အပိုင်း ၂၄၆
Viewers 68k



Chapter 246

-သူစိမ်းတစ်ယောက် ခေတ်သစ်အချိန်ဆီ



ကျောက်ကျင်းကောက ကျန်းကျန့်သေပြီးနောက်တစ်ရက်တွင် သေသွားခဲ့သည်။


ကျန်းကျန့်က ရုတ်တရက်သေသွား၍ သူတစ်ရက်လုံး အံ့အားသင့်စွာထိုင်နေမိပြီး အသက်ထွက်သွားခြင်းဖြစ်သည်။


ကျောက်ကျင်းကောက သူသေသွားပြီမှန်း ကောင်းကောင်းသိသော်လည်း အံ့သြဖွယ်ကောင်းစွာ သူပြန်ရှင်လာပြီဖြစ်သည်။


သူက ကမ္ဘာသစ်ဆီသို့ ကျောက်ချီအန်းအမည်ရှိသည့်အမျိုးသားတစ်ယောက်အနေနှင့် ဝင်စားခြင်းဖြစ်သည်။


ဤနေရာရှိသိပ္ပံနှင့်နည်းပညာက အလွန်တိုးတက်လေသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံသာ နောက်ထပ်ရာစုနှစ်အနည်းငယ်သာနေပါက ဤသို့ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။သို့သော်လည်း ဤကမ္ဘာတွင် ကျောက်ကျင်းကောအအံ့သြသွားရဆုံးက ကောမရှိပဲ ယောကျ်ားမိန်းမများသာရှိနေ၍ပင်။


ထို့ပြင် ယခုသူကလည်း ယောကျ်ားစစ်စစ်တစ်ယောက်ဖြစ်နေသည်။


လွန်ခဲ့သောကာလများစွာက သူ့အစ်ကိုသေသွားပြီးနောက် ကျောက်ကျင်းကောက ယောကျ်ားတစ်ယောက်ဖြစ်ရန် ဆုတောင်းခဲ့သော်လည်း ကျန်းကျန့်နှင့်တွေ့ပြီးချိန် ထိုအတွေးတို့ပျောက်သွားလေသည်။အမှန်တွင်ဖြင့် သူက ဘယ်တော့မှ ယောကျ်ားတစ်ယောက်ပြန်မဖြစ်ချင်ပေ။


ယခုအချိန် သူက ယောကျ်ားစစ်စစ်တစ်ယောက်ဖြစ်လာသော်လည်း ကျန်းကျန့်ရှိနေသည့်နေရာကို မသိရသေးချေ။


ကျန်းကျန့်သာ ဒီနေရာမှာမရှိရင် သူဘယ်လိုလုပ်ရမလဲ။


ကျန်းကျန့်နှင့်အတူနေလာသည့်အတွက် ကျောက်ကျင်းကောက တော်တော်များများသင်ယူတတ်မြောက်ထားလေသည်။သူတစ်ယောက်တည်းနေရန်က ပြဿနာမရှိသော်ငြား ကျန်းကျန့်မရှိသည့်ဘဝက အဓိပ္ပါယ်မရှိသလိုပင်။


ဘာလို့ သူကပြန်ပြီးဝင်စားလာခဲ့ရတာလဲ။


သို့သော်လည်း စစချင်းလအနည်းငယ်တွင် ကျောက်ကျင်းကောက ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ရသည်။ထိုအချိန် သူက မွေးကာစဖြစ်၍ စားလိုက်အိပ်လိုက်သာနေသည်။


ကလေးသုံးယောက်နှင့်မြေးတစ်ယောက်ကို ပျိုးထောင်ပေးခဲ့ရ၍ ကျောက်ကျင်းကောက ကလေးတစ်ယောက်အနေနှင့်သရုပ်ဆောင်တတ်ပြီး လအနည်းငယ်ကြာသည်နှင့် အခြားအရာများကို နားလည်သွားလေသည်။


သူဘာကြောင့်ပြန်ဝင်စားခဲ့မှန်းမသိသော်ငြား ဖြစ်သွားပြီးပြီဖြစ်၍ ကျန်းကျန့်လည်း ပြန်ဝင်စားသွားလောက်သည်။


ဒါကြောင့် သူကောင်းကောင်းမွန်မွန်ရှင်သန်နေပြီး ကျန်းကျန့်ကိုရှာရမယ်။


သူ ကျန်းကျန့်ကို မရှာနိုင်ရင်တောင် ဒီဘဝကမိဘတွေကို ဂရုစိုက်ပေးရမယ်။


ဒါပေမယ့် ကျန်းကျန့်သာမရှိဘူးဆိုရင် ဒီဘဝမှာ သူလက်ထပ်တော့မှာမဟုတ်ဘူး။


ဤသည်က ကျောက်ကျင်းကော၏ အစပိုင်းတွေးထားသည်များဖြစ်ပြီး နောက်ပိုင်း၌ ကျန်းကျန့်ကိုရှာတွေ့လျှင်ပင် လက်ထပ်၍မရနိုင်ကြောင်း သိသွားရသည်။


သူက ယောကျ်ားချင်းလက်ထပ်၍မရသည့် နိုင်ငံတွင်ရောက်နေခြင်းဖြစ်သည်။


ထိုအကြောင်းသိပြီး ကျောက်ကျင်းကောမှာ စိတ်ညစ်သွားရသော်လည်း သိပ်မကြာလိုက်ပေ။သူက ကျန်းကျန့်ကို ရှာမတွေ့သေး၍ ထိုကိစ္စက အရေးမကြီးပေ။


အတိတ်ဘဝမှတ်ဥာဏ်များနှင့် တိုင်းပြည်အုပ်ချုပ်နေစဥ်အတွင်း ကျန်းကျန့်ထံမှသင်ခဲ့ရသည့်အတွက်ကြောင့် ကျောက်ကျင်းကောမှာ ကလေးဘဝကတည်းက ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာသည်။


သူ၏မိဘများမှာ မူလက အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကြသော်လည်း သူ၏ဦးဆောင်ညွှန်ပြမှုကြောင့် စီးပွားတက်လာပြီး လုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။


နောက်ပိုင်း ကျောက်ကျင်းကောက အင်တာနက်ဆိုသည့်အရာကို တွေ့ရှိသွားသည်။


အတိတ်ဘဝတွင် သူတို့အသက်ကြီးလာသည့်အချိန် ကျန်းကျန့်က အနာဂတ်အကြောင်းပြောပြခဲ့သည်။ထိုအချိန်က ကျန်းကျန့်မှာ အနာဂတ်တွင် တစ်ကမ္ဘာလုံးဆက်သွယ်ပေးမည့် ကွန်ရက်တစ်ခုရှိလာမည်ဖြစ်ကြောင်း ပြောခဲ့ကာ လူတိုင်းကလည်း အွန်လိုင်းပေါ်ကနေ ပစ္စည်းများဝယ်နိုင်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။


ထိုအချိန်က လူတိုင်းမှာ ကျန်းကျန့်က အဓိပ္ပါယ်မရှိပြောနေသည်ဟုထင်ကြသော်လည်း သူက ကျန်းကျန့်ကိုယုံခဲ့သည်။


ဆိုရလျှင် ကျန်းကျန့်က လျှောက်ပြောနေလျှင်ပင် ကျန်းကျန့်ပြောသည်ဖြစ်နေသရွေ့ သူ့စိတ်ထဲသိမ်းထားမည်ဖြစ်သည်။


ဒီကွန်ရက်က အနာဂတ်မှာ သေချာပေါက် တိုးတက်လာလိမ့်မယ်။


ကျောက်ကျင်းကောက ကျန်းကျန့်စကားများကို အမြဲတမ်းယုံခဲ့၍ ထိုအခွင့်အလမ်းကို သဘောပေါက်လေသည်။တိုက်ဆိုင်စွာနှင့် သူ့မိဘများကလည်း မြို့ကြီးတစ်ခုတွင် စူပါမားကတ်တစ်ခုဖွင့်ထားလေသည်။


ကျောက်ကျင်းကော ဆယ့်ခြောက်နှစ်အရွယ်တွင် ပစ္စည်းများကိုလိုင်းပေါ်တင်ရောင်းရန်အတွက် သူတို့မိသားစုစူပါမားကတ်နာမည်နှင့်ဝက်ဆိုက်တစ်ခုလုပ်ရန် မိဘများကို စည်းရုံးခဲ့သည်။


သူတို့၏စူပါမားကတ်အွန်လိုင်းကနေ တစ်မြို့တည်းနေသူက ပစ္စည်းမှာလာလျှင် စာရေးတစ်ယောက်ကို အိမ်ထိပစ္စည်းပို့ခိုင်းပြီး ပိုက်ဆံကောက်ခိုင်းမည်ဖြစ်သည်။


စစချင်းတွင် လူတိုင်းက သူရူးနေသည်ဟုသာထင်ကြသည်။စူပါမားကတ်က နေရာတိုင်းတွင်ရှိသော်ငြား ကွန်ပျူတာပိုင်သည့်သူက လူအနည်းစုသာ။သင်သာတစ်ခုခုဝယ်ချင်လျှင် စူပါမားကတ်သာသွားလိုက်မည်ဖြစ်သည်။မည်သူက ပစ္စည်းဝယ်ရန် ကွန်ပျူတာသုံးနေမည်နည်း။


သို့သော်လည်း ကျောက်ကျင်းကော၏ဆုံးဖြတ်ချက်မှန်ကြောင်း သက်သေပြသွားလေသည်။


စစချင်းတွင် လူအနည်းငယ်လောက်သာ လိုင်းပေါ်မှဝယ်ကြသော်လည်း ယခုတွင် လူတော်တော်များများ ကွန်ပျူတာရှိလာပြီဖြစ်ကာ ပစ္စည်းဝယ်ရန်လည်း ကွန်ပျူတာကိုသာသုံးကြသည်။သူတို့မြို့က အချမ်းသာဆုံးစီးပွားရေးအုပ်စုကြီးဖြစ်လာသည်။


ဤသည်က အစကောင်းဖြစ်ကာ ကျောက်ကျင်းကောက ကျန်းကျန့်ပြောသည့် အွန်လိုင်းငွေပေးချေမှုအကြောင်း စဥ်းစားမိလိုက်သည်။


ကျန်းကျန့်က အနာဂတ်ကလူများမှာ အပြင်သွားလျှင် ပိုက်ဆံကိုင်သွားစရာမလိုပဲ မိုဘိုင်းဖုန်းတစ်လုံးသာလိုသည်ဟု ပြောဖူးလေသည်။


ကျောက်ကျင်းကောက အွန်လိုင်းငွေပေးချေမှုအကြောင်း ရုတ်တရက်စိတ်ကူးရသွားသည်။


ကျန်းကျန့်သာ သူ့ဘေးနားမှာရှိလျှင် ကျောက်ကျင်းကောက စိတ်လိုက်မာန်ပါနှင့် ထိုစွန့်စားလွန်းရာကျသည့်ဆုံးဖြတ်ချက်မျိုးလုပ်မည်မဟုတ်သော်လည်း ကျန်းကျန့်က သူ့ဘေးနားတွင်မရှိ.....။


သူတကယ်ပင် ကျန်းကျန့်ကို ရှာချင်မိသည်။


ကျောက်ကျင်းကောက သူသာ အခြေအနေမြင့်မြင့်ရှိနေမှ ကျန်းကျန့်သူ့ကိုမြင်နိုင်မည်ဟု ခံစားမိသည်။

သေချာပေါက် အမြင့်တွင်ရပ်နိုင်ရန်က ပိုက်ဆံအရင်ဆုံးရှာရမည်ပင်။


ကျောက်ကျင်းကောက နိုင်ငံခြားသွားပြီးပြန်လာသည့်အချိန်တွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်လိုက်သည်။


အင်တာနက်က လျင်မြန်စွာတိုးတက်နေ၍ ကျောက်ကျင်းကောပထမဆုံးအွန်လိုင်းပေါ်ကရောင်းသည့် ၂၀၀၀ခုနှစ်အစောပိုင်းကာလတွင် လူအနည်းငယ်သာဝယ်ကြသော်လည်း ယခုဆယ်နှစ်ကြာသွားပြီးနောက် ဤဝက်ဆိုက်ကိုအမှီပြုပြီး သူက နိုင်ငံ၏ဘီလီယံနာတစ်ယောက်ဖြစ်လာသည်။


ဤအရာက ကျောက်ကျင်းကောပင် မျှော်လင့်မထားသည့်အရာဖြစ်သည်။


သူက ဤပြောင်းလဲမှုအသစ်နှင့်လည်း အသားကျမြန်သည်ပင်။သူက ဆယ်စုနှစ်များစွာ ဧကရာဇ်လုပ်ဖူး၍ လူချမ်းသာတစ်ယောက်ဖြစ်လာခြင်းက ထူးခြားသွားသည်မဟုတ်ပေ။


ကျောက်ကျင်းကောမှာ ကျန်းကျန့်ကိုရှာမတွေ့သေး၍ ချမ်းသာလာသော်ငြား မကျေနပ်နိုင်သေးပေ။


သူက အွန်လိုင်းပေါ်တွင် သတင်းအချက်အလက်များစွာ ချန်ထားခဲ့သည်။ထို့ပြင် ကိစ္စတော်တော်များများဆောင်ရွက်ပေးသည့် ကျင်းကျန့်ကိုယ်ရံတော်သံလိုက်ဟူသည့် လက်အောက်ခံကုမ္ပဏီတစ်ခုထားရှိပြီး ကျန်းကျန့်နှင့်အတူအလုပ်လုပ်ခဲ့သည့်အရာများအကြောင်းပြောပြကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုနောက်ခံထားပြီး ဂိမ်းတစ်ခုထွင်ရန်ပင် အကြံပေးလေသည်။


စစ်ဆေးစရာမလိုပဲ ဤနေရာကလူများလည်းလက်ခံနိုင်စေရန် ကောများအားလုံးကို အမျိုးသမီးအဖြစ်ပြောင်းရန်လိုသည်။သူက အံတင်းတင်းကြိတ်ပြီးလုပ်ခဲ့ရာ သူသတိရနေသည့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအတိုင်း ရှိနေသည်။သူနေခဲ့ဖူးသည့်ကမ္ဘာနှင့်တစ်ထပ်တည်းတူသည့် ဟယ်ချောင်စီရင်စုနှင့်ဟယ်ရှီရွာလည်း ရှိနေသည်။ကျန်းကျန့်၊ကျောက်ကျင်းကော၊ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၊ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုလည်းရှိနေသည်။


သူ အရာများစွာလုပ်ခဲ့သော်လည်း ကံမကောင်းစွာနှင့် ကျန်းကျန့်ကို ရှာမတွေ့သေးပေ။


ကျန်းကျန့်က သူချန်ထားခဲ့တဲ့မက်ဆေ့တွေကို မမြင်လို့လား။ဒါမှမဟုတ် အစကတည်းက ကျန်းကျန့်က ဒီကမ္ဘာမှာမွေးဖွားမလာဘူးပေါ့။


တွေးရင်းတွေးရင်း ကျောက်ကျင်းကောမှာ ရင်နာလာပြီး မျက်နှာမဲ့လာသည်။


"ဆရာကျောက်...အဆင်ပြေရဲ့လား"ကျောက်ကျင်းကော၏လက်ထောက် လင်းရွေ့ချန်က သူဌေးဖြစ်သူကို စိုးရိမ်တကြီးကြည့်လာသည်။


"အဆင်ပြေပါတယ်...မောင်းပါ"ကျောက်ကျင်းကောက ပြန်ဖြေလိုက်သည်။သူက အခုလေးတင် လုပ်ငန်းကိစ္စဆွေးနွေးလာသည်ဖြစ်၍ အိမ်ပြန်နေခြင်းဖြစ်သည်။


သူ့မိသားစု၏အိမ်က ကုမ္ပဏီနှင့်အနည်းငယ်လှမ်း၍ လမ်းတွင် ကျောက်ကျင်းကောက ဆဲလ်ဖုန်းထုတ်ပြီးသတင်းကြည့်နေလိုက်သည်။


သူက အနုပညာရှင်တစ်ယောက်မဟုတ်သော်လည်း အဆင့်အတန်းမြင့်သည့်သူဖြစ်၍ စိန်အမျိုးသားဟု အင်တာနက်တွင်နာမည်ကြီးလေသည်။ထို့ကြောင့် သူ့အကြောင်းသတင်းများစွာရှိလေသည်။


 သို့သော်လည်း သူက ထိုလင့်များကိုကြည့်ပြီး အမှတ်တမဲ့နဲ့ "ကျန်းကျန့်"ဆိုပြီး ရိုက်ရှာလိုက်သည်။


ကျန်းကျန့်နာမည်နှင့် နာမည်ကြီးပညာရှင်တစ်ယောက်ရှိနေသည်။သူနှင့်ဆက်စပ်သည်များကိုရှာကြည့်ရာ သူတို့ယခုစမ်းထားသည့်ဂိမ်းဇာတ်ကောင်အကြောင်း တွေ့လိုက်ရသည်။


အသက်ပြင်းပြင်းရှူပြီး ကျောက်ကျင်းကောက အခြားသတင်းများပါဖတ်ရန်ဆုံးဖြတ်လိုက်သည်။


ရုတ်တရက် သတင်းအသစ်တစ်ခုတက်လာသည်။ဤမနက်တွင်ပင် လူမိုက်အုပ်စုတစ်စုက လမ်းပေါ်ကလူများကို ရုတ်တရက်တိုက်ခိုက်ခဲ့ကြောင်း။လူများပြေးကြလွှားကြ ထိတ်လန့်နေကြစဥ် လူငယ်လေးတစ်ယောက်က လူမိုက်ခုနစ်ယောက်ရှစ်ယောက်နှင့်ချပြီး အပစ်ခံလိုက်ရကြောင်း။


လူမိုက်တစ်ယောက်က လက်ထဲကလေးခေါ်ထား၍ လူငယ်လေးမှာ ကလေးကိုကယ်ရန်အပစ်ခံလိုက်ရကြောင်း။နောက်ပိုင်းတွင် ထိုလူမိုက်များက ဒူးလေးတစ်ခုထုတ်လာ၍ဖြစ်သည်။


ယခုအခါ သတင်းများက အချိန်နှင့်တပြေးညီဖြစ်နေ၍ ရဲများက လူမိုက်များကို ဖမ်းဆီးလိုက်နိုင်သည်။ကလေးငယ်နှင့်အခြားသူများကို ကယ်ခဲ့သည့်လူငယ်လေးက ဒဏ်ရာပြင်းထန်၍ သေလားရှင်လား မသေချာသေးပေ။


သတင်းတွင် ပုံအနည်းငယ်သာပါ၍ ကျောက်ကျင်းကောက ဝင်ကြည့်လိုက်ပြီးနောက် ဆက်မကြည့်တော့ပဲ မျက်လုံးပိတ်ကာတရေးအိပ်လိုက်သည်။


မကြာမီ ကျောက်ကျင်းကောက အိမ်ပြန်ရောက်သွားလေပြီ။


သူက မိသားစုကိုအလေးထားသူဖြစ်၍ အောင်မြင်ပြီးနောက်တွင်ပင် မိဘနှင်အတူနေလေသည်။အရှေ့တံခါးကိုဖွင့်လိုက်စဥ် သူ့မိဘများနှင့်ညီမဖြစ်သူက ညစာအတူတူစားရန်စောင့်နေကြောင်း တွေ့လိုက်ရသည်။


ကျောက်ကျင်းကောက အသက်ဆယ့်နှစ် ဆယ့်သုံးအရွယ်လောက်တွင် သူက လိင်တူချင်းသဘောကျသူဖြစ်ကြောင်း သူ့မိဘများကိုပြောပြခဲ့သည်။


ထိုခေတ်က လူမှုပတ်ဝန်းကျင်တွင် လိင်တူချင်းသဘောကျသည်ဆိုသည်ကိုပင် မသိသည့်သူများရှိလေသည်။ထို့ကြောင့် သူက အနာဂတ်တွင် ယောကျ်ားလေးတစ်ယောက်နှင့်လက်တွဲသွားလိုကြောင်း သူ့မိဘများကို မည်သို့ပြောရမှန်းမသိချေ။


ထို့အချိန် သူက လိင်ပြောင်းလူများအပေါ်ထင်မြင်ချက်ဆိုသည့် ဆောင်းပါးတစ်ခုကိုဖတ်လိုက်ရပြီးနောက် သူက သူ့ကိုယ်သူ အမျိုးသမီးတစ်ယောက်အဖြစ်ခံယူထားကြောင်း သူ့မိဘများကိုပြောပြခဲ့သည်။


သူ့မိဘများက အံ့အားသင့်သွားရကာ အမြဲတစေဂုဏ်ယူရသည့်သားဖြစ်သူက ထိုအတွေးမျိုးရှိနေသည်ကို မယုံနိုင်ဖြစ်သွားရသည်။သို့သော်လည်း သူတို့၏ကလေးက လိမ္မာပြီးငယ်လည်းငယ်သေး၍ ကလေးကို ကောင်းကောင်းပြုပြင်ပေးမည်ဟုသာ တွေးလိုက်ကြသည်။


သို့သော်ငြား ကျောက်ကျင်းကောက ရက်ပေါင်းများစွာမစားမသောက်ပဲ သနားစဖွယ်လုပ်ပြကာ ဤကိစ္စအပေါ်အလေးအနက်ထားကြောင်း ပြလေသည်။


သူတို့သားက မစားမသောက်ပဲလှဲနေတာ သူတို့ဘာလုပ်နိုင်တော့မှာလဲ။


ကလေးချစ်သည့်မိဘများက အမြဲတမ်း ကလေးသဘောကျလုပ်ပေးသည်ပင်။ကျောက်အဖေနှင့်အမေကလည်း သားဖြစ်သူကို ချစ်သည့်အတွက်ကြောင့် အနာဂတ်တွင် လိင်ပြောင်းခွဲစိတ်မှုလုပ်ရန်အတွက် ပိုက်ဆံပိုရှာရမည့် ဤကိစ္စကိုလက်ခံပေးလိုက်ရသည်။


ထို့နောက်ပိုင်းတွင် ကျောက်စုံတွဲက ကျောက်ရှီးနန်ဆိုသည့်သမီးတစ်ယောက် ထပ်မွေးလေသည်။


ကျောက်ကျင်းကော၏ရိုက်ချက်ပြင်းပြင်းကြောင့် ကျောက်အဖေနှင့်အမေတို့မှာ စိုးရိမ်နေကြရသည်။တစ်နေ့ သားဖြစ်သူက လိင်ပြောင်းခွဲစိတ်မှုခံယူချင်လာမည်စိုး၍ပင်။သို့သော်လည်း ကျောက်ကျင်

းကောတွင် ဤရည်ရွယ်ချက်မရှိပါချေ။သူ၏လုပ်ပုံက်ိုင်ပုံတို့ကလည်း အလွန်ယောကျ်ားဆန်လေသည်။အနည်းဆုံး သူက စကပ်ရှည်များနှင့် အလှကုန်ပစ္စည်းများကို စိတ်မဝင်စားပေ။


ထို့ကြောင့် ကျောက်စုံတွဲက သူတို့သားမှာ ငယ်သေး၍လျှောက်ပြောခြင်းဖြစ်မည်ဟု တွေးလာကြသော်ငြား ကျောက်ကျင်းကောက ပြန်ပြင်ပြောလိုက်ရသည်။သူက သူ့ကိုယ်သူအမျိုးသမီးအနေနှင့်တွေးထားသည်က မှားပြောသည်ဖြစ်ကာ အခြားယောကျ်ားလေးများကိုသဘောကျသည့် လိင်တူကြိုက်နှစ်သက်သူဖြစ်သည်က အမှန်ဖြစ်ကြောင်းပြောလိုက်ရသည်။


ယခင်ကကြုံခဲ့ရသည်နှင့်စာသော် ကျောက်မိဘများက ဤကိစ္စကိုဖြင့် ချက်ချင်းလက်ခံနိုင်ကြလေသည်။သူတို့သားက ယောကျ်ားလေးတွေကိုကြိုက်ရုံပဲဆိုတော့ လိင်ပြောင်းချင်တာထက်တော့ ပိုကောင်းတာပေါ့။


နောက်ပိုင်း ကျောက်ကျင်းကောက ပိုပြီးအင်အားကြီးလာချိန် ကျောက်အဖေနှင့်အမေက သားဖြစ်သူ၏အချစ်ရေးကို ဝင်ရောက်မစွပ်ဖက်တော့ချေ။သို့သော်ငြား အကြောင်းတစ်ခုကိုဖြင့် ပြောနေကြသေးသည်။


သူတို့သားက သုံးဆယ်နားနီးနေပေမယ့် ပါတနာမရှိသေးဘူး။


ပါတနာထားလို့ အရင်က တစ်ယောက်ယောက်ကိုတောင် မကြိုက်ဖူးသေးဘူး။ကျောက်အဖေနှင့်အမေတို့က သားဖြစ်သူမှာ ဂေးတစ်ယောက်မဟုတ်ပဲ လိင်စိတ်ကင်းမဲ့သူဖြစ်မည်ဟု ထင်လာကြသည်။သူတို့၏သမီးက ကြီးပြင်းလာပြီဖြစ်၍ သူမထံမှ အကြောင်းအရာတော်တော်များများကို သိထားလေသည်။


"ကိုကို ပြန်လာပြီ"ကျောက်ကျင်းကောကိုတွေ့လိုက်၍ ကျောက်ရှီးနန်မှာ ချက်ချင်းခုန်ချလိုက်သည်။


ကျောက်ရှီးနန်မှာ ယခုနှစ်တွင် အသက်ဆယ့်ခြောက်နှစ်နှင့်အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ကာ သူမအလေးစားဆုံးသူက အစ်ကိုဖြစ်သူ ကျောက်ချီအန်းပင်။


"အင်း...အင်း"ကျောက်ကျင်းကောက သူမကိုပြုံးပြလိုက်သည်။သူက ညီမဖြစ်သူကိုလည်း အလွန်ချစ်လေသည်။ညီမတစ်ယောက်ထက် သူမက သမီးတစ်ယောက်... မဟုတ်မြေးမလေးတစ်ယောက်နှင့်ပိုတူသည်။


"ကိုကို....ဒီနေ့ ညီမလေးတို့က ကိုကိုအကြိုက်ဆုံးဟင်းတွေပြင်ထားတာလေ...လာ စားရအောင်"ကျောက်ရှီးနန်က ဆိုလာသည်။သူမက ဆာလှပြီဖြစ်၍ အစ်ကိုဖြစ်သူကို နှုတ်ဆက်ပြီးသည်နှင့် အမြန်ထိုင်စားတော့သည်။


ကျောက်ကျင်းကောက ပြုံးလိုက်ပြီး ဝင်ထိုင်လိုက်သည်။သူရှေ့ရှိ စားပွဲထက်မှဟင်းပွဲအားလုံးက ကျန်းကျန့်အကြိုက်များဖြစ်သည်။


ကျောက်မိသားစုက ထမင်းစားရင်းစကားပြောတတ်ကြ၍ ကျောက်ကျင်းကောက စောစောက တွေ့ခဲ့သည့် လူများကိုရန်ရှာခဲ့သည့် ပြဿနာကောင်များသတင်းကို ပြောပြနေသည်။


"အမေ ...အဖေ....ရှီးနန် ဂရုစိုက်ပြီးနေကြနော်...နောက်အပြင်သွားရင်လည်း ဘော်ဒီဂတ်ခေါ်သွားရမယ်...ဒါမှမတော်တဆမဖြစ်မှာ"


"ကိုကို...ညီမလေးခေါ်သွားမှာပါ"ကျောက်ရှီးနန်က ခေါင်းညိမ့်ပြလာကာ ထပ်ပြောလာသည်:"အဲ့လူမိုက်တွေက တကယ်မတည့်စရာကောင်းတယ်...ကံကောင်းလို့ မှန်ကန်ဖြောင့်မတ်တဲ့သူတစ်ယောက်နဲ့တွေ့သွားလို့သာ....စစ်မှုထမ်းဟောင်းတစ်ယောက်ဆိုတော့ အဲ့လူရဲ့အရည်အချင်းတွေကလည်း အရမ်းကောင်းတာနေမှာ ...သူအဆင်ပြေပါစေလို့ မျှော်လင့်ရတာပဲ"


ကျောက်ကျင်းကောက သူလည်း ထိုအပြုအမူကို လေးစားမိကြောင်း ခေါင်းညိမ့်ပြလာသည်။


ထိုအကြောင်း ပြောဆိုကြပြီးနောက် ကျောက်ကျင်းကောက အာရုံမထားတော့ပဲ ညနေခင်းတွင် "ကျောက်ကျင်းကော"နာမည်နှင့်ဝေ့ပေါ်တွင် ပုံမှန်အတိုင်းပိုစ့်တင်နေသည်။


သူ၏လက်ရှိနာမည်က ကျောက်ချီအန်းဖြစ်၍ ကျောက်ကျင်းကောနာမည်ကို သုံး၍မရတော့သော်လည်း အင်တာနက်တွင်ဖြင့် ကျောက်ကျင်းကောအမည်သာသုံးလေသည်။


ဝေ့ပေါ်တွင်လည်း ကျန်းကျန့်သူ့ကိုရှာရလွယ်စေရန်အတွက်ဖြစ်သည်။ဤနာမည်နှင့် နောက်ထပ်အကောင့်တစ်ခုလည်းရှိလေသည်။ဤအကောင့်တွင် ဖန်အနည်းငယ်သာရှိ၍ မကြာခဏပိုစ့်တင်လေသည်။


"ကျန်းကျန့်...ကျွန်တော် ခင်ဗျားကိုအရမ်းလွမ်းတယ်...မင်ကျူးနဲ့ချန်ယုကိုလည်း လွမ်းတယ်"


ကျောက်ကျင်းကောက သူ့ကိုတစ်ယောက်ယောက်ဆက်သွယ်လာမည်ကို အမြဲတမ်းစောင့်နေခဲ့သော်လည်း တစ်ခါမှဆက်သွယ်လာခြင်းမရှိချေ။


သူက သက်ပြင်းချရင်း ခေတ်စားနေသည့်ဝေ့ပေါ်ကအရာများကို ကြည့်နေစဥ် အသက်ပေါင်းများစွာကိုကယ်နေသည့် လူစွမ်းကောင်းလေးတစ်ယောက်၏ဗီဒီယိုပြန်တင်ထားသည်ကို တွေ့လိုက်ရသည်။ဗီဒီယိုက အနီးအနားရှိကားတစ်စီး၏မှတ်တမ်းမှ ရိုက်ကူးထားခြင်းဖြစ်သည်။


ကျောက်ကျင်းကောက ထိုဗီဒီယိုကို နှိပ်လိုက်သည်။


ဗီဒီယိုကဝါးနေ၍ မျက်နှာကိုသေချာမမြင်ရသော်လည်း တိုက်ခိုက်သည့်ပုံစံကိုဖြင့် အမိဖမ်းနိုင်လိုက်သည်။


တခြားမဟုတ်ပေမယ့်...


ထိုလူ၏လှုပ်ရှားပုံများက ကြည့်ရရင်းနှီးနေသည်။


ကျောက်ကျင်းကောက နှစ်ခါမစဥ်းစားပဲ လက်ထောက်ကိုခေါ်လိုက်သည်


:"လင်းရွေ့ချန်...ကိုယ့်ကိုကူပြီး ဒီလူ့က်ို စစ်ဆေးကြည့်ပေးပါ"


ထိုလူ၏တိုက်ခိုက်ပုံက ကျန်းကျန့်နှင့်အတော်ဆင်သည်။ကျောက်ကျင်းကောက စစ်ဆေးကြည့်၍ဘာမှရမလာနိုင်မှန်းသိသော်လည်း လင်းရွေ့ချန်ကို စစ်ဆေးခိုင်းလိုက်မိသည်။


သတင်းအချက်အလက်က မနက်တစ်နာရီခွဲတွင် ရှာမတွေ့နိုင်သော်လည်း ကျောက်ကျင်းကောမှာ အိပ်မပျော်နိုင်တော့။


ကျန်းကျန့် ဘယ်မှာလဲ။


ဟိုလှိမ့်သည်လှိမ့်လုပ်ရင်း အိပ်၍လည်းမပျော်၍ ကျောက်ကျင်းကောက အင်တာနက်ပေါ်သွားပြီး ထိုသတင်းကိုပြန်ကြည့်လိုက်သည်။


သူတကယ်ပင် နားမလည်နိုင်ပေ။ထိုလူက ကျန်းကျန့်ဆိုပါက ဘယ်လိုများ သူ့ကိုလာမတွေ့ရတာလဲ။


ဖုန်းချလိုက်ရင်း ကျောက်ကျင်းကောက အိပ်ရာဝင်လိုက်သည်။


သူ၏တောင်းဆိုမှုက ရူးမိုက်မှန်းသိသော်ငြား ကျောက်ကျင်းကောက နောက်တစ်နေ့ကုမ္ပဏီတွင် လင်းရွေချန်ကိုတွေ့သည်နှင့် ချက်ချင်းမေးလိုက်သည်:


"လင်းရွေ့ချန်...မနေ့ညက စစ်ဆေးပေးဖို့ပြောခဲ့တဲ့ဟာကလေ တစ်ခုခုတွေ့မိလား"


"ဆရာကျောက်....ကျွန်တော် ရှာပြီးပါပြီ"လင်းရွေ့ချန်က ပြ

န်ဖြေလိုက်ရင်း:"အဲ့ဒီလူက အထူးတပ်ထဲမှာ နေခဲ့တာမို့လို့ ကိုယ်ရေးအချက်အလက်တွေက ရှာလို့မရပါဘူး....ဒါကြောင့် သူ့နာမည် ကျန်းကျန့်ဆိုတာပဲ သိခဲ့ရတယ်"


ကျောက်ကျင်းကောမှာ မျက်လုံးအပြူးသားနှင့် တစ်ကိုယ်လုံးတုန်ခါသွားရလေသည်။