အပိုင်း ၁၉၄
Viewers 93k

Chapter 194



မှတ်ချက်ကဏ္ဍတွင် သူတို့အိုင်ဒေါ၏ အမည်ကို အော်ဟစ်နေသည့် ပရိသတ်များဖြင့် ပြည့်နှက်နေကာ အများစုမှာမူ ရှောင်ကျားရှု ပြန်လာမည့် အချိန်ကို မေးနေသည့် မှတ်ချက်များ ဖြစ်ပေသည်။ ဤသည်ကပင်လျှင် သူ့ကျော်ကြားမှု၏ ပြယုဂ်တစ်ခုသဖွယ်။ 


"သူ မပါတာ နှစ်ပိုင်းတောင် ရှိနေပြီကို ပရိသတ်က မှတ်မိနေသေးတယ်ပေါ့ အရမ်းကို လွှမ်းမိုးနိုင်လွန်းမနေဘူးလား ..." 


လက်ထောက်က အခန်းပြန်ကာ အိပ်ချင်နေပြီ ဖြစ်သော်လည်း သူ့ကိုယ်သူပင် သတိမထားမိဘဲ တီဗီရှေ့ ထိုင်ချလိုက်မိတော့သည်။ <<Adventurers in the wilderness>> ကို ကြည့်ရခြင်းအား အမှန်တကယ် နှစ်သက်လှသော်ငြား လျှိုရီလိန်ကို ထုတ်မပြောရဲချေ။ 


"ဘာလို့လဲဆို ကျိမြန်က သူ့ကို အမြဲတမ်း သတိရ‌နေလို့လေ ကျိမြန်က ဒီရှိုးရဲ့ အသက်ဆိုတော့ ပရိသတ်ကလည်း ရှောင်ကျားရှုကို သတိရပြီပေါ့ သူ ဒီလောက်အထိ ရောက်လာနိုင်တယ်ဆိုတာလည်း မိသားစုနောက်ခံရယ် ပြီးတော့ ကျိမြန်ရဲ့ အားကောင်းတဲ့ အထောက်အပံ့ရယ်ကြောင့်လေ ကျိမြန် လူတစ်ယောက်ကို ဒီလောက်အထိ ခင်တွယ်နေတာမျိုး တစ်ခါမှကို မတွေ့ဖူးဘူး ..." 


လျှိုရီလိန်က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ 


"နိုင်ငံခြားမီဒီယာတွေမှာတောင် ကျိမြန်ကို တရုတ်ပြည်ရဲ့ အလွှမ်းမိုးနိုင်‌‌ဆုံး သရုပ်ဆောင်လို့ ဖော်ပြထားတာလေ သူ မျက်စိကျတဲ့သူ ဘယ်သူမဆို နာမည်ကြီးမှာပဲ သူ့လက်အောက်က အနုပညာရှင်တွေကိုပဲ ကြည့်ကြည့်ပါလား နာမည်မကြီးတဲ့သူ ဘယ်သူ ရှိလို့လဲ ဘာမှ ထူးထူးခြားခြား အရည်အချင်း မရှ်ိတဲ့ လင်းလဲ့ယန်တောင် အခု ဒုတိယတန်းစား စတား ဖြစ်နေပြီလေ ..." 


လက်ထောက်က ချဉ်စူးစွာ ပြောလိုက်သည်။ 


လျှိုရီလိန်က စကားတစ်ခွန်းမှ မဆို၊ ပြုံးရုံသာ ပြုံးနေလိုက်၏။ 


reality show က ဆက်လက်ထုတ်လွှင့်နေဆဲပင်။ ကျိမြန်မှာ ယနေ့လည်း လွန်စွာ စိတ်ဖိစီးနေဟန်။ တစ်နေရာတည်းတွင် တစ်နေကုန်နီးပါးခန့် ထိုင်ကာ နဖူးမှ သွေးကြောတို့ ထောင်ထလာသည်အထိ မီးပျိုးနေလိုက်၏။ ကြည့်နေသည့် ပရိသတ်တစ်ဦးက သူ့ခေါင်းပေါ်ကို မီးတောက်တစ်ခု တင်ပေးကာ နဖူးတွင် ကြီးမားသည့် # သင်္ကေတတစ်ခု ထည့်ပေးလိုက်သည်။ ထို emoji မှာ ရယ်ရသည့်တိုင် သူ့အခြေအနေနှင့်လည်း တစ်ထပ်တည်း ကျနေပေသည်။ 


မရိုးသားသည့် ပရိသတ်များအားလုံး စိတ်ညစ်သွားကြသည့်အပြင် မကျေနပ်ချက်များကိုပါ အစုလိုက်အပြုံလိုက် ထုတ်လာကြတော့သည်။ 


[ရှောင်ကျားရှုသာ ရောက်မလာသေးရင် ကျိလောင်ရှီးကတော့ မိစ္ဆာလမ်းစဉ်ဘက်ကို ရောက်နေဦးမှာပဲ] 


သစ်သားစ နှစ်ခုကြောင့် ကျိမြန်၏ စိတ်ဓာတ်တို့ ပျက်စီးလုဆဲဆဲမှာပင် ရှောင်ကျားရှု ရောက်လာ၏။ ရွက်လှေပေါ် ရပ်ကာ ခုန်ပေါက်ရယ်မောနေသူမှာ နေရောင်ခြည်သဖွယ် အမှောင်ထုတို့ကို ချက်ခြင်း ဖယ်ခွါသွားစေတော့သည်။ ကျိမြန်၏ အကြည့်တို့ ရုတ်ချည်း ဝင်းလက်ကာ ဂနာမငြိမ် စိုးရိမ်စိတ်တို့ နေရာတွင် အံ့အားသင့်မှုတို့ အစားဝင်ရောက်လာတော့သည်။ ရေထဲသို့ ဆင်းကာ လက်ပစ်ကူး၍ပင် ရှောင်ကျားရှုကို သွားကြိုလိုက်သေး၏။ သူ့မျက်နှာတစ်ခုလုံး မစောင့်ဆိုင်းလိုတော့ဟန်နှင့် တက်ကြွမှုတို့ ပြည့်လျှံ‌နေပေသည်။ 


စခရင်တစ်ခုလုံး "ah ah ah " ဟူသည့် စိတ်လှုပ်ရှားသည့် မှတ်ချက်တို့ဖြင့် ပြည့်နှက်သွားတော့သည်။ ရှောင်ကျားရှု ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျိမြန်၏ ပုံစံမှာ မူလအတိုင်း ပြန်ဖြစ်သွားကာ သူ့ကို စိတ်ဓာတ်ကျစေခဲ့သည့် တရားခံ သစ်သားတုံးကပင်လျှင် ချစ်စရာကောင်းလာပြီး သစ်သားကိုသုံး၍ မီးပျိုးရသည့် အလုပ်မှာလည်း စိတ်ကျေနပ်ဖွယ် ဖြစ်လာတော့သည်။ 


မီးကို မည်ကဲ့သို့ မွှေးသင့်ကြောင်း သူနှင့် ရှောင်ကျားရှုတို့ ခေါင်းချင်းဆိုင်ကာ တိုင်ပင်လိုက်ပြီး သူ့မျက်လုံးနှင့် မျက်ခုံးထောင့်စွန်းတို့တွင် နက်ရှိုင်းသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။ မီးတောက်တို့ ထွက်လာသည်အထိ တစ်ယောက်တစ်လှည့် တာဝန်ယူလိုက်ကြကာ ခက်ခဲသည့် တာဝန်တစ်ရပ် ဖြစ်သည့်တိုင် အေးဆေးပျော်ရွှင်သည့် ခံစားချက်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ 


[ရှောင်ကျားရှု ရောက်လာတာနဲ့ ကျိလောင်ရှီးက ချက်ခြင်း သက်သာသွားတော့တာပဲ] 


[နောက်ဆုံးတော့ သွေးအပြည့်နဲ့ ပြန်သက်သာတယ်ဆိုတာ ဘယ်လိုလဲ သိသွားပြီ လက်စသတ်တော့ ကျိလောင်ရှီးလိုကိုး ဟားဟားဟား ...] 


[ဟေး သူတို့က အေးအေးဆေးဆေး လုပ်နေတာတောင် မီးတောက်လေးတွေ ထွက်လာပြီနော် ရှောင်ကျားရှုက တကယ်ကို ကျိလောင်ရှီးရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ]


လျှိုရီလိန်က ထိုမှတ်ချက်များကို ကြည့်ကာ ကျိမြန်နှင့် ရှောင်ကျားရှု၏ အခြေအနေကို အကဲခတ်လိုက်သည်။ ထို့နောက် သူ့အပြုံးတို့ ပိုမိုကာ ထူးဆန်းလာတော့၏။ ထိုနှစ်ယောက်မှာ အတူတူ ရှိနေလျှင် လွန်စွာ သက်တောင့်သက်သာရှိကာ မည်သည့်ခက်ခဲမှုကမှ သူတို့အပေါ် မသက်ရောက်နိုင်သည့်ဟန်။ တည်ငြိမ်ရင့်ကျက်ပါသည်ဆိုသည့် ကျိမြန်က ရှောင်ကျားရှုကို စနောက်လိုက်သည့်အပြင် သူ့ကို ကျောပေါ်တင်၍ပင် သစ်တောအနီး ‌ပတ်ပြေးလိုက်သေးသည်။ ပင်ပန်းရမည့်အစား သူ့အပြုံးတို့မှာ ပို၍ပင် တောက်ပလာတော့သည်။ 


ပရိသတ်တွေ ပြောတာ အမှန်ပဲ ရှောင်ကျားရှု ဘေးနား ရှိနေရင်ကို ကျိမြန်ရဲ့ ပုံစံက ပြောင်းလဲသွားတာ ရှောင်ကျားရှု မရှိရင် သူက တစ်သီးတစ်သန့်ကြီး ဖြစ်သွားတယ် ရှောင်ကျားရှုနဲ့ဆို ပတ်ဝန်းကျင်နဲ့လည်း ရောရောနှောနှော နေတတ်တယ် တစ်ခြားသူတွေကို ကြည့်တဲ့အကြည့်က နူးညံ့တယ် ဆိုပေမယ့် သာမန်ကာလျှံကာပဲ ရှောင်ကျားရှုကိုဆို နွေးနွေးထွေးထွေးလေးပဲ ကြည့်တာ ... 


ညပိုင်း မိုးသည်းတော့လည်း ရှောင်ကျားရှုနဲ့အတူတူ ငှက်ပျောရွက်လေးပဲ ခြုံပြီး မိုးသံကို စိတ်ဝင်တစား နားထောင် မိုးရွာတဲ့ မြင်ကွင်းကို စိတ်ဝင်တစား ငေးကြည့်နိုင်တယ် ချစ်ရတဲ့သူသာ အနားမရှိရင် ဒီလိုမျိုး တစ်နေကုန် အဆာခံရတဲ့အပြင် အိပ်စရာနေရာပါ မရှိတဲ့ အခြေအနေမျိုးကို ဘယ်လိုလူက သည်းခံနိုင်မှာလဲ ... 


သူတို့က ကြိုက်နေကြတာ မဟုတ်လား ... 


ထိုသို့ တွေးနေစဉ်မှာပင် ပရိသတ်တစ်ဦး၏ မှတ်ချက်ကို တွေ့လိုက်ရ၏။ 


[ ဒီရှိုးကိုလေ <<<Adventurers in the wilderness >> လို့ မပေးဘဲ <<ချစ်ကျွမ်းဝင်ကြရအောင်>> လို့ ပေးသင့်တယ်လို့ မထင်ဘူးလား ရှောင်ကျားရှု ရောက်လာတာနဲ့ တစ်ပြိုင်နက် ကျိလောင်ရှီးက ဆက်တိုက်ကို အချိုတွေ ကျွေးတော့တာ ငါတို့တွေ ရေငတ်မှာကိုတောင် မကြောက်ဘူး ] 


ကျိမြန်၏ ပရိသတ်များက ဤသည်မှာ ညီအစ်ကိုများကြားမှ သံယောဇဉ်သာဖြစ်၍ တောင်တောင်အီအီ လျှောက်မတွေးရန် သတိပေးကာ အခြေအနေကို ထိန်းချုပ်လိုက်သော်ငြား လျှိုရီလိန်ကမူ ခပ်တိုးတိုးသာ လှောင်ရယ်လိုက်တော့သည်။ 


ညီအစ်ကိုသံယောဇဉ် ဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


ထို့နောက် လက်ထောက်၏ ပြူးကျယ်နေသည့် မျက်ဝနိးတို့ကို လျစ်လျူရှုကာ တစ်ယောက်ယောက်ထံ ဖုန်းဆက်လိုက်သည်။ 


နောက်တစ်နေ့မနက်တွင် ရှောင်ကျားရှုနှင့် ကျိမြန်တို့ ရိုက်ကွင်းသို့ အတူတူ‌ ရောက်လာကြသည်။ အားလုံးအတွက် မနက်စာကိုလည်း မမေ့မလျော့ ဝယ်လာခဲ့သေး၏။ ရွှယ်မြောင်က သူတို့ကို တစ်ခဏမျှ စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ 


"နောက်တစ်ခါကျ အမှတ်အသားတွေ မချန်နဲ့ ရိုက်ကွင်းမှာ လူတွေအများကြီး ရှိနေတာ သတင်းထွက်သွားလိမ့်မယ် ..." 


ရှောင်ကျားရှုက အင်္ကျီကော်လံကို အမြန်ထောင်လိုက်ကာ ရှက်ရွံ့စွာဖြင့် သဘောတူလိုက်သည်။ 


သူမက ကျိမြန်ကို စိုက်ကြည့်ကာ နောက်တစ်ကြိမ် မှာလိုကိပြန်၏။ 


"မင်းတို့နှစ်ယောက် အတူတူ ရှိပြီးကြပြီဆိုတော့ ငါ ဘာမှ မပြောတော့ဘူး ဒါပေမယ့် တစ်ခုတော့ ကတိပေးရမယ် ဒီဆက်ဆံရေးကို ငါးနှစ်အတွင်း မဖွင့်ဟရဘူး ရှောင်ရှုက ဒီလောကထဲ ရောက်လာကာစ နာမည်ကြီးနိုင်မယ့် အချိန်လေးမှာပဲ ရှိသေးတယ် တကယ်လို့ မင်းက ဖွင့်ပြောချင်ရင် သူ့အတွက်ကျ အရမ်း ဖိအားများသွားလိမ့်မယ် ..."


ရှောင်ကျားရှု စကားပြောမည် ပြုစဉ်မှာပင် ကျိမြန်က ဖြတ်ပြောလိုက်၏။ 


"နားလည်ပါပြီ ဘယ်သူကမှ ရှောင်ရှုကို မနာကျင်စေရပါဘူး ကျွန်တော်ကိုယ်တိုင်ကအစပေါ့ ..." 


ထိုအခါမှ ရွှယ်‌မြောင်လည်း စိတ်အေးသွားပြီး သားဖြစ်သူကို စူးစူးရဲရဲ စိုက်ကြည့်ကာ မနက်စာကိုသာ ပြန်ငုံ့စားနေလိုက်သည်။ 


ဘဝမှာ သမီးတစ်ယောက် မွေးထားရတဲ့ ခံစားချက်မျိုးကို ခံစားရလိမ့်မယ်လို့ တစ်ခါမှကို တွေးမထားဖူးဘူး တကယ်ပါပဲ ...


.......



ပြီးခဲ့သည့်ရက်က အဓိကကျသည့် အခန်းအားလုံးကို ရိုက်ကူးထားသည့်အတွက် သရုပ်ဆောင်အားလုံး အားအင်ကုန်ခမ်းနေကြရာ ဒါရိုက်တာလည်း စိတ်ကို မျိုသိပ်ရင်း အားလုံးကို အနားပေးကာ ရိုးရှင်းသည့် အခန်းများကိုသာ ရိုက်ကူးရန် ဆုံးဖြတ်လိုက်တော့သည်။ သူက ရှောင်ကျားရှုနှင့် လျှိုရီလိန်ကို အနားသို့ ခေါ်ပြောလိုက်၏။ 


"ဟုတ်ပြီ လျှိုရီလိန် မင်းက ကြောင်ကို ပိုက်ပြီး တံစက်မြိတ်အောက်မှာ ရပ်နေ ဒီကြောင်က လူလည်း မယဉ်၊ အမြဲတမ်း ရုန်းကန်နေတာကို စိတ်ပျက်နေပြီဆိုပေမယ့် ဒါက ထိုင်းလူမျိုးတွေ ဧကရာဇ်ကို ပဏ္ဍာအဖြစ် ဆက်သလာတဲ့ ရှားပါးမျိုးသန့် ဒါကိုမှ ဧကရာဇ်က မင်းကို ချစ်မြတ်နိုးလို့ ပြန်ချီးမြှင့်ထားတာဆိုတော့ မင်းအနေနဲ့ စိတ်ပျက်ရင်တောင် သည်းခံထားရမှာ မင်းမျက်နှာမှာ စိတ်ထိန်းထားရတဲ့ပုံ နည်းနည်းလေး ပေါ်နေပေမယ့် နူးနူးညံ့ညံ့ ကြင်ကြင်နာနာလေးလည်း ပြုံးရဦးမယ် ဘာလို့ဆို မင်းက အကြံသမား ပဉ္စမမင်းသားလေ နူးညံ့ညင်သာပြီး ကျက်သရေရှိတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားရမယ် အောင်မြင်မှုနဲ့ ထီးနန်းအတွက် တိုက်ခိုက်မယ့်လူပုံစံမျိုး မပေါ်ရဘူး ... " 


လျှိုရီလိန်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။ 


"ဒါရိုက်တာကြီး ကြောင်ကို ရုန်းနေအောင်ကရော ဘယ်လိုလုပ်ရမလဲ တကယ်လို့ သူက ကျွန်တော့်ကို ဖက်ထားပေးစေချင်နေရော ..." 


ဒါရိုက်တာက မယုံလေဟန်ဖြင့် လက်ကို ယမ်းပြလိုက်သည်။ 


"ဒီလိုကြောင်အမျိုးအစားမျိုးက တအား မွေးရခက်တာ မင်းသာ သူနဲ့ မရင်းနှီးရင် လုံးဝ အဖက်ခံမှာ မဟုတ်ဘူး တကယ်လို့ အရမ်းရင်းနှီးနေရင်လည်း ရုန်းကန်လာအောင် သာသာလေး ဆွဲဆိတ်လိုက် ဒါပေမယ့် အရမ်း အကြမ်းကြီးတော့ ဆွဲလို့ မရဘူးနော် ဒီကြောင်က ရှောင်ကျန်း ငှားပေးထားတဲ့ကြောင် သူမရဲ့ အချစ်လေးလေ ..." 


ရှောင်ကျန်းသည် ရိုက်ကူးရေးအဖွဲ့မှ ငှားရမ်းထားသော စတိုင်လစ်တစ်ဦးဖြစ်ကာ လွန်စွာ တက်ကြွသည့် စိတ်ထားပိုင်ရှင် ဖြစ်ပေသည်။ ဒါရိုက်တာက သူမအား အခကြေးငွေဖြင့် ငှားရမ်းနိုင်ကြောင်း ပြောခဲ့သော်ငြား သူမက တစ်ပြားတစ်ချပ်မှ မယူခဲ့ချေ။ 


"ကျွန်တော် သေချာပေါက်ကို သဘောပေါက်ပါတယ် ကျွန်တော်လည်း အကောင်ပေါက်စလေးတွေဆို အရမ်း သဘောကျတယ်လေ ..." 


လျှိုရီလိန်က ညင်သာစွာ ပြုံးပြလိုက်၏။ သူ့အပြုံးမှာ ကျိမြန်နှင့် လွန်စွာ ဆင်တူလှကြောင်းကိုမူ ထုတ်ပြောနေရန်ပင် မလိုအပ်ချေ။ 


ရှောင်ကျားရှုမှာ သူ့ကို ကြည့်လေလေ ထူးဆန်းသည်ဟု ခံစားမိလာရလေဖြစ်သည်။ တစ်ဖက်သူက ကျိကောကို အတုခိုးနေသည်ဟုသာ အမြဲ ခံစားနေရပေသည်။ 


"ရှောင်ကျားရှု ကြောင်က လျှိုရီလိန် ဖက်ထားတာကို ရုန်းထွက်ပြီး မြေကြီးပေါ် ခုန်ချလိုက်တဲ့အခါ မင်းက ပြုံးနေတဲ့ မျက်နှာနဲ့ ဒီဘက်ကနေ ထွက်လာရမယ် ဒါပေမယ့် မျက်လုံးတွေကတော့ ဝမ်းနည်းနေရမယ်နော် ဘာလို့လဲဆို မင်းက သရဖူ လွှဲအပ်ခံရပြီးကတည်းက ဖိအားတွေ အများကြီး ခံစားနေရလို့ မင်းဆီကို ပြေးလာတဲ့ ကြောင်ကို တွေ့လိုက်ရတဲ့အခါ မင်းရဲ့ ဝမ်းနည်းတဲ့ အကြည့်တွေကနေ အံ့အားသင့်မှုအဖြစ် ပြောင်းသွားမယ် မင်းလည်း သိတဲ့အတိုင်းပဲ လီရှန်းကျစ်က အရမ်း စိတ်သဘောထား နူးညံ့တဲ့သူလေ အကောင်ပေါက်စလေးတွေကိုလည်း ချစ်တတ်ပေမယ့် ဧကရီက တစ်ချိန်လုံး ဆော့နေမှာကြောက်လို့ဆိုပြီး မွေးခွင့် မပေးဘူး သူ့နှလုံးသားက အိမ်မွေးတိရစ္ဆာန် မွေးချင်စိတ်တွေ အရမ်းကို ထက်သန်နေတာ မင်းက ဒီလို ထက်သန်မှုမျိုးကို ထုတ်ပြရမယ် နားလည်လား ငုတ်တုတ်ထိုင်ပြီး ကြောင်နဲ့ ကစားလိုက်တာနဲ့ တစ်ပြိုင်နက် ကြောင်က မင်းနဲ့ ရင်းနှီးသွားလိမ့်မယ် ..." 


"ကျွန်တော် နားလည်ပါပြီ ဒါပေမယ့် ဒီကြောင်သခင်လေး ကျွန်တော့်ကို တစ်ကြိမ်တည်းနဲ့ ချစ်မိသွားအောင် သူ့စိတ်တိုင်းကျ အမှုတော်ထမ်းပေးရမှာပေါ့နော် ဟုတ်တယ်မဟုတ်လား ..." 


ရှောင်ကျားရှုက ယခုရိုက်ကူးရမည့် အခန်းမှာ လွန်စွာ စိတ်ဝင်စားစရာ ကောင်းလှသည်ဟု ထင်မြင်မိတော့၏။ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်နှင့် ပထမဆုံးအကြိမ် ယှဉ်တွဲ၍ သရုပ်ဆောင်ရခြင်း ဖြစ်ပေသည်။ 


"ဟုတ်တယ် တကယ်လို့ ကြောင်က မင်းနဲ့ မရင်းနှီးဘူး ဆိုရင်လည်း အထူးပြုလုပ်ချက်တွေသုံးပြီး ပြုပြင်လိုက်လို့ ရတယ် ကိစ္စမရှိဘူး..." 


ဒါရိုက်တာမှာ စကားပင် ဆုံးအောင် မပြောလိုက်ရ၊ ရှောင်ကျားရှု၏ ဖြတ်ပြောခြင်းကို ခံလိုက်ရတော့သည်။ 


"မဟုတ်ဘူး ကျွန်တော် တစ်နည်းနည်း တွေးကြည့်လိုက်မယ် အထူးပြုလုပ်ချက်သုံးပြီး ကြောင်တစ်ကောင် ဖန်တီးတာက သဘာဝမကျဘူး ပိုက်ဆံဖြုန်းလိုက်တာနဲ့ အတူတူပဲ ..." 


နှစ်ကြိမ်တိုင်တိုင် ထုတ်လုပ်သူ ဖြစ်ခဲ့ဖူးသည့်အတွက် ကုန်ကျစရိတ်နှင့် ပတ်သက်ပါလျှင် လွန်စွာ ထိလွယ်ရှလွယ်ကာ ပိုက်ဆံကို ခြွေတာသင့်သည်ဟု ယုံကြည်ထားသူ ဖြစ်ပေသည်။ 


ဒါရိုက်တာက သူ့တုန့်ပြန်မှုကို လွန်စွာ ကျေနပ်သွားသည့်ဟန်၊ နောက်ကျောကို မာန်ပါပါပုတ်ကာ ပြောလိုက်သည်။ 


"တော်လိုက်တဲ့ ကောင်လေး မင်းရဲ့ စိတ်အားထက်သန်တဲ့ ပုံစံကို ကြိုက်တယ် ရှောင်ကျန်းရဲ့ နေရာကိုသွားပြီး ကြောင်နဲ့ တွေ့ကြည့်လေ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ရင်းနှီးအောင် လုပ်ခဲ့ ..." 


"ဟုတ်ကဲ့ပါ ..." 


ရှောင်ကျားရှုက နာခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


ဒါရိုက်တာက လျှိုရီလိန်ကို လှည့်ကြည့်ကာ ဆက်လက် ညွှန်ကြားလိုက်၏။


"ကြောင်က မင်းကို အရမ်း ခုခံနေတဲ့ပုံ မြင်လိုက်ရတော့ လီရှန်းကျစ်အနားကို တိုးသွားလိုက်တယ် အရမ်းကို မနာလိုစိတ်တွေနဲ့ မီးဟုန်းဟုန်းတောက်နေပေမယ့် မျက်နှာကတော့ နူးနူးညံ့ညံ့ ပြုံးပြနေတုန်းပဲ အာရုံစိုက်နော် ငါ မင်းရဲ့ အကြည့်တွေကို အနီးကပ် ရိုက်ပြမှာ အကြည့်တွေက အရမ်းကို အေးစက်ခက်ထန်နေရမယ် ကြောင်ကို ကြည့်တဲ့ပုံစံကိုက အသေကောင်ကို ကြည့်နေသလိုမျိုး ကြောင်ကို လီရှန်းကျစ်ကို ပေးချင်ဟန်ဆောင်လိုက် ဟိုဘက်ကလည်း ငြင်းလိုက်ရော သူ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ဒီကြောင်ကို အသေသတ်ပစ်ဖို့ အမိန့်ပေးလိုက်တယ် မင်းရဲ့ ခံစားချက်တွေကို အာရုံစိုက်ထားနော် အရမ်းကို ယုတ်မာတဲ့ပုံစံမျိုး ဖြစ်နေရမှာ ..." 


"နားလည်ပါပြီ ..." 


လျှိုရီလိန်က ဖျော့တော့စွာ ပြုံးလိုက်သည်။ 


"ဒါဆို ဒီလောက်ပဲ ဒီအတိုင်း ရိုက်ကြတာပေါ့ ကောင်းကောင်း သရုပ်ဆောင်ကြနော် ..." 


ဒါရိုက်တာသည် သူတို့နှစ်ဦး၏ အရည်အချင်းကို အပြည့်အဝ ယုံကြည်ထားဆဲပင်။ 


လျှိုရီလိန်က ကျန်ရှိသည့် စာသားများအား ကျက်မှတ်နေစဉ် ရှောင်ကျားရှုက အလွန်အမင်း လိုချင်တပ်မက်နေဟန်ဖြင့် ကြောင်အနား လှည့်ပတ်သွားနေ၏။ ကျိမြန် အနားသို့ ကပ်သွားသည်ကို တွေ့လိုက်ရသည့်အခါ လျှိုရီလိန်က ဇာတ်ညွှန်းဖတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိုသူနှစ်ဦးကို အကဲခတ်နေလိုက်တော့သည်။ 


သူ့လက်

ထောက်က ရေနွေးဘူးကို ကမ်းပေးဟန်ဆောင်ကာ တီးတိုးပြောလိုက်၏။ 


"လျှိုကော ဒီနှစ်ယောက်က တကယ်ကြီး ဟိုလိုဒီလို ဆက်ဆံရေးလား ..." 



Xxxxxxxx