အပိုင်း ၂၀၅
Viewers 92k

Chapter 205





ကျိမြန်က သူ့ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ 


"ဒါမျိုးစီစဉ်တာ ဒါရိုက်တာမှာလည်း သေချာပေါက် အကြောင်းပြချက်တစ်ခု ရှိလို့ နေမှာပါ အတုမရှိ ကြီးကျယ်လှတဲ့ ခမ်းနားမှုကို မကြုံတွေ့ဖူးရင် အထီးကျန်ကျန်နဲ့ သေဆုံးရတဲ့ ခံစားချက်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ ထိပ်ဆုံးဆီက အထီးကျန်မှုတဲ့လေ သူမ သေခါနီးအချိန်မှာ ဘယ်လိုအေးစက် အထီးကျန်မှုမျိုး ခံစားရမလဲ သိနိုင်ဖို့ဆို ပထမဆုံးအနေနဲ့ ထိပ်ဆုံးမှာ ရပ်ခိုင်းရမယ် မဟုတ်လား ဒီခံစားချက်နှစ်ခုက တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာလေ ပထမတစ်ခန်းနဲ့ ဒုတိယတစ်ခန်းကို ဆက်တိုက် ရိုက်ရင် ခံစားချက်က ပိုပြီးတောင်နက်ရှိုင်းလာဦးမယ် ..." 


"ကျွန်တော်သိပြီ ဒါရိုက်တာက သရုပ်ဆောင်ရဲ့ ခံစားချက်ကို ထိန်းချုပ်ဖို့ မတူညီတဲ့ အစွန်းနှစ်ဖက်ကို အသုံးချနေတာပဲ ..." 


ရှောင်ကျားရှုက ချက်ခြင်း သဘောပေါက်သွားတော့၏။ 


"ဟုတ်တယ် အဲဒါကြောင့် ဒါရိုက်တာကောင်းတစ်ယောက်က စိတ်ပညာကိုပါ တီးမိခေါက်မိ ရှိရတယ်လို့ ပြောကြတာပေါ့ "စိတ်ပညာကို ရုပ်ရှင်ဇာတ်လမ်းများထဲမှတစ်ဆင့် လေ့လာခြင်း" ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ် အချိန်ရရင် ဒီနယ်ပယ်ထဲက စာအုပ်တွေကိုပါ ဖတ်ကြည့် သရုပ်ဆောင်တဲ့နေရာမှာ အရမ်း အထောက်အကူ ပြုလိမ့်မယ် ..." 


ရှောင်ကျားရှုက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြရင်း သူ့ကို အားတက်သရော ငေးကြည့်လိုက်သည်။ 


"ကျိကော ကောက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ သရုပ်ဆောင်အပိုင်းရော၊ ရိုက်ကူးရေး အပိုင်းရော၊ ပြီးတော့ ဇာတ်ညွှန်းအပိုင်းရော အကုန်လုံးကို သိနေတာ ကောက တကယ်ကို စွယ်စုံရ ပညာရှင်ပဲ ..." 


ကျိကောကို လေးစားလွန်း၍ သူ့အပေါ် ခုန်တက်ကာ အနမ်းကြီးကြီးတစ်ပွင့် ပေးလိုစိတ်များ ထိန်းမရနိုင်အောင် ထွက်ပေါ်လာတော့သည်။ 


ကျိမြန်မှာ ရှောင်ကျားရှုတစ်ယောက် သူ့အပေါ် ခုန်တက်ရင်း ကြက်အစာကောက်သည့်နှယ် နမ်းရှိုက်မည့် မြင်ကွင်းကို မြင်ယောင်ကြည့်ရင်း ကျယ်ကျယ်လောင်လောင် ရယ်ချလိုက်မိတော့သည်။ 


"တိတ်တိတ်နေကြ ရိုက်ကူးရေး စမယ့်အချိန် ရောက်ပြီ ..." 


ဒါရိုက်တာက သူ့တို့ကို ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ 


နှစ်ယောက်သား ပါးစပ်ကို ဇစ်ဖြင့် ပိတ်ထားသည့် ပုံစံမျိုး လုပ်ပြလိုက်၏။ သူတို့၏ ပြောစရာ မလိုဘဲ တစ်ယောက်နှင့်တစ်ယောက် နားလည်နိုင်စွမ်းမှာ နှစ်ကိုယ့်တစ်စိတ် အလားပင်။ ဒါရိုက်တာက ရယ်မောကာသာ လက်ယမ်းပြလိုက်ရတော့သည်။ 


ရိုက်ကွင်းတွင် ‌ရွှယ်မြောင်က တင့်တယ်လှသည့် ဝတ်ရုံလွှာကို ချွတ်ကာ နှင်းလိုဖြူဖွေးသည့် ဝတ်စုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ရင်း ပြတင်းပေါက်ဘေးတွင် ထိုင်နေလိုက်သည်။ သူမ၏ မျက်နှာမှာ လေမိုးတို့ တိုက်စားခံထားရသည့် အရိပ်အယောင်တို့ အပြည့်ပင်။ တစ်ချိန်က မီးဝင်းဝင်းတောက်နေခဲ့သည့် မျက်ဝန်းအစုံတို့မှာလည်း ကမောက်ကမ ဖြစ်နေရာ သူမကို မြင်ရသူတိုင်း သူမကို အသက်ကို သံသယဖြစ်လိမ့်မည် မဟုတ်ချေ။ 


သရုပ်ဆောင်ကောင်းတစ်ယောက်သည် သရုပ်ဆောင်စွမ်းရည်ကို ခန္ဓာကိုယ်၏ မည်သည့်နေရာပေါ်တွင်မဆို ထားရှိနိုင်ကာ ဤသည်မှာ ရွှယ်မြောင်၏ လုပ်ရပ်နှင့် တစ်ထပ်တည်းပင် ဖြစ်ပေသည်။ 


အမျိုးသမီးအစေခံက သူမ၏ ရှည်လျားဖြူဖွေးသည့် ဆံနွယ်တို့ကို အသာအယာ ဖြီးသင်ပေးနေလိုက်သည်။ 


ဤသည်မှာ သူမ၏ နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးနေပြီဖြစ်သော ဧကရီ၏ တစ်ကိုယ်တော် စကားပြောခန်း နောက်တစ်ခန်း ဖြစ်ပေသည်။ နေရောင်ခြည်တို့ တောက်ပလှသည့် နေ့ရက်များအကြောင်း ပြန်ပြောင်းသတိရသွားတော့၏။ သူမ မွေးဖွားသည့် ကာလမှသည် နန်းတော်သို့ ဝင်ရောက်ခဲ့သည့် အချိန်၊ ထို့နောက် ဧကရီဖြစ်လာခဲ့သည့် နေ့ရက်များအကြောင်း၊ သူမ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသူများအကြောင်းကို အလွန်အမင်း စိတ်အေးလက်အေးဖြင့် ပြောနေလိုက်သည်။ သူမအဖို့ မိခင်ရင်းဖြစ်စေ၊ ညီအစ်ကိုမောင်နှမဖြစ်စေ၊ ခင်ပွန်းဖြစ်စေ အားလုံးကို စွန့်လွှတ်နိုင်ပေသည်။ 


သူမခင်ပွန်းနှင့် ညီမဖြစ်သူ နန်းတော်တစ်နေရာတွင် တိတ်တဆိတ် တွေ့ဆုံနေကြသည့်အကြောင်းကိုပင် ဟာသနှော၍ ပြောလိုက်ပုံမှာ လွန်စွာ အထင်အမြင်သေးနေဟန်ပင်။ ထိုသူတို့နှင့် ပတ်သက်၍ အတွေးတစ်စမျှပင် မရှိခဲ့။ တစ်ဖန် ပြန်စဉ်းစားကြည့်ပါလျှင် ထိုစဉ်ကတည်းက သူမ၏ အတွေးထဲတွင် ဩဇာအာဏာသာ ရှ်ိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ 


အမျိုးသမီးအစေခံက အတော်ကြာ တုန့်ဆိုင်းနေပြီးကာမှ အရဲစွန့်ကာ ပြောလိုက်သည်။ 


"အရှင့်သားကိုရော မှတ်မိသေးလား ..." 


ဧကရီ၏ အရှေ့တွင် အရှင့်သားဟူ၍ သုံးနှုန်းနိုင်သူ တစ်ဦးသာ ရှိပေသည်။ 


ရွှယ်မြောင်၏ ဂရုမထားဟန် အပြုံးတို့ ရုတ်ချည်း ပျောက်ကွယ်ကာ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေလိုက်သည်။ သူမ၏ စိတ်ဝိဉာဉ်ကို ကိုင်လှုပ်ခံလိုက်ရသည့်နှယ် အနည်းငယ် မျက်ရည်ရစ်သိုင်းလာတော့၏။ စိုစွတ်လာသော သူငယ်အိမ်ကြောင့် သူမမျက်ဝန်းထဲရှိ အေးစက်မှုများ အားပျော့သွားသည့်ဟန်။ စကားတစ်ခွန်းမှ မပြောသည့်တိုင် သူမ၏ အမူအယာက သူမကို သစ္စာဖောက်နှင့်ပြီး ဖြစ်ပေသည်။ 


သူမအဖို့ လီရှန်းကျစ်တစ်ဦးတည်းကသာ ထူးခြားပေသည်။ သူသည် သူမ၏ နောက်ဆုံးလက်ကျန် နွေးထွေးနူးညံ့မှုအလားပင်။ 


အမျိုးသမီး အစေခံက ကြမ်းပေါ် လှဲချကာ ဆို့နင့်စွာ မေးလိုက်သည်။ 


"နောင်တ ရနေလား ..." 


ရွှယ်မြောင်က အတော်ကြာကာမှ လှည့်ကြည့်ကာ အက်ကွဲနက်ရှိုင်းစွာ ပြန်ဖြေလိုက်သည်။ 


"ငါ နောင်တရခဲ့လား...  ဒါမှမဟုတ် မရခဲ့ဘူးလား ..." 


မေးခွန်းတစ်ခုအဖြစ်သာ ထွက်ပေါ်လာတော့သည်။ အကြောင်းမှာ သူမကိုယ်တိုင်ပင်လျှင် နောင်တရမရ မသိ၍ ဖြစ်သည်။ 


"အနာဂတ်မျိုးဆက်တွေ ဆုံးဖြတ်ဖို့အတွက် ထားခဲ့လိုက်မယ် ..." 


ခေါင်းကို တစ်ဖြည်းဖြည်း ပြန်လှည့်ကာ နွေးထွေးသည့် နေရောင်ခြည်ကို ငေးကြည့်လိုက်သည်။ မျက်ဝန်းထဲရှိ မျက်ရည်စတို့ ခြောက်ကပ်ကာ အကြည့်တို့မှာ တစ်နေရာတည်းသို့သာ ကပ်ငြိသွားတော့သည်။


အစေခံမိန်းကလေးက ကြမ်းပေါ် ဒူးထောက်ကာ အကြာကြီး စောင့်နေသော်ငြား ဧကရီ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှားမလာတော့သည့်အတွက် အသက်ရှူသံကို စမ်းသပ်ကြည့်လိုက်ကာမှ ဘဝတစ်ပါး ပြောင်းသွားရှာပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ 


စားပွဲပေါ်ရှိ အလှပြင်ပစ္စည်းများကိုပင် ဝင်တိုက်မိကာ စကတ်ကို မလျက် အပြင်ဘက်သို့ ရေးကြီးသုတ်ပျာ ပြေးထွက်သွားပြီး အော်ဟစ်လိုက်သည်။ 


"‌မကောင်းတော့ဘူး ဧကရီ နတ်ရွာစံသွားပြီ အရှင်မ နတ်ရွာစံသွားပြီ ..." 


အဓိကကင်မရာက ရွှယ်မြောင်၏ လှုပ်ရှားမှု ကင်းမဲ့နေသော အကြည့်တို့ကို ဦးတည်ကာ ရိုက်ကူးပြလိုက်သည်။ သူမ၏ အကြောသေနေသော မျက်ဆန်အဝါနှင့် ချိုင့်ဝင်နေသော သူငယ်အိမ်တို့မှာ သေသူတစ်ဦးအလားပင်။ 


ဒါရိုက်တာက အသက်ကို ပြင်းပြင်းရှူကာ လက်ခုပ်တီးလိုက်သည်။ 


"Cut ..." 


ရွှယ်မြောင်က မျက်တောင်ခတ်ကာ တစ်ဖန် အသက်ပြန်ဝင်လာတော့သည်။ 


ရှောင်ကျားရှုမှာ သူမ၏ ပြိုင်ဘက်ကင်း သရုပ်ဆောင်ချက်ကြောင့် အသက်ရှူရပ်လုမတတ် ထိတ်လန့်သွားကာ သူမကို အမြန် သွားတွဲပြီး အဆင်ပြေလားဟု အဆက်မပြတ် မေးလိုက်တော့သည်။ 


"ရူးလိုက်တဲ့ ကောင်လေး ဒါ ရုပ်ရှင်ရိုက်နေတာလေ  ..." 


သူမက သားဖြစ်သူ၏ ဆံပင်ကို ပွတ်သပ်ကာ ရယ်မောရင်း ရိုက်ကူးထားသည်များကို အာရုံတစိုက် ပြန်ကြည့်နေလိုက်သည်။ 


ရှောင်ကျားရှုက ကျိမြန်၏ လက်ကိုဆွဲကာ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။ 


"ကျိကော သရုပ်ဆောင်ကောင်းတဲ့သူတွေ ဇာတ်ကောင်စရိုက်ထဲ ဈာန်ဝင်သွားရင် တကယ် ကြောက်ဖို့ကောင်းတယ်နော် ကောနဲ့အတူ "တမန်တော်" ရိုက်တုန်းကလည်း လန့်ပြီး သေတော့မလို့ မှတ်မိသေးလား ကျွန်တော့်မျက်နှာကို သွေးတွေ လာစင်တော့လေ ကောက လူသတ်နေတာလို့ တကယ်ကြီးကို တွေးလိုက်မိတာ အခုလည်း မားက တကယ်ကြီး‌ သေသွားပြီလို့ တွေးမိတော့မလို့ ကောတို့က တကယ်ကို အရမ်းတော်တာပဲ ..." 


ကျိမြန်က သူ့လက်မောင်းကို ခပ်ဖွဖွ ဆိတ်ဆွဲရင်း သဘောတကျ ရယ်မောလိုက်သည်။ 


"တကယ်ဆို မင်းလည်း အရမ်း တော်တာပဲလေ ဒီရူပ်ရှင်နဲ့ အန်တီရွှယ် သဘောပေါက်သွားလိမ့်မယ်လို့ ကိုယ် အရဲစွန့်ရဲတာ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က သူမကို နားချနိုင်မယ်လို့ ယုံကြည်လို့လေ မင်းကြောင့် သူမ ဇာတ်ကောင်စရိုက်ထဲ ရောက်သွားမှ သူမရဲ့ လုပ်ရပ်တွေကို နားလည်မှာ ဧကရီက ဘာလုပ်ရမလဲ သိပေမယ့် မလုပ်နိုင်ခဲ့ဘူး သူမကတော့ မင်း ဝမ်းနည်းတာကို မခံစားနိုင်ဘူးလေ သူမက မိခင်ကောင်းတစ်ယောက်ပါ ..." 


ရှောင်ကျားရှု၏ မျက်နှာတို့ နီမြန်းသွားကာ နှာခေါင်းထိပ်ဖျားကို ပွတ်သပ်လျက် တီးတိုးပြောလိုက်သည်။ 


"ကျိကော ကျွန်တော်တို့ သုံး‌ယောက်လုံးနဲ့ ကိုက်ညီတဲ့ စကားတစ်ခုကို စဉ်းစားမိသွားပြီ ..." 


"ဘာတဲ့လဲ ..." 


"တစ်ယောက်နဲ့တစ်ယောက် တွဲဖက်မညီတဲ့ သူတွေက အတူတူ မနေနိုင်ကြဘူးတဲ့ ကျွန်တော်တို့ သုံးယောက်လုံးက သရုပ်ဆောင်‌တဲ့နေရာမှာ ဆရာကြီးတွေလေ ..." 


သူက လက်မထောင်ပြကာ ထုံးစံအတိုင်း အရှက်အကြောက်မရှိ ပြုံးရယ်လိုက်တော့သည်။ 


ကျိမြန်သည်လည်း သူနှင့်အတူ လိုက်ရယ်လိုက်မိတော့၏။ ဘေးလူတို့၏ အကြည့်ကို ဂရုမစိုက်အား။ သူ့ကိုသာ ရင်ခွင်ထဲ ဆွဲသွင်းကာ အသာ ပွေ့ဖက်ထားလိုက်မိတော့သည်။ 


ချန်းမန်နီ၏ မကောင်းသတင်းမှာ အင်တာနက်ပေါ် ပွက်လောရိုက်နေ‌ဆဲပင်။ မီဒီယာများကလည်း တစ်ပါးသူ၏ လက်ရာကို ကူးချခြင်း၊ ဆဲရေးရိုင်းပျခြင်း၊ လူချမ်းသာပေါင်းများစွာနှင့် ရင်းနှီးပူးကပ်ခြင်းတို့ကဲ့သော သူမ၏ မကောင်းသတင်းများစွာကို သူ့ထက်ငါ အပြိုင်အဆိုင် တူးဆွလာကြရာ ဖရဲသီးစားသူများပင်လျှင် ကြီးစွာ တုန်လှုပ်သွားရတော့သည်။ များမကြာမီမှာပင် ရဲဌာနက သူမကို ပြန်ပေးဆွဲမှုတွင် ကြိုးကိုင်သူအဖြစ် သံသယရှိနေ၍ ထိန်းသိမ်းထားကြောင်း သိလိုက်ရပြန်သည်။ ပစ်မှတ်မှာ ရှောင်ကျားရှုဖြစ်ကြောင်း သိလိုက်ရသည့်အခါ အံ့ဩမှုတို့ ဆထက်များစွာ တိုးပွားလာပြန်တော့၏။ 


ရှောင်ကျားရှုမှာ ပြန်ပေးဆွဲခံရစဉ်က လွန်စွာ ငယ်ရွယ်သေးသည့်အပြင် ရှောင်မိသားစုသည် ခပ်လျှိုလျှိုသာ နေတတ်ကြသည့်အတွက် သူ့အကြောင်းကို အပြင်လူများ သိရန် မဖြစ်နိုင်လှချေ။ ချန်းမန်နီ၏ ပါဝင်ပတ်သက်မှုကြောင့်သာ မီဒီယာများက ထိုဆယ်နှစ်ကျော်က ကိစ္စကို ထုတ်ဖော်နိုင်ခဲ့သော်ငြား သက်ရောက်မှုမှာမူ ထိုစဉ်ကထက် မလျော့နည်းချေ။ 


ရွှယ်မြောင်ကို မနာလိုလို့ သူမရဲ့သားကို ပြန်ပေးဆွဲတယ် ဒီမိန်းမကတော့လေ ရှောင်ချီကျဲတို့ လင်မယားဆက်ဆံရေးကို ဖျက်ဆီးရုံတင် မကဘူး ရှောင်ကျားရှုနဲ့ ရှောင်ချီကျဲရဲ့ သားအဖဆက်ဆံရေးကို ခွဲပစ်ပြီး ရှောင်တင်းပန်းနဲ့လည်း ညီအစ်ကိုချင်း သွေးကွဲအောင် ကြံစည်လိုက်သေးတယ် တစ်ယောက်ကိုတစ်ယောက် အသိအမှတ် မပြုဘဲ ဆယ်နှစ်တောင် ခွဲနေရတဲ့ ချန်းမန်နီရဲ့ လှည့်ကွက်တွေက တကယ်ကို ကောင်းတာပဲ ပြောရရင် တီဗီဇာတ်လမ်းတွေတောင် သူမလောက် အကွက်မစေ့ဘူး ပြီးပြည့်စုံတဲ့ အမျိုးသမီးဆိုတဲ့ ပုံရိပ်ကြီး ပျောက်သွားပြီး အဆိပ်ပြင်းတဲ့ မိန်းမဆိုတဲ့ ဂုဏ်ပုဒ်ကြီးပဲ ကျန်နေတော့တာပဲ ... 


ရှောင်ချီကျဲက ထိုပြန်ပေးဆွဲမှုနှင့် ပတ်သက်၍ အနည်းငယ် သင်္ကာမကင်း ဖြစ်သည့်တိုင် မည်သို့မှ မလှုပ်ရှားခဲ့။ သို့သော် ‌အစအဆုံး ပြန်စုံစမ်းသည့် ရှောင်တင်းပန်းကိုမူ မတားမြစ်နိုင်ချေ။ ဤသို့ဖြင့် ပြီးခဲ့သည့် နှစ်များစွာက ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်သည့် ပြန်ပေးသမားများကို ပြန်လည်စစ်မေးသည့်အါ အမှန်တကယ်ပင် ပြဿနာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရတော့သည်။  စစ်ဆေးရေးစင်တာမှ ချန်းမန်နီ လက်ဗလာဖြင့် ပြန်ထွက်လာနိုင်မည်လား သို့မဟုတ် ထောင်ပဲ ကျလေမည်လား သို့မဟုတ် မပြန်လမ်းသို့ ရောက်သွားမည်လားကိုတော့ မည်သူမှ မသိနိုင်ချေ။ 


သတင်းများ ကြားပြီးနောက် ရွှယ်မြောင်သည် သူမကို အသေအကြေ စုတ်ဖြဲပစ်ရန် မစောင့်ဆိုင်းနိုင်တော့။ ရှောင်ချီကျဲကိုသာ ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။ 


သူသာ သူမကို မလှည့်ဖျားခဲ့ရင် သူ့ကို လက်ထပ်မိမှာတဲ့လား ဒါဆို သူမရဲ့သားလည်း ဒီလို ပြစ်မှုတွေကို ကြုံတွေ့ရတော့မှာ မဟုတ်ဘူး ...


လူအိုကြီးမှာ ထိုသတင်းများ ကြားသည့်အခါ အိပ်ယာထဲပင် လဲသွားခဲ့သော်ငြား ရှောင်ကျားရှုနှင့် ရွှယ်မြောင်တို့ကိုမူ မမေ့‌မလျော့ ဆက်သွယ်ကာ ထူးဆန်းဖွယ်ကောင်းစွာ နူးနူးညံ့ညံ့ ဆက်ဆံခဲ့သည်။ သူသည် ရှေးရိုးစွဲတစ်ယောက် ဖြစ်သည့်တိုင် အမှားအမှန်ကိုတော့ ပိုင်းခြားနိုင်ပေသည်။ ယခုဖြစ်ရပ်တွင် မည်သူက မှားကာ မည်သူက မှန်ကန်ကြောင်း အသိသာကြီး ဖြစ်သည့်အပြင် ရွှယ်မြောင်က ရှောင်ချီကျဲ၏ ရှယ်ယာများကို ငြင်းဆန်ကာ ရှောင်မိသားစု၏ ပိုင်ဆိုင်မှုကို အပြင်လူလက်ထဲ မရောက်စေခဲ့သည့်အတွက် သူမအပေါ် ပို၍ပင် ကျေနပ်လာတော့သည်။ 


ယခု သူမသည် သားဖြစ်သူနှင့် ကွာရှင်းပြီးဖြစ်သည့်အတွက် သူမ၏ အနုပညာလှုပ်ရှားမှုကို အရှက်ရစရာဟု မမြင်၊ ထိုသားအမိနှစ်ယောက်ကို မည်သည့်ဒုက္ခမှ မခံစားရစေရန် စောင့်ရှောက်ပေးဟုပင် ရှောင်တင်းပန်းကို တိုက်တွန်းလိုက်သေးသည်။ 


မုန်တိုင်းကာလအပြီး ရှောင်ကျားရှုနှင့် ရွှယ်မြောင်တို့၏ အခန်းများ အားလုံး ပြီးစီးသွားတော့သည်။ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာနိုင်ရန် အလို့ငှာ ဒါရိုက်တာက စိတ်ကြည်နူးစရာ အကောင်းဆုံး အခန်းကို နောက်ဆုံးနေ့အတွက် တမင် ချန်ထားလိုက်သည်။ 


"လာကြ လာကြ လာကြ ..." 


"ဒီနေ့ အခန်းအကြောင်း ပြောပြမယ် ခေါင်းစဉ် မြင်လိုက်ရုံနဲ့တင် လီရှန်းကျစ်နဲ့ ဝေ့ဝူကျိုးတို့ မတော်တဆ ကြုံကြတဲ့ အခန်းမှန်း သိမှာပါ ရှောင်ကျားရှုက ကြာကန်ဘေးမှာ အိပ်နေ ပြီးတော့ ကျိမြန်က အနားရောက်လာပြီး သူ့ကို ငေးကြည့်နေလိုက် အကြည့်က နက်ရှိုင်းရှုပ်ထွေးနေရမယ်နော် မင်းရဲ့ နှလုံးသားထဲမှာ အနက်ရှိုင်းဆုံးအထိ နစ်မြှုပ်ထားတဲ့ အချစ်တွေကိုလည်း ဖော်ပြနေရမယ် ၂၀ စက္ကန့်လောက်နေရင် ရှောင်ကျားရှုက သူ့ကို မျက်စိဖွင့်ကြည့်ပြီး ပြုံးပြလိုက် ကျိမြန်က ဘယ်နား ပုန်းရမလဲ မသိလို့ ချက်ခြင်း လှည့်ပြီး ထွက်ပြေးသွား ဘယ်လိုလဲ ဒီအခန်းက အရမ်း ရိုးရှင်းတယ် မ

ဟုတ်လား ..." 


"ဟုတ်ကဲ့ ..." 


နှစ်ယောက်လုံး ပြိုင်တူ ခေါင်းငြိမ့်ပြလိုက်ကြသည်။ 


"အိုကေ ဒါဆို စလိုက်ကြရအောင် ..." 




Xxx