Chapter 99
:ကျန်းကျန့်၏ ဆေးပညာ
ကျောက်ကျင်းကောလည်း ၎င်းကို ယောင်ဝါးဝါးခံစားခဲ့ရပြီး အနည်းငယ်ပျော်ရွှင်မိသွားရသည်။သို့ပေမဲ့ မကြာခင်မှာပဲ သူက ၎င်းကိုဖိနှိပ်ပြီး သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြတွေနှင့် စတင်တိုက်ခိုက်ခဲ့သည်။ သူ့လက်တွေ နာကျင်နေချိန်မှာပင် သူ့လက်ထဲက ဝါးလုံးကို မချခဲ့ပေ။
ပင်မသင်္ဘောပေါ်ကိုတက်ခဲ့သည့် ပင်လယ်ဓားပြတွေက များစွားကျန်မနေပေ။ထို့အပြင် ကျန့်ရီကို စောင့်ကြပ်ပေးခဲ့သော လုတနှင့်သူ၏လူများ တိုက်ပွဲတွင် ပါဝင်လာသောကြောင့် မကြာမီတွင် သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများအားလုံးကို ရှင်းထုတ်နိုင်ခဲ့သည်။
ထိုအချိန်တွင် မြစ်ထဲရှိ ပင်လယ်ဓားပြ များအားလုံးနီးပါး ဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့၏ပင်မသင်္ဘော မီးလောင်သွားသော်လည်း ရံဖန်ရံခါ ထိုနေရာမှ သတင်းအချို့ ထွက်ပေါ်နေဆဲဖြစ်သည်။
ကျန့်ရီ သက်ပြင်းချလိုက်သည်။ သူက တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန် သူ၏လူများကို စတင်ညွှန်ကြားခဲ့ပြီး လူတအား အနီးနားရှိ သင်္ဘောများစွာကို ထောက်ကူရန် လူများကို ခေါ်သွားခိုင်းခဲ့သည်။
အရင်က လူတိုင်းက ကြောက်ရွံနေပြီး သင်္ဘောပေါ်မှာ အော်ဟစ်သံကလွဲ၍ ဘာမှမရှိပေမဲ ယခုမူ. . .
"စန်း...ထပါ...လောင်စန်း.... ” သင်္ဘောသားတစ်ယောက်သည် အခြားသင်္ဘောသားတစ်ဦးကို ပွေ့ဖက်ကာ အထပ်ထပ်အခါခါ အော်ဟစ်နေ သည်။
သူပွေ့ထားသည့်က သင်္ဘောသားက လည်ပင်းကို အလှီးခံထားရသည်။သူ့ခေါင်းက ပြုတ်မသွားပေမဲ့ ဟိုးအရင်ကတည်းက သွေးတွေထွက်နေသောကြောင့် ဤငိုသံကို တုံ့ပြန်ရန်က သဘာဝအတိုင်း မဖြစ်နိုင်ပေမဲ့ သူ့ရဲဘော်က သူ့ခေါင်းကို ထပ်ခါထပ်ခါ ပြန်မတ်အောင်ကြိုးစားနေသည်။
အချိန်အတော်ကြာပြီးသည့်တိုင် သူ ကောင်းအောင်မလုပ်နိုင်ဆဲဖြစ်ပြီး ထိုလူကို ပွေ့ဖက်ကာ ဝမ်းနည်းစွာ ငိုတော့သည်။
မီးဖိုချောင်ရှိ အစားအသောက်ထည့်ပေးရေးတာဝန်ခံ ဆယ်ကျော်သက်လေးက လှေအစွန်းတွင် ခုန်ကာ မည်းမှောင်နေသော မြစ်ဆီသို့ဦးတည် အော်ဟစ်နေသည်။
“အဖေ...အဖေ့...အဖေ...ကျွန်တော့်ကိုထူးပါဦး...အဖေ့..."
ပြောင်းလဲခြင်း၏ အလယ်တွင်ရှိနေပြီဖြစ်သော သူ့အသံသည် ပို၍ပို၍ပင် ကျယ်လောင်လာကာ ထိုအော်ဟစ်မှုကြောင့် အသံကပြာနေပြီဖြစ်သော်လည်းညသူ ထပ်ခါထပ်ခါ အော်နေဆဲဖြစ်သည်။ကံမကောင်းစွာပဲ သူ့အတွက် အရသာရှိသည့် အစားအစာတချို့ကို တိတ်တဆိတ် ချန်ထားပေးတတ်သည့် ဝတုတ်တုတ်စားဖိုမှုးကြီးက
ယခုအချိန်မှာ"လိမ္မာတဲ့ကောင်လေး"ဟု သူ့ကို ခေါ်ရန် မဖြစ်နိုင်တော့ပေ။
ယခင်က ကျောက်ကျင်းကောကို နှောက်ယှက်ခဲ့ဖူးသော လုတ၏လူတစ်ယောက်သည် ပင်လယ်ဓားပြများနှင့် တိုက်ခိုက်သောအခါတွင် ဗိုက်ပွင့်သွားခဲ့ပြီး ယခုအခါတွင် အူများ ထွက်ကျနေ ခဲ့သည်။သူ့ဗိုက်ကိုအုပ်ပြီး နာကျင်စွာ ငိုကြွေးနေသည်။သူ့အဖော်တွေက သူ့ကိုအဖော်ပြုနေကြပေမဲ့ သူက ဆက်ငိုရုံသာတတ်နိုင်လေသည်။
“မင်းပြန်သွားပြီး ငါ့မိန်းမကို လက်ထပ်ဖို့ နောက်တစ်ယောက်ရှာဖို့ပြောလိုက်ပါ ...ငါတို့မှာ ကလေးတောင် မရှိသေးဘူး... ငါသေတော့မယ်...မတန်ဘူး ...ငါ... ”
သူ့ဗိုက်ကို အုပ်ထားသည့်လူက ပြောပြီး ငိုပြန်သည်။
ပင်မသင်္ဘောပေါ်တက်သည့် ဓားပြတွေ အများကြီးမရှိခဲ့သလို ကျောက်ကျင်းကော၏ လူတွေက အားလုံး တစ်စုတည်းနေခဲ့ကြပြီစ သေဆုံးသူ တစ်ယောက်မှ မရှိပေမဲ့ အများအပြား ဒဏ်ရာရခဲ့သည်။
၎င်းတို့အနက်မှ အဆိုးရွားဆုံးမှာ မကြာသေးမီက ကျန်းကျန့်၏အဖွဲ့တွင် ပါဝင်ခဲ့သည့် ဟယ့်ရှီမှ ရွာသားနှစ်ဦးဖြစ်ပြီး သူတို့က လူမိုက်များထက် သာမန်လယ်သမားများသာဖြစ်သည်။ ယခုတစ်ကြိမ်တွင် တိုက်ပွဲအတွေ့အကြုံရှိသူများနှင့် လက်တွဲရန် စီစဉ်ခဲ့သော်လည်း ရှုပ်ထွေးမှုများကြောင့် ဒဏ်ရာရရှိနေဆဲဖြစ်သည်။
တစ်ယောက်က သူ့ခါးနားမှာ ဓားနှင့်ထိုးခံရပြီး သွေးတွေမရပ်သလို၊ နောက်တစ်ယောက်က သူ့ခြေထောက်ကို အခုတ်ခံထားရပြီးနက်လွန်း၍ အရိုးတွေပင် မြင်နေရသည်။
ကျောက်ကျင်းကောက အရာအားလုံး ပြီးသွားသောအခါမှ ဤအရာကို တွေ့ရှိခဲ့သည်။ သူ အံ့အားသင့်သွားပြီး အရင်က သူ့ကို ကုသပေးခဲ့သည့်သမားတော်ကို ချက်ချင်းသွားခေါ်လိုက်သည်။
"ဒါက မျှော်လင့်ချက်မရှိဘူး"
သမားတော်က ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်ကာ တွေးမနေဘဲ ပြောလိုက်သည်။
အခြေခံအားဖြင့် ယခုလိုဒဏ်ရာတွေက မကယ်တင်နိုင်ပါချေ။၎င်းတို့ကို ကယ်တင်ရန် ကြိုးစားသော်လည်း ဆေးဖက်ဝင်ပစ္စည်းများကို ဖြုန်းတီးခြင်းသာ ဖြစ်လိမ့်မည်။
တစ်နည်းဆိုရသော် ဒဏ်ရာအနည်းငယ်ရှိသော လူနာများသည် ၎င်းတို့ကို ပတ်တီးစည်းပြီးနောက် အသက်မရှင်နိုင်ပေ။
ကျန်းကျန့် ၏လူအချို့သည် ချက်ချင်းပင် ငိုကြွေးနေကြသော်လည်း ထိုသူနှစ်ဦးမှာ ကြောင်တက်တက်ဖြစ်ကာ စကားမပြောနိုင်ပေ။
သူတို့နှစ်ယောက်လုံးက ကျောက်ကျင်းကောနှင့်တစ်ရွာတည်းသားတွေဖြစ်၏။သူတို့သေတော့မည်ဟု ရုတ်တရက်ကြားလိုက်သည့်အခါ ကျောက်ကျင်းကော ဣန္ဒြေမဆည်နိုင်ဘဲ သူ့မျက်နှာက ဖြူဖျော့သွားသည်။
တိုက်ပွဲက နှစ်နာရီနီးပါးကြာသွားခဲ့သည်။နွေအစောပိုင်းဖြစ်၍ နံနက်အလင်းရောင်သည် အရှေ့အရပ်၌ စတင်ထွန်းလင်းနေပြီဖြစ်သည်။
ကျန့်ရီ၏ အစေခံကောင်လေးက ကျန့်ရီ၏ အမိန့်အတိုင်း လူတွေကို နှစ်သိမ့်ရန် ရောက်လာသည်။ မနက်ခင်းအလင်းရောင်အောက်မှာ ကျောက်ကျင်းကော၏ အရုပ်ဆိုးနေသော မျက်နှာကိုမြင်သောအခါ သူကပြောလိုက်သည်။
"သေဆုံးသူအားလုံးအတွက် သခင်လေးကျန့် သူတို့မိသားစုကို ငွေငါးဆယ်ပေးမယ်...ကျန်းကျန့်က ကောင်းမွန်စွာလုပ်ဆောင်ခဲ့လို့ မူလညှိနှိုင်းထားတဲ့ ဆုကြေးထဲကို နောက်ထပ်ငွေငါးရာ ထပ်ထည့်မယ်လို့သခင်လေးကျန့်က ပြောပါတယ်"
ကျောက်ကျင်းကောက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ မပြော။သူ ထိန်းထားရန် ကြိုးစားနေပေမဲ့ ယခု . . .
သိပ်သည်းသော သွေးနံ့က ကျောက်ကျင်းကောကို မအီမသာဖြစ်စေပြီး သူ့ပတ်ဝန်းကျင်ရှိလူများ၏ အော်ဟစ်ငိုကြွေးသံများသည်လည်း သူ့ကို ပျို့အန်ချင်သလိုပစ်စေကာ ပျာယာခတ်သွားစေ၏။
ထို့အပြင် ကျန်းကျန့်က ပြန်ရောက်မလာသေးသည့်အတွက် သူဘယ်လိုနေလဲ သူမသိ။
"လှေတစ်စင်း လာနေပြီ" တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
ကျောက်ကျင်းကော သင်္ဘောစွန်းသို့ အမြန်သွားခဲ့ကာ လှေတစ်စင်း လာနေသည်ကို သတိပြုမိလိုက်သည်။
ပင်မသင်္ဘောပေါ်ရှိလူများသည် ထိုပင်လယ်ဓားပြများကြောင့် ကြောက်လန့်ကာ သတိထားနေကြ သော်လည်း ကျောက်ကျင်းကော လှေပေါ်တွင်ရပ်နေသောလူကို ချက်ချင်းခွဲခြားသိမြင်သွားခဲ့သည်။
"ဒါ ကျန်းကျန့်ပဲ"
ကျောက်ကျင်းကောက သင်္ဘောဘေးစွန်းသို့သွားကာ စိတ်လှုပ်ရှားစွာ အောက်ကိုငုံ့ကြည့်လိုက်သည်။
ပြန်လာသူမှာ အမှန်ပင် ကျန်းကျန့် ဖြစ်သည်။
ထိုပင်လယ်ဓားပြခေါင်းဆောင်ကို ဖမ်းမိပြီးနောက် ကျန်းကျန့် ထိုပင်လယ်ဓားပြများကို ခြိမ်းခြောက်ရန် သူ့ကို အသုံးပြုလိုသော်လည်း မကြာမီမှာပင် ၎င်းသည် အကြံကောင်းမဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။ အဓိက အကြောင်းအရင်းမှာ အခြေအနေက ကမောက်ကမ ဖြစ်လွန်းနေသောကြောင့်နှင့် လူတိုင်းက သူတို့၏ ဘာသာစကားကို ကောင်းကောင်း နားမလည်ကြ၍ပါပင်။ ထို့အပြင် ထိုပင်လယ်ဓားပြများသည် ၎င်းတို့၏ခေါင်းဆောင်ဖြင့် မခြိမ်းခြောက်မီ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်. . .
ထို့ကြောင့် ပင်လယ်ဓားပြခေါင်းဆောင်က အသုံးမဝင်တော့သည့်အတွက် ကျန်းကျန့် သူ့ကို သတ်ပစ်ချင်သော်လည်း သူဖမ်းမိထားသော ပင်လယ်ဓားပြခေါင်းဆောင်မှာ သစ္စာရှိသော လက်အောက်ငယ်သားအချို့လည်းရှိနေကြောင်း ရုတ်တရက် တွေ့လိုက်ရပြီး ၎င်းတို့အားလုံးသည် ရဲရင့်ပြီး အတိုက်အခိုက်ကောင်းကြသည်။
ကျန်းကျန့် ပင်လယ်ဓားပြခေါင်းဆောင်ခေါ်ပြီးဤလူများနှင့် တိုက်ခိုက်ရန်သာတတ်နိုင်ခဲ့ပြီး ပြန်လာရန် အချိန်များစွာ ယူခဲ့ရသည် ။
သင်္ဘောပေါ်မှ ကျောက်ကျင်းကော၏အသံကိုကြားသောအခါ ကျန်ူကျန့် စိတ်သက်သာရာသွားရပြီး လှေငယ် သင်္ဘောကြီးနှင့် လုံးဝနီးကပ်မလာမီတွင် သူ လှေဦးမှခုန်ပြီး ကြိုးလှေခါးကိုဆွဲကိုင်ကာ အပေါ်ကိုတက်သွားခဲ့သည်။
"ကျင်းကော မင်းအဆင်ပြေရဲ့လား" သင်္ဘောပေါ်တက်ပြီးသည်နှင့် ကျန်းကျန့်ကက စိုးရိမ်တကြီးမေးလိုက်၏။
"ကျွန်တော် အဆင်ပြေပါတယ်"
ကျောက်ကျင်းကော ထိုသို့ပြောပေမဲ့ သူ့မျက်လုံးတွေကျိမ်းနေသည်။
ကျန်းကျန့်ကိုမြင်လိုက်ရသောအခါ သူဖိနှိပ်ထားသည့် စိုးရိမ်ကြောက်ရွံ့နေသော ခံစားချက်တွေ ထွက်လာ၏။
ကျန်းကျန့် ကျောက်ကျင်းကောကိုကြည့်လိုက်သောအခါ သူတကယ်အဆင်ပြေနေကြောင် သူသိလိုက်ရသည်။
“မင်း အဆင်ပြေတာကောင်းတယ်"
"ကျန်းကျန့်...တစ်ယောက်ယောက်သေတော့မယ်"
ကျောက်ကျင်းကောကပြောလိုက်ပြီး သူ့အသံအနည်းငယ်ပြောင်းသွားသည်။
ကျန်းကျန့် အသေအပျောက်အချို့ကို မျှော်လင့်ထားသော်လည်း ပင်မသင်္ဘောက ပို၍လုံခြုံမည်ဟု သူထင်ခဲ့သည်. . .
"ကိုယ့်ကို ပြပါ..."
ကျန်းကျန့်က ပြောလိုက်သည်။
ကျောက်ကျင်းကောက ကျန်းကျန့်ကို ဟယ့်ရှီမှ ဒဏ်ရာရရွာသားနှစ်ဦးထံ အမြန်ခေါ်ဆောင်သွားခဲ့သည်။
ထိုလူနှစ်ယောက်သည် ဒဏ်ရာကို ဖိကာ သွေးမထွက်အောင် ကူညီပေးကြသော အဖော်များ ရှိသော်လည်း သွေးများစွာ ဆုံးရှုံးနေပြီဖြစ်သည်။ယခု သူတို့မျက်နှာတွေက အတော်လေးဖြူဖျော့လာပြီး သရဲတစ္ဆေလို ဖြစ်နေကြသည်။
ယခုလို ဒဏ်ရာမျိုးက မော်ဒန်ခတ်မှာ ဆေးရုံကို အချိန်မီ ပို့ထားသရွေ့ အားလုံး အဆင်ပြေပေမဲ့ ယခုခေတ်မှာမူ. . . ကျန်းကျန့် ရိုးရိုးရှင်းရှင်းပဲ ကြည့်ကာ အခြေအနေ မည်မျှစိုးရိမ်ရကြောင်း သဘောပေါက်လိုက်သည်။
“ဘော့စ်... သမားတော်က သေခြင်းတရားကိုပဲ စောင့်ရုံတတ်နိုင်တယ်တဲ့..."
ကျန်းမင်က ဆိုလိုက်သည်။ သူ့အသံတွင် ရှိုက်သံတို့စွက်နေသည်။
ထိုအချိန်တိုက်ခိုက်နေစဥ်က အတော်လေး စိတ်လှုပ်ရှားနေပေမဲ့ ယခုအချိန်မှာ ကြောက်လာသည်။
"ကျင်းကော... သွားပြီး အပ်နဲ့ ချည်မျှင်တွေ ယူချေ..."
ကျန်းကျန့်က ကျောက်ကျင်းကောကိုပြောလိုက်ပြီး တခြားသူတွေကိုလည်း ပြောလိုက်သည်။
“မီးဖိုနဲ့ ရေသန့်ကို သွားယူပါ...ပြီးရင် ဒီနေရာကို ယူလာပြီးရေနွေးကျိုလိုက်"
သင်္ဘောပေါ်တွင် ဟင်းချက်ရန် အထူးမီးဖိုတစ်ခု ရှိသည်၊ သို့သော် ဤအချိန်တွင် ရေနွေးကျိုရန် ရည်ရွယ်ချက်ကား အဘယ်နည်း။ ရေငတ်လျှင်ပင် သူအောင့်ထားသင့်သည်မဟုတ်ပါလော။
အားလုံးက အနည်းငယ် အံ့ဩသွားပေမယ့် ကျန်းကျန့်က သူတို့ကိုပြောလိုက်၏။
"သူတို့ကို ကယ်တင်နိုင်မလားဆိုတာ ငါကြိုးစားကြည့်မယ်"
ကျန်းကျန့်က ဆေးပညာအကြောင်း ဘာမှမသိသော်လည်း သူ့လိုလူများသည် ဒဏ်ရာများကို ကုသရာတွင် အနည်းငယ်မျှလောက် သင်ယူခဲ့ကြပြီး အသက်ရှင်နိုင်ခြေကို ယင်းက တိုးမြင့်လာစေရန်ပင် ဖြစ်သည်။ ဒဏ်ရာတွေကို ဘယ်လိုချုပ်ရမလဲဆိုသည်ကိုလည်း လေ့လာရန် ကျောင်းကို အထူးတလည်သွားခဲ့ကြရသည်။
ကျန်းကျန့်က ခွဲစိတ်မှု သို့မဟုတ် ဆေးဝါးအကြောင်း ဘာမှမသိသော်လည်း ပြင်ပဒဏ်ရာကို ချုပ်နည်းကို သူသိသည်။
ပိုးသတ်ဆေးနှင့် ရောင်ရမ်းခြင်းအတွက် ဆေးဝါးများ ချို့တဲ့နေသော်လည်း ၎င်းတို့နှစ်ဦးစလုံးကို သမားတော်က သေဒဏ်ချမှတ်ထားပြီးဖြစ်သောကြောင့် ၎င်းတို့ကို ကုသရန် ကြိုးစားနိုင်သည်။
ကျန်းကျန့်က သူ့အလုပ်တွင် အမြဲရှေ့ရေးကိုကြိုတွေးခဲ့သည်။
လူအချို့သည် ရုတ်တရက် ဘေးအန္တရာယ်တစ်ခုကြောင့် နောင်တရခြင်း သို့မဟုတ် ဝမ်းနည်းခြင်းကို ခံစားရနိုင်ကောင်းပြီး ယင်းစိတ်ခံစားမှုများကို ၎င်းတို့၏အလုပ်အပေါ် သက်ရောက်မှုရှိစေခွင့်ပင်ပြုသော်လည်း သူကထိုကဲ့သို့မဟုတ်ပေ။
သူသည် အန္တရာယ်များသော အရာများစွာကို ကြုံတွေ့ခဲ့ရပြီး ပင်လယ်ဓားပြများနှင့် တွေ့ဆုံခြင်းမှာ အမှန်ပင် ဘာမှမဟုတ်ပေ။ ယခု သူ၏ ထိပ်တန်း ဦးစားပေးမှာ သူ၏ လူများကို မည်သို့အသက်ဆက်ရှင်အောင်ပြုလုပ်ရမလဲဆိုသည်ပင်။
သို့ပေမဲ့ လူတိုင်းက သူ့လိုမဟုတ်ကြပါလေ။
"ငါသိခဲ့ရင် ငါမလာဘူး"
ဟယ့်ရှီမှ ရွာသားနှစ်ဦး၏ အဖြစ်ဆိုးကိုမြင်လိုက်ရပြီးနောက် ကျန်းကျန့်၏နောက်သို့လိုက်လာသောလူတစ်ဦးက ဒဏ်ရာရနေသောလက်မောင်းကို ပွေ့ဖက်ကာဆိုလိုက်သည်။ ထိုအကြောင်းကို ဝမ်းနည်းစွာ တွေးတောရင်းနှင့်ပင် ငိုချင်လာသည်။
“ငါ မသေချင်ဘူး...”
ဤလူ၏စကားကိုကြားသောအခါ တခြားသူတွေ၏ စိတ်ခံစားမှုတွေလည်း အနည်းငယ် ထိခိုက်သွားသည်။
"မင်းကို ဘယ်သူကမှ အတင်းလာခိုင်းတာ မဟုတ်ဘူး...ငါတို့က လူတွေကို အကာအကွယ်ပေးဖို့ ဒီကိုရောက်နေတာ... ငါတို့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ငါပြောထားပြီးသား"
ကျန်းကျန့် ထိုလူကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းကျန့်က ထိုသို့ ပြောပေမဲ့. . .
"အရင်က အန္တရာယ်မရှိဘူးမလား"
ထိုလူက မနေနိုင်ဘဲဆိုသည်။ သူပြောပြီးသည်နှင့် ကျန်းကျန့်၏ အေးစက်သောအကြည့်ကို ဖမ်းမိလိုက်သည်။
သူ့မှာပြောစရာတွေ အများကြီးရှိပေမဲ့ ယခု စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
"ငါတို့ ဒီတစ်ခေါက်ပြန်သွားရင် မင်းငါ့နောက်ကို လိုက်စရာမလိုတော့ဘူး..."
ကျန်းကျန့်က တိုက်ရိုက်ပြောလိုက်သည်။
ကျန်းကျန့် ၎င်းကိုပြောပြီးသည်နှင့် အထိုလူက ချက်ချင်းပဲ နင်သွားပုံရပြီး တခြားသူတွေလည်း လန့်သွား၏။
ထိုလူသည် လှည့်ပတ်ကြည့်ရှုပြီး မဟာမိတ်များကို ရှာဖွေချင်သော်လည်း ကျန်းကျန့်၏နောက်ကို အကြာကြီးလိုက်နေခဲ့သော လူမိုက်များသည် ကျန်းကျန့်ကို နာခံနေပြီဖြစ်သည်။ အရင်က လူဆိုးလူမိုက်တွေအနေဖြင့် အန္တရာယ်များခဲ့သဖြင့် သူတို့မှာ သူနှင့်ထပ်တူ အတွေးတွေ ရှိမှာ မဟုတ်ပါချေ။ဘဝကို ကောင်းကောင်းနေထိုင်ချင်ပါက ပေးဆပ်ရမည်ပင်။
ဟယ့်ရှီမှ ကျန်းမင်ကလည်းပြော၏။
"မင်းအပြင်ထွက်တဲ့အခါ အန္တရာယ်နဲ့ ကြုံတွေ့ရတာက ပုံမှန်ပါပဲ...ဆွေမျိုးဆီအလည်သွားရင်တောင် လုယက်ခံရနိုင်တယ်...မင်း နောင်ဘယ်တော့မှ အပြင်မထွက်ဖြစ်မှာကို ငါကြောက်မိတယ်..."
“ဒီနေ့ ဘယ်သူ့ကို ကယ်တင်ဖို့မှ ငါတို့ရဲ့ အသက်ကို စတေးဖို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး . . .တကယ်လို့ အခြားသူတစ်ယောက်ရဲ့ သင်္ဘောကိုစီးပြီး ပင်လယ်ဓားပြတွေနဲ့ ကြုံတွေ့ရရင် အဲဒီလူကို မင်းကို စီးခိုင်းတဲ့အတွက် အပြစ်တင်မှာလား"
"ဒါ့အပြင် ကျန့်မိသားစုက မြို့တော်ကိုလည်ပတ်ဖို့အတွက်နဲ့ ပိုက်ဆံအများကြီးပေးတယ်လို့ မင်းထင်နေတာတော့မဟုတ်ပါဘူးနော်"
ကျန်းမင်က ထိုလူကို စကားမပြောနိုင်အောင် လုပ်လိုက်သည်။
ကျန်းကျန့် ကျန်းမင်ကြည့်ပြီး သူ့အပေါ် အထင်အမြင်ကောင်းရှိသွားပေမဲ့ သူ့အောက်က ဤလူတွေကို အနည်းငယ် ပိုပြီး ရက်စက်စွာ လေ့ကျင်ပေးရမည်ဆိုသည့် စိတ်ကိုလည်းမွေးထားလိုက်သည်။
အပ်၊ ချည်မျှင်နှင့် မီးဖိုတို့ကို မကြာမီ ပို့ဆောင်ပေးခဲ့သည်။
သိုးအူချည်မျှင်ကို မရရှိနိုင်သော်လည်း အခြားချည်မျှင်များသည် အသုံးမပြုနိုင်ခြင်းမဟုတ်ပေ. . . မီးဖိုမှာ ရေနွေးကျိူသည့်အခါ ကျန်းကျန့်က ဝမ်ဟိုင်ရှန်းကို ဆားနှင့်သကြားစိမ်ရန် ရေတချို့ လောင်းငှဲ့ခိုင်းလိုက်သည်. . . ထို့နောက် အပ်များနှင့် ချည်မျှင်များအားလုံးကို ပစ်ထည့်ပြီး ပြုတ်လိုက်သည်။ပြီးလျှင် ပွက်ပွက်ဆူနေသည့် ရေကို အိုးထဲကို လောင်းထည့်ပြီး အအေးခံထားကာ လက်ကို ဆေးကြောသန့်စင်လိုက်သည်။
သူ ဤနည်းဖြင့် လုံလောက်အောင် မလုပ်ရသေးပေမဲ့ ယခုအချိန်မှာ ဤအခြေအနေမှာ သူလုပ်နိုင်သည်က အများကြီး မရှိတော့ပေ။သူတို့ နှစ်ယောက်က သွေးတွေ အများကြီး ဆုံးရှုံးထားပြီး ဒဏ်ရာတွေကို မချုပ်လျှင် မကြာခင် သေမှာ သေချာ၏။
ကျန်းကျန့်က ပါးလွှာသော အပ်ချုပ်အပ်အချို့ကို သူ့လက်ဖြင့် ကွေးလိုက်ပြီး ဒဏ်ရာကို ကုန်းပတ်ကြမ်းပြင်ပေါ်တွင် တိုက်ရိုက် ချုပ်ခဲ့သည်။ ထိန်ထိန်လင်းသောနေရာတွင် ချုပ်ရန် လိုအပ်ပြီး ကုန်းပတ်ကသာလျှင် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။
ကျန်းကျန့် ခါးတွင်ဒဏ်ရာရနေသောလူကို အရင်ချုပ်လိုက်ပြီး သူ့ဒဏ်ရာများကိုမြင်ပြီးနောက်တွင် သူက အနည်းငယ်ကံကောင်းသည်ဟုမတွေးဘဲမနေနိုင်ပေ။အနည်းဆုံး ဤလူက သူ့၏ အတွင်းအင်္ဂါတွေကို ဒဏ်ရာမရရှိခဲ့ပေ။
တစ်ခုသာ. . . ကယ်တင်ခြင်းမှာ အဆုံးတွင် အနည်းငယ်နောက်ကျနေခဲ့သည်။
ကျန်းကျန့် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ၎င်းတို့၏ အခြေအနေသည် ကျန့်ရီ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"
ကျန့်ရီ အံ့ဩသွားသည်။သူ့ပစ္စည်းများကိုစီစဥ်ပြီးသွားခါရှိသေး ကျန်းကျန့်၏လူများ တစ်စုံတစ်ခု ချက်ပြုတ်နေသည်ကိုမြင်လိုက်ရပြီး သူပဟေဠိ့ဖစ်သွားမိသည်။
သူ နီးကပ်လာပြီး ကျန်းကျန့်၏ လုပ်ရပ်ကို မြင်သောအခါတွင် သူ ပို၍ပင် ပဟေဠိဖြစ်လာသည်။