Chapter 100
လူတွေကို သူတို့၏ ဒဏ်ရာများကို ချုပ်ပေးခြင်း
ကျန်းကျန့်က...သူ့လူတွေ ဆုံးသွားတာကိုစိတ်မကောင်းဖြစ်ပြီး သူတို့ကို ချုပ်ပေးနေတာလား...
ဒါပေမဲ့ သူ့လူနှစ်ယောက် အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား...ဒီဒဏ်ရာက လက်၊ ခြေထောက် ပြတ်သွားတာ မဟုတ်ဘူး...အပ်နဲ့ချုပ်ဖို့ မလိုအပ်ဘူးလေ...
ကျန်းကျန့်၏ လှုပ်ရှားမှုကို သတိပြုမိသူ တစ်ဦးထက်ပိုပြီး လူတိုင်း၏ ခန့်မှန်းချက်မှာ ကျန့်ရီနှင့် ဆင်တူသည်။
လည်ပင်းတစ်ခြမ်းလှီးဖြတ်ခံရသော အမျိုးသားကို အဖော်များစွာက ဝိုင်းရံထားသည်။ ထိုအချိန်တွင် တစ်စုံတစ်ဦးမှ အကြံပေးလိုက်၏။
“ငါတို့လည်း အပ်နဲ့အပ်ချည် သုံးကြရအောင်...သူ့ကို ချုပ်ပေးကြမယ်"
ယခုလိုမျိုး ကြုံလာရသည်အခါမှာ ကျန့်ရေယာဥ်စု၏ ထုံးစံမှာ ဆိုက်ကပ်ပြီး မကြာခင်မှာပဲ လူသေတွေကို နေရာမှာ မြှုပ်နှံခြင်းဖြစ်သည်။
မပြည့်စုံသောအလောင်း သို့မဟုတ် ရုပ်ဆိုးလွန်းသောအသွင်အပြင်ဖြင့် ၎င်းတို့၏အဖော်ကို သင်္ဂြိုဟ်ခြင်းသည် ၎င်းတို့အတွက် အမှန်တကယ် မကောင်းပေ။ထို့ကြောင့် ၎င်းတို့အနေဖြင့် သူတို့ကို သန့်ရှင်းရေးလုပ်ပေးရန် အမြဲကူညီပေးရမည်ဖြစ်သည်။
ထိုအတွေးကြောင့် လူတိုင်း၏ စိတ်အခြေအနေ ကျဆင်းသွားပြီး ထိုအချိန်တွင် ကျောက်ကျင်းကောက ရုတ်တရက်ပြောလိုက်၏။
"ကျန်းကျန့်က လူတွေကို ကယ်နေတာ"
"လူတွေကို ကယ်တာလား"
ကျန့်ရီ အံ့ဩသွားသည်။ ဒါက ကယ်တာလား...
“အဓိပ္ပါယ်မရှိတာ... ဒီလိုလူတွေကို ဘယ်လိုလုပ် ကယ်တင်နိုင်မလဲ...မသေခင်မှာ လူတွေကို ပိုဝေဒနာခံစားရစေရုံပဲရှိတယ်”
ကျန့်ရီက ထိုလူထူထပ်သော နေရာတွင် ရှိနေသည်ကို သမားတော်က မြင်သောကြောင့် ကျန်းကျန့်လက်အောက်ရှိ အနည်းငယ် ဒဏ်ရာရသူများကို ကုသပြီး ကျန့်ရီရှေ့မှာ ပြသရန် စီစဉ်ခဲ့သည်. . . သို့ပေမဲ့ ကျောက်ကျင်းကောက သူ့ကိုမြင်လိုက်သည်နှင့် ကျန်းကျန့်က လူတွေကို ကယ်နေသည်ဟု ပြောလာသည်။သူ သူ့ကို မကျေမနပ်ဖြင့် ကြိမ်းမောင်းလိုက်သည်။
"ကျန်းကျန့်က အသက်တွေကို ကယ်တင်နေတာ"
ကျောက်ကျင်းကော ကျန်းကျန့်၏ လုပ်ရပ်ကို သမားတော်က သဘောမတူကြောင်း တွေ့လိုက်ရသောအခါတွင် သူ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။
ကျန်းကျန့်က လူတွေကို တကယ်ကယ်နိုင်ပါ့မလားကိုဆိုထားနှင့်၊ကျန်းကျန့် ဘာ့ကြောင့် ယခုလိုလုပ်သလဲကိုပင် သူမသိပေ။ဒါပေမဲ့... ကျန်းကျန့်က သူ သူတို့ကို ကူညီနေတာလို့ပြောခဲ့တယ်လေ...
“တကယ်လို့ သူ့လူတွေ သေတာကို မမြင်ချင်ဘူးဆိုရင် ဒီနှစ်ခုအတွက် သုံးလို့ရတဲ့ ဆေးတချို့ ငါ့မှာရှိတယ်...ဒါကြောင့် ဒီအရာတွေနဲ့ မရှုပ်ပါနဲ့”
သမားတော်က ရေနွေးထဲစိမ်ထားသည့် အပ်နှင့် အပ်ချည်တို့ကို ယူတော့မည်ပြုသည်။
"ပြီးတော့ မင်းဘာလို့ ဒါကိုချက်နေတာလဲ...မင်း ဒီမီးဖိုကို ယူပြီး ဆေးနည်းနည်းပြုတ်တာ ပိုကောင်းတယ်”
"မထိနဲ့"
ကျောက်ကျင်းကောက သမားတော်ကို အလျင်အမြန် တာလိုက်သည်။ကျန်းကျန့်က ဤအရာကို မထိရ မဟုတ်လျှင် ညစ်ညမ်းစေလိမ့်မည်ဟု ပြောခဲ့သည်။ ထို့အပြင် သမားတော်၏ လက်တွေမှာ သွေးတွေနှင့် စွန်းထင်းနေသည်။
သမားတော် သူ့မှာ ဤလူတွေအပေါ်လုံလောက်အောင်ကောင်းသည့် သဘောထားရှိသည်ဟု ထင်ခဲ့ပေမဲ့ သူတို့က သူ့ကြင်နာမှုကို ထပ်ခါထပ်ခါ ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထာစခဲ့ပါချေ။
ထိုအချိန်တွင် ကျောက်ကျင်းကောက သူအဆိပ်ခတ်မည်ကို ကြောက်ရွံ့နေသကဲ့သို့ဖြစ်နေသဖြင့် ရုတ်တရက် အနည်းငယ် ဒေါသထွက်လာသည်။
"ဟုတ်တယ်...သူက လူတွေကို ကယ်နေတာ"
“ဒီလူတွေကို သူဘယ်လိုကယ်တင်နိုင်မလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်... လူကောင်းတစ်ယောက်ကို မသတ်ပါနဲ့" ထိုသို့ပြောပြီးနောက် သမားတော်က လှည့်ထွက်သွားသည်။
"ခဏစောင့်ပါဦး"
ကျောက်ကျင်းကောက ထိုလူကို အမြန်ဆွဲလိုက်သည်။
“သမားတော်ဟူ...ကျွန်တော်တို့မှာ ကုသရမဲ့ ဒဏ်ရာရသူတွေ ရှိတယ်”
"မင်းတို့တွေ သူတို့ကို ကိုယ့်ဘာကိုယ်ကုနိုင်တယ်မဟုတ်ဘူးလား"
သမားတော်၏ လေသံက အတော်လေးဆိုးရွားနေသည်။
ကျောက်ကျင်းကော ရှက်သွားသည်။ကျန်းကျန့်က သမားတော်တစ်ယောက်မဟုတ်ပါချေ. . .
“သမားတော်ဟူ... သူတို့ကို ကြည့်လိုက်ပါ” ကျန့်ရီက ပြောလိုက်သည်။
သမားတော်ဟူက မကျေနပ်မှုအပြည့်ရှိနေဆဲဖြစ်သော်လည်း ကျန့်ရီကပြောသောကြောင့် ဤလူကို ရောဂါရှာဖွေကုသရန်သာ တတ်နိုင်ခဲ့သည်။
ဒဏ်ရာသည် ဆေးဝါးအပေါ်တွင် အဓိကမူတည်ပြီး ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း နှစ်မျိုးလုံးရှိသည်။ ဒေါက်တာဟူက ဆေးကိုထုတ်ကာ လူများကို မည်သို့အသုံးပြုရမည်ကို သင်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းကျန့်က ထိုနှစ်ယောက်အတွက် ဒဏ်ရာများကို ချုပ်ပြီးပြီဖြစ်ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
ကျန်းကျန့် ယခုလေးမှ ရောက်လာသော သမားတော်အကြောင်းကို သိသော်လည်း ဒဏ်ရာများကို ချုပ်ရန် အာရုံစိုက်နေသောကြောင့် ထိုစကားများကို ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။ယခု သူတို့နှစ်ဦး၏ ဒဏ်ရာတွေကို နောက်ဆုံးမှာ ချုပ်ပြီးပြီဖြစ်သဖြင့် သူက သမားတော်ဟူကိုပြောလိုက်သည်။
“ဒေါက်တာဟူ... ကျေးဇူးပြုပြီး သူတို့ရဲ့ ဒဏ်ရာတွေကို ဆေးနည်းနည်း လိမ်းပေးပါ”
ဒဏ်ရာများကို ချုပ်ထားသော်လည်း ၎င်းတို့ကို ဆေးဝါးအချို့ ထပ်မံလိမ်းခြင်းသည် အကောင်းဆုံးဖြစ်သည်။
“မင်းက လူတွေကို ကယ်တင်နိုင်စွမ်းရှိတယ်မဟုတ်ဘူးလား...ငါ့ဆေးကို ဘာလို့ ထပ်လိုချင်တာလဲ"
သမားတော်ဟူက လှောင်ပြောင်သည်။
ကျန်းကျန့် ကြောင်သွားပြီး သူကပြောလိုက်၏။
“ကျုပ်က လက်သင်ပါ”
သမားတော်ကို စိတ်ဆိုးအောင်မလုပ်သင့်ပေ. . .
"မင်းက ကိုယ့်ကိုကိုယ်သိသားပဲ"
သူကျန်းကျန့်အတွက်ရှိနေသည်ကြောင့်မဟုတ်လျှင် သင်္ဘောပေါ်ကလူတွေအားလုံး သေသွားလောက်ပြီဟုတွေးနေသော သမားတော်ဟူကပြောလိုက်သည်။
"တစ်ယောက်ယောက်ကို လိမ်းခိုင်းလိုက်ပါ...ငါ့မှာ ဆေးအများကြီးမရှိဘူး...ချွေချွေတာတာသုံး"
ကျန်းကျန့်က ခေါင်းညိတ်ပြပြီး ဟယ်ညီအကိုကို ဆေးပေးလိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးနားရှိ အမျိုးသား၏လက်တစ်ဖက်တွင် အပေါက်တစ်ခုကို တွေ့လိုက်ရသည်။ သွေးအနည်းငယ်ထွက်နေသဖြင့် သူကလက်ယက်ခေါ်လိုက်သည်။
“လာပါဦး...မင်းဒဏ်ရာကို ငါချုပ်ပေးမယ်"
ခုနက ဒဏ်ရာတွေကို ချုပ်ပြီးသည်နှင့် ခံစားချက်ကို ပြန်လည်ရှာတွေ့ခဲ့ပြီး တခြားသူတွေကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။
"အာ"
ထိုလူက ကျန်းကျန့်ကို ကြောင်တောင်တောင် ကြည့်သည်။သမားတော်ဟူက သူ့ကိုနေကောင်းနေတုန်းပဲဟုပြောသည်။သူလက်သင်သမားတော်တစ်ယောက်၏ လူနာမဖြစ်ချင်ပေ. . .
"အဓိပ္ပါယ်မရှိ"
သမားတော်ဟူ ဒေါသထွက်လာပြန်သည်။
“သူတို့က လူတွေ၊ အဝတ်အစားတွေ မဟုတ်ဘူး... ငါ မင်းကို အပ်နဲ့ ဘယ်လိုလုပ် ချုပ်ခွင့်ပြုလို့ဖြစ်မှာလဲ"
ကျန်းကျန့်က သမားတော်ဟူကို စိတ်မ၀င်စားပါချေ။သူ့လက်ကို ဆပ်ပြာနှင့် ပြန်ဆေးပြီး ပြုတ်ထားသည့် အပ်နှင့်အပ်ချည်ကို အစားထိုးပြီး ထိုလူတွေကိုကြည့်လိုက်သည်။
"ချုပ်ချင်လား"
ကျန်းကျန့်၏လက်ထဲက အပ်က ချွန်ထက်နေပုံပင်။ထိုလူက ကျန်းကျန့်ကို ခွင့်မပြုဝံ့သော်လည်း ကျန်းကျန့်၏မျက်နှာကိုမြင်ပြီးနောက် သူ မသိစိတ်ဖြင့်ပြောလိုက်မိသည်။
"ဟုတ်"
သူ့ပါးစပ်မှ စကားထွက်လာသည်နှင့် တပြိုင်နက် သူ အနည်းငယ်နောင်တရသွားသော်လည်း အံကိုတင်းတင်းကြိတ်၍သာ ကျန်းကျန့်ရှေ့မှာ ဝင်ထိုင်နေလိုက်သည်။
အကြိမ်အနည်းငယ်လောက် ချုပ်ရတာပါ...အဆင်ပြေလောက်မှာပါနော်...
သူ့မျက်နှာမှာ ရှုပ်ယှက်ခတ်နေသော်လည်း ကျန်းကျန့် ဒဏ်ရာပေါ်မှာ အညစ်အကြေးမရှိသည်ကို တွေ့ပြီးနောက် သူ့ဒဏ်ရာကို အမြန်ချုပ်လိုက်သည်။
ဒဏ်ရာကို ချုပ်သည်က နာကျင်ပြီး ဒဏ်ရာရသည့်လူက မနေနိုင်ဘဲ ညည်းညူရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။သို့ပေမဲ့ ဒဏ်ရာကို ချုပ်ပြီးနောက် အရင်ကလို သွေးမထွက်တော့ဘူးဆိုသည်က ငြင်း၍မရပါချေ။
ကျန်းကျန့် လှုပ်ရှားနေခြင်းကိုရပ်ပြီး ကျန့်ရီကိုကြည့်လိုက်သောအခါ ကျန့်ရီ၏ အတွေးများနေသောပုံစံ တွေ့လိုက်ရသည်။
"ကျန်းကျန့်... ဒါက လူတစ်ယောက်ကို တကယ်ကယ်နိုင်ပါ့မလား"
ကျန့်ရီက မေးသည်။
"သခင်လေးကျန့်... အဲဒါကို ကျုပ် အာမမခံနိုင်ဘူး... ဒါပေမဲ့ သင်္ဘောပေါ်မှာ ပိုကြီးပြီး ပိုနက်တဲ့ ဒဏ်ရာတွေ ရှိရင် အနည်းဆုံးတော့ သွေးထွက် နည်းအောင် ချုပ်ပေးနိုင်ပါတယ်"
ကျန်းကျန့်က ပြောလိုက်သည်။
ယခုအချိန်မှာ သူအတော်လေး ပင်ပန်းနေပေမဲ့ လူတွေသေနေသည်ကိုမြင်သောအခါ သူမနေနိုင်ပေ။
"သခင်လေးကျန့်...ဖန်ပင်းက ကျန်းကျန့်ကို သူ့ကို ချုပ်ပေးစေချင်နေတယ်"
အသံတစ်ခုထွက်လာပြီး မကြာခင်မှာပဲ သင်္ဘောစောင့်တစ်ယောက်က နောက်တစ်ယောက်နှင့် ရောက်လာသည်။
အစောင့်တွဲထားသူမှာ ဖန်ပင်း ဖြစ်သည်။ အရင်က ဗိုက်မှာ အလှီးခံရပြီး ကလေးမရသေးဘဲ သေမည်ဟု တွေးနေခဲ့သည့် သူနှင့်အတူတူပါပင်။
"ဖန်ပင်း မင်း ရူးနေလား"
ဖန်ပင်းက လုတ၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ကျန်းကျန့်အား သူ့ဒဏ်ရာကို ချုပ်ခိုင်းရန် ဤမျှအဝေးကြီး လျှောက်လာနေသည်ကို တွေ့လိုက်ရသောအခါ လုတ၏ မျက်နှာက မယုံကြည်နိုင်ဖြစ်သွား၏။
“ငါ . . . ချုပ်ချင်တယ်”
ဖန်ပင်းက ခက်ခက်ခဲခဲပြောသည်။
ထိုမတိုင်ခင်က သမားတော်ဟူက သူ့အနေဖြင့် မျှော်လင့်ချက်မရှိဟု ပြောခဲ့သည်။မည်သို့ပင်ဖြစ်စေ သူက သူ့ဗိုက်မှာ ဒဏ်ရာကြီးကြီးမားမားရထားသည်မဟုတ်ပါလော။
အမှန်တွင် ကျန်းကျန့်က လူတွေကို ကယ်တင်နိုင်မည်ဟု သူ မယုံပေမဲ့ ကျန်းကျန့်က သူ့ကို ချုပ်ပေးလိုက်လျှင် အနည်းဆုံး သူ့အူတွေ ထွက်ကျမှာ မဟုတ်ပေ။
"မင်းကိုယ်တိုင်တောင်းဆိုနေမှတော့ ငါမင်းကိုတားမှာမဟုတ်ဘူး"
လုတ ဖန်ပင်းကို မကျေမနပ်ဖြင့် ကြည့်နေသည်။
ကျန်းကျန့် ၎င်းကိုကြည့်လိုက်ရာ ဖန်ပင်းက ကံကောင်းသည့်အပြင် သူ၏အတွင်းအင်္ဂါများကိုလည်း မထိခိုက်သွားကြောင်း တွေ့ရှိခဲ့သည်။
တွေးကြည့်လျှင် သူ့အတွင်းအင်္ဂါတွေကို တကယ်ထိခိုက်သွားမည်ဆိုပါက သူဤမျှလောက်ကြာအောင် မနေနိုင်မှန်းသေချာသည်။အစာအိမ်ထဲမှာ အရေးပါသည့် သွေးကြောတွေ မရှိပါချေ။ သူ့ဗိုက်မှာ အပေါက်တစ်ခုပဲရှိနေလျင် ခဏလောက်ကြာအောင် သေမှာမဟုတ်ပေ။ အမှန်တွင် ဤလူက သူ့လူနှစ်ယောက်ထက် ပိုအခြေအနေကောင်းသည်။အနည်းငယ်ပေါ့...
ကျန်းကျန့်က ဖန်ပင်းကို ချုပ်ပေးခဲ့ပြီး ထိုအချိန်တွင် ဝမ်ဟိုင်ရှန်းနှင့် အခြားသူများသည် ဟယ့်ရှီမှ ဒဏ်ရာပြင်းထန်စွာရသော လူနှစ်ဦးအား ဆားနှင့် သကြားများ တိုက်ကျွေးပြီး ဆေးပွတ်ပေးကြသည်။
"သူတို့ကို သကြားပါတဲ့ရေကျွေးရင်တောင် ဆားထည့်ဖို့ ဘာကြောင့်လိုအပ်တာလဲ"
တစ်စုံတစ်ယောက် ပဟေဠိဖြစ်ခဲ့သည်။
“ဆားစားတာက မင်းကို ခွန်အားဖြစ်စေတယ်...ဆားနဲ့ သကြားပါတဲ့ ရေက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပဲ... ငါ့မိန်းမဆို နေ့တိုင်းသောက်တယ်"
ဝမ်ဟိုင်ရှန်းက မေးခွန်းမေးသူအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ပထမတုန်းက ကျန်းကျန့်က စန်းရှောင်ရှန်းကို ဆားနှင့်သကြားပါသည့်ရေသောက်ခိုင်းခဲ့ပြီး ထိုကတည်းက ဆားနှင့်သကြားပါသည့်ရေက ကောင်းသည်ဟု သူဆုံးဖြတ်လိုက်သည်။
ဝမ်ဟိုင်ရှန်းပတ်ပတ်လည်က လူတွေက သတင်းကို ခေါင်းတညိတ်ညိတ်လုပ်ကာ ဆားနှင့်သကြားပါသည့်ရေက ကောင်းသည်ဟု အကုန်လုံး ဆုံးဖြတ်လိုက်ကြ၏။ သို့သော် ကျန်းကျန့် ၎င်းကိုကြားလိုက်သောအခါ သူ့နှုတ်ထောင့်များ လှုပ်သွားသည်။
သို့သော်လည်း မကြာမီတွင် သူ့မှာ ထိုအကြောင်းကို စဉ်းစားရန် အချိန်မရှိခဲ့ဘဲ ဖန်ပင်းကိုချုပ်ပေးရာတွင် အာရုံစိုက်ခဲ့သည်။
ကျန်းကျန့် ဒဏ်ရာကို ချုပ်နေစဉ်တွင် သင်္ဘောကြီးများတချို့ကဆိုက်ကပ်ပြီး ကမ်းစပ်တွင် ရပ်တန့်နေပြီဖြစ်သည်။ မိုးလင်းနေလေပြီ။
ဤအချိန်တွင် အမြန်ထွက်ခွာရန်က ကျိုးကြောင်းဆီလျော်သော်လည်း ဓားပြများ အားလုံးက ပြန့်ကျဲသွားကာ အခြားသင်္ဘောပေါ်ရှိ သင်္ဘောသား အများအပြား သေဆုံးခဲ့ကြသည်။ သင်္ဘောများစွာသည် ခဏလောက် ရွက်လွှင့်ခြင်းမပြုနိုင်သောကြောင့် ကျန့်ရီ ဤအချိန်ကို ပြန်လည် ပြုပြင်ရန်သာ အချိန်ယူခဲ့သည်။
ထို့အတွက်ကြောင့် သင်္ဘောတချို့မှ ဒဏ်ရာရသူအားလုံးကို သမားတော်ဟူနှင့် ၎င်း၏လက်အောက်ငယ်သားများ ကုသပေးနေသည် ပင်မသင်္ဘောကုန်းပတ်သို့ ပြောင်းရွှေ့ခဲ့သည်။
ဒဏ်ရာရရှိသူအားလုံးတွင် မတူညီသော ဒဏ်ရာများ ရှိပြီး တစ်ဒါဇင်ကျော်သည် သမားတော်ဟူ၏ မျှော်လင့်ချက် ကင်းမဲ့သည်ဟု ယူဆခြင်းခံခဲ့ကြရသည်. . .
ကျန့်ရီ ဖန်ပင်း၏ ဒဏ်ရာကို ချုပ်ပေးနေသော ကျန်းကျန့်ကို ကြည့်ပြီး ကျန်းကျန့်အား ဒဏ်ရာများ ချုပ်ပေးစေလိုခြင်း ရှိ၊ မရှိ ထိုလူများကို မေးမြန်းရန် သူ့လူ တစ်ယောက်ကို စေလွှတ်လိုက်သည်။
ထိုလူအချို့သည် သတိရှိနေသေးသော်လည်း အများစုမှာ သတိလစ်နေပြီဖြစ်သောကြောင့် ၎င်းတို့ပတ်ဝန်းကျင်ရှိလူများကသာ ဆုံးဖြတ်ချက်ချနိုင်သည်။
“သူက လုံးဝ သမားတော် မဟုတ်ဘူး... လူတွေကို တကယ်ကုသပေးနိုင်မလား”
“အစ်ကို့ကိုကြိုးစားကြည့်ခိုင်းရအောင်”
“ငါ့အစ်ကိုက သေနေပြီ...သူ့ကို အဲဒါမခံစားခိုင်းတာ ပိုကောင်းပါတယ်”
.....
ထိုလူတွေမှာ စိတ်ကူးတွေ အမျိုးမျိုးရှိပေမဲ့ စမ်းကြည့်ချင်သူတွေ အများကြီးရှိပါသေးသည်။ကျန်းကျန့်၏ ပထမဆုံးလူကို ချုပ်ပြီးချိန်မှာတော့ ခါးမှာ ဒဏ်ရာရှိသည့် အမျိုးသားက အသက်ရှုမဝတော့ပေ။
ထိုလူ၏ ဒဏ်ရာမှာ အနည်းငယ်ပြင်းထန်ပြီး ဒဏ်ရာမှာ ကုသခြင်းမခံရမီအချိန်အတော်ကြာခဲ့သည်။
ဓားသည် လုံလောက်စွာ မထက်မြက်ဘဲ သူ၏ အတွင်းအင်္ဂါများကို မထိခိုက်စေသော်လည်း သွေးများစွာ ဆုံးရှုံးခဲ့သည်. . .
ခဏလောက် အကြောဆွဲပြီး ငြိမ်သွားသည်။
ဝမ်ဟိုင်ရှန်းက ဆားနှင့်သကြားရေကို ကိုင်ပြီး အနည်းငယ်ကျွေးချင်ပေမဲ့ ယခုလိုအဖြစ်မျိုးကြုံရမည်ဟု မမျှော်လင့်ထားသောကြောင့် ခဏလောက် အေးခဲသွားသည်။
ကျန်းမင် နှင့် ဟယ့်ရှီမှလူအချို့သည် မနေနိုင်ဘဲရင်နင့်သွားကြသည်။
ကျန်းကျန့်အား သူတို့ကို ဒဏ်ရာကို ချုပ်ပေးစေချင်သူ တော်တော်များများက ချက်ချင်း တုံ့ဆိုင်းသွားကြသည်။
ထိုအချိန်တွင် ကျန်းကျန့်က ဖန်ပင်း၏ဗိုက်ကို ချုပ်ရန်ပဲ ကူညီပေးခဲ့သည်။
မနေ့ညက အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် ကျန်းကျန့် အလွန်ပင်ပန်းနေပြီဖြစ်သည်။ယခုအခါ ကုန်းပတ်ပေါ်တွင်ငုတ်တုတ်ထိုင်ကာ အခြားသူများကို ဒဏ်ရာများ ချုပ်ပေးပြီးနောက် တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။
မတ်တတ်ထရပ်ပြီး ခြေလက်တွေရွှေ့ကာ တစ်ယောက်ယောက်ကို စားပွဲနှစ်လုံးယူလာခိုင်းပြီးမေးသည်။
“အနာကို ချုပ်ချင်တာ ရှိသေးလား”
လူအများစုက တုံ့ဆိုင်းသွားကြသည်။
ကျန်းကျန့်က သူတို့ရဲ့ ဒဏ်ရာကို ချုပ်ပေးလိုက်လို့ သူတို့မြန်မြန်သေသွားရင်ဘယ်လိုလုပ်မလဲ...
ကျန်းကျန့် သူတို့ကို ကြည့်လိုက်သောအခါ သူတို့၏ဒဏ်ရာတွေကို ချုပ်ရန် လိုအပ်နေသည် လူ နှစ်ဆယ် သုံးဆယ်လောက် ရှိနေသည်ကို တွေ့လိုက်ရသည်။သူ သူတို့အားလုံးကို မကယ်တင်နိုင်ဘူးဆိုသည် သူကောင်းကောင်းသိ၏၊ ထို့ကြောင့် ထိခိုက်မှုပိုနည်းသည့်လူတစ်ယောက် ရိုးရိုးရှင်းရှင်းကြည့်ပြီးပြောလိုက်သဘ်။
“မင်းအတွက် ဒဏ်ရာကို ချုပ်စေချင်လား”
ထိုလူက ခေါင်းကို တဆတ်ဆတ်ခါလိုက်သည်။
“သမားတော်ဟူက ငါ့ကို ကယ်တင်နိုင်သေးတယ်တဲ့"
သူ့မှာ ဒဏ်ရာအကြီးကြီးရှိပေမဲ့ သမားတော်ဟူက သူ့ကို ဆေးပေးပြီး ကယ်တင်နိုင်သေးသည်ဟု ပြော၏။ သေချာသည်ပင်၊ သူ ကျန်းကျန့်ကို သူ့ဒဏ်ရာတွေကို လာမကလိစေချင်ပေ။
သမားတော်ဟူဘေးက ကောင်လေးက သူ့ကို ပတ်တီးပတ်ပေးရန် စောင့်နေသည်။
ချုပ်ရန် လိုအပ်သော်လည်း ၎င်းတို့၏ ဒဏ်ရာများမှာ အနည်းငယ်သာ ရှိပြီး အသက်မသေနိုင်သော သူများသည် ၎င်းတို့အား ကျန်းကျန့်ကိုကူညီကုသခိုင်းရန် ဆန္ဒမရှိကြပေ။ကျန်းကျန့်အတွက် အပြင်းအထန်ဒဏ်ရာရသူများအတွက် ဒဏ်ရာများကို ဆက်လက်ချုပ်ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။