အပိုင်း ၂၄၇
Viewers 68k



Chapter 247

-သူစိမ်းတစ်ယောက် ခေတ်သစ်အချိန်ဆီ-2



ကျောက်ကျင်းကောက ထိုနာမည်ကိုကြားသည်နှင့် ထိန်းချုပ်မရဖြစ်လာသော်ငြား တစ်ခဏအကြာတွင် စိတ်ငြိမ်သွားသည်။


"လင်းရွေ့ချန်...ကိုယ့်အတွက် တစ်ခုလောက်စီစဥ်ပေးပါလား အဲ့လူကို ဒီနေ့လည်မှာသွားတွေ့ချင်လို့"ကျောက်ကျင်းကောက ဆိုလိုက်သည်။


လင်းရွေ့ချန်က ကျောက်ကျင်းကော၏ကိုယ်ရေးလက်ထောက်ဖြစ်၍ ကျောက်ကျင်းကော၏ကိုယ်ရေးကိုယ်တာကိစ္စများကို အဓိကဆောင်ရွက်ပေးရလေသည်။ထို့ကြောင့် သူက အမြန်ပင်ခေါင်းညိမ့်ပြလိုက်ပြီး စီစဥ်စရာများလုပ်ဆောင်တော့သည်။ထိုအချိန် ကျောက်ကျင်းကောက သူ့အချိန်ဇယားလွတ်နိုင်ရန် ကုမ္ပဏီမှလူများကို ရှာလိုက်သည်။


ထိုနေ့လည်တွင် ကျောက်ကျင်းကောက ထိုသူရှိသည့်နေရာသို့ လေယာဥ်စီးသွားလိုက်သည်။လေယာဥ်ပေါ်ကဆင်းပြီးနောက် ချက်ချင်းပင် ကားထဲဝင်ပြီးဆေးရုံသို့သွားလိုက်သည်။


ထိုလူက စစ်ဆေးရုံတက်နေခြင်းဖြစ်ပြီး ခွဲစိတ်ခန်းဝင်ပြီးနောက် အထူးကြပ်မတ်ဆောင်တွင်ရှိနေ၍ မည်သူမှဝင်ခွင့်မရချေ။သို့သော်လည်း ကျောက်ကျင်းကောက ဆေးရုံကလူအချို့နှင့် ပြောဆိုစီစဥ်ထား၍ အထူးကြပ်မတ်ဆောင်ရှေ့ရပ်၍ရသည်ပင်။


မှန်ကိုကျော်ပြီးကြည့်လိုက်ရာ သူမှတ်မိသည့်ကျန်းကျန့်နှင့်လုံးဝမတူသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။


"သူ့အခြေအနေ ဘယ်လိုလဲ"ကျောက်ကျင်းကောက မေးလိုက်သည်။


"ဒဏ်ရာပြင်းထန်ပြီး သွေးအများကြီးဆုံးရှုံးထားတာမို့ အန္တရာယ်ထဲကတော့ မလွတ်သေးဘူး"ကျန်းကျန့်၏ဆရာဝန်က ဖြေလာသည်။


ကျောက်ကျင်းကောက ခေါင်းညိမ့်ပြလိုက်သည်။ထို့နောက် ဆရာဝန်ကို မေးခွန်းအချို့မေးခဲ့ပြီး လင်းရွေ့ချန်ကို အနီးအနားကဟိုတယ်တစ်ခုတွင် ဘိုကင်တင်ထားခိုင်းလိုက်သည်။


ခေါင်းပြားပြားနှင့်ကောင်လေးတစ်ယောက်က အပြေးရောက်လာကာ:"ဆရာ....ကျန်းကျန့် ဘယ်လိုလဲ...သူအဆင်ပြေရဲ့လား...ခွဲစိတ်ခကို ကျွန်တော်ပေးပြီးပါပြီ...တခြား ဘာတွေသတိထားရအုံးမလဲဗျ...သူ့ကို ဂရုစိုက်ပေးဖို့ တစ်ယောက်ယောက်ငှားရအုံးမလား..."


"လူနာက အထူးကြပ်မတ်ဆောင်မှာပဲရှိနေသေးလို့ လူပိုမလိုပါဘူး"ဆရာဝန်က ဖြေလိုက်သည်။


"ကောင်းပါပြီ...ကောင်းပါပြီ"ထိုလူက အမြန်ခေါင်းညိမ့်ပြလာသည်။


"မင်းက ကျန်းကျန့်ဆွေမျိုးလား..."

ကျောက်ကျင်းကောက သူ့ရှေ့ကလူကိုကြည့်ပြီး မေးလိုက်သည်။


လူငယ်လေးက အသက်သုံးဆယ်အရွယ် သာမန်ရုပ်ရည်နှင့်ဖြစ်သော်လည်း လက်မောင်းနှင့်ခြေထောက်များတွင် ကြွက်သားအပြည့်နှင့်ဖြစ်သည်။ဒီလူကြည့်ရတာ သန်မာမယ့်ပုံပဲ။


"မဟုတ်ပါဘူး...ကျွန်တော်က သူ့ရဲ့ရဲဘော်ရဲဘက်ပါ...အစ်ကိုကျန့်မှာဆွေမျိုးမရှိပါဘူး...ဒါနဲ့ ဘယ်သူများလဲ..."


ထိုလူက ကျောက်ကျင်းကောကိုကြည့်ပြီးမေးလိုက်ရင်း အနည်းငယ်ဝေခွဲမရဖြစ်စွာနှင့်:"ခင်ဗျားကိုကြည့်ရတာ ရင်းနှီးနေတဲ့ပုံပဲ"


"ကျွန်တော့်နာမည် ကျောက်ချီအန်းပါ"ကျောက်ကျင်းကောက ပြုံးလိုက်သည်။


"ကျွန်တော့်နာမည် ချန့်ပင်းပါ"ချန့်ပင်းက ပြောပြီးသည်နှင့်မကြာလိုက် အံ့သြတကြီးမျက်လုံးပြုးသွားရကာ :"ကျောက်ချီအန်းလား..."


စစချင်း၌ သူ့ရှေ့ကလူကို အနည်းငယ်ရင်းနှီးနေသည်ဟုသာ တွေးမိသည်။တကယ်တမ်း သူက စီးပွားရေးသတင်းများကို သိပ်ဂရုမထားမိသော်လည်း ....။


ကျောက်ချီအန်း....ဒီလူက တကယ်ကြီး ကျောက်ချီအန်းပေါ့။


သူက ကျောက်ချီအန်း၏မျက်နှာကို မမှတ်မိသော်လည်း နာမည်ကိုဖြင့် သေချာပေါက် ရင်းနှီးနေသည်။


အင်တာနက်ပေါ်က နာမည်ကြီးသူဌေး...CCTVသတင်းတွေမှာ ခဏခဏပေါ်လာတတ်တဲ့ လူချမ်းသာတစ်ယောက်က ဒီနေရာမှာ ဘာလို့ရုတ်တရက်ပေါ်လာတာလဲ။ချန့်ပင်းအမြင်မှားနေတာတော့မဟုတ်ဘူးမလား။


"ကျွန်တော် ဟုတ်ပါတယ်"ကျောက်ကျင်းကောက ပြုံးလိုက်သည်။


"ကျန်းကျန့်ရဲ့ လုပ်ဆောင်ချက်ကိုလေးစားမိပြီး ဒီမြို့မှာလည်း ရက်နည်းနည်းနေဖို့တိုက်ဆိုင်သွားတာနဲ့ လာကြည့်တာပါ"


"အို့..."ချန်ပင်းက တောင့်ခနဲဖြစ်သွားရကာ ကျောက်ကျင်းကောကို မယုံနိုင်သည့်မျက်လုံးများနှင့်ကြည့်နေသည်။


လင်းရွေ့ချန်လည်း သူဌေးဖြစ်သူကို အနည်းငယ်ထူးဆန်းသည့်နှယ်ကြည့်လိုက်မိသည်။သူကဘာလို့ တိုက်ဆိုင်တယ်လို့ပြောရတာလဲ...သတင်းကြားပြီးပြီးချင်း ဒီရောက်လာတာ ရှင်းနေတာပဲကို။


ဆရာကျောက်က ဘာကြောင့်ရုတ်တရက် ဒီကိုရောက်လာတာပါလိမ့်...။နာမည်ကြီးချင်လို့လား။


လူစွမ်းကောင်းလေး၏နာမည်က ကျန်းကျန့်ဖြစ်ကာ ဆရာကျောက်တွဲဖက်လုပ်ကိုင်ထားသည့် ဂိမ်းထဲက Big bossနှင့်နာမည်တူလေသည်။ထိုဂိမ်းက ကုမ္ပဏီအတွက် ပိုက်ဆံအများအပြားရှာပေးလေသည်။


လင်းရွေ့ချန်က စဥ်းစားနေရင်း ထိုအရာကြောင့်ဆိုလျှင် ကျိုးကြောင်းညီညွတ်သည်ဟု တွေးမိသည်။


ကျောက်ကျင်းကောက စိတ်ရှုပ်နေ၍ သူ့လက်ထောက်၏အတွေးများကို သတိမထားမိချေ။

 

လူနာခန်းထဲကလူက သူ့ကျန်းကျန့်ဟုတ်ပါ့မလား။


သံသယများနှင့် ကျောက်ကျင်းကောမှာ ချန့်ပင်းနှင့်စကားစမြည်ပြောနေသည်။


သူက နှစ်ပေါင်းတစ်ရာကို ကျော်ပြီးရောက်လာခြင်းဖြစ်သည်။ယခင်က တိတ်တိတ်ဆိတ်ဆိတ်သာနေခဲ့သော်လည်း ကုန်လွန်ခဲ့သည့်နှစ်များအတွင်း မြေးခွေးအိုကြီးဖြစ်လာကာ ချန့်ပင်းပါးစပ်မှထွက်လာသည့် အကြောင်းအရာတော်တော်များများကို သဘောပေါက်လွယ်လေသည်။


ကျောက်ကျင်းကောက စကားသိပ်မပြောသော်လည်း စကားနည်းနည်းပြောရုံနှင့်လုပ်ငန်းကြီးထွားအောင်လုပ်၍ရမှန်း အထူးတပ်ထဲနေရသည့် ချန့်ပင်းတောင် ခံစားမိသည်။ချန့်ပင်းလည်း သက်ပြင်းအသာချပြီး သူတတ်နိုင်သရွေ့ပြောပြလာသည်။


အထူးတပ်ထဲက သတင်းအချက်အလက်များကလွဲပြီး သူ့အစ်ကိုကျန့်အကြောင်း မပြောပြနိုင်စရာအကြောင်းအရာမရှိချေ။


"ကျန်းကျန့်မှာမိသားစုရှိလားလို့ မေးလိုက်တာလား...မဟုတ်ဘူး သူက တစ်ခါမှမချစ်ဖူးဘူး...နောက်ဆုံးတစ်ကြိမ်က ကျွန်တော်သူ့ကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးပေမယ့် စဥ်းတောင်မစဥ်းစားပဲ ငြင်းပစ်လိုက်တာလေ...ဒါကြောင့် သူဘယ်လိုလူမျိုးကိုကြိုက်လဲတော့ မသိဘူး"ချန့်ပင်းက ဆိုလိုက်သည်။


"သူက မငယ်တော့ဘူးမို့လား...သူ့အသက်အရွယ်လောက်မှာဆို မချစ်ဖူးတဲ့လူတွေ သိပ်မရှိဘူးလားလို့"ကျောက်ကျင်းကောက ထပ်ပြောလိုက်သည်။


"ဟုတ်တယ်"ချန့်ပင်းက ခေါင်းညိမ့်ပြလိုက်သည်။"သူ့ကိုကြိုက်တဲ့ အရမ်းကောင်းတဲ့ကောင်မလေးတစ်ယောက်ရှိဖူးတယ်...ဒါပေမယ့် အဲ့ကောင်မလေး နှစ်တစ်ဝက်လောက် လာပြီးအီစီကလီလုပ်တာတောင် လှုပ်လှုပ်မရှိဘူး"


ချန့်ပင်းက ကျန်းကျန့်အချစ်ရေးရာဇဝင်ကို ပြောပြနေကာ ကျောက်ကျင်းကောက သေသေချာချာနားထောင်နေသည်။သို့သော်လည်း လင်းရွေ့ချန်က စိတ်ညစ်လာပြီဖြစ်သည်။


ဘော့စ်ကျောက်က သူတောင်တစ်ခါမှမချစ်ဖူးပဲနဲ့ ကျန်းကျန့်အချစ်ရေးကို သွားဝေဖန်နေတယ်။


ကျန်းကျန့်အကြောင်း မေးမြန်းပြီးသည်နှင့် ကျောက်ကျင်းကောက အလုပ်ကိစ္စအချို့လုပ်ရန် အနီးနားက ဟိုတယ်တစ်ခုသို့သွားလိုက်သည်။အလုပ်ကိစ္စပြီးသည်နှင့် ဆေးရုံသို့ပြန်လာလိုက်သည်။


ထိုလူက ပြင်းပြင်းထန်ထန်ထိခိုက်သွားပြီး သွေးများစွာဆုံးရှုံးထား၍ နှစ်ရက်ခန့်သတိမေ့နေသည်။ကံကောင်း၍ သူ့အခြေအနေက စိတ်ချရကာ အန္တရာယ်မရှိတော့ပေ။


ကျန်းကျန့်က သူ့တစ်ကိုယ်လုံး ပြုတ်ကျထားသလိုခံစားနေရသည်။


ဘာတွေဖြစ်နေတာလဲ...။ဒါဘယ်လိုဖြစ်ရတာလဲ...တစ်ယောက်ယောက် သူ့ကိုရိုက်လိုက်တာလား။


အဓိပ္ပါယ်မရှိတာ။ဤကမ္ဘာတွင် ကျောက်ကျင်းကောကလွဲပြီး သူ့ကိုရိုက်ရဲသည့်သူမရှိပေ။ကျောက်ကျင်းကောရော ဘယ်မှာလဲ။ထပ်ပြီး ရိုက်လာအုံးမှာလား။


စဥ်းစားခန်းဝင်နေရင်း ကျန်းကျန့်က မျက်လုံးဖွင့်လိုက်သည်။


သူ့ရှေ့က အဖြူရောင်လွင်ပြင်ကြီးကြောင့် အသိစိတ်တို့ဝေဝါးသွားရသည်။


ကျန်းကျန့်က လုံးလုံးသတိရလာသည့်အချိန်တွင် သူ့ကို ရိုးရိုးဆောင်တို့ပြောင်းထားပြီးဖြစ်သည်။ထို့ပြင် သူနေရသည့်အခန်းက သာမန်အခန်းမဟုတ်ပဲ ကျောက်ချီအန်းမှပေးထားသည့် တစ်ယောက်ခန်းဖြစ်သည်။အဖြူရောင်ဇိမ်ခံပစ္စည်းအပြည့်နှင့် ဟိုတယ်အလားပင်။


ကျန်းကျန့်မျက်လုံးဖွင့်လိုက်ချိန် အဖြူရောင်မျက်နှာကျက်ကြီးကို ပထမဆုံးတွေ့လိုက်ရသည်။


ဒါ သူ့အိမ်တော်မဟုတ်ဘူး...ဆေးရုံလား။


သူ့မှာ ကျန်းမာရေးပြဿနာတစ်ခုရှိလို့ ကျောက်ကျင်းကောက ဆေးရုံပို့လိုက်တာလား။


"အစ်ကိုကျန့်...နောက်ဆုံးတော့နိုးလာပြီ"ကျန်းကျန့်နိုးလာသည်ကိုသတိထားမိသွားဟန် သူ့ဘေးနားက ချန့်ပင်းက ခေါ်လာသည်။


ကျန်းကျန့်က မော့ကြည့်လိုက်ရာ သူ့ရှေ့ကလူကိုမသိ၍:"မင်းဘယ်သူလဲ...ကျောက်ကျင်းကော ဘယ်မှာလဲ"


သူက ဆေးရုံရောက်နေတာကို ကျောက်ကျင်းကောက ဘာလို့ရှိမနေရတာလဲ။ကျောက်ကျင်းကောမရှိရင်တောင် သူ့သားနဲ့မြေးတစ်ယောက်ယောက်တော့ ရှိရမှာလေ...။


"အစ်ကိုကျန့် ...အတိတ်မေ့သွားတာတော့ မဟုတ်ဘူးမို့လား"


ချန့်ပင်းက ကျန်းကျန့်ကို အံ့သြတကြီးကြည့်လိုက်မိသည်။သူ့အစ်ကိုကျန့်က သူ့ကိုမမှတ်မိပဲ ကျောက်ကျင်းကောဆိုသည့်သူ့ကို မေးနေသည်။အဲ့ဒီလူက ဘယ်သူလဲ။လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က သူတို့အတူတူသောက်ဖူးပေမယ့် ကျောက်ကျင်းကောဆိုတဲ့လူအကြောင်း ကျန်းကျန့်ပြောတာမကြားဖူးပါဘူး။ကျန်းကျန့်က သူ့ရှေ့ကလူကို အနည်းငယ်ရင်းနှီးနေဟန်ခံစားရသည်။ထို့နောက် သူက ခေါင်းလှည့်လိုက်ရာ ပတ်ဝန်းကျင်ကိုအမြန်သတိထားမိသွားသည်။


ဤနေရာက သူထောင်ထားသည့် တရုတ်တော်ဝင်ဆေးရုံကနှင့်မတူသည့် အဆင့်မြင့်နည်းပညာထုတ်ကုန်များရှိလေသည်။ထိုပစ္စည်းများက ပိုပြီးခေတ်သစ်ဆန်လေသည်။


ရှေးခေတ်အချိန်တွင် ဆယ်စုနှစ်များစွာနေပြီးနောက် ကျန်းကျန့်က ခေတ်သစ်ကမှတ်ဥာဏ်တော်တော်များများကို မေ့နေပြီဖြစ်သည်။နှစ်ပေါင်းခုနစ်ဆယ်ကျော်နေခဲ့ပြီးနောက် ခေတ်သစ်အချိန်သို့ပြန်ရောက်လာလေပြီ။


သူက ယခင်ခေတ်ကို ပြန်ရောက်သွားပြီမှန်းသိသွား၍ သူ့ရှေ့ကလူက....။


ကျန်းကျန့်က တစ်ခဏမျှစဥ်းစားလိုက်ပြီး စမ်းတဝါးဝါးနှင့် ခေါ်လိုက်သည်


"ချန့်ပင်းလား"


"အစ်ကိုကျန့်...အတိတ်မေ့တာမဟုတ်ဘူးပဲ"ကျန်းကျန့်စကားကိုကြားပြီးမှသာ ချန့်ပင်းက စိတ်သက်သာသွားရသည်။


"ဒဏ်ရာရသွားရုံပဲကို...ခေါင်းထိသွားတာမှမဟုတ်တာ ဘာလို့ မေ့သွားရမှာလဲ"ကျန်းကျန့်က ပြောလိုက်သည်။သူ့အခြေအနေကို နားလည်သွားပြီဖြစ်၍ သူ့စိတ်များ ရှုပ်ထွေးနောက်ကျိလာသည်။


သူပြန်လာရမယ်လို့ တစ်ခါမှမတွေးဖူးဘူး။


သူ့ကလေးများနှင့်ကျောက်ကျင်းကောက တခြားကမ္ဘာတွင်ဖြစ်၍ သူပြန်မလာချင်ပေ။


ကျန်းကျန့်က လက်ရှိအခြေအနေကိုနားလည်နိုင်ရန် အတိတ်ကမှတ်ဥာဏ်များကို ပြန်စဥ်းစားကြည့်သည်။သူကြိုးစားပြီးစဥ်းစားပါသော်ငြား ကျောက်ကျင်းကောအကြောင်းသာစဥ်းစားမိသည်။


သူသေသွားတာ ဖြစ်မယ် ....။


သူက လူအိုကြီးဖြစ်နေပြီဆိုတော့ သေသွားတာသာမန်ကိစ္စဆိုပေမယ့် ကျောက်ကျင်းကောကရော ဘာဖြစ်သွားတာလဲ။


ကျန်းကျန့်က စဥ်းစားရင်း နေမကောင်းဖြစ်ကာမူးနောက်လာသည်။စကားမပြောချင်တော့၍ မျက်လုံးများပိတ်ထားလိုက်သည်။


ကျန်းကျန့်ပုံစံကိုကြည့်ပြီး ချန်ပင်းက တိတ်တိတ်လေးထွက်သွားလေသည်။သူအပြင်ထွက်လိုက်သည်နှင့် ကျောက်ကျင်းကောကိုတွေ့လိုက်ရသည်။


လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျောက်ကျင်းကောက ဆေးရုံတွင် နေ့တိုင်းလေးငါးနာရီခန့်ရှိနေ၍ ချန့်ပင်းနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။သူက နှုတ်ဆက်လိုက်ရင်း:"မစ္စတာကျောက်...အစ်ကိုကျန့်...သူနိုးနေပြီ"


ကျောက်ကျင်းကောက တောင့်ခနဲဖြစ်သွားရင်း ပြုံးလိုက်ကာ:"တကယ်လား...ကောင်းတာပေါ့"


ကျောက်ကျင်းကောက ကျန်းကျန့်ကို အမှန်ပင်တွေ့ချင်မိသည်။ဤလူက သူနှင့်ဆယ်စုနှစ်များစွာအတူရှိခဲ့သည့်သူလားသိချင်မိသော်လည်း ရုတ်တရက် သူက ရှေ့ဆက်ရမည်ကိုလည်းကြောက်မိသည်။


သူက ခဏခဏ စိတ်ပျက်စေတဲ့သူ..။သူထပ်ပြီး စိတ်ပျက်အောင်လုပ်မိမှာလား။


ဤစိတ်နှင့် ကျောက်ကျင်းကောမှာ ရပ်မြဲသာနေသည်။


ကျောက်ကျင်းကောက တုပ်တုပ်မလှုပ်၍ ချန့်ပင်းက ဆက်ပြောလာသည်:


"အစ်ကိုကျန့်က ခဏလောက်နိုးလာပေမယ့် စစချင်းသူက နဲနဲမူးနောက်နောက်ဖြစ်နေသေးတယ်...ကျွန်တော့်ကိုတောင်မမှတ်လို့ ဘာမှမပြောဘူး...ကျွန်တော့်ကို ကျောက်ကျင်းကောဘယ်မှာလဲလို့တောင် မေးလိုက်သေးတယ်..."


"ကျောက်ကျင်းကော..."ကျောက်ကျင်းကောက ချန့်ပင်းကို ချက်ချင်းကြည့်လိုက်မိသည်။


"ဟုတ်တယ်...အဲ့ဒီနာမည်ပဲ....အစ်ကိုကျန့်အရင်တုန်းကပြောတာမကြားဖူးပါဘူး ပြီးတော့ ကျွန်တော်လည်း အဲ့ဒီလူကို မသိဖူးရယ်.."ချန်ပင်းက ဆိုလိုက်သည်။



ကျောက်ကျင်းကောက အလွန်အမင်းစိတ်လှုပ်ရှားလာသည်။


ဆေးရုံခန်းထဲကလူက တကယ်ပဲ ကျန်းကျန့်ဖြစ်နေတာလား။


ချန်ပင်းက ဆက်ပြောနေသော်လည်း ကျောက်ကျင်းကောမှာ နားထောင်ရန်အချိန်မရှိတော့ပေ။အသက်ပြင်းပြင်းရှူပြီး အခန်းတံခါးကိုတွန်းလိုက်သည်။


တံခါးဖွင့်သံကြောင့် ကျန်းကျန့်မျက်လုံးတို့ ပြန်ဖွင့်လာရသည်။


သူ့ကုတင်ဘေး သူစိမ်းတစ်ယောက်လာရပ်သည်ကိုတွေ့လိုက်ရ၍ မျက်တောင်ဖွဖွကြုတ်ပြီး တွေးမိသည်...ဘယ်သူလဲ ဒီလူက...။သူ့ရဲဘော်ရဲဘက်တွေထဲမှာလည်း ကြည့်ကောင်းတဲ့သူမျိုးမရှိပါဘူး။သူအရင်က ကယ်ခဲ့တဲ့တစ်ယောက်ယောက်လား။


သူ့မျက်လုံးများက သံသယအပြည့်ဖြစ်နေသော်လည်း ကျောက်ကျင်းကောက အသာခေါ်လိုက်သည်


:"ကျန်းကျန့်...."


"အင်း...."ကျန်းကျန့်က ပြန်ဖြေလာသည်။


ကျောက်ကျင်းကောက အသက်ပြင်းပြင်းရှူပြီးမေးလိုက်သည်:


"ခင်ဗျား ကျောက်မင်ကျူးကိုသိလား"


ကျန်းကျန့်မှာ ရုတ်တရက် မျက်လုံးအစုံပြူးကျယ်သွားရကာ:"ကျင်းကော..."


"ကျန်းကျန့်...."ကျောက်ကျင်းကောက ထပ်ခေါ်လိုက်သည်။


သူတို့၏ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားကြသော်လည်း အတိတ်တွင် ဆယ်စုနှစ်များစွာအတူရှိခဲ့ကြဖူး၍ စကားနှစ်ခွန်းနှင့်အတည်ပြုနိုင်သွားသည်။


အတည်ပြုပြီးနောက် ကျောက်ကျင်းကောမှာ ပျော်လွန်း၍ငိုချင်လာသည်။သို့သော်လည်း သူမငိုလိုက်ခင် ဆရာဝန်ရောက်လာပြီး:"လူနာရဲ့နှလုံးခုန်နှုန်းက မူမမှန်ဖြစ်နေတယ်"


ကျောက်ကျင်းကော ကျန်းကျန့်:"....."


ကျန်းကျန့်မှာ ကျောက်ကျင်းကောနှင့်စကားပြော၍မရတော့ပေ။


ဆရာဝန်က ကျန်းကျန့်ကို အောက်စီဂျင်မတ်စ်တပ်ပေးလိုက်ပြီး ခေါင်းအစခြေအဆုံးစစ်ဆေးပေးနေသည်။


သူ့နှလုံးခုန်နှုန်းက မြန်နေသော်လည်း ခန္ဓာကိုယ်က ဘာမှမဖြစ်၍ စစ်ဆေးပြီးနောက် ဆရာဝန်က ညွှန်ကြားချက်အနည်းငယ်ပေးကာထွက်သွားလေသည်။ဆရာဝန်က သံသယရှင်းသွား၍သာ ကျောက်ကျင်းကောမှာ စိတ်ဒုန်းဒုန်းချနိုင်သည်။


သူက ကျန်းကျန့်ကိုဖက်ချင်သော်လည်း ဒဏ်ရာများနှင့်ဖြစ်နေ၍ မလုပ်ရဲဖြစ်နေသည်။


ကျန်းကျန့်ဘာကြောင့်သူ့ဆီရောက်မလာရသနည်းဟု မေးချင်သော်လည်း ကျန်းကျန့်က နေမကောင်းသေး၍ သူမေး၍မရပေ။


ကျန်းကျန့်က ဒီရောက်နေပြီ...အခြားတစ်ယောက်လည်းမရှိဘူးဆိုမှတော့ တခြားအရာတွေက ဘာကိစ္စမှမဟုတ်တော့ဘူး။


ဤစိတ်နှင့် ကျောက်ကျင်းကောမှာ လက်ထောက်ကိုခေါ်လိုက်ပြီး luggage ပြင်ထားရန် လိုအပ်သည့်စီစဥ်စရာများလုပ်ထားရန်ပြောလိုက်သည်။သူက ကျန်းကျန့်ကိုဂရုစိုက်ရန် ဆေးရုံတွင်နေတော့မည်ဖြစ်သည်။


"ဆရာကျောက်"လင်းရွေ့ချန်မှာ နားကြားမှားသွားသလားဟုပင် ထင်မိသည်။ဘော့စ်ကျောက်က အခုလေးတင်ဘာပြောလိုက်တာ...။ကျန်းကျန့်ကို ကိုယ်တိုက်ဂရုစိုက်ပေးမယ်ဟုတ်လား။


သူ့ဘော့စ်က တစ်မိနစ်ကို ဒေါလာမီလီယမ်ဆယ်ချီဝင်နေသည့်သူ....အဲ့လိုလူက ဆေးရုံမှာ တခြားသူကိုဂရုစိုက်ပေးဖို့ ဘယ်လိုလုပ်အချိန်ရှိနိုင်မှာလဲ။သူရှာထားတဲ့ငွေတွေနဲ့ အကောင်းဆုံးသူနာပြုတွေ အယောက်တစ်ရာလောက်ငှားလို့ရနေတယ်လေ....။


"ဘာလို့မသွားသေးတာလဲ"ကျောက်ကျင်းကောက မေးလိုက်သည်။ယခုသူက ထိုလူမှာ ကျန်းကျန့်ဖြစ်ကြောင်းသိသွားသည်နှင့် ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပေးချင်မိသည်။ဒီခန္ဓာကိုယ်ကို သူတောင်မမြင်ရသေးတာ ဘာလို့ အခြားသူတွေကို မြင်ခွင့်ကိုင်ခွင့်ပေးထားရမှာလဲ။


လင်းရွေ့ချန်က ချက်ချင်းထွက်သွားလိုက်ပြီး ချန့်ပင်းက ကျန်းမာရေးပစ္စည်းအချို့နှင့်ဝင်လာသည်။


"ချန့်ပင်း....ခင်ဗျားဒီမှာနေစရာမလိုတော့ဘူး...ကျွန်တော် ကျန်းကျန့်ကို ဂရုစိုက်လိုက်မယ်"


ကျောက်ကျင်းကောက ပြုံးပြီး ချန့်ပင်းကိုကြည့်လိုက်သည်။ကျန်းကျန့်ကိုရှာတွေ့သွားပြီဖြစ်၍ ယခုအပြုံးက ပိုပြီးအသက်ဝင်နေသည်။


"မစ္စတာကျောက်....သူနာပြုလည်းကောင်းတယ်ဆိုပေမယ့်လေ ရင်းနှီးတဲ့သူရှိတာပိုကောင်းမယ်ထင်တယ်"ချန့်ပင်းက ဆိုလိုက်သည်။သူက ကျောက်ကျင်းကောမှာ ကျန်းကျန့်ကိုစောင့်ရှောက်ပေးမည်ဟုဆိုလိုက်ချိန် အထူးသူနာပြုငှားပေးမည်ဟု ထင်လိုက်ခြင်းပင်။



သူက အစ်ကိုကျန့်၏မိသားစုအခြေအနေကို နားလည်လေသည်။ချန့်ပင်းက သတိမထားတတ်၍ လူများကိုဂရုမစိုက်နိုင်၍ သူနာပြုငှားသည်ကပိုကောင်းပေမည်။သူနာပြုရှိလျှင်ပင် သူနေချင်သေးသည်။သူဘာမှမကူညီနိုင်လျှင်ပင် အစ်ကိုကျန့်နှင့်စကားပြော၍ရသေးသည်။