Chapter 242
အကြီးဆုံးကျန်းအကြောင်း အချပ်ပို-2
ကျန်းကျန့်ဝေ ရုတ်တရက် အသိစိတ်ကပ်လာစဥ် အနည်းငယ်အေးပြီးအသက်မရှူနိုင်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။သူ့မျက်နှာကို တစ်ခုခုဖုံးထားပြီး အဆုတ်ထဲလေထည့်နေသကဲ့သို့ ခံစားရသည်။ထို့နောက် သူ့ကို တစ်ခုခုထဲ ထုပ်ထားလိုက်ကြသည်။
သူသေသွားတာမဟုတ်ဘူးလား....။ရုတ်တရက်ကြီး ဘာလို့ပြန်ရှင်လာတာပါလိမ့်။
သူပြန်ရှင်လာသည်က လုံးဝအဓိပ္ပါယ်မရှိနိုင်ပေ။သူအသက်ရှင်ချင်လား သူ့ကိုယ်သူပင်မသိပေ။
သေသွားတာမှ ကောင်းအုံးမယ်....ဘာလို့လှုပ်လို့ရနေတာလဲ....ဘာလို့သေမသွားတာလဲ။
ကျန်းကျန့်ဝေမှာ မလှုပ်လိုက်ချင်။
ထိုအချိန် တစ်ယောက်ယောက်က သူ့နားနားကပ်ပြီးပြောလာသည့်စကားသံကို ကြားလိုက်ရသည်
:"ဒီကလေးက ဘာလို့မလှုပ်တာလဲ"
"ငိုလည်းမငိုဘူး"
"ဒီကလေးအခြေအနေက သိပ်မမှန်ဘူး....စစ်ဆေးဖို့လိုတယ်"
ကျန်းကျန့်ဝေက သူတို့ပြောနေသည်ကို ကောင်းကောင်းနားမလည်သော်လည်း ရင်းနှီးနေသည်ဟု ခံစားရသည်။ကြည့်ရတာ ကျန်းချောင်ရှန့်ဆီကနေ ရုံးသုံးဘာသာစကားနည်းနည်း သင်ထားဖူးလို့နေမှာ....။
သူက အမြဲတမ်း စာသင်ခွင့်ရသည့်ညီလေးနှစ်ယောက်ကို အားကျခဲ့သည်။ထို့ကြောင့် တစ်ခါတစ်ရံ သူ့ညီစာဖတ်သည့်အခါ တချို့တလေလိုက်နားထောင်ခဲ့သည်။ကံဆိုးသည်က စာတစ်ကြောင်းနှစ်ကြောင်းနားထောင်ပြီးသည်နှင့် အနှင်ထုတ်ခံရလေသည်။
သူက ဖတ်တတ်ရုံလောက်သာ။
စာသင်လို့မရမှတော့ ကြိုးစားလည်း ဘာလုပ်နိုင်မှာလဲ။
နောက်ဘဝတိရစ္ဆာန်အဖြစ်နှင့်ပြန်ဝင်စားလျှင်ပဲဖြစ်ဖြစ် မုန့်ပိုစွပ်ပြုတ်သောက်ပြီးသေလိုက်ချင်မိသည်။(အဘွားမုန့်....မေ့လျော့ခြင်းတံတား သို့မဟုတ် နိုင်ဟယ်တံတားပေါ် မုန့်ပိုစွပ်ပြုတ်ကမ်းရသော တရုတ်ဒဏ္ဌာရီလာသမိုင်းမှ မေ့လျော့ခြင်းနတ်ဘုရားမ...ထိုစွပ်ပြုတ်က လူတစ်ယောက်၏ မှတ်ဥာဏ်ကိုဖယ်ရှားပစ်၍ ယခင်ဘဝမှတ်ဥာဏ်မရှိပဲ နောက်ဘဝပြန်ဝင်စားနိုင်သည်။)သူက ထိုမှတ်ဥာဏ်ရှိတော့မည်မဟုတ်၍ အဆင်ပြေသွားလိမ့်မည်။
ကျန်းကျန့်ဝေမှာ မျက်လုံးပင်မဖွင့်ချင်ပေ။
သူသာမလှုပ်လျှင် ထိုလူများက သူ့ကိုသေသည့်အတိုင်းထားလိုက်မည်ဟု တွေးထားသော်လည်း ထိုသို့လုပ်မလာကြ။သူ့ကို ချီလာကြသည်။
ဒီလူတွေ သူ့ကိုလာကိုင်တာ မယုံနိုင်စရာပဲ။
ကျန်းကျန့်ဝေက အံ့အားသင့်နေသော်ငြား သဘောခွေ့နေသည်။သူက မျက်လုံးဖွင့်ကြည့်လိုက်ချင်သော်လည်း သူ့မျက်လုံးဖွင့်မရဖြစ်နေမှန်း ရုတ်တရက်သိလိုက်ရသည်။ထိုမျှမက သူ့တွင် တစ်ချက်လှုပ်ရန်ပင် အားမရှိချေ။
သူ့ကို ဟိုလှည့်သည်လှည့်လုပ်နေသည်ကို သည်းခံနေရုံသာတတ်နိုင်သည်။
"စစ်ဆေးကြည့်လိုက်တော့ ကလေးက ကျန်းမာရေးကောင်းတဲ့ပုံပါ ဒါပေမယ့် လမစေ့ပဲမွေးလာတော့ နည်းနည်းအားနည်းနေတယ်"
"ဖန်ပေါင်းချောင်ထဲ ရက်နည်းနည်းလောက်ထားလိုက်ရင် အဆင်ပြေသွားမှာပါ"
ကျန်းကျန့်ဝေက သူနားမလည်သည့်အသံတစ်ခုကြားလိုက်ရသော်လည်း ဘာမျှအာရုံစိုက်၍မရ၍ သူ့ပတ်လည်ကလူများကို ချီခွင့်ပေးထားလိုက်သည်။
နေရာတစ်ခုထဲ သူ့ကိုထည့်လိုက်ကြပြီး သိပ်မကြာလိုက် သူ့ပါးစပ်ထဲတစ်ခုခုထည့်လာသည်။
သူကိုက်ချလိုက်သည်နှင့် ပါးစပ်ထဲ နို့များကျလာသည်။
နို့လား...။သူဗိုက်ဆာရင် တိတ်တိတ်လေးသောက်တဲ့ ဝက်နို့ထက်ပိုကောင်းတယ်...။
ကျန်းကျန့်ဝေက အသက်မရှင်ချင်ပေ။ထို့အတူ အခြားသူများကလည်း သူ့ကိုအရေးတယူလုပ်မနေစေချင်သော်ငြား သူဗိုက်ဆာနေပြီဖြစ်သည်။
ပါးစပ်ထဲထည့်လာသည့်အစာကိုစားပြီးနောက် သူ ထိန်းမထားနိုင်တော့။
တစ်ဝတစ်ပြဲစားလိုက်၍ ဗိုက်ပြည့်ပြီးနေ၍ကောင်းသွားသော်လည်း ခဏကြာ ဘောင်းဘီထဲသေးပေါက်ချလိုက်မိ၍ စိတ်ညစ်သွားရသည်။
မည်သို့ဆိုစေ သူသေတော့မည်ဖြစ်၍ သေးပေါက်ချလိုက်၍လည်း ဘာမှမဖြစ်သော်ငြား ဤလူများက သေးဝတ်လဲပေးလာကြသည်။အခြားသူများကို ဒုက္ခပေးလိုက်ရ၍ သူရှက်သွားလေသည်။
ကျန်းကျန့်ဝေက သူ့ကိုယ်သူမကျေမနပ်ဖြစ်နေသော်လည်း တစ်ခုခုမှားနေမှန်း ရုတ်တရက်နားလည်သွားသည်။ ဒီလူတွေရဲ့လက်တွေက ဘာလို့အရမ်းကြီးနေရတာလဲ။
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းကျန့်ဝေမှာ မျက်လုံးဖွင့်နိုင်ပြီဖြစ်သည်။စစချင်းတွင် ဝိုးတိုးဝါးတားဖြစ်နေ၍ သူ့ကို မသက်မသာဖြစ်စေသည့်အရာကို မမြင်ရချေ။
လက်နှင့်မျက်လုံးကိုကာလိုက်၍ သူ့လက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
မွေးကင်းစကလေး၏လက်ကလေးကဲ့သို့ သေးသေးလေးဖြစ်နေသည်။
ဒီမှာ ဘာတွေဖြစ်နေတာလဲ။သူသေပြီး ပြန်ဝင်စားခဲ့တာလား။မုန့်ပိုစွပ်ပြုတ်သောက်ဖို့များ မေ့သွားတာများလား။
ကျန်းကျန့်ဝေက ထူးဆန်းသလိုခံစားရသော်လည်း ရုန်းကန်ရန် အားနည်းနည်းမှပင်မရှိချေ။ထို့ကြောင့် အစာစားရန်ခဏနိုးလာပြီး ပြန်အိပ်ပျော်သွားလေသည်။
သူ့ဘေးတွင် သူ့ကိုစကားပြောပေးနေသည့် အမျိုးသားတစ်ယောက်ရှိသည်။ကျန်းကျန့်ဝေက စစချင်းတွင်နားမလည်သော်လည်း တစ်ခဏမျှနားထောင်လိုက်ပြီးချိန် စကားလုံးအချို့နားလည်သွားလေသည်။သို့သော်လည်း သူ့မှာပြန်ဖြေ၍လည်းမရဖြစ်နေသည်။
သူ့ကိုယ်သူ ဘာဖြစ်နေမှန်း သူမသိပေ။
ယနေ့တွင် ကျန့်ကျန့်ဝေကို သူ့ဘေးနားတွင်တစ်ချိန်လုံးနေနေကြသည့် ထိုလူများက တောင်းသေးသေးလေးထဲထည့်သယ်သွားကြသည်။
"ကလေးရဲ့ခန္ဓာကိုယ်က ဘာမှမဖြစ်ပါဘူး....လမစေ့ပဲမွေးလာပေမယ့် အင်္ဂါအစိတ်အပိုင်းတွေက ကောင်းကောင်းဖွံ့ဖြိုးတယ်...ဒါပေမယ့် ပြင်ပလှုံ့ဆော်မှုတွေကို ဘာမှမတုံ့ပြန်ဘူးဖြစ်နေတာ"
"ဆရာ....ကျွန်တော် အဲ့ဒါသိပေမယ့် ကျွန်တော့်ကလေးအဆင်ပြေမယ်ဆိုတာယုံတယ်"ကျောက်ယီဟွေ့က ဆရာဝန်ပြောနေစဥ် ဝင်ပြောလိုက်သည်။
သူ့ကလေးက ဦးနှောက်မဖွံ့ဖြိုးခြင်းနှင့်ဆိုင်သည့် autism ကဲ့သို့ဖြစ်နေသည်။သူ့ကလေးကို ကုသပေးရန်ဆုံးဖြတ်ထားပြီးဖြစ်၍ သူ့သားလေးပြန်ကောင်းလာမည်ဟု ယုံကြည်သည်။
ကျောက်ယီဟွေ့က ကျန်းနနစောင့်နေသည့်ကားထဲသို့ ကလေးကိုချီသွားလိုက်သည်။
"ကလေး ဘယ်လိုနေလဲ"ကျန်းနနက ဝမ်းနည်းသံလေးနှင့် စိုးရိမ်တကြီးမေးလာသည်။သူမကလေးဤသို့ဖြစ်ရသည်က သူမအမှားဟုသာ ခံစားရသည်။သူမသာ ပိုပြီးဂရုစိုက်ခဲ့လျှင် လမစေ့ပဲမွေးရမည်မဟုတ်ပေ။
"နန....ကိုယ်တို့ကလေးအဆင်ပြေပါတယ်"ကျောက်ယီဟွေ့က အပြုံးလေးနှင့်ဆိုလိုက်သည်။
"ဟုတ်တယ်...အဆင်ပြသွားမှာပါ...သူက သေးသေးလေးရှိသေးတာဆိုတော့ ကျွန်မတို့ကောင်းကောင်းဂရုစိုက်ပေးရမယ်...သူအဆင်ပြေသွားမှာပါ"ကျန်းနနကလည်း ဆိုလိုက်သည်။သူမက ဤနယ်ပယ်တွင်ကျွမ်းကျင်သူများကို ချိတ်ဆက်ထားပြီးဖြစ်၍ သူမသားလေးပြန်လည်ကောင်းမွန်လာရေး အစီအစဥ်ဆွဲနေကြပြီဖြစ်သည်။သူမသားလေး ပုံမှန်ပြန်ဖြစ်လာမည်ဟု ယုံလေသည်။
"ဟုတ်သားပဲ...ဒီကလေးက မေလငါးရက်နေ့မွေးတာပဲ"ကျောက်ယီဟွေ့က ရယ်မောလိုက်သည်။
သူက သူ့ကိုယ်သူစိတ်သက်သာရာရစေရန်ပြောလိုက်သော်ငြား စကားမဆုံးမီ လက်ထဲကမလှုပ်မယှက်ကလေးက ရုတ်တရက် တုန်သွားပြီးမျက်လုံးအပြူးသားအော်ငိုလာသည်။
ကျန်းကျန့်ဝေမှာ ထိုရက်စွဲကိုကြားပြီး သူ့ကိုယ်သူထိန်းမထားနိုင်တော့ပေ။
သူ့ပြန်ဝင်စားလာသည်ကို လက်ခံလိုက်ပြီး ဖြေးဖြေးချင်းအသားကျရန်လုပ်နေသော်လည်း ဤအရာကိုဖြင့် မျှော်လင့်ထားသည်မဟုတ်။
သူကြားလိုက်သည်သာမှန်ပါက သူ့မွေးနေ့က မေလငါးရက်ဟု သူ့မိဘများပြောလိုက်သလားဟုပင်။
သူတို့ သူ့ကိုမလိုချင်ဘူးမို့လား။
သူ့ရင်ထဲလှိုက်တက်လာသော နာကျင်မှုလှိုင်းလေးက သူ့ကို အဆက်မပြတ်အော်ငိုစေသည်။သူက သေးသေးလေးဖြစ်နေသေးကာ ဖွံ့ဖြိုးမှုအားနည်းနေ၍ မျက်ရည်မဆည်နိုင်ခဲ့။
"ကလေးငိုနေပြီ...ကလေးလေးငိုနေပြီ"ကျောက်ယီဟွေ့မှာ စိတ်လှုပ်ရှားလာရသည်။"သူအဆင်ပြေမှာပါလို့ ကိုယ်ပြောသားပဲ...ကိုယ်တို့ဘိုးဘေးနဲ့ မွေးနေ့အတူတူ မေလငါးရက်မွေးတာဆိုတော့ ထူးထူးခြားခြားကြီးလာမှာ"
"ဟုတ်တယ်...ကျွန်မတို့ကလေးက နောက်ဆို တော်လာလိမ့်မယ်"
ကျန်းနနက ကလေးနဖူးလေးကို နမ်းရှိုက်လိုက်ပြီး သူတို့ကလေးငိုလာသည့်အတွက် ဝမ်းသာနေကြသည်။
ကျန်းကျန့်ဝေမှာ ငိုရလွန်း၍ မျက်ရည်ခိုးဝေကာ သူ့ပတ်လည်ကိုမမြင်ရသော်လည်း တစ်ယောက်ယောက်က နမ်းရှိုက်လာသည်ကို ခံစားလိုက်ရသည်။
သူ့ကိုနမ်းလိုက်တာလား....။သူက မကောင်းတဲ့နေ့မှာမွေးလာလို့ သူ့ကို မကျေမနပ်ဖြစ်နေရမှာလေ...။သူ့ကို နမ်းလိုက်ကြတယ်ပေါ့။
ကျန်းကျန့်ဝေမှာ သူ့ရှေ့တည့်တည့်မှအရာကိုမယုံနိုင်စွာ အံ့သြသွားရသည်။
သူက နားမလည်နိုင်ဖြစ်သွား၍ ပြန်ပြီးမလှုပ်မယှက်ဖြစ်သွားလေသည်။ဤသည်ကိုသတိထားမိသောကျောက်ယီဟွေ့က ပြန်ပြီးစိတ်ပူလာရသည်:
"ကလေးလေး...ကလေးလေး...ဘာဖြစ်လို့လဲ ...အဖေကြောင့် လန့်သွားတာလား"
ကျန်းကျန့်ဝေက ထိုသူ့မျက်နှာပေါ်က စိုးရိမ်သောကတို့ကို တွေ့လိုက်ရသည်။
သူကြီးပြင်းလာစဥ်တစ်လျှောက်လုံး ကျန်းမိသားစု၏မျက်နှာများထက်၌ ထိုသို့စိတ်ပူနေဟန်ပုံစံမျိုး တစ်ခါမှမတွေ့ဖူးချေ။
သူအရွယ်ရောက်လာပြီးနောက်ပိုင်းတွင်ပင် တစ်ယောက်မှယခုလိုဂရုမစိုက်ဖူးချေ။
သူက ရုတ်တရက် အတိတ်ကမှတ်ဥာဏ်များကို အမှတ်ရလာသည်။
သူက ထိုသယ်၍ရသည့်တောင်းထဲ လှဲနေရစဥ် ဤလူက တောင်းဘေးမှတစ်ချိန်လုံးစကားပြောနေသည်။
သူတောင့်မထားနိုင်၍ သေးပေါက်ချလိုက်သော်လည်း ထိုလူက ကပျာကယာသန့်ရှင်းပေးလာသည်။
အမျိုးသမီးဖြစ်သူကလည်း နေမကောင်းသည့်ပုံရှိသော်ငြား သူ့ကို ခဏခဏလာကြည့်ပြီး လေသံနူးနူးညံ့ညံ့လေးနှင့် စကားပြောလာသည်။
ကျန်းကျန့်ဝေက သူ့ရှေ့ကလူထံ လက်တစ်ဖက်ဆန့်လိုက်သည်။
သူဘာလုပ်ချင်နေမှန်း သူမသိသော်လည်း ထိုလူ့ကိုဝမ်းနည်းမသွားစေချင်သည်က သေချာသည်။
ကျောက်ယီဟွေ့က သူ့ကို စိတ်လှုပ်ရှားစွာ ဖက်ထားလိုက်သည်။
နောက်ပိုင်းမှစ အရာရာတိုင်းက ကျန်းကျန့်ဝေအတွက် မျက်လှည့်ပြကွက်များနှယ်။
သူက ယခင်ကတစ်ခါမှမမြင်ဖူးသည့်အရာများတွေ့လိုက်ရ၍ မှော်ဆန်သည့်နေရာသို့ရောက်သွားသလိုပင်။
သူအိပ်မက်မက်နေသလားဟုပင် ခံစားမိသည်။
ဤနေရာတွင် သူငတ်ပြတ်မှာမပူရတော့။ဤနေရာတွင် သူ့ကိုချစ်သောမိဘများ၊အဘိုးအဘွားများနှင့် အဘေးများပင်ရှိသည်။
သူ၏အမေက ငယ်ရွယ်လှပပြီး အဖေကလည်း ချောမောခန့်ညားသူဖြစ်သည်။ဤမိသားစုမှလူတိုင်းက သူ့အပေါ်ကောင်းပေးကြ၍ သူ့မှာမလုံမလဲပင်ဖြစ်လာသည်။
တစ်ခုဆိုးသည်က သူအရမ်းပျင်းနေပြီဖြစ်သည်။
သူအရမ်းပျင်းနေ၍ သူ့မိဘများစိတ်မကောင်းဖြစ်သွားသည်ဟု ထင်မိသည်။
ထို့ကြောင့် သူပြောင်းလဲလိုက်ပြီး သူတို့ကိုပျော်သွားစေရန်ကြိုးစားသော်ငြား မလုံလောက်သေးဟု ခံစားရသည်။
ကျန်းကျန့်ဝေက အနည်းငယ်စိတ်မအေးဖြစ်လာပြီးကြောက်လာသည်။
သူတို့ရွာတွင် နေမကောင်းသောကလေးကို စွန့်ပစ်တတ်ကြသည်။သူသာ ပုံမှန်မဟုတ်သလိုလုပ်နေရင် သူ့ကိုစွန့်ပစ်လိုက်ကြမှာလား။
သူ့အောက်အငယ်လေးများ၏ကလေးဘဝပုံစံကို ပြန်စဥ်းစားရင်း ထိုအတိုင်းအတုယူရန်ကြိုးစားလိုက်သော်ငြား သူ့မိဘများက စိုးရိမ်နေကြဆဲပင်။
ကျောက်ယီဟွေ့နှင့်ကျန်းနနတို့မှာ အမှတ်တကယ်စိတ်ပူနေကြခြင်းဖြစ်သည်။
သူတို့ကလေးက သူတို့ကိုတွေ့လျှင်တုံ့ပြန်တတ်သော်လည်း အခြားကလေးများထက် နှလုံးခုန်နှေးလေသည်။သူတို့ကိုမတွေ့သည့်အခါတွင်ဖြင့်....။
ဖန်သားပြင်ထက်က မလှုပ်မယှက်ကလေးကိုကြည့်ရင်း သူတို့မှာ ဝမ်းနည်းလာရသည်။
သူတို့တွေးထားသည့်အတိုင်း ဤကလေးက autism ဖြစ်နေ၍ ဦးနှောက်တစ်ခုခုထိခိုက်နေသည်ဟုသာ ကောက်ချက်ချလိုက်ရလေသည်။
ကံကောင်း၍ သူတို့ကလေးမှာ အသက်ငယ်သေးလေသည်။ဦးနှောက်ချို့ယွင်းမှုတစ်ခုခုရှိနေလျှင်ပင် ပြန်လည်တိုးတက်လာရန်အခွင့်ရေးရှိသေးသည်။
"ကျန်းကျန့်က သေချာပေါက် အဆင်ပြေသွားမှာပါ"ကျန်းနနက ဆိုလိုက်သည်။
"ဟုတ်တယ်"ကျောက်ယီဟွေ့ကလည်း သဘောတူဟန်ခေါင်းညိမ့်ပြလာသည်။
ကျောက်ယီဟွေ့နှင့်ကျန်းနနက သူတို့ကလေးကို ကျန်းကျန့်ဟု အမည်ပေးခဲ့ကြသည်။
"ကျန့်"ဆိုသည်မှာ ကောင်းမွန်ခြင်းဖြစ်ပြီး သူတို့ကလေးထံကံကောင်းခြင်းများရောက်လာပါစေဟု ဆိုလိုခြင်းဖြစ်သည်။သူတို့ဘိုးဘေးနာမည်က ကျန်းကျန့်ဖြစ်၍ ကျောက်ယီဟွေ့က သူတို့ဘိုးဘေးထံမှကံကောင်းခြင်းများငှားယူချင်၍ဖြစ်သည်။သူ့သားကိုလည်းနာမည်အတူတူပေးထား၍ သူ့ကိုလည်း ကျန်းကျန့်ဟုခေါ်ရမည်ဖြစ်သည်။
သို့သော်လည်း ကျောက်ယီဟွေ့က ထိုသို့တွေးထားသော်ငြား ကျန်းကျန့်ဝေ မဟုတ် ကျန်းကျန့်က ဘာမှမသိပေ။
သူစိတ်က ဟိုသည်ရောက်နေသည်။
ဟယ်ရှီတွင်မွေးပြီးကြီးပြင်းလာကာ ဟယ်ချောင်စီရင်စုမှတစ်ခါမှမထွက်သွားဖူးသည့်သူတစ်ယောက်အဖို့ ဤခေတ်သစ်မှအရာရာတိုင်းက နတ်ဘုံတစ်မျှခမ်းနားလှသည်။
စစချင်းတွင် သူက စိတ်နှင့်ကိုယ်နှင့်မကပ်၍ မည်သည့်အရာကိုမျှ သတိမထားမိခဲ့ချေ။သူ့မျက်လုံးက ဘာမှမမြင်ရ၍ သူ့အခြေအနေက တစ်ခုခုမှားနေမှန်းလည်း မသိခဲ့ပေ။သူ့နားပတ်လည်က လူအချို့ကိုသာ သတိထားမိသော်လည်း ယခုအခါတွင်ဖြင့်....။
ဝင်းထိန်နေသည့်မီးအိမ်များ၊ အထဲတွင်လူသေးသေးလေးများရှိသည့် နံရံပေါ်ကသေတ္တာပြားကြီးနှင့် ဆဲလ်ဖုန်းဟုခေါ်သည့်မှော်ဆန်ဆန်အရာတစ်ခု။
ဤအရာအားလုံးက ကျန်းကျန့်ကို ပိုလန့်ပြီးကြောက်သွားစေသည်။ထိုအရာများကြောင့် မူလကျန်းမာရေးမကောင်းသည့်ကျန်းကျန့်က ပိုပြီးချူချာလာတော့သည်။
သို့သော်လည်း ဤသို့ဖြစ်သွား၍ သူက ပြဿနာရှိသည့်ကလေးတစ်ယောက်ဟု သူ့နားကလူများကို ပိုပြီးသေချာသွားစေသည်။
သူတို့သားတွင် ပြဿနာတစ်ခုခုရှိနေသော်ငြား ကျောက်ယီဟွေ့နှင့်ကျန်းနနတို့က သူ့အပေါ်လုံးဝလက်မလျော့လိုက်ကြပေ။
သူ့ဘေးတွင်နေပေးပြီး ကောင်းကောင်းဂရုစိုက်ပေးကာ ဥာဏ်ရည်ဖွံ့ဖြိုးလာအောင်ကြိုးစားကြသည်။
ကျန်းကျန့်မှာ မသေခင်အချိန်ကစ စကားမပြောသည်ကကြာပြီဖြစ်၍ သူစကားပြောတတ်သေးလားဟုပင် မသေချာတော့ချေ။
ပြန်လည်ဝင်စားလာကာ မိဘများထံမှ အချစ်ခံရသော်လည်း သူစကားမပြောသေးပေ။သူစကားမပြောနိုင်သော်လည်း သူစကားစောစောပြောလိုက်၍ မိစ္ဆာဟုထင်သွားမည်လည်း စိုးရိမ်မိသည်။
သူ့အောက်အငယ်လေးများက တစ်နှစ်ကျော်ကျော်နှစ်နှစ်လောက်မှ စကားစပြောကြသည်။
ကျန်းကျန့်စိတ်က ရောထွေးနေ၍ ဟိုသည်စိတ်ပျံ့လွင့်နေတတ်
သည်။အထူးသဖြင့် သူ့ဘေးနားမည်သူမှမရှိချိန် လှဲ၍သာနေသည်။သူ့ယခင်ဘဝတွင်လည်း ထိုအတိုင်းနေခဲ့၍ဖြစ်သည်။ ထို့ပြင် မည်သူမှလည်း သူ့ကိုအာရုံထားမနေကြ၍ သူ့စိတ်တစ်ခုခုဖြစ်နေမှန်းလည်းသိကြမည်မဟုတ်။
သို့သော် ယခုမတူတော့ပေ....။