အပိုင်း ၂၄၃
Viewers 68k



Chapter 243

-အကြီးဆုံးကျန်းအကြောင်း အချပ်ပို-3



ကျောက်ယီဟွေ့နှင့်ကျန်းနနတို့၏ကလေးက autism ခံစားနေရကြောင်း လူတိုင်းသိကြသည်။


သို့သော်လည်း ကျောက်ယီဟွေ့နှင့်ကျန်းနနတို့၏အဆင့်အတန်းကြောင့် သိရုံသိကာမပြောရဲကြ။စာနာကြသူများရှိသလို အန္တရာယ်ပေးချင်ကြသူများလည်းရှိသည်။


ကျန်းကျန့်က တစ်နှစ်ခွဲခန့်စောင့်ပြီးနောက် သူ့အဖေနှင့်အမေကို စပြီးခေါ်လာသည်။


ထိုအချိန်က သူ့အတွက်အနေတော်ဟု ခံစားမိပြီး စကားစောစောပြောသည်ဟုလည်း သတ်မှတ်၍ရသည်။သို့သော်လည်း သူက သူနှင့်သူ့အောက်အငယ်လေးများကြား မတူညီသည့်လူမှုပတ်ဝန်းကျင်ကို မသိကျိုးကျွံပြုထားခဲ့ရသည်။


ဟယ်ရှီကျေးရွာတွင် သူတို့ကလေးကို စကားပြောသင်ရန် မိဘအနည်းငယ်ကသာ စိတ်ရှည်ကြသည်။သို့သော်လည်း သူ့မိဘများက မသင်ပေးခဲ့ကြ၍ သူ့မှာ စောစောမတတ်ခဲ့ပေ။ထို့ကြောင့် သူ၏ညီငယ်ညီမငယ်လေးများ အသက်နှစ်နှစ်ထိ စကားမပြောတတ်သည်ကလည်း အံ့သြစရာတော့မဟုတ်ပေ။


သို့သော်လည်း ယခုသူ့အခြေအနေက ကွာခြားသွားပြီဖြစ်သည်။


ကျောက်ယီဟွေ့နှင့်ကျန်းနနတို့က သူ့ကိုအလေးပေးပြီး သင်ပေးကြသည်။သာမန်ကလေးတစ်ယောက်ကိုသာ ဤနည်းအတိုင်းသင်ပေးပါက လနည်းနည်းစောပြီး ပြောတတ်နေမည်ဖြစ်သော်လည်း သူက နည်းနည်းနောက်ကျမှပြောမည်ဟု ဆုံးဖြတ်လိုက်သည်။


ကံကောင်းစွာနှင့် သူက ဖြေးဖြေးချင်းစကားစပြောပြီးသည်နှင့် လမ်းစလျှောက်နေပြီဖြစ်သည်။


ကျောက်ယီဟွေ့နှင့်ကျန်းနနတို့မှာ ပျော်လွန်း၍ ငိုပင်ငိုကြသည်။


သူတို့သားလေးက ဖွံ့ဖြိုးမှုနောက်ကျသော်လည်း အနာဂတ်တွင် ပိုကောင်းလာရန်အတွက် တစ်ဆင့်ချင်းသွားရုံသာ။


ကျန်းကျန့်က အမှန်ပင် ပိုကောင်းလာပြီဖြစ်သည်။


သူစကားစပြောပြီးသည်နှင့် လက်ရှိမိဘများကို လက်ခံလိုက်ပြီဖြစ်သည်။သူက အနည်းငယ်မရေမရာဖြစ်နေသော်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သည်။


သူ့အသက်သုံးနှစ်အရွယ်တွင် သူ၏ပုံမှန်မဟုတ်သည့်အခြေအနေကို မြင်နိုင်ရန်ခက်ခဲသွားလေပြီ။


ကျောက်ယီဟွေ့နှင့်ကျန်းနနတို့ကလည်း ထိုအခါမှ စိတ်ဒုန်းဒုန်းချနိုင်၍ သူတို့ကလေးကို အပြင်ထွက်ပြီးအခြားသူများနှင့်တွေ့ပေးရန် စီစဥ်တော့သည်။


နှစ်များကုန်လွန်ပြီးနောက် သူတို့ကလေးကို အထူးကျောင်းတွင်ထားလေသည်။အချိန်တစ်ခုစာအထိ ကျောက်ယီဟွေ့က သူ့ကို နေ့တိုင်းကစားကွင်းခေါ်သွားသော်လည်း သိသိသာသာပင် ကျန်းကျန့်က ထိုနေရာမျိုးမကြိုက်လှ။တစ်ခါတစ်ရံ အခြားကလေးများလာအနိုင်ကျင့်လျှင်ပင် မည်သို့ခုခံရမှန်းလည်း သိပုံမပေါ်။ထို့ကြောင့် သူ့ကို ထိုနေရာသို့ခေါ်သွားရန် တွန့်ဆုတ်သွားသည်။


ယခုတွင် သူတို့ကလေးက ပိုကောင်းလာပြီဖြစ်၍ အခြားလူများနှင့်စတွေ့သင့်နေပြီဖြစ်သည်။


"ကလေးလေးရေ...ဒီနေ့က ဘိုးဘိုးကြီးမွေးနေ့လေ...ဘိုးဘိုးကြီးမွေးနေ့ကို သွားကြမယ်"ကျောက်ယီဟွေ့က သူ့သားလေးကို မွှေးမွှေးပေးလိုက်သည်။


သူပြောနေသည့်ဘိုးဘိုးကြီးဆိုသူက သူ့အဖေကျောက်ပုဖန်ဖြစ်သည်။သူက ကျန်းမိသားစုထဲလက်ထပ်ထားသော်လည်း ကျန်းကျန့်က သူ့အဖေကို အဘိုးဟုခေါ်၍ရသေးသည်ပင်။


ဤသည်က တရုတ်တွင်ပုံမှန်ကိစ္စလိုဖြစ်နေ၍ ကျောက်ယီဟွေ့လည်း ရှက်မနေပေ။ကျန်းကျန့်ကဖြင့် ယခင်က မိန်းမပင်မယူနိုင်၍ ထိုအခြေအနေကို ဘာမှမခံစားရချေ။


မျက်စိတစ်မှိတ်အတွင်း ကျောက်ပုဖန်မွေးနေ့သို့ ရောက်လာပြီဖြစ်သည်။


ကျောက်ပုဖန်က ယခုနှစ်တွင် အသက်ခြောက်ဆယ်ပြည့်သည်ဖြစ်သည်။သူငယ်စဥ်က သူ၏ပုံပန်းသွင်ပြင်ကို အလွန်ဂရုစိုက်ခဲ့သည်။ကောငယ်ငယ်လေးတစ်ယောက်နှင့်လက်ထပ်ပြီးနောက်ပိုင်းတွင်လည်း သူ့ကိုယ်သူ ထိန်းသိမ်းထား၍ လေးဆယ်လောက်သာ ထင်ရသည်။


သူက အငယ်ဆုံးသားလေး၏ကလေးကို အလွန်ချစ်၍ ကျန်းကျန့်ကိုမြင်သည်နှင့် လှမ်းပွေ့လာသည်။ထို့နောက် သူမြေးကို လူများနှင့်မိတ်ဆက်ပေးရန် ခေါ်သွားလေသည်။


သူ့ပတ်လည်ကလူများက ချမ်းသာကြွယ်ဝသည့်ပုံစံများဖြစ်နေ၍ ကျန်းကျန့်မှာ ကိုယ်ပင်ကျုံ့သွားရသည်။သူ့အဘိုးက ချီထားရင်းကျောကိုပုတ်ပေးလာ၍သာ အနည်းငယ်စိတ်ပြေလာရသည်။သို့သော်လည်း ကိုယ်ကိုကျုံ့ထားဆဲပင်။


ဤသည်ကိုမြင်ပြီး ကျောက်ပုဖန်က သက်ပြင်းဖွဖွချမိသော်လည်း မျက်နှာထက်တွင်ဖြင့် ပြသခြင်းမရှိပေ။


အခြားလူများက လေးစားစရာကောင်းသည့် ကျောက်ယီဟွေ့နှင့်ကျန်းနနတို့မှာ ထိုသို့ပြဿနာရှိသည့်ကလေးမျိုးရလာသည်ဟု သနားနေကြသည်။


သနားသည်ဆိုရုံလောက်သာ...။မည်သူမှလည်း ကျောက်မိသားစုနှင့်ကျန်းမိသားစုနှစ်ခုလုံး၏မျိုးဆက်ကို ပစ်မှတ်ထားလာမည်မဟုတ်ပေ။သူနေမကောင်းလျှင်ပင် နာကျင်သည့်အတိုင်း မည်သူမှထားလိမ့်မည်မဟုတ်။


 လွန်ခဲ့သည့်သုံးနှစ်အတွင်း ကျန်းကျန့်၏နေ့ရက်များက ပျားရည်အိုးထဲနှစ်နေသည့်အတိုင်းပင်။


နှစ်နှစ်ဆယ်အတိတ်က ဖြစ်ရပ်များက နက်ရှိုင်းလွန်း၍ လွှတ်မချလိုက်နိုင်၍ ဤအရာများက သူ့ကိုပြောင်းလဲမှုတစ်ခုမှမလုပ်နိုင် ဖြစ်စေသည်။


ဥပမာအနေနှင့် သူ့မှာဆာလွန်း၍တစ်ခုခုစားချင်သော်လည်း ပြောလည်းမပြောရဲသလို စားစရာတစ်ခုခုပင်မရှာခဲ့ပေ။


ကျောက်ပုဖန်၏စားသောက်ပွဲကြီးက ခမ်းနားကြီးကျယ်လွန်း၍ ကျန်းကျန့်မှာ သူ့အဆင့်အတန်းသာမန်မဟုတ်မှန်း နားလည်သွားသည်။


သို့သော်လည်း ထိုအရာကြောင့် ပိုပြီးထိတ်လန့်သွားရကာ မည်သို့စိတ်သက်သာအောင်လုပ်ရမည်ကိုလည်း မသိတော့ချေ။


ကျောက်ပုဖန်မှာ သူ့ပတ်လည်ကလူများနှင့် ဖော်ဖော်ရွေရွေမရှိလှသည့်မြေးဖြစ်သူကိုကြည့်လိုက်ပြီး တစ်ခဏမျှစဥ်းစားလိုက်ကာ ကျန်းကျန့်ကို အပေါ်ထပ်စာကြည့်ခန်းသို့ ခေါ်သွားလိုက်သည်။


"အဖေ"သူ့သားကိုတစ်ကြည့်ကြည့်နေသည့် ကျောက်ယီဟွေ့က ချက်ချင်းလိုက်လာသည်။


"မင်းလည်းလိုက်ခဲ့"ကျောက်ပုဖန်က ဆိုလိုက်သည်။


ကျောက်ပုဖန်က ကျန်းကျန့်ကို စာကြည့်ခန်းထဲခေါ်သွားပြီး ကုလားထိုင်ကြီးပေါ်ထိုင်ချလိုက်သည်။


စာကြည့်ခန်းကို အရောင်တောက်တောက်ရှေးဟောင်းပစ္စည်းများနှင့် ပြင်ဆင်ထားသည်။ကျောက်ပုဖန်က ကလေးချီထားရင်းထိုင်ချလိုက်ကာ ဘိုးဘေးများအကြောင်းရေးထားသည့် အထုပ္ပတ္တိမိတ္ထူအထူကြီး ထုတ်ယူလာကာ ပြောလိုက်သည်:


"ကျန်းလေး....ဘိုးဘိုးကြီးက ဘိုးဘိုးတို့ရဲ့ ဘိုးဘေးတွေအကြောင်းပြောပြမယ်လေ"


ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်သည်။သူ့ထက်အကြီးများတောင်းဆိုလာတိုင်း တစ်ခါမှငြင်းဆန်ခြင်းမရှိ လိမ်လိမ်မာမာပြုမူလေ့ရှိသည်။


ကျောက်ပုဖန်က သူ့ခေါင်းလေးကိုပုတ်ပေးလိုက်ပြီး စကားစပြောလာသည်။


"ဘိုးဘိုးတို့ဘိုးဘေးတွေထဲက တစ်ယောက်ရဲ့နာမည်က ကျန်းကျန့်တဲ့...နောက်တစ်ယောက်က ကျောက်ကျင်းကောလို့ခေါ်တယ်....ဘိုးဘိုးက မြေးနဲ့နာမည်တူတဲ့ကျန်းကျန့်အကြောင်းပြောပြမယ်"


ကျောက်ပုဖန်က သူ့မြေးအတုယူနိုင်ရန်မျှော်လင့်ရင်း ဖြေးဖြေးချင်းပြောလာသည်။


"ဘိုးဘိုးတို့ရဲ့ ဘိုးဘေးကလည်း မြေးလိုပဲ မေလငါးရက်မွေးတာ....အရမ်းအရမ်းကိုကြာခဲ့ပြီပေါ့...အဲ့ဒီခေတ်တုန်းက အဲဒီငါးရက်နေ့က မကောင်းတဲ့နေ့လို့ လူတိုင်းက ထင်ခဲ့ကြတာလေ...ဟယ်ရှီက ရွာသေးသေးလေးဆိုတော့ သူ့အမေရင်းကလည်း သူ့ကိုသဘောမကျခဲ့ဘူး"


ဘိုးဘေးများဖြစ်သည့် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့နှစ်ယောက်လုံး ကိုယ်တွေ့မှတ်တမ်းများရေးခဲ့ကြသည်။သူတို့ခေတ်ကစစ်သူကြီးများကလည်း သူတို့နှင့်ဆိုင်သည့်အကြောင်းရာတော်တော်များများရေးခဲ့ကြ၍ သူတို့ဘဝအကြောင်းကို ယနေ့ခေတ်လူတိုင်းသိကြလေသည်။


ကျောက်ပုဖန်က ဘိုးဘေးများကို ကိုးကွယ်ပြီး မှတ်တမ်းများလည်း ဖတ်ထား၍ ယခုအချိန် ချက်ကျလက်ကျပြောနိုင်ခြင်းပင်:"သူတို့ရဲ့အကြီးဆုံးသမီးရေးထားတဲ့ကိုယ်တွေ့မှတ်တမ်းထဲမှာတော့ သူမအဖေရဲ့ဘဝအကြောင်းပါတယ်...သူမရဲ့အဘိုးအဘွားတွေပြောပြထားတာပေါ့...ပြောထားတာက သူတို့အဖေကျန်းကျန့်ဝေက နေ့တိုင်းအလုပ်အများကြီးလုပ်ရပေမယ့် စားဖို့တောင်မလောက်ဘူးတဲ့...ဆောင်းတွင်းတစ်ခုမှာ အိမ်ကနှင်ထုတ်ခံလိုက်ရလို့ အေးပြီးသေမလိုတောင်ဖြစ်သွားခဲ့တယ်"


ကျောက်ပုဖန်က ဖြေးဖြေးပြောနေသော်ငြား ကျန်းကျန့်မှာ မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားသည်။


လွန်ခဲ့သောသုံးနှစ်တွင် ကျန်းကျန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြောင်း လေ့လာထား၍ ကျန်းကျန့်ဆိုသည့်နာမည်ကို ကြားဖူးသော်လည်း ထိုလူက သူကိုယ်တိုင်ဖြစ်နေသည်လား....။


ဟယ်ချောင်စီရင်စု ၊ ဟယ်ရှီကျေးရွာ ၊ ကျန်းကျန့်ဝေ၊ ကျောက်ကျင်းကော။ ဤနာမည်များအားလုံး သူနှင့်ရင်းနှီးသည်ပင်။


သူ့အဖိုးက သူ့အတိတ်အကြောင်းပြောပြနေသည်။



သူအခုတင်ကြားလိုက်ရသည်ကို မယုံနိုင်စွာ ကျန်းကျန့်မှာ အေးခဲသွားရသည်။


ကျန်းကျန့်ဝေအဖြစ်ရှိစဥ်က စားစရာအလုံအလောက်ရှိသည်က ကမ္ဘာပေါ်တွင်ပျော်စရာအကောင်းဆုံးအရာဟု ခံစားခဲ့သည်။ထိုအခါက သူ့တွင် အစွမ်းအစမရှိ၍ အနာဂတ်အတွက်မျှော်လင့်ချက်လည်းမရှိဟု ထင်ခဲ့၍ ဘာမှမလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း အခြား သူကဖြင့် ထိုအခြေအနေတွင် အင်အားကြီးလာပြီး တိုင်းပြည်ကိုသိမ်းပိုက်နိုင်ခဲ့သည်။


သူကြိုးစားလျှင် အင်အားကြီးလာနိုင်သည်ဟု မီးမောင်းထိုးပြနေခြင်းမဟုတ်ပါလား။


ကျန်းကျန့်မှာ ကိုယ်ပင်တောင့်သွားရသည်။


"ကျန်းလေး....ဘာဖြစ်လို့လဲ ဘိုးဘိုးပြောတာ မကောင်းလို့လား"ကျောက်ပုဖန်မှာ မြေးဖြစ်သူကို စိုးရိမ်တကြီးကြည့်လိုက်သည်။


ကျန်းကျန့်က တွေဝေနေလျက်ခေါင်းခါပြလာသည်။


"အဖေ...ကျန်းလေးကို ဘာလို့ဒါတွေပြောပြနေတာလဲ...သူ့ကိုခြောက်သလိုဖြစ်သွားလိမ့်မယ်"


ကျောက်ယီဟွေ့က သားဖြစ်သူ၏အမူအရာကိုကြည့်ပြီး စိတ်ရှုပ်နေမှန်းသိလေသည်။သူက အမြန်ပင် ကျန်းကျန့်ကိုပွေ့လိုက်ပြီး စာကြည့်ခန်းထဲမှထွက်သွားရန်ပြင်သည်။


လွန်ခဲ့သောအချိန်တွင်ဆိုပါက ကျန်းကျန့်က သူ့အဖေနောက်နာနာခံခံလိုက်သွားမည်ဖြစ်သော်လည်း ယခုအချိန်တွင်ဖြင့် သူထွက်မသွားချင်မိ။


နေခဲ့ပြီးနားထောင်ချင်သေးသည်။


ကျန်းကျန့်က ကျောက်ပုဖန်ကို ဖက်ထားလိုက်သည်။


ကျောက်ပုဖန်မှာ မြေးဖြစ်သူက ထိလွယ်ရှလွယ်လေးမှန်းသိ၍ တောင့်ခနဲဖြစ်သွားသည်ကိုမြင်ပြီးနောက် သူ့သားကိုခေါ်သွားခွင့်ပေးထားပြီးပြီဖြစ်သည်။သို့သော် မမျှော်လင့်ထားစွာ ကလေးက သူ့ကိုစဖက်လာလေသည်။


ယခင်က မြေးဖြစ်သူမှာ တစ်ခါမှဤသို့မလုပ်ဖူးပေ။


ကျောက်ယီဟွေ့လည်း တုန့်ခနဲရပ်သွားလေသည်။


သူ၏သားဖြစ်သူမှာ ဘာကိုမှစိတ်မဝင်စားသည့်သူဖြစ်ပြီး ယခုအချိန်ထိ လိုအင်ဆန္ဒတို့ကိုလည်း မထုတ်ပြဖူးပေ။


သူ့အဖေထံမှ ကလေးကိုခေါ်မထုတ်မသွားတော့ပဲ ပျော်လွန်း၍ စိတ်လှုပ်ရှားကာ လက်များပင်တုန်လာရသည်။


"ကျန်းလေး....ဘိုးဘိုးပုံပြောတာ နားထောင်ချင်သေးတာလား"ကျောက်ယီဟွေ့က မေးလိုက်သည်။


ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်ကာ ကျောက်ယီဟွေ့စိတ်ပျက်သွားပြီး ကျောက်ပုဖန်စိတ်မရှည်ဖြစ်သွားမည်စိုးသည့်နှယ် ကျောက်ယီဟွေ့ကို တွန့်ဆုတ်ဆုတ်ကြည့်လာသည်။


သို့သော်လည်း သူတို့က ထိုသို့မဖြစ်သွားကြ။


ကျောက်ပုဖန်က စိတ်လိုလက်ရ ဆက်ပြောလာသည်။


ဇာတ်ကြောင်းထဲတွင် ကျန်းကျန့်က သက်ကယ်မိုးတဲလေးထဲ သေအံ့ဆဲဆဲဖြစ်နေစဥ် ကျောက်ကျင်းကောက ကယ်ပေးခဲ့သည်။ထို့နောက်ပိုင်း သူ၏ပုံစံတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။


သူက ကျောက်ကျင်းကောအကြောင်းသိသည်။ကျောက်ကျင်းကောသာ သက်ကယ်မိုးတဲလေးထဲလှဲနေသည့်သူ့ကိုတွေ့လျှင် သေချာပေါက် ကယ်ရန်ကြိုးစားမည်ဖြစ်သော်လည်း သူက အလုပ်လုပ်နိုင်သေးမည်လား။


ကျန်းကျန့်က အဖြစ်အပျက်ကိုလည်း သေချာမသိကာ ထိုလူက သူဖြစ်သည်ဟုလည်း မသေချာပေ။မည်သို့ဆိုစေ ထိုလူ့ကိုအားကျမိကာ ထိုလူ့လိုဖြစ်လာရန်လည်း သင်ယူချင်မိသည်။


"ကျန်းလေး...ဘိုးဘိုးတို့ဘိုးဘေးတွေက အဲ့ဒီလိုပတ်ဝန်းကျင်မျိုးမှာ မွေးဖွားလာခဲ့ရတာ....ဒါကြောင့် ဒီလိုအုတ်မြစ်ချခဲ့ကြတာပေါ့....မြေးလေးကြိုးစားရမယ်နော်"ကျောက်ပုဖန်က အချိန်အတော်ကြာဇာတ်ကြောင်းပြောပြီးနောက် ဆိုလိုက်ခြင်းဖြစ်သည်။


ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်သည်။


ယင်းနောက်ပိုင်းတွင် ကျန်းကျန့်က ပြောင်းလဲလာသည်။သူက အရှက်အကြောက်ကြီးကာ စကားနည်းသည့်သူဖြစ်သော်လည်း အရေးအဖတ်ကို ကြိုးစားသင်ယူကာ စာသင်ကြားရေးပိုင်းကို ခြေလှမ်းစလာခဲ့သည်။


သူက ထိုစာအုပ်ကြီးများကို ဖတ်တတ်ချင်ပြီး ကျန်းကျန့်အကြောင်းပိုပြီး သင်ယူချင်၍ပင်။


စာအုပ်ထဲက ကျန်းကျန့်လောက်မလုပ်နိုင်သော်ငြား သူ့ကိုအားကျမိသည်။


ကျန်းကျန့်က သာမန်ရုပ်ရည်သာရှိ၍ လူချောတစ်ယောက်မဟုတ်သော်လည်း ညံ့ဖျင်းသူမဟုတ်ပေ။

သူ့တွင် အခြားသူများမယှဥ်နိုင်သည့် ကောင်းကွက်တစ်ခုလည်းရှိသည်။


အခြားကလေးများက နာမည်ရေးနည်းကို အကြိမ်အနည်းငယ်သင်ပြီးသည်နှင့် ပျင်းသွားတတ်သော်လည်း ကျန်းကျန့်က ထိုသို့မဟုတ်ပေ။သူ့ကိုတားလာမည့်သူမရှိလျှင် ဆက်ပြီးရေးဖတ်နေမည်ဖြစ်သည်။


ယခုတွင် သူက စားနိုင်သောက်နိုင် အနွေးထည်ထူထူဝတ်နိုင်နေပြီဖြစ်၍ စာလုပ်နေရုံသာ။


ကျန်းကျန့်က စာသင်နေပြီဖြစ်သော်လည်း အနေအေးဆဲပင်။သူက စကားနည်းကာ အပြင်လူများနှင့်လည်းတွေ့ရသည်ကိုလည်း မကြိုက်ပေ။သို့သော်လည်း ယခင်ကထက် ပုံမှန်ဆန်လာပြီဖြစ်သည်။


သူက ပုံမှန်ဖြစ်လာရုံမက တစ်ချိန်လုံးစာလုပ်နေ၍ မူကြိုတက်သည့်အချိန် ဆရာမများ၏အချစ်တော်လေးဖြစ်လာရသည်။


မူကြိုကျောင်းက ကလေးဘယ်လောက်များများ တည်တည်ငြိမ်ငြိမ်နဲ့ကောင်းကောင်းမွန်မွန် စာလုပ်ကြလို့လဲ။


ဒီကလေးက autismလေးဆိုပေမယ့် ရှားရှားပါးပါးIQမြင့်တဲ့autismလေးဖြစ်မယ်။


သူက တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပေမယ့် တကယ်ဥာဏ်ကောင်းတယ်။


လူတိုင်းက ဤအကြောင်းသိသွားရန် သိမကြာလိုက်ပေ။


ကျောက်ယီဟွေ့နှင့်ကျန်းနနတို့ကလည်း ဝမ်းသာလုံးဆို့နေကြ၍ သူ့နားကလူများကလည်း သူတို့အတွက် ဝမ်းသာမိသည်။


ထိုစဥ် ကျန်းကျန့်က တစ်စတစ်စသင်ယူရင်း မူလတန်းကျောင်းသို့ပြောင်းသွားပြီဖြစ်ကာ သူသာစာတော်လျှင် သူ့မိဘများက ပျော်သွားမည်ဖြစ်ကြောင်းသိသွားလေသည်။သူ့တွင် သူငယ်ချင်းနည်းနည်းပဲရှိလျှင်ပင် ပျော်နေကြမည့်သူများသာ။

 

သူက ကမ္ဘာကိုလက်လှမ်းမှီရန် ပိုပြီးကြိုးကြိုးစားစားသင်ယူခဲ့သည်။


သင်ယူလေ့လာခြင်းက စာရေးစာဖတ်ကိုသဘောကျသူကျန်းကျန့်အဖို့ အလေးထားသည့်အရာဖြစ်သည်။


ထိုစိတ်ဓါတ်နှင့် ကျန်းကျန့်က ပျင်ပျင်းရိရိပညာရှာသူမဟုတ်ပဲ ကောင်းကောင်းမွန်မွန်လေ့လာသူတစ်ယောက်ဖြစ်လာခဲ့သည်။သူက သင်ရိုးညွှန်းတမ်းကို နှိုက်နှိုက်ချွတ်ချွတ်သင်ယူပြီးနောက် စာသင်ရသည်ကိုပိုကြိုက်လာသည်။


ဤသည်က အဆုံးသတ်မဲ့သူတော်ကောင်းတရားလမ်းစဥ်တစ်ခုဖြစ်သည်။


ကျန်းကျန့်က ဂျူနီယာအထက်တန်းကျောင်းရောက်သွားသည့်အချိန် အံ့သြဖွယ်ကောင်းစွာ နံပတ်တစ်ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့သည်။ထိုမျှမကသေး ကျောက်ယီဟွေ့နှင့်ကျန်းနနတို့ထံမှ ချောမောသည့်ရုပ်ရည်ကိုလည်း အမွေရထားသည်။သူ၏ထူးချွန်ထက်မြက်သည့် မိသားစုနောက်ခံပါပေါင်းလိုက်သည့်အခါ တစ်ကျောင်းလုံးတွင် အပေါ်လွင်ဆုံးသူဖြစ်လာစေသည်။


ဖွံ့ဖြိုးမှုနှေးသည့် ပြဿနာရှိကလေးတစ်ယောက်အဖြစ်ထင်ခဲ့ဖူးသောကလေးက ကျောင်းတွင် အတော်ဆုံးကလေးဖြစ်လာသည်။


ကျောက်ယီဟွေ့နှင့်ကျန်းနနတို့က ဝမ်းသာပျော်မြူးနေကြစဥ် ကျန်းကျန့်ကဖြင့် မနေတတ်သလို ဖြစ်နေဆဲသာ။

 

သူ၏အတိတ်ဘဝနှစ်နှစ်ဆယ်ကာလက သက်ရောက်မှုကြီး၍ သူ့ကိုယ်သူအသုံးမကျဟု ခံစားနေရဆဲပင်။ယခုသူက လူချမ်းသာတစ်ယောက်ဖြစ်လာသော်လည်း သူ၏မူလကိုယ်ကို မရှာနိုင်သေးသလိုခံစားရသည်။


သူက တဖြေးဖြေးစိတ်ရှုပ်လာရသည်။ သူက ဘယ်သူလဲ။


အသက်ဆယ့်ခြောက်နှစ်တွင် ကျန်းကျန့်က သူ့မိဘများကို တောင်းဆိုမှုတစ်ခုလုပ်ခဲ့သည်။သူက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင်ကပ်လျက်နိုင်ငံဖြစ်ကာ အခေါ်အဝေါ်များမစိမ်းလှသည့် ရှင်းကော်နိုင်ငံသို့ ပညာသွားသင်ချင်သည်။


သမိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးဆယ်နှစ်ကျော်အကြာ တချီက ဆက်လက်မတည်ရှိနိုင်တော့ကာ နှစ်ပိုင်းကွဲသွားလေသည်။


မြောက်ပိုင်းတွင် ပြည်နယ်ကြီးတစ်ခုတည်ထောင်ထားသည့် ရုန်လူမျိုးများသိမ်းပိုက်ထားကြကာ တောင်ပိုင်းတွင်မူ တချီကိုပုန်ကန်သည့်သူများသိမ်းပိုက်ထားကြပြီး တရှင်းကိုတည်ထောင်ခဲ့သည်။


ရုန်လူမျိုးများက တချီကိုဝင်တိုက်ကြစဥ် ခြောက်လုံးပြူးသေနတ်များကြောင့် ဒဏ်ရာရခဲ့ကြ၍ သူတို့က ထိုသေနတ်များသုံးပြီးလူများပုန်ကန်လာကြမည်ကို စိုးရိမ်လာသည်။ထို့ကြောင့် တချီမှသင်ခန်းစာရသွားပြီးနောက် သူတို့လူများကို ပင်လယ်ကုန်သည်များလုပ်ခွင့်မပေးထားချေ။


သူတို့နိုင်ငံက မြင်းပေါ်တွင် အခြေတည်ထားခြင်းဖြစ်သည်။သူတို့မြင်းတပ်က ခိုင်မာနေသရွေ့ အလွှမ်းမိုးခံရလိမ့်မည်မဟုတ်ပေ။


တရှင်းကဖြင့် ဆန့်ကျင်ဘက်ပင်။


တရှင်းက ကုန်သည်အင်အားနှင့်တည်ထားခြင်းဖြစ်၍ တည်ထောင်ပြီးနောက်ပိုင်း ကုန်သည်များက အဆင့်အတန်းမြင့်သူများဖြစ်လာကြသည်။ကုန်သည်များက တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် ရင်းနှီးနေဆဲဖြစ်၍ တရုတ်ကပြောင်းလဲမှုစီးကြောင်းကို တွေ့သွားပြီးနောက် သူတို့နိုင်ငံကိုလည်း ပြောင်းလဲမှူများပြုချင်ခဲ့သည်။


နောက်ပိုင်းတွင် တရှင်းအရာရှိများနှင့်ကုန်သည်များက တရုတ်၏အုပ်ချုပ်ပုံစနစ်အတိုင်း လုပ်ဆောင်ရန်ကြိုးစားလာကြသည်။သူတို့က သူတို့အပေါ်ဖိနှိ

ပ်ပြီး သေရေးရှင်ရေးဆုံးဖြတ်ခွင့်ရှိသည့် ဧကရာဇ်တစ်ယောက်ကိုလည်း မလိုချင်ပေ။


တရှင်းကိုတည်ထောင်ပြီး နှစ်တစ်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အင်အားကြီးနေပြီဖြစ်၍ တရှင်းကလည်း စက်မှုတော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။