနေသည်ဟု ခံစားမိသည်။ ဇွန်ဘီဘုရင်ဆိုသည်မှာ ဇွန်ဘီတစ်ကောင် ဖြစ်နေဆဲ ဖြစ်သည့်တိုင် သူ၏သွင်ပြင်နှင့် အပြုအမူမှာ အဆင့်နိမ့်ဇွန်ဘီများထက် များစွာသာလွန်ရသည့် အကြောင်းအရင်းမှာ အသိစိတ် ပိုင်ဆိုင်ထားသောကြောင့်ပင်။


ပိုင်မေ့တစ်ဦးတည်းကိုသာ မျက်လုံးထဲမြင်နေသော လောယွင်ဟိုင်သည် ရိုးသားစွာ ချီးကျူးစကား ဆိုလာပြီး ပိုင်မေ့အပေါ်ထားရှိသည့် ချစ်မြတ်နိုးမှုများအား ခက်ခက်ခဲခဲ ဖုံးကွယ်နေရသည်။


“အရမ်းလှတာပဲ..”


ပိုင်မေ့သည် လောယွင်ဟိုင်အား ကြည့်လိုက်ပြီး ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားလေသည်။


ထိုနှစ်ယောက်အား ယခုကဲ့သို့ တွေ့ရသည့်အခါ လူတိုင်း စနောက်ကြလေသည်။ လွန်ခဲ့သောညမှ အဖြစ်အပျက်များ ပြီးသည့်နောက်တွင် ၎င်းတို့သည် လောယွင်ဟိုင်နှင့် ပိုင်မေ့အကြားမှ ဇာတ်လမ်းလေးအား အနည်းငယ် သိရှိလာကြသည်။


ဘေးတွင်ရပ်ကြည့်နေသော ပိုင်ယွဲ့သည် ကြည်နူးဝေဖြာနေသော အစ်ကိုဖြစ်သူနှင့် လူရိုင်းကြီးအားကြည့်လိုက်ပြီး နှလုံးသားထဲတွင် အနည်းငယ် မနာလိုဖြစ်လာသည်။ သို့သော်လည်း လောယွင်ဟိုင်၏ ရိုးသားသော နှလုံးသားကြောင့် ခံစားရသည်ကိုမူ ငြင်းပယ်နိုင်စွမ်း မရှိချေ။


“ကော လက်မထပ်ရဘူး..”


ပိုင်ယွဲ့သည် ထိုနှစ်ဦးအားကြည့်ကာ ချဉ်တူးလာပြီး ရန်လိုစွာဖြင့် ပြောလေသည်။ အနာဂတ်တွင် ဇွန်ဘီဗိုင်းရပ်အား ဖြေရှင်းနိုင်သွားမည် ဆိုပါက အရင်ဆုံး အကျိုးအမြတ် ရမည့်သူမှာ မည်သူဖြစ်ကြောင်း အသိသာကြီးပင်။ ထိုအကြောင်းအား စဉ်းစားမိရုံနှင့်ပင် ပြောမပြတတ်အောင် မွန်းကြပ်လာသည်။


လူတိုင်းသည် ပိုင်ယွဲ့၏ “ယောက်ဖဖြစ်သူအပေါ် မျက်နှာသာ လုံးဝမပေးနိုင်” ဟူသော အသွင်အပြင်အားကြည့်ကာ ရယ်မောကြပြန်သည်။ ယမန်ညမှ မြူမှုန်များ လုံးဝရှင်းလင်းသွားပေပြီ။


ပိုင်မေ့နှင့် လောယွင်ဟိုင်သည် ဖော်ထုတ်ခံလိုက်ရခြင်းကြောက် ရှက်ရွံ့နေကြပြီး အချင်းချင်း ခိုးကြည့်လိုက်ကြသည်။ ယခုကဲ့သို့သော မြင်ကွင်းမျိုးကြောင့် ချစ်သူတိုင်း ပေါင်းဖက်နိုင်ရန် မျှော်လင့်မိကြသည်။


နံနက်ခင်း၏ လေထုအခြေအနေမှာ အလွန်ကောင်းမွန်ပြီး အိပ်ရေးပျက်ခြင်းမှ ဖြစ်ပေါ်လာသော နွမ်းနယ်မှုများအား ပျောက်ကွယ်သွားစေသည်။ နံနက်စာ စားသောက်ပြီး‌နောက်တွင် လူတိုင်း သူတို့၏ ထရပ်ကားများအား အရှိန်မြှင့်၍ ဝူယိအခြေစိုက်စခန်းသို့ ဦးတည်ကြလေသည်။


ထိုအချိန်အတွင်း ဟမ်းစတားလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေပြီး နိုးလာမည့်ပုံ မပေါ်ပေ။ နျဲ့ရှောင်နှင့် အခြားသူများသည် ချစ်စဖွယ်အသွင်အပြင်လေးအား ကြည့်ကာ နှောင့်ယှက်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် ပိုင်မေ့သည် ဗီလာအား သူ၏နေရာလွတ်အတွင်းသို့ ထည့်လိုက်ရသည်။


ပိုင်မေ့သည် သူ၏ ဇွန်ဘီဘုရင်စွမ်းရည်အား ဖုံးကွယ်ခြင်း မပြုတော့ဘဲနှင့် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများအား အရပ်မျက်နှာအသီးသီးသို့ အတင်းအကြပ် ပျံ့နှံ့သွားစေပြီး လမ်းတစ်လျှောက် အနှောင့်အယှက် ကင်းစေခဲ့သည်။ လမ်းမပေါ်ရှိ ပိတ်ဆို့တားဆီးထားသော အချို့အရာများမှလွဲ၍ သူတို့၏ အရှိန်မှာ ကမ္ဘာပျက်ကပ် မတိုင်မီနှင့် နှိုင်းယှဉ်နိုင်သည်။


မကြာမီ မွန်းတည့်ချိန် ရောက်တော့မည် ဖြစ်သည်။ လူတိုင်း ထရပ်ကားပေါ်တွင် ထိုင်ကာ အိပ်မောကျနေသော ဟမ်းစတားလေးအား ကြည့်ကာ စိုးရိမ်စပြုလာသည်။


“အလုပ်သမားလေးက ဒီနေ့ တစ်ခုခု မှားနေတာလား.. ကျွန်တော်တို့ ဒီလောက် ဆူညံနေတာတောင် နည်းနည်းလေးမှ မလှုပ်ဘူးနော်.. မနေ့က အရမ်းနောက်ကျမှ အိပ်ခဲ့ရတယ် ဆိုရင်တောင် အခုအချိန်လောက်ဆို အိပ်ရေးဝသင့်နေပြီလေ.. မွန်းတောင်တည့်တော့မယ်..”


နင်ဖုန်း ထိုသို့ပြောရင်း နျဲ့ရှောင်၏ လက်ဖဝါးပေါ်ရှိ ဟမ်းစတားလေးအားကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။


နျဲ့ရှောင်၏ မျက်နှာအမူအရာမှာလည်း မကောင်းလှပေ။ ဟမ်းစတားလေးအား လက်ခုပ်အတွင်းထည့်ကာ အကြိမ်ကြိမ် ခေါ်ဆိုမှုပြုသော်လည်း အနည်းငယ်မျှပင် တုံ့ပြန်မှု မရရှိခဲ့ချေ။ လွန်ခဲ့သော ရက်များမှ စတင်ကာ အချိန်အတော်ကြာ အိပ်ပျော်နေတတ်သော်လည်း ယနေ့ကဲ့သို့ ခေါ်လိုက်လျှင် တုံ့ဆိုင်းမှုမရှိဘဲ နိုးလာတတ်သည်။


လွန်ခဲ့သောညက ကောင်ငယ်လေးသည် စိုးရိမ်ရန် မလိုဟု ပြောခဲ့သော်လည်း သူ၏မှတ်ဉာဏ်များ ပြန်လည်ရရှိခြင်းနှင့် ဆက်စပ်နေသည့်အတွက် အနည်းငယ် စိုးရိမ်မိနေဆဲဖြစ်သည်။


အခြေအနေမှာ အတော်လေး ပုံမှန်မဟုတ်သဖြင့် မော့ယန်သည် သူတို့မိသားစုမှ မင်းသားလေး၏ အခြေအနေအားကြည့်ရန် အနားသို့ ကပ်လာသည်။ မော့ယန်သည် ဝူယိလေး၏ “ဦးဦး” ဟု မှတ်ယူကာ နျဲ့ရှောင် တားမြစ်ခြင်း မပြုပေ။ ထိုအချိန်တွင် ဟမ်းစတားလေး၏ လုံခြုံရေးမှာ မည်သည့်အရာထက်မဆို အရေးကြီးလေသည်။ 


“ပေါင်ပေါင်း ဘာဖြစ်နေတာလဲ..”


နျဲ့ရှောင် မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး မေးလေသည်။


“ခင်ဗျားက သူ့ရဲ့ ဦးလေးဆိုတော့ တစ်ခုခု သိထားမှာပဲ..”


မော့ယန်သည် ဆန်မုန့်လုံးလေးအား သူ၏လက်အတွင်သို့ ယူကာ ဂရုတစိုက် စစ်ဆေးကြည့်လေသည်။ အဆုံးတွင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချပြီးမှ ပြောလိုက်သည်။


“အဆင်ပြေတယ်.. ဒါက နိုးထခြင်းအဆင့်နဲ့ အရမ်းတူတယ်.. သူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်လည်စုစည်းခြင်းက အခုကစတင်နေပြီ..”


“ဘာအဓိပ္ပါယ်လဲ..”


နျဲ့ရှောင် အလျင်စလို မေးလိုက်ပြီး ဟမ်းစတားလေးအား သူ၏လက်ပေါ်သို့ ပြန်ခေါ်ယူလိုက်သည်။


မော့ယန်သည် နျဲ့ရှောင်အား လေးနက်စွာ ကြည့်လိုက်ပြီးနောက် တိုက်ရိုက်ပင် ပြောလေသည်။ သူ၏စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် အမှန်တရားအား ဆက်လက်ဖုံးကွယ်ရန် မလိုတော့ပေ။ ဤအခွင့်အရေးအား အသုံးချကာ အရာအားလုံး ရှင်းလင်းအောင် ပြုလုပ်ရန် အကောင်းဆုံးဖြစ်သည်။


“အရင်က ငါပြောဖူးတယ်လေ.. မင်းသားလေး ပျောက်သွားခဲ့တာရယ် ငါက သူ့ရဲ့ ဦးဦး ဆိုတာရယ်.. ငါတို့ရဲ့ နီမိုတော်ဝင်မျိုးနွယ်ဝင်တိုင်းက အသက် ၁၅ နှစ်မှာ မွေးရာပါစွမ်းရည် စတင်နိုးထလာတယ်.. ငါတို့ မင်းသားလေး နိုးထလာတဲ့ အချိန်တုန်းက သူ့ရဲ့ အရမ်းစွမ်းအားကြီးတဲ့ နေရာလွတ်စွမ်းရည်ကြောင့် လေဟာနယ်ကို တိုက်ရိုက်ဆုတ်ဖြဲပြီး ပျောက်သွားခဲ့တယ်.. သူက ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့ဘူးလေ.. ငါက မင်းသားလေးကို အခုထိ လိုက်ရှာနေတာ လေးနှစ်တောင် ရှိခဲ့ပြီ..”


ဤအကြောင်းအား ကြားလိုက်ရသူများမှာ ရုတ်တရက်ဆိုသလို တိမ်မြူခိုးများအကြား နစ်မြုပ်သွားသလို ခံစားမိပြီး လောကကြီးနှင့် ခေတ္တမျှ အဆက်အသွယ် ပြတ်သွားသယောင်ပင်။


“ခဏလေး.. ခဏလေး.. ဘာစွမ်းရည်နိုးထတာလား.. မင်းတို့ရဲ့ စွမ်းရည်က စွမ်းရည်အမြုတေကလာတာ မဟုတ်ဘူးလား..”


“မင်းသားလေး ဟုတ်လား.. ငလူး.. အလုပ်သမားလေးက မင်းတို့မျိုးနွယ်က မင်းသားလေးလား..”


“နီမိုတော်ဝင်မျိုးနွယ်က ဘာကြီးလား..”


🐹🐹🐹🐹🐹